- By CNI
- Category: နိုင်ငံရေး
- Hits: 711
CNI International News
ရောမ၊ စက်တင်ဘာ ၂၆
အီတလီနိုင်ငံတွင် ယနေ့ (စက်တင်ဘာ ၂၆ ရက်) ကျင်းပသည့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များက ဂျီအိုဂျီးယား မီလိုနီ (Giorgia Meloni)၏ လက်ယာအစွန်းရောက်ပါတီကို စုပုံ၍ မဲပေးခဲ့ကြကြောင်း၊ ယင်းသို့ မဲပေးမှုသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အီတလီအတွက် ပထမဆုံး လက်ယာအစွန်းကို အားပေးမှုဖြစ်လာကြောင်း လတ်တလော မဲရလဒ်များကို အခြေခံ၍ အေပီသတင်းဌာနက ရေးသားဖော်ပြသည်။
အောင်ပွဲခံမိန့်ခွန်းတွင် လက်ယာအစွန်းရောက် အီတလီခေါင်းဆောင် ဂျီအိုဂျီးယားမီလိုနီက သဘောထား ပျော့ပျောင်းသည့် လေသံဖြင့် ကြွေးကြော်ခဲ့သည်။
မဲရုံများမှ မဲရေတွက်မှု သုံးပုံနှစ်ပုံ ရေတွက်မှုအပြီး ခန့်မှန်းရလဒ်များ ထွက်ပေါ်လာချိန်၌ မီလိုနီ အီတလီ ညီနောင် များ (Brothers of Italy) ပါတီက စက်တင်ဘာ ၂၅ ရက် မဲပေးမှုများ၌ အခြားပြိုင်ဘက်များထက် ရှေ့ရောက်နေ ခဲ့သည်။
“ဒီနိုင်ငံကို အုပ်ချုပ်ဖို့ ကျမတို့ကို ကမ်းလှမ်းလာတယ်ဆိုရင် နိုင်ငံသူ၊ နိုင်ငံသားအားလုံးအတွက် ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီနိုင်ငံက ပြည်သူတွေကို ညီညွတ်ဖို့အတွက် ရည်ရွယ်ပြီးတော့ ဆောင်ရွက် သွားမှာပါ” ဟု မီလိုနီက ရောမမြို့တော်ရှိ သူမ၏ပါတီရုံးချုပ်တွင် ပြောကြားခဲ့သည်။
အီတလီပြည်သူများ ရွေးကောက်ပွဲ မဲပေးနေစဉ် (AP)
“အီတလီ ပြည်သူတွေက ကျမတို့ကို ရွေးခဲ့ပါပြီ။ ကျမတို့ ဘယ်တော့မှ တိုင်းပြည်မှာ သစ္စာမဖောက်ပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
အကယ်၍ အသက် ၄၅ နှစ်ရှိ မီလိုနီသည် အောင်ပွဲခံနိုင်ခဲ့ပါက အီတလီ၏ ပထမဆုံးအမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာမည်ဟု အေပီသတင်းဌာနက ဆက်လက်ရေးသားသည်။
မီလိုနီ၏ လက်ယာယိမ်းပါတီကို အခြားလက်ယာ ဗဟိုပြု မဟာမိတ်များ၏ အကူအညီဖြင့် အာဏာရ ညွန့်ပေါင်း အစိုးရအဖွဲ့ ဖွဲ့စည်းရန်မှာ ရက်သတ္တပတ်များစွာ ကြာမြင့်နိုင်သည်။
ပါတီခေါင်းဆောင်များနှင့် ညှိနှိုင်းပြီးနောက် အစိုးရဖွဲ့ရေး ကြိုးပမ်းသည့် လုပ်ပိုင်ခွင့်ကို အီတလီသမ္မတက ပေးအပ် ခဲ့ပြီဖြစ်သည်။
လတ်တလော ကာလအတွင်း ပြီးခဲ့သည့် ၂ လ၌ အစိုးရ ပြုတ်ကျစေခဲ့သည့် ဥရောပဗဟိုဘဏ် အကြီးအကဲဟောင်း မာရီယိုဒရက်ဂီ (Mario Draghi) က အီတလီနိုင်ငံ၏ အိမ်စောင့်အစိုးရတာဝန်ကို ဆက်လက် ထမ်းဆောင်နေ သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 788
CNI International News
ပြုံယမ်း၊ စက်တင်ဘာ ၂၆
တောင်ကိုရီးယားနှင့် အမေရိကန်တို့ စီစဉ်ထားသော စစ်ရေးလေ့ကျင့်မှုမတိုင်မီ မြောက်ကိုရီးယားက ၎င်း၏ ပဲ့ထိန်း ဒုံးကျည်တစ်စင်းကို ကျွန်းဆွယ် အရှေ့ဘက် ပင်လယ်ပြင်ထဲသို့ စက်တင်ဘာ ၂၅ ရက်၌ ပစ်လွှတ်ခဲ့ ကြောင်း အယ်လ်ဂျာဇီးယား သတင်းတစ်ပုဒ်တွင် တွေ့ရသည်။
အဆိုပါ လက်နက်စမ်းသပ်မှုတွင် ပြုံယမ်းမြို့တော် မြောက်ဘက်ရှိ တေချွန် (Taechon) ဒေသအနီးမှ ပစ်လွှတ်ခဲ့ သော တာတိုပစ် ဒုံးကျည်တစ်စင်း ပါဝင်ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောသည်။
