
- By CNI
- Category: နိုင်ငံရေး
- Hits: 505
CNI International News
ဝါရှင်တန်၊ ဒီဇင်ဘာ ၈
ယူကရိန်းအတွက် စစ်ရေးအကူအညီပေးမည့် အစီအစဉ်ကို ထောက်ခံရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) က ဒီဇင်ဘာ ၆ ရက်တွင် လွှတ်တော်အား တိုက်တွန်း ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့ သည်။
ထို့ပြင် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) သည် ယူကရိန်းတွင် ဆင်နွှဲနေသည့် စစ်ပွဲကို ရပ်တန့်လိမ့် မည်မဟုတ်ဘဲ နေတိုးမဟာမိတ်အဖွဲ့နှင့်လည်း ထိပ်တိုက်တွေ့နိုင်ကြောင်း ဘိုင်ဒန်က သတိပေးခဲ့သည်။
ဘိုင်ဒန်က သူ့အနေနှင့် ယူကရိန်းအား စစ်ရေး အထောက်အပံ့အတွက် ဒေါ်လာ ၆၀ ဘီလျံတန်ကြေးရှိ အကူအညီ ပေးရေး အစီအစဉ်ကို ပိတ်ဆို့ထားသည့် ရီပတ်ဘလစ်ကန်များနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် အသင့် ပြင် ထားသည်ဟုလည်း ပြောကြားခဲ့သည်။
အမေရိကန်လွှတ်တော်ကို တွေ့ရစဉ်
"ယူကရိန်းကို ကူညီပေးမယ့် အစီအစဉ်ကို စောင့်ဆိုင်းလို့ မရနိုင်ပါဘူး။ ရှင်းရှင်းပြောရမယ်ဆိုရင် ဒီလို အခြေအနေ မျိုးမှာ ရီပတ်ဘလစ်ကန်တွေက ပူတင်ကို အခွင့်အရေးပေးနေသလို ဖြစ်နေတာဟာ ယုံကြည်နိုင်စရာမရှိပါဘူး"ဟု ဘိုင်ဒန်က ပြောသည်။
ဘိုင်ဒန်သည် ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelensky)အပြင် စက်မှုထိပ်သီး ၇ နိုင်ငံ (G-7)မှ ခေါင်းဆောင်များနှင့် ဗွီဒီယိုဆက်သွယ်မှုမှတစ်ဆင့် အစည်းအဝေးပြုလုပ်ခဲ့သည်။
ထို့နောက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်ခဲ့သည့် ရုရှား၏ ကျူးကျော်စစ်ကို ခုခံတိုက်ခိုက်နေသည့် ယူကရိန်း အတွက် အကူအညီများ တိုးမြှင့်ပေးရန် ဆွေးနွေးခဲ့ကြသည်။
ယူကရိန်းသမ္မတ ဇာလန်းစကီးနဲ့ ယူကရိန်းစစ်ဦးစီးချုပ်ကိုတွေ့ရစဉ်
ယူကရိန်းသမ္မတ ဇာလန်းစကီးကမူ ရုရှားသည် လာမည့်နှစ်အတွင်း အနောက်နိုင်ငံများ၏ စည်းလုံးညီညွတ်မှု ပြိုကွဲမည့် အခြေအနေကို စောင့်ဆိုင်းနေပြီး ရှေ့တမ်းစစ်မျက်နှာပြင်တွင် ဖိအားများကို မြှင့်တင်နေကြောင်း သတိပေးခဲ့သည်။
ဘိုင်ဒန်ကလည်း ယူကရိန်းစစ်ပွဲတွင် ရုရှားအနိုင်ရသွားမည်ဆိုပါက ပူတင်သည် ရပ်တန့်နေမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
"တကယ်လို့ သူ (ပူတင်) သာ ယူကရိန်းစစ်ပွဲမှာ အနိုင်ရမယ်ဆိုရင် နေတိုးမဟာမိတ်တွေကို ဆက်ပြီး တိုက်ခိုက် ပါလိမ့်မယ်။ အမေရိကန်စစ်သားတွေနဲ့ ရုရှားစစ်သားတွေ တိုက်ခိုက်နေတဲ့ အခြေအနေမျိုးကို ကျနော်တို့ မလို ချင်ပါဘူး" ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: နိုင်ငံရေး
- Hits: 602
CNI International News
မော်စကို၊ ဒီဇင်ဘာ ၈
