CNI International News
ဂါဇာ၊ အောက်တိုဘာ ၁၆
အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို မြေပြင်ထိုးစစ် စတင်ရန် ပြင်ဆင်နေချိန်တွင် ဂါဇာဒေသအတွင်းရှိ ဆေးရုံ များတွင် ဒဏ်ရာရ လူနာများနှင့် ပြည့်နှက်နေပြီး ဆေးဝါး အထောက်အပံ့များ ပြတ်လပ်လာသဖြင့် လူပေါင်း ထောင်ချီ သေဆုံးနိုင်ကြောင်း ဂါဇာ ဆေးရုံများမှ ကျန်းမာရေးအရာရှိများက သတိပေးခဲ့သည်။
အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်အဖွဲ့က အစ္စရေးကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အစ္စရေးက ဂါဇာဒေသကို အလုံးစုံ ပိတ်ဆို့ခဲ့သဖြင့် ဂါဇာဒေသခံများသည် အစားအစာ၊ သောက်သုံးရေနှင့် ဆေးဝါး အထောက်အပံ့များ ပြတ်လပ်ခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်၏ စစ်သင်္ဘောများ၏ အထောက်အပံ့ကို ရရှိထားသည့် အစ္စရေး စစ်သားများသည် ဂါဇာနယ်စပ်တစ်လျှောက် စခန်းချ တပ်စွဲထားပြီး ဂါဇာဒေသအတွင်း မြေပြင်ထိုးစစ်ဆင်နွှဲရန် ပြင်ဆင်လျက်ရှိသည်။
ဂါဇာဒေသက အပျက်အစီးများကိုတွေ့ရစဉ်
ထို့ပြင် စစ်ပွဲ စတင်ခဲ့ချိန်ကတည်းက ဂါဇာတွင် အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် လူအများအပြား သေဆုံးခဲ့ပြီး အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့သော်လည်း ဟားမာ့စ်တို့ကမူ အစ္စရေးကို ဒုံးကျည်များဖြင့် ဆက်လက် ပစ်ခတ်နေဆဲဖြစ်သည်။
အောက်တိုဘာ ၇ ရက်ကစပြီး အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဂါဇာတွင် ပါလက်စတိုင်း ၂၃၂၉ ဦး သေဆုံးခဲ့ပြီး ထိုသေဆုံးသူ အရေအတွက်သည် ၂၀၁၄ ခုနှစ်က သီတင်းခြောက်ပတ်ကြာ ဖြစ်ပွားခဲ့သည့် ဂါဇာစစ်ပွဲ အတွင်း သေဆုံးသူ အရေအတွက်ထက် ပိုမိုများပြားခဲ့ကြောင်း ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ယခုဖြစ်ပွားနေသည့် စစ်ပွဲသည် အစ္စရေးနှင့် ဟားမာ့စ်အကြား ဖြစ်ပွားသည့် ငါးကြိမ်မြောက် စစ်ပွဲဖြစ်ပြီး နှစ်ဖက် စလုံးတွင် လူသေဆုံးမှု အများဆုံး စစ်ပွဲတစ်ခု ဖြစ်လာခဲ့သည်။
ဂါဇာဒေသခံတွေကိုတွေ့ရစဉ်
အစ္စရေးတွင်မူ ဟားမာ့စ်တို့၏ တိုက်ခိုက်မှုများကြောင့် လူပေါင်း ၁၃၀၀ ကျော် သေဆုံးခဲ့ကာ သေဆုံးသူ အများစု သည် အရပ်သားများ ဖြစ်သည်။
ထို့ပြင် ယခုစစ်ပွဲသည် အစ္စရေးအတွက် ၁၉၇၃ ခုနှစ်က အီဂျစ်၊ ဆီးရီးယားတို့နှင့် ဖြစ်ပွားခဲ့သည့် စစ်ပွဲအပြီးတွင် လူသေဆုံးမှု အများဆုံး စစ်ပွဲဖြစ်ခဲ့သည်။
အောက်တိုဘာ ၇ ရက်ကတည်းက အစ္စရေးသည် ဂါဇာဒေသကို အစားအစာ၊ လောင်စာနှင့် ဆေးဝါးများ တင်သွင်းမှုကို ပိတ်ဆို့ခဲ့သဖြင့် ဂါဇာဒေသရှိ ဆေးရုံများတွင် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အသုံးပြုနေသည့် မီးစက်များသည် နောက်ထပ် နှစ်ရက်ခန့်သာ လောင်စာဆီ ကျန်ရှိတော့သည်ဟု ကုလသမဂ္ဂက သတိပေးခဲ့သည်။
Source: အေပီ