- By CNI
- Category: နိုင်ငံရေး
- Hits: 1469
CNI International News
စင်္ကာပူ၊ ဇွန်လ ၄
တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့်ထိပ်တိုက် တွေ့နေချိန်၌ ဖိလစ်ပိုင်နိုင်ငံသားတစ်ဦး သေဆုံးခဲ့မည်ဆိုပါက စစ်ပွဲ၏လုပ်ရပ်တစ်ခုအဖြစ် ယူဆပြီး သင့်တော်သလို တုန့်ပြန်သွားမည်ဟု ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr) က ပြောကြားခဲ့သဖြင့် တောင်တရုတ်ပင်လယ်တွင် စစ်ရေးအကျပ်အတည်း တစ်ခုဖြစ်လာနိုင်သည်ဟု Foreign Policy သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
မားကို့စ်သည် စင်္ကာပူနိုင်ငံတွင် ပြုလုပ်သည့် ရှန်ဂရီလာ ဆွေးနွေးပွဲ (Shangri-La Dialogue)၌ အမေရိကန်နှင့် ဖိလစ်ပိုင် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး မေးမြန်းခံရချိန်တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
အမေရိကန်စစ်တပ်၏ ထိပ်သီးအရာရှိ တစ်ဦးကလည်း တောင်တရုတ်ပင်လယ်တွင် စစ်ရေးအရ ထိပ်တိုက် တွေ့နိုင်မည့် အခြေအနေများကို မတ်လအတွင်းက သတိပေးခဲ့သည်။

ဖိလစ်ပိုင်ကမ်းခြေစောင့်ရေတပ် သင်္ဘောကိုတွေ့ရစဉ်
ထို့ကြောင့် တောင်တရုတ်ပင်လယ်တွင် လက်ရှိ အနေအထားအတိုင်းသာ တင်းမာမှုများ တဖြည်းဖြည်း မြင့်တက် လာမည်ဆိုပါက စစ်ရေးအရ အကျပ်အတည်းတစ်ခု ဖြစ်လာနိုင်သည့် အခြေအနေသို့ ဦးတည်သွားနိုင်ကြောင်း မားကို့စ်၏ မှတ်ချက်များက မီးမောင်းထိုးပြသရာ ရောက်ခဲ့သည်။
ဒေသတွင်း ခြိမ်းခြောက်မှုနှင့် အဟန့်အတားများကို လုပ်ဆောင်ရန် ရည်ရွယ်ခဲ့သည့် အမေရိကန်၏ လုပ်ဆောင်ချက်များသည် တရုတ်၏ လှုပ်ရှားမှုများကို ရပ်တန့်နိုင်ခဲ့ခြင်းမရှိပေ။
ထို့ပြင် ဖိလစ်ပိုင်နိုင်ငံသည်လည်း တောင်တရုတ်ပင်လယ်တွင် ၎င်း၏ နယ်နိမိတ်ပိုင်ဆိုင်မှုကို တရားဝင်မှုရှိစေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသော်လည်း ရှင်းလင်းတိကျသည့် မဟာဗျူဟာမရှိသဖြင့် တရုတ်၏ လှုပ်ရှားမှုများကို ရဲဆေးတင်ပေးရာ ရောက်နေသည်။

တရုတ်ရေတပ်က ဖိလစ်ပိုင်စက်လှေကို မီးသတ်ပိုက်နဲ့ထိုးနေစဉ်
တောင်တရုတ်ပင်လယ်တွင် အနိုင်ကျင့်သည့် လုပ်ဆောင်မှုများဖြစ်သော သင်္ဘောချင်း ဝင်တိုက်ခြင်း၊ မီးသတ်ပိုက် များဖြင့် ထိုးခြင်း၊ စစ်ဘက်သုံး လေဆာရောင်ခြည်များဖြင့်ထိုးခြင်း အစရှိသည့် လုပ်ဆောင်မှုများကြောင့် ဖိလစ်ပိုင် ရေတပ်စစ်မှုထမ်းများပင် ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။
ထို့ပြင် တရုတ်သည် မကြာသေးမီကလည်း တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်နက်များကို ပိုင်ဆိုင်ကြောင်း ကြေညာထားသည့် ရေပြင်နယ်နိမိတ်များအတွင်းသို့ ဝင်ရောက်သည်ဟု သံသယရှိသူ မည်သူမဆိုကို ဖမ်းဆီးရန် အမိန့်ထုတ်ပြန်ခဲ့သဖြင့် လာမည့်လများအတွင်း အန္တရာယ်များသည့် ဖြစ်စဉ်များ ပိုမိုဖြစ်ပွားလာနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။
တရုတ်သည် တောင်တရုတ်ပင်လယ်အတွင်းရှိ နယ်နိမိတ်အားလုံးကို ပိုင်ဆိုင်ကြောင်း ကြေညာထားသလို ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်၊ အင်ဒိုနီးရှားနိုင်ငံတို့နှင့် နယ်နိမိတ်ပိုင်ဆိုင်မှုများ အငြင်းပွား လျက်ရှိသည်။
Source: Foreign Policy
- By CNI
- Category: နိုင်ငံရေး
- Hits: 1204
CNI International News
အစ္စလာမ်မာဘက် ၊ ဇွန်လ ၄
ပါကစ္စတန်က ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသ (PoK) နှင့်ပတ်သက်ပြီး ပါကစ္စတန်အစိုးရက စီရင်ပိုင်ခွင့် မရှိကြောင်း အစ္စလာမ်မာဘက် (Islamabad) အထက်တရားရုံးတွင် အံ့အားသင့်ဖွယ် ဝန်ခံခဲ့သည်ဟု Khalsa Vox သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
မေလ ၁၅ ရက်က ပါကစ္စတန် ထောက်လှမ်းရေး အေဂျင်စီများ၏ အတင်းအဓမ္မ ဖမ်းဆီးခံခဲ့ရသည့် ကဗျာဆရာ လည်းဖြစ် ဂျာနယ်လစ်တစ်ဦးလည်းဖြစ်သည့် အာမက် ဖာဟက် ရှား (Ahmed Farhad Shah)၏ အမှုကို ကြားနာ စစ်ဆေးမှုအတွင်း ထိုကဲ့သို့ ဝန်ခံခဲ့ခြင်းဖြစ်သည်။
