- By CNI
- Category: နိုင်ငံရေး
- Hits: 2576
CNI International News
ရောမ၊ ဇွန်လ ၁၄
စက်မှုထိပ်သီး ၇ နိုင်ငံ (G-7) ညီလာခံကို တက်ရောက်ရန် အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi)ကို ဖိတ်ကြား ခဲ့သည့် အီတလီနိုင်ငံသည် ဥရောပသမဂ္ဂအတွင်း အိန္ဒိယ၏ စတုတ္ထအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာခဲ့သည် ဟု The Economic Times မှ ဖော်ပြခဲ့သည်။
ထို့နောက် အီတလီသည် အိန္ဒိယ၏ ပြည်ပရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံစာရင်းတွင် အဆင့် ၁၈ နေရာတွင် ရှိခဲ့သည်။
အီတလီသည် ဇွန်လ ၁၃ ရက်နှင့် ဇွန်လ ၁၄ ရက်တွင် ပြုလုပ်သည့် G-7 ညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ ခဲ့ပြီး ပူဂလီယာ (Puglia) မြို့တွင် ပြုလုပ်သည့် G-7 Outreach Summit ညီလာခံကို တက်ရောက်ရန် အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ (Giorgia Meloni) က မိုဒီကို ဖိတ်ကြားခဲ့သည်။
အိန္ဒိယနှင့် အီတလီသည် ခေတ်မီပြီး ရင့်ကျက်သည့် ဒီမိုကရေစီစနစ်၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးကို လေးစားလိုက်နာမှုနှင့် ဘက်စုံဖွံ့ဖြိုးမှုမှတစ်ဆင့် စီးပွားရေးတိုးတက်မှုများ ရရှိနေမှုတို့နဲ့အတူ ရင်းနှီးသည့် ဆက်ဆံရေးများ ရှိသည်။

အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီနဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကို တွေ့ရစဉ်
ပြီးခဲ့သည့်နှစ်ကလည်း နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်သည့် ၇၅ နှစ်ပြည့် နှစ်ပတ်လည်ကို အောင်ပွဲခံ အခမ်းအနားများ ပြုလုပ်ခဲ့သည်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလကလည်း မိုဒီသည် G-20 အစည်းအဝေးကို တက်ရောက်ရန် အီတလီသို့ သွားရောက် ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ ပြုလုပ်သည့် Rasina ဆွေးနွေးပွဲကို အီတလီဝန်ကြီးချုပ် မယ်လိုနီက အထူး ဧည့်သည်တော်အဖြစ် တက်ရောက်လာခဲ့သည်။
ထို့ပြင် မယ်လိုနီသည် အိန္ဒိယတွင် ပြုလုပ်သည့် G-20 အစည်းအဝေးကိုလည်း တက်ရောက်ခဲ့သည်။
မယ်လိုနီ၏ အိန္ဒိယခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ဆက်ဆံရေးများကို ကာကွယ်ရေး၊ အင်ဒို-ပစိဖိတ်ဒေသ၊ စွမ်းအင်၊ သိပ္ပံနှင့် နည်းပညာကဏ္ဍတို့အပေါ် အာရုံစိုက်ပြီး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်အထိ မြှင့်တင်ခဲ့သည်။

အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီနဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကို တွေ့ရစဉ်
ထို့ပြင် မယ်လိုနီ၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ထိပ်သီးအဆင့် ဆွေးနွေးမှုများကိုလည်း ပြုလုပ်ခဲ့သည်။
၂၀၂၃ ခုနှစ်က အိန္ဒိယတွင် ပြုလုပ်သည့် G-20 နှင့်ဆက်နွှယ်သည့် အစည်းအဝေးများအတွက် အီတလီဝန်ကြီး အချို့ အိန္ဒိယသို့ လာရောက်ခဲ့သည်။
ထိုဝန်ကြီးများထဲတွင် အီတလီ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီး၊ စိုက်ပျိုးမွေးမြူရေး ဝန်ကြီး၊ ပညာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးများ ပါဝင်ခဲ့သည်။
၂၀၂၂-၂၃ ခုနှစ်အတွင်း အိန္ဒိယနှင့် အီတလီအကြား ကုန်သွယ်မှုတန်ဖိုးသည် ဒေါ်လာ ၁၅ ဘီလျံရှိခဲ့ပြီး နှစ်နိုင်ငံစလုံး သည် အစားအစာ ပြုပြင်ထုတ်လုပ်မှု၊ အထည်အလိပ်၊ ဒီဇိုင်း၊ ကုန်ထုတ်လုပ်မှုနှင့် ဘဏ္ဍာရေးဝန်ဆောင်မှု ကဏ္ဍများအပေါ် အာရုံစိုက် လုပ်ဆောင်လျက်ရှိသည်။
