- By CNI
- Category: နိုင်ငံရေး
- Hits: 6624
CNI International News
ဟနွိုင်း၊ ဇွန်လ ၂၂
ရုရှားသမ္မတ ပူတင် (Vladimir Putin)သည် အနောက်နိုင်ငံများကို ဖီဆန်ကြောင်း ပြသသည့် အာရှခရီးစဉ်အတွင်း ဇွန်လ ၂၀ ရက်က ဗီယက်နမ်သို့ ရောက်ရှိခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ပူတင်က သူသည် အာရှ-ပစိဖိတ်ဒေသတွင် ယုံကြည်ရသည့် လုံခြုံရေးစနစ်တစ်ခု ထူထောင်လိုသော ဆန္ဒရှိ ကြောင်း ဗီယက်နမ်သို့ ရောက်ရှိချိန်၌ ပြောကြားခဲ့သည်။
ပူတင်သည် မြောက်ကိုရီးယားတွင် ကာကွယ်ရေး သဘောတူစာချုပ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဗီယက်နမ်သို့ ရောက်ရှိချိန်၌ စစ်တပ်အခမ်းအနားဖြင့် ကြိုဆိုဂုဏ်ပြုခံခဲ့ရသည်။
ထို့နောက် ဗီယက်နမ် ကွန်မြူနစ်ပါတီ ခေါင်းဆောင်များက ပူတင်ကို လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။
ဗီယက်နမ်သမ္မတကမူ ပူတင်သည် ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဖြစ်ပေါ်စေခဲ့ကြောင်း ပြောသည်။
ပူတင်ကို အပယ်ခံတစ်ဦးအဖြစ် ဆက်ဆံနေပြီး ယူကရိန်းစစ်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံတကာ စင်မြင့်ထက်သို့ မတက်သင့်ကြောင်း ဝေဖန်နေကြသည့် အနောက်နိုင်ငံများကမူ ပူတင်၏ မြောက်ကိုရီးယားနှင့် ဗီယက်နမ် ခရီးစဉ်ကို ဝေဖန်ခဲ့ကြသည်။

ဗီယက်နမ်သမ္မတနဲ့ ရုရှားသမ္မတ ပူတင်ကိုတွေ့ရစဉ်
ဗီယက်နမ်ခရီးစဉ်တွင် ရုရှားနှင့် ဗီယက်နမ်အကြား စွမ်းအင်ကဏ္ဍ အပါအဝင် သဘောတူစာချုပ်များ လက်မှတ် ရေးထိုးခဲ့သည်။
ရုရှားအနေဖြင့် အနောက်နိုင်ငံ၏ ပိတ်ဆို့မှုများ ချမှတ်ခံထားရချိန်၌ အာရှနိုင်ငံများနှင့် ဆက်ဆံရေးများကို တိုးမြှင့်နေကြောင်း ပြသရာရောက်ခဲ့သည်။
"ဗီယက်နမ်နဲ့ ပြည့်စုံကျယ်ပြန့်တဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင် ရေးဟာ ရုရှားနိုင်ငံခြားရေးမူဝါဒရဲ့ ဦးစားပေးကိစ္စတွေထဲမှာ တစ်ခု အပါအဝင် ဖြစ်နေတယ်ဆိုတာကို ပြသတာ ဖြစ်ပါတယ်" ဟု ပူတင်က ပြောကြားခဲ့သည်။
ထို့ပြင် ပူတင်သည် ၎င်း၏ ခရီးစဉ်ကို အဆုံးသတ်သည့်အနေဖြင့် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် နေတိုးအဖွဲ့သည် အာရှ၌ ရုရှားအတွက် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုကို ဖန်တီးနေကြောင်း စွပ်စွဲခဲ့သည်။
ဗီယက်နမ်နှင့် ချုပ်ဆိုခဲ့သည့် ကာကွယ်ရေး သဘောတူစာချုပ်သည် မြောက်ကိုရီးယားနှင့် ချုပ်ဆိုခဲ့သည့် ကာကွယ်ရေး သဘောတူ စာချုပ်ကဲ့သို့ ပြည့်စုံကျယ်ပြန့်မှု မရှိသော်လည်း ပူတင်သည် အာရှနိုင်ငံများနှင့် ဆက်ဆံရေေးကာင်းမွန်စွာ ရှိနေဆဲဖြစ်သည်ဆိုသည့်အချက်ကို ပြသရာရောက်ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1837
CNI International News
ဆိုးလ်၊ ဇွန်လ ၂၁
ရုရှားနိုင်ငံ သို့မဟုတ် မြောက်ကိုရီးယားနိုင်ငံ တစ်ခုခု ကျူးကျော်တိုက်ခိုက်ခံရချိန်တွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ အကြား ချက်ချင်း စစ်ရေးအကူအညီများ ထောက်ပံ့ပေးရန် နှစ်နိုင်ငံခြား သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ရုရှားသမ္မတ ပူတင် (Vladimir Putin) ၏ မြောက်ကိုရီးယား ခရီးစဉ်အတွင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) နှင့် ထိုသဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
