CNI International News
တဲလ်အဗစ်၊ အောက်တိုဘာ ၁၄
အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) သည် အစ္စရေးအစိုးရ ထိပ်သီး ခေါင်းဆောင် များနှင့်တွေ့ဆုံရန် တဲလ်အဗစ် (Tel Aviv) မြို့သို့ အောက်တိုဘာ ၁၃ ရက်တွင် ရောက်ရှိလာခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
အစ္စရေး-ဟားမာ့စ် စစ်ပွဲ၏ ပထမသီတင်းပတ်အတွင်း အစ္စရေးကို လျင်မြန်စွာ ထောက်ပံ့ပေးခဲ့သည့် အမေရိကန် ၏ လက်နက်များနှင့် လုံခြုံရေး အကူအညီများကို အော်စတင်က လေ့လာကြည့်ရှု သွားမည်ဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) သည် အစ္စရေးသို့ အောက်တိုဘာ ၁၀ ရက်က ရောက်ရှိခဲ့ပြီးနောက် အော်စတင်သည် နှစ်ရက်အတွင်း အစ္စရေးသို့ ရောက်ရှိလာခဲ့သည့် ထိပ်သီး အမေရိကန်အရာရှိတစ်ဦး ဖြစ်သည်။
အော်စတင်သည် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ် (Brussels) မြို့တွင် ပြုလုပ်သည့် နေတိုးကာကွယ်ရေးဝန်ကြီး များ အစည်းအဝေးကို တက်ရောက်ပြီးနောက် အစ္စရေးသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
အစ္စရေး ကာကွယ်ရေးဝန်ကြီးနဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်
ထို့နောက် အော်စတင်သည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu)၊ အစ္စရေး ကာကွယ်ရေးဝန်ကြီး ယိုအက်ဖ် ဂဲလန့် (Yoav Gallant) ၊ အစ္စရေးစစ်ပွဲ ကော်မတီ (War Cabinet) တို့နှင့် အစည်းအဝေး ပြုလုပ်မည်ဖြစ်သည်။
အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသတွင် မြေပြင် ထိုးစစ်မဆင်မီ ဂါဇာစီးတီးမြို့တွင် နေထိုင်သည့်် ဒေသခံ များကို ဘေးလွတ်ရာ ပြောင်းရွှေ့ရန် ညွှန်ကြားခဲ့ချိန်တွင် အော်စတင်သည် အစ္စရေးသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ဂါဇာဒေသကို အုပ်ချုပ်သည့် ဟားမာ့စ် လက်နက်ကိုင်များကမူ ပါလက်စတိုင်းများအနေဖြင့် မိမိအိမ် အတွင်းမှာပင် ဆက်လက် နေထိုင်ရန်နှင့် အစ္စရေးကို ခိုင်မာစွာ ဆန့်ကျင်ကြရန် တိုက်တွန်းခဲ့သည်။
အစ္စရေးလုံခြုံရေးတပ်ဖွဲ့က အရပ်သားတွေကို ရွှေ့ပြောင်းခိုင်းနေစဉ်
အော်စတင်သည် အစ္စရေးကာကွယ်ရေးဝန်ကြီး ဂဲလန့်နှင့် နေ့စဉ်နီးပါး ဖုန်းဆက်သွယ် ပြောဆိုခဲ့ပြီး အမေရိကန် သင်္ဘောများ၊ ထောက်လှမ်းရေး အကူအညီများနှင့် အခြားစစ်လက်နက် ပစ္စည်းများကို အရှေ့အလယ်ပိုင်းဒေသသို့ လျင်မြန်စွာ ပြောင်းရွှေ့ရန် ညွှန်ကြားခဲ့သည်။
အမေရိကန်၏ လေယာဉ်တင်သင်္ဘော USS Gerald R. Ford ဦးဆောင်သည့် တိုက်ခိုက်ရေး စစ်သင်္ဘောအုပ်စု သည် မြေထဲပင်လယ် အရှေ့ပိုင်းတွင် ဖြန့်ကြက်ထားပြီးဖြစ်ကာ ဒုတိယမြောက် လေယာဉ်တင် သင်္ဘော တစ်စင်း သည်လည်း အောက်တိုဘာ ၁၃ ရက်တွင် အမေရိကန်မှ အရှေ့အလယ်ပိုင်းဒေသသို့ ထွက်ခွာသွားခဲ့သည်။
Source: အေပီ