Source: The Economic Times
- By CNI
- Category: နိုင်ငံရေး
- Hits: 2901
CNI International News
ဂျေရုဆလင်၊ ဇွန်လ ၁၃
၈ လကြာ ဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲ အဆုံးသတ်စေရန်အတွက် အမေရိကန်က ရေးဆွဲထားသည့် အပစ်အခတ် ရပ်စဲရေး အစီအစဉ်ကို အပြုသဘောဆောင် တုန့်ပြန်ခဲ့ပြီး သဘောတူညီချက်ရရှိရန် ကျယ်ပြန့်သည့် လမ်းကြောင်း တစ်ခုကို ဖွင့်ပေးခဲ့ကြောင်း ဟားမာ့စ်အဖွဲ့က ဇွန်လ ၁၂ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
သို့သော် ဟားမာ့စ်အဖွဲ့နှင့် အစ္စရေးတို့က ထိုအပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီမည်ဟု လူသိရှင်ကြား ကတိမပြုခဲ့ခြင်းကြောင့် အပစ်အခတ်ရပ်စဲရေး အခြေအနေမှာ သေချာရေရာမှု မရှိသေးကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
ဟားမာ့စ်အဖွဲ့သည် မေလ ၃၁ ရက်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) က ထုတ်ပြန်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ဇွန်လ ၁၁ ရက်တွင် တရားဝင် တုန့်ပြန်ချက် တင်သွင်းခဲ့သည်။
သို့သော်လည်း အစ္စရေးကမူ ဟားမာ့စ်၏ တုန့်ပြန်ချက်သည် အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို ငြင်းဆိုသည့် သဘော သက်ရောက်ကြောင်း ပြောကြားခဲ့သလို ဟားမာ့စ်အဖွဲ့ အရာရှိတစ်ဦးက ၎င်းတို့၏ တောင်းဆိုမှုများသည် လက်ရှိအစီအစဉ်တွင် ပါဝင်ခြင်းမရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
အီဂျစ်နှင့် ကာတာနိုင်ငံတို့ကမူ ဟားမာ့စ်အဖွဲ့၏ တုန့်ပြန်စာလွှာကို လက်ခံရရှိကြောင်း ပြောကြားခဲ့သော်လည်း အသေးစိတ် အချက်အလက်များကို ပြောကြားခဲ့ခြင်းမရှိပေ။

ဟားမာ့စ်၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် တစ်ဦးဖြစ်သည့် အစ်ဇက် အယ်ရီရှားကို တွေ့ရစဉ်
ဇွန်လ ၁၂ ရက်အစောပိုင်းက ဟားမာ့စ်၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် တစ်ဦးဖြစ်သည့် အစ်ဇက် အယ်ရီရှား (Izzat al-Risha) က ၎င်းတို့အဖွဲ့၏ တုန့်ပြန်စာလွှာသည် တာဝန်ယူမှု၊ လေးနက်မှုရှိပြီး အပြုသဘောဆောင်ကြောင်း၊ သဘောတူညီမှုအတွက် ကျယ်ပြန့်သည့် လမ်းကြောင်းတစ်ခု ဖွင့်ထားကြောင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
အမည်မဖော်လိုသည့် အခြား ဟားမာ့စ်အရာရှိတစ်ဦးကမူ ၎င်းတို့၏ တုန့်ပြန်မှုသည် ဂါဇာတွင် ရန်လိုမှုများ ထာဝရ အဆုံးသတ်ရေး၊ အစ္စရေးတပ်ဖွဲ့များ ရုပ်သိမ်းရေး၊ ဂါဇာဒေသ ပြန်လည်ထူထောင်ရေးနှင့် အစ္စရေးတွင် ဖမ်းဆီးခံထားရသည့် ပါလက်စတိုင်း အကျဉ်းသားများ ပြန်လည်လွတ်မြောက်ရေးတို့အတွက် မိမိတို့၏ ရပ်တည်ချက်ကို ထပ်လောင်း အတည်ပြုခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။
“ကျနော်တို့ရဲ့ အရင်သဘောထားကိုပဲ ထပ်လောင်း ပြောဆိုခဲ့တာပါ။ ဘာမှကြီးကြီးမားမား ကွာခြားတာမျိုး မရှိပါဘူး။ အခြေအနေက အစ္စရေးအပေါ်မှာပဲ မူတည်ပါတယ်” ဟု ထိုဟားမာ့စ်အရာရှိက ပြောကြားခဲ့သည်။
အမေရိကန်ကလည်း ၎င်း၏ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို အစ္စရေးက လက်ခံခဲ့ကြောင်း ပြောကြားခဲ့ သော်လည်း အစ္စရေးကမူ ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 4575
CNI International News
ဆိုးလ်၊ ဇွန်လ ၁၃