ရုရှားနိုင်ငံတွင် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲကို မတ်လ ၁၇ ရက်၌ ကျင်းပရန် လွှတ်တော်အမတ်များက ဒီဇင်ဘာ ၇ ရက်နေ့မှာ ရက်သတ်မှတ်လိုက်သဖြင့် သမ္မတ ဗလာဒီမာ ပူတင်(Vladimir Putin)သည် ပဉ္စမ သက်တမ်းကို ထပ်မံရရှိရန် နီးစပ်လာခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ရုရှား၏ အထက်လွှတ်တော်ဖြစ်သည့် Federation Council ၏ အဖွဲ့ဝင်များသည် လာမည့်နှစ် မတ်လ ၁၇ ရက် တွင် သမ္မတရွေးကောက်ပွဲ ပြုလုပ်ရန် တစ်ညီတစ်ညွတ်တည်း ထောက်ခံမဲ ပေးခဲ့ကြသည်။
"အချုပ်ဆိုရရင် ဒီဆုံးဖြတ်ချက်ဟာ ရွေးကောက်ပွဲ စတင်မယ့်ရက်ကို သတ်မှတ်လိုက်တာ ဖြစ်ပါတယ်" ဟု အောက်လွှတ်တော်ဥက္ကဋ္ဌ ဗလန်တီနာ မတ်ဗီယန်ကိုက ပြောကြားခဲ့သည်။
ပူတင်ကို တွေ့ရစဉ်
ရုရှား၏ ဗဟိုရွေးကောက်ပွဲကော်မရှင်သည် ဒီဇင်ဘာ ၈ ရက်တွင် အည်းအဝေးပြုလုပ်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။
အသက် ၇၁ နှစ်အရွယ်ရှိ ပူတင်သည် ထိုရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားရန် ရှိ/မရှိ ကြေညာခြင်း မရှိသေးသော်လည်း လက်ရှိတွင် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို သတ်မှတ်လိုက်ပြီဖြစ်သဖြင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အခြေအနေအား ရက်ပိုင်းအတွင်း ကြေညာဖွယ်ရှိနေသည်။
ရုရှား၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲမှုအရ ပူတင်သည် လာမည့်နှစ်တွင် သက်တမ်းကုန်မည့် လက်ရှိ သမ္မတ သက်တမ်းအပြီး၌ နောက်ထပ် ခြောက်နှစ်သက်တမ်းရှိသည့် သမ္မတရာထူးနေရာအတွက် ရွေးကောက်ပွဲနှစ်ကြိမ် ထပ်မံယှဉ်ပြိုင်ခွင့် ရရှိထားသည်။
ထို့ကြောင့် ပူတင်သည် ၂၀၃၆ ခုနှစ်အထိ ရုရှားသမ္မတအဖြစ် အာဏာရရှိမည့် အလားအလာ ရှိနေသည်။
ရုရှားနိုင်ငံ နှင်းကျနေစဉ်
ပူတင်သည် ရုရှား၏ နိုင်ငံရေးစနစ်ကို တင်းကြပ်စွာ ထိန်းချုပ်ထားခဲ့သဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ရာနှုန်းပြည့်နီးပါး သေချာမှုရှိနေသည်။
ပူတင်ကို ရွေးကောက်ပွဲတွင် စိန်ခေါ်နိုင်ခြေရှိသည့် ထင်ရှားသော အတိုက်အခံများနှင့် ဝေဖန်သူများသည် အကျဉ်းချခံထားရခြင်း သို့မဟုတ် ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင် နေရသူများရှိနေပြီး လွတ်လပ်သည့် မီဒီယာများလည်း ပိတ်ပင်ခံထားရသည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 746
CNI International News
ပက်ရှ်ဝါ၊ ဒီဇင်ဘာ ၆
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ စာသင်ကျောင်းတစ်ကျောင်း၏ အနီးတွင် ဒီဇင်ဘာ ၅ ရက်က လမ်းဘေး ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် ဖြတ်သွားဖြတ်လာ လူ ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ဗုံးပေါက်ကွဲမှုသည် အာဖဂန်နစ္စတန်နယ်စပ်အနီး ခိုင်ဘာ ပက်ထန်ခါဝါ (Khyber Pakhtunkhwa) ပြည်နယ်၏ မြို့တော် ပက်ရှ်ဝါ (Peshawar) ၏ စီးပွားရေးစင်တာတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံပိုင် အရေးပေါ် ကယ်ဆယ်ရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဘိုင်လယ် အာမက် ဖိုင်ဇီ (Bilal Ahmad Faizi) က ပြောကြားခဲ့သည်။