ပါကစ္စတန်၏ သိမ်းပိုက်မှုအောက်တွင် နေထိုင်နေရသည့် ကက်ရှ်မီးယားဒေသခံများ၏ လူ့အခွင့်အရေးများ အတွက် လှုပ်ရှားနေသော ဖာဟက်ရှား၏ ဖြစ်စဉ်သည် ပထဝီနိုင်ငံရေး တင်းမာမှုများအောက်မှ ဖိနှိပ်မှုများကို မီးမောင်းထိုးပြသရာ ရောက်ခဲ့သည်။
၎င်း၏ ဖမ်းဆီးခံရမှုသည် ပါကစ္စတန်ထောက်လှမ်းရေးယန္တရား၏ ရက်စက်သည့် နည်းဗျူဟာများကိုသာမကဘဲ ကက်ရှ်မီးယားပဋိပက္ခကို ရိုးသားမှုမရှိဘဲ ဖုံးကွယ်ထားသည့် အခြေအနေကိုလည်း ဖော်ပြရာရောက်ခဲ့သည်။
ထိုအမှုကို ကြီးကြပ်ကိုင်တွယ်ရသည့် တရားသူကြီး မိုရှင် အခ်တာ ကာယာနီ (Mohsin Akhtar Kayani) က တရားရုံးတွင် ဖာဟက်ရှား တရားခွင် တက်ရောက်ပိုင်ခွင့်အား တောင်းဆိုခဲ့ပြီး အစိုးရရှေ့နေချုပ်က ကက်ရှ်မီးယား ဒေသ(PoK)သည် ပါကစ္စတန်၏ စီရင်ပိုင်ခွင့်ကို ကျော်လွန်နေသည့် ပြည်ပနယ်နိမိတ်ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

ပါကစ္စတန်တရားရုံးကို တွေ့ရစဉ်
ထိုထွက်ဆိုချက်သည် ကက်ရှ်မီးယားဒေသအား ပိုင်ဆိုင်ကြောင်း ကြေညာပြီး တရားမဝင် သိမ်းပိုက်ထားသည့် ပါကစ္စတန်၏ လုပ်ဆောင်မှုအပေါ် ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သည်။
လက်ရှိမှာတော့ ထိုထွက်ဆိုချက်သည် မေးခွန်း အများအပြားကို ပေါ်ပေါက်စေခဲ့ပြီး PoK သည် ပြည်ပနယ်နိမိတ် ဖြစ်သည်မှာ မှန်ကန်သည်ဆိုပါက ပါကစ္စတန်အနေဖြင့် ၎င်း၏ စစ်တပ်နှင့် အရံတပ်များကို PoK ဒေသတွင် မည်ကဲ့သို့ တပ်ဖြန့်ပိုင်ခွင့် ရှိသနည်းဆိုသည့်အချက်ကို မေးခွန်းများ ထွက်ပေါ်ခဲ့သည်။
တက်ကြွလှုပ်ရှားသူ ဖာဟက်ရှား၏ တစ်ဖက်သတ် ဖမ်းဆီးခံရမှုသည် PoK ဒေသအတွင်း အစိုးရအတိုက်အခံများ ကို ဖိနှိပ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဆိုသည့် အချက်ကို ပိုမိုပေါ်လွင်လာစေခဲ့သည်ဟု လေ့လာစောင့်ကြည့်သူများက ပြောကြားခဲ့သည်။
လောလောဆယ်တွင် နိုင်ငံတကာ အသိုင်းအဝိုင်းက ဖာဟက်ရှား၏ အမှုနှင့် PoK ဒေသ၏ အခြေအနေကို လေ့လာစောင့်ကြည့်နေသဖြင့် ပါကစ္စတန်အာဏာပိုင်များအနေဖြင့် ကက်ရှ်မီးယားပဋိပက္ခကို ငြိမ်းချမ်းသည့် နည်းလမ်းဖြင့် အဖြေရှာရန် လိုအပ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: Khalsa Vox
- By CNI
- Category: နိုင်ငံရေး
- Hits: 1265
CNI International News
စင်္ကာပူ၊ ဇွန်လ ၃
တရုတ်စစ်တပ်သည် ထိုင်ဝမ်၏ လွတ်လပ်ရေးကို အင်အားသုံးပြီး ရပ်တန့်ရန် အဆင်သင့်ရှိကြောင်း တရုတ် ကာကွယ်ရေးဝန်ကြီး တုံးကျင်း (Dong Jun) က ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ထိုင်ဝမ်သည် တရုတ်၏ အခရာအကျဆုံး အရေးကိစ္စဖြစ်သော်လည်း ထိုင်ဝမ်၏ အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP)သည် ခွဲထွက်ရေးကိုသာ ဆက်လက်လုပ်ဆောင်နေပြီး တရုတ်၏ ကိုယ်ပိုင်လက္ခဏာကို ပယ်ဖျက်နေကြောင်း တုံးကျင်းမှ စင်္ကာပူနိုင်ငံတွင် ပြုလုပ်သည့် ရှန်ဂရီလာ ဆွေးနွေးပွဲ (Shangri-La Dialogue) ၌ ဇွန်လ ၂ ရက်က မိန့်ခွန်းပြောကြားခဲ့ရာစဉ် ပြောကြားခဲ့သည်။
တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် ကြေညာထားပြီး ထိုင်ဝမ်သမ္မတသစ် လိုင်ချင်တေ (Lai Ching-te) ၏ မေလ ၂၀ ရက် ကျမ်းသစ္စာကျိန်ဆိုမှုကို ဒေါသထွက်ခဲ့ကာ ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေးလေ့ကျင့် မှုများကို ပြုလုပ်ခဲ့သည်။
ထို့ပြင် တရုတ်သည် လိုင်ကို ခွဲထွက်ရေးဝါဒီ တစ်ဦးအဖြစ် သတ်မှတ်ထားသည်။

အမေရိကန်နဲ့ တရုတ် တွေ့ဆုံ ဆွေးနွေးစဉ်
“မကြာသေးခင်က အဲဒီလို ခွဲထွက်ရေးဝါဒီတွေရဲ့ တယူသန် ပြောဆိုချက်တွေဟာ တရုတ်နိုင်ငံတော်နဲ့ သူတို့ရဲ့ ဘိုးဘေးဘီဘင်တွေကို သစ္စာဖောက်နေတာ ဖြစ်ပါတယ်။ သူတို့တွေဟာ သမိုင်းမှာ အရှက်ရစရာကောင်းတဲ့ လူတွေအဖြစ် သမိုင်းတွင် သွားပါလိမ့်မယ်”ဟု တုံးကျင်းက ပြောကြားခဲ့သည်။
