
- By CNI
- Category: နိုင်ငံရေး
- Hits: 598
CNI International News
ဘန်ကောက်၊ ဇွန်လ ၃၀
လွှတ်တော်ဥက္ကဋ္ဌ ရာထူးကို ရွေးချယ်ရန် ရက်နီးကပ်လာချိန်တွင် Move Forward နှင့် ဖြူးထိုင်း (Pheu Thai) ပါတီတို့သည် ပါတီနှစ်ခုအကြား ဆိုးဆိုးရွားရွား သဘောထားကွဲလွဲမှုကို ဖြေရှင်းရန်အတွက် အပေးအယူတစ်ခု ပြုလုပ်ရန် စဉ်းစားနေသည်ဟု သတင်းထွက်ပေါ်လာကြောင်း Thai PBS သတင်းမှ ရေးသားခဲ့သည်။
လွှတ်တော်ဥက္ကဋ္ဌရာထူးအတွက် သဘောထားကွဲလွဲမှုသည် ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေး ကြိုးပမ်းမှုများကိုလည်း ခြိမ်းခြောက်မှု ဖြစ်လာစေနိုင်သည်။
လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်မှုကို လွှတ်တော်၏ ပထမဆုံးအကြိမ် အစည်းအဝေးဖြစ်သော ဇူလိုင် ၁၂ ရက်တွင် ပြုလုပ်မည်ဟု ယူဆရသည်။
သို့သော် ဇွန်လ ၂၉ ရက်နေ့အထိ ပါတီနှစ်ခုအကြား ထိုကိစ္စအတွက် သဘောတူညီမှု တစ်စုံတစ်ရာ မရှိသေးပေ။
အစိုးရသစ်ဖွဲ့စည်းရေး Move Forward ပါတီ ပါဝင်သော ညွန့်ပေါင်းပါတီများနှင့် အာဏာခွဲဝေရေး အစိတ်အပိုင်း တစ်ခုအဖြစ် ဖြူးထိုင်းပါတီဘက်က လွှတ်တော်ဥက္ကဋ္ဌ ရာထူးအပြင် အစိုးရအဖွဲ့အတွင်း နေရာ ၁၄ နေရာ ရလို ကြောင်း ဆန္ဒရှိနေသည်။
သို့သော် တစ်ဖက်တွင်လည်း ရွေးကောက်ပွဲတွင် အမတ်နေရာအများစု ရရှိထားခြင်းကြောင့် Move Forward ပါတီ ကလည်း လွှတ်တော်ဥက္ကဋ္ဌရာထူးနှင့် အစိုးရအဖွဲ့၏ နေရာ ၁၄ နေရာကို အလိုရှိနေသည်။
ထိုင်းလွှတ်တော်ကို တွေ့ရစဉ်
ဖြူးထိုင်းဘက်က အပေးအယူ တစ်ခုပြုလုပ်ရန် စဉ်းစားနေသည်ဟု ပါတီနှင့်နီးစပ်သူများက ပြောသည်။
အပေးအယူတွင် ဖြူးထိုင်းပါတီဘက်က အစိုးရအဖွဲ့အတွင်း နေရာတစ်နေရာပိုရကာ လွှတ်တော်ဥက္ကဋ္ဌရာထူးကို Move Forward ပါတီသို့ ပေးမည်ဖြစ်သည်။
သို့သော် ထိုအပေးအယူကို ဖြူးထိုင်းပါတီ၏ အကြီးပိုင်းဘက်က လက်ခံသင့်/မသင့် မဆုံးဖြတ်ရသေးဟု သိရသည်။
တစ်ဖက်တွင်လည်း Move Forward ပါတီသည် လွှတ်တော်ဥက္ကဋ္ဌရာထူးအတွက် အစိုးရအဖွဲ့တွင်း နေရာ တစ်နေရာကို စွန့်လွှတ်ရန် အဆင်သင့် ရှိနေသည်ဟု ပါတီနှင့်နီးစပ်သူများက ပြောသည်။
ထိုသို့ ပါတီနှစ်ခုအကြား အပြိုင်အဆိုင် ဖြစ်နေခြင်းသည် ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည့် ပါတီနှစ်ခုအကြား အစည်းအဝေးကို ဖျက်သိမ်းရန် ဖြစ်စေခဲ့သည်ဟုလည်း ယူဆရသည်။
လွှတ်တော်ဥက္ကဋ္ဌရာထူးနှင့် ပတ်သက်သည့် ကိစ္စသည် Move Forward ပါတီဥက္ကဋ္ဌ ပီတာလင်ဂျာရိုရန်ရတ် (Pita Limjaroenrat) အား ဝန်ကြီးချုပ် နေရာထား၍ ညွန့်ပေါင်းအစိုးရတစ်ရပ်ကို ၎င်းတို့အနေဖြင့် ဖွဲ့စည်းနိုင်မည်လား အကြီးမားဆုံး စမ်းသပ်မှုလည်း ဖြစ်သည်။