ခိုင်ဘာ ပက်ထန်ခါဝါပြည်နယ်သည် တာရစ် အီး တာလီဘန် ပါကစ္စတန် (Tehreek-e-Taliban Pakistan) သို့မဟုတ် TTP ဟု လူသိများသည့် ပါကစ္စတန် တာလီဘန် စစ်သွေးကြွ အုပ်စု၏ အခိုင်အမာ ခြေကုပ်ယူခဲ့ဖူးသည့် နယ်မြေတစ်ခုဖြစ်သည်။
နိုင်ငံပိုင် အရေးပေါ် ကယ်ဆယ်ရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဘိုင်လယ် အာမက် ဖိုင်ဇီကို တွေ့ရစဉ်
ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာသို့ ရောက်ရှိလာသော လုံခြုံရေးတပ်ဖွဲ့များနှင့် အရာရှိများက ဝါဆက် လမ်းမ (Warsak Road) ပေါ်ရှိ စီးပွားရေးစင်တာကို မည်သူက ဗုံးထောင် ဖောက်ခွဲခဲ့သည်ဆိုခြင်းကို စုံစမ်းစစ်ဆေးနေ ကြောင်း ဖိုင်ဇီက ပြောကြားခဲ့သည်။
ခိုင်ဘာ ပက်ထန်ခါဝါပြည်နယ်တွင် လူသေဆုံးမှုများရှိခဲ့သည့် တိုက်ခိုက်မှုများနှင့်အတူ အကြမ်းဖက်မှုများ မြင့်တက်လာခဲ့သည်။
ဇန်နဝါရီလအတွင်းကလည်း ပက်ရှ်ဝါမြို့တော်ရှိ ဗလီတစ်ခုတွင် အသေခံ ဗုံးခွဲသမားတစ်ဦး၏ တိုက်ခိုက်မှုကြောင့် လူ ၁၀၁ ဦးထက်မည်း သေဆုံးခဲ့သည်။
တာရစ် အီး တာလီဘန် ပါကစ္စတန်အဖွဲ့ကိုတွေ့ရစဉ်
ယခုတိုက်ခိုက်မှုဖြစ်စဉ်ကို မည်သည့် လက်နက်ကိုင်အဖွဲ့ကမျှ တာဝန်ခံ ထွက်ဆိုခဲ့ခြင်း မရှိသော်လည်း အများစုက ပါကစ္စတန် တာလီဘန်အဖွဲ့၏ လက်ချက်ဖြစ်နိုင်ကြောင်း ယူဆထားကြသည်။
ပါကစ္စတန် တာလီဘန်အဖွဲ့သည် အာဖဂန်တာလီဘန်အဖွဲ့နှင့် သီးခြားအဖွဲ့ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ သြဂုတ်လက အာဖဂန်တွင် တာလီဘန်တို့ အာဏာရလာခဲ့မှုသည် ပါကစ္စတန်တာလီဘန်အဖွဲ့ကို ရဲဆေးတင်ပေးခဲ့သည့် အခြေအနေမျိုး ဖြစ်လာခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 539
CNI International News
တိုကျို၊ ဒီဇင်ဘာ ၆
ထိုင်ဝမ်နှင့် တရုတ်အကြား ပဋိပက္ခများ ဖြစ်ပွားလာနိုင်သည့် အခြေအနေနှင့် တိုက်ခိုက်မှုများ ဖြစ်ပွားလာခဲ့ချိန် တွင် ထိုင်ဝမ်မှ ထွက်ပြေးလာနိုင်သော ဒုက္ခသည်အရေအတွက် ဂျပန်အစိုးရ၌ အစီအစဉ်များမရှိမှုအပေါ် ယိုနာဂူနီ (Yonaguni) ကျွန်းမှာ နေထိုင်သူများက စိုးရိမ်လျက်ရှိကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ဗီယက်နမ်စစ်ပွဲ ပြီးဆုံးပြီးနောက် ၂ နှစ်အကြာဖြစ်သည့် ၁၉၇၇ ခုနှစ်ကလည်း ဂျပန်၏ အနောက်ဘက်စွန်းရှိ ယိုနာဂူနီကျွန်းပေါ်သို့ ကီလိုမီတာ ၂၀၀၀ ကျော် ကွာဝေးသော ဗီယက်နိုင်ငံမှ ဗီယက်နမ်နိုင်ငံသားများသည် ထိုကျွန်းပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ဖူးသည်။
လက်ရှိတွင် ထိုကျွန်းပေါ်၌ နေထိုင်သူ ၁၇၀၀ ခန့်ရှိနေပြီး ယခင်ကတည်းက စားဝတ်နေရေး အဆင်မပြေသည့်် ကျွန်းပေါ်၌ နောက်ထပ် ဒုက္ခသည် အကျပ်အတည်းတစ်ခု ထပ်မံ ပေါ်ပေါက်လာမည့်အရေးကို ကျွန်းသူ၊ ကျွန်းသား များက စိုးရိမ်နေကြသည်။