မြောက်ကိုရီးယားသည် ရုရှား၏ သွေးသောက်ရဲဘော်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) က ရုရှားသမ္မတ ပူတင် (Vladimir Putin) ထံသို့ ပေးပို့သည့် အမှာစကားတွင် ပြောကြားခဲ့သည် ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားသို့ ရုရှားသမ္မတပူတင် လာရောက်ဖွယ်ရှိသည့် ခရီးစဉ်နှင့်ပတ်သက်ပြီး ထင်ကြေးပေးမှုများ ထွက်ပေါ်နေချိန်တွင် ကင်မ်က ပူတင်ကို အမှာစကား ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA က ဇွန်လ ၁၂ ရက်၌ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်နှစ်က ရုရှား၏ အာကာသလွှတ်တင်ရေးစခန်းတွင် ပူတင်နှင့်ပြုလုပ်ခဲ့သည့် အစည်းအဝေးသည် နှစ်နိုင်ငံ အကြား ရာစုနှစ်နှင့်ချီသည့် မဟာဗျူဟာမြောက် ဆက်ဆံရေးကို မြင့်တက်စေခဲ့သည်ဟု ကင်မ်က ဇွန်လ ၁၂ ရက် တွင် ကျရောက်သော ရုရှား၏အမျိုးသားနေ့မှာ ပြောကြားခဲ့သည်။
ပူတင်သည် လာမည့် သီတင်းပတ်များအတွင်း မြောက်ကိုရီးယားနှင့် ဗီယက်နမ်နိုင်ငံများသို့ သွားရောက်လိမ့် မည်ဟု ရုရှား၏ Vedomosti သတင်းစာက ဖော်ပြခဲ့ပြီးနောက် ကင်မ်က ပူတင်ကို အမှာစကား ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ပူတင်သည် ဗီယက်နမ်သို့ ဇွန်လ ၁၉ ရက်နှင့် ၂၀ ရက်တွင် လာရောက်လိမ့်မည်ဟု ဗီယက်နမ်အရာရှိတစ်ဦးက ပြောကြားခဲ့သော်လည်း အတည်ပြုခဲ့ခြင်းမရှိပေ။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကို တွေ့ရစဉ်
ရုရှားအစိုးရကမူ ရုရှားသည် မြောက်ကိုရီးယားနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သော်လည်း ပူတင်၏ ခရီးစဉ်နှင့်ပတ်သက်ပြီး အတည်မပြုခဲ့ပေ။
ကင်မ်သည် ပြီးခဲ့သည့် စက်တင်ဘာလက ရုရှား၏ အရှေ့ဖျားဒေသသို့ သွားရောက်ခဲ့ပြီး Vostochny Cosmodrome အာကာသလွှတ်တင်ရေးစင်တာတွင် ပူတင်နှင့် အစည်းအဝေး ပြုလုပ်ခဲ့သည်။
ထို့ပြင် ကင်မ်က ရုရှားသည် ရန်လိုသည့် အင်အားစုများ၏ ဖိနှိပ်မှုများနှင့် ရင်ဆိုင်နေရသည့်တိုင် စိန်ခေါ်မှုများ၊ ပိတ်ဆို့မှုများနှင့် ဖိအားများကို ကျော်လွှားပြီး အင်အားကြီးနိုင်ငံအဖြစ် ထူထောင်ရန် ကြိုးပမ်းမှုများအတွက် ချီးကျူးခဲ့သည်။
မကြာသေးမီ လများအတွင်းက မြောက်ကိုရီးယားနှင့် ရုရှားအကြား အစိုးရအရာရှိများ၊ လွှတ်တော်နှင့် အခြား ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန် သွားရောက်ခဲ့ကြပြီး သံတမန်ရေးနှင့် လုံခြုံရေး ဆက်ဆံမှုများကို မြှင့်တင်ခဲ့သည်။
အမေရိကန်နှင့် တောင်ကိုရီးယားတို့ကမူ မြောက်ကိုရီးယားသည် ရုရှားကို လက်နက်များ ထောက်ပံ့ပေးနေပြီး အပြန်အလှန်အနေဖြင့် ရုရှားထံမှ နျူကလီးယားနှင့် ဒုံးကျည်နည်းပညာများ ရယူနေကြောင်း စွပ်စွဲခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 4652
CNI International News
တိုကျို၊ ဇွန်လ ၁၃
အဋ္ဌမအကြိမ်မြောက် ဂျပန်-အန္ဒိယ ပင်လယ်ရေကြောင်းဆိုင်ရာ စစ်ရေးလေ့ကျင့်မှု ၂၀၂၄ (JIMEX 24) တွင် ပါဝင်ရန် အိန္ဒိယရေတပ်၏ ကုန်း/ရေ နှစ်သွယ်သုံး ကိုယ်ပျောက် ဖရီးဂိတ်စစ်သင်္ဘော INS Shivalik သည် ဂျပန်နိုင်ငံ၊ ယိုကိုဆူကာ (Yokosuka) မြို့သို့ ဇွန်လ ၁၂ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း the print သတင်း ဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
၂၀၁၂ ခုနှစ်ကတည်းက စတင်ပြုလုပ်လာခဲ့သည့် ထိုစစ်ရေး လေ့ကျင့်မှုသည် အိန္ဒိယနှင့်ဂျပန် ရေတပ်များအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ရေတပ်အချင်းချင်း ပူးတွဲစစ်ဆင်ရေး စွမ်းဆောင်ရည်များကို တိုးမြှင့်ရန်ဖြစ်ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