ထိုင်းပြည်သူများ သူတို့၏ သဘောထားများကို ထုတ်ပြန်နေစဉ်
ခေါင်းဆောင်များသည် ညွန့်ပေါင်းအဖွဲ့တွင်းမှ တခြားသော ပါတီခြောက်ခုနှင့် တွေ့ဆုံမှု မတိုင်ခင် အပေးအယူ တစ်ခု ပြုလုပ်ရန် သဘောတူညီချက် ရရှိနိုင်သည်ဟုလည်း နှစ်ဖက်ပါတီများမှ ယုံကြည်ထားသည်။
သို့သော် သဘောတူညီချက် ရယူနိုင်ခြင်းမရှိခဲ့ပါက လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်ရေးအတွက် လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်ရမည်ဖြစ်ပြီး ထိုသို့ပြုလုပ်ရမည်ဆိုလျှင် ဖြူးထိုင်းပါတီကသာ အလွယ်တကူ အနိုင်ရရှိသွားလိမ့်မည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ယုံကြည်ထားသည်။
သို့သော် ထိုအခြေအနေသည် Move Forward ပါတီ ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့ စည်းလုံးညီညွတ်ရေးအပေါ် ပြင်းပြင်းထန်ထန် ထိခိုက်စေမည်မှာလည်း သေချာသလောက် ရှိသည်။
Source: Thai PBS

- By CNI
- Category: နိုင်ငံရေး
- Hits: 515
CNI International News
နန်တာရီ၊ ဇွန်လ ၃၀
ဆယ်ကျော်သက် လူငယ်တစ်ဦးကို ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့ပြီးနောက် ပေါ်ပေါက်လာသော ဆူပူမှုများကို ထိန်းသိမ်း ရန်အတွက် ပြင်သစ်အစိုးရက ရဲတပ်ဖွဲ့ဝင် ၄၀၀၀၀ ကို ဇွန်လ ၂၉ ရက်နေ့တွင် စုစည်း၍ နေရာချထားခဲ့သည်။
ပစ်ခတ်မှုသည် ဇွန်လ ၂၇ ရက်နေ့တွင် ဖြစ်ပွားခဲ့ကာ ပစ်ခတ်ခံရသူသည် အသက် ၁၇ နှစ်အရွယ် နာဟဲလ်ဖြစ်သည် ဟုသာ ထုတ်ပြန်ထားသည်။
ထိုဖြစ်စဉ်တွင် လက်နက်အား တရားဝင် အသုံးပြုရန် မလိုအပ်ဟု အစိုးရရှေ့နေ တစ်ဦး၏ ကနဦးစုံစမ်းစစ်ဆေးမှု ထွက်ပေါ်လာခဲ့ပြီးနောက် ပစ်ခတ်မှုကို လုပ်ဆောင်ခဲ့သည့် ရဲအရာရှိအား လူသတ်မှုဖြင့် စွဲချက်တင်ထားသည်။
အခြေအနေကို ထိန်းသိမ်းရေးအတွက် တည်တည်ငြိမ်ငြိမ်နေကြရန် အစိုးရဘက်က တောင်းဆိုထားသော်လည်း ပဲရစ်မြို့ ဆင်ခြေဖုံး အရပ်တစ်ခုဖြစ်သော နန်တာရီ (Nanterre) တွင် ကားများကို မီးရှို့ခြင်းကြောင့် ထွက်ပေါ်လာ သော မီးခိုးများဖြင့် ဖုံးလွှမ်းနေသလို အမှိုက်ပုံးများလည်း မီးရှို့ခံခဲ့ရသည်။
သေဆုံးသူအား ဂုဏ်ပြုရန်အတွက် နေ့လယ်ပိုင်းတွင် ငြိမ်းချမ်းစွာ စုဝေးခဲ့ပြီးနောက် ထိုသို့ ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။
လမ်းမများဘေးရှိ ရဲတပ်ဖွဲ့ဝင် အရေအတွက်ကို ၉၀၀၀ မှ ၄၀၀၀၀ အထိ လေးဆ တိုးမြှင့်ထားသည်ဟု ပြင်သစ် ပြည်ထဲရေးဝန်ကြီး ဂျီရယ်ဒါမာနင် (Gerald Darmanin) က ပြောသည်။