ထိုင်ဝမ်နဲ့တရုတ် အလံများကိုတွေ့ရစဉ်
ထိုင်ဝမ်ကျွန်းသည် ယိုနာဂူနီကျွန်း၏ အနောက်ဘက်မှ ကီလိုမီတာ ၁၁၀ ခန့်သာ ကွာဝေးပြီး ယိုနာဂူနီကျွန်းမှ လှမ်းမျှော်ကြည့်ရှုမည်ဆိုပါက ထိုင်ဝမ်ကျွန်းကို မြင်တွေ့နေရသည်အထိ နီးကပ်စွာ တည်ရှိသည်။
တရုတ်သည် လူဦးရေ ၂၄ သန်း နေထိုင်သည့် ထိုင်ဝမ်ကို ၎င်း၏ နယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာပါက အင်အားသုံး၍ သိမ်းယူသွားမည်ဟု ကြေညာထားသည်။
ထို့ပြင် တရုတ်စစ်တပ်သည် ထိုင်ဝမ်ကျွန်းအနီးတွင် ဒုံးကျည်ပစ်လွှတ်မှုများ အပါအဝင် စစ်ရေးလေ့ကျင့်မှုများကို မကြာခဏ ပြုလုပ်ခဲ့သည်။
ယိုနာဂူနီကျွန်းကို တွေ့ရစဉ်
ထို့ကြောင့် တရုတ်နှင့် ထိုင်ဝမ်အကြား ပဋိပက္ခဖြစ်ပွားလာခဲ့ပါက ထိုင်ဝမ်မှ စစ်ဘေးရှောင် ဒုက္ခသည်များသည် ဂျပန်၏ ယိုနာဂူနီကျွန်းကို ထွက်ပြေးတိမ်းရှောင် လာဖွယ်ရှိသည်။
ထိုဒုက္ခသည် အရေးအတွက် ယိုနာဂူနီ ကျွန်းသူ၊ ကျွန်းသားများက စိုးရိမ်နေကြခြင်း ဖြစ်သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 474
CNI International News
အဘူဂျာ၊ ဒီဇင်ဘာ ၆
နိုက်ဂျီးရီးယားစစ်တပ်သည် ဘာသာရေး အခမ်းအနား တစ်ခုအတွက် အရပ်သားများ စုဝေးနေသည့် နေရာတစ်ခု ကို ဒရုန်းဖြင့် မှားယွင်းတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၈၅ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု အာဏာပိုင်များက ပြောကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ထိုတိုက်ခိုက်မှုသည် ကာဒူနာ (Kaduna) ပြည်နယ်၏ အစ်ဂါဘီ (Igabi) ကောင်စီဒေသရှိ တူဒန် ဘီရီ (Tudan Biri) ကျေးရွာတွင် ဒီဇင်ဘာ ၃ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မွတ်ဆလင် ဘာသာဝင်များသည် တမန်တော် မိုဟာမက် (Prophet Muhammad) ၏ မွေးနေ့ အထိန်းအမှတ် အဖြစ် ဘာသာရေး အခမ်းအနားတစ်ခု ပြုလုပ်ရန် စုရုံးနေချိန်တွင် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။
ထိုကဲ့သို့ ဒရုန်းဖြင့် မှားယွင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သားများသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ကာဒူနာပြည်နယ် အုပ်ချုပ်ရေးမှူး အူဘာဆာနီက ပြောကြားခဲ့သည်။
နိုက်ဂျီးရီးယား စေတနာ့ဝန်ထမ်းများကို တွေ့ရစဉ်
လက်ရှိအချိန်အထိ ရုပ်အလောင်း ၈၅ လောင်းကို သဂြိုဟ်ခဲ့ပြီး ရှာဖွေမှုများကို ဆက်လက် လုပ်ဆောင်နေကြောင်း နိုက်ဂျီးရီးယား အမျိုးသားအရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီက ဒီဇင်ဘာ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
နိုက်ဂျီးရီးယားနိုင်ငံဆိုင်ရာ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ရုံးကမူ ထိုတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၁၂၀ ခန့်ရှိခဲ့သည်ဟု ၎င်းတို့အဖွဲ့ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ၏ ပြောကြားချက်များကို ကိုးကားပြီး သတင်းထုတ်ပြန်ခဲ့သည်။