“INS Shivalik သင်္ဘောကို ဂျပန်ရဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့ (JMSDF) ရဲ့ တပ်မှူးဖြစ်တဲ့ ရေတပ်ဗိုလ်ချုပ်ကြီး အီတို ဟီရိုရှီ (ITO Hiroshi) နဲ့ ဂျပန်နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး စီဘီ ဂျော့ချ် (Sibi George) တို့က လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုများအတွင်း ဆိပ်ကမ်းများပေါ်နှင့် ပင်လယ်ရေပြင်များအတွင်း ပြုလုပ်မည့် လေ့ကျင့် ခန်းများ ပါဝင်သည်။

ဂျပန်နဲ့အိန္ဒိယ စစ်ရေးပူးတွဲလေ့ကျင့်နေစဉ်
ထို့နောက် ဆိပ်ကမ်းများတွင် ပြုလုပ်မည့် လေ့ကျင့်ခန်းများတွင် ပရောဖက်ရှင်နယ်များ၊ အားကစားများနှင့် လူမှုရေး ထိတွေ့ဆက်ဆံမှုများ ပါဝင်မည်ဖြစ်သလို နှစ်နိုင်ငံရေတပ်သည် ပင်လယ်ပြင်တွင် တိုက်ခိုက်ရေး စွမ်းရည်များကို မြှင့်တင်ရန်အတွက် ပင်လယ်ရေမျက်နှာပြင်အပေါ်ဘက်နှင့် ရေမျက်နှာပြင်အောက်ဘက်များတွင် ဘက်စုံပါဝင်သည့် စစ်ဆင်ရေးများကို လေ့ကျင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်ခဲ့သည်။
ထိုစစ်ရေးလေ့ကျင့်မှုတွင် အိန္ဒိယရေတပ် (INS) ၏ INS Shivalik သင်္ဘောနှင့် JMSDF ၏ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော JS Yugiri သင်္ဘောတို့ ပါဝင်မည်ဖြစ်သလို နှစ်နိုင်ငံရေတပ်များမှ ရဟတ်ယာဉ်များလည်း ပါဝင် လိမ့်မည်ဟု အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
တစ်နှစ်ထက်တစ်နှစ် စစ်ရေးလေ့ကျင့်မှု အသွင်အပြင်များ ရှုပ်ထွေးလာမှုနှင့်အတူ JIMEX 24 စစ်ရေး လေ့ကျင့်မှု သည် နှစ်နိုင်ငံရေတပ်အကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုကို မြင့်တက်စေရန်နှင့် အင်ဒို-ပစိဖိတ်ဒေသ တွင် ပင်လယ်ရေကြောင်း လုံခြုံရေးကို ရှေးရှုသည့် ကတိကဝတ်များကို ထပ်လောင်း အတည်ပြုရန် အထောက် အကူ ဖြစ်စေလိမ့်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
Source: The Print
- By CNI
- Category: နိုင်ငံရေး
- Hits: 2383
CNI International News
အစ္စလာမ်မာဘက်၊ ဇွန်လ ၁၃
ပါကစ္စတန်၏ ပိုမိုဆိုးရွားလာသည့် အများပြည်သူ့ ကြွေးမြီအကျပ်အတည်းကို ဖြစ်စေခဲ့သော အဓိက အကြောင်းရင်းများထဲတွင် ကာကွယ်ရေးပစ္စည်းများ မဆင်မခြင် ဝယ်ယူမှုလည်း ပါဝင်နေသည်ဟု al arabiya post မှ ဖော်ပြခဲ့သည်။
လက်ရှိတွင် ပါကစ္စတန်၏ ပြည်သူ့ကြွေးမြီ ပမာဏသည် ရူပီး ၆၇ ဒသမ ၅ ထရီလျံအထိ မကြုံစဖူး မြင့်တက်ခဲ့ပြီး သန်းနှင့်ချီသည့် ပါကစ္စတန်ပြည်သူများအတွက် အလွန်မျှော်လင့်ချက် ကင်းမဲ့သော အနေအထားကို ရောက်ရှိစေခဲ့ သည်။
ပါကစ္စတန်စစ်တပ်၏ ဗိုလ်ချုပ်ကြီးများနှင့် ရေတပ်ဗိုလ်ချုပ်ကြီးများသည် ပြီးခဲ့သည့် နှစ်များအတွင်း တူရကီ၊ တရုတ် အပါအဝင် အခြားနိုင်ငံများနှင့် လက်နက်ဝယ်ယူမှုများ၊ လက်နက်ပူးပေါင်းထုတ်လုပ်ရန် သဘောတူညီမှု များကို မဆင်မခြင် လုပ်ဆောင်ခဲ့သည့် အမှန်တရားကို ပါကစ္စတန် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပါကစ္စတန် ဗဟိုဘဏ်တို့က ထုတ်ပြန်ခဲ့သည်။

ပါကစ္စတန်စစ်သားကို တွေ့ရစဉ်
ထို့ပြင် ပါကစ္စတန်၌ စီးပွားရေး ချွတ်ခြုံကျနေသည့် နှစ်များအတွင်း စစ်တပ်ခေါင်းဆောင်များ၏ ပြည်ပခရီးစဉ်များ၊ ပြည်ပခေါင်းဆောင်များက လာရောက်သည့် ပြည်တွင်းခရီးစဉ်များလည်း မြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။