ပြင်သစ် ဆူပူမှုအတွင်း ကားများ မီးရှို့ခံထားရစဉ်
ပဲရစ်မြို့တစ်မြို့ထဲတွင်ပင် ရဲတပ်ဖွဲ့ဝင် အရေအတွက် ၅၀၀၀ ကျော် ဖြန့်ကျက်ထားသည်ဟုလည်း ၎င်းက ပြော သည်။ ပြည်သူပိုင် အဆောက်အဦ ၁၀၀ ကျော် ပျက်စီးကာ ရဲတပ်ဖွဲ့ဝင် ပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးနောက်တွင် ပြုလုပ်သည့် မနက်ပိုင်း အစည်းအဝေးတစ်ခု အပြီး ထိုသို့ ပြောဆိုခဲ့ ခြင်း ဖြစ်သည်။
အကြမ်းဖက် သူများအနေဖြင့် အိမ်ကိုပြန်ရမည်ဖြစ်ကြောင်း၊ အရေးပေါ် အခြေအနေ ကြေညာရန် မလိုအပ်သေး ကြောင်းနှင့် အစိုးရသည် ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
ဇွန်လ ၂၉ ရက်နေ့ညတွင် အကြမ်းဖက်မှုများ ဆက်ရှိနေဆဲ ဖြစ်သော်လည်း သိသိသာသာ နည်းပါးသွားကြောင်း၊ ရဲတပ်ဖွဲ့ဝင်အင်အားကို လမ်းမများပေါ်တွင် အရှင်းသား မြင်တွေ့ရကြောင်းလည်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
အစဉ်တစိုက် ငြိမ်းချမ်းလေ့ရှိသော Pau မြို့တွင်ပင် ရဲတပ်ဖွဲ့ရုံး အသစ်တစ်ခုကို Molotov ကောက်တေးဖြင့် ပစ်ခတ်တိုက်ခိုက် ခံခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။
တူးလော့စ် (Toulouse) တွင် ကားများ မီးရှို့ခံခဲ့ရကာ လိုင်ယွန် (Lyon) မြို့တွင် ဓာတ်ရထားတစ်စင်း မီးရှို့ခံ ခဲ့ရသည်။
ပြင်သစ်အမျိုးသား ရဲတပ်ဖွဲ့ဘက်က ဖမ်းဆီးမှုများနှင့် ပတ်သက်၍ သတင်းအသစ် ထုတ်ပြန်ခြင်း မရှိသေးသော် လည်း ဇွန်လ ၂၉ ရက်နေ့တွင် လူ ၄၀ ခန့်ကို ဖမ်းဆီးခဲ့သည်ဟု ပဲရစ်ရဲတပ်ဖွဲ့က ပြောသည်။
ပြင်သစ် ဆူပူမှုကိုတွေ့ရစဉ်
ဇွန်လ ၂၉ ရက်နေ့ မတိုင်ခင်အထိ လူပေါင်း ၁၈၀ ကို ဖမ်းဆီးထားသည်ဟုလည်း ပြည်ထဲရေးဌာနက ထုတ်ပြန် ထားသည်။
ယာဉ်များနှင့် ခရီးသည်များ ပစ်မှတ်ထား တိုက်ခိုက်ခံရခြင်းမှ ရှောင်လွဲနိုင်ရန် ပဲရစ်မြို့ရှိ ဘတ်စ်ကားနှင့် ရထား ဝန်ဆောင်မှုများကို နေမဝင်ခင် ပိတ်သိမ်းခဲ့သည်။
အကြမ်းဖက်မှုများသည် ပြင်သစ်မြို့များဖြစ်သော ကလာမတ် (Clamart) နှင့် မာဆေးလ် (Marseille) တို့တွင် သာမက ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ် (Brussels) မြို့တို့အထိပါ ကူးစက်ခဲ့သည်။
ပစ်ခတ်မှုကို ရိုက်ကူးထားသည့် ဗွီဒီယိုဖိုင်သည် ပြင်သစ် တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့ကာ ယင်းသည် ယခင်ကတည်းက တင်းမာမှုများရှိနေသော ပြင်သစ်ရဲတပ်ဖွဲ့နှင့် လူငယ်များအကြားမှ အခြေအနေများကို ပို၍ ဆိုးရွားလာစေခဲ့သည်။
Source:AP
- By CNI
- Category: နိုင်ငံရေး
- Hits: 561
CNI International News
ဘေဂျင်း၊ ဇွန်လ ၂၈