ထို့နောက် တရုတ်သည် ထိုင်ဝမ်နှင့် ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရန် လုပ်ဆောင်မည်ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
“တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ အမိမြေနဲ့ ပြန်လည်ပေါင်းစည်းရေးကို ကာကွယ်ရာမှာ အကြမ်းခံပြီး အင်အားကြီးမားတဲ့ တပ်ဖွဲ့အဖြစ် အမြဲတမ်း ရှိနေခဲ့ပါတယ်။ ပြီးတော့ ထိုင်ဝမ်ရဲ့ လွတ်လပ်ရေး လှုပ်ရှားမှုနဲ့ အဲဒီလှုပ်ရှားမှုတွေ မအောင်မြင်အောင် တားဆီးဖို့ အင်အားသုံးပြီး ပြတ်ပြတ်သားသား ဆောင်ရွက် သွားမှာပါ” ဟု တုံးကျင်းက ပြောကြားခဲ့သည်။
ထို့ပြင် ထိုင်ဝမ်ကို တရုတ်နှင့် ခွဲခြားမည့် မည်သူမဆိုသည် အစိတ်စိတ်အမွှာမွှာ ပြိုကွဲလိမ့်မည်ဖြစ်ပြီး ပျက်စီး ဆုံရှုံးမှုနှင့် ရင်ဆိုင်ရမည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးက ပြောသည်။

ရှန်ဂရီလာ ဆွေးနွေးပွဲကို တွေ့ရစဉ်
တုံးကျင်း၏ ပြောကြားချက်ကို ထိုင်ဝမ်အစိုးရက တုန့်ပြန်ခဲ့ရာတွင် တုံးကျင်း၏ မှတ်ချက်စကားများသည် ရန်လိုပြီး ယူတ္တိမရှိသည့်အတွက် အလွန်ဝမ်းနည်းမိကြောင်း ပြောကြားခဲ့သည်။
တုံးကျင်းသည် ရှန်ဂရီလာ ဆွေးနွေးပွဲတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) နှင့် တစ်နာရီကျော်ကြာ သီးသန့်တွေ့ဆုံခဲ့ပြီးနောက် ထိုင်ဝမ်နှင့်ပတ်သက်သည့် မှတ်ချက်စကားများကို ပြောကြား ခဲ့ခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦး၏ အစည်းအဝေးအပြီးတွင် အော်စတင်က တရုတ်နှင့် အမေရိကန်စစ်တပ်၏ တပ်မှူးများအကြား တယ်လီဖုန်း ဆက်သွယ်ရေးလမ်းကြောင်းများသည် လာမည့်လများအတွင်း ပြန်လည်စတင် လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တရုတ်ကလည်း နှစ်နိုင်ငံအကြား တည်ငြိမ်သည့် လုံခြုံရေးဆက်ဆံမှုများကို ကြိုဆိုဂုဏ်ပြုခဲ့သည်။
Source: Al Jazeera
- By CNI
- Category: နိုင်ငံရေး
- Hits: 711
CNI International News
စင်္ကာပူ၊ ဇွန်လ ၃
ဆွစ်ဇာလန်နိုင်ငံတွင် ဇွန်လ ၁၅ ရက်နှင့် ၁၆ ရက်တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်ကြရန် ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy)က ဇွန်လ ၂ ရက်၌ ကမ္ဘာ့နိုင်ငံများကို တိုက်တွန်းခဲ့ သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ဇာလန်းစကီးသည် စင်္ကာပူနိုင်ငံ၌ ပြုလုပ်သည့် ရှန်ဂရီလာ ဆွေးနွေးပွဲ (Shangri-La Dialogur) တွင် မိန့်ခွန်း ပြောကြားခဲ့ချိန်က ရုရှားနှင့်ဖြစ်ပွားနေသည့် စစ်ပွဲမှာ ယူကရိန်း၏ အားထုတ်ကြိုးပမ်းမှုများကို ထိန်းသိမ်းရန် သံတမန်ရေးရာ အခန်းကဏ္ဍကို အလေးထားပြောဆိုခဲ့သည်။
“သိပ်မကြာသေးခင် အချိန်ကာလတစ်ခုမှာပဲ ကမ္ဘာကြီးဟာ အစိတ်စိတ် ပြိုကွဲနိုင်ခြေရှိတဲ့ အနေအထားကို မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် နိုင်ငံအများစုဟာလည်း ပူးပေါင်းဆောင်ရွက်ချင်တဲ့ စစ်မှန်တဲ့ ဆန္ဒတွေရှိတယ် ဆိုတာကို ကျနော်တို့ မြင်တွေ့ခဲ့ရပါတယ်”ဟု ဇာလန်းစကီးက ဒေသတွင်း လုံခြုံရေးဆွေးနွေးပွဲသို့ တက်ရောက် လာသည့် ရာနှင့်ချီသော ပြည်ပအစိုးရအရာရှိများနှင့် ကိုယ်စားလှယ်များကို ပြောကြားခဲ့သည်။

ယူကရိန်းစစ်သားကို တွေ့ရစဉ်
ရုရှားက ခေါ်ဆောင်သွားသည့် ယူကရိန်း ကလေးငယ်များကို ကယ်တင်နေချိန်တွင် ရုရှား၏ တိုက်ခိုက်မှုများ ကြားမှ ယူကရိန်း၏ ကာကွယ်ရေး စွမ်းဆောင်ရည်များကို ထိန်းသိမ်းရာ၌ နိုင်ငံတကာ၏ အထောက်အကူသည် အလွန်အရေးပါခဲ့ကြောင်း ၎င်းက ပြောသည်။
“သံတမန်ဆက်ဆံရေးဟာ လူ့အသက်တွေကို ကာကွယ်ဖို့ ပိုပြီး အရေးပါလာခဲ့ပါတယ်။ ကျနော်တို့ဟာ ကျနော် တို့ရဲ့ မိတ်ဖက်နိုင်ငံတွေနဲ့အတူ စည်းမျဉ်းအခြေပြု ကမ္ဘာ့အခင်းအကျင်းကို ကာကွယ်နေကြပါတယ်” ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။
