- By CNI
- Category: နိုင်ငံရေး
- Hits: 770
CNI International News
ဘန်ကောက်၊ ဇန်နဝါရီ ၈
ထိုင်းနိုင်ငံတွင် အွန်လိုင်းလောင်းကစား လုပ်ငန်းနှင့်ပတ်သက်သည့် သံသယရှိသူ ၆ ဦးအပေါ် တရားစွဲဆိုထားသည့် စွဲချက်များကို ပယ်ချရန် ချောင်ဘူရီ (Chon Buri) ရဲတပ်ဖွဲ့၏ ဆုံးဖြတ်ချက်ကို အစိုးရရှေ့နေ့များက ကျော်လွန် ပယ်ချခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထိုသံသယရှိသူ ၆ ဦးက ရဲတပ်ဖွဲ့သည် ၎င်းတို့အား ဘတ် သန်း ၁၄၀ ခန့် ခြိမ်းခြောက် ငွေညှစ်ခဲ့သည်ဟု အစော ပိုင်းက စွပ်စွဲခဲ့ကြသူများဖြစ်သည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၉ ရက်က ချောင်ဘူရီပြည်နယ်ရှိ အစိုးရရှေ့နေများသည် ဆန်ဆွတ် (Sean Suk) ရဲစခန်း ရှိ ရဲတပ်ဖွဲ့ကို တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများ လုပ်ကိုင်မှု၊ ငွေကြေးခဝါချမှုများဖြင့် သံသယရှိသူ ၆ ဦးကို တရားစွဲဆိုရန် အမိန့်ထုတ်ပြန်ခဲ့သည်ဟု အစိုးရရှေ့နေရုံး၏ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဝါချာရင် ပါနူရတ် (Wacharin Panurat) က ပြောကြားခဲ့သည်။

လောင်းကစားလုပ်ငန်းသုံး ပစ္စည်းတွေကို တွေ့ရစဉ်
အစိုးရရှေ့နေများသည် သံသယရှိသူများအား သက်ဆိုင်ရာ စွဲချက်များအတွက် ဇန်နဝါရီ ၁၈ ရက်တွင် ရုံးချိန်း လာရောက်ရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်းလည်း စုံးစမ်းစစ်ဆေးရေးဌာနမှ လက်ထောက်အကြီးအကဲ မစ္စတာ ဝါချာရင်က ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေ အခြားသက်သေ ထွက်ဆိုသူများကမူ သံသယရှိသူများကို တရားရေးအရ အရေးယူနိုင်မည့် ထွက်ဆိုချက်များကို ပြောကြားခဲ့ကြသဖြင့် ထိုသံသယရှိသူများအား ရုံးချိန်းခေါ်ရန် လုံလောက်သည့် သက်သေ အထောက်အထားများရှိသည်ဟု အစိုးရရှေ့နေများက ယုံကြည်ခဲ့ကြကြောင်း မစ္စတာ ဝါချာရင်က ပြောကြားခဲ့ သည်။
သံသယရှိသူ ၆ ဦးအနက် မကြာသေးမီက ချောင်ဘူရီရဲတပ်ဖွဲ့အား ခြိမ်းခြောက်ငွေညှစ်မှုဖြင့် စွပ်စွဲခဲ့သည့် သာနီဝတ် အူဒွမ်ချာဆက် (Thaninwat Udomchaoset)လည်း ပါဝင်ခဲ့သည်။
သာနီဝတ်က ပြီးခဲ့သည့်နှစ် မေလတွင် ၎င်းတို့ ဖမ်းဆီးခံခဲ့ရချိန်က ချောင်ဘူရီရဲတပ်ဖွဲ့သည် မိမိတို့ထံမှ ဘတ် သန်း ၁၄၀ ကို ခြိမ်းခြောက်ငွေညှစ်ခဲ့ကြောင်း စွပ်စွဲခဲ့ခြင်းဖြစ်သည်။
အပြန်အလှန်အနေဖြင့် Foxbet168 အမည်ရှိ ၎င်းတို့၏ အွန်လိုင်းလောင်းကစားလုပ်ငန်း လည်ပတ်မှုကို တရားရေး အရ အရေးယူခံရမည့် အခြေအနေနှင့် ဖမ်းဆီးခံထားရသည့် သံသယရှိသူများအား ပြန်လွှတ်ပေးမည်ဟု ရဲတပ်ဖွဲ့မှ ပြောကြားခဲ့ကြောင်း သာနီဝတ်က ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 688
CNI International News
ကိယက်ဗ်၊ ဇန်နဝါရီ ၈
ရုရှားသည် ယူကရိန်းအား တိုက်ခိုက်ရေးဒရုန်း ၂၈ စင်းနှင့် ခရုစ်ဒုံးကျည် ၃ စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ယူကရိန်းလေတပ်က ပြောသည်။