ရုရှားစစ်တပ်အပေါ် ဝဂ်နာ (Wagner) ကြေးစားစစ်တပ်အဖွဲ့၏ ပုန်ကန်မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ နှုတ်ဆိတ်နေမှုသည် ယူကရိန်းစစ်ပွဲ၊ စစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ အင်အားမျှခြေအပေါ် မည်သို့မည်ပုံ ထိခိုက် မည်လဲဆိုခြင်းအပေါ် တရုတ်နိုင်ငံ၏ စိုးရိမ်မှုများ မြင့်တက်လာခြင်းကို ဖော်ပြနေသည်ဟု AP မှ ရေးသားထား သည်။
အလျင်အမြန် အဆုံးသတ်သွားသော ၂၂ နာရီကြာ ပုန်ကန်မှုကို တရုတ်ကွန်မြူနစ်ပါတီက ရုရှား၏ပြည်တွင်းရေး ကိစ္စဟုသာ သတ်မှတ်ခဲ့ပြီး တရုတ်သည် ရုရှားအား ထောက်ခံသည်ဟုလည်း နိုင်ငံပိုင်သတင်းတွင် ဖော်ပြသည်။
ယခုဖြစ်ရပ်သည် ရုရှား၏ ပြည်တွင်းရေးအပေါ် အနောက်အုပ်စုက မည်သို့မည်ပုံ ချဲ့ကားလုပ်ဆောင်နေသည်ကို ဖော်ပြကြောင်း တရုတ်လေ့လာသူများက သုံးသပ်ခဲ့ကာ သမ္မတပူတင်၏ ရာထူးသည်လည်း စိုးရိမ်ရမည့် အခြေ အနေတွင် ရှိမနေဟု ပြောသည်။
သို့သော် ဝဂ်နာတို့၏ ပုန်ကန်မှုသည် ရုရှားတို့၏ ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ စိုးရိမ်မှုများ ပိုများလာစေရန် ခြိမ်းခြောက်မှုဖြစ်စေကာ ထိုအခြေအနေအပေါ် တရုတ်၏ လွှမ်းမိုးနိုင်မှု စွမ်းရည်ကို အကန့် အသတ် ရှိစေသည်။
တရုတ်သည် စစ်ပွဲတစ်လျှောက် ကြားနေနိုင်ငံတစ်ခုအဖြစ်သာ လူသိရှင်ကြား ရပ်တည်ခဲ့သည်။
ဝဂ်နာ ကြေးစားတပ်ဖွဲ့ကိုတွေ့ရစဉ်
စာရွက်ပေါ်မှ စကားများအရသာ ကြားနေဖြစ်ပြီး လက်တွေ့တွင် ရုရှားဘက်ကို ပိုယိမ်းကာ နှစ်နိုင်ငံကြား အပြန်အလှန် ခရီးစဉ်များ၊ စစ်ရေးပူးတွဲလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့သည်။
ယင်းက ရုရှား သို့မဟုတ် ဥရောပတို့နှင့် ဆက်ဆံရေး ပျက်စီးသွားခြင်းကို ရှောင်လွဲနိုင်ရန်အတွက် လိမ္မာပါးနပ်စွာ ထိန်းသိမ်းမှု၊ ဂရုတစိုက်တွက်ချက်မှုလည်း ဖြစ်သည်။
ရုရှားနှင့် ဥရောပ နှစ်ဖက်စလုံးသည် အမေရိကန်၏ အင်အားကို တွန်းလှန်ရန်အရေးပါသည့်အရာများဟု တရုတ် အစိုးရက သတ်မှတ်ထားသည်။
ထိုရပ်တည်ချက်သည် ဆက်ရှိနေဆဲဖြစ်သည်။ သို့သော် ပြီးခဲ့သည့်လများအတွင်း အစိုးရအကြံပေးများသည် နောက်ကွယ်တွင် ရှရှားအပေါ် စိတ်ဆိုးဒေါသဖြစ်မှု များပြားလာကြောင်း၊ ရုရှား၏ အန္တရာယ်များသော လုပ်ရပ်များ သည် တရုတ်ကိုပါ ထိခိုက်စေမည်ဟု ခံစားရမှုရှိလာကြောင်း တရုတ်လူမျိုးများ၊ နိုင်ငံခြားပညာရှင်များနှင့် သံတမန်များ၏ အင်တာဗျူးများအရ သိရသည်။
ရုရှား-တရုတ် ဆက်ဆံရေးကို မြောက်ကိုရီးယား - တရုတ် ဆက်ဆံရေးတို့ဖြင့် နှိုင်းယှဉ်မှုများလည်း ရှိလာသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ပူတင်ကိုတွေ့ရစဉ်
