- By CNI
- Category: နိုင်ငံရေး
- Hits: 596
CNI International News
မော်စကို၊အောက်တိုဘာ ၂၅
တင့်ကားများ၊ သေနတ်များမှ ဒုံးကျည်နှင့်ဒရုန်းများအထိ လက်နက်အမျိုးအစား အားလုံးကို မိမိတို့ တိုးမြှင့် ထုတ်လုပ်နေကြောင်း ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒီမီထရီမက်ဗီဒက် (Dmitry Medvedev) က အောက်တိုဘာ ၂၄ ရက်တွင် ပြောကြားခဲ့ကြောင်း တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။
“တင့်ကားများ၊ သေနတ်များမှအစ လက်နက်အမျိုးအစား အားလုံးနှင့် စစ်သုံးအထူးကိရိယာများ ထုတ်လုပ်မှုကို အဆပေါင်းများစွာ တိုးမြှင့်ထားကြောင်း၊ တိကျသည့် ဒုံးကျည်များနှင့် ဒရုန်းများလည်း ပါဝင်ကြောင်း” ၎င်းက တယ်လီဂရမ်ချန်နယ်မှနေ၍ ပြောကြားခဲ့သည်။
ရုရှားကို အတိုက်အခံ ပြုလုပ်နေသူများ အနေဖြင့် မိမိတို့ထံတွင် လက်နက်များ ကုန်ခမ်းသွားလိမ့်မည်ဟု မမျှော် လင့်ကြရန် ၎င်းက အသိပေးခဲ့သည်။
ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒီမီထရီမက်ဗီဒက်ကိုတွေ့ရစဉ် (Reuters)
“ရန်သူရဲ့ ခွဲခြမ်းစိတ်ဖြာတဲ့ သုံးသပ်ချက်တွေကို ကျနော်တို့ ဖတ်ရတဲ့အခါမှာ ရုရှားဆီမှာ မကြာခင် စစ်လက်နက် ပစ္စည်းတွေနဲ့ အသုံးတွင်ကျယ်တဲ့ စစ်သုံးကိရိယာတွေ ကုန်ခမ်းသွားတော့မယ်ဆိုတဲ့ ထင်ကြေးကို ထပ်ခါတလဲလဲ တွေ့နေရပါတယ်။ ကျနော်တို့မှာ အသုံးချစရာ လက်နက်တွေက အများကြီးပါ” ဟု ဒီမီထရီမက်ဗီဒက်က မှတ်ချက် ချခဲ့သည်။
သမ္မတ ဗလာဒီမာပူတင်၏ အမိန့်အရ ရုရှားအစိုးရ တာဝန်ရှိသူများသည် ညီးရှနီးတာဂေးလ် (Nizhny Tagil) ဒေသ ရှိ သံချပ်ကာနှင့်တင့်ကား စသည့် စစ်သုံးယာဉ်များ အများဆုံး ထုတ်လုပ်သည့် ယူရယ်ဗာဂွန်ဇာဗော့ဒ် (Uralvagon zavod) ကော်ပိုရေးရှင်းသို့ သွားရောက်ပြီး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။
အဆိုပါ ခရီးစဉ်အတွင်း အထူးစစ်ဆင်ရေးများ၌ သုံးစွဲရန် လက်နက်ကိုင် တပ်ဖွဲ့များထံသို့ စစ်သုံးလက်နက်၊ ကိရိယာများ အရှိန်မြှင့် တင်ပို့ရေးနှင့် လက်ရှိ ရင်ဆိုင်နေရသော ပြဿနာများကို ဖြေရှင်းရေးဆိုင်ရာ ဆွေးနွေးခဲ့ ကြကြောင်း မက်ဗီဒက် အဆိုအရ သိရသည်။
“အစိုးရရဲ့ အဓိက ကန့်သတ်ချက် မူဘောင် အားလုံးထဲမှာ ကာကွယ်ရေး စာချုပ်တွေအတိုင်း အတိအလင်း အကောင်အထည်ကြဖို့၊ စစ်လက်နက်ပစ္စည်း ထောက်ပံ့ပို့ဆောင်ရေးမှာ အနှောင့်အယှက် မတွေ့ရအောင် တားဆီးသွားဖို့ ရည်မှန်းချက်တွေ ချမှတ်ထားပါတယ်” ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
Source: တာ့စ်သတင်းဌာန
- By CNI
- Category: နိုင်ငံရေး
- Hits: 950
CNI International News
ဂျေရုဆလင်၊ အောက်တိုဘာ ၂၅
အမေရိကန်ဖိအား တိုးလာနေချိန်၌ တရုတ်ကို ပစ်မှတ်ထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန့်သတ်ချက် အသစ် များအား အစ္စရေးအစိုးရက အတည်ပြုရန် မျှော်လင့်ရကြောင်း ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းစာတွင် ရေးသားဖော်ပြသည်။
အစ္စရေးအစိုးရအဖွဲ့သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အစိုးရအနေဖြင့် ကြီးကြပ်ကိုင်တွယ်ရေး အားကောင်းစေမည့် အစီအမံများကို အတည်ပြုသွားရန် မျှော်လင့်ထားကြောင်း ဟာရက်(Harretz) မီဒီယာက သတင်းဖော်ပြ ခဲ့သည်။
ထိုအစီအမံများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့ကုမ္ပဏီ၏ အစုရှယ်ယာ ၅ ရာခိုင်နှုန်းထက် ကျော်၍ ထိန်းချုပ်ထားလျှင် အစိုးရက ဝင်ရောက်စွက်ဖက်ခွင့်ပြုခြင်း၊ နိုင်ငံ့လုံခြုံရေး ခြိမ်းခြောက်လာသည်ဟု ယူဆပါက ပြည်တွင်း စီမံကိန်းများကို နိုင်ငံခြားကုမ္ပဏီများ လေလံဆွဲခြင်း (သို့မဟုတ်) လိုင်စင်ထုတ်ပေးရေး နှောင့်နှေးစေ ခြင်းတို့ ပါဝင်သည်။
ကန့်သတ်ချက် အသစ်များ၌ အဆင့်မြင့် စက်မှုနည်းပညာ လုပ်ငန်းများ အကျုံးဝင်မည် မဟုတ်သော်လည်း ကြီးထွားလာနေသည့် အမေရိကန်-တရုတ် နည်းပညာပြိုင်ဆိုင်မှုကြောင့် မကြာမီ ယင်းနယ်ပယ် တိုးချဲ့သွား နိုင်ကြောင်း အစ္စရေးနိုင်ငံ၊ အက်ကီလွန်ပညာရေးကောလိပ်မှ နိုင်ငံရေးနှင့်အုပ်ချုပ်ရေးဆိုင်ရာ ဝါရင့်ကထိက မော်ဒီချိုင်ချာဇီဇာ (Mordechai Chaziza) က ပြောကြားခဲ့သည်။
အစ္စရေးနည်းပညာကိုတွေ့ရစဉ် (GETTY IMAGES)
“လက်ရှိရာစုနှစ်ရဲ့ နိုင်ငံတကာစနစ်မှာ ဖော်ညွှန်းနေတဲ့ နည်းပညာပြိုင်ဆိုင်မှုမှာ ဘယ်သူနိုင်မလဲဆိုတာ လူတိုင်း သိပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
“အစ္စရေးနဲ့ အနောက်နိုင်ငံတွေက အမေရိကန်ကို ကမ္ဘာ့အင်အားကြီး နိုင်ငံအဖြစ် ဆက်ရှိနေဖို့ အာရုံစိုက်ထားကြပါ တယ်။ ဒါကြောင့် အဆင့်မြင့် နည်းပညာနယ်ပယ်မှာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို ကန့်သတ်ထိန်းချုပ်တာဟာ ဆင်ခြင်တုံတရားနဲ့ ယှဉ်ဖို့ လိုပါတယ်” ဟု မော်ဒီချိုင်ချာဇီဇာက မှတ်ချက်ချခဲ့သည်။
“အစ္စရေးနှင့်တရုတ်သည် အရေးကြီးသော စမ်းသပ်မှုတစ်ရပ် လုပ်နေကြောင်း၊ ဘေဂျင်းအပေါ် အမေရိကန်နှင့် လိုက်လျောညီထွေ သဘောမျိုး အစ္စရေးဘက်က မထားရှိဖို့ မိမိတို့ လိုလားပါကြောင်း” ဟု တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာဆက်ဆံရေးဌာနတာဝန်ခံ လျူဂျင်ချောင် (Liu Jianchao) က တရုတ်ဆိုင်ရာ အစ္စရေးသံအမတ် အီရစ် ဘန် အေဘာ (Irit Ben-Abba) ကို ယခင်ဩဂုတ်လတွင် ပြောကြားခဲ့သည်။
သို့သော် “ထိုစဉ်က အခြေအနေကို မိမိ သတိမမူမိခဲ့ကြောင်း” တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝီဘင် (Wang Wenbin) က နောက်ပိုင်းတွင် ပြောကြားခဲ့သည်။
အမေရိကန်သည် မကြာသေးမီ လများအတွင်း တရုတ်အပေါ် ကန့်သတ်ချက် အများအပြား ချမှတ်ခဲ့ရာ အဆင့်မြင့် ချစ်ပ် (chip) နည်းပညာကို အသုံးပြုခွင့် ကန့်သတ်ရန်လည်း အပါအဝင် ဖြစ်သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 677
CNI International News
ဝါရှင်တန်၊ အောက်တိုဘာ ၂၅
ယူကရိန်းအရေးကို သံတမန်နည်းလမ်းဖြင့် အဆုံးသတ်စေရန် သမ္မတဂျိုးဘိုင်ဒန်ထံသို့ ဒီမိုကရက်တစ်အမတ် ၃၀ ခန့်က စာရေးသားတောင်းဆိုပြီးနောက် ယူကရိန်းမပါဝင်ဘဲ ရုရှားနှင့် တိုက်ရိုက်ဆွေးနွေးရေး အစီအစဉ်အား အမေရိကန်အစိုးရ တာဝန်ရှိသူများက ပယ်ချခဲ့ကြောင်း အာရ်တီသတင်းဌာနမှ ရေးသားဖော်ပြသည်။
“ကျနော်တို့ဘက်က ရှင်းပါတယ်။ ယူကရိန်း မပါဘဲနဲ့ ယူကရိန်းကိစ္စ ဘာမှပြောစရာ မရှိပါဘူး။ ဒါဟာ ရုရှားနဲ့ ဆွေးနွေးပုံ ဆွေးနွေးနည်း၊ စေ့စပ်ညှိနှိုင်းကြမယ့် အမျိုးအစားနဲ့ပတ်သက်လာရင်တော့ သမ္မတဗိုလိုဒီမီယာ ဇာလန်းစကီးကပဲ ဆုံးဖြတ်ချက် ချမှတ်ရမှာ ဖြစ်ပါတယ်” ဟု အိမ်ဖြူတော် သတင်းပြန်ကြားရေးတာဝန်ခံ ကာရင်ဂျင်ပီးရီ (Karine Jean-Pierre) က အောက်တိုဘာ ၂၄ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
အနာဂတ် စေ့စပ်ညှိနှိုင်းရေးတွင် ယူကရိန်းက တစိတ်တပိုင်း ပါဝင်ရမည်ဟု အမေရိကန် အမျိုးသားလုံခြုံရေး ကောင်စီ ပြောခွင့်ရသူ ဂျွန်ကာဘီ (John Kirby) က အောက်တိုဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