“ကျနော်တို့ဟာ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးညီလာခံကို ပြုလုပ်ဖို့ပြင်ဆင်နေပါတယ်။ အဲဒါကြောင့် နိုင်ငံတိုင်းနဲ့ နိုင်ငံခေါင်းဆောင်တိုင်းဟာ ငြိမ်းချမ်းရေးအတွက် သူတို့ရဲ့ ကတိကဝတ်တွေကို အဲဒီညီလာခံမှာ ပြသနိုင်ပါလိမ့် မယ်”ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။
ထိုညီလာခံကို ပါဝင်တက်ရောက်ရန် အရေးကြီးကြောင်း ၎င်းက ထပ်လောင်း အဆိုပြုခဲ့သည်။
သို့သော် အချို့ ကမ္ဘာ့ခေါင်းဆောင်များသည် ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်မည် ဟုတ်/မဟုတ်ကို အတည် မပြုသေးသည့်အတွက် စိတ်ပျက်ရကြောင်းနှင့် ငြိမ်းချမ်းရေးညီလာခံကို တားဆီးရန် ကြိုးပမ်းမှုများပင် ရှိနေ ကြောင်း ယူကရိန်းသမ္မတက ပြောသည်။

ရုရှားစစ်တပ်ကိုတွေ့ရစဉ်
တရုတ်နိုင်ငံသည် ထိုငြိမ်းချမ်းရေးညီလာခံကို မတက်ရောက်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ဇာလန်းစကီး၏ မှတ်ချက် စကားများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ထိုငြိမ်းချမ်းရေးညီလာခံတွင် ရုရှားကို ပါဝင်ခွင့်မပြုခြင်းသည် တရုတ်၏ တောင်းဆိုချက်နှင့် ဆန့်ကျင်နေကြောင်း၊ ငြိမ်းချမ်းရေးညီလာခံ၌ ယူကရိန်းသာမက ရုရှားလည်း ပါဝင်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မောင်းနင်း (Mao Ning) က မေလ ၃၁ ရက်တွင် ပြောကြားခဲ့သည်။
လတ်တလောတွင် ယူကရိန်းသည် ရုရှား၏ ပြင်းထန်သည့် ဗုံးကြဲတိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရပြီး ဇွန်လ ၂ ရက် ညပိုင်းက ရုရှား၏ ဒုံးကျည်များနှင့် ဒရုန်းအစင်းပေါင်း ၁၀၀ ခန့်ဖြင့် တိုက်ခိုက်ခံရမှုကြောင့် ယူကရိန်း၏ လျှပ်စစ် ဓာတ်အားလိုင်းများ ထိခိုက်ခဲ့ကာ လူ ၁၉ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟု ယူကရိန်းအရာရှိများက ပြောကြားခဲ့ သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1577
CNI International News
ဘေးကျင်း၊ ဇွန် ၃
ထိုင်ဝမ်သမ္မတသစ် လိုင်ချင်တေ(Lai Ching-te) ကို တရုတ်က ဖိအားပေး သတိပေးနေစဉ် အမေရိကန်က ထိုင်ဝမ်အားကာကွယ်ရန် ကြိုးပမ်းလျက်ရှိနေသည်ဟု ဟောင်ကောင်ပို့စ်မှ ဖော်ပြခဲ့သည်။
တရုတ်သည် ထိုင်ဝမ်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုသည့် မေလ ၂၄ ရက်က ထိုင်ဝမ်ကျွန်းအနီးသို့ ဗုံးကြဲ လေယာဉ်များ စေလွှတ်ခဲ့ပြီး ထိုင်ဝမ်အပေါ် ဖိအားများကို မြှင့်တင်ခဲ့သည်။
မေလ ၂၃ ရက်ကလည်း တရုတ်သည် ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်တွင် စစ်သင်္ဘော ၁၉ စင်း၊ မရိန်း ရဲတပ်ဖွဲ့ သင်္ဘော ၁၆ စင်း၊ စစ်လေယာဉ် ၄၉ စင်း စေလွှတ်ခဲ့ပြီး စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။
ထိုလေယာဉ်များထဲမှ ၃၅ စင်းသည် ထိုင်ဝမ်ရေလက်ကြား၏ အလယ်စည်းကို ဖြတ်ကျော်ပျံသန်းခဲ့သည်။
တရုတ်ကမူ ထိုင်ဝမ်အား သိမ်းပိုက်ရန် ၎င်း၏ စွမ်းဆောင်ရည်များကို စမ်းသပ်သည့် အနေဖြင့် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်သမ္မတသစ် လိုင်ချင်တေကို တွေ့ရစဉ်
တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) သည် ပြီးခဲ့သည့်နှစ်က ၂၀၂၇ ခုနှစ်အတွင်း လုပ်ဆောင်စရာ ကိစ္စများ အတွက် အသင့်ပြင်ထားရန် စစ်တပ်ကို ညွှန်ကြားခဲ့သည်။
ထိုညွှန်ကြားချက်သည် တရုတ်က ထိုင်ဝမ်ကို ၂၀၂၇ ခုနှစ်တွင် သိမ်းယူနိုင်ခြေရှိသည်ဆိုသည့် လက္ခဏာကို ကမ္ဘာအား ပြသခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ကိုရီးယားစစ်ပွဲ ကာလဖြစ်သည့် ၁၉၅၁ ခုနှစ်တွင်မူ အမေရိကန်နိုင်ငံခြားရေးမူဝါဒ ချမှတ်ရေးဆွဲသည့် ဝါရင့်နိုင်ငံ ရေးသမား ဂျွန် ဖော်စတာ ဒူးလက်စ် (Jonh Foster Dulles) သည် ကျွန်းစု-တရုတ် (Island-China) အမည်ရှိ မဟာဗျူဟာကို ဖော်ဆောင်ခဲ့သည်။