မြောက်ကိုရီးယား အစိုးရပိုင်းသည် ပုံမှန်မဟုတ်သော လုပ်ရပ်များဖြင့် တရုတ်နိုင်ငံအား စိတ်ဆိုးဒေါသ ဖြစ်စေ သည့်တိုင် နောက်ပိုင်းတွင် တရုတ်၏ စီးပွားရေး အကူအညီနှင့် သံတမန်ရေးရာ ထောက်ပံ့မှုများမှ အကျိုးအမြတ် ရရှိခြင်းနှင့် နှိုင်းယှဉ်ကြခြင်း ဖြစ်သည်။
ဝဂ်နာများ၏ ပုန်ကန်မှုသည် တရုတ်အနေဖြင့် ရုရှား သို့မဟုတ် သမ္မတ ပူတင်ဘက်မှ ရပ်တည်ခြင်းသည် မှန်ကန် ရဲ့လားဆိုသည့် သံသယကို နှစ်ဆတိုးပွား လာစေသည်ဟု ဝါရှင်တန်ရှိ ပညာရှင်အဖွဲ့အစည်းတစ်ခုမှ တရုတ်အရေး ကျွမ်းကျင်သူ ပတ်ထရစ်စီယာ အမ်.ကင်မ် (Patricia M.Kim) က ပြောသည်။
တရုတ်နိုင်ငံအတွင်း ပညာရှင်များသည်ပင် စစ်ပွဲအတွင်း ရုရှားစစ်တပ်၏ စွမ်းဆောင်ရည် ကျဆင်းလာခြင်းအပေါ် စိုးရိမ်မှုများ ရှိလာသည်။ ယင်းက ရုရှား၏ လွှမ်းမိုးမှုများစွာရှိနေသော တရုတ်စစ်တပ်၏ ဖွဲ့စည်းပုံနှင့် ပတ်သက် သည့် မေးခွန်းများစွာကိုလည်း ပေါ်ထွက်လာစေခဲ့သည်။
Source: AP

- By CNI
- Category: နိုင်ငံရေး
- Hits: 867
CNI News
၂၀၂၃ ခုနှစ်၊ ဇွန် ၂၈
ကရင်အမျိုးသားအစည်းအရုံး (KNU) အနေဖြင့် တပ်မဟာ တစ်ခုကို ဖွဲ့စည်းရန် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် လက်တွေ့ အကောင်အထည်ဖော်နေခြင်း ရှိ/မရှိကိုတော့ မေးခွန်းထုတ်နေဆဲဖြစ်သည်။
KNU သည် တပ်မဟာ ၈ ကို ဖွဲ့စည်းမည်ဟု ယခင်ကတည်းက သတင်းထွက်ပေါ်ခဲ့ဖူးသလို လက်ရှိတွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်းကာ တပ်မဟာတစ်ခု ဖွဲ့စည်းမည်ဟူသော သတင်းထွက်ပေါ် ခဲ့သည်။
နွေဦးတော်လှန်ရေးတွင် ပါဝင်မည့် အင်အားစုများ KNU ထံ ဝင်ရောက်သွားသည်မှာ အင်အားအများအပြား ရှိလာ ကြောင်း၊ KNU က တပ်မဟာတစ်ခု ဖွဲ့စည်းမည်ဆိုသည်မှာ ဖြစ်နိုင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “KNU ကို ဝင်ရောက်လာတဲ့ နွေဦးတော်လှန်ရေးထဲမှာ ပါဝင်မယ့် အင်အားစုတွေ သင်တန်းတွေ အကြိမ် ကြိမ်ပေးပြီးတော့ တည်ဆောက်လာတာ၊ ထောင်ဂဏန်းလောက်ရှိနေပြီလို့ ကျနော်တော့ ယူဆပါတယ်။ အဲဒါ ကြောင့် အဲဒီအင်အားတွေကို တပ်မဟာသစ် ဖွဲ့စည်းမယ်ဆိုတဲ့ ကိစ္စက ကျနော်အနေနဲ့ ဖြစ်လာနိုင်တယ်လို့ ယူဆ ပါတယ်။ နောက်တစ်ခုက ပြောရလို့ရှိရင် KNU မှာက တပ်မဟာတွေက နယ်မြေအလိုက် တပ်မဟာမှူးတွေရဲ့ စီမံ ကွပ်ကဲမှုအောက်မှာ ရှိပြီးတော့ KNU ဗဟိုရဲ့ လက်ဦးတပ်ဆိုတာ မရှိခဲ့သလောက် အနေအထား ဖြစ်ပါတယ်။
