CNI International News

တဲလ်အဗစ်၊ အောက်တိုဘာ ၂၅

အစ္စရေးသည် ၂၀၁၁ ခုနှစ်က Iron Dome ဒုံးကျည် ကာကွယ်ရေးစနစ်ကို စတင်အသုံးပြုခဲ့ချိန်ကစပြီး ဂါဇာ ကမ်းမြောင် ဒေသအတွင်းမှ ပစ်လွှတ်သည့် ထောင်သောင်းချီသည့် ဒုံးကျည်များကို ကြားဖြတ် ပစ်ချနိုင်ခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ထိုဒုံးကျည် ကာကွယ်ရေးစနစ်သည် အစ္စရေးပြည်သူများကို လုံခြုံမှုရရှိစေသည့် စိတ်ခံစားချက်များကို ပေးစွမ်း နိုင်ခဲ့ပြီး အစ္စရေး၏ ကောင်းကင်ယံတွင် ပျံဝဲလာသော ဒုံးကျည်များအား Iron Dome စနစ်က ကြားဖြတ် ပစ်ချ နိုင်ခဲ့သည့် မြင်ကွင်းများကိုလည်း မကြာခဏ မြင်တွေ့ခဲ့ရသည်။

သို့သော် လက်ရှိ ဟားမာ့စ် စစ်သွေးကြွအဖွဲ့နှင့် ဖြစ်ပွားနေသည့် စစ်ပွဲတွင်မူ အစ္စရေး၏ Iron Dome ဒုံးကျည် ကာကွယ်ရေးစနစ်အပေါ် မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။

ဟားမာ့စ်တို့သည် သီတင်းနှစ်ပတ်အတွင်း အစ္စရေးကို ဒုံးကျည်အစင်းရေ ၇၀၀၀ ခန့် ပစ်ခတ်ခဲ့သည်ဟု အစ္စရေး စစ်တပ်က ထုတ်ပြန်ခဲ့သည်။

ဟားမာ့စ်က အစ္စရေးကို ဒုံးကျည်ပစ်လွှတ်တိုက်ခိုက်နေစဉ်

ထိုဒုံးကျည် အရေအတွက်သည် ၂၀၀၇ ခုနှစ်က ဂါဇာတွင် ဟားမာ့စ်တို့ အာဏာရလာပြီးနောက်ပိုင်း အစ္စရေးနှင့် ဟားမာ့စ်အကြား ဖြစ်ပွားခဲ့သည့် ယခင်စစ်ပွဲ ၄ ပွဲတွင် ပစ်လွှတ်ခဲ့သော ဒုံးကျည် အရေအတွက်ထက် ပိုမိုများပြား ခဲ့သည်။ 

စစ်ပွဲစတင်သည့်် ပထမဆုံးနေ့ဖြစ်သော အောက်တိုဘာ ၇ ရက်နေ့မှာပင် ဟားမာ့စ်အဖွဲ့သည် ဒုံးကျည်ပေါင်း ၂၀၀၀ ခန့် ပစ်လွှတ်ခဲ့ပြီး လက်ဘနွန်နိုင်ငံအတွင်းရှိ ဟစ်ဇ်ဘိုလာ (Hezbollah) အဖွဲ့ကလည်း အစ္စရေးနိုင်ငံ မြောက်ပိုင်းကို ဒုံးကျည်များဖြင့် ပစ်ခတ်လျက်ရှိသည်။
 
ထိုဒုံးကျည်အများစုကို Iron Dome ဒုံးကျည် ကာကွယ်ရေးစနစ်ဖြင့် ကြားဖြတ်ပစ်ချ နိုင်ခဲ့သော်လည်း ဒုံးကျည် အချို့သည် ကာကွယ်ရေးစနစ်ကို ဖြတ်သန်းနိုင်ခဲ့ကာ အစ္စရေးမြေပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် လူ ၁၁ ဦး ထက်မနည်း သေဆုံးခဲ့ပြီး အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့သည်ဟု အစ္စရေး အရာရှိများက ပြောကြားခဲ့သည်။

ထို့ကြောင့် Iron Dome ဒုံးကျည် ကာကွယ်ရေးစနစ်၏ ထိရောက်မှုအပေါ် မေးခွန်းများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ် သည်။

အစ္စရေးရဲ့ Iron Dome က ဒုံးကျည်များကို ပစ်ချနေစဉ်

စင်စစ်မှာမူ Iron Dome ဒုံးကျည် ကာကွယ်ရေးစနစ်တွင် ရေဒါများကို အသုံးပြုသည့် အမြောက်အုပ်စုများပါဝင်ပြီး တာတိုပစ် ဒုံးကျည်များကို ကြားဖြတ်ပစ်ချနိုင်စွမ်းရှိသည်။ 

အမြောက်အုပ်စု တစ်စုချင်းစီတွင် ရေဒါတစ်ခုနှင့်အတူ ဒုံးပစ်လောင်ချာ သုံးခုမှ လေးခုအထိ ပါဝင်ပြီး ဒုံးကျည် ၂၀ ကို ပစ်ခတ်နိုင်စွမ်းရှိသည်ဟု Iron Dome စနစ်ကို အစ္စရေး၏ Rafael Defense Systems ကုမ္ပဏီနှင့်အတူ ပူးတွဲ ထုတ်လုပ်သည့် အမေရိကန်ကာကွယ်ရေးကုမ္ပဏီမှ Raytheon က ပြောကြားခဲ့သည်။ 

သို့သော် ဟားမာ့စ်တို့သည်  ဒုံးကျည်အများအပြားကို တစ်ပြိုင်နက်တည်း ပစ်လွှတ်ခဲ့ချိန်တွင် ဟားမာ့စ်တို့၏ ဒုံးကျည်များသည် Iron Dome စနစ်က ကြားဖြတ်ပစ်ချနိုင်သည့် အရေအတွက်ထက် ပိုမိုများပြားခဲ့သဖြင့် ဒုံးကျည်အချို့သည် ကြားဖြတ်ပစ်ချခြင်း မခံရဘဲ အစ္စရေးနယ်မြေများအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက ယူဆထားကြသည်။ 

အစ္စရေးစစ်တပ်ကမူ လက်ရှိအချိန်အထိ Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ် မည်မျှ ဖြန့်ကြက် ချထားသည် ဆိုခြင်းကိုမူ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

Source: အေပီ