ရုရုား၏ ဒရုန်းတိုက်ခိုက်မှုတွင် ဒရုန်း ၂၁ စင်းကို ယူကရိန်းလေကြောင်း ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချခဲ့ကြောင်း ယူကရိန်းလေတပ်က ဇန်နဝါရီ ၇ ရက်တွင် ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ရုရှားသည် ယူကရိန်း၏ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများကို အဓိကထား တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်း လေတပ်က Telegram တွင် ပြောကြားခဲ့သော်လည်း ခရုစ်ဒုံးကျည် ၃ စင်းဖြင့်် တိုက်ခိုက်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ် ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
ရန်သူသည် ရှေ့တန်းစစ်မြေပြင်တွင်ရှိသည့် နယ်နိမိတ်များကို အာရုံပြောင်းပြီး ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း၊ ခါဆွန် (Kherson) နှင့် နီပရို ပက်ထရိုဗက်စ် (Dnipro petrovsk) ဒေသများသည် ဒရုန်းများဖြင့် တိုက်ခိုက်ခံခဲ့ ရကြောင်း ယူကရိန်းလေတပ်၏ ပြောရေးဆိုခွင့်ရှိသူ ယူရီအင်နက် (Yuriy Ihnat) က ပြောသည်။
ထိုပြောကြားချက်နှင့် ပတ်သက်ပြီး ရိုက်တာသတင်းဌာနက အတည်မပြုသေးသလို ရုရှားနိုင်ငံကလည်း ချက်ချင်း မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။

တိုက်ခိုက်ခံလိုက်ရလို့ ဖျက်စီးသွားတဲ့ အဆောက်အအုံကိုတွေ့ရစဉ်
နီပရို ပက်ထရိုဗက်စ် ဒေသန္တရအာဏာပိုင်များကမူ နီပရို (Dnipro) မြို့တွင် ဒရုန်းတိုက်ခိုက်မှုကြောင့် လူ ၁၂ ဦး ဒဏ်ရာရခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ပညာရေးအဆောက်အအုံ ၁ ခုနှင့် အိပ်ဆောင် ၁ ခု၊ အထပ်မြင့် အဆောက်အအုံ ၂ ခု၊ အုပ်ချုပ်ရေး အဆောက်အအုံ ၁ ခု ထိခိုက်ပျက်စီးသွားခဲ့သည်ဟု ဒေသခံ အာဏာပိုင်များက ပြောကြားခဲ့သည်။
ဒရုန်းများကို ရွေ့လျားတပ်ဖွဲ့များက အသာစီးယူပြီး ကြားဖြတ်ဖျက်စီးနိုင်ခဲ့သဖြင့် လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များကို ချွေတာနိုင်ခဲ့ကြောင်း အင်နက်က ပြောကြားခဲ့သည်။
မကြာသေးမီက ယူကရိန်းတပ်ဖွဲ့များသည် ရုရှား၏ တိုက်ခိုက်မှုနှစ်ခုကို တွန်းလှန်ရန် ဒုံးကျည်အချို့ကို အသုံးပြု ခဲ့ပြီး ရုရှား၏ လေကြောင်းတိုက်ခိုက်မှုများကို တွန်းလှန်ရန် နောက်ထပ်ဒုံးကျည်များ ထပ်မံလိုအပ်ကြောင်း အင်နက်က ပြောကြားခဲ့သည်။
ရုရှားသည် ၂၀၂၃ ခုနှစ် နောက်ဆုံးနေ့ရက်များနှင့် ၂၀၂၄ ခုနှစ် အစောပိုင်း နေ့ရက်များတွင် ဒုံးကျည် ၃၀၀ နှင့် ဒရုန်းအစင်း ၂၀၀ ကျော်နီးပါးကို ဖြန့်ကြက်ချထားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1023
CNI International News
ဒါကာ၊ ဇန်နဝါရီ ၈
ဘဂ်လားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံး အတိုက်အခံပါတီဖြစ်သည့် Bangladesh Nationalist Party(BNP)ပါတီသည် ရွေးကောက်ပွဲမတိုင်မီ ၄၈ နာရီကြာ အထွေထွေသပိတ်ကို ဇန်နဝါရီ ၆ ရက်က စတင်ခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ဘင်္ဂလားဒေ့ရှ်တွင် ဇန်နဝါရီ ၇ ရက်က အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ မဲရုံပေါင်း ၄၂,၀၀၀ ကျော်တွင် မဲပေးခဲ့ကြသည်။
ထိုရွေးကောက်ပွဲတွင် မဲပေးရန် စာရင်းပေးခဲ့သူပေါင်း ၁၁၉ သန်းကျော်ရှိခဲ့သည်ဟု ရွေးကောက်ပွဲကော်မရှင်က ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ခါလီဒါ ဇီယာ (Khaleda Zia) ဦးဆောင်သည့် BNP ပါတီနှင့် အခြား အတိုက်အခံအဖွဲ့များသည် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုဘဲ သပိတ်မှောက်ခဲ့သည်။