အစိုးရက ပေးဆောင်ရမည့် ကြွေးမြီများအနက် ရူပီး ၄ ဒသမ ၂၂ ထရီလျံ အတိုးနှုန်း ပေးချေမှု အပါအဝင် ၆၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။
ကြွေးမြီပေးချေမှု စုစုပေါင်းသည် ရသုံးငွေ စာရင်းဆိုင်ရာ ခန့်မှန်းငွေကြေး ရူပီး ၇ ဒသမ ၃ ထရီလျံကို ကျော်လွန် ပြီး ရူပီး ၈ ထရီလျံအထိ ရှိလာနိုင်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
ကြွေးမြီပြန်လည် ပေးသွင်းမှုသည် ဖက်ဒရယ် အခွန်ဝင်ငွေ၏ ၈၁ ရာခိုင်နှုန်းကျော်ကို ကုန်ကျစေခဲ့ပြီး ကြွေးမြီနှင့် အခွန်ငွေအကြား ကြီးမားစွာ ကွာဟနေမှုသည် နိုင်ငံ့စီးပွားရေး ပြိုလဲစေမည့် အနေအထားအထိ ရောက်ရှိလာ စေခဲ့သည်။
ပါကစ္စတန်၏ ကြည်းတပ်၊ ရေတပ်နှင့် လေတပ်သည် မတူညီသည့် နိုင်ငံများနှင့် လက်နက်ဝယ်ယူရေး၊ လက်နက် ထုတ်လုပ်ရေး သဘောတူညီချက်များကို လုပ်ဆောင်နေချိန်တွင် အများပြည်သူ့ကြွေးမြီများကြောင့် စီးပွားရေး ချွတ်ခြုံကျမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ပါကစ္စတန်ပြည်သူများ စားစရာကို လုနေကြစဉ်
ပါကစ္စတန်ကြည်းတပ်သည် တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းပြီး တိုက်ပွဲဝင် တင့်ကားများ ထုတ်လုပ်မှုကို ငွေကြေး အများအပြား ရင်းနှီးမြှုပ်နှံလျက်ရှိသည်။
ထို့ပြင် ပါကစ္စတန်ရေတပ်သည် တူရကီ၊ တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းပြီး ကင်းလှည့် သင်္ဘောများနှင့် ရေငုပ် သင်္ဘောများလည်း ထုတ်လုပ်လျက်ရှိသည်။
ထို့နောက် ပါကစ္စတန်လေတပ်ကလည်း တိုက်ခိုက်ရေး ဒရုန်းများနှင့် ဖောက်ခွဲရေး လက်နက်ခဲယမ်းများ ရရှိရေး အတွက် ငွေကြေးအများအပြား ရင်းနှီးမြှုပ်နှံလျက်ရှိသည်။
ပါကစ္စတန်တွင် စီးပွားရေး စိန်ခေါ်မှုများ ရှိနေသည့်တိုင် ပါကစ္စတန်စစ်တပ်သည် ပြီးခဲ့သည့်နှစ်က စစ်ရေး အသုံးစရိတ် ဒေါ်လာ ၈၅၂၁ သန်းအထိ သုံးစွဲခဲ့သည်။
ယခုနှစ်တွင်လည်း စီးပွားရေး အခြေအနေ မကောင်းသည့်တိုင် စစ်အသုံးစရိတ်ကို ပြီးခဲ့သည့်နှစ်ထက် ပိုမို သုံးစွဲဖွယ်ရှိနေသည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။
Source: al arabiya post
- By CNI
- Category: နိုင်ငံရေး
- Hits: 2724
CNI International News
နယူးဒေလီ၊ ဇွန်လ ၁၂
အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်က ပြီးဆုံးသွားခဲ့သော လွှတ်တော်ရွေးကောက်ပွဲ၌ လက်ရှိဝန်ကြီးချုပ် မိုဒီ (Modi)သည် အနိုင်ရရှိခဲ့သော်လည်း အနောက်နိုင်ငံများမှ မီဒီယာများသည် မိုဒီ၏ အောင်ပွဲကို အကျယ်တဝင့် ဖော်ပြခဲ့ခြင်းမရှိဘဲ မှေးမှိန်စေရန် လုပ်ဆောင်ခဲ့သည်ဟု First Post သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
အိန္ဒိယသည် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်သည်နှင့်အညီ အိန္ဒိယအထွေထွေရွေးကောက်ပွဲကို ကမ္ဘာ တစ်ဝန်းလုံးက စောင့်ကြည့်ခဲ့ပြီး နိုင်ငံတကာ သတင်းမီဒီယာများတွင် ခေါင်းကြီးပိုင်းသတင်းများအဖြစ် ဖော်ပြခဲ့ကြသည်။
သို့သော် ထိုရွေးကောက်ပွဲတွင် မိုဒီက အနိုင်ရရှိခဲ့ချိန်၌ အနောက်နိုင်ငံများမှ မီဒီယာများသည် ၎င်းတို့၏ သတင်းများကို ဘက်လိုက်ဖော်ပြသည့်ပုံစံဖြင့် ထုတ်ပြန်ခဲ့ကြသည်ဟု လေ့လာသူတစ်ဦးက ပြောသည်။

မိုဒီကို ဖော်ပြထားစဉ်
ထိုသို့ ဘက်လိုက်ဖော်ပြသည့် သတင်းများသည် ပုံစံအမျိုးမျိုးဖြစ်ပြီး မိုဒီ၏ နိုင်ငံရေး အယူအဆများမှအစ အိန္ဒိယ ဒီမိုကရေစီ၏ ရှုပ်ထွေးပွေလီမှုကို ကျော်လွန်သည့် ကျယ်ပြန့်သော ဇာတ်လမ်းများနှင့် မိုဒီ၏ လူကြိုက်များမှု ကျဆင်းကြောင်း ပုံဖော်ထားသည့် လူမှု-နိုင်ငံရေး အကြောင်းအရာများအဆုံး ပုံစံအမျိုးမျိုးဖြင့် ဖော်ပြခဲ့ကြသည်ဟု ဆိုသည်။