“ယူကရိန်းဘက်ကနေ ကိုယ်စားလှယ်မပါဘဲ ရုရှားခေါင်းဆောင်တွေနဲ့ စကားမပြောဘူး” ဟု ဂျွန်ကာဘီ၏ ပြောကြားချက်ကို ကိုးကားလျက် ဝါရှင်တန်ပို့စ် သတင်းစာက ရေးသားသည်။
ယူကရိန်းခေါင်းဆောင် ဇာလန်းစကီးကိုတွေ့ရစဉ် (GETTY IMAGES)
“မစ္စတာ ဇာလန်းစကီးဟာ သူ့နိုင်ငံအရေးကိစ္စ ဖြစ်တဲ့အတွက် ဘယ်လိုအောင်မြင်အောင် ဆွေးနွေး ပုံဖော်မလဲဆိုတာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
သမ္မတထံသို့ လွှတ်တော်အမတ်များ ပေးပို့သော စာလွှာကို မိမိ မမြင်ဖူးကြောင်း ကာရင်ဂျင်ပီးရီက ဝန်ခံပြောကြား ခဲ့သလို ဂျွန်ကာဘီကလည်း “လွှတ်တော်အမတ်များ၏ တွေးခေါ်မြော်မြင်မှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကို အမေရိကန် အစိုးရက တန်ဖိုးထားလေးစားပါကြောင်း” မှတ်ချက်ချခဲ့သည်။
သို့သော်လည်း ရုရှားသမ္မတ ဗလာဒီမာပူတင်သည် လက်ရှိပဋိပက္ခကို အချိန်မရွေး အဆုံးသတ်ဖို့ ရွေးချယ်နိုင် ကြောင်း ကာရင်ဂျင်ပီးရီရော ဂျွန်ကာဘီကပါ အသီးသီး ပြောကြားခဲ့သည်။
အောက်တိုဘာ ၂၄ ရက်တွင် အိမ်ဖြူတော်သို့ ပေးပို့သော စာလွှာတစ်စောင်ထဲတွင် ကွန်ဂရက်(လွှတ်တော်) တိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ပရာမီလာက “ယူကရိန်း၏ ပျက်စီးဆုံးရှုံးမှုကြောင့် ဥရောပတွင် နျူကလီးယား စစ်ပွဲ ခြိမ်းခြောက်မှုနှင့် စီးပွားရေး မတည်ငြိမ်မှုများ ဆောင်ကြဉ်းပေးခဲ့ကြောင်း၊ စေ့စပ်ညှိနှိုင်း အဖြေရှာရန်လို ကြောင်း” ပြောကြားထားသည်။
Source: အာရ်တီသတင်းဌာန
- By CNI
- Category: နိုင်ငံရေး
- Hits: 641
CNI International News
ဘန်ကောက် အောက်တိုဘာ ၂၄
ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာကို နုတ်ထွက်စေပြီး လာမည့်ရွေးကောက်ပွဲတွင် ပလန်ပရာချာရတ်ပါတီ (PPRP) ခေါင်းဆောင် ပရာဝစ်ဝေါင်ဆူဝမ်ကိုသာ ပါတီ၏ တစ်ဦးတည်းသော ဝန်ကြီးချုပ် အလောင်းအလျာအဖြစ် ဝင် ရောက်ယှဉ်ပြိုင်ရန် ပါတီဝင်တစ်ဦး၏ အကြံပြုချက်ကို အဆိုပါပါတီက ပယ်ချလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းအရ သိရသည်။
မိမိတို့ပါတီသည် ဗိုလ်ချုပ်ကြီးပရာယွတ်ကို ပါတီ၏ကိုယ်စားလောင်းအဖြစ် ဗိုလ်ချုပ်ကြီးပရာဝစ်နှင့် အစားထိုးရန် မရှိကြောင်း PPRP လက်ထောက်ခေါင်းဆောင် ချိုင်ဝပ်သနက်မနူဆွန်က ပြောကြားခဲ့သည်။
PPRP ပါတီမှ လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ရွမ်ဘွန်ဆူယာဖန် (Rong Boonsuayfan) ၏ အကြံပြုချက်ကို ချိုင်ဝပ်သနက်မနူဆွန်က ထိုကဲ့သို့ တုံ့ပြန်ပြောကြားခဲ့သည်။
ချိုင်ဝပ်သနက်မနူဆွန်သည် ထိုင်းအစိုးရအဖွဲ့ဝင်လည်းဖြစ်ပြီး ဒစ်ဂျစ်တယ် စီးပွားရေးနှင့် လူမှုရေးဝန်ကြီး တာဝန် ကို ထမ်းဆောင်နေသည်။
ဗိုလ်ချုပ်ကြီး ပရာယွတ်ကို ဝန်ကြီးချုပ်အဖြစ် ထပ်မံခန့်အပ်ရန် အကြောင်းပြချက် မရှိတော့ဘဲ ဗိုလ်ချုပ်ကြီး ပရာဝစ်ကို ရာထူးတက်ပေးသင့်ကြောင်း မကြာသေးမီကပင် မစ္စတာ ရွမ်ဘွန်ဆူယာဖန်က အကြံပြု တင်ပြခဲ့သည်။
PPRP ပါတီသည် ဗိုလ်ချုပ်ကြီး ပရာယွတ်ကို လက်ရှိ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူ ဆောင်ရွက်စေသည့်အပြင် ထိုင်းပြည်သူများ အကျိုးစီးပွားအတွက် တိုင်းပြည်ကို ရှေ့ဆက်တိုးနိုင်အောင် ကြိုးပမ်း နေကြောင်း ချိုင်ဝပ်သနက်မနူဆွန်က ပြောကြားခဲ့သည်။
ဗိုလ်ချုပ်ကြီးပရာယွတ်နဲ့ ဗိုလ်ချုပ်ကြီး ပရာဝစ်ကို တွေ့ရစဉ်