ဒါပေ မဲ့ အခုအခါမှာ အင်အားကလည်း အဆမတန် တိုးပွားလာ လေ့ကျင့်လှုပ်ရှားမှုတွေလည်း ပြီးတဲ့အခါမှာ ကျနော် ထင်တယ်၊ KNU ဗဟိုကနေပြီးတော့ ကိုင်တွယ်မယ့် နွေဦးစစ်ဆင်ရေးမှာ အခြားသော NUG တိုင်းရင်းသား မဟာမိတ်တွေနဲ့ ပူးပေါင်းပြီးတော့ တိုက်ပွဲဝင်မယ့် လက်ဦးတပ် တစ်တပ်ဖွဲ့ပြီးပြီဆိုတာလည်း ကြသိရပါတယ်။ အဲဒါဟာ တပ်မဟာ ၈ ဖြစ်လာနိုင်ချေရှိတယ်လို့ ကျနော်တော့ မျှော်မှန်းမိပါတယ်” ဟု ပြောသည်။
သံဖြူဇရပ်-ရေးမြို့ ကားလမ်းတစ်လျှောက်တွင် KNU နဲ့ PDF ပူးပေါင်း လှုပ်ရှားလာစဉ် (NUG)
တပ်မဟာတစ်ခု ထပ်တိုးဖွဲ့စည်းမည်ဆိုသည့် သတင်းထွက်ပေါ်မှုနှင့် ပတ်သက်၍ KNU မှ တာဝန်ရှိပုဂ္ဂိုလ်များထံ CNI က ဖုန်းဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။
KNU တပ်မဟာ အသစ်တစ်ခုကို ဖွဲ့စည်းသည့်ဟု တရားဝင် ထုတ်ပြန်ခြင်း မရှိသောကြောင့် ထိုကိစ္စအား အတည် ပြု၍မရကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်မှ စောလေးကပေါက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ကတော့ ဘာမှ မကြားဘူး။ မကြားဘူးဆိုတာ KNU ကနေပြီးတော့ တရားဝင်ထုတ်ပြန်တာ မရှိတဲ့ အတွက်ကြောင့်မို့လို့ အဲဒါကို ကျနော်တို့ ဘယ်လိုမှ အတည်ပြုပေးလို့ မရဘူးခင်ဗျ” ဟု ပြောသည်။
လက်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) တွင် တပ်မဟာ ၇ ခုကို ဖွဲ့စည်းထားပြီး တပ်မဟာ (၁) သထုံခရိုင်၊ တပ်မဟာ (၂) တောင်ငူခရိုင်၊ တပ်မဟာ (၃) ညောင်လေးပင်ခရိုင်၊ တပ်မဟာ (၄) ထားဝယ်ခရိုင်၊ တပ်မဟာ (၅) ဖာပွန်ခရိုင်၊ တပ်မဟာ (၆) ဒူးပလာယာခရိုင်နှင့် တပ်မဟာ (၇) ဘားအံခရိုင် စသဖြင့် ဖွဲ့စည်းထားသည်။
KNU ၏ အသစ်ဖွဲ့စည်းမည့် တပ်မဟာ ၈ ကို မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်အတွင်းတွင် ဖွဲ့စည်းမည်ဟု သတင်းများ ထွက်နေသည်။
မွန်ပြည်သစ်ပါတီကိုတွေ့ရစဉ်
KNU က တပ်မဟာ တစ်ခုကို ဖွဲ့စည်းသည်ဟု ကြားမိသလို သုံးသပ်ချက်လည်း အမျိုးမျိုးထွက်နေကြောင်း ရေးမြို့ ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မီဒီယာမှ ကျနော်တို့ မြင်နေရတာတော့ အဲဒီလိုပဲ ပြောတာပေါ့၊ အဲဒီလိုဖွဲ့တယ်လို့ ပြောတယ်၊ ပြောနေကြ တာပဲ၊ သုံးသပ်တဲ့သူ အမျိုးမျိုး ရှိနေတယ်၊ သူတို့ကတော့ KNU ရဲ့ နယ်မြေကို ချဲ့တာလား။ ဒါမှ မဟုတ်လည်း NUG ရဲ့ စစ်တိုင်းအနေနဲ့ လုပ်ချင်တာလား၊ နောက်မှာ ဘာအကြောင်းတွေရှိလဲ ကျနော်တို့လည်း မသိဘူး။ သေချာ တာကတော့ သူတို့ကတော့ လုပ်နေတယ်ပေါ့နော်၊ အဲဒီလိုတော့ သိရတယ်” ဟု ပြောသည်။
သံဖြူဇရပ်-ရေးမြို့ ကားလမ်းတစ်လျှောက်တွင် KNU ၏ စစ်ရေးလက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက် ရေး တပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ယခုလလယ်ပိုင်းက စတင်ကာ လှုပ်ရှားမှု ရှိလာခဲ့သည်။