"မိုဒီရဲ့ ဂရုတစိုက် ပြုမှုနေထိုင်ခဲ့တဲ့ ယဉ်ကျေးပျူငှာမှုပုံစံဟာ အခုထက်ပိုပြီး အောင်မြင်နိုင်တော့မှာ မဟုတ်ပါဘူး" ဟု ရွေးကောက်ပွဲတွင် မိုဒီ အနိုင်ရပြီးနောက် The New York Times သတင်းစာက မှတ်ချက်ပြုခဲ့သည်။
ထိုသတင်းစာ၏ မျက်နှာဖုံးတွင်လည်း မိုဒီ၏ ရွေးကောက်ပွဲ အနိုင်ရမှုကို "တတိယ သက်တမ်းကာလ အကူအပြောင်းတွင် ဝန်ကြီးချုပ်အတွက် အလေးအနက် ဆင်ခြင်ရမည့် မဲရလဒ်" ဟူသည့်စာသားဖြင့် ဖော်ပြခဲ့သည်။

မိုဒီနဲ့ သူရဲ့ထောက်ခံသူတွေကို တွေ့ရစဉ်
ထိုဖော်ပြချက်သည် ယခုနှစ် ရွေးကောက်ပွဲ၌ မိုဒီ၏ BJP ပါတီက ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲကကဲ့သို့ လွှတ်တော် တွင် နေရာအများစု အနိုင်မရခဲ့ဘဲ မဟာမိတ်ပါတီများကို မှီခိုခဲ့ရသည့် အခြေအနေကို ရည်ညွှန်းဖော်ပြခဲ့ပုံ ပေါ်သည်။
ဝါရှင်တန်ပို့စ် သတင်းစာတွင်လည်း အိန္ဒိယ အထွေထွေရွေးကောက်ပွဲရလဒ်သည် "ဝန်ကြီးချုပ်မိုဒီ ခေါင်းဆောင်မှု အပိုင်း၏ ထင်မှတ်မထားသည့် ငြင်းပယ်ခံရမှု" ဟု ဖော်ပြခဲ့ပြီး "အံအားသင့်ဖွယ် မဲရလဒ်လျော့နည်းမှု" ဟုလည်း ဖော်ပြခဲ့သည်။
ထို့ပြင် ဗြိတိန်၏ The Telegraph ၊ The Guardian ၊ Financial Times နှင့် The Economist တို့ အပါအဝင် အခြား နာမည်ကြီး နိုင်ငံတကာသတင်း မီဒီယာများကလည်း မိုဒီ၏ ရွေးကောက်ပွဲအနိုင်ရရှိမှုကို အပြုသဘော ဆောင်သည့် ရှုထောင့်ထက် ဝေဖန်သည့်ရှုထောင့်များမှ ဖော်ပြခဲ့ကြသည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။
Source: firstpost
- By CNI
- Category: နိုင်ငံရေး
- Hits: 3167
CNI International News
ဘန်ကောက်၊ ဇွန်လ ၁၂
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) သည် တော်ဝင်အသရေဖျက်မှု စွဲချက်ဖြင့် စွပ်စွဲပြစ်တင်ခံရမှုကို ရှောင်လွှဲရန် ကြိုပမ်းမှုတစ်ခုအဖြစ် သက်ဆင်၏ ရှေ့နေများသည် ထိုစွပ်စွဲချက်ကို ပြန်လည် သုံးသပ်ပေးရန် ပြီးခဲ့သည့်သီတင်းပတ်က အစိုးရရှေ့နေချုပ်အား အသနားခံစာ တင်ခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။
သက်ဆင်သည် ဇွန်လ ၁၈ ရက်တွင် ပြစ်မှုဆိုင်ရာတရားရုံး၌ ကြားနာစစ်ဆေးခံရမည်ဖြစ်သည်။
သူသည် ယခင်က ကြားနာစစ်ဆေးမှု ခံယူရန် သတ်မှတ်ထားသည့် ရက်ဖြစ်သော မေလ ၂၉ ရက်က တရားခွင်သို့ လာရောက်နိုင်ခြင်းမရှိခဲ့ဘဲ ထိုအချိန်က COVID-19 ကူးစက်ခံရထားကြောင်း သက်ဆင်က ထွက်ဆိုခဲ့သည်။
သက်ဆင်သည် ၂၀၁၅ ခုနှစ်က တောင်ကိုရီးယား မီဒီယာတစ်ခုနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ထိုင်းဘုရင် စနစ်အား ဝေဖန်စော်ကားသည်ဟု ယူဆရသည့် မှတ်ချက်စကားများ ပြောကြားမှု၊ ကွန်ပျူတာ ရာဇဝတ်မှုအက် ဥပဒေကို ချိုးဖောက်မှုတို့ဖြင့် တရားစွဲဆိုရန် အစိုးရရှေ့နေချုပ် အမ်နက် ခက်ချာရွန်နက် (Amnat Chetcharoenrak) က ဆုံးဖြတ်ခဲ့သည်။

ထိုင်းဘုရင်မိသားစုကို တွေ့ရစဉ်
သက်ဆင်၏ ရှေ့နေများက တင်သွင်းသည့် အသနားခံစာတွင် ထိုအမှုကို စုံစမ်းစစ်ဆေးသော အစိုးရရှေ့နေချုပ် ဟောင်း တရာကူလ် ဝင်နစ်ချိုင်ပက် (Trakul Winitchaipark) ဦးဆောင်ခဲ့သည့် စုံစမ်းစစ်ဆေးရေးကော်မတီ သည် လွတ်လပ်မှု မရှိကြောင်းနှင့် ၎င်းအား တရားစွဲဆိုရန် ယခင်စစ်အစိုးရ၏ ခြိမ်းခြောက်အကျပ်ကိုင်မှုကို ခံခဲ့ရကြောင်း သက်ဆင်က ထွက်ဆိုထားသည်။