Bangladesh Nationalist Party(BNP)ပါတီကို တွေ့ရစဉ်
စတုတ္ထမြောက် သက်တမ်းအတွက် အာဏာကို ထပ်မံရယူရန် ကြိုးပမ်းနေသည့် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ (Sheikh Hasina) လက်အောက်တွင် ကျင်းပသည့် ထိုရွေးကောက်ပွဲသည် တရားမျှတမှု ရှိ/မရှိ အာမ မခံနိုင် ကြောင်း ပြောကြားခဲ့သည်။
ထိုရွေးကောက်ပွဲကို နှောင့်ယှက်မည်ဟု BNP ပါတီက ပြောကြားခဲ့ပြီး ဇန်နဝါရီ ၇ ရက်တွင် အတိုက်အခံ တက်ကြွ လှုပ်ရှားသူများက တာယာများကို မီးရှို့ခဲ့သလို လမ်းတစ်လမ်းအား ပိတ်ဆို့ဆန္ဒပြခဲ့ကြသဖြင့် သေနတ်များ ပစ်ဖောက်၍ လူစုခွဲခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာကို တွေ့ရစဉ်
စစ်တကောင်း (Chittagong) မြို့တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ ဆန္ဒပြမှု၌ အတိုက်အခံ တက်ကြွလှုပ်ရှားသူ ၆၀ ခန့် ပါဝင်ခဲ့သည်။
လူဦးရေ ၁၆၉ သန်းရှိသည့် ဘင်္ဂလားဒေ့ရှ်တွင် အောက်တိုဘာလကတည်းက ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများနှင့် ဆူပူ အုံကြွမှုများကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့သည်။
ဇန်နဝါရီ ၅ ရက်ကလည်း ဒါကာမြို့တော်ရှိ ရထားတစ်စင်း မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် လူ ၄ ဦး သေဆုံးခဲ့သည်။
ထိုမီးလောင်မှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က လူ ၇ ဦးကို ဖမ်းဆီးခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 858
CNI International News
အင်ဖာ၊ ဇန်နဝါရီ ၆
အိန္ဒိယနိုင်ငံ၏ မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြား လွတ်လပ်စွာ သွားလာခွင့် အစီအစဉ် (FMR)ကို အဆုံး သတ်ရန် အိန္ဒိယဗဟိုအစိုးရက စဉ်းစားနေကြောင်း Northeast Now မှ ဖော်ပြခဲ့သည်။
ထိုအစီအစဉ်ကို အဆုံးသတ်ရန် မဏိပူရပြည်နယ်ဝန်ကြီးချုပ် အန်ဘီရန်ဆင်း (N Biren Singh) က တိုက်တွန်း ခဲ့ပြီးနောက် ဗဟိုအစိုးရက ထိုအရေးကိစ္စအတွက် အစီအစဉ်များအား ချမျတ်လုပ်ဆောင်နေခြင်း ဖြစ်သည်။
မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြား လွတ်လပ်စွာ သွားလာခွင့် အစီအစဉ်အရ နှစ်ဘက်စလုံးတွင် နေထိုင် သည့် ဒေသခံများသည် တစ်ဖက်နှင့်တစ်ဖက် ၁၆ ကီလိုမီတာအထိ ဝင်ရောက်သွားလာခွင့် ရရှိထားသည်။
မဏိပူရပြည်နယ်တစ်ဝန်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများ၏ နောက်ကြောင်း ရာဇဝင်များနှင့် မြန်မာနိုင်ငံသား များ အစုလိုက်အပြုံလိုက် ဝင်ရောက်မှု အခြေအနေများကြောင့် အိန္ဒိယဗဟိုအစိုးရက FMR ကို အဆုံးသတ်ရန် စီစဉ်လာခဲ့ခြင်း ဖြစ်သည်။

တမူး(မြန်မာ)-မိုရေး(အိန္ဒိယ)နယ်စပ်ခြံစည်းရိုးကို တွေ့ရစဉ်
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ တတိယပတ်တွင် အန်ဘီရန်ဆင်းသည် ထိုသဘောတူညီချက်အား ထာဝရ ပိတ်သိမ်းရန် ဗဟိုအစိုးရကို တောင်းဆိုထားသည့် တစ်စောင်ပေးပို့ခဲ့သည်။
FMR သည် အိန္ဒိယနှင့် မြန်မာအကြား နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တစ်ဖက်နှင့်တစ်ဖက် ၁၆ ကီလိုမီတာ အကွာအဝေးအထိ ဗီဇာမလိုဘဲ သွားလာလှုပ်ရှားခွင့် ပေးထားသည့် သဘောတူညီချက်ဖြစ်သည်။