ဗိုလ်ချုပ်ကြီး ပရာယွတ် အနေဖြင့် လာမည့် ထိုင်းရွေးကောက်ပွဲတွင် PPRP ပါတီ အောင်ပွဲခံနိုင်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေဆဲဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို လာမည့်နှစ် မေလ ၇ ရက်တွင် ကျင်းပရန် စီစဉ်ထားသည်။
“အခုလတ်တလော နိုင်ငံရေးကိစ္စ မဆွေးနွေးဘဲ နေကြရအောင်ဗျာ။ ရွေးကောက်ပွဲ မတိုင်မီ ကျန်ရှိနေသးတဲ့ အချိန်တိုလေးကို ပြည်သူအတွက် ကျနော်တို့ အသုံးချသင့်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။
PPRP ပါတီ ဦးဆောင်သော လက်ရှိထိုင်းအစိုးရသည် အဓိက အခြေခံ အဆောက်အအုံ စီမံကိန်းများကို သိသာ ထင်ရှားစွာ အကောင်အထည် ဖော်နိုင်ခဲ့သော်လည်း ကပ်ရောဂါကာလ နှစ်နှစ်တာအတွင်း ထိုင်းနိုင်ငံသားများမှာ ငွေကြေးကျပ်တည်းမှုနှင့် ရင်ဆိုင်ခဲ့ရသည်။
ထို့ပြင် ယူကရိန်းသို့ ရုရှားကျူးကျော်စစ်ကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် ငွေကြေးဖောင်းပွမှု အခက်အခဲ ကိုလည်း ထိုင်းနိုင်ငံသားများ ထပ်ဆင့် ခံစားခဲ့ကြရသည်။
Source: Bangkok Post
- By CNI
- Category: နိုင်ငံရေး
- Hits: 605
CNI International News
ဖနွမ်ပင်၊ အောက်တိုဘာ ၂၄
မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စဉ်းစားဆွေးနွေးရန်အတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးကို ယခုသီတင်းပတ် အောက်တိုဘာ ၂၇ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၃ ရက်မှာ ကြေညာခဲ့သည်။
လက်ရှိ အာဆီယံအသင်း၏ အလှည့်ကျ ဥက္ကဋ္ဌမှာ ကမ္ဘောဒီးယားဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံးတွင် ကျင်းပမည့် အဆိုပါ အထူး အစည်း အဝေး၌ “မြန်မာစစ်တပ် အုပ်ချုပ်ရေးပိုင်းနှင့် အာဆီယံတို့ ယမန်နှစ်က လက်ခံခဲ့ကြသည့် ငြိမ်းချမ်းရေး သဘော တူညီချက် အချက် ၅ ချက်ကို အကောင်အထည် ဖော်ခြင်းကိစ္စလည်း အကျုံးဝင်မည်ဖြစ်ကြောင်း” ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ချမ်ဆောင်နရီ (Chum Sounry) က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာ့တပ်မတော်က ဖြုတ်ချလိုက်ပြီးကတည်းက မြန်မာနိုင်ငံသည် အကြမ်းဖက်မှု သံသရာထဲ၌ တဝဲလည်လည် ဖြစ်နေခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထောင်နှင့်ချီသော တက်ကြွလှုပ်ရှားသူများကို မြန်မာ့တပ်မတော်က ဖမ်းဆီးခဲ့ပြီး ဆန္ဒပြမှုများနှင့် သဘောထား ကွဲလွဲမှုများကို သွေးထွက်သံယို နှိမ်နင်းခဲ့သည်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများကိုတွေ့ရစဉ် (GETTY IMAGES)
ယခု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသည် လာမည့်လ အာဆီယံထိပ်သီး အစည်းအဝေး မတိုင်မီ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို မည်ကဲ့သို့ တွန်းအားပေး ဆောင်ရွက်နိုင်မလဲ အကြံပြုချက်များ ရရှိစေရန် ကြိုးပမ်းသွားမည်ဟု ချမ်ဆောင်နရီက ရိုက်တာသို့ မတ်ဆေ့ချ်စာသားရေးပို့၍ ဆက်လက် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေသည်ဟု အဆိုရှိသော်လည်း ၁၀ နိုင်ငံ စုစည်းထားသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့သည် ထိုကြိုးပမ်းမှုနှင့် အကောင်အထည်ဖော်မှုတွင် တိုးတက်ခြင်း မတွေ့ရသဖြင့် ပိုမို စိတ်မရှည် ဖြစ်လာခဲ့ကြသည်။
ထိုသို့ စိတ်မရှည်ကြသည့် အကြောင်းများထဲတွင် နိုင်ငံရေး ပြိုင်ဘက်များနှင့် ထိတွေ့ဆက်ဆံမှု ကင်းမဲ့ခြင်းနှင့် ရန်လို တိုက်ခိုက်မှုများ မရပ်တန့်ခြင်းတို့လည်း ပါဝင်သည်။