ဇွန်လ ၈ ရက်ကလည်း သက်ဆင်က သူသည် တော်ဝင်အသရေဖျက်မှုဥပဒေနှင့် ပတ်သက်ပြီး လွတ်လပ်မှုမရှိ သည့် စုံစမ်းစစ်ဆေးရေး အရာရှိများ၏ တရားမျှတမှုမရှိသော တရားစွဲဆိုမှုကို ခံခဲ့ရခြင်းဖြစ်ကြောင်း မီဒီယာ များကို ပြောကြားခဲ့သည်။
ထိုစွဲချက်သည် အဆိပ်ပင်မှ အဆိပ်သီးတစ်လုံး ဖြစ်သည်ဟု သက်ဆင်က ခိုင်းနှိုင်းပြောဆိုခဲ့သည်။
ဇွန်လ ၁၁ ရက်က အစိုးရရှေ့နေချုပ်ဟောင်း တရာကူလ်ကမူ သက်ဆင်၏ ပြောကြားချက်များကို ငြင်းဆိုခဲ့သည်။
"ယောကျ်ားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့အညီ အတည်ပြုရမယ်ဆိုရင် အစိုးရရှေ့နေချုပ်အဖြစ် ကျနော် တာဝန် ထမ်းဆောင်ခဲ့ချိန်က ပြစ်မှုဆိုင်ရာ လုပ်ထုံလုပ်နည်းဥပဒေရဲ့ ပိုဒ်ခွဲ ၂၀ နဲ့အညီ စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်ခဲ့ တာပါ။ ဘယ်သူကမှ ကျနော့်ကို ခြိမ်းခြောက် အကျပ်ကိုင်တာမျိုး မရှိခဲ့ပါဘူး" ဟု တရာကူလ်က Facebook တွင် ရေးသားခဲ့သည်။
Source: Thai PBS World
- By CNI
- Category: နိုင်ငံရေး
- Hits: 1865
CNI International News
အစ္စလာမ်မာဘက်၊ ဇွန်လ ၁၁
ပါကစ္စတန်တွင် စည်းကမ်းထိန်းချုပ်မှု ကင်းမဲ့သည့် လက်နက်ကုန်ကူးမှုများကြောင့် နိုင်ငံအတွင်း လုံခြုံရေး အခြေအနေနှင့်ပတ်သက်ပြီး စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်ဟု Khaama သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့ သည်။
ပါကစ္စတန်တွင် စက်သေနတ် အသေးစားဖြစ်သည့် SMG အမျိုးအစား သေနတ်များနှင့် အခြားတားမြစ်ထားသည့် လက်နက်များအတွက် လိုင်စင်ပေါင်း ၁၁၇,၄၇၉ ခုအထိ အံ့အားသင့်ဖွယ် ထုတ်ပေးထားခဲ့ပြီး ထိုလက်နက်များထဲမှ ၁၁၄,၉၄၆ လက်သည် ပုဂ္ဂလိကလက်ထဲတွင် ရှိနေသည်။
ထိုအချက်အလက်ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၅ ရက်က ပါကစ္စတန်တရားရုံးချုပ်တွင် ကြားနာစစ်ဆေးမှုအတွင်း ဖက်ဒရယ်အစိုးရက ထုတ်ဖော် ပြောဆိုခဲ့ခြင်းဖြစ်ကာ ထိုကဲ့သို့ အန္တရာယ်များသည့် လက်နက်များ ပျံ့နှံ့နေမှု အခြေအနေကို စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။
တရားရုံးချုပ်၏ တရားသူကြီးချုပ် ကာဇီ ဖာအက်ဇ် အစ္စာ (Qazi Faez Isa) ကလည်း ထိုလက်နက်များကို အများ ပြည်သူများ၏ လက်ထဲတွင် ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနေမှုအား အလွန်စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။
မေလ ၂၁ ရက်က အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနက လက်နက်ကုန်ကူးသူ ၂ ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့ သိမ်းဆည်းထားသည့် လိုင်စင်မဲ့လက်နက်များကို သိမ်းဆည်းရမိခဲ့သည်။
ထိုလက်နက်များကို ခိုင်ဘာ ပက်ခ်ထန်ခါဝါ (Khyber Pakhtunkhwa) ပြည်နယ်၊ ဒါရာအဒမ်ခဲလ် (Darra Adam Khel) မြို့မှ ကရာချီ (Karachi) မြို့သို့ မှောင်ခိုကူးခဲ့ခြင်းဖြစ်သည်ဟု ဖမ်းဆီးခံရသူ ၂ ဦးက ထွက်ဆိုခဲ့သည်။

လက်နက်ခဲယမ်းများကိုတွေ့ရစဉ်
ထိုလက်နက်များကို ပိုင်ဆိုင်သည့် ခိုင်ဘာပက်ခ်ထန်ခါဝါပြည်နယ်ရှိ ကုမ္ပဏီများသည် ၎င်းတို့၏ ဖောက်သည် များကို အွန်လိုင်းမှတဆင့် လက်နက်များ ရောင်းချခဲ့ခြင်းဖြစ်သည်ဟု သံသယရှိသူ ၂ ဦးက ထွက်ဆိုခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဧပြီ ၈ ရက်ကလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနသည် ကရာချီမြို့သို့ လက်နက်မှောင်ခို ကူးမှုတွင် ပါဝင်ပတ်သက်သည့် ခိုင်ဘာပက်ခ်ထန်ခါဝါရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကို ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံခဲ့ရသည့် ရဲအရာရှိသည် လက်နက်မှောင်ခိုကူးသည့် ဂိုဏ်းများနှင့် ပတ်သက်မှုရှိနေပြီး ကျောင်းသားများ အသုံးပြုသည့် လွယ်အိတ်များထဲတွင် လက်နက်ငယ်များထည့််ပြီး သိမ်းဆီးထားခဲ့သည်ကို အာဏာပိုင်များက တွေ့ရှိခဲ့သည်။