ထိုစမ်းသပ်ပစ်လွှတ်မှုတွင် မည်သည့်ဒုံးကျည် အမျိုးအစား (သို့မဟုတ်) အကွာအဝေးမည်မျှ ပျံသန်းခဲ့ကြောင်း အပါအဝင် လက်နက်နှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ချက်ချင်း မသိရသေးပေ။
အမေရိကန် လေယာဉ်တင် သင်္ဘော (AP)
ယင်းလက်နက်သည် ဒေါင်လိုက် အမြင့်ဆုံး ကီလိုမီတာ ၅၀ (၃၁ မိုင်) အကွာသို့ ရောက်ရှိခဲ့ကြောင်း ဂျပန်ဘက်မှ ခန့်မှန်းထားကြောင်း၊ သမားရိုးကျမဟုတ်သော လမ်းကြောင်းပျံသန်း သွားနိုင်ဖွယ်ရှိကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီး ယာစူကာဇူဟာမာဒါက ပြောသည်။
ဒုံးကျည်သည် ဂျပန်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန် အပြင်ဘက်သို့ ကျရောက်သွားခဲ့ပြီး သင်္ဘောနှင့် လေကြောင်း သွားလာရေးဆိုင်ရာ ကြိုတင် သတင်းပေးပို့မှုမရှိကြောင်း ဟာမာဒါက ဆက်လက်ပြောကြားခဲ့သည်။
မကြာသေးမီ နှစ်များအတွင်း မြောက်ကိုရီးယား စမ်းသပ်ခဲ့သည့် တာတိုပစ်ဒုံးကျည်များသည် ပျံသန်းနေစဉ် အတွင်း အခြားဒုံးကျည်များ၏ လမ်းကြောင်းကို ရှောင်ကွင်းသွားနိုင်ရန် ဒီဇိုင်းထုတ်လုပ်ထားကြောင်း လက်နက် ရေးရာ ကျွမ်းကျင်သူများက ပြောကြားခဲ့ကြသည်။
ခရုဇ်ဒုံးကျည်များ ပစ်လွှတ်မှုကိုပါ ထည့်သွင်း ရေတွက်မည်ဆိုလျှင် ယခုလက်နက် စမ်းသပ်မှုသည် ရှားရှားပါးပါး ၁၉ ကြိမ်မြောက် အရှိန်အဟုန်မြှင့် ပစ်လွှတ်ခြင်းဖြစ်ကြောင်း ဟာမာဒါက သုံးသပ်ပြသည်။
အမေရိကန်ဒုတိယသမ္မတ ကာမယ်လာဟားရစ် (AP)
“မြောက်ကိုရီးယားရဲ့ လုပ်ရပ်ဟာ ကျနော်တို့နိုင်ငံ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးကို ခြိမ်းခြောက်မှု ဖြစ်ပါတယ်။ ယူကရိန်းကျူးကျော်မှုလိုမျိုး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ချင် တယ်ဆိုရင်တော့ ခွင့်မလွှတ်နိုင်စရာပါ” ဟု ၎င်းက မှတ်ချက်ချခဲ့သည်။
ယခုဖြစ်စဉ်အပေါ် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ရှိ မြောက်ကိုရီးယား သံရုံးမှတဆင့် ဂျပန်က ကန့်ကွက်ထား ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
တောင်ကိုရီးယားတပ်ဖွဲ့များနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပါဝင်ရန်အတွက် အမေရိကန်ဒုတိယသမ္မတ ကာမယ် လာဟားရစ်သည် ယခုသီတင်းပတ်အတွင်း ဆိုးလ်မြို့တော်သို့ သွားမည်ဟု သိရသည်။
အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် နျူကလီးယားစွမ်းအင်သုံး အမေရိကန် လေယာဉ်တင် သင်္ဘော USS Ronald Reagan ဂျပန်ပင်လယ်သို့ ရောက်ရှိလာပြီးနောက် ယခုကဲ့သို့ မြောက်ကိုရီးယား၏ စမ်းသပ် ပစ်လွှတ်မှု ပေါ်ပေါက်လာခဲ့သည်။
Source: Aljazeera
- By CNI News
- Category: နိုင်ငံရေး
- Hits: 1201
CNI International News
ဘေဂျင်း၊ စက်တင်ဘာ ၂၄
တရုတ်သမ္မတ ရှီကျင့်ဖျင်ကို နေအိမ်အကျယ်ချုပ်ချ၍ အာဏာသိမ်းမှုဖြစ်ပွားကြောင်း ထင်ကြေးများနှင့် ကောလာဟလများ လူမှုကွန်ရက် မီဒီယာများတွင် ပျံ့နှံ့သွားခဲ့သည်ဟု ယနေ့ (စက်တင်ဘာ ၂၄ ရက်) ညနေ ပိုင်းတွင် အိန္ဒိယတူဒေးဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။