မြန်မာ့ငြိမ်းချမ်းရေး သဘောတူညီချက် (အချက် ၅ ချက်) သည် လက်ရှိအသက်ဝင်နေမှု ရှိနေသေးသလား ဆိုသည့် မေးခွန်းကို အာဆီယံက လာမည့် နိုဝင်ဘာလတွင် ဆုံးဖြတ်ချရန် လိုအပ်ကြောင်း မလေးရှား နိုင်ငံခြား ရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာ (Saifuddin Abdullah)က ယခင်လ၌ ပြောကြားခဲ့ပြီး ဖြစ်သည်။
Source: Reuters, Channel News Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 709
CNI International News
လန်ဒန်၊ အောက်တိုဘာ ၂၄
ဗြိတိန်နိုင်ငံ၏ အာဏာရကွန်ဆာဗေးတစ်ပါတီ၏ ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်ရာ၌ အောက်တိုဘာ ၂၃ ရက်တွင် ဘောရစ်ဂျွန်ဆင် ထွက်ခွာခဲ့ရပြီးနောက် ဝန်ကြီးချုပ်အသစ်အဖြစ် ရီရှီဆန်းနက် အားကောင်းလာခဲ့ ကြောင်း ရိုက်တာသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
နောက်ဆုံးအကျော့ မဲပေးရန်အတွက် ရီရှီဆန်းနက်အပေါ် လုံလောက်သည့် ထောက်ခံမှုများ ရရှိခဲ့သော်လည်း တိုင်းပြည်နှင့် ကွန်ဆာဗေးတစ်ပါတီတို့သည် တစိတ်တဝမ်းတည်းရှိကြဖို့ လိုအပ်ကြောင်း ၎င်းမှာ သိနားလည် လာခဲ့သည်။
ဘောရစ်ဂျွန်ဆင်သည် လစ်ဇ်ထရက်စ်နေရာသို့ အစားထိုးရန်အတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် လွှတ်တော်အမတ် စုစုပေါင်း ၁၀၀ ဦး၏ ထောက်ခံမှုကို မျှော်လင့်လျက် ကာရေဘီယံ ပင်လယ်ဒေသတွင် အပန်းဖြေနေရာမှ အင်္ဂလန် ရှိ ၎င်း၏နေအိမ်သို့ အပြေးအလွှား ပြန်လာခဲ့သည်။
လက်ရှိဝန်ကြီးချုပ် လစ်ဇ်ထရက်စ်သည် ဗြိတိန်နိုင်ငံရေး အရှုပ်အထွေးများစွာကြောင့် ရာထူးမှ နုတ်ထွက်ရန် စေ့ဆော်ခြင်း ခံခဲ့ရသည်။ ပြီးခဲ့သည့် စက်တင်ဘာလတွင် ဘောရစ်ဂျွန်ဆင် နုတ်ထွက်သွား၍ လစ်လပ်ခဲ့သော ဝန်ကြီးချုပ်နေရာကို ထရက်စ်က အစားထိုး တာဝန်ယူခဲ့သည်။
ရီရှီဆန်းကိုတွေ့ရစဉ်
အကယ်၍ လွှတ်တော်အမတ် ၁၀၂ ဦး၏ ကျောထောက် နောက်ခံပေးမှုကို အာမခံနိုင်ခဲ့လျှင် ဘောရစ်ဂျွန်ဆင် တစ်ယောက် လန်ဒန်မြို့၊ အမှတ် ၁၀ ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ် နေအိမ်နှင့်ရုံးခန်းသို့ တကျော့ပြန် ရောက်ရှိနိုင် သည်။
“ကျနော့်ဆီကို ကမ်းလှမ်းစရာတွေ အများကြီး ရောက်လာတယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဒါပေမယ့် ဒီလို ကမ်းလှမ်းစရာတွေဟာ သင့်တော်တဲ့အချိန် မဟုတ်မှာကိုတော့ ကျနော် စိုးရိမ်မိပါတယ်” ဟု ဘောရစ်ဂျွန်ဆင်က အောက်တိုဘာ ၂၃ ရက် နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်သည် ကွန်ဆာဗေးတစ် လွှတ်တော်အမတ် ၆၀ အောက်သာရှိသော လူထု ထောက်ခံမှုကို အောက်တိုဘာ ၂၃ ရက်တွင် ရယူခဲ့သည်။ ဆန်းနက်အပေါ် ထောက်ခံမှု ၁၅၀ နီးပါး၏ ထက်ဝက် အောက်တွင်သာ ဂျွန်ဆင်ရရှိခဲ့ခြင်း ဖြစ်သည်။
နုတ်ထွက်လိုက်တဲ့ ဗြိတိန်ဝန်ကြီးချုပ် လစ်ဇ်ထရက်စ်ကိုတွေ့ရစဉ်
ဗြိတိန်သုံး ငွေကြေးဖြစ်သည့် စတာလင်ပေါင်၏ တန်ဖိုးသည် အာရှဒေသတွင် အစောပိုင်း ကုန်သွယ်မှုများ၌ ဒေါ်လာနှင့်နှိုင်းယှဉ်လျှင် ထက်ဝက်ကျော် မြင့်တက်ခဲ့သည်။
ဂျွန်ဆင်၏ ထုတ်ဖော်ပြောကြားချက်များအရ ၎င်း၏အဓိက ပြိုင်ဘက်ဖြစ်သော အသက် ၄၂ နှစ်အရွယ်ရှိ ဘဏ္ဍာ ရေး အဆင့်မြင့် အရာရှိဟောင်း ရီရှီဆန်းနက်သည် အောက်တိုဘာ ၂၄ ရက် (ယနေ့) တွင် ဝန်ကြီးချုပ်ဖြစ်ရန် အလားအလာ ကောင်းနေသည်။
