CNI International News

မော်စကို၊ အောက်တိုဘာ ၁၆

အမေရိကန်၏ မဟာဗျူဟာမြောက် အကြီးဆုံး ပြိုင်ဘက်များဖြစ်သည့် တရုတ်နှင့် ရုရှားအကြား မိတ်ဖက်ဆက်ဆံ ရေးများကို မြှင့်တင်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) သည် ယခုသီတင်းပတ်အတွင်း တရုတ်သို့ သွားရောက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နှင့်တွေ့ဆုံမည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ပူတင်သည် အောက်တိုဘာ ၁၇ ရက်နှင့် ၁၈ ရက်တွင် ဘေဂျင်းမြို့တော်၌ ကျင်းပမည့် Belt and Road ဖိုရမ်ကို တက်ရောက်မည် ဖြစ်သည်။

ထိုခရီးစဉ်သည် ယူကရိန်း ကလေးငယ်များကို နယ်နှင်မှုကြောင့် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) က ပူတင်ကို ဖမ်းဝရမ်း ထုတ်ခဲ့ပြီးနောက်ပိုင်း ပူတင်၏ ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။

ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဥရောပတွင် အကြီးမားဆုံး စစ်ပွဲကို ဖြစ်စေခဲ့သည့် ရုရှားက ယူကရိန်းကို မကျူး ကျော်မီ ရက်ပိုင်းအလို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ပူတင်၏ ဘေဂျင်းခရီးစဉ်၌ တရုတ်နှင့် ရုရှားသည် အကန့်အသတ်မရှိသည့် မိတ်ဖက်ဆက်ဆံရေး ထူထောင်ကြောင်း ကြေညာခဲ့သည်။ 

အမေရိကန်သည် တရုတ်ကို ၎င်း၏ အကြီးမားဆုံး ပြိုင်ဘက်အဖြစ် သတ်မှတ်ထားပြီး ရုရှားကို အကြီးမားဆုံး ခြိမ်းခြောက်သည့် နိုင်ငံအဖြစ် သတ်မှတ်ထားသည်။

Belt and Road လမ်းကြောင်းကိုတွေ့ရစဉ်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ကလည်း ယခုရာစုနှစ်သည် ဒီမိုကရေစီနိုင်ငံများနှင့် အာဏာရှင် နိုင်ငံများအကြား ယှဉ်ပြိုင်နေရသည့် ရာစုနှစ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

"ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ရှီဟာ ရုရှားနိုင်ငံနဲ့ ခိုင်မာတဲ့ မိတ်ဖက်ဆက်ဆံရေးကို တည်ထောင်ခဲ့ပါတယ်" ဟု အမေရိကန်သမ္မတဟောင်း ဘီလ် ကလင်တန် (Bill Clinton) လက်ထက်က ဒုတိယကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသည့် ဟားဗတ်တက္ကသိုလ် ပါမောက္ခ ဂရေဟမ် အလီဆင်က ပြောကြားခဲ့သည်။

ဘိုင်ဒန်သည် ရှီကို အာဏာရှင်အဖြစ် သုံးနှုန်းပြောဆိုခဲ့ပြီး ပူတင်ကို လူသတ်သမားအဖြစ် သုံးနှုန်းပြောဆိုခဲ့သဖြင့် တရုတ်နှင့် ရုရှားအစိုးရများက ဘိုင်ဒန်၏ မှတ်ချက်စကားများအား ပြင်းထန်စွာ ဝေဖန်ရှုတ်ချခဲ့သည်။ 

ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားခဲ့ချိန်ကတည်းက ပူတင်သည် ရုရှားနိုင်ငံအတွင်းမှာပင် နေထိုင်ခဲ့ပြီး ပြည်ပခရီးစဉ် များ သွားရောက်လေ့ မရှိခဲ့ဘဲ ICC ၏ ဖမ်းဝရမ်း အထုတ်မခံရမီ ပြီးခဲ့သည့်နှစ်က အီရန်သို့ သွားရောက်ခဲ့သည်။

ယခု တရုတ်ခရီးစဉ်သည် ပူတင်အတွက် ICC ၏ ဖမ်းဝရမ်း အထုတ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။

Source: အေပီ