အတည်မပြုနိုင်သော သတင်းများဖြစ်သည့် အင်တာနက် လူမှုကွန်ရက်ရှိ ပို့စ်များစွာတွင် “ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီး အစည်းအဝေး တက်ရောက်ရန် ဥဇဘက်ကစ္စတန်နိုင်ငံ၊ ဆမာခန်မြို့သို့ ရှီကျင့်ဖျင် ရောက်ရှိနေစဉ်အတွင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က တရုတ်ပြည်တွင်း၌ ၎င်းကို ရာထူးမှ ဖယ်ရှားလိုက်ကြောင်း” ပြောဆိုရေးသားနေကြသည်။
သို့သော် တရုတ်ကွန်မြူနစ်ပါတီ (သို့မဟုတ်) တရုတ်အစိုးရမီဒီယာများက အဆိုပါ ပြောဆိုရေးသားနေမှုများကို တရားဝင် အတည်ပြုခြင်း မရှိသေးပေ။
“စစ်ဆေးရမယ့် ကောလာဟလအသစ်ပါ။ ရှီကျင့်ဖျင်ဟာ ဘေဂျင်းမှာ အကျယ်ချုပ် ကျနေသလားပေါ့။ သူက မကြာခင်ကပဲ ဆမာခန်မြို့မှာ ရှိနေတုန်း တရုတ်ကွန်မြူပါတီ ခေါင်းဆောင်ပိုင်းက သူ့ကို ပါတီရဲ့ စစ်တပ် ကွပ်ကဲမှု တာဝန်ကနေ ဖယ်ရှားခဲ့တယ်လို့ ယူဆနေကြတာ။ အဲဒီနောက် အကျယ်ချုပ် ကျတယ်ပေါ့ဗျာ။ ဒါကြောင့် ကောလာဟလ ထွက်လာတယ်” ဟု အိန္ဒိယအစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်းနှင့် BJP ပါတီခေါင်းဆောင် ဆူဘရာ မာနီ ယန်းစဝါမီက တွစ်တာလူမှုကွန်ရက်တွင် ပြောကြားခဲ့သည်။
အလားတူ ရှီကျင့်ဖျင် နေအိမ် အကျယ်ချုပ် ကျနေကြောင်း တွစ်တာလူမှုကွန်ရက်တွင် တရုတ်နိုင်ငံသား အများ အပြားက ရေးသားလွှင့်တင်နေကြသည်။
၎င်းတို့အထဲမှ အများစုက PLA စစ်တပ်က အာဏာသိမ်းလိုက်ပြီဟု အခိုင်အမာ ပြောဆိုနေကြသည်။ အချို့က တော့ လီချောင်မင်ကို ယာယီသမ္မတ ခန့်ထားသည်ဟုပင် ထင်ကြေးပေးနေကြသည်။ လီချောင်မင်သည် PLA တပ်တွင် ဗိုလ်ချုပ်ကြီးအဆင့် ရာထူးရှိသူ ဖြစ်သည်။
အဆိုပါ ကောလာဟလ သတင်းများသည် ယခုရက်ပိုင်းအတွင်း တရုတ်အစိုးရ ခေါင်းဆောင်ဟောင်းများကို ပြစ်ဒဏ် စီရင်ချက်ချခြင်းနှင့် ဆက်စပ်နေသည်။ ဝန်ကြီးဟောင်းနှစ်ဦးကို သေဒဏ်ချမှတ်ခဲ့ပြီး အခြားအရာရှိ တစ်ဦးကို ယခုသီတင်းပတ်အတွင်း ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။
အဆိုပါ ၆ ဦးသည် နိုင်ငံရေး အစုအဖွဲ့ငယ်တစ်ခု ဖြစ်သည်။
လက်ရှိတွင် တရုတ်ကွန်မြူနစ်ပါတီသည် နိုင်ငံတဝန်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုကို အရှိန်မြှင့် နေချိန် ၎င်း ၆ ဦးမှာ ရှီကျင့်ဖျင်ကို ဆန့်ကျင်သူများ ဖြစ်သည်ဟု ယုံကြည်ရသည်။
သို့ဖြစ်၍ ရှီကျင့်ဖျင် နေအိမ် အကျယ်ချုပ် ကျခံရကြောင်း ကောလာဟလကို ၎င်းအား ဆန့်ကျင်သည့် အသိုင်း အဝိုင်းမှ စတင်ဖြန့်ချိသည်ဟု ယူဆရကြောင်း အိန္ဒိယတူဒေးက ဆက်လက်ရေးသားသည်။
Source: India Today
- By CNI
- Category: နိုင်ငံရေး
- Hits: 590
CNI International News
နယူးယောက်၊ စက်တင်ဘာ ၂၄
ထိုင်ဝမ်အရေး တည်ငြိမ်စေမှု ထိန်းသိမ်းရန်မှာ လွန်စွာအရေးကြီးကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့မှုအပေါ် အလွန်မှားယွင်းပြီး အန္တရာယ်များလှသည့် အချက်ပြမှုများ ပေးပို့ရာရောက်သည်ဟု တရုတ်က တုံ့ပြန်စွပ်စွဲလိုက်သည်ဟု ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့၏ မိနစ် ၉၀ ကြာ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့မှုများသည် နယူးယောက်မြို့၊ ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အနားသတ် အဆုံးအဖြတ်များအတွက် အဓိကကျကြောင်း အမေရိကန်အစိုးရ အရာရှိတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။
