CNI International News

အဘူဂျာ၊ ဒီဇင်ဘာ ၆

နိုက်ဂျီးရီးယားစစ်တပ်သည် ဘာသာရေး အခမ်းအနား တစ်ခုအတွက် အရပ်သားများ စုဝေးနေသည့် နေရာတစ်ခု ကို ဒရုန်းဖြင့် မှားယွင်းတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၈၅ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု အာဏာပိုင်များက ပြောကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ထိုတိုက်ခိုက်မှုသည် ကာဒူနာ (Kaduna) ပြည်နယ်၏ အစ်ဂါဘီ (Igabi) ကောင်စီဒေသရှိ တူဒန် ဘီရီ (Tudan Biri) ကျေးရွာတွင် ဒီဇင်ဘာ ၃ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မွတ်ဆလင် ဘာသာဝင်များသည် တမန်တော် မိုဟာမက် (Prophet Muhammad) ၏ မွေးနေ့ အထိန်းအမှတ် အဖြစ် ဘာသာရေး အခမ်းအနားတစ်ခု ပြုလုပ်ရန် စုရုံးနေချိန်တွင် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

ထိုကဲ့သို့ ဒရုန်းဖြင့် မှားယွင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သားများသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ကာဒူနာပြည်နယ် အုပ်ချုပ်ရေးမှူး အူဘာဆာနီက ပြောကြားခဲ့သည်။

 နိုက်ဂျီးရီးယား စေတနာ့ဝန်ထမ်းများကို တွေ့ရစဉ်

လက်ရှိအချိန်အထိ ရုပ်အလောင်း ၈၅ လောင်းကို သဂြိုဟ်ခဲ့ပြီး ရှာဖွေမှုများကို ဆက်လက် လုပ်ဆောင်နေကြောင်း နိုက်ဂျီးရီးယား အမျိုးသားအရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီက ဒီဇင်ဘာ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

နိုက်ဂျီးရီးယားနိုင်ငံဆိုင်ရာ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ရုံးကမူ ထိုတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၁၂၀ ခန့်ရှိခဲ့သည်ဟု ၎င်းတို့အဖွဲ့ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ၏ ပြောကြားချက်များကို ကိုးကားပြီး သတင်းထုတ်ပြန်ခဲ့သည်။

"သေဆုံးသူ အများစုဟာ အလေးတွေဖြစ်ပါတယ်" ဟု နိုက်ဂျီးရီးယားနိုင်ငံဆိုင်ရာ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာ ခွင့် အဖွဲ့၏ရုံးမှ ညွှန်ကြားရေးမှူး အီဆာဆာနူစီ (Isa Sanusi) က အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

နိုက်ဂျီးရီးယားစစ်တပ်က ဒရုန်းနဲ့မှားယွင်းတိုက်ခိုက်ခဲ့မှု နေရာများကို ပြသထားစဉ်

"အလောင်း ၅၀ ထက်မနည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ စစ်တပ်က ပြောတာတော့ သူတို့က မှားပြီး ဗုံးကြဲမိတယ်လို့ ပြောပါတယ်" ဟု အစ်ဂါဘီ ဒေသတွင် နေထိုင်သူတစ်ဦးဖြစ်သည့် မူစတာဖာ ရူဖာအီ (Mustapha Rufai) က ပြောကြားခဲ့သည်။

နိုက်ဂျီးရီးယားစစ်တပ်သည် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း အရပ်သားများ ရှိသည့် နေရာဒေသများကို မကြာခဏ မှားယွင်းပြီး ဗုံးကြဲတိုက်ခိုက်မှုများ ရှိခဲ့သဖြင့် လူပေါင်းများစွာ သေဆုံးခဲ့ရ သည်။

Source: အယ်လ်ဂျာဇီးယား