CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၅

မြန်မာနိုင်ငံအတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်ဖွဲ့နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ ပြင်းထန်နေချိန် ရုရှားရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV သည် နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ကြသည်။

ထို့နောက် တပ်မတော်(ရေ)နှစ်ရပ်အကြား ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ နှစ်နိုင်ငံရေတပ် နှစ်ရပ်အကြား ပင်လယ်ရေကြောင်း လုံခြုံရေးအတွက် ပူးပေါင်း လေ့ကျင့်ခန်း များ ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ရုရှားရေတပ်ဦးစီးချုပ်သည် စစ်သင်္ဘော နှစ်စီးဖြင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိ လာပြီး တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ကျွန်းစုအတွင်းမှာ နှစ်နိုင်ငံ ရေတပ် ပူးပေါင်း၍ ပင်လယ်ရေကြောင်း လုံခြုံရေး စစ်ရေး လေ့ကျင့်ကြမည်ဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် တိုက်ပွဲစခန်းသိမ်းမှုကို တွေ့ရစဉ်

တခြား တစ်ဖက်မှာလည်း မြန်မာနိုင်ငံအတွင်းရှိ ရှမ်းပြည်နယ်မြောက်ပိုင်း(လားရှိုး၊ နောင်ချို၊ မုံးကိုး၊ ကြူကုတ်၊ ချင်းရွှေဟော်၊ သိန္နီ၊ မူဆယ်၊ နမ့်ခမ်း)၊ စစ်ကိုင်းတိုင်းဒေသကြီး(ကန့်ဘလူး၊ ထီးချိုင့်၊ ကောလင်း၊ ဝန်သို၊ ဟုမ္မလင်း)၊ ကရင်ပြည်နယ်(ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး)၊ ချင်းပြည်နယ်(ထန်တလန်)၊ ကချင်ပြည်နယ် (ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့်၊ လိုင်ဇာ) စသည့် ဒေသများ မှာ အောက်တိုဘာ ၂၇ ရက်က စတင်ပြီး လက်နက်ကိုင်များဘက်က ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်လာ သည့်အတွက် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။

အဆိုပါ တိုက်ပွဲများအတွင်း နှစ်ဖက် အကျအဆုံးများ ရှိနေသလို သူတစ်ပြန် ကိုယ်တစ်ပြန် စခန်းသိမ်းမှုများ လည်း ရှိနေပါသည်။

မြန်မာ့တပ်မတော်ကတော့ ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်နေသည့် လက်နက်ကိုင်ထားသူများကို တန်ပြန် ချေမှုန်းရေးကို ဖော်ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။

လက်ရှိ မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသော လက်နက်ကိုင်များမှာ ကချင်လွတ်လပ်ရေးတပ် မတော်(KIA)၊ ရက္ခိုင့်တပ်တော်(AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာနိုင်ငံ အမျိုးသားမဟာမိတ်တပ်မတော်(MNDAA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဗမာပြည်သူ့ လွတ်မြောက် ရေးတပ်တော်(BPLA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) စသည်တို့ ဖြစ်သည်။