“ကျနော်တို့အပိုင်းကတော့ ကျနော်တို့ဝန်ကြီးအနေနဲ့ ကျနော်တို့ရဲ့ နှစ်ပေါင်းများစွာ ရပ်တည်လာတဲ့ တရုတ် တနိုင်ငံတည်းမူဝါဒကို နောက်ထပ်တဖန် အပြောင်းအလဲမရှိပါဘူးလို့ ပြောခဲ့ပါတယ်။ ထိုင်ဝမ်ရေလက်ကြား တဝိုက် ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေး ထိန်းသိမ်းဖို့က မရှိမဖြစ်အရေးကြီးတယ်လို့ အတိအလင်းပြောခဲ့ပြီးပါပြီ” ဟု အမေရိကန်အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။
အမေရိကန်သည် ထိုင်ဝမ်နှင့်ပတ်သက်၍ လွန်စွာမှားယွင်းပြီး အန္တရာယ်များသော အချက်ပြမှုများ ပေးပို့နေ ကြောင်း၊ ထိုင်ဝမ်၏လွတ်လပ်ရေး လှုပ်ရှားမှုများ ပိုမိုပြင်းထန်လာလေလေ … ငြိမ်းချမ်းစွာ ပြေလည်မှုရရှိရန် အလားအလာနည်းလေလေဖြစ်ကြောင်း ဝန်ကြီးနှစ်ဦး တွေ့ဆုံမှုတွင် တရုတ်က ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နှင့် တရုတ်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ (၇၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တွေ့ဆုံနှုတ်ဆက် ကြစဉ်(ဓါတ်ပုံ- ရိုက်တာ)
“ထိုင်ဝမ်ပြဿနာဟာ တရုတ်ပြည်တွင်းရေးဖြစ်ပါတယ်။ ဒါကို ဖြေရှင်းဖို့ ဘယ်နည်းလမ်းသုံးတယ်ပဲပြောပြော အမေရိကန် ဝင်ရောက်စွက်ဖက်ခွင့် မရှိပါဘူး” ဟု ဝမ်ယိ၏ပြောကြားချက်ကို ကိုးကားလျက် တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ်လတွင် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ ထိုင်ဝမ်သို့ ရောက်ခဲ့ပြီးနောက် တရုတ်၏အကြီးစားစစ်ရေးလေ့ကျင့်မှုများ စတင်ခဲ့ပြီး ထိုင်ဝမ်အရေးကိစ္စ တင်းမာမှု တိုးလာခဲ့သည်။
ထို့ပြင် ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသော ထိုင်ဝမ်ကျွန်းကို အကာအကွယ်ပေးမည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကတိပြုခဲ့သည်။
ယနေ့အချိန်အထိ ဂျိုးဘိုင်ဒန်၏ ထိုသို့ ပြောကြားချက်မှာ ကျွန်းကို ကာကွယ်ရန်အတွက် အမေရိကန်တပ်များနှင့် ဆက်စပ်နေကြောင်း ရိုက်တာက ဆက်လက်ရေးသားသည်။
၎င်း၏ဆိုလိုရင်းသည် ကာလရှည်ကြာ တည်တံ့နေခဲ့သည့် တရုတ်အပေါ် အမေရိကန်၏မူဝါဒကို ကျော်လွန်သွား စေနိုင်သည့် နောက်ဆုံးသက်သေသာဓကတစ်ခုလည်း ဖြစ်သည်။
ထိုင်ဝမ်ကို ကာကွယ်ရန် အမေရိကန်က စစ်ရေးအရ တုံ့ပြန်မှာလားဆိုသည့် မေးခွန်းကို ယခုအထိ ရှင်းရှင်း လင်းလင်း မထုတ်ဖော်သေးပေ။
ထိုင်ဝမ်နှင့်ပတ်သက်၍ မူဝါဒ မပြောင်းလဲကြောင်း အိမ်ဖြူတော်က အခိုင်အမာပြောကြားထားသော်လည်း ဘိုင်ဒန်၏သဘောထားမှတ်ချက်များသည် ထိုင်ဝမ်လွတ်လပ်ရေးကြိုးပမ်းနေသူများအတွက် မှားယွင်းသည့် အချက်ပြမှုတစ်ခုဖြစ်ကြောင်း တရုတ်က တုံ့ပြန်ခဲ့သည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 586
CNI International News
မော်စကို၊ စက်တင်ဘာ ၂၄
ရုရှားသမ္မတ ဗလာဒီမာပူတင် ကြေညာခဲ့သည့် စစ်မှုထမ်း အင်အားတိုးမြှင့်ရန် တစိတ်တပိုင်း စည်းရုံးရေး အစီအစဉ်အရ ဘဏ်လုပ်ငန်းရှင်များနှင့် သတင်းမီဒီယာသမားအချို့ကို ယူကရိန်းစစ်ပွဲ သွားရောက်၍ လက်နက်ကိုင်စေခြင်းမှ ကင်းလွတ်ခွင့်ပေးထားကြောင်း ရုရှားအစိုးရက ပြောကြားခဲ့သည်။