ပူတင်သည် ဇွန်လ ၂၀ ရက်က မြောက်ကိုရီးယားမှ ဗီယက်နမ်သို့ ထွက်ခွာသွားပြီးနောက် နာရီပိုင်းအကြာတွင် မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက “ပြည့်စုံကျယ်ပြန်သည့် မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးစာချုပ်” ကို ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။

ပူတင်နဲ့ ကင်မ်ကို တွေ့ရစဉ်
ထိုစာချုပ်သည် ၁၉၆၀ ပြည့်နှစ် ကာလများက ချုပ်ဆိုခဲ့သည့် ကာကွယ်ရေး သဘောတူညီမှုကို ပြန်လည် အသက်သွင်းမှု ဖြစ်ခဲ့သည်။
ဇွန်လ ၁၉ ရက်က လက်မှတ်ရေးထိုးခဲ့သည့် ထိုစာချုပ်တွင် နှစ်နိုင်ငံအကြား နျူကလီးယားစွမ်းအင်၊ အာကာသ စူးစမ်းလေ့လာရေး၊ အစားအစာနှင့် စွမ်းအင်လုံခြုံရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ ပါဝင်သည်။
ထိုစာချုပ်သည် နှစ်အနည်းငယ်အတွင်း အာရှတွင် ရုရှား၏ အကြီးမားဆုံး လှုပ်ရှားမှုများထဲ၌ တစ်ခု အပါအဝင် ဖြစ်ခဲ့သည်။
ပူတင်သည် ပြီးခဲ့သည့်လအတွင်းက သမ္မတရာထူးကို ပဉ္စမသက်တမ်းအတွက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီးနောက် မကြာမီ အချိန်အတွင်းမှာပင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။
“မြောက်ကိုရီးယားနဲ့ ရုရှား နှစ်နိုင်ငံကို တခြားတစ်နိုင်ငံက စစ်ရေးအရ ကျူးကျော်ဝင်ရောက် တိုက်ခိုက်မှု လုပ်တာ ခံရမယ်ဆိုရင် ကုလသမဂ္ဂ ပဋိဉာဉ်ရဲ့ အပိုဒ်ခွဲ ၅၁ ၊ ရုရှား၊ မြောက်ကိုရီးယားတို့ရဲ့ ဥပဒေတွေနဲ့အညီ နောက်တစ် နိုင်ငံက စစ်ရေးအကူအညီတွေကို ချက်ချင်းထောက်ပံ့ပေးသွားမှာပါ” ဟု မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။

ပူတင်နဲ့ ကင်မ်ကို တွေ့ရစဉ်
ကုလသမဂ္ဂ ပဋိဉာဉ်၏ အပိုဒ်ခွဲ ၅၁ တွင် ကုလအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ အခွင့်အရေးအတွက် ကျန်သည့် အဖွဲ့ဝင် နိုင်ငံ သို့မဟုတ် အဖွဲ့ဝင်နိုင်ငံများက စုပေါင်းကာကွယ် ပေးခွင့်ရှိသည်ဟု ဖော်ပြထားသည်။
ကင်မ်ကလည်း အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ဗိုလ်ကျစိုးမိုးရေး မူဝါဒများကို တုန့်ပြန်ရာတွင် ရုရှားနှင့် ဆက်ဆံရေးများ ပိုမိုနီးစပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ယခုလက်မှတ် ရေးထိုးခဲ့သည့် သဘောတူစာချုပ်သည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်ဖြစ်ပွားခဲ့သည့် ယူကရိန်း-ရုရှား စစ်ပွဲအပေါ် မည်သို့မည်ပုံ သက်ရောက်မှု ရှိမည်ဆိုခြင်းကိုမူ ရှင်းလင်းစွာ မသိရပေ။
အမေရိကန်နှင့် တောင်ကိုရီးယားကမူ မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲတွင် ရုရှားကို လက်နက်များ ထောက်ပံ့ပေးနေပြီး ရုရှားထံမှ နည်းပညာ အကူအညီများ ရယူနေသည်ဟု စွပ်စွဲခဲ့ပြီး ရုရှားနှင့် မြောက်ကိုရီးယား တို့ကမူ ထိုစွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 3556
CNI International News
နယူးဒေလီ၊ ဇွန်လ ၂၁
အိန္ဒိယနိုင်ငံတွင် ဇွန်လ ၂၀ ရက်က ဒလိုင်းလားမား (Dalai Lama) နှင့် တွေ့ဆုံခဲ့သည့် အမေရိကန်လွှတ်တော် ကိုယ်စားလှယ် အဖွဲ့ထဲတွင်ပါဝင်သော အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီ ပယ်လိုစီ (Nancy Peolsi)မှ တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ကို ဝေဖန်တိုက်ခိုက်ခဲ့ကြောင်း Economic Times မှ ဖော်ပြခဲ့သည်။
တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား၏ အမွေအနှစ်သည် ထာဝရတည်တံ့ ခိုင်မြဲမည်ဖြစ်ပြီး တရုတ်သမ္မတ ရှီသည် နှစ်အနည်းငယ်အတွင်း ပျောက်ကွယ် သွားလိမ့်မည်ဖြစ်ကြောင်း ပယ်လိုစီက ပြောကြားခဲ့သည်။