ထိုမဟာဗျူဟာသည် အနောက်ပစိဖိတ်ဒေသတွင် အနောက်နိုင်ငံများ၏ ပစိဖိတ်ရေတပ်စခန်းများ တည်ဆောက် ပြီး ထိုအချိန်က ဆိုဗီယက်ယူနီယံနှင့် တရုတ်ကို ဝိုင်းဝန်းပိတ်ဆို့ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အစီအစဉ်သည် စစ်အေးကာလ အတောအတွင်း အဓိကပြဿနာတစ်ခု မဟုတ်ခဲ့သော်လည်း ထိုင်ဝမ် အရေးနှင့်ပတ်သက်ပြီး တရုတ်၏ ပထဝီနိုင်ငံရေး အခြေအနေများကြားတွင် အမေရိကန်အတွက် အဓိကကျသည့် မဟာဗျူဟာတစ်ခုအဖြစ် ဆက်လက် တည်ရှိနေဆဲဖြစ်သည်။
ထိုမဟာဗျူဟာ စတင်ခဲ့သည်မှာ ယခုဆိုလျင် ၇၃ နှစ် ရှိလာခဲ့ချိန်တွင် တရုတ်က ထိုင်ဝမ်အနီး၌ စစ်ရေးလေ့ကျင့်မှု များ ထပ်မံပြုလုပ်ပြီး ထိုင်ဝမ်ကို ထိန်းချုပ်ရန် ပြင်ဆင်လာခဲ့သည်။

တရုတ်နယ်မြေနဲ့ တောင်တရုတ်ပင်လယ် ပိုင်နက် အခြေအနေကိုတွေ့ရစဉ်
တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကလည်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ အရှေ့ပိုင်း စစ်နယ်ဝန်း ဌာနချုပ်သည် ထိုင်ဝမ်ကျွန်းအနီးတွင် ကြည်းတပ်၊ ရေတပ်၊ လေတပ်နှင့် ဒုံးကျည်တပ်ဖွဲ့များဖြင့် စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ထိုတပ်ဖွဲ့များအကြား ပူးတွဲစစ်ဆင်ရေး စွမ်းဆောင်ရည်များကို စမ်းသပ်လိုခြင်း၍ ထိုစစ်ရေး လေ့ကျင့်မှုများကို ပြုလုပ်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ထို့ကြောင့် လက်ရှိ အခြေအနေများအရ အမေရိကန်သည် ကျွန်းစု-တရုတ် မဟာဗျူဟာကို အာရုံပြန်စိုက်လာ ရသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။
လတ်တလောတွင် အမေရိကန်သည် ဂျပန်မှအစ ဖိလစ်ပိုင်၊ အင်ဒိုနီရှားအလယ်၊ ဩစတြေးလျနိုင်ငံအဆုံး ကျွန်းစုများ ပါဝင်သည့် မဟာဗျူဟာတစ်ရပ်ကို အကောင်အထည်ဖော်နေပြီး စစ်ခန်းများနှင့် ရေတပ်စခန်းများ ထားရှိရန် လုပ်ဆောင်နေခြင်းဖြစ်သည်။
ထို့ကြောင့် ထိုင်ဝမ်ကို ကာကွယ်ရန်အတွက် ဒေသတွင်းနိုင်ငံများနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နေသည့် အမေရိကန်၏ မဟာဗျူဟာသည် အလုပ်ဖြစ်၊ မဖြစ်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ကျွမ်းကျင် သူများက ပြောကြားခဲ့သည်။
Source: ဟောင်ကောင်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1422
CNI International News
စင်ကာပူ၊ ဇွန်လ ၁
အမေရိကန်နှင့်တရုတ် ကာကွယ်ရေးဝန်ကြီးများသည် ၂ နှစ်အတွင်း ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံမှု အဖြစ် မေလ ၃၁ ရက်က အစည်းအဝေး ပြုလုပ်ခဲ့ရာတွင် ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး သဘောထား ကွဲလွဲခဲ့ သော်လည်း နှစ်နိုင်ငံအကြား စစ်တပ်အချင်းချင်း ဆက်သွယ်ရေးလမ်းကြောင်းများ ပြန်ဖွင့်ရန် လိုအပ်ကြောင်း အခိုင်အမာပြောဆိုခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) နှင့် တရုတ်ကာကွယ်ရေးဝန်ကြီး တုံးကျင်း (Dong Jun) တို့သည် စင်္ကာပူနိုင်ငံတွင် ပြုလုပ်သည့် အာရှ၏ ကာကွယ်ရေးဝန်ကြီးများ ညီလာခံဖြစ်သော ရှန်ဂရီလာ ဆွေးနွေးပွဲ (Shangri-La Dialogue)၌ သီးသန့်တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
ထိုဆွေးနွေးပွဲတွင် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr) က တောင်တရုတ် ပင်လယ်အရေးနှင့် ပတ်သက်ပြီး ထိလွယ်ရှလွယ်ရှိသည့် အကြောင်းအရာများကို မိန့်ခွန်းပြောကြားခဲ့သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကို တွေ့ရစဉ်
ထိုရှန်ဂရီလာ ဆွေးနွေးပွဲတွင် ယူကရိန်းစစ်ပွဲ၊ ဂါဇာစစ်ပွဲနှင့် တောင်တရုတ်ပင်လယ် တင်းမာမှုများ အပါအဝင် အမေရိကန်နှင့် တရုတ်၏ ဆက်ဆံရေး အခြေအနေများက လွှမ်းမိုးထားဖွယ်ရှိသည်။
တုံးကျင်နှင့်ပြုလုပ်သည့် အစည်းအဝေးအတွင်း အော်စတင်က ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲကာလနှင့် သမ္မတ လိုင်ချင်တေ (Lai Ching-te) ၏ ကျမ်းသစ္စာကျိန်ဆိုပွဲနေ့များ အပါအဝင် ထိုင်ဝမ်အနီးတွင် တရုတ်စစ်တပ်၏ လှုပ်ရှားမှုများနှင့်ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြောကြားခဲ့သည်ဟု အမေရိကန်လေတပ်၏ ဗိုလ်ချုပ် ပက်ထရစ် ရိုက်ဒါ (Patrick Ryder) က ပြောကြားခဲ့သည်။