ယူကရိန်းသို့ စေလွှတ်ရန် ရုရှားစစ်တပ် အားကောင်းလာစေဖို့အတွက် နောက်ထပ် တပ်ဖွဲ့ဝင် အရေအတွက် ၃ သိန်း ထပ်မံခေါ်ယူနိုင်ရန် ကြိုးပမ်းမည်ဟု ကာကွယ်ရေးဝန်ကြီး ဆာဂျီရွှိုင်ဂုက စက်တင်ဘာ ၂၁ တွင် ပြောကြား ခဲ့သည်။
အထူးအရေးကြီးသော စက်မှုလုပ်ငန်းတွင် ဝန်ထမ်းများကို အဆင့်မြင့် နည်းပညာလုပ်ငန်းနှင့် ရုရှားဘဏ္ဍာရေး စနစ်တို့ ကင်းလွတ်ခွင့်ပေးမည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန စက်တင်ဘာ ၂၃ ရက်တွင် ကြေညာခဲ့သည်။
ယူကရိန်းကို တိုက်ခိုက်ရေး စစ်မှုထမ်းတာဝန် ကင်းလွတ်ခွင့် ခြွင်းချက်ထားသူများထဲတွင် အိုင်တီဝန်ထမ်းများ၊ ဆက်သွယ်ရေး လုပ်ငန်းဝန်ထမ်းများ၊ ငွေကြေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် တရားဝင် မှတ်ပုံတင်ထားသော မီဒီယာနှင့်ရုပ်သံလွှင့်ဌာနများ ပါဝင်ကြသည်။
ရုရှားစစ်မှုမထမ်းလို၍ နိုင်ငံကနေ ထွက်ခွာနေသူများ (AP)
အရေအတွက်၊ ဝင်ငွေ (သို့မဟုတ်) နှစ်စဉ် အခွန်ပေးဆောင်မှုများအရ အချို့သတ်မှတ်ချက်များနှင့် ပြည့်မီပါက အရေးကြီးသော လုပ်ငန်းရှင်များနှင့် အဓိကကုမ္ပဏီများကို အမျိုးအစား ခွဲခြားပေးထားသည်။
ယင်းသို့ အမျိုးအစား ခွဲထားခြင်းကြောင့် အစိုးရကျောထောက်နောက်ခံပြု ချေးငွေများ၊ ထောက်ပံ့ကြေးများနှင့် နိုင်ငံတော် ရင်းနှီးမြှုပ်နှံမှုများကဲ့သို့ ကရင်မလင်၏ လုပ်ငန်းဆောင်တာများအတွက် အထူးအကျိုးရှိစေမည် ဖြစ် သည်။
ထိုကဲ့သို့ ခွဲခြားထားမှု အစီအမံများကို မကြာသေးမီက Covid-19 ကပ်ရောဂါ ကာလတွင်လည်း ကရင်မလင် သမ္မတ နန်းတော်ကို ကျင့်သုံးခဲ့သည်။
ထို့နောက် အဆိုပါ ခွဲခြားသတ်မှတ်ထားသော မီဒီယာများထဲတွင် အစိုးရပိုင် တီဗီချန်နယ်များ၊ ရေဒီယိုအသံလွှင့် လုပ်ငန်းများ၊ သတင်းဌာနများနှင့် သတင်းစာများအပြင် ရုရှားပြည်တွင်း ပုဂ္ဂလိကပိုင် မီဒီယာအချို့လည်း အကျုံး ဝင်သည်။
ကုမ္ပဏီအကြီးအကဲများ အနေဖြင့် သတ်မှတ်ချက်များနှင့် ကိုက်ညီသော ဝန်ထမ်းများကို စာရင်းပြုစုပြီး ယခု ညွှန်ကြားချက်အရ မူကြမ်းထဲမှ ဖယ်ထုတ်နိုင်ခွင့် ပြုထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။
Source: Aljazeera
- By CNI
- Category: နိုင်ငံရေး
- Hits: 601
CNI International News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၄
ကရင်မလင်သမ္မတနန်းတော်က အရန်တပ်ဖွဲ့အင်အားများထဲကနေ ရုရှားတပ်တော်အတွက် တာဝန် ထမ်းဆောင်ရန် အမိန့်ထုတ်ပြန်ခဲ့ခြင်းကြောင့် စစ်မှုမထမ်းလိုသော ရုရှားနိုင်ငံသားများသည် အစုလိုက် အပြုံလိုက် နိုင်ငံအတွင်းကနေ ထွက်လာနေကြကြောင်း အေပီသတင်းက ဖော်ပြထားသည်။
ရုရှားနိုင်ငံသားများသည် စက်တင်ဘာ ၂၃ ရက်နေ့က ဂျော်ဂျီယာနယ်စပ်သို့ မော်တော်ယာဉ်များဖြင့် ထွက်ခွာလာကြသည်။ အဆိုပါ ဂျော်ဂျီယာနယ်စပ်သို့ ဦးတည်၍ ထွက်လာသော ရုရှားနိုင်ငံသားများ၏ ယာဉ်တန်းသည် လမ်းပေါ်တွင် ၁၀ ကီလိုမီတာ(၆ မိုင်)ထိ ရှည်လျားစွာ တန်းစီနေသည်ကိုတွေ့ရသည်။
စစ်မှုမထမ်းလို၍ နိုင်ငံက ထွက်ခွာဖို့ လုပ်နေသော ရုရှားနိုင်ငံသားများ(AP)
ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းစစ်ပွဲအတွင်း ရုရှားစစ်သားများအဖြစ် အမှုထမ်းရန် ပြီးခဲ့သည့် ရက်ပိုင်းက အမိန့်ထုတ်ခဲ့သည်။
ထို့နောက် စစ်မှုမထမ်းလိုသော ရုရှားနိုင်ငံသားများက ဂျော်ဂျီယာနယ်စပ်သို့ ထွက်ခွာနေကြခြင်းဖြစ်သည်။
အဆိုပါ အခြေအနေများကြောင့် ကရင်မလင်သမ္မတနန်းတော်က ဂျာနယ်လစ်များ၊ ဘဏ်လုပ်ငန်းရှင်များ၊ အိုင်တီနည်းပညာရှင်များကိုတော့ စစ်မှုမထမ်းမနေရ ပြဋ္ဌာန်းချက်ကနေ ကင်းလွတ်ခွင့်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 599
CNI International News
ဂျနီဗာ၊ စက်တင်ဘာ ၂၃
မြန်မာနိုင်ငံမှ လူဦးရေ ၅၄ သန်း၏ အခြေအနေသည် မြန်မာ့တပ်မတော်က အရပ်သားအစိုးရကို ဖြုတ်ချလိုက်ချိန် ကထက် ပိုမိုဆိုး ရွားလာနေပြီး ထိန်လန့်တုန်လှုပ်စရာကောင်းကြောင်း ကုလသမဂ္ဂ (UN)၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ပြောသည်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပသည့် UN လူ့အခွင့်အရေးကောင်စီ အစည်းအဝေး၌ အင်ဒရူးစ်က အစီရင်ခံ ခဲ့ရာမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော မြန်မာ့အကျပ်အတည်းကို နိုင်ငံ တကာ၏ တုံ့ပြန်မှုမှာ မအောင်မြင်ခဲ့ကြောင်း၊ မြန်မာ့တပ်မတော်သည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ညှင်းပန်း နှိပ်စက်မှု၊ အရပ်သားများအား သတ်ဖြတ်မှု အပါအဝင် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ လုပ်ဆောင်နေကြောင်း ပါရှိခဲ့သည်။
မြန်မာ့တပ်မတော်၏ အာဏာရယူမှုကို ဆန့်ကျင်တိုက်ခိုက်နေသူများ ခိုအောင်းနေသည်ဟု အကြောင်းပြချက်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အလယ်ပိုင်းရှိ စာသင်ကျောင်း တစ်ကျောင်းကို ရဟတ်ယာဉ်ဖြင့် မြန်မာ့တပ်မတော်က တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁၁ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း အင်ဒရူးစ်က စက်တင်ဘာ ၂၁ ရက်တွင် လူ့အခွင့်အရေးကောင်စီသို့ ပြောကြားခဲ့သည်။
တပ်မတော်သား တစ်ဦးကိုတွေ့ရစဉ်(EPA)
ပြန်လည်ရွေးကောက်ခံရသည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ လွှတ်တော်သစ် စတင်မည့်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာရယူလိုက်ခြင်းကြောင့် မြန်မာနိုင်ငံတွင် အကျပ်အတည်း ကျရောက်ခဲ့ရသည်။
လမ်းမများပေါ်တွင် လူထုဆန္ဒပြပွဲများ၊ ပြည်လုံးကျွတ် အာဏာဖီဆန်ရေးလှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့ရာ မြန်မာ့ တပ်မတော်က အင်အားသုံး ဖြိုခွင်းခဲ့ပြီးနောက် အရပ်သားတချို့ လက်နက်ကိုင်တွန်းလှန်မှုများ ပျံ့နှံ့လာခဲ့သည်။
အာဏာသိမ်းပြီးကတည်းက လူပေါင်း ၂၃၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး ထောင်နှင့်ချီ၍ အဖမ်းခံရကြောင်း အခြေအနေကို စောင့်ကြည့်အကဲခတ်နေသည့် အရပ်ဘက် အဖွဲ့တစ်ဖွဲ့ဖြစ်သော နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောသည်။
မီးလောင်နေသော အပျက်အစီးများ (GETTY IMAGES)
အကျဉ်းချခံထားရသူများထဲတွင် ကလေးသူငယ် ၂၉၅ ဦး ပါဝင်ကြောင်း၊ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၈၄ ဦး မှာ ကြိုးတိုက်ထဲ ရောက်နေကြောင်း အင်ဒရူးစ်က ဆက်လက် အစီရင်ခံခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထင်ရှားသော ပါတီဝင်ဟောင်း တစ်ဦး အပါအဝင် ဒီမိုကရေစီအရေး လှုပ်ရှားသူ ၄ ဦးကို ပြီးခဲ့သည့် ဇူလိုင်လ၌ နစက-က သေဒဏ်ချ၍ ကြိုးပေးစီရင်ခဲ့သည်။
