CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၄

အိန္ဒိယနိုင်ငံ၏ ဒုတိယအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး H.E.Mr. Vikram Misri ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ အောက်တိုဘာ ၁၄ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြသည်။

အဆိုပါ တွေ့ဆုံမှုတွင် နစကဘက်က ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နစက၏ တွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နစကအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးနှင့် NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တို့တက်ရောက်ခဲ့ပြီး အိန္ဒိယဘက်က အိန္ဒိယနိုင်ငံ၏ ဒုတိယအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး H.E. Mr. Vikram Misri ၊ အိန္ဒိယသံအမတ်ကြီး H.E.Mr. Vinay Kumar တို့ တက်ရောက်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ H.E.Mr. Vikram Misri တို့တွေ့ဆုံစဉ်

ထို့နောက် ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ဆောင်ရွက်နေမှု၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်နေမှု၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှု၊ နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများ၊ အစိုးရနှင့်တပ်မတော် အနေဖြင့် NCA လမ်းကြောင်းပေါ်၌ ခိုင်မာစွာရပ်တည် လျှောက်လှမ်းလျက်ရှိမှု၊ ပါတီစုံဒီမိုကရေစီ လမ်းကြောင်း ပေါ်၌ ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိမှုတို့ကို နစကဥက္ကဋ္ဌက ချပြ ဆွေးနွေးခဲ့သည်။

အိန္ဒိယဘက်က အိန္ဒိယနိုင်ငံ၏ ဒုတိယအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး H.E. Mr. Vikram Misri ၊ အိန္ဒိယသံအမတ်ကြီး H.E.Mr. Vinay Kumar တို့သည် အောက်တိုဘာ ၁၅ ရက်နေ့တွင် ကျင်းပမည့် NCA (၈) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်ကြမည်ဖြစ်ပြီး မိန့်ခွန်းလည်း ပြောကြားရန် ရှိကြောင်း သိရသည်။