အိန္ဒိယသို့ ၂ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိခဲ့သည့် နန်စီပယ်လိုစီက ရှီကို မည်သူကမျှ မည်သည့် အကြောင်းနှင့် မျှ ချီးကျူးလိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဒလိုင်းလားမားနဲ့ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကို တွေ့ရစဉ်
“မြင့်မြတ်တဲ့ ဒလိုင်းလာမားဟာ ဗဟုသုတ၊ ရိုးရာအစဉ်အလာ၊ မေတ္တာဂရုဏာ၊ သန့်ရှင်းတဲ့ စိတ်ဝိဉာဉ်နဲ့ ချစ်ခြင်း တရားတွေနဲ့အတူ သူ့ရဲ့ အမွေအနှစ်ဟာ ထာဝရတည်ရှိနေပါလိမ့်မယ်။ ဒါပေမယ့် တရုတ်သမ္မတကြီးရေ၊ သင့်ကို ဘယ်သူကမှ ဘာအကြောင်းနဲ့မှ ချီးကျူးမှာ မဟုတ်ပါဘူး” ဟု နန်စီပယ်လိုစီက ပြောကြားခဲ့သည်။
ထို့ပြင် နန်စီပယ်လိုစီက တရုတ်ကို ဆန့်ကျင်သည့် ၎င်း၏ မှတ်ချက်စကားကို ဒလိုင်းလားမားက ထောက်ခံ လိမ့်မည် မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။
“ကျမ တရုတ်အစိုးရကို ဝေဖန်ချိန်မှာ သူ (ဒလိုင်းလားမား) က အခုလို ပြောပါတယ်။ နန်စီရဲ့ အပျက်သဘော ဆောင်တဲ့ သဘောထားတွေအတွက် အပြစ်တွေကို ပြေပျောက်စေဖို့ ဆုတောင်းပေးကြစို့ဆိုပြီး သူက ပြောပါ တယ်” ဟု နန်စီပယ်လိုစီက ဒါရမ်ရှာလာ (Dharamshala) မြို့ရှိ Tsuglagkhang ဘုန်းကြီးကျောင်းတွင် မိန့်ခွန်း ပြောကြားခဲ့သည်။

ဘိုင်ဒန်နဲ့ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
အမေရိကန် လွှတ်တော်ကိုယ်စားလှယ် အဖွဲ့သည် ဇွန်လ ၁၈ ရက်က အိန္ဒိယသို့ ရောက်ရှိခဲ့ပြီး ထိုနေ့မှာပင် ဟီမာချယ်လ် ပရာဒေ့ရှ် (Himachal Pradesh) ပြည်နယ်၏ ကန်ဂရာ (Kangra) လေဆိပ်တွင် ဗဟိုတိဘက် အစိုးရအဖွဲ့၏ အရာရှိများက ကြိုဆိုခဲ့ကြသည်။
ပြီးခဲ့သည့် သီတင်းပတ်တွင် အမေရိကန်လွှတ်တော်သည် တိဘက်နှင့် တရုတ်အကြား ငြိမ်းချမ်းသည့် အဖြေတစ်ခု ရရှိရန် မျှော်လင့်ချက်ဖြင့် ဒလိုင်းလားမားနှင့် တရုတ်အရာရှိများ ဆွေးနွေးပွဲများ ဖြစ်မြောက်စေရန် ရည်ရွယ်ထား သည့် ဥပဒေမူကြမ်းကို အတည်ပြုခဲ့သည်။
Tibet-China Dispute Act သို့မဟုတ် Resolve Tibet Act ဟု လူသိများသည့် ထိုဥပဒေမူကြမ်းကို ဥပဒေအဖြစ် အာဏာတည်စေရန် လက်မှတ်ရေးထိုးရေးအတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ထံ ပေးပို့ထား ကြောင်း သိရသည်။
Source Economic Times
- By CNI
- Category: နိုင်ငံရေး
- Hits: 4470
CNI International News
ကွာလာလမ်ပူ၊ ဇွန်လ ၂၀
မလေးရှားနိုင်ငံသည် BRICS အဖွဲ့အတွင်းသို့ ဝင်ရန် ပြင်ဆင်နေသည်ဟု ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်(Anwar Ibrahim)က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
BRICS အဖွဲ့ကို စတင်ဖွဲ့စည်းသည့် နိုင်ငံများမှာ ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတို့ ပါဝင် သည်။
ထိုနိုင်ငံများ၏ ရှေ့စာလုံး အမည်များကို ယူကာ အဖွဲ့အစည်းအမည် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
အနောက်အင်အားကြီးနိုင်ငံများက လွှမ်းမိုးထားသည့် ကမ္ဘာ့အခင်းအကျင်းကို စိန်ခေါ်ရန်အတွက် ပြီးခဲ့သည့် နှစ်တွင် BRICS က အဖွဲ့ဝင်အင်အားကို ချဲ့ထွင်ခဲ့သည်။
ထို့နောက် ဆော်ဒီအာရေဗျ၊ အီရန်၊ အီသီယိုပီးယား၊ အီဂျစ်၊ အာဂျင်တီးနားနှင့် ယူအေအီးတို့ ပူးပေါင်းပါဝင်လာခဲ့ ကာ အဖွဲ့ဝင်ဖြစ်ရန် ဆန္ဒရှိသည့် နိုင်ငံပေါင်း ၄၀ ကျော်ရှိသည်။

မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကို တွေ့ရစဉ်