မဏိပူရပြည်နယ်မှ BJP လွှတ်တော် အမတ်တစ်ဦးဖြစ်သည့် ရာ့ဂျ်ကူမာ အင်မို (Rajkumar Imo) ကမူ လက်ရှိ အချိန်တွင် FMR ကို အဆုံးသတ်ရေးနှင့် နယ်စပ်စည်းရိုး အပြီးသတ် တည်ဆောက်ရေးတို့သည် အရေးကြီးသည့် ကိစ္စများဖြစ်ပြီး လွှတ်တော်အမတ်အားလုံးက ဗဟိုအစိုးရကို တောင်းဆိုနေသည့် အရာများဖြစ်ကြောင်း ပြောကြား ခဲ့သည်။
အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား နယ်စပ်ချင်း ထိစပ်မှုသည် ၁၆၄၃ ကီလိုမီတာရှည်လျားပြီး လက်ရှိတွင် မြန်မာနိုင်ငံ သား ၁၀,၀၀၀ ခန့် ခိုလှုံနေထိုင်နေသည့် မဏိပူရပြည်နယ်နှင့် မြန်မာအကြား နယ်စပ်ချင်းထိစပ်မှုသည် ၃၈၉ ကီလိုမီတာရှိသည်။
မဏိပူရနှင့် မြန်မာနယ်စပ်ထိတွေ့မှု ၃၈၉ ကီလိုမီတာအနက် ၁၆ ကီလိုမီတာသာ နယ်စပ်စည်းရိုး တည်ဆောက် ထားခဲ့ခြင်း ဖြစ်သည်။
Source: Northeast Now
- By CNI
- Category: နိုင်ငံရေး
- Hits: 736
CNI International News
ဆိုးလ်၊ ဇန်နဝါရီ ၆
မြောက်ကိုရီးယားနိုင်ငံသည် ဇန်နဝါရီ ၅ ရက်က ကိုရီးယားကျွန်းဆွယ်၏ အနောက်ဘက် ကမ်းလွန်ရေပြင်များ အတွင်းရှိ တောင်ကိုရီးယားနယ်စပ် ကျွန်းအနီးကို လက်နက်ကြီးကျည်များဖြင့် အကြိမ် ၂၀၀ ခန့် ပစ်ခတ်ခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un)က တောင်ကိုရီးယာနှင့် ပြန်လည်ပေါင်းစည်းရေး သည် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပြီးနောက် တောင်ကိုရီးယားအပေါ် ဖိအားများပေးသည့်အနေဖြင့်် ထိုကဲ့သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားသည် တောင်ကိုရီးယား၏ ယွန်ပြောင် (Yeonpyeong)ကျွန်း မြောက်ဘက် ရေပြင်များအတွင်းသို့ လက်နက်ကြီး ကျည်ဆန်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က သတင်းထောက်များကို ပြောကြားခဲ့သည်။

တောင်ကိုရီးယား အာဏာပိုင်များက ယွန်ပြောင်ကျွန်းတွင် နေထိုင်သည့် ဒေသခံများကို ဘေးလွတ်ရာ ရွှေ့ပြောင်း နေထိုင်ကြရန် ညွှန်ကြားခဲ့သည်ဟု ယွန်ပြောင်ကျွန်း၏ ဒေသဆိုင်ရာ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။
"ဒီတိုက်ခိုက်မှုကြောင့် ကျနော်တို့ရဲ့ ပြည်သူတွေနဲ့ စစ်ဘက်ဆိုင်ရာမှာ ထိခိုက်ပျက်စီးမှုမရှိခဲ့ပါဘူး။ မြောက်ကိုရီးယားရဲ့ လက်နက်ကြီး ကျည်တွေဟာ ကိုရီးယားနှစ်နိုင်ငံ ပင်လယ်ရေကြောင်းနယ်စပ်စည်း (NLL) ရဲ့ မြောက်ဘက်ပိုင်း ရေပြင်တွေထဲကို ကျရောက်သွားခဲ့ပါတယ်"ဟု JCS က ထုတ်ပြန်ခဲ့သည်။

ထိုပင်လယ်ရေကြောင်း နယ်စပ်စည်းသည် ကိုရီးယားစစ်ပွဲအပြီးတွင် အမေရိကန်ဦးဆောင်သည့် မဟာမိတ် တပ်ဖွဲ့များက တစ်ဖက်သတ် ရေးဆွဲသတ်မှတ်ခဲ့သည့် နယ်စပ်စည်းတစ်ခု ဖြစ်သည်။
ထိုပင်လယ်ရေကြောင်း နယ်စပ်စည်း၏ အနီးတစ်ဝိုက် ရေပြင်များအနီးတွင် ၂၀၁၀ ပြည့်နှစ်က မြောက်ကိုရီးယား ၏ တော်ပီဒိုဖြင့် ပစ်ခတ်မှုကြောင့် တောင်ကိုရီးယား စစ်သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ပြီး သင်္ဘောသား ၄၆ ဦး သေဆုံးခဲ့သည့် ဖြစ်စဉ် အပါအဝင် ကိုရီးယားနှစ်နိုင်ငံအကြား တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားခဲ့သည်။
၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလကလည်း လူပေါင်း ၂၀၀၀ ခန့် နေထိုင်သည့် တောင်ကိုရီးယား၏ ကျွန်းတစ်ကျွန်းကို မြောက်ကိုရီးယားက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အရပ်သား နှစ်ဦးနှင့်် မရိန်းတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 916