"သေဆုံးသူ အများစုဟာ အလေးတွေဖြစ်ပါတယ်" ဟု နိုက်ဂျီးရီးယားနိုင်ငံဆိုင်ရာ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာ ခွင့် အဖွဲ့၏ရုံးမှ ညွှန်ကြားရေးမှူး အီဆာဆာနူစီ (Isa Sanusi) က အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။
နိုက်ဂျီးရီးယားစစ်တပ်က ဒရုန်းနဲ့မှားယွင်းတိုက်ခိုက်ခဲ့မှု နေရာများကို ပြသထားစဉ်
"အလောင်း ၅၀ ထက်မနည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ စစ်တပ်က ပြောတာတော့ သူတို့က မှားပြီး ဗုံးကြဲမိတယ်လို့ ပြောပါတယ်" ဟု အစ်ဂါဘီ ဒေသတွင် နေထိုင်သူတစ်ဦးဖြစ်သည့် မူစတာဖာ ရူဖာအီ (Mustapha Rufai) က ပြောကြားခဲ့သည်။
နိုက်ဂျီးရီးယားစစ်တပ်သည် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း အရပ်သားများ ရှိသည့် နေရာဒေသများကို မကြာခဏ မှားယွင်းပြီး ဗုံးကြဲတိုက်ခိုက်မှုများ ရှိခဲ့သဖြင့် လူပေါင်းများစွာ သေဆုံးခဲ့ရ သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 747
CNI International News
မော်စကို၊ ဒီဇင်ဘာ ၆
ယူကရိန်းနိုင်ငံတွင် ရုရှား၏ အမှတ် ၁၄ ကြည်းတပ်မှ လက်ထောက်တပ်မှူးတစ်ဦးဖြစ်သူ ဗိုလ်ချုပ် ဗလာဒီမာ ဇာဗက်စကီး (Vladimir Zavadsky) သေဆုံးခဲ့သည်ဟု ဒေသတွင်း ထိပ်သီးအရာရှိတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ဇာဗက်စကီးသည် အထူးစစ်ဆင်ရေးဇုန်အတွင်းရှိ တပ်စခန်းတစ်ခုတွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရုရှား၏ ဗိုရိုနက်ဇ် (Coronezh) ဒေသ၏ အုပ်ချုပ်ရေးမှူး အလက်ဇန္ဒား ဂူဆက်ဗ်(Alexander Gusev) က ပြောကြားခဲ့ပြီး အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
ရုရှားသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက ယူကရိန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် ယူကရိန်းစစ်ပွဲကို "အထူး စစ်ဆင်ရေး" ဟု သုံးနှုန်းဖော်ပြခဲ့သည်။
ယူကရိန်းစစ်ပွဲအတွင်းက တင့်ကားတစ်စီးကိုတွေ့ရစဉ်
ဇာဗက်စကီးသည် ရဲစွမ်းသတ္တိရှိသည့် အရာရှိတစ်ဦး၊ စစ်မှန်သည့် ဗိုလ်ချုပ်တစ်ဦး၊ တန်ဖိုးရှိသည့် အမျိုးသား တစ်ဦးဖြစ်သည်ဟု ဂူဆက်ဗ်က ပြောကြားခဲ့သည်။
ဇာဗက်စကီး၏ သေဆုံးမှုသည် ရုရှားဘက်က သေဆုံးကြောင်း အတည်ပြုခဲ့သည့် သတ္တမမြောက် ဗိုလ်ချုပ်တစ်ဦး ဖြစ်ပြီး သူသည် ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားခဲ့ချိန်ကတည်းက သေဆုံးကြောင်း တရားဝင် ဖော်ပြခံရသည့် ၁၂ ယောက်မြောက် ရုရှားထိပ်သီး အရာရှိတစ်ဦး ဖြစ်ခဲ့သည်။
ယူကရိန်းစစ်တပ်သည် ရုရှား၏ ညအချိန် ဒရုန်းတိုက်ခိုက်မှုများအတွင်း တိုက်ခိုက်ရေးဒရုန်း ၁၇ စင်းအနက် ၁၀ စင်းကို အောင်မြင်စွာ ပစ်ချနိုင်ခဲ့သည်ဟု ယူကရိန်းအာဏာပိုင်များက ဒီဇင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။