လက်ရှိ KNLA ၊ PDF ပူးပေါင်းတပ်လို့ လှုပ်ရှားလာသည့် မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ မြိတ်-ထားဝယ်ခရိုင်တို့တွင် မွန်ပြည်သစ်ပါတီ (NMSP) လှုပ်ရှားရာ နယ်မြေများလည်း ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် KNU တပ်မဟာ ၈ ကိုဖွဲ့စည်းလာပါက မွန်ပြည်သစ်ပါတီ(NMSP)နှင့် စစ်ရေးအငြင်းပွားမှုများ ဖြစ်လာ နိုင်သည်ဟု သုံးသပ်နေကြသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 416
CNI International News
အစ္စလာမ္မာဘတ်၊ ဇွန်လ ၂၈
အာဖဂန်နစ္စတန်တွင် တာလီဘန်များ အာဏာရရှိခဲ့ပြီးနောက် အရပ်သား သေဆုံးမှု ၁၀၀၀ ကျော်ရှိလာခဲ့သည်ဟု ကုလသမဂ္ဂအဖွဲ့က ပြောသည်။
လွန်ခဲ့သော နှစ်များနှင့် နှိုင်းယှဉ်လျှင် နည်းပါးလာသည့်တိုင် အာဖဂန်နစ္စတန်တွင် တာလီဘန်များအာဏာ လွှဲပြောင်းရယူပြီးချိန်မှစ၍ တိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးသူ အရပ်သား အရေအတွက်မှာ ထင်သာ မြင်သာသည့် အဆင့်တစ်ခုတွင် ရှိနေသည်ဟု ကုလသမဂ္ဂအဖွဲ့က ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ကုလသမဂ္ဂ၏ အာဖဂန်ရေးရာအဖွဲ့(UNAMA) မှ ထုတ်ပြန်သည့် ကြေညာချက်သစ် တစ်ခုတွင် တာလီဘန်များ အာဏာလွှဲပြောင်းရယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ သြဂုတ်လလယ်မှ ယခုနှစ် မေလကုန်ပိုင်းအထိ အရပ်သား ၃၇၇၄ ဦး သေဆုံးခဲ့ကြောင်း၊ ယင်းတို့မှ ၁၀၉၅ ဦးမှာ နိုင်ငံတွင်းရှိ အကြမ်းဖက်မှုများကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းသည် အသတ်ခံရသူ ၃၀၃၅ ဦး အပါအဝင် အရပ်သား ၈၈၂၀ ဦး သေဆုံးခဲ့ရသည့် ၂၀၂၂ ခုနှစ်ကထက် ပို၍ နည်းပါးနေသည်။
UNAMA ၏ လူ့အခွင့်အရေး အဖွဲ့ခေါင်းဆောင် ဖီအိုနာ ဖရာဇာကိုတွေ့ရစဉ်
တာလီဘန်များသည် အမေရိကန်နှင့် နေတိုးတပ်ဖွဲ့များ နိုင်ငံတွင်းမှ အပြီးသတ် ထွက်ခွာရန် ပြင်ဆင်နေစဉ် ၂၀၂၁ သြဂုတ်လတွင် နိုင်ငံ၏အာဏာကို သိမ်းယူခဲ့သည်။
တာလီဘန်များ အာဏာရရှိခဲ့ပြီးနောက် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများ၏ ၄ ပုံ ၃ ပုံသည် ဘုရားကျောင်းများ၊ ကျောင်းများနှင့် ဈေးများ အပါအဝင် လူထူထပ်ရာ ဧရိယာများကို ပစ်မှတ်ထားသည့် အင်အားပြင်း ဖောက်ခွဲရေး ပစ္စည်းများ (IED) နှင့် တိုက်ခိုက်မှုများ ဖြစ်သည်ဟု ကုလ၏ ကြေညာချက်တွင် ဖော်ပြသည်။
အဆိုပါ တိုက်ခိုက်မှုများကြောင့် သေဆုံးသူများတွင် အမျိုးသမီး ၉၂ ဦးနှင့် ကလေးငယ် ၂၈၇ ဦးတို့လည်း ပါဝင် သည်။