CNI International News
ဝါရှင်တန်၊ ဇန်နဝါရီ ၆
ယီမင်နိုင်ငံရှိ ဟူရ်သီ လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ထားသည့် ဒေသများမှ ပစ်လွှတ်ခဲ့သော တိုက်ခိုက်ရေး မောင်းသူမဲ့ ရေယာဉ်တစ်စင်းသည် ပင်လယ်နီအတွင်းရှိ အမေရိကန်ရေတပ်နှင့် ကုန်တင်သင်္ဘောများ သွားလာ နေသည့် နေရာများနှင့် မိုင်အနည်းငယ် ကွာဝေးသည့်နေရာတွင် ပေါက်ကွဲသွားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ဟူရ်သီအဖွဲ့အနေနှင့် ပင်လယ်နီ (Red Sea) တွင် သင်္ဘောများကို တိုက်ခိုက်နေမှုများအား ရပ်တန့်ရန်၊ သို့မဟုတ် ပါက စစ်ရေးအရ ပစ်မှတ်ထား အရေးယူမှုများနှင့် ခံရမည်ဟု အမေရိကန်နှင့် မဟာမိတ် ၁၂ နိုင်ငံက နောက်ဆုံး သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် နာရီပိုင်းအကြာ ဇန်နဝါရီ ၅ ရက်နေ့မှာပင် ဟူရ်သီအဖွဲ့က တိုက်ခိုက်မှု ဆက်လက်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အစ္စရေး-ဟားမာ့စ်စစ်ပွဲ ဖြစ်ပွားပြီးကတည်းက ဟူရ်သီအဖွဲ့သည် ပင်လယ်နီတွင် မောင်းသူမဲ့ တိုက်ခိုက်ရေး ရေယာဉ် (USV) ကို အသုံးပြုမှုသည် ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း အရှေ့အလယ်ပိုင်းရှိ အမေရိကန်ရေတပ်၏ စစ်ဆင်ရေးများကို ပြုလုပ်နေသည့် ရေတပ်ဗိုလ်ချုပ်ကြီး ဘရက် ကူးပါး (Brad Cooper) က ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေ ဟူရ်သီအဖွဲ့သည် ပြီးခဲ့သည့် နှစ်များအတွင်းကလည်း ထိုကဲ့သို့ မောင်းသူမဲ့ တိုက်ခိုက်ရေး ရေယာဉ်များကို အသုံးပြုပြီး တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ဖူးသည်။
ထိုမောင်းသူမဲ့ တိုက်ခိုက်ရေး ရေယာဉ်များသည် ယီမင်စစ်ပွဲအတွင်း စစ်ရေးအရ ကြားဝင်ခဲ့သည့် ဆော်ဒီအာရေဗျ ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ချိန်အတွင်း ဟူရ်သီအဖွဲ့၏ ပင်လယ်ရေကြောင်းဆိုင်ရာ တိုက်ခိုက် မှုများတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါင်ခဲ့သည်ဟု နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး အင်စတီကျုမှ ဒုံးကျည်ကျွမ်းကျင်သူနှင့် သုတေသနပညာရှင် ဖာဘင်ယန် ဟင့်ဇ် (Fabian Hinz) က ပြောကြားခဲ့သည်။
ထိုမောင်းသူမဲ့ တိုက်ခိုက်ရေး ရေယာဉ်များသည် တစ်ခါသုံး ဖောက်ခွဲရေး ရေယာဉ်များဖြစ်ပြီး ပစ်မှတ်ကို ဖောက်ခွဲ ဖျက်ဆီးတိုက်ခိုက်ရာတွင် အသုံးပြုလေ့ရှိသည်။

ဟူရ်သီအဖွဲ့၏ မောင်းသူမဲ့ တိုက်ခိုက်ရေး ရေယာဉ်အများစုကို ယီမင်တွင် တပ်ဆင်ခြင်းဖြစ်သော်လည်း ကွန်ပျူ တာ လမ်းညွှန်စနစ်များကဲ့သို့ အစိတ်အပိုင်းများကို အီရန်နိုင်ငံ၌ ထုတ်လုပ်ခဲ့သည့် ပစ္စည်းများဖြင့် တပ်ဆင်ခြင်း ဖြစ်သည်ဟု ဟင့်ဇ်က ပြောကြားခဲ့သည်။