အကယ်၍ ရီရှီဆန်းသည် ဝန်ကြီးချုပ်ရာထူး အတည်ပြုခန့်အပ်ခံရလျှင် ယခင်လ၌ ငွေကြေးဈေးကွက် မတည်ငြိမ် စေခဲ့သည့် စီးပွားရေး အစီအစဉ်သစ်ကြောင့် ရာထူးမှ နုတ်ထွက်ရန် အတင်းအကျပ် ဖိအားပေးခံရသူ ထရက်စ်၏ နေရာကို အစားထိုးနိုင်မည်ဖြစ်သည်။
လက်ရှိ စည်းမျဉ်းများအရ ကွန်ဆာဗေးတစ် လွှတ်တော်အမတ် ၁၀၀ ၏ ကျောထောက်နောက်ခံ အားပေး ထောက် ခံမှုရရှိလျှင် ပါတီခေါင်းဆောင်နေရာ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းတစ်ဦးသာ အောက်တိုဘာ ၁၄ ရက် (ယနေ့)၌ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရမည်ဖြစ်ကြောင်း ရိုက်တာက ရေးသားထားသည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 988
CNI International News
ဘေဂျင်း၊ အောက်တိုဘာ ၂၄
ရှီကျင့်ဖျင်သည် အာဏာရကွန်မြူနစ်ပါတီ၏ခေါင်းဆောင်အဖြစ် အောက်တိုဘာ ၂၄ ရက်(ယနေ့)တွင် တတိယ အကြိမ် ၅ နှစ်သက်တမ်း ဆက်လက်ထမ်းဆောင်ဦးမည်ဖြစ်သဖြင့် ကုန်သွယ်ရေး၊ လုံခြုံရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာတို့တွင် တရုတ်နှင့်ပိုမိုတင်းကျပ်လာမည့်အလားအလာကို ကမ္ဘာက ရင်ဆိုင်နေရကြောင်း အေပီ သတင်း ဌာနက ရေးသားဖော်ပြသည်။
ရှီသည် ပြည်တွင်းထိန်းချုပ်မှုကို တင်းကျပ်ထားပြီး ပြည်ပတွင် ၎င်း၏ဩဇာတိုးပွားလာစေရန် တရုတ်၏စီးပွားရေး အင်အားကို အသုံးချဖို့ ကြိုးစားနေသည်။
ယခုလအတွင်း ဘေဂျင်းသည် အမေရိကန်၏မဟာမိတ်များ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနှင့်စီးပွားရေး စည်းမျဉ်း စည်းကမ်းများ ပျက်ပြားအောင် ကြိုးစားနေသည်ဟု ဝါရှင်တန်က စွပ်စွဲခဲ့သည်။
“ကမ္ဘာ့စနစ်ပျက်ပြီး တရုတ်မှာ အဖြေရှိပါတယ်” ဟု ရှီကျင့်ဖျင်၏ ပြောကြားချက်ကို လန်ဒန်စီးပွားရေးကျောင်း (London School of Economics) မှ ဝီလျံကော်လန်ဟန် (William Callahan) က ကိုးကားရေးသားခဲ့သည်။
“ရှီကျင့်ဖျင်ဟာ တရုတ်ပုံစံကို ကမ္ဘာ့အစီအစဉ်ရဲ့စံနှုန်းတစ်ခုအဖြစ် ထပ်တလဲလဲပြောနေတဲ့အတွက် စစ်အေး တိုက်ပွဲကို ပြန်သွားတဲ့သဘောပါပဲ” ဟု ၎င်းက မှတ်ချက်ချခဲ့သည်။
ပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီဝင်အသစ်များနှင့်အတူ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဘေဂျင်းရှိ Great Hall of the People သို့ ရောက်ရှိလာစဉ်(ဓါတ်ပုံ-အေပီ)
အောက်တိုဘာ ၂၂ ရက်တွင် ပြီးခဲ့သော ကွန်မြူနစ်ပါတီ၏ ကွန်ဂရက်အစည်းအဝေးတွင် “တရုတ်ပြည်တွင်း၌ အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေပြီး စီးပွားရေးနှင့် ကုန်သွယ်ရေး နှောင့်နှေးစေသော တင်းကျပ်လွန်း သည့် Covid ဆိုင်ရာမဟာဗျူဟာ အပြောင်းအလဲလုပ်မည့်အစီအစဉ်များ”ကို ရှီက အရိပ်အယောင်မှပင် မပြသ ခဲ့ပေ။
နည်းပညာပိုင်းတွင် မိမိကိုယ်ကို ပိုမိုအားကိုးရန်၊ စစ်ရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဘေဂျင်း၏ အဓိကအကျိုးစီးပွား တို့ကိုသာ အကာအကွယ်ပေးရန် ရှီက တောင်းဆိုခဲ့သည်။
ဝါရှင်တန်အပါအဝင် အာရှအိမ်နီးချင်းများနှင့် ဆက်ဆံရေးတင်းမာစေသည့် ဘေဂျင်း၏လက်ရှိမူဝါဒများကို အပြောင်းအလဲလုပ်ရန်မရှိကြောင်းလည်း ၎င်းက ကြေညာခဲ့သည်။
၁၉၄၉ ခုနှစ် တရုတ်ကွန်မြူနစ်တို့ အောင်ပွဲခံခဲ့သော ရွှေခေတ်ကို သာယာမနေဘဲ ကျောခိုင်းပြီး လက်ရှိအာဏာရ ကွန်မြူနစ်ပါတီ၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာတို့ကို ပိုမို အသက်ဝင်လှုပ်ရှားစေဖို့ “တရုတ်ပြည်ကြီး ပြန်လည်နုပျိုလန်းဆန်းလာစေရေး” ဦးစားပေးကြရန် ရှီက တောင်းဆိုခဲ့သည်။
