CNI International News

ဘန်ကောက်၊ နိုဝင်ဘာ ၆

မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ရှိ ထိုင်းနိုင်ငံသား ၁၆၂ ဦးကို နေရပ်သို့ ပြန်လည် ခေါ် ဆောင်ရေးအတွက် မြန်မာအာဏာပိုင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် ထိုင်းအမျိုးသားရဲတပ်ဖွဲ့၏ ဒုတိယ အကြီးအကဲ ရဲချုပ် ဆူရချာတီ ဟက်ပန်း (Surachate Hakparn)သည် နိုဝင်ဘာ ၆ ရက်တွင် မြန်မာသို့လာရောက် မည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံသား ၁၆၂ ဦးသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော်ဖြစ်သည့် လောက်ကိုင်တွင် တရုတ် စီးပွားရေး လုပ်ငန်းရှင်များ ဖွင့်လှစ်ထားသော တရားမဝင် လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ရန် အင်တာနက်မှ တဆင့် လိမ်လည်သည့်် ဒုစရိုက်ဂိုဏ်းတစ်ဂိုဏ်း၏ သွေးဆောင်ဖြားယောင်းပြီး ခေါ်ယူခြင်းကို ခံခဲ့ရသည်။

နိုဝင်ဘာ ၄ ရက်က လောက်ကိုင်မြို့တွင် အွန်လိုင်းမှတဆင့် လိမ်ညာခေါ်ယူခံခဲ့ရသည့် ထိုင်းနိုင်ငံသား ၂၉ ဦးကို ၎င်းတို့ ပုန်းအောင်းနေသော နေရာတစ်ခုမှ ဟော်တယ်တစ်ခုသို့ မြန်မာအာဏာပိုင်များက ကူညီရွှေ့ပြောင်း ပေးခဲ့သည်။

လောက်ကိုင်မြို့ရှိ တိုက်ပွဲရှောင်စခန်းကိုတွေ့ရစဉ်

နောက်ပိုင်းတွင် ထိုထိုင်းနိုင်ငံသား ၂၉ ဦးသည် မြန်မာနိုင်ငံအတွင်းရှိ စစ်စခန်းတစ်ခုအတွင်း ခိုလှုံနေသည့် ထိုင်းနိုင်ငံသား ၁၃၃ ဦးနှင့် ပူးပေါင်းခဲ့၍ စုစုပေါင်း ထိုင်းနိုင်ငံသား ၁၆၂ ဦးအထိ ရှိလာခဲ့သည်။

ရဲချုပ် ဆူရချာတီက သူသည် ရန်ကုန်သို့ ရောက်ရှိချိန်တွင် ထိုထိုင်းနိုင်ငံသား ၁၆၂ ဦးကို ထိုင်းနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ရန် မြန်မာအာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု ပြောကြားခဲ့သည်။ 

ထို့နောက် သူသည် ထိုင်နိုင်ငံသားများ ခိုလှုံနေသည့် တပ်မတော်၏ စစ်စခန်းသို့ သွားရောက်ပြီး ထိုစခန်းရှိ ထိုင်းနိုင်ငံသားများနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တပ်မတော် ရှေ့တန်းစခန်းတစ်ခုမှ တပ်သားများကိုတွေ့ရစဉ်

ထိုထိုင်းနိုင်ငံသားများထဲက အချို့သည် တရားမဝင် လူမှောင်ခို ကူးခံရသူများဖြစ်ပြီး အချို့သည် အင်တာနက်မှ တဆင့် သွေးဆောင်ဖြားယောင်းခံရပြီး မြန်မာနိုင်ငံသို့ လိမ်ညာခေါ်ဆောင်ခံရသူများဖြစ်သည်ဟု ဆူရချာတီက ပြောသည်။
မြန်မာနိုင်ငံတွင် တပ်မတော်နှင့် လူမျိုးစု လက်နက်ကိုင်များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေချိန်တွင် တပ်မတော် စစ်စခန်းအတွင်း ခိုလှုံနေရသည့် ထိုင်းနိုင်ငံသား ၁၆၂ ဦးကို တရုတ်နိုင်ငံ၊ ကူမင်း (Kunming) မြို့သို့ အရင်ဆုံး ပို့ဆောင်ပေးမည်ဖြစ်သည်။

ထိုမှတစ်ဆင့် ထိုင်းနိုင်ငံသို့ လေယာဉ်ဖြင့် ခေါ်ဆောင်မည်ဟု ဆူရချာတီက ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်