အီရန်သည် ဒရုန်းများ၊ မြေပြင်တိုက်ခိုက်ရေး ခရုဇ်ဒုံးကျည်များနှင့် ပဲ့ထိန်းဒုံးကျည်များ အပါအဝင် ခေတ်မီ လက်နက်များနှင့် ငွေကြေးများကို ဟူရ်သီအဖွဲ့အား ထောက်ပံ့ပေးခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် လက်ထောက် သံအမတ် ခရစ္စတိုဖာ လူ (Christopher Lu) က ဇန်နဝါရီ ၃ ရက်က ပြုလုပ်ခဲ့သည့် လုံခြုံရေး ကောင်စီ အရေးပေါ်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ထို့ပြင် အီရန်သည် ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို ပစ်မှတ်ထားသည့် ဟူရ်သီအဖွဲ့၏ တိုက်ခိုက် မှုများတွင် အစီအစဉ်များရေးဆွဲသည့် အခန်းကဏ္ဍမှ နက်နက်ရှိုင်းရှိုင်း ပါဝင်ခဲ့သည်ဟုလည်း ခရစ္စတိုဖာ လူက ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 758
CNI International News
မော်စကို၊ ဇန်နဝါရီ ၆
ရုရှားစစ်တပ်ထဲဝင်ပြီး စစ်မှုထမ်းသည့် ပြည်ပနိုင်ငံသားများကို ရုရှားနိုင်ငံသားအဖြစ် ခံယူခွင့်ပေးသော အစီအစဉ် ကို အရှိန်မြှင့်တင်ထားသည့် ဥပဒေတစ်ရပ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇန်နဝါရီ ၄ ရက်တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ရုရှားသည် ရွှေ့ပြောင်း နေထိုင်သူများကို တပ်သားသစ် စုဆောင်းမှု အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ယူကရိန်းစစ်ပွဲ တွင် ၎င်း၏ စစ်သားအင်အားကို ပြန်လည်ဖြည့်တင်းရန် ကြိုပမ်းနေချိန်၌ ပူတင်၏ လှုပ်ရှားမှု ပေါ်ပေါက်လာခဲ့ ခြင်းဖြစ်သည်။
ရုရှားနိုင်ငံသည် ဆင်းရဲသည့် ဗဟိုအာရှနိုင်ငံများတွင် နေထိုင်သော လူပေါင်း သောင်းနှင့်ချီအတွက် စွဲမက်စရာ ကောင်းသည့် နိုင်ငံဖြစ်နေသည်။
၎င်းတို့ထဲမှ အများစုသည် ရုရှားတွင် နိုင်ငံသားအဖြစ် ခိုလှုံခွင့်ရရှိရန် နှစ်စဉ် ကြိုးပမ်းလျက်ရှိသည်။
ရုရှားသည် ယူကရိန်းစစ်ပွဲအတွက် အရန်တပ်ဖွဲ့ဝင်အင်အား ၃၀၀,၀၀၀ ကို စုဆောင်းနေကြောင်း ကြေညာခဲ့ပြီး နောက် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ရုရှားစစ်တပ်အတွင်း ဝင်ရောက်ရန် စာချုပ်ချုပ်ဆိုသည့်် ပြည်ပ နိုင်ငံသား များအတွက် အခြားသူများထက် ပိုမိုမြန်ဆန်ပြီး နိုင်ငံသားခံယူခွင့်ရစေရန် ခွင့်ပြုခဲ့သည်။
ရွှေ့ပြောင်း နေထိုင်သူများထဲမှ ရုရှားစစ်တပ်တွင် အနည်းဆုံး ၁ နှစ်ကြာ တာဝန်ထမ်းဆောင်ရန် လက်မှတ်ရေး ထိုးပြီး ခြောက်လထက်မနည်း တန်းပြည့် တာဝန်ထမ်းဆောင်သူများကို သတ်မှတ်ချက်များ လျှော့ပေါ့ပေးပြီး နိုင်ငံသားအဖြစ် လျှောက်ထားခွင့် သို့မဟုတ် ရုရှားတွင် နေထိုင်ခွင့်ပါမစ်ဖြင့် ၅ နှစ်ဆက်တိုက် နေထိုင်ခွင့်ပြုခဲ့သည်။

ထို့ပြင် ရုရှားစစ်တပ်အတွင်း တာဝန်ထမ်းဆောင်သူများ၏ ဇနီးသည်များနှင့် ၎င်းတို့၏ ကလေးများသည်လည်း နိုင်ငံသားဖြစ်ခွင့် လျှောက်ထားနိုင်မည်ဖြစ်သည်။
ထိုလျှောက်ထားမှုများကို အာဏာပိုင်များက အချိန် ၃ လအတွင်း ဆုံးဖြတ်မည်ဖြစ်ကြောင်း ထိုအချိန်က ရုရှား သမ္မတရုံး၏ အမိန့်ပြန်တမ်းတွင် ဖော်ပြခဲ့သည်။
၂၀၂၃ ခုနှစ်၊ မေလကလည်း ပူတင်သည် အလားတူ အမိန့်ပြန်တမ်းတစ်ရပ်ကို ထုတ်ပြန်ခဲ့ဖူးသည်။
ထိုအမိန့်ပြန်တမ်းတွင် ယခင်ထုတ်ပြန်ခဲ့သည့် အမိန့်၌ ပါရှိခဲ့သော တန်းပြည့်တာဝန် ၆ လသက်တမ်းကို ဖယ်ရှားခဲ့သည်။

ထို့နောက် ယူကရိန်းတွင် ပြုလုပ်နေသော ရုရှား၏ အထူးစစ်ဆင်ရေးအတွင်း တစ်နှစ်ကြာ ပါဝင်စစ်မှုထမ်းသူများ ကို အခြားသူများထက် ပိုမိုမြန်ဆန်သည့် နိုင်ငံသားခံယူခွင့် လျှောက်ထားနိုင်ကြောင်း၊ စစ်မှုထမ်းသူများ၏ ဇနီးများ နှင့် ကလေးများကိုလည်း နိုင်ငံသားခံယူခွင့် လျှောက်ထားနိုင်ကြောင်း ဖော်ပြခဲ့သည်။