“လီနင်ဝါဒကို ခံယူတဲ့ ရှီဟာ တရုတ်ကို နိုင်ငံရေးနဲ့စီးပွားရေး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လွတ်လွတ်လပ်လပ် ဖော်ဆောင် နိုင်စေဖို့ သူ့ရဲ့လိုလားတောင့်တတဲ့ အတွေးအခေါ်တွေကို အနားယူသင့်ပါပြီ” ဟု အာရှလူ့အဖွဲ့အစည်း (Asia Society) ဥက္ကဋ္ဌဟောင်း နှင့် ဩစတြေးလျဝန်ကြီးချုပ်ဟောင်းဖြစ်သူ Kevin Rudd က နိုင်ငံတကာရေးရာ (Foreign Affairs) စာစောင်တွင် ရေးသားခဲ့သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 990
CNI International News
ဝါရှင်တန်၊ အောက်တိုဘာ ၂၂
အမေရိကန်နိုင်ငံ၌ လာမည့်နိုဝင်ဘာလတွင် လွှတ်တော်(ကွန်ဂရက်)၏ အခွင့်အာဏာကို ရီပက်ဘလစ်ကန် အမတ်များက အလှည့်ကျ ရယူမည်ဖြစ်ပြီး ၎င်းတို့သည် ယူကရိန်းအပေါ် ထောက်ခံမှု လျှော့ချမည်ဟု ကြွေးကြော် နေကြသဖြင့် ထွက်ပေါ်လာမည့် အကျိုးရလဒ်များအား ယူကရိန်းအစိုးရအရာရှိများ၊ လွှတ်တော်အမတ်များနှင့် ကျွမ်းကျင်ပညာရှင်များအကြား စိုးရိမ်ပူပန်နေကြကြောင်း နယူးစ်ဝိခ်မီဒီယာက ရေးသားဖော်ပြသည်။
“ယူကရိန်းကို စစ်ရေးနဲ့ငွေကြေး ထောက်ပံ့မှု ဖြတ်တောက်ဖို့ အမေရိကန် ကွန်ဂရက်ထဲမှာ အထူးသဖြင့် သမ္မတ ဟောင်း ထရမ့်ကို ထောက်ခံသူတွေကြားထဲမှာ ရီပက်ဘလစ်ကန်အမတ်တွေ ပြောဆိုနေမှုဟာ ယူကရိန်းဘက်ကို အများကြီး စိုးရိမ်လာစေပါတယ်” ဟု ယူကရိန်းရေးရာကျွမ်းကျင်သူ မက်ဇင်ယာလီ (Maxim Yali) က နယူးစ်ဝိခ် သို့ ပြောသည်။
ထိုသို့ သဘောထား မှတ်ချက်မျိုးကို အမေရိကန်မီဒီယာများတွင် မကြာခဏ တွေ့ရလေ့ရှိသဖြင့် ၎င်းအနေဖြင့် စိတ်အနှောင့်အယှက် ဖြစ်မိကြောင်း ယာလီက ဆက်ပြောသည်။
ထရမ့်နဲ့ ရီပက်လလစ်ကန်ပါတီဝင်များကိုတွေ့ရစဉ်
အောက်တိုဘာ ၁၈ ရက်တွင် အောက်လွှတ်တော် ခေါင်းဆောင်တစ်ဦးဖြစ်သူ ကီဗင်မက်ကာသီက “၎င်းတို့ ရီပက်ဘလစ်ကန်ပါတီ အနေဖြင့် မကြာခင် ကျင်းပတော့မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အောက်လွှတ်တော် အမတ်နေရာ အများစုကို ပြန်လည်ရယူနိုင်ခဲ့လျှင် မော်စကို၏ ကျူးကျော်စစ်အတွက် ချက်လက်မှတ် အလွတ်များ (ငွေကြေးကုန်ကျခံခြင်းသဘော) ရေးပေးနေမည် မဟုတ်ကြောင်း” ပြောကြားခဲ့သည်။
စံချိန်တင် မြင့်မားနေသည့် အမေရိကန်ပြည်တွင်း ငွေကြေးဖောင်းပွမှုနှုန်းသည် မော်စကို၏ ကျူးကျော်စစ်ကို ဆန့်ကျင်ပြီး ယူကရိန်းအစိုးရအား ကူညီနေခြင်းအတွက် အမေရိကန်လူထု၏ဆန္ဒအပေါ် ပြောင်းလဲစေဖို့ ကီဗင်မက်ကာသီက အကြံပြုခဲ့သည်။
ထရမ့်ထောက်ခံသူ မာဂျိုရီ တေလာ ဂရင်းနီကိုတွေ့ရစဉ်
“လူထုက စီးပွားရေး ကျဆင်းမှုကြားမှာ နေထိုင်နေရတော့ သူတို့က ယူကရိန်းအတွက် ချက်လက်မှတ် အလွတ်တွေ ရေးပေးချင်မှာ မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ ယူကရိန်းကိစ္စ အရေးကြီးပါတယ်။ ဒါပေမယ့် တစ်ချိန် တည်းမှာပဲ သူတို့(လက်ရှိ အစိုးရနှင့်ဒီမိုကရက်တစ် အမတ်များ) လုပ်နေတာကို လူထုက လွတ်လွတ်လပ်လပ် စစ်ဆေးလို့လည်း မရဘူးဖြစ်နေတယ်” ဟု ၎င်းက မှတ်ချက်ချခဲ့သည်။
၎င်း၏ သဘောထား မှတ်ချက်သည် ရီပက်ဘလစ်ကန်ပါတီ၏ အတိအလင်း အပြောင်းအလဲ လိုလားမှုကို ထင်ဟပ် စေခဲ့သည်။
မကြာသေးမီအထိ လက်ယာစွန်းနှင့် ထရမ့်ကို ထောက်ခံကြသည့် မက်ဂေးတစ်ဇ် (Matt Gaetz) နှင့် မာဂျိုရီ တေ လာ ဂရင်းနီ (Marjorie Taylor Greene) တို့ကဲ့သို့ ရီပက်ဘလစ်ကန် အမတ်များသည် ယူကရိန်းသို့ အမေရိကန် ကူညီမှုကို ပြတ်ပြတ်သားသား ဆန့်ကျင်နေခဲ့ကြသည်။