“ကျနော်တို့ ဆုံးဖြတ်ချက် ချပြီးပါပြီ။ မကြာခင်မှာ တရားဝင် လုပ်ထုံးလုပ်နည်းတွေ လုပ်ဆောင်သွားမှာပါ။ ကျနော်တို့တွေ တောင်အာဖရိက အစိုးရဆီက နောက်ဆုံးရလဒ်ကို စောင့်ဆိုင်းနေပါတယ်” ဟု အန်ဝါက တရုတ်၏ Guancha မီဒီယာနှင့် ဇွန်လ ၁၆ ရက်က ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
အန်ဝါ၏ မှတ်ချက်စကားကို မလေးရှားဝန်ကြီးချုပ်ရုံးက ကိုယ်စားလှယ်တစ်ဦးက အတည်ပြုခဲ့သော်လည်း အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
ယခုသီတင်းပတ်အတွင်း တရုတ်ဝန်ကြီးချုပ် လီချင် (Li Qiang) သည် မလေးရှားသို့ လာရောက်မည့် ၃ ရက်ကြာ ခရီးစဉ်မတိုင်မီ အန်ဝါ၏ မှတ်ချက်စကားများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
လီချင်သည် မလေးရှားနှင့် တရုတ်အကြား သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ်ပေါင်း ၅၀ ပြည့်နှစ် အထိန်းအမှတ်အဖြစ် မလေးရှားသို့ လာရောက်မည်ဖြစ်သည်။

တရုတ်ဝန်ကြီးချုပ် လီချင်နဲ့ မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကို တွေ့ရစဉ်
ထိုခရီးစဉ်အတွင်း မလေးရှားနှင့် တရုတ်သည် ၅ နှစ် သက်တမ်းရှိသည့် ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက်ကို သက်တမ်းတိုးမှု အပါအဝင် သဘောတူညီချက်အချို့ လက်မှတ်ရေးထိုး ဖွယ်ရှိသည်။
မလေးရှားနိုင်ငံနည်းတူ အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံတို့ကလည်း BRICS အဖွဲ့ထဲ ဝင်ရောက်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ခဲ့ကြပြီး ဗီယက်နမ်နိုင်ငံကမူ ၎င်းတို့ သည် BRICS အဖွဲ့ဝင် အင်အားတိုးချဲ့သည့် လုပ်ငန်းစဉ်ကို အနီးကပ် စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။
အင်ဒိုနီးရှားသမ္မတဟောင်း ဂျိုကို ဝီဒိုဒို (Joko Widodo) ကလည်း ပြီးခဲ့သည့်နှစ် ဩဂုတ်လက BRICS ညီလာခံကို တက်ရောက်ခဲ့ပြီးနောက် BRICS အဖွဲ့သို့ ဝင်ရောက်ရန် စဉ်းစားသုံးသပ်နေကြောင်း ပြောကြားခဲ့သည်။
Source: Reuter
- By CNI
- Category: နိုင်ငံရေး
- Hits: 4777
CNI International News
ဂျေရုဆလင်၊ ဇွန်လ ၂၀
အမေရိကန်သည့် အစ္စရေးကို လက်နက်များဖြန့်ချိပေးရန် ခွင့်ပြုခြင်းမရှိဘဲ ပိတ်ပင်ထားသဖြင့် ဂါဇာတောင်ပိုင်း ရာဖာ (Rafah) မြို့တွင် အစ္စရေး၏ ထိုးစစ်ကို နှေးကွေးစေခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) က ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ဂါဇာတွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အရပ်သားများ သေဆုံးမှု မြင့်တက်လာသည့် အခြေအနေကို စိုးရိမ်သဖြင့် မေလကတည်းကစပြီး အစ္စရေးအား ကြီးမားသည့်ဗုံးများ ဖြန့်ချိ မပေးတော့ဘဲ အချိန်ဆွဲခဲ့သည်။
အမေရိကန်အစိုးရအဖွဲ့သည် ရာဖာစစ်ဆင်ရေးတွင် အစ္စရေးစစ်သားများက သတ်မှတ်ထားသည့် မူဘောင်ကို ကျော်လွန် လုပ်ဆောင်ခဲ့သည်ဆိုသော သတင်းများနှင့်ပတ်သက်ပြီး မှတ်ချက်မပေးသေးဘဲ ထိုအခြေအနေအရ အမေရိကန်သည် အစ္စရေးကို လက်နက်ပေးပို့မှုများ တားမြစ်ဖွယ်ရှိလာနိုင်သည်။

နေတန်ယာဟုနဲ့ ဘလင်ကင်ကို တွေ့ရစဉ်
ဇွန်လ ၁၉ ရက်က ထွက်ရှိလာသည့် ဗွီဒီယိုထဲတွင် နေတန်ယာဟုသည် လက်နက်များ ဖြန့်ချိမှုကို ခွင့်မပြုသည့် ကိစ္စနှင့်ပတ်သက်ပြီး ဘိုင်ဒင်ကို ဝေဖန်သော စကားများကို ကင်မရာကို တည့်တည့်ကြည့်ပြီး အင်္ဂလိပ်ဘာသာ စကားဖြင့် ပြောကြားခဲ့သည်။
