CNI International News

မော်စကို၊ ဒီဇင်ဘာ ၆

ယူကရိန်းနိုင်ငံတွင် ရုရှား၏ အမှတ် ၁၄ ကြည်းတပ်မှ လက်ထောက်တပ်မှူးတစ်ဦးဖြစ်သူ ဗိုလ်ချုပ် ဗလာဒီမာ ဇာဗက်စကီး (Vladimir Zavadsky) သေဆုံးခဲ့သည်ဟု ဒေသတွင်း ထိပ်သီးအရာရှိတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ဇာဗက်စကီးသည် အထူးစစ်ဆင်ရေးဇုန်အတွင်းရှိ တပ်စခန်းတစ်ခုတွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရုရှား၏ ဗိုရိုနက်ဇ် (Coronezh) ဒေသ၏ အုပ်ချုပ်ရေးမှူး အလက်ဇန္ဒား ဂူဆက်ဗ်(Alexander Gusev) က ပြောကြားခဲ့ပြီး အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ရုရှားသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက ယူကရိန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် ယူကရိန်းစစ်ပွဲကို "အထူး စစ်ဆင်ရေး" ဟု သုံးနှုန်းဖော်ပြခဲ့သည်။

ယူကရိန်းစစ်ပွဲအတွင်းက တင့်ကားတစ်စီးကိုတွေ့ရစဉ်

ဇာဗက်စကီးသည် ရဲစွမ်းသတ္တိရှိသည့် အရာရှိတစ်ဦး၊ စစ်မှန်သည့် ဗိုလ်ချုပ်တစ်ဦး၊ တန်ဖိုးရှိသည့် အမျိုးသား တစ်ဦးဖြစ်သည်ဟု ဂူဆက်ဗ်က ပြောကြားခဲ့သည်။

ဇာဗက်စကီး၏ သေဆုံးမှုသည် ရုရှားဘက်က သေဆုံးကြောင်း အတည်ပြုခဲ့သည့် သတ္တမမြောက် ဗိုလ်ချုပ်တစ်ဦး ဖြစ်ပြီး သူသည် ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားခဲ့ချိန်ကတည်းက သေဆုံးကြောင်း တရားဝင် ဖော်ပြခံရသည့် ၁၂ ယောက်မြောက် ရုရှားထိပ်သီး အရာရှိတစ်ဦး ဖြစ်ခဲ့သည်။

ယူကရိန်းစစ်တပ်သည် ရုရှား၏ ညအချိန် ဒရုန်းတိုက်ခိုက်မှုများအတွင်း တိုက်ခိုက်ရေးဒရုန်း ၁၇ စင်းအနက် ၁၀ စင်းကို အောင်မြင်စွာ ပစ်ချနိုင်ခဲ့သည်ဟု ယူကရိန်းအာဏာပိုင်များက  ဒီဇင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံအတွင်းက အဆောက်အဦတစ်ခု တိုက်ခိုက်ခံထားရစဉ်

ယူကရိန်း၏ Lviv(ကိယက်ဗ်) ဒေသအုပ်ချုပ်ရေးမှူး၏ ထုတ်ပြန်ချက်အရ ရုရှား၏ ဒရုန်း ၃ စင်းသည် အမည် ဖော်ပြထားခြင်းမရှိသည့် အခြေခံ အဆောက်အအုံတစ်ခုကို ပစ်မှတ်ထားခဲ့ပြီး ထိခိုက်ပျက်စီးမှု အနည်းငယ် ရှိခဲ့ သော်လည်း ထိခိုက်၊ သေဆုံးသူမရှိကြောင်း သိရသည်။

ယူကရိန်း လေတပ်က ထိုဒရုန်းများကို ယူကရိန်း၏ များပြားသည့်် နေရာဒေသအနှံ့တွင် ကြားဖြတ်ပစ်ချ နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။ 

ထို့ပြင် ရုရှားသည် S-300 ဒုံးကျည် ၆ စင်းဖြင့် ယူကရိန်း၏ ဒွန်းနက်စ် (Donetsk) နှင့် ခါဆန် (Kherson) မြို့များရှိ အရပ်ဖက် ပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်ဟု ယူကရိန်းအာဏာပိုင်များက ပြောကြားခဲ့သည်။

Soruce: အယ်လ်ဂျာဇီးယား