CNI International News
ဝါရှင်တန်၊ အောက်တိုဘာ ၁၄
အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသနှင့် လက်ဘနွန်နိုင်ငံအတွင်း ပြုလုပ်နေသည့် စစ်ဆင်ရေးများအတွင်းမှာ အဖြူရောင် မီးစုံးဗုံး (White Phosphorus munitions) များကို အသုံးပြုခဲ့သဖြင့် အရပ်သားများကို အလွန် ထိခိုက်စေခဲ့သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြောကြားခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
အောက်တိုဘာ ၁၀ ရက်နှင့် ၁၁ ရက်တွင် လက်ဘနွန်နှင့် ဂါဇာဒေသတို့တွင် ရိုက်ကူးခဲ့သည့် ဗွီဒီယိုမှတ်တမ်းများ တွင် အစ္စရေးသည် ဂါဇာစီးတီးမြို့ ဆိပ်ကမ်းတွင် အဖြူရောင် မီးစုံးဓာတ်ပါသည့် ခဲယမ်းများကို အမြောက်များဖြင့် ပစ်ခတ်ခဲ့ပြီး အစ္စရေး-လက်ဘနွန် နယ်စပ်တစ်လျှောက် ကျေးလက်ဒေသ နှစ်ခုတွင်လည်း ထိုခဲယမ်းများ အသုံးပြုခဲ့သည်ကို စိစစ်အတည်ပြုနိုင်ခဲ့သည်ဟု HRW က ပြောကြားခဲ့သည်။
ထို့ပြင် ဂါဇာတွင် တိုက်ခိုက်မှု ဖြစ်စဉ်တစ်ခုနှင့် ပတ်သက်ပြီး လူနှစ်ဦးကို အင်တာဗျူး ပြုလုပ်ခဲ့သည်ဟုလည်း HRW က ပြောကြားခဲ့သည်။
အဖြူရောင်မီးစုံးဗုံး ကြဲချနေစဉ်
လူနေထူထပ်သည့် နေရာဒေသများတွင် အဖြူရောင်မီးစုံး လက်နက်ခဲယမ်းများကို အသုံးပြုမှုသည် အရပ်သားများ ထိခိုက်နစ်နာမှုမရှိစေရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရမည်ဆိုသည့် နိုင်ငံတကာ ဥပဒေကို အစ္စရေးက ချိုးဖောက်ခြင်းဖြစ်သည်ဟု HRW က ပြောကြားခဲ့သည်။
"အရပ်သားတွေ အများအပြား နေထိုင်တဲ့ နေရာဒေသတွေ ဘယ်လိုအချိန်မှာမဆို အဖြူရောင်မီးစုံးဗုံးတွေ အသုံးပြုတာဟာ မီးလောင်မှုအန္တရာယ်နဲ့ သေရာပါ ဒဏ်ရာတွေကို ရရှိစေပါတယ်" ဟု အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဆိုင်ရာ HRW ၏ ညွှန်ကြားရေးမှူး လာမာ ဖာကစ်ရှ်က အောက်တိုဘာ ၁၁ ရက်တွင် ထုတ်ပြန် ခဲ့သည်။
အစ္စရေးအနေနှင့် လူနေထူထပ်သည့် နေရာဒေသများတွင် အဖြူရောင်မီးစုံး ဓာတ်ပါသည့် ခဲယမ်းများကို အသုံး ပြုမှုကို ခြွင်းချက်မရှိ ပိတ်ပင်သင့်ကြောင်းနှင့် လူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်ခြင်း မရှိသော အခြားနည်းလမ်း များကို အသုံးပြုသင့်ကြောင့် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အဖြူရောင်မီးစုံးဗုံး ကြဲချနေစဉ်
အဖြူရောင်မီးစုံး ဓာတ်ပါသည့် လက်နက်များသည် အရိုးထိစွဲအောင် မီးလောင်ကျွမ်းစေနိုင်ပြီး သေဆုံးခြင်း သို့မဟုတ် သေရာပါ ဒဏ်ရာများကို ရရှိစေနိုင်သည်။
နိုင်ငံတကာဥပဒေများအရ ထိုလက်နက်ခဲယမ်း အမျိုးအစားကို စစ်ပွဲဖြစ်ပွားနေသည့် နေရာများတွင် ရန်သူများကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခွင့်ရှိသော်လည်း အရပ်သားများ နေထိုင်သော နေရာများအနီးတွင် ထိုလက်နက်ကို အသုံးပြုခွင့် တားမြစ်ပိတ်ပင်ထားသည်။
HRW ၏ ဖော်ပြချက်နှင့် ပတ်သက်ပြီး အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက အယ်လ်ဂျာဇီးယား သတင်းဌာန၏ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်း တုံ့ပြန်ခဲ့ခြင်းမရှိပေ။
Source: အယ်လ်ဂျာဇီးယား