ထို့ကြောင့် ပါကစ္စတန်တွင် လိုင်စင်မဲ့ သေနတ်များ ပြန့်နှံ့နေမှုနှင့် အချို့လက်နက် မှောင်ခိုကူးမှုများတွင် ရဲအရာရှိများပင် ပါဝင်နေသဖြင့် အများပြည်သူလုံခြုံရေးအတွက် အလွန်စိုးရိမ်စရာ ဖြစ်သည်ဟု ကျွမ်းကျင် သူများက ပြောကြားခဲ့သည်။
Source: Khaama
- By CNI
- Category: နိုင်ငံရေး
- Hits: 10600
CNI International News
ပဲရစ်၊ ဇွန်လ ၁၁
ပြင်သစ်သမ္မတ မက်ခရွန် (Emmanuel Macron) က ပါလီမန်ကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး လွှတ်တော်ရွေးကောက်ပွဲအသစ်ကို ပြုလုပ်ရန် တိုက်တွန်းခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ဥရောပလွှတ်တော် ရွေးကောက်ပွဲတွင် မက်ခရွန်၏ မဟာမိတ်များသည် အတိုက်အခံဖြစ်သည့် မာရိန်း လီပန် (Marine Le Pen) ၏ လက်ယာစွန်း RN ပါတီကို အပြတ်အသတ် ရှုံးနိမ့်ခဲ့ပြီးနောက် မက်ခရွန်၏ ကြေညာချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ဇွန်လ ၉ ရက်က ဥရောပလွှတ်တော် ရွေးကောက်ပွဲ ရလဒ်များသည် ၎င်း၏ အစိုးရအဖွဲ့အတွက် စိတ်ပျက်စရာ အခြေအနေဖြစ်ခဲ့ပြီး လျစ်လျူမရှုနိုင်သည့် အနေအထားဖြစ်ကြောင်း မက်ခရွန်က ပြောကြားခဲ့သည်။
ထို့ပြင် ၎င်း၏ နိုင်ငံတော်မိန့်ခွန်းအတွင်း မက်ခရွန်က ဇွန်လ ၃၀ ရက်တွင် အောက်လွှတ်တော် ရွေးကောက်ပွဲကို ပြုလုပ်ရန်နှင့် ဇူလိုင် ၇ ရက်၌ ဒုတိယအကျော့ ရွေးကောက်ပွဲအား ပြုလုပ်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
"အခုအချိန်က ရှင်းရှင်းလင်းလင်း လုပ်ရမယ့် အချိန်ဖြစ်ပါတယ်။ ခင်ဗျားတို့ရဲ့ အသံတွေ၊ ခင်ဗျားတို့ရဲ့ စိုးရိမ်ပူပန်မှု တွေကို ကျနော် ကြားခဲ့ရပါတယ်။ ဒါကို ကျနော် ပြန်မဖြေဘဲ မနေပါဘူး။ ပြင်သစ်ဟာ တည်ငြိမ်အေးချမ်းပြီး သဟဇာတ ဖြစ်မှုအတွက် ရှင်းလင်းတဲ့ လုပ်ဆောင်ချက်တစ်ခု လိုအပ်ပါတယ်" ဟု မက်ခရွန်က ပြောကြားခဲ့သည်။

အတိုက်အခံပါတီက လီပန်ကို တွေ့ရစဉ်
လက်ယာစွန်းပါတီများသည် ဥရောပတိုက် တစ်တိုက်လုံးတွင် တိုးတက်မှုရရှိနေကြောင်း၊ ထိုအခြေအနေကြောင့် မိမိအနေဖြင့် ရာထူးမှ မနုတ်ထွက်နိုင်သေးကြောင်း ၎င်းက ဆိုသည်။
ဥရောပရွေးကောက်ပွဲတွင် လီပန်၏ NR ပါတီသည် မဲရလဒ် ၃၂ ရာခိုင်နှုန်းရရှိခဲ့ပြီး မဲရလဒ် ၁၅ ရာခိုင်နှုန်းသာ ရရှိခဲ့သည့် မက်ခရွန်၏ Renaissance ပါတီထက် မဲနှစ်ဆကျော် ပိုမိုများပြားခဲ့သည်။
မက်ခရွန်၏ မဟာမိတ်ဖြစ်သည့် ဆိုရှယ်လစ်ပါတီသည် မဲရလဒ် ၁၄ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။
လီပန်၏ ပါတီသည် ၂၀၁၉ ခုနှစ်က နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့သည့် ဥရောပသမဂ္ဂ ရွေးကောက်ပွဲအတွင်းက ရရှိခဲ့သည့် မဲရမှတ်ထက် ၁၀ မှတ် ပိုမိုမြင့်တက်ခဲ့ကာ သမ္မတသက်တမ်းပြည့်ရန် သုံးနှစ်သာလိုတော့သည့် မက်ခရွန်၏ နိုင်ငံရေးအင်အားစုသည် အားနည်းလာမည့် အခြေအနေတွင် ရှိနေသည်။
မက်ခရွန်၏ ကြေညာချက် ထွက်ပေါ်လာခဲ့ပြီးနောက် လီပန်က ပြင်သစ်နိုင်ငံအနေဖြင့် လာမည့် ရွေးကောက်ပွဲ များတွင် မိမိတို့အား ယုံကြည်ခဲ့မည်ဆိုပါက အာဏာကို ရယူရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