ထိုသို့သေဒဏ်ပေးမှုမှာ ၁၉၈၀ ပြည့်လွန် နောက်ပိုင်း ပထမဆုံး စီရင်ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ ဖြစ်စဉ်များသည် မိမိတို့စုံစမ်းစစ်ဆေးမှု၏ အဓိကအာရုံစိုက်မှုများဖြစ်ကြောင်း မြန်မာနိုင်ငံအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) မှ နီကိုလပ်စ်ကိုယွမ်ဂျင်းက လူ့အခွင့်အရေးကောင်စီထံသို့ တင်ပြခဲ့သည်။
Source: Aljazeera
- By CNI
- Category: နိုင်ငံရေး
- Hits: 1555
CNI International News
ဘေဂျင်း၊ စက်တင်ဘာ ၂၃
အာဏာရကွန်မြူနစ်ပါတီ၏ စေခိုင်းချက်(ညွှန်ကြားချက်)များကို ပြတ်သားစွာ လိုက်နာလုပ်ဆောင်သွားမည်ဟု တရုတ်စစ်တပ် PLA ၏ နေ့စဉ်သတင်းစာ၌ ဖော်ပြခဲ့ကြောင်း South China Morning Post က ရေးသားခဲ့သည်။
လက်နက်ကိုင်တပ်ဖွဲ့များ အရေးနှင့်ပတ်သက်၍ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ရှည်လျားလှသော အတွေးအမြင် ဆောင်းပါးတစ်ပုဒ်ကို တရုတ်စစ်တပ် PLA ၏ နေ့စဉ်သတင်းစာက ဖော်ပြခဲ့ခြင်း ဖြစ်သည်။
ဆောင်းပါးထဲတွင် မည်မျှခက်ခဲပြီး အန္တရာယ်ရှိစေကာမူ ပါတီ၏ဦးဆောင်မှုကို လိုက်နာလျက် ပေးအပ်သည့် တာဝန်များကို ဦးလည်မသုန် ထမ်းဆောင်သွားကြရန် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကို တိုက်တွန်း ရေးသားထားသည်။
ရှီကျင့်ဖျင်သည် ပါတီကွန်ဂရက် အစည်းအဝေးမတိုင်မီ တစ်လအလိုတွင် ၎င်း၏ အာဏာအတွက် တတိယ သက်တမ်းကို ကြေညာခဲ့ပြီး စစ်တပ်ရေးရာများ၌ အမိန့်ပေး ထိန်းကျောင်းမှုများ၊ ထိပ်တန်း စစ်ရာထူး အပြောင်း အလဲများကို ဦးဆောင်ဦးရွက် ပြုနေခဲ့သည်။
တရုတ်စစ်သားများကိုတွေ့ရစဉ် (GETTY IMAGES)
ရှီ ဦးဆောင်သော ဗဟိုစစ်ကော်မရှင် (CMC) သည် အလုံးစုံ အမိန့်ပေးပိုင်ခွင့်ရှိနေပြီး အချိန်နှင့်တပြေးညီ ထိုအမိန့် ကို နာခံရမည်ဖြစ်ကြောင်း အဆိုပါဆောင်းပါးထဲတွင် အလေးပေး ရေးသားထားသည်။
ထူးခြားချက်မှာ CMC ဥက္ကဋ္ဌ၏ အာဏာနှင့်လုပ်ပိုင်ခွင့်ကို လျော့ပါးစေရန် ရည်ရွယ်ချက်ဖြင့် ကြိုးစားခဲ့ကြသဖြင့် ရှီ ၏ အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး လှုပ်ရှားများအရ ဖယ်ရှားခံခဲ့ရသည့် ထိပ်တန်း စစ်ဗိုလ်ချုပ်များကို အမည် များနှင့်တကွ ဆောင်းပါးတစ်နေရာ၌ ဖော်ပြထားခြင်း ဖြစ်သည်။
ရှီကျင့်ဖျင် မတိုင်မီက ဟူဂျင်တောင်းသည်လည်း CMC ဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။
PLA တပ်သည် ပါတီခေါင်းဆောင်ပိုင်းမှ တောင်းဆိုစေခိုင်းလာသည့် မည်သည့် တာဝန်ပေး စေလွှတ်မှု (မစ်ရှင်)ကို မဆို အကောင်အထည် ဖော်ပြရမည်ဟု ဆောင်းပါးထဲတွင် အတိအလင်း ရှင်းပြထားသည်။
ထိုင်ဝမ်အပေါ် ကမ္ဘာ့စစ်ရေး ထိပ်တန်းဖြစ်သည့် အမေရိကန်နှင့် တရုတ်တို့ တင်းမာနေချိန်၌ PLA ဘက်မှ ယခုကဲ့ သို့ ဆောင်းပါးမျိုး ရေးသားတင်ဆက်လာခဲ့သည်။
ထိုင်ဝမ်ကို ဘေဂျင်းက ၎င်း၏ပိုင်နက် အစိတ်အပိုင်းအဖြစ် မှတ်ယူထားသော်လည်း ပြန်လည်သိမ်းယူရန် အင်အား သုံးမည် မဟုတ်ဟု ပြောကြားထားပြီး ဖြစ်သည်။