ယူကရိန်းနိုင်ငံအတွင်းက အဆောက်အဦတစ်ခု တိုက်ခိုက်ခံထားရစဉ်
ယူကရိန်း၏ Lviv(ကိယက်ဗ်) ဒေသအုပ်ချုပ်ရေးမှူး၏ ထုတ်ပြန်ချက်အရ ရုရှား၏ ဒရုန်း ၃ စင်းသည် အမည် ဖော်ပြထားခြင်းမရှိသည့် အခြေခံ အဆောက်အအုံတစ်ခုကို ပစ်မှတ်ထားခဲ့ပြီး ထိခိုက်ပျက်စီးမှု အနည်းငယ် ရှိခဲ့ သော်လည်း ထိခိုက်၊ သေဆုံးသူမရှိကြောင်း သိရသည်။
ယူကရိန်း လေတပ်က ထိုဒရုန်းများကို ယူကရိန်း၏ များပြားသည့်် နေရာဒေသအနှံ့တွင် ကြားဖြတ်ပစ်ချ နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ရုရှားသည် S-300 ဒုံးကျည် ၆ စင်းဖြင့် ယူကရိန်း၏ ဒွန်းနက်စ် (Donetsk) နှင့် ခါဆန် (Kherson) မြို့များရှိ အရပ်ဖက် ပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်ဟု ယူကရိန်းအာဏာပိုင်များက ပြောကြားခဲ့သည်။
Soruce: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 774
CNI International News
ကာရာကက်စ်၊ ဒီဇင်ဘာ ၅
ဗင်နီဇွဲလား (Venezuela) နိုင်ငံသားများသည် အိမ်နီးချင်း ဂွိုင်ယာနာ (Guyana) နိုင်ငံက ကာလကြာရှည် ထိန်းချုပ်ထားသည့် ပိုင်ဆိုင်မှု အငြင်းပွားနေသော ရေနံများပေါကြွယ်ဝသည့် ဒေသကို ပိုင်ဆိုင်ကြောင်း ကြေညာချက်ကို သောင်းသောင်းဖျဖျ ထောက်ခံကြောင်း မဲပေးခဲ့ကြသည်ဟု ဘီဘီစီ အင်္ဂလိပ်ပိုင်းမှ ဖော်ပြ ခဲ့သည်။
အက်စီကွီဘို (Essequibo) အမည်ရှိ အဆိုပါ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ဒေသကို ပြည်နယ်သစ် တစ်ခုအဖြစ် ထူထောင်ရေးအတွက် ဗင်နီဇွဲလားပြည်သူ ၉၅ ရာခိုင်နှုန်းမှ အတည်ပြုခဲ့သည်ဟု ဗင်နီဇွဲလား အရာရှိများက ပြောကြားခဲ့သည်။
ဗင်နီဇွဲလားအစိုးရကမူ ထိုဒေသသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ ခန့်က စပိန်လက်အောက်မှ လွတ်လပ်ရေး ရပြီးကတည်းက ဗင်နီဇွဲလား၏ နယ်နိမိတ် တစ်ခုဖြစ်ကြောင်း ကြေညာခဲ့သည်။
ဗင်နီဇွဲလားနဲ့ ဂွိုင်ယာနာနိုင်ငံကြား အငြင်းပွားနေသော ဒေသကိုတွေ့ရစဉ်
သို့သော် ဂွိုင်ယာနာနိုင်ငံကလည်း ၁၉ ရာစုနှစ်ကုန်ပိုင်းက ဗြိတိသျှ ဂွိုင်ယာနာ ခေတ်ကတည်းက ထိုဒေသကို ၎င်းတို့က လက်ဆောင်အဖြစ် ရရှိခဲ့ခြင်းဖြစ်ကြောင်း ကြေညာထားသည်။
ထိုဒေသတွင် ရေနံတူးဖော်မှုများ တွေ့ရှိခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်တွင် ဗင်နီဇွဲလားနှင့် ဂွိုင်ယာနာအကြား အငြင်း ပွားမှုများ နောက်တကြိမ် မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို (Nicolas Maduro) ကမူ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအတွင်း အက်စီကွီဘို ဒေသကို ဗင်နီဇွဲလားက ပိုင်ဆိုင်သည့် ဒေသဖြစ်ကြောင်း ထောက်ခံမဲ ပေးခဲ့ကြသည့် ရလဒ်ထွက်ပေါ်မှုအတွက် ချီးကျူးဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။
အကျစီကှီဘိုဒေသကို တွေ့ရစဉ်