“ပြီးခဲ့တဲ့ လအနည်းငယ်က အမေရိကန်အစိုးရဟာ အစ္စရေးကို လက်နက်တွေ၊ ခဲယမ်းတွေ ပေးပို့ဖို့ ခွင့်မပြုခဲ့တာ ဟာ မယုံကြည်နိုင်စရာပါပဲ။ ကျနော်တို့ကို အဲဒီလက်နက်တွေပေးပါ။ အဲဒါမှ အလုပ်ကို အမြန်ဆုံး အပြီးသတ် လုပ်ဆောင်နိုင်မှာပါ” ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။
ထို့ပြင် မကြာသေးမီက အစ္စရေးသို့ လာရောက်ခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် (Antony Blinken) သည်လည်း လက်နက်များပေးပို့မှု နှောင့်နှေးကြန့်ကြာစေရန် မနားမနေ လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဘိုင်ဒန်ကို တွေ့ရစဉ်
မည်သို့ပင်ဆိုစေ ဘလင်ကင်ကမူ မေလကတည်းက ထောက်ပံ့မှုရပ်နားခဲ့သည့် လက်နက်များသည် အရွယ်အစားကြီးမားသည့် ဗုံးများသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
“သင်တို့သိတဲ့အတိုင်း ကျနော်တို့ဟာ ပေါင် ၂၀၀၀ အလေးချိန်ရှိတဲ့ ဗုံးတွေနဲ့ ပတ်သက်ပြီး သမ္မတ ဘိုင်ဒန်ရဲ့ ပြောကြားချက်တွေကို ပြန်လည်စိစ စ်သုံးသပ်မှုတွေ ပြုလုပ်နေပါတယ်။ ဘာလို့လဲဆိုတော့ ရာဖာမြို့လို လူဦးရေ သိပ်သည်းတဲ့ နေရာတွေမှာ အဲဒီဗုံးတွေကို အသုံးပြုမှာကို စိုးရိမ်လို့ပါပဲ” ဟု ဘလင်ကင်က အမေရိကန် နိုင်ငံခြား ရေးဝန်ကြီးဌာနတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
နေတန်ယာဟု၏ ပြောဆိုမှုများနှင့် ပတ်သက်ပြီး အိမ်ဖြူတော် သတင်းပြန်ကြားရေးအရာရှိ ကာရင်း ယန်း ပီရာရီ (Karine Jean-Pierre) က တုန့်ပြန်ခဲ့ရာတွင် “သူ (နေတန်ယာဟု) ဘာတွေပြောခဲ့လဲဆိုတာ ကျမတို့ မသိပါဘူး” ဟု ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 2206
CNI International News
ဒါရမ်ရှာလာ၊ ဇွန်လ ၂၀
အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် ၁၉၅၉ ခုနှစ်က တရုတ်၏ အုပ်ချုပ်မှုကို ဆန့်ကျင်သည့် အောင်မြင်ခဲ့ခြင်း မရှိသော ဆူပူအုံကြွမှုအပြီးတွင် တိဘက်မှ ထွက်ပြေးလာခဲ့ပြီး ဒါရမ်ရှာလာမြို့တွင် နေထိုင်လျက်ရှိသည့် တိဘက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမား (Dalai Lama) နှင့် တွေ့ဆုံခဲ့ရာ တရုတ်က ဒေါသထွက် နေသည်။
အမေရိကန် အောက်လွှတ်တော်အမတ် မိုက်ကယ် မက်ကူးလ် (Michael McCaul) နှင့် အောက်လွှတ်တော်ဥက္ကဋ္ဌ ဟောင်း နန်စီ ပယ်လိုစီ (Nancy Pelosi) တို့ ဦးဆောင်သည့် ပါတီနှစ်ရပ်ပေါင်း လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ သည် အိန္ဒိယနိုင်ငံ၊ ဒါရမ်ရှာလာ (Dharamshala) မြို့သို့ ဇွန် ၁၈ ရက်က ရောက်ရှိလာခဲ့သည်ဟု latestly သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
အဆိုပါ အမေရိကန် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၁၉ ရက်တွင် ဒါရမ်ရှာလာမြို့ရှိ ဗဟို တိဘက် အုပ်ချုပ်ရေးအဖွဲ့ (CTA) ဟု လူသိများသည့် အဝေးရောက် တိဘက်လွှတ်တော်သို့ သွားရောက်ခဲ့သည်။

တိဘက်လူမျိုးများကိုတွေ့ရစဉ်
ထို့ပြင် အမေရိကန်လွှတ်တော် ကိုယ်စားလှယ်များသည် တိဘက်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လိုလားသည့် အဝေးရောက် တိဘက်အစိုးရအဖွဲ့မှ အရာရှိများနှင့်လည်း တွေ့ဆုံခဲ့သည်။
တရုတ်ကမူ ထိုအဝေးရောက် တိဘက်အစိုးရကို အသိအမှတ်ပြုခြင်း မရှိဘဲ ၂၀၁၀ ပြည့်နှစ်မှစပြီး ဒလိုင်းလားမား ၏ ကိုယ်စားလှယ်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းမရှိပေ။
ဒလိုင်းလားမား၏ နေအိမ်တွင် တွေ့ဆုံမှုများ ပြုလုပ်ပြီးနောက် အမေရိကန် လွှတ်တော်အမတ် ၇ ဦးသည် အသက် ၈၈ နှစ်အရွယ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒလိုင်းလားမား၏ နေအိမ်အပြင်ဘက်တွင် စုရုံးနေသူများကို မိန့်ခွန်း ပြောကြားခဲ့သည်။
၎င်းတို့၏ ခရီးစဉ်သည် ပြီးခဲ့သည့် သီတင်းပတ်တွင် အမေရိကန်လွှတ်တော်က အတည်ပြုခဲ့သည့် Resolve Tibet Act ဥပဒေမူကြမ်းကို အလေးထား ဖော်ပြရန်ဖြစ်ကြောင်း၊ တိဘက်နှင့် တရုတ်အကြား ငြိမ်းချမ်းသည့် အဖြေတစ်ခု ရရှိရန် မျှော်လင့်ချက်ဖြင့် ဒလိုင်းလားမားနှင့် တရုတ်အရာရှိများ ဆွေးနွေးပွဲများ ဖြစ်မြောက်စေရန် ရည်ရွယ် ကြောင်း ပြောကြားခဲ့သည်။

အမေရိကန် အောက်လွှတ်တော်အမတ် မိုက်ကယ် မက်ကူးလ်ကို တွေ့ရစဉ်
ထိုဥပဒေမူကြမ်းကို ဥပဒေအဖြစ် အာဏာတည်စေရန်အတွက် သမ္မတဂျိုးဘိုင်ဒန် (Joe Biden) ထံ ပေးပို့ရန် စီစဉ်ထားကြောင်း လွှတ်တော်အမတ်များက ပြောကြားခဲ့သည်။
ထိုဥပဒေမူကြမ်းသည် တိဘက်၏ လွတ်လပ်ရေးနှင့်ပတ်သက်ပြီး မိမိတို့၏ အတွေးအမြင်ကို ရှင်းလင်းတိကျစွာ ဖော်ပြထားသည့် အမှာစကားကို တရုတ်အစိုးရထံ ပေးပို့သည့် အဓိပ္ပာယ်သက်ရောက်သည်ဟု နန်စီ ပယ်လိုစီက ပြောကြားခဲ့သည်။
ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် မက်ကူးလ်ကလည်း အမေရိကန်သည် မိမိအနာဂတ်ကို မိမိကိုယ်တိုင် ဆုံးဖြတ်ခွင့်ရှိသည့် တိဘက်၏ အခွင့်အရေးကို ထောက်ခံ ကြောင်း ထပ်လောင်း အတည်ပြုခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 2928
CNI International News
မနီလာ၊ ဇွန်လ ၂၀
တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်သင်္ဘောတစ်စင်းသည် တရုတ်၏ ရေပြင်များအတွင်း တရားမဝင် ဝင်ရောက် ခဲ့ပြီး တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏ သင်္ဘောတစ်စင်းကို ဝင်တိုက်ခဲ့ကြောင်း ပြောကြားခဲ့သည့် တရုတ်၏ စွပ်စွဲ ချက်ကို ဖိလစ်ပိုင်က ငြင်းဆိုခဲ့ကြောင်း dailyhunt သတင်းဝက်ဘ်ဆိုက်၌ ဖော်ပြခဲ့သည်။
တရုတ်၏ စွပ်စွဲချက်များသည် လှည့်စားရာရောက်ပြီး အထင်အမြင် လွဲမှားစေကြောင်း ဖိလစ်ပိုင် လက်နက်ကိုင် တပ်ဖွဲ့၏ ပြည်သူ့ရေးရာရုံးမှ အရာရှိ ဗိုလ်မှူးကြီး ဇာဇီ ထရီနီဒက် (Xerxes Trinidad) က ပြောကြားခဲ့သည်။
ဖိလစ်ပိုင်စစ်တပ်အနေဖြင့် မိမိတို့၏ အထူးစီးပွားရေးဇုန် အတွင်းတွင်ရှိသည့် အယွန်ဂျင် သောင်ခုံ ( Ayungin Shoal ) အနီးတွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာနှင့် ထောက်ပို့မစ်ရှင်များနှင့် ပတ်သက်သည့် လုပ်ငန်းများ၏ အသေးစိတ်ကို ဆွေးနွေးမည် မဟုတ်ကြောင်း ထရီနီဒက်က ပြောသည်။
ထို့ပြင် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏ လှည့်စားပြီး အထင်အမြင်လွဲမှားစေသည့် ပြောဆိုချက်များကို မိမိတို့က အသိအမှတ် မပြုကြောင်းနှင့် ဖိလစ်ပိုင်၏ အထူးစီးပွားရေးဇုန်အတွင်း တရုတ်သင်္ဘောများ ဝင်ရောက်မှုသည် ဖိလစ်ပိုင်၏ အချုပ်အခြာ အာဏာပိုင်အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ၎င်းက ထပ်လောင်း ပြောဆိုခဲ့ သည်။

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ကိုတွေ့ရစဉ်
ဖိလစ်ပိုင်သင်္ဘောတစ်စင်းသည် ရန်အိုင်ကျောက်တန်း ( Ren'ai Reef) ဟု တရုတ်က အမည်ပေးထားသည့် အယွန်ဂျင်သောင်ခုံအနီးရှိ ရေပြင်များအတွင်းသို့ ဇွန်လ ၁၇ ရက်က တရားမဝင် ဝင်ရောက်ခဲ့သဖြင့် သင့်လျှော် သည့် လုပ်ဆောင်ချက်များဖြင့် မောင်းထုတ်ခဲ့ရကြောင်း တရုတ်က ပြောကြားခဲ့ပြီးနောက် ဖိလစ်ပိုင်စစ်တပ်၏ ထုတ်ပြန်ချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
အယွန်ဂျင်သောင်ခုံသည် တောင်တရုတ်ပင်လယ်အတွင်းရှိ စပရက်တလေ ကျွန်းစု (Spratlys Islands) တွင် ပါရှိသည့် ရေတစ်ဝက်မြှုပ်နေသည့် ကျောက်တန်းတစ်ခုဖြစ်သည်။
ထိုနေရာအနီး၌ ဖိလစ်ပိုင်စစ်တပ်က ၁၉၉၉ ခုနှစ်ကတည်းက BRP Sierra Madre အမည်ရှိ သင်္ဘောအပျက် တစ်စီးကို ကျောက်ချရပ်နားထားကာ ထိုသင်္ဘောပေါ်တွင် စစ်သားအချို့ကို ဖြန့်ကြက်ချထားခဲ့သည်။
မေလအစောပိုင်းကလည်း တောင်တရုတ်ပင်လယ်တွင် ကင်းလှည့်နေသည့် ဖိလစ်ပိုင်သင်္ဘောနှစ်စင်းကို တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့က မီးသတ်ပိုက်ဖြင့် ထိုးခဲ့သဖြင့် ဖိလစ်ပိုင်က တရုတ်သံတမန်ကို ဆင့်ခေါ်ကာ စောဒက တက်ခဲ့သည်။
ထို့ပြင် တရုတ်၏ လုပ်ဆောင်ချက်သည် အနှောင့်အယှက် ပေးခြင်းဖြစ်ပြီး အန္တရာယ်များသည် လုပ်ရပ်ဖြစ်ကြောင်း ဖိလစ်ပိုင်က စွပ်စွဲခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
Source: dailyhunt
- By CNI
- Category: နိုင်ငံရေး
- Hits: 2410
CNI International News
ဆိုးလ်၊ ဇွန်လ ၁၉
ရုရှားနှင့် မြောက်ကိုရီးယားသည် အမေရိကန်က ဦးဆောင်ချမှတ်ခဲ့သည့် ပိတ်ဆို့မှုများကို ကျော်လွှားရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများအား မြှင့်တင်လိုကြောင်း ပြောကြားခဲ့ပြီးနောက် ရုရှားသမ္မတ ပူတင် (Vladimir Putin) သည် ဇွန်လ ၁၈ ရက် အစောပိုင်းက မြောက်ကိုရီးယားသို့ ရောက်ရှိခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ပူတင်သည် ပြုံယမ်း (Pyongyang) မြို့တော်လေဆိပ်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) နှင့်တွေ့ဆုံခဲ့ပြီး လက်ဆွဲနှုတ်ဆက်ခြင်း၊ ပွေ့ဖက်ခြင်းတို့ ပြုလုပ်ခဲ့ကာ ကင်မ်က ပူတင်ကို သူ့ကားဆီ ခေါ်ဆောင်သွားခဲ့သည်။
ထို့နောက် ပြုံယမ်းမြို့တော်ရှိ Kumsusan နိုင်ငံတော်ဧည့်ဂေဟာသို့ သွားရောက်ခဲ့ကြသည်ဟု မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းအေဂျင်စီမှ ဖော်ပြခဲ့သည်။
၎င်းတို့နှစ်ဦး၏ တွေ့ဆုံမှုသည် နှစ်နိုင်ငံအကြား ပြိုင်ဘက်ကင်းပြီး တာရှည်ခံသည့် ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံး ညီညွတ်မှုကို ပြသရာရောက်သော သမိုင်းဝင် ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း KCNA က ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံအတွင်းမှာ ပူတင်ရဲ့ ပုံကိုချိတ်ဆွဲထားစဉ်
၂၄ နှစ်အတွင်း မြောက်ကိုရီးယားသို့ ပထမဆုံးအကြိမ်အဖြစ် လာရောက်ခဲ့သည့် ပူတင်က ယူကရိန်းစစ်ပွဲတွင် ရုရှားစစ်တပ်၏ လုပ်ဆောင်ချက်များကို ခိုင်မာစွာထောက်ခံပေးသော မြောက်ကိုရီးယားကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု ပြောကြားခဲ့သည်။
ရုရှားနှင့် မြောက်ကိုရီးယားသည် တရားမျှတမှု၊ အချုပ်အခြာအာဏာကို အပြန်အလှန် လေးစားမှုနှင့် တစ်ဦး၏ အကျိုးကို တစ်ဦးက ရှေးရှုမှုတို့အပေါ် အခြေခံသည့် ဝင်ရိုးစုံကမ္ဘာ ထူထောင်ရေးကို ဟန့်တားလိုသော အနောက်အုပ်စုကို ပြတ်သားစွာ ဆက်လက် ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ပူတင်က ပြောသည်။
မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲအတွင်း ရုရှားကို လက်နက်ခဲယမ်းများ ထောက်ပံ့ပေးနေပြီး အပြန်အလှန် အနေဖြင့် ရုရှားထံမှ နည်းပညာနှင့် စီးပွားရေးအကူအညီများ ရယူနေကြောင်း စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် ပူတင်၏ မြောက်ကိုရီးယားခရီးစဉ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ပူတင်နဲ့ကင်မ်ကိုတွေ့ရစဉ်
မြောက်ကိုရီးယား၏မြို့တော် ပြုံယမ်းရှိ လမ်းများပေါ်၌ ပူတင်၏ ဓာတ်ပုံများနှင့် ရုရှားအလံများကို အလှဆင် ထားပြီး အဆောက်အအုံ တစ်ခုပေါ်တွင် "ရုရှားဖက်ဒရေးရှင်း သမ္မတကို ကျနော်တို့ နွေးထွေးစွာ ကြိုဆိုပါသည်" ဟု ရေးသားထားသည့် စာတမ်းကို ချိတ်ဆွဲဖော်ပြခဲ့သည်။
ရုရှားနှင့် မြောက်ကိုရီးယားသည် အနောက်နိုင်ငံများက ထိန်းချုပ်ထားခြင်း မရှိသည့် ကုန်သွယ်ရေးနှင့် ငွေပေး ချေမှုစနစ်များကို လုပ်ဆောင်သွားမည်ဖြစ်ပြီး အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများအား ပူးပေါင်းဆန့်ကျင်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယားနှင့် ဒုံးကျည်စီမံကိန်းများကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပိတ်ဆို့မှုများ ချမှတ်ခံထားရပြီး ရုရှားသည် ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်မှုကြောင့် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များ၏ ပိတ်ဆို့မှုများ ချမှတ်ခံထားရသည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 8460
CNI International News
ဘန်ကောက်၊ ဇွန်လ ၁၉
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် ဇွန်လ ၁၈ ရက်က တော်ဝင်မိသားစုအား အသရေဖျက်သည့် စွဲချက်ဖြင့် စွပ်စွဲပြစ်တင်ခံခဲ့ရသော်လည်း အာမခံရရှိခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
သက်ဆင်သည် လွန်ခဲ့သည့် ၁၈ လက အာဏာသိမ်းခံရပြီးနောက်ပိုင်း ရာထူးမှ ဖယ်ရှားခံခဲ့ရသည့်တိုင် လက်ရှိ အာဏာရအစိုးရအဖွဲ့ကို ဦးဆောင်သည့် ဖြူးထိုင်းပါတီ၏ နောက်ကွယ်တွင် တရားမဝင် လုပ်ပိုင်ခွင့်အာဏာ ရရှိ ထားသည်ဟု သုံးသပ်မှုများ ထွက်ပေါ်နေသည်။
သက်ဆင်သည် ဇွန်လ ၁၈ ရက်တွင် အစိုးရရှေ့နေများထံသို့ လာရောက်ပြီး စွပ်စွဲပြစ်တင်ခံခဲ့သည်ဟု ထိုင်းအစိုးရ ရှေ့နေချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူ ပရာယွတ် ဘိုင်ရာဂူနာ (Prayuth Beijahuna) က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
သက်ဆင်၏ ညီမဖြစ်သူ ယင်းလပ် ရှင်နာဝပ် (Yingluck Shinawatra) ဦးဆောင်သည့် အစိုးရအဖွဲ့ကို ဖြုတ်ချခဲ့ သော ဘုရင်စနစ်သစ္စာခံ စစ်တပ်က ၂၀၁၅ ခုနှစ်တွင် ပြည်ပမီဒီယာတစ်ခုနှင့် အင်တာဗျူး ပြုလုပ်ချိန်အတွင်း သက်ဆင်၏ မှတ်ချက်စကားများနှင့်ပတ်သက်ပြီး တိုင်ကြားစာ တင်ခဲ့ခြင်းဖြစ်သည်။

ထိုင်းဘုရင် ဓာတ်ပုံကို ကိုင်ထားစဉ်
သက်ဆင်ကို တရားစွဲဆိုထားသည့် အခြားစွဲချက်များတွင် ကွန်ပျူတာ ရာဇဝတ်မှုဥပဒေကို ချိုးဖောက်သော စွဲချက်များလည်း ပါဝင်ခဲ့သည်။
သက်ဆင်သည် ဖြူးထိုင်းပါတီကို ထူထောင်ခဲ့သူဖြစ်ပြီး ၎င်းတို့မိသားစုသည် ၂၀၀၁ ခုနှစ်ကတည်းက ရွေးကောက်ပွဲတစ်ပွဲမှလွဲပြီး ကျန်ရွေးကောက်ပွဲ အားလုံးတွင် အနိုင်ရခဲ့သည်။
သို့သော် သက်ဆင် မိသားစု၏ အစိုးရအဖွဲ့ ၃ ဖွဲ့သည် အာဏာသိမ်းခံရမှု သို့မဟုတ် တရားရုံး ဆုံးဖြတ်ချက်များ ကြောင့် ဖြုတ်ချခံခဲ့ရသည်။
သက်ဆင်၏ နောက်ထပ် ရှေ့နေတစ်ဦးဖြစ်သူ ဝင်ယတ် ချတ်မွန်ထရီး (Winyay Chatmontree) ကမူ သက်ဆင် သည် တရားရေး လုပ်ထုံးလုပ်နည်းများနှင့် ရင်ဆိုင်ရန် အသင့်ဖြစ်နေကြောင်း ပြောကြားခဲ့သည်။
သက်ဆင်၏ အမှုကို ကိုင်တွယ်သည့် ပြစ်မှုဆိုင်ရာ တရားရုံးကလည်း သက်ဆင်ကို ဘတ် ၅၀၀,၀၀၀ ( ဒေါ်လာ ၁၃,၀၀၀) ဖြင့် အာမခံပေးခဲ့ပြီး သက်ဆင်သည် တရားရုံး၏ ခွင့်ပြုချက်မရပါက ပြည်ပသို့ ထွက်ခွာခွင့် မရှိကြောင်း နှင့် သက်ဆင်၏ ပတ်စ်ပို့ကို သိမ်းထားခဲ့သည်။
Source: အေပီ