ပြီးခဲ့သည့် မေလတွင် အောက်လွှတ်တော် အမတ်ဖြစ်ကြသည့် ရီပက်ဘလစ်ကန်ပါတီဝင် ၅၇ ဦးတို့က ယူကရိန်း သို့ ဒေါ်လာ ဘီလီယံ ၄၀ အထိ အကူအညီပေးပို့ရေး အစီအစဉ်ကို လွှတ်တော်အတွင်း ကန့်ကွက်မဲ ပေးခဲ့ကြသည်။
Source: News Week
- By CNI
- Category: နိုင်ငံရေး
- Hits: 897
CNI International News
အန်ကာရာ၊ အောက်တိုဘာ ၂၂
အမေရိကန် ကန့်ကွက်နေသည့်ကြားမှ ရေနံထုတ်လုပ်မှု ဖြတ်တောက်ကြောင်း OPEC+ ရေနံထုတ်လုပ်သည့် နိုင်ငံ များက စုပေါင်းကြေညာပြီးနောက် ၎င်း၏မဟာမိတ် ဆော်ဒီအာရေဗျကို အမေရိကန်အနိုင်ကျင့်ကြောင်း တူရကီက ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။
OPEC+ သည် လာမည့် နိုဝင်ဘာလမှစတင်၍ တစ်ရက်လျှင် ရေနံစိမ်းစည် အရေအတွက် နှစ်သန်း လျှော့ပေါ့ ထုတ်လုပ်မည်ဟု မကြာသေးမီက ကြေညာခဲ့သည်။
ဈေးကွက် တင်းကျပ်နေချိန်၌ ရောင်းလိုအား လျှော့ချခြင်းဖြစ်သော်လည်း အမေရိကန်နှင့်အခြားနိုင်ငံများက တိုးမြှင့်ထုတ်လုပ်စေ၍ အထွက်တိုးဖို့ OPEC+ ကို ဖိအားပေးမှုများလည်း ရှိနေသည်။
OPEC+ ကြေညာချက် ထွက်ပေါ်လာပြီးနောက် ဆော်ဒီအာရေဗျနှင့် အမေရိကန် ဆက်ဆံရေးအတွက် အကျိုး ဆက်ရှိလာမည်ဟု သမ္မတဂျိုးဘိုင်ဒန်က ယခင်သီတင်းပတ်တွင် ပြောကြားခဲ့သည်။
“အထူးသဖြင့် မကြာသေးခင်ကပဲ နိုင်ငံတစ်နိုင်ငံကနေ ဆော်ဒီကို ခြိမ်းခြောက်တာ ကျနော်တို့ တွေ့လိုက်ရပါ တယ်။ ဒီလို အနိုင်ကျင့်တာဟာ မမှန်ပါဘူး” ဟု တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုကလူး (Mevlüt Çavuşoğlu) တူရကီနိုင်ငံတောင်ပိုင်းတွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့သည်။
တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုကလူး
“ဆော်ဒီအာရေဗျ (ဒါမှမဟုတ်) တခြားနိုင်ငံတွေကို တစိတ်တပိုင်း ဖိအားပေးတဲ့သဘောနဲ့ အမေရိကန်က ဒီလို နည်းလမ်းသုံးစွဲတာဟာ မှန်ကန်တဲ့လုပ်ရပ်လို့ ကျနော်တို့ မထင်ပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
နှစ်ပေါင်း ၄၀ အတွင်း အမေရိကန်၏ အမြင့်ဆုံး ငွေကြေးဖောင်းပွမှုနှုန်း လျှော့ချနိုင်ရန်အတွက် ဆော်ဒီအာရေဗျ နှင့် OPEC နိုင်ငံများ ရေနံပိုမို ထုတ်လုပ်ပေးရေးကို အမေရိကန်က စိတ်အားထက်သန်နေခဲ့သည်။
ဆော်ဒီဦးဆောင်သော OPEC အဖွဲ့နှင့် ရုရှားဦးဆောင်သော အခြား ရေနံထုတ်လုပ်သူများ ၁၀ နိုင်ငံအဖွဲ့တို့သည် လာမည့်လတွင် ကမ္ဘာလုံးဆိုင်ရာ ရေနံထုတ်လုပ်မှုပမာဏကို လျှော့၍ ထုတ်လုပ်ရန် ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်သည်။
အဆိုပါ ဆုံးဖြတ်ချက်ကြောင့် ယူကရိန်းသို့ ကျူးကျော်စစ်ကြောင့် ရုရှားအတွက် ကာမိစေဖို့ ရေနံဈေးနှုန်း တက် လာ စေရေးကို မြင့်မားလာစေမည်ဟု မျှော်လင့်ရသည်။
OPEC+ ၏ ဆုံးဖြတ်ချက်သည် စီးပွားရေးအရ သီးသန့်ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံအားလုံး တညီတညွတ်တည်း ချမှတ် ခဲ့ကြောင်း ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး (မင်းသား) ဖိုင်ဇယ်ဘင်ဖာဟန် (Faisal bin Farhan) က ပြောကြားခဲ့ သည်။
ထို့ပြင် အနောက်အုပ်စု ကျောထောက် နောက်ခံပြုပေးနေသည့် ယူကရိန်းနိုင်ငံအပေါ် ရုရှားကျူးကျော်စစ် ဆင်နွှဲနေခြင်းနှင့်စပ်လျဉ်း၍ ရုရှားဘက်မှ မိမိတို့ မပါဝင်ကြောင်း ဆော်ဒီအာရေဗျက ငြင်းဆိုထားပြီးလည်း ဖြစ်သည်။
နိုင်ငံတကာ စည်းမျဉ်းဥပဒေများကို ထောက်ခံသည့် မူလ ရပ်တည်ချက်အတိုင်း ရှိနေကြောင်း ဆော်ဒီက တုံ့ပြန်ခဲ့သည်။
Source: Aljazeera