CNI International News
မော်စကို၊ နိုဝင်ဘာ ၆
ရုရှားသည် နျူကလီးယား လက်နက်ထိပ်ဖူးများ တပ်ဆင်နိုင်သည့် နျူကလီးယားစွမ်းအင်သုံး Imperator Alexander III ရေငုပ်သင်္ဘောအသစ်ဖြင့် Bulava တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို စမ်းသပ် ပစ်လွှတ်ခဲ့ သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုသည် ရေငုပ်သင်္ဘောအသစ် စမ်းသပ်မှု၏ နောက်ဆုံးအဆင့်ဖြစ်ပြီး ရုရှား ရေတပ်အတွင်းသို့ ထည့်သွင်းရန် ဆုံးဖြတ်သွားမည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက Telegram တွင် ဖော်ပြခဲ့သည်။
ရုရှားသမ္မတ ပူတင် (Vladimir Putin)သည် လုံခြုံရေး ခြိမ်းခြောက်မှုများကို တန်ပြန်ရန် နိုင်ငံ၏ နျူကလီးယား အဟန့်အတားအား ထိန်းသိမ်းထားရေးအတွက် တွန်းအားပေး လုပ်ဆောင်ခဲ့သည်။
၂၀၂၂ ခုနှစ်က ယူကရိန်းကို ကျူးကျော်ခဲ့မှုနှင့်ပတ်သက်ပြီး ရုရှားနှင့် အနောက်နိုင်ငံများအကြား ဆက်ဆံရေးများ ကျဆင်းနေချိန်တွင် ပူတင်က နျူကလီးယား အင်အားကို မြှင့်တင်ရန် အားထုတ်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
ရုရှားရေငုပ်သင်္ဘောကိုတွေ့ရစဉ်
ရုရှား၏ မြောက်ဘက်ကမ်းလွန် ပင်လယ်ဖြူ (White Sea) အတွင်းရှိ ရေငုပ်သင်္ဘောပေါ်မှ ပစ်လွှတ်ခဲ့သည့် Bulava ပဲ့ထိန်းဒုံးကျည်သည် ရုရှားအရှေ့ဖျားဒေသရှိ ကမ်ချက်ကာ (Kamchatka) ကျွန်းဆွယ်နှင့် ကီလိုမီတာ ထောင်ချီကွာဝေးသည့်် ပစ်မှတ်ကို ထိမှန်ခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ထိုဒုံးကျည်ကို မည်သည့်အချိန်တွင် စမ်းသပ်ပစ်လွှတ်ခဲ့သည် ဆိုခြင်းကိုမူ ထုတ်ပြန်ချက်တွင် ဖော်ပြခြင်းမရှိခဲ့ပေ။
Borei အမျိုးအစား မဟာဗျူဟာမြောက် ဒုံးကျည်တပ် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော Imperator Alexander III သည် Bulava ဒုံးကျည် ၁၆ စင်းနှင့် ခေတ်မီ တော်ပီဒိုလက်နက်များ တပ်ဆင်ထားသည့်် ရေငုပ်သင်္ဘောဖြစ်သည်။
ထိုရေငုပ်သင်္ဘောကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ဖွင့်ပွဲအခမ်းအနားဖြင့် ရေချခဲ့ပြီး ထိုအခမ်းအနားကို သမ္မတ ပူတင်လည်း တက်ရောက်ခဲ့သည်။
လက်ရှိ ရုရှားရေတပ်တွင် Borei အမျိုးအစား နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ၃ စင်းသည် တပ်တော်ဝင် တာဝန် ထမ်းဆောင်လျက်ရှိပြီး တစ်စင်းသည် စမ်းသပ်မှုများ ပြီးစီးခဲ့ကာ နောက်ထပ် သုံးစင်းကို တည်ဆောက်နေ ဆဲဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
Source: ရိုက်တာ