“ထိုင်ဝမ်ရေလက်ကြား အနီးတစ်ဝိုက်မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ မကြာသေးခင်က လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးက စိုးရိမ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ပြီးတော့ ထိုင်ဝမ်ရဲ့ နိုင်ငံရေး အသွင်ကူးပြောင်းရေးအချိန်မှာ တရုတ်က နိုင်ထက်စီးနင်းပြုတဲ့ အစီအစဉ်တွေနဲ့ အသုံးမချသင့်ပါဘူး”ဟု ရိုက်ဒါက ပြောကြားခဲ့သည်။

တရုတ်ကာကွယ်ရေးဝန်ကြီး တုံးကျင်းကို တွေ့ရစဉ်
တုံးကျင်ကလည်း အမေရိကန်အနေဖြင့် ထိုင်ဝမ်နှင့် တရုတ်၏ အရေးကိစ္စတွင် ဝင်ရောက် မစွက်ဖက်သင့်ကြောင်း အော်စတင်ကို သတိပေးခဲ့သည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဝူချင်က (Wu Qian) က သတင်းထောက်များကို ပြောကြားခဲ့သည်။
ထိုင်ဝမ် အရေးနှင့်ပတ်သက်ပြီး အမေရိကန်၏ ချဉ်းကပ်မှုသည် အမေရိကန်က တရုတ်ကို ပြောကြားထားသည့် ကတိကဝတ်များကို ချိုးဖောက်ရာ ရောက်နေပြီး ထိုင်ဝမ်ရှိ ခွဲထွက်ရေး အင်အားစုများကို မှားယွင်းသော အချက်ပြ မှုများ ပေးပို့ရာရောက်နေကြောင်း တုံးကျင်က ပြောကြားခဲ့သညဟု ဝူက ပြောသည်။
မည်သို့ပင်ဆိုစေ နှစ်နိုင်ငံစလုံးသည် စစ်တပ်အချင်းချင်း ဆက်သွယ်ရေး လမ်းကြောင်းများကို ဖွင့်ထားမှု၏ အရေးကြီးများပုံကို အလေးထား ပြောဆိုခဲ့ကြသည်ဟု အမည်မဖော်လိုသည့် အမေရိကန် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 2399
CNI International News
ဝါရှင်တန်၊ ဇွန်လ ၁
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) ကို နယူးယောက် ခုံသမာဓိအဖွဲ့က ပြစ်မှု ၃၄ မှု အတွက် စီရင်ချက်ချခဲ့ပြီးနောက် ထရမ့်ကို ထောက်ခံသည့် ဝက်ဘ်ဆိုက်များတွင် ဆူပူအုံကြွမှုများ၊ တော်လှန်မှု များ၊ အဓိကရုဏ်းများပြုလုပ်ရန် ဆော်ဩလျက်ရှိသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထရမ့်သည် ပြစ်မှုဆိုင်ရာ စီရင်ချက်ချခံခဲ့ရသည့် ပထမဆုံး အမေရိကန်သမ္မတ ဖြစ်လာခဲ့ပြီးနောက် ၎င်းအား ထောက်ခံသူများသည် အွန်လိုင်းပေါ်တွင် ဒေါသတကြီး တုန့်ပြန်မှုများ ပြုလုပ်ခဲ့ကြသည်ဟု ထရမ့်နှင့်ဆက်နွှယ် သည့် ဝက်ဘ်ဆိုက် ၃ ခုဖြစ်သည့် ထရမ့်၏ ကိုယ်ပိုင် Truth Social ပလက်ဖောင်း၊ Patriots.Win ဝက်ဘ်ဆိုက်နှင့် Gateway Pundit ဝက်ဘ်ဆိုက်များကို လေ့လာခဲ့သည့် ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။
အချို့ဆိုလျှင် ဂျူရီလူကြီးများကို တိုက်ခိုက်ရန်၊ တရားသူကြီး ဟွမ် မာချန် (Juan Merchan) ကို သေဒဏ်စီရင်ရန် သို့မဟုတ် ပြည်တွင်းစစ်နှင့် လက်နက်ကိုင် ဆူပူအုံကြွမှုများ ပြုလုပ်ရန်အထိပင် လှုံ့ဆော်ခဲ့ကြသည်။

ဒေါ်နယ်ထရမ့် ထောက်ခံသူများကိုတွေ့ရစဉ်
“နယူးယောက်မှာ နေထိုင်ပြီး ဘာမှဆုံးရှုံးစရာ မရှိတော့တဲ့ သူတွေဟာ မာချန်ကို အရေးယူဖို့ လိုအပ်ပါတယ်”ဟု အွန်လိုင်းအသုံးပြုသူတစ်ဦးက Patriots.Win ဝက်ဘ်ဆိုက်တွင် ရေးသားခဲ့သည်။
“သူ (မာချန်) ဟာ တောခုတ်ဓားကိုင်ထားတဲ့ တရားမဝင် နေထိုင်သူတွေနဲ့ဆုံဖို့ မျှော်လင့်ပါတယ်” ဟု အဆိုပါ ပို့စ်တွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ရည်ညွှန်းပြီး ရေးသားခဲ့သည်။
Gateway Pundit ဝက်ဘ်ဆိုက်တွင်လည်း အွန်လိုင်းအသုံးပြုသူတစ်ဦးက “လက်ဝဲဝါဒီတွေကို အနိုင်ရအောင် စတင်လုပ်ဆောင်ဖို့ လိုပါပြီ။ ဒီကိစ္စကို မဲပေးရွေးချယ်မှုနဲ့ ရှင်းလို့မရနိုင်ပါဘူး”ဟု ရေးသားခဲ့သည်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ထရမ့် ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း အကြမ်းဖက် ခြိမ်းခြောက်မှုများ မြင့်တက်ခဲ့ပြီး ထိုရွေးကောက်ပွဲတွင် မဲများ အခိုးခံခဲ့ရသည်ဟု သတင်းအမှားများ လွှင့်ခဲ့ကြသည်။