ယခုနောက်ဆုံးအကြိမ် ထုတ်ပြန်ခဲ့သည့် အမိန့်တွင် ယခင် အမိန့်နှစ်ခုထက်ပိုပြီး နိုင်ငံသားဖြစ်ခွင့်ကို ပိုမိုမြန်ဆန် စေရန် လုပ်ဆောင်ပေးခဲ့သည်။
ယခုအမိန့်၌ ပါရှိသည့် ခွင့်ပြုချက်မှာ ရုရှားစစ်တပ်အတွင်း ၁ နှစ်ကြာ ပါဝင်စစ်မှုထမ်းသူများ၏ နိုင်ငံသားခံယူခွင့် လျှောက်ထားမှုများကို ၁ လထက် ပိုမိုကြာမြင့်စေမည် မဟုတ်ဘဲ ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ပူတင် ဆုံးဖြတ်ချက် အပြောင်းအလဲအပေါ် မှတ်ချက်ပေးရန် တောင်းဆိုမှုကို ကရင်မလင်နန်းတော်က ချက်ချင်း တုန့်ပြန်ခဲ့ခြင်းမရှိပေ။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 886
CNI International News
ကိယက်ဗ်၊ ဇန်နဝါရီ ၅
ယူကရိန်းစစ်ပွဲအတွင်း ရုရှား၏ တုန့်ပြန်တိုက်ခိုက်မှုများသည် အနိုင်ရဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်ဟု Japan Times သတင်းတွင် ဖော်ပြခဲ့သည်။
ယခုလ အစောပိုင်းက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)၏ အစိုးရအဖွဲ့မှ အမေရိကန်တွင် ယူကရိန်းအတွက် ကူညီထောက်ပံ့မှုနှင့် လက်နက်များ ပေးပို့ရန် ငွေကြေးကုန်ခမ်းသွားပြီး အချိန်ကုန်လုနီးပါး ဖြစ်နေကြောင်း လွှတ်တော်ကို သတိပေးခဲ့သည်။
ထို့ပြင် ယူကရိန်းထိပ်သီး ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်သူ ဗယ်လာရီ ဇာလူဇနီ (Valerii Zaluzhnyi) ကလည်း မိမိတို့ ဘက်တွင် တိုက်ခိုက်ပေးမည့် သူများကို အနှေးနှင့်အမြန် လွယ်ကူစွာ ရှာဖွေစုဆောင်းနိုင်တော့မည် မဟုတ် ကြောင်း ပြောကြားခဲ့သည်။
ထိုအခြေအနေများသည် ယူကရိန်းမှာ စစ်ပွဲတွင် အရေးနိမ့်တော့မည့် လက္ခဏာများ ဖြစ်နိုင်ကြောင်း၊ ရုရှားနှင့် အရေးပေါ် ဆွေးနွေးညှိနှိုင်းရန် လိုအပ်သည့် အနေအထားဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ်ခဲ့ကြသည်။
သို့သော် လက်ရှိ မြေပြင်တွင် ဖြစ်ပွားနေသည့် အခြေအနေများနှင့် နောက်ဆုံးရရှိသည့် သတင်းအချက်အလက် များအရ ယူကရိန်းတပ်ဖွဲ့များသည် ၂၀၂၂ ခုနှစ် နွေရာသီကာလက ရုရှားတပ်များ၏ ထိန်းချုပ်ခြင်းခံခဲ့ရသည့် နယ်မြေများ၏ ထက်ဝက်ခံကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်။

ထို့ပြင် ကိန်းဂဏန်းများအရ စစ်ပွဲအတွင်း ယူကရိန်းတပ်များက ရုရှားတပ်များ၏ စစ်လက်နက်ပစ္စည်းများကို ဖျက်ဆီးနိုင်ခဲ့သည့် အရေအတွက်သည် ရုရှားတပ်များက ယူကရိန်းတပ်များ၏ စစ်လက်နက်ပစ္စည်းများကို ဖျက်ဆီးနိုင်ခဲ့သည့် အရေအတွက်ထက် ပိုမိုများပြား နေသည်။
ရုရှားဘက်မှ ပြန်ကြည့်ရမည်ဆိုလျင်လည်း ရုရှားသည် စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်မှုကို အရှိန်မြှင့်တင် နေပြီး ၂၀၂၄ ခုနှစ်အတွက် စစ်အသုံးစရိတ်ကို ဒေါ်လာ ၁၂၀ ဘီလျံအထိ လျာထားခဲ့သည်။
ထိုပမာဏသည် ဒေါ်လာ ၇၆ ဘီလျံရှိခဲ့သည့် ၂၀၂၂ ခုနှစ် စစ်အသုံးစရိတ်၊ ဒေါ်လာ ၇၇ ဘီလျံရှိခဲ့သည့် ၂၀၂၃ ခုနှစ် စစ်အသုံးစရိတ်များနှင့် နှိုင်းယှဉ်ပါက သိသာစွာ မြင့်တက်လာခြင်းဖြစ်သည်။
ထို့ကြောင့် ယူကရိန်းအနေဖြင့် ရုရှားနှင့်ဖြစ်ပွားနေသည့် စစ်ပွဲကို တန်ပြန်တိုက်ခိုက်ရန် အရင်းအမြစ်များနှင့် ခေတ်မီ လက်နက်များ ပိုမိုလိုအပ်သည်ဟု ယူကရိန်းဗိုလ်ချုပ်ကြီး ဇာလူဇနီက ပြောကြားခဲ့သည်။
