CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁

နိုင်ငံတော်ကို ပျက်စီးရာပျက်စီးကြောင်း လုပ်နေကြသည့် သစ္စာမဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ရှိနေ ခြင်းသည် တိုင်းပြည်အတွက် အန္တရာယ်ကြီးမားသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့က ကျင်းပခဲ့သည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (၁/၂၀၂၄) အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ နိုင်ငံတော်ကြီးကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အခြေခံသည့် ပြည်ထောင် စုကြီး တည်ဆောက်နေချိန်တွင် ပဋိပက္ခများ ပိုမိုကြီးမားအောင်၊ နိုင်ငံတော်ကို ပျက်စီးရာပျက်စီးကြောင်း လုပ် နေကြသည့် သစ္စာမဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိနေခြင်းသည် တိုင်းပြည်အတွက် အန္တရာယ်ကြီးမား ပါသည်”ဟု ပြောသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့က ကာ/လုံ အစည်းအဝေး ကျင်းပနေစဉ်

ထို့နောက် ကရင်လက်နက်ကိုင် KNU သည် PDF များကို လေ့ကျင့်ထောက်ပံ့ပေးခြင်းနှင့် တပ်မတော် စစ်စခန်း များကို တိုက်ခိုက်ခဲ့ကြောင်း၊ KNPP နှင့် PDF တို့ကလည်း အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ရခိုင် လက်နက်ကိုင် AA ပါဝင်သည့် မူးယစ်မှောင်ခို ဂိုဏ်းအဖွဲ့ကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း၊ ချင်းလက်နက်ကိုင် CNF သည် CDF အဖွဲ့နှင့်ပေါင်းပြီး ချင်းပြည်နယ်အတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေကြောင်း၊ MND AA နှင့် TNLA တို့သည် တပ်မတော်၏ စစ်စခန်းများ အပါအဝင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကို တိုက် ခိုက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သို့သော် သစ္စာမဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ရှိနေသည်ဆိုခြင်းနှင့်ပတ်သက်ပြီး မည်သည့် အဖွဲ့ ဆိုသည်ကိုတော့ တိုက်ရိုက်ထုတ်ဖော် ပြောကြားသွားခြင်း မရှိပေ။

KIA ၊ SSPP၊ KNPP တို့သည် PDF အမည်ခံသမားများကို အားပေးကူညီခဲ့ပြီး နိုင်ငံတစ်ဝန်း အကြမ်းဖက် လုပ်ရပ် များကို လုပ်ဆောင်ခဲ့သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

လက်ရှိတွင် မြန်မာ့တပ်မတော်သည် KIA၊ TNLA၊ MNDAA၊ AA၊ KNU၊ CNF၊ KNPP၊ PNLO၊ ABSDF စသည့် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသလို ၎င်းတို့ ထောက်ပံ့ကူညီပေး နေသော PDF အဖွဲ့များနှင့်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။