CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၆
အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များကို မဖြစ်မနေ အကောင်အထည် ဖော်ရမည့်အချိန် ရောက်ရှိနေ ပြီဖြစ်သည့်တိုင် သူ့မူကိုယ့်မူ ကိုင်စွဲနေပါက နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်မှာ မဟုတ်ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။
အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် တစ်နိုင်ငံလုံး အပစ်အခတ်မှု ရပ်စဲရေး သဘော တူစာချုပ် (NCA) ၈ နှစ်ပြည့် အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း၌ ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။
ဗိုလ်ချုပ်ကြီး ယွက်စစ်က “ဒီနေ့ကာလဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို မဖြစ်မနေ အကောင် အထည်ဖော်ရမယ့် အချိန်ရောက်နေပါပြီ။ ဒီအတွက် သက်ဆိုင်သူတွေအကြား ယုံကြည်မှု တည်ဆောက်ရေးက လည်း လိုအပ်နေပါတယ်။ သူ့မူကိုယ့်မူ အသေစွဲကိုင်နေကြမယ်ဆိုရင် လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို ကျော် လွှားနိုင်မှာ မဟုတ်ပါဘူး။ ကြိုတင်စည်းကမ်း သတ်မှတ်ချက်များ မပါရှိတဲ့ ဆွေးနွေးခြင်းကသာ ပြည်ထောင်စုကြီး ရဲ့ ထွက်ရပ်ဖြစ်ပါတယ်။ နိုင်ငံတကာမိသားစုကြီးလည်း မိမိတို့ တိုင်းပြည်ရဲ့ အကျပ်အတည်းကို အားလုံးပါဝင်ပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲများဖြင့် ဆွေးနွေး အဖြေရှာသွားနိုင်ရေးပံပိုးကူညီကြဖို့ အဆိုပြု တိုက်တွန်းလိုပါတယ်” ဟု ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ လက်နက်ကိုင် ခေါင်းဆောင်များနဲ့နစက အဖွဲ့၀င်များကိုတွေ့ရစဉ်
NCA (၈) နှစ်ပြည့် အခမ်းအနားကို အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် RCSS၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ပအိုဝ်း အမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ တက်ရောက်ခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာ့တပ်မတော်မှာ အာဏာရယူလိုက်ခြင်းကြောင့် NCA ပျက်ပြယ်ပြီဟု ဆိုကာ အဆိုပါ အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က တက်ရောက်ခြင်း မရှိခဲ့ပေ။
လက်ရှိ နိုင်ငံရေး အကျပ်အတည်းကြောင့် NCA အကောင်အထည်ဖော်မှုမှာ ရပ်နားသွားခဲ့ရကြောင်း NCA (၈) ပြည့် အခမ်းအနားသို့ တက်ရောက်လာသည့် KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ လက်နက်ကိုင် ခေါင်းဆောင်များ၊ နိုင်ငံတကာသံတမန်များကို တွေ့ရစဉ်
၎င်းက “ပြီးခဲ့တဲ့ကာလမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို ဆက်လက် အကောင်အထည်ဖော်ခဲ့ရာမှာ အောင်မြင်သင့်သလောက် အောင်မြင်မှုရရှိခဲ့သလို နိုင်ငံရေး အကျပ်အတည်း ကြောင့် NCA အကောင်အထည် ဖော်မှုမှာလည်း ရပ်နားသွားခဲ့ရတယ်၊ ကျနော်တို့ အားလုံးဟာ မိမိတို့ အသီးသီးရဲ့ ဆန္ဒသဘောထားတွေကိုသာ ရှေ့တန်းမတင်ဘဲ အပြန်အလှန် လေးစားတန်ဖိုးထားမှုနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်ကာ ညှိနှိုင်းအဖြေရှာကြဖို့ကိုလည်း သက်ဆိုင်သူများ အားလုံးကို တောင်းဆိုလိုပါတယ်” ဟု ပြောသည်။
လက်ရှိတွင် NCA စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့က လက်မှတ် ရေးထိုးထားကြောင်း၊ မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း ဖိတ်ခေါ်ကြောင်း နစက ဥက္ကဋ္ဌက ပြောသည်။
သို့သော်လည်း နိုင်ငံရေး ခံယူချက်၊ သဘောထားများ၊ မူများ ကွဲလွဲမှုများကြောင့် တိုင်းပြည်မှာ လက်နက်ကိုင် ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေပြီး ယနေ့အချိန်ထိ ဖြေရှင်းနိုင်ခြင်း မရှိဘဲ ဖြစ်နေသည်။