စတုရန်းကီလိုမီတာ ၁၅၉,၅၀၀ (စတုရန်း မိုင် ၆၁၆၀၀) ကျယ်ဝန်းသည့် အဆိုပါ အက်စီကွီဘို ဒေသကို ဂွိုင်ယာနာ နိုင်ငံက ထိန်းချုပ်ထားသည်။
ထိုဒေသတွင် ဂွိုင်ယာနာ လူဦးရေ စုစုပေါင်း၏ ၆ ပုံ ၁ ပုံနေထိုင်လျက်ရှိသည်။
ထိုဒေသကို ပိုင်ဆိုင်ရေးနှင့်ပတ်သက်ပြီး ဗင်နီဇွဲလားနှင့် ဂွိုင်ယာနာအကြား ကာလကြာရှည် တင်းမာမှုများ မြင့်တက်ခဲ့သည်။
Source: ဘီဘီစီ
- By CNI
- Category: နိုင်ငံရေး
- Hits: 503
CNI International News
ဝါရှင်တန်၊ ဒီဇင်ဘာ ၅
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) အစိုးရအဖွဲ့သည် ရုရှားနှင့် စစ်ပွဲဖြစ်ပွားနေသည့် ယူကရိန်းစစ်တပ်ကို ကူညီထောက်ပံ့ရန် ရန်ပုံငွေများ အရေးတကြီး လိုအပ်နေကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ၏ ညှိနှိုင်းဆောင်ရွက်ရေးအရာရှိ ဂျွန်ကာဘီ (John Kirby) က ပြောကြားခဲ့ကြောင်း ရုရှားနိုင်ငံပိုင် အာတီသတင်းဌာန မှ ဖော်ပြခဲ့သည်။
အမေရိကန်၏ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်များက အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်း တည်ဆောက် ရေးအတွက် လုံခြုံရေးအသုံးစရိတ်ကို မြှင့်တင်ရန် ယူကရိန်းနှင့် အစ္စရေးအား ကူညီပေးမည့် ဒေါ်လာ ၁၀၆ ဘီလျံ အကူအညီသည် ခြွင်းချက်အနေနှင့် ရှိနေလိမ့်မည်ဟု ပြောကြားခဲ့သည်။
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ဒီဇင်ဘာ ၄ ရက်တွင် ABC News သတင်းဌာနက ဂျွန်ကာဘီအား မေးမြန်းခဲ့ ရာတွင် ဂျွန်ကာဘီက ထိုမေးခွန်းကို ဖြေဆိုရန် ငြင်းဆိုခဲ့သည်။
အိမ်ဖြူတော် ပြောခွင့်ရ ဂျွန်ကာဘီကို တွေ့ရစဉ်
ဂျွန်ကာဘီက သူ့အနေနှင့် သမ္မတ၏ ဆုံးဖြတ်ချက်ကို ကျော်လွန်ပြီး လုပ်ဆောင်မည် မဟုတ်ကြောင်းနှင့် ထောက်ပံ့ရေး အစီအစဉ်များ ရပ်တန့်နေမှုသည် အလွန်အရေးကြီးသည့် ကိစ္စဖြစ်ကြောင်း ပြောကြားခဲ့သည်။
"ကျနော်ပြောချင်တာက ယူကရိန်း၊ အစ္စရေးနဲ့ နယ်စပ်တံတိုင်း တည်ဆောက်ရေးမှာ ကျနော်တို့ရဲ့ အစီအစဉ်တွေ အတွက် ငွေကြေးတွေ အလွန်အမင်း လိုအပ်နေတယ်ဆိုပါတာပဲ" ဟု ဂျွန်ကာဘီက ပြောကြားခဲ့သည်။
လူဝင်မှုကြီးကြပ်ရေး အစီအစဉ် ပြုပြင်ပြောင်းလဲမှုအတွက်လည်း ရီပတ်ဘလစ်ကန်များ ဦးဆောင်ထားသည့် အောက်လွှတ်တော်က လျစ်လျူရှုထားသည်ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် လွှတ်တော်အနေနှင့် စစ်ရေး အထောက်အပံ့များ ရပ်တန့်နေမှုကို ဖြေရှင်းရန် ချက်ချင်းလုပ်ဆောင် သင့်ကြောင်း ဂျွန်ကာဘီက တိုက်တွန်းခဲ့သည်။
ယူကရိန်းသမ္မတ ဇာလန်းစကီးကိုတွေ့ရစဉ်
ဘိုင်ဒန် အစိုးရအဖွဲ့သည် ယူကရိန်းနှင့် အစ္စရေးအတွက် စစ်ရေးအကူအညီအဖြစ် ဒေါ်လာ ၁၀၆ ဘီလျံ ထောက်ပံ့ ပေးမည့် အစီအစဉ်ကို အောက်တိုဘာလ အစောပိုင်းကတည်းက တွန်းအားပေး ဆောင်ရွက်ခဲ့သော်လည်း ထိုအစီအစဉ်ကို ရီပတ်ဘလစ်ကန်များက ဆန့်ကျင်ကန့်ကွက်ခဲ့ကြောင်း ဂျွန်ကာဘီက ပြောကြားခဲ့သည်။