ရုရှားအနေဖြင့် ယူကရိန်းစစ်ပွဲတွင် အနိုင်ရသွားခဲ့မည်ဆိုပါက အနောက်နိုင်ငံများ၏ ဟိုတစ်စ၊ သည်တစ်စ ထောက်ပံ့မှုများပေးသည့် ခေတ်ကာလသည်လည်း အဆုံးသတ်သွားလိမ့်မည်ဟု ဇာလူဇနီက ထောက်ပြခဲ့သည်။
Source: Japan Times
- By CNI
- Category: နိုင်ငံရေး
- Hits: 713
CNI International News
ဒူဘိုင်း၊ ဇန်နဝါရီ ၅
အီရန်နိုင်ငံတွင် ကွယ်လွန်သွားသည့် တပ်မှူး ကက်ဆမ် ဆိုလီမာနီ (Qasem Soleimani) အတွက် ဇန်နဝါရီ ၃ ရက်က ဝမ်းနည်းအောင့်မေ့ဖွယ် အခမ်းအနား ပြုလုပ်နေချိန်အတွင်း ပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားခဲ့သဖြင့် လူ ၁၀၀ နီးပါး သေဆုံးခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ဆိုလီမာနီသည် ၂၀၂၀ ပြည့်နှစ်က အီရတ်နိုင်ငံတွင် အမေရိကန်၏ ဒရုန်းတိုက်ခိုက်မှု တစ်ခုကြောင့် သေဆုံးခဲ့ သူဖြစ်သည်။
ယခုဖြစ်ပွားသည့် ပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး အီရန် အာဏာပိုင်များက အကြမ်းဖက်သမားများ၏ လုပ်ရပ် ဖြစ်သည်ဟု ဝေဖန်ရှုတ်ချခဲ့သည်။
အီရန်နိုင်ငံပိုင် ရုပ်သံတွင်မူ ပထမတစ်ကြိမ် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မိနစ် ၂၀ အကြာတွင် ဒုတိယပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

ဆိုလီမာနီကို ထောက်ခံကြတဲ့ အီရန်လူထုကိုတွေ့ရစဉ်
အီရန် အရှေ့တောင်ပိုင်း ကာမန် (Kerman) မြို့ရှိ ဆိုလီမာနီအား မြေမြှုပ်သဂြိုဟ်ထားသည့် သချိုံင်းတွင် လေးနှစ် ပြည့် ဝမ်းနည်းအောင့်မေ့ဖွယ် အခမ်းအနား ပြုလုပ်နေချိန်တွင် ထိုပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့ကမှ တာဝန်ခံ ထွက်ဆိုခဲ့ခြင်း မရှိပေ။ အမေရိကန် ထိပ်သီး အရာရှိတစ်ဦးကမူ ထိုတိုက်ခိုက်မှုသည် အတိတ်ကာလက အိုင်အက်စ်(IS)အဖွဲ့၏ စစ်သွေးကြွများက အကြမ်းဖက် တိုက်ခိုက်သည့် ပုံစံမျိုးဖြစ်သည်ဟု ပြောကြားခဲ့သည်။
အီရန်သမ္မတ အီဘရာဟင် ရာအီစီ (Ebrahim Raisi) ကမူ ထိုတိုက်ခိုက်မှုကို လူမဆန်သည့် ရာဇဝတ်မှုဖြစ် ကြောင်း ရှုတ်ချခဲ့ပြီး အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ ခါမေနီကလည်း လက်စားချေသွားမည်ဟု ပြောကြားခဲ့သည်။

အီရန်သမ္မတ အီဘရာဟင် ရာအီစီကို တွေ့ရစဉ်
"ရက်စက်တဲ့ ရာဇဝတ်သားတွေအနေနဲ့ ပြင်းထန်တဲ့ တုန့်ပြန်မှုနဲ့ ရင်ဆိုင်ရမယ်ဆိုတာ သိအောင်လုပ်ပြရပါမယ်" ဟု ခါမေနီက ထုတ်ပြန်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
ရုရှားနှင့် တူရကီ အပါအဝင် နိုင်ငံအများအပြားက ထိုတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) ကမူ ထိုတိုက်ခိုက်မှုအား လုပ်ဆောင်ခဲ့သူများအနေနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၉၅ ဦးရှိပြီး ဒဏ်ရာရသူ ၂၁၁ ဦးရှိခဲ့ကာ အီရန်နိုင်ငံသမိုင်းတွင် လူသေဆုံးမှု အများဆုံး တိုက်ခိုက်မှုအဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်း အီရန်ကျန်းမာရေးဝန်ကြီး ဘာရမ် အိုင်နိုလာဟီ (Bahram Eynollahi) က နိုင်ငံပိုင် မီဒီယာတွင် ပြောကြားခဲ့သည်။
အီရန်တွင် အတိတ်ကာလကလည်း အိုင်အက်စ်အဖွဲ့ အပါအဝင် အခြား စစ်သွေးကြွအဖွဲ့များ၏ အလားတူ တိုက်ခိုက်မှုများကို ခံခဲ့ရသည်။
Source: ရိုက်တာ