အကယ်၍ ဘေဂျင်းဘက်မှ တိုက်ခိုက်မှုများ စတင်လာခဲ့ပါက ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်ကျွန်းကို စစ်ရေး အရ ခုခံကာကွယ်သွားမည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထပ်လောင်း ပြောကြားခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 744
CNI International News
နယူးယောက်၊ စက်တင်ဘာ ၂၃
မော်စကိုနှင့် ကိယက်ဗ်တို့သည် ကြိုတင် သတ်မှတ်ချက်များမပါဘဲ တွေ့ဆုံဆွေးနွေးရေး ပြန်လည် စတင်သင့် ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက စက်တင်ဘာ ၂၂ ရက်တွင် တောင်းဆိုခဲ့ကြောင်း အာရ်တီသတင်း ဌာနက ရေးသားဖော်ပြသည်။
ယူကရိန်းအရေးနှင့် စပ်လျဉ်း၍ နယူးယောက်မြို့၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးအတွင်း ဆွေးနွေး နေစဉ် ၎င်းက ထိုသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ယူကရိန်းပဋိပက္ခတွင် တရုတ်၏ တသမတ်တည်း ရှင်းလင်းပြတ်သားသော ကြားနေရပ်တည်ချက်နှင့်အညီ အချုပ်အခြာ အာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို လေးစားကြရန် တိုက်တွန်းပါကြောင်း၊ အစိတ်အပိုင်းအားလုံး၏ လုံခြုံရေး ကို အလေးအနက်ထား၍ ဆောင်ရွက်သင့်ကြောင်း ဝမ်ယိက ထပ်လောင်း ပြောကြားခဲ့သည်။
ပဋိပက္ခမှ လွတ်မြောက်ရန် တစ်ခုတည်းသော နည်းလမ်းမှာ တွေ့ဆုံဆွေးနွေးခြင်းနှင့် စေ့စပ်ညှိနှိုင်းခြင်းသာ ဖြစ်ကြောင်း ၎င်းက မှတ်ချက်ချခဲ့သည်။
“သက်ဆိုင်ရာ အစိတ်အပိုင်းတွေအတွက် အဓိကဦးစားပေးဖို့က ကြိုတင် သတ်မှတ်ချက်တွေ မပါဘဲ တွေ့ဆုံ ဆွေးနွေးရေး ပြန်စဖို့ပါ” ဟု ၎င်းက တိုက်တွန်းခဲ့သည်။
ကုလလုံခြုံရေးကောင်စီအစည်းအဝေး (UN)
အကျပ်အတည်းကို ဖြေရှင်းရာတွင် ကူညီနိုင်သည့် အတိုင်းအတာဖြင့် တရုတ်သည် ပံ့ပိုးသွားရန် အသင့်ရှိပါ ကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။
ယခုလအတွင်း ယူကရိန်းနိုင်ငံ ဇာပိုရေဇီးယား နျူကလီးယားစက်ရုံသို့ မစ်ရှင်စေလွှတ်ခဲ့သည့် နိုင်ငံတကာ အဏု မြူ စွမ်းအင်အေဂျင်စီ (IAEA) ၏ အပြုသဘောဆောင်သော အခန်းကဏ္ဍကို ဝမ်ယိက ချီးကျူးခဲ့ပြီး နျူကလီးယား စက်ရုံများ ဘေးကင်းစေရေးနှင့်ပတ်သက်၍ အမှားအယွင်းမရှိ ကိုင်တွယ်နိုင်ခဲ့ခြင်းကို အသိအမှတ် ပြုခဲ့သည်။
အခြားသော ဦးစားပေး လုပ်ငန်းများအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကို ဖြေလျှော့ပေးပြီး ကမ္ဘာ့စားနပ်ရိက္ခာနှင့် စွမ်းအင်ဈေးကွက်များ လုံခြုံရေးကို အာမခံကြဖို့ ၎င်းက အလေးပေး ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၏ နိုင်ငံတကာစနစ်အပေါ် စွဲကိုင်ထားရမည့် အချက်မှာ “စစ်ပူ (သို့မဟုတ်) စစ်အေးဟု ခေါ်တွင်သော မည်သည့်ပုံစံကိုမဆို တားဆီးသွားရန်” ဖြစ်ကြောင်း ဝမ်ယိက ကောက်ချက်ချခဲ့သည်။
စက်တင်ဘာ ၂၁ ရက်တွင် ဝမ်ယိသည် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့နှင့် တွေ့ဆုံခဲ့ပြီး “ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှတဆင့် ပဋိပက္ခအင်အားစုအားလုံး တွေ့ဆုံဆွေးနွေးရေး ကြိုးပမ်းသင့်ကြောင်း၊ သို့မှသာ လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များကို ဆက်လက် ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်း” အသိပေးခဲ့သည်။
Source: အာရ်တီသတင်းဌာန