CNI International News

ဝါဆော၊ ပိုလန် ၊အောက်တိုဘာ ၁၄

ပိုလန်နိုင်ငံ၏ ကွန်မြူနစ်စနစ်ကို ဆန့်ကျင်သည့် ပြည်သူများသည် ဒီမိုကရေစီအတွက် နောက်တကြိမ် တိုက်ပွဲ ဝင်နေရသည်ဟု ခံစားနေရကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေရသည်ဟု ခံစားနေရသူများထဲတွင် ၁၉၈၃ ခုနှစ်က ပိုလန်၏ ကွန်မြူနစ် ဆန့်ကျင်ရေး Solidarity လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဒါရီရုစ် စတိုလာ (Dariusz Stola) လည်း ပါဝင်နေပြီး ထိုအချိန်က သူ့အသက်သည် ၁၉ နှစ်အရွယ်သာ ရှိသေးသည်ဟု ဆိုသည်။

သူသည် ကွန်မြူနစ်အစိုးရ၏ ပြင်းထန်သည့် နိုင်ငံရေးနှင့်် ယဉ်ကျေးမှုအပေါ် ဖိနှိပ်မှုများကြောင့် စိုးရိမ်ထိတ်လန့် ခဲ့ရသည်ဟု စတိုလာက ပြောကြားခဲ့သည်။

ပိုလန်ပြည်သူတွေကို တွေ့ရစဉ်

လက်ရှိတွင် ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ဒီမိုကရေစီစနစ် ပျက်သုဉ်းသွားမည့်အရေးကို နောက်တစ်ကြိမ် စိုးရိမ်နေရကြောင်း ၎င်းက ပြောသည်။

ပိုလန်တွင် အောက်တိုဘာ ၁၅ ရက်၌ လွှတ်တော်ရွေးကောက်ပွဲကို ကျင်းပမည် ဖြစ်သည်။

"အတိတ်က ဖြစ်ရပ်တွေကို ကြုံတွေ့ ခံစားခဲ့ရပြီးပါပြီ။ ပိုလန်ကို ကွန်မြူနစ်တွေ အုပ်ချုပ်ခဲ့ချိန်က ဖြစ်စဉ်တွေကို ကျနော် မှတ်မိနေဆဲ ဖြစ်ပါတယ်" ဟု စတိုလာက ပြောကြားခဲ့သည်။

ပိုလန်တွင် လက်ရှိ ပေါ်ပြူလစ် အစိုးရ၏ လုပ်ဆောင်ချက်များသည် အတိတ်က ကွန်မြူနစ်များ၏ လုပ်ဆောင် ချက်များနှင့် တူညီနေကြောင်း၊ အထူးသဖြင့် ပိရိသည့် လိမ်ညာမှုများကို ဖြန့်နေခြင်း ဖြစ်သည်။

ပိုလန်နိုင်ငံရေးပါတီ ခေါင်းဆောင်တွေကို တွေ့ရစဉ်

နိုင်ငံရေးပြိုင်ဘက်များကို ဆန့်ကျင်သည့် ဝါဒဖြန့်မှုနှင့် ပြည်သူများ၏ အခွန်များကို အသုံးပြုပြီး မီဒီယာများအား ကြိုးကိုင်မှုတို့ ရှိခဲ့သည်ဟု စတိုလာက ပြောသည်။ 

၂၀၁၅ ခုနှစ်က အာဏာရလာခဲ့သည့် Law and Justice (PiS) ပါတီသည် ၎င်းတို့ကိုယ်ကိုယ် မျိုးချစ်စိတ် ပြင်းထန် သည့် ပါတီအဖြစ် ပုံဖော်ရန် ကြိုးပမ်းခဲ့ပြီး နိုင်ငံအတွင်း ကွန်ဆာဗေးတစ် အစွန်းရောက် သဘောထားများကို ပြသ ခဲ့သည်။

ထို့ကြောင့် ပြည်သူအများစုက ပိုလန်တွင် ကွန်မြူနစ်ဆန်သည့် အုပ်ချုပ်ပုံမျိုး နောက်တစ်ကြိမ် ပေါ်ထွက်လာ မည်ကို စိုးရိမ်နေကြသည်ဟု စတိုလာက ပြောသည်။

ပိုလန်သည် ဆိုဗီယက်ယူနီယံအဖွဲ့ဝင် မဟုတ်ခဲ့သော်လည်း ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၇ ခုနှစ်ကတည်းက ၁၉၈၉ ခုနှစ်အထိ ကွန်မြူနစ်အစိုးရ၏ အုပ်ချုပ်မှုအောက်သို့ ရောက်ရှိခဲ့သည်။

ထို့နောက် ၁၉၉၀ ပြည့်နှစ်တွင် သမ္မတရွေးကောက်ပွဲ ပြုလုပ်ခဲ့ပြီး ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းခဲ့ခြင်း ဖြစ်သည်။

Source: အေပီ