ထရမ့်ကလည်း ယခုစီရင်ချက်သည် ၎င်းအား သမ္မတရာထူးနေရာ ယှဉ်ပြိုင်မည့် ရည်မှန်းချက်ကို ထိုးနှက်သည့် သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) အစိုးရအဖွဲ့၏ အားထုတ်ကြိုးပမ်းမှု ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့် ထောက်ခံသူများကိုတွေ့ရစဉ်
ထရမ့်ကို သစ္စာခံသူများသည် တရားသူကြီးများနှင့် တရားရုံးအရာရှိများကို ပစ်မှတ်ထားသည့် ခြိမ်းခြောက် အကျပ်ကိုင်မှုများဖြင့် သွေးထိုးလှုံ့ဆော်လျက်ရှိသည်။
“ဒါက ရှက်ဖို့ကောင်းပါတယ်။ အကျင့်ပျက်ခြစားတဲ့ တရားသူကြီးရဲ့ အကွက်ဆင်ထားတဲ့ အမှုဖြစ်ပါတယ်”ဟု ထရမ့်က စီရင်ချက် ချမှတ်ခံရပြီးနောက် သတင်းထောက်များကို ပြောကြားခဲ့သည်။
အဖွဲ့ဝင် ၁၂ ဦးပါသည့် ခုံသမာဓိအဖွဲ့သည် ၂၀၁၆ ရွေးကောက်ပွဲမတိုင်မီ အပြာမင်းသမီးတစ်ဦးကို နှုတ်ပိတ်ခ ငွေကြေးများပေးပြီး မှားယွင်းသည့် အချက်အလက်များကို ဖုံးကွယ်ခိုင်းမှုအတွက် မေလ ၃၀ ရက်တွင် ပြစ်မှု ထင်ရှားတွေ့ရှိခဲ့သည်။
တရားရုံးသည် ထရမ့်အား ဇူလိုင် ၁၁ ရက်တွင် ပြစ်ဒဏ်ချမှတ်မည်ဖြစ်ပြီး ထရမ့်အနေဖြင့် အယူခံဝင်ဖွယ်ရှိနေ သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 3025
CNI International News
ကိုင်ရို ၊ မေလ ၃၁
ဆူဒန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အဗ္ဗဒယ် ဖာတာ အယ်ဘာဟန် (Abden Fattah al-Burhan) နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) တို့အကြား စကားပြောဆိုခဲ့ပြီးနောက် ဆူဒန်စစ်တပ်သည် အရံတပ်ဖွဲ့ (RSF) နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လုပ်ရန် တောင်းဆိုချက်ကို ငြင်းပယ်ခဲ့ သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဆူဒန်တွင် ၂၀၂၃ ခုနှစ်၊ ဧပြီလက စစ်တပ်နှင့် အရံတပ်ဖွဲ့အကြား စစ်ပွဲစတင်ဖြစ်ပွားသဖြင့် လူပေါင်း ထောင်ချီ သေဆုံးကာ လူပေါင်း ၉ သန်းခန့် အိမ်ပစ်ရာပစ် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
“ကျနော်တို့ဟာ ဆွေးနွေးပွဲတွေ ပြုလုပ်မယ့် ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါ (Jeddah) မြို့ကို သွားမှာ မဟုတ်ပါဘူး။ ကျနော်တို့နိုင်ငံထဲမှာ ကျနော်တို့ကို သေစေချင်နေတဲ့လူတွေနဲ့လည်း ဆွေးနွေးမှာ မဟုတ်ပါဘူး”ဟု ဘာဟန်၏ လက်ထောက်ဖြစ်သည့် ဆူဒန် အသွင်ကူးပြောင်းရေး အချုပ်အခြာကောင်စီ၏ လက်ထောက်အကြီးအကဲ မာလစ် အက်ဂါက ပြောကြားခဲ့သည်။
မေလ ၂၉ ရက်က ဆူဒန်၏မြို့တော် ခါတွန် (Khartoum) ၏ မြောက်ပိုင်းနယ်မြေများတွင် ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ က ပြောသည်။
မေလ ၂၈ ရက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်သည် ဘာဟန်နှင့် ဆွေးနွေးခဲ့ပြီး ဂျက်ဒါမြို့တွင် အမေရိကန်နှင့် ဆော်ဒီအာရေဗျတို့ ကြားဝင်စေ့စပ်ပေးသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပြန်လည်ပါဝင်ရန် တိုက်တွန်းခဲ့သည်။

ဆူဒန်စစ်ပွဲကြောင့် ပျက်စီးနေသော မြို့ကို တွေ့ရစဉ်
မေလ ၂၉ ရက်တွင် ဆူဒန်စစ်တပ်၏ မဟာမိတ်ဖြစ်သည့် ဆူဒန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အရပ်ဖက် နိုင်ငံရေးအုပ်စုများနှင့် ပြုလုပ်သည့် ညီလာခံ၌ ဆူဒန်ကို ဖိတ်ကြားခဲ့သည့် အီဂျစ်၏ ဖိတ်ကြားချက်ကို လက်ခံ ကြိုဆိုကြောင်း၊ သို့သော် ထိုညီလာခံတွင် ပါဝင်မည့် အုပ်စုများနှင့် ပြည်ပအင်အားစုများနှင့်ပတ်သက်ပြီး သတ်မှတ်ချက်များ ထားရှိလိုကြောင်း ပြောကြားခဲ့သည်။
အီသီယိုပီးယားနိုင်ငံ အဒစ် အဘာဘာ (Addis Ababa) မြို့တော်တွင် ပြုလုပ်နေသည့် အရပ်ဖက် နိုင်ငံရေးပါတီ များ၏ သီးခြားဆွေးနွေးပွဲသည်လည်း စစ်ပွဲကို အဆုံးသတ်စေလိုသည့် ရည်ရွယ်ချက်မှ သွေဖီသွားခဲ့သည်ဟု အက်ဂါက ပြောကြားခဲ့သည်။
