CNI International News
ဂျကာတာ၊ အောက်တိုဘာ ၁၄
အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို (Joko Widodo) ၏ သမ္မတသက်တမ်းသည် ကုန်ဆုံးကာနီးအချိန်သို့ နီးစပ်လာ ချိန်တွင် ၎င်း၏ မျိုးဆက်များအား အာဏာလက်ဆင့်ကမ်းရန် ကြိုးပမ်းနေသည်ဆိုသည့် ဝေဖန်ချက်များကို ငြင်းဆိုခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး မေးမြန်းခံရချိန်တွင် ဝီဒိုဒိုက နောက်တက်လာမည့် သမ္မတသစ်ကို ပြည်သူ များကသာ ရွေးချယ်သင့်သည်ဟု ဖြေကြားခဲ့သည်။
ဝီဒိုဒိုသည် လာမည့်နှစ် အောက်တိုဘာလတွင် ၎င်း၏ ဒုတိယသက်တမ်း ကုန်ဆုံးမည်ဖြစ်သော်လည်း လာမည့်နှစ် ဖေဖော်ဝါရီ ၁၄ ရက် ရွေးကောက်ပွဲမတိုင်မီ ၎င်း၏ ဆွေမျိုးများကို များပြားသည့် နိုင်ငံရေး ရာထူးများတွင် ခန့်အပ် ခဲ့သည်။
ထို့ကြောင့် လွန်ခဲ့သည့် ၂၅ နှစ်က အာဏာရှင် အုပ်ချုပ်မှုလက်အောက်မှ လွတ်မြောက်ခဲ့သည့် အင်ဒိုနီးရှားတွင် ဝီဒိုဒို၏ လုပ်ဆောင်မှုများအပေါ် မေးခွန်းများ ထွက်ပေါ်ခဲ့သည်။
အင်ဒိုနီးရှား ရွေးကောက်ပွဲကို တွေ့ရစဉ်
ဝီဒိုဒို၏ သားအငယ်ဆုံး ကေဆန ပန်ဂါရက် (Kaesang Pangarep) သည် ပြီးခဲ့သည့်လက လူငယ်ပါတီတစ်ခုသို့ ဝင်ရောက်ခဲ့ပြီး ရက်ပိုင်းအကြာမှာပင် ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ထို့ပြင် ဝီဒိုဒို၏ သားမက်သည် မေဒန် (Medan) မြို့တော်ဝန် ဖြစ်သည်။
ဝီဒိုဒို၏ သားအကြီးဆုံး ဂျီဘရန် ရာကာဘူမင် ရာကာ (Gibran Rakabuming Raka) သည်လည်း ဆိုလို (Solo) မြို့တော်ဝန် ဖြစ်သည်။
ရာကာသည် လာမည့် ရွေးကောက်ပွဲတွင် ဒုတိယသမ္မတ နေရာအတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး သမ္မတနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့်် အင်ဒိုနီးရှား အထူးတပ်ဖွဲ့ တပ်မှူး ပရာဘိုဝို ဘင်ဘီယန်တို (Prabowo Subianto) ၏ အကြီးမားဆုံး ပြိုင်ဘက်တစ်ဦးအဖြစ် ယူဆခံထားရသည်။
ထို့ပြင် အင်ဒိုနီးရှားနိုင်ငံတွင် အာဏာကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းခဲ့သည့် မှတ်တမ်းများရှိခဲ့ဖူးသည်။
ဝီဒိုဒို၏ သားအငယ်ဆုံး ကေဆန ပန်ဂါရက်ကိုတွေ့ရစဉ်
အင်ဒိုနီးရှားတွင် အာဏာရှင် ဆူဟာတို (Suharto) အုပ်ချုပ်ခဲ့သည့် ၃၂ နှစ်တာ ကာလအတွင်း သူ့သမီး အကြီးဆုံး သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
အင်ဒိုနီးရှား၏ ပထမဆုံး သမ္မတ ဆူကာနို (Sukano) ၏ သမီးဖြစ်သူ မီဂါဝတီ ဆူကာနိုပူထရီ (Megawati Sukarnoputri) သည်လည်း လွှတ်တော်တွင်းရှိ အင်အားအကြီးဆုံး ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
မီဂါဝတီ၏ သမီးဖြစ်သူသည် အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ကမ္ဘာ့ တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားတွင် လာမည့်နှစ်၌ ပြုလုပ်မည့် ရွေးကောက်ပွဲမှာ ပရာဘိုဝို၊ ဗဟိုဂျာဗား (Central Java)ပြည်နယ် အုပ်ချုပ်ရေးမှူး ဂန်ဂျာ ပရာနိုဝို (Ganjar Pranowo)နှင့် ဂျကာ တာ အုပ်ချုပ်ရေးမှူးဟောင်း အန်နီးစ် ဘက်စ်ဝီဒန် (Anies Baswedan) တို့ အဓိကယှဉ်ပြိုင်မည်ဖြစ်သည်။
Source: ဘန်ကောက်ပို့စ်