အမေရိကန်သည် ယူကရိန်း-ရုရှား စစ်ပွဲစတင် ဖြစ်ပွားခဲ့ချိန်ကတည်းက ယူကရိန်းကို ဒေါ်လာ ၇၆ ဘီလျံကျော် စစ်ရေးအကူအညီများနှင့် အခြား ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့ပြီးဖြစ်သည်။
Source: အာတီ
- By CNI
- Category: နိုင်ငံရေး
- Hits: 536
CNI International News
ဂါဇာ၊ ဒီဇင်ဘာ ၅
အစ္စရေးတပ်ဖွဲ့မျာသည် ဂါဇာကမ်းမြောင်ဒေသ၏ တောင်ပိုင်းကို ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်ပြီး မြေပြင်စစ်ဆင်ရေး များ ပြုလုပ်နေသဖြင့် ဂါဇာတောင်ပိုင်းရှိ ခန်းယွန်းနစ် (Khan Younis) မြို့၏ နေရာဒေသ အများအပြားမှ ထွက်ခွာ ကြရန် ဂါဇာဒေသခံများကို အစ္စရေးက အမိန့်ထုတ်ပြန်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အစ္စရေးစစ်တပ်သည် X လူမှုမီဒီယာတွင် ခန်းယွန်းနစ်မြို့၏ မြေပုံကို တင်ခဲ့ပြီး ထိုမြေပုံထဲတွင် အဝါရောင်ဖြင့် ဖော်ပြထားသော နေရာဒေသများတွင် နေထိုင်သူများကို ချက်ချင်းရွှေ့ပြောင်းရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။
ထိုမြေပုံထဲတွင် ဂါဇာ၏ တောင်ပိုင်းနှင့် အနောက်ပိုင်းဒေသများကို ညွှန်ပြထားသည့် မြားသုံးခုကို ထောက်ပြထား ပြီး ဒေသခံများကို မြေထဲပင်လယ် (Mediterranean sea)နှင့် အီဂျစ်နယ်စပ်သို့ သွားရောက်ရန် တိုက်တွန်းခဲ့သည်။
အစ္စရေးစစ်တပ်ကိုတွေ့ရစဉ်
ဂါဇာဒေသခံများအား ရွှေ့ပြောင်းရန် ညွှန်ကြားထားသည့် နေရာအများစုတွင် ယခင်ကတည်းက စစ်ဘေးရှောင် စခန်းများနှင့် ပြည့်နှက်နေပြီး စစ်ဘေးရှောင် အများစုသည် ယာယီတဲများထိုးကာ အိပ်စက်နေရသည့်် နေရာများ ဖြစ်သည်။
အဘူ မိုဟာမက် (Abu Mohammed) အမည်ရှိ ဂါဇာဒေသခံ တစ်ဦးကမူ သူသည် ဂါဇာကမ်းမြောင်ဒေသ၏ မြောက်ဘက် ဂါဇာ စီးတီး (Gaza City) မြို့ရှိ ၎င်း၏ နေအိမ်မှ ထွက်ပြေးတိမ်းရှောင် လာခဲ့ပြီးနောက် ယခု အကြိမ်သည် တတိယအကြိမ်မြောက် ဒုက္ခသည်စခန်း ပြောင်းရွှေ့မှု ဖြစ်သည်ဟု ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
"မနေ့ညက ဂါဇာဒေသရဲ့ အရှေ့ဘက်နဲ့ မြောက်ဘက်မှာရှိတဲ့ အစ္စရေးတင့်ကားတွေက အမြောက်နဲ့ ပစ်ခတ်ခဲ့ ပါတယ်။ ပြီးတော့ ဂါဇာဒေသရဲ့ အနောက်ဘက် ပင်လယ်ထဲမှာရှိတဲ့ အစ္စရေးရေတပ် သင်္ဘောတွေကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်" ဟု မိုဟာမက်က ပြောသည်။
အစ္စရေးရဲ့ တိုက်ခိုက်ရေး လေယာဉ်တွေကိုတွေ့ရစဉ်
ထိုတိုက်ခိုက်မှုများကြောင့် ပေါက်ကွဲမှုများနှင့် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
အောက်တိုဘာ ၇ ရက်ကစပြီး အစ္စရေးနှင့် ဟားမာ့စ်အဖွဲ့အကြား စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဂါဇာဒေသတွင် နေထိုင်သည့် လူဦးရေ ၂ ဒသမ ၃ သန်း၏ ၈၀ ရာခိုင်နှုန်းသည် အစ္စရေး၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
Source: ရိုက်တာ