ဆူဒန်အရန်တပ်ဖွဲ့ကမူ ၎င်းအနေဖြင့် ဆွေးနွေးမှုများ ပြုလုပ်ရန် လမ်းဖွင့်ထားကြောင်း ပြောကြားခဲ့သော်လည်း နှစ်ဘက်စလုံးသည် ယခင်ဆွေးနွေးပွဲများတွင် ပြောကြားခဲ့သည့် ကတိကဝတ်များကို တည်ခဲ့ခြင်း မရှိပေ။
မေလ ၂၈ ရက်က ဖုန်းခေါ်ဆိုမှုတွင် ဘလင်ကင်က ဆူဒန်၏ မြောက်ဒါဖာဒေသ (North Darfur) အယ် ဖာရှီယာ (al-Fashir) မြို့တွင် ဖြစ်ပွားနေသည့် ရန်လိုတိုက်ခိုက်မှုများကို အဆုံးသတ်ရန် လိုအပ်ကြောင်းလည်း ပြောကြား ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1543
CNI International News
ဆိုးလ်၊ မေလ ၃၁
မြောက်ကိုရီးယားသည် မေလ ၂၉ ရက်က အမှိုက်များနှင့် တိရစ္ဆာန်မစင်များပါရှိသည့် အိတ်များကို ကြိုးဖြင့် တွဲချည်ထားသည့် မိုးပျံပူဖောင်များကို တောင်ကိုရီးယားနိုင်ငံအတွင်းသို့ လွှတ်တင်ခဲ့သည်ဟု တောင်ကိုရီးယားက စွပ်စွဲခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထိုမိုးပျံပူဖောင်းများတွင် ပါဝင်ခဲ့သည့် အရာဝတ္ထုများကို စုံစမ်းစစ်ဆေးရန် တောင်ကိုရီးယားစစ်တပ်၏ ဖောက်ခွဲ ရေးပစ္စည်း ရှင်းလင်းရေးအဖွဲ့၊ ဓာတုနှင့် ဇီဝစစ်ဆင်ရေး တုန့်ပြန်ဆောင်ရွက်ရေးအဖွဲ့တို့ကို ဖြန့်ကြက်ချထားခဲ့ သည်။
ထို့အပြင် ဒေသခံများကို ထိုအရာဝတ္တုများနှင့် ခပ်ဝေးဝေး နေရန်နှင့် တွေ့ရှိပါက အာဏာပိုင်များကို အကြောင်း ကြားရန် ညွှန်ကြားထားသည်။
မေလ ၂၉ ရက်တွင် မိုးပျံပူဖောင်း ၁၅၀ ကျော်ကို ထောက်လှမ်းတွေ့ရှိခဲ့ပြီး ထိုမိုးပျံပူဖောင်းအချို့သည် မြေပေါ်သို့ ပြုတ်ကျလာကာ အချို့မိုးပျံပူဖောင်းများသည် လေထဲတွင် ရှိနေဆဲဖြစ်ကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့ သည်။

မြောက်ကိုရီးယားရဲ့ မိုးပျံပူဖောင်းကို တွေ့ရစဉ်
ထိုကဲ့သို့ နယ်စပ်ဒေသမှ ဖြတ်ကျော်ပြီး မိုးပျံပူဖောင်းများ လွှတ်တင်မှုကို တောင်ကိုရီးယား တက်ကြွလှုပ်ရှား သူများက ယခင်က လုပ်ဆောင်လေ့ရှိကြောင်း၊ အများစုမှာ မြောက်ကိုရီးယားဘက်မှ ဘက်ပြောင်းခိုလှုံလာသူများ က ဦးဆောင်လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။
တောင်ကိုရီးယားဘက်မှ မြောက်ကိုရီးယား နိုင်ငံအတွင်းသို့ ဝါဒဖြန့် စာစောင်များ ပါဝင်သည့် မိုးပျံပူဖောင်းများ လွှတ်တင်ခဲ့သည့် ဖြစ်စဉ်များသည် နှစ်နိုင်ငံအကြား တင်းမာမှုများကို မြင့်တက်စေခဲ့ပြီး မြောက်ကိုရီးယားက ထိုမိုးပျံပူဖောင်းများကို ပစ်ချမှုများရှိခဲ့သည်။
တောင်ကိုရီးယားစစ်တပ်မှ ထုတ်ပြန်သည့် ဓာတ်ပုံများတွင် ပလပ်စတစ်အိတ်များကို တွဲချည်ထားသည့် မိုးပျံ ပူဖောင်းများကို မြင်တွေ့ရပြီး အချို့မိုးပျံပူဖောင်းများ ပျက်ကျသည့်နေရာတွင် အမှိုက်များ ပြန့်ကြဲနေသည့် ပုံများ ကိုလည်း မြင်တွေ့ရသည်။
ဓာတ်ပုံတစ်ပုံထဲတွင် မစင်များဟု ရေးသားထားသည့် အိတ်တစ်အိတ်ကိုလည်း တွေ့ရသည်။

မြောက်ကိုရီးယားရဲ့ မိုးပျံပူဖောင်းကနေ စွန့်ပစ်လာတဲ့ အမှိုက်တွေကို တွေ့ရစဉ်
မေလ ၂၆ ရက်ကတည်းက မြောက်ကိုရီးယား၏ ဒုကာကွယ်ရေးဝန်ကြီးက တောင်ကိုရီးယား၏ မိုးပျံပူဖောင်း လွှတ်တင်မှုများကို တုန့်ပြန်သည့်အနေဖြင့် တောင်ကိုရီးယားနိုင်ငံအတွင်းသို့ အမှိုက်များနှင့် အညစ်အကြေးများ ကြဲချသွားမည်ဟု သတိပေးခဲ့သည်။
မြောက်ကိုရီးယားသည် တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူများ၏ မိုးပျံပူဖောင်း လွှတ်တင်မှုများကို ဒေါသတကြီး တုန့်ပြန်ခဲ့သည်။
တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူများသည် ဝါဒဖြန့်စာစောင်များ၊ K-pop တေးသီချင်း ဗွီဒီယိုများ ထည့်ထားသည့် USB ပစ္စည်းများကို မိုးပျံပူဖောင်းနှင့်အတူ လွှတ်တင်လေ့ရှိသည်။
ထိုသို့ မိုးပျံပူဖောင်းများ လွှတ်တင်မှုသည် ငြိမ်းချမ်းရေးအတွက် အထောက်အကူ မရစေဘဲ နယ်စပ်ဒေသတွင် နေထိုင်သူများ၏ လုံခြုံရေးကို စိုးရိမ်ရသဖြင့် ထိုသို့ ပူဖောင်းများ လွှတ်တင်မှုအား ယခင် တောင်ကိုရီးယား အစိုးရများ လက်ထက်က တားမြစ်ရန် ကြိုးပမ်းခဲ့ဖူးသည်။
Source: ဘန်ကောက်ပို့စ်