ထိုကိန်းဂဏန်များအရ ယခင်သုံးနှစ်နှင့် ယှဉ်လျှင် တာလီဘန်တို့ အာဏာရရှိခဲ့သည့် သုံးနှစ်အတွင်း ဝတ်ပြုရာ နေရာများသို့ IED ဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်မှုများ သိသိသာသာ မြင့်တက်လာသည်ကိုလည်း ဖော်ပြနေသည်ဟု ကုလ၏ ကြေညာချက် တစ်စောင်တွင် ဖော်ပြထားသည်။
ရှီးအိုက် (Shiite) များအပေါ် ပစ်မှတ်ထားသည့် ကျောင်းများနှင့် ပညာရေးဆိုင်ရာ အဆောက်အဦများ၊ တခြား နေရာများသို့ တိုက်ခိုက်မှုများအတွင်း အနည်းဆုံးလူ ၉၅ ဦး သေဆုံးခဲ့သည်ဟုလည်း ထိုကြေညာချက်တွင် ဖော်ပြ သည်။
အာဖဂန်နစ္စတန်တွင် ပေါက်ကွဲမှုဖြစ်ပွားစဉ်
တိုက်ခိုက်မှု အများစုကို IS နှင့် ဆက်စပ်နေသည့် ဒေသတွင်း အဖွဲ့အစည်းများက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
အရပ်သားများနှင့် အရပ်သား ပစ်မှတ်များအပေါ် တိုက်ခိုက်နေခြင်းကို မဖြစ်မနေ ရပ်တန့်ရမည်ဟု UNAMA ၏ လူ့အခွင့်အရေး အဖွဲ့ခေါင်းဆောင် ဖီအိုနာ ဖရာဇာ (Fiona Frazer) က ပြောသည်။
လူ့အသက်များကို ကာကွယ်ရန် တာဝန်ရှိမှုကို လေးစားလိုက်နာရန်လည်း သူမက တာလီဘန်များအား တိုက်တွန်း ခဲ့သည်။ လက်သည် မပေါ်သည့် တိုက်ခိုက်မှုများကြောင့် သေဆုံးသူ အရေအတွက်လည်း သိသာထင်ရှားစွာ ရှိနေ သည်ဟု ကုလ၏ ကြေညာချက်တွင် ဖော်ပြထားသော်လည်း ထိုသို့သော တိုက်ခိုက်မှုများကြောင့် သေဆုံးရသူ အရေအတွက်ကိုမူ မသိရပေ။
Source: AP

- By CNI
- Category: နိုင်ငံရေး
- Hits: 451
CNI International News
ဘန်ကောက်၊ ဇွန်လ ၂၈
Move Forward ပါတီနှင့် ဆွေးနွေးမှုများတွင် ဖြူးထိုင်းပါတီသည် အစိုးရအဖွဲ့အတွင်း ရာထူး ၁၄ နေရာနှင့် လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် တောင်းဆိုသွားမည်ဖြစ်ကြောင်း Thai PBS သတင်းမှ ရေးသား ဖော်ပြခဲ့သည်။
ထိုသဘောထားကို ဇွန်လ ၂၇ ရက်နေ့က ဖြူးထိုင်း (Pheu Thai) ပါတီ၏ အမှုဆောင်ကော်မတီနှင့် လွှတ်တော် အမတ်များ အစည်းအဝေးတွင် တစ်ဖက်သတ် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ထိုရပ်တည်ချက်ကို ဇွန်လ ၂၈ ရက်တွင် ပါတီနှစ်ခု၏ စေ့စပ်ညှိနှိုင်းရေးအဖွဲ့များ တွေ့ဆုံစဉ် တင်ပြသွားရန်လည်း စီစဉ်ထားသည်။
ညှိနှိုင်းရေးအဖွဲ့သည် ၁၄+၁ ဖော်မြူလာကို အခိုင်အမာ ရပ်တည်သွားမည်ဟု ဖြူးထိုင်းပါတီခေါင်းဆောင် ချိုနန် သီရိကော (Chonlanan Srikaew) က ပြောသည်။
တောင်းဆိုသည့်အတိုင်း မဖြစ်ခဲ့လျှင် ပါတီနှစ်ခုစလုံးအနေဖြင့် ၎င်းတို့၏ အခြေအနေများနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်သွားမည် ဖြစ်သည်။
Move Forward ပါတီသည် လွှတ်တော်အတွင်း ရာထူးနေရာ ၁၄ နေရာအပြင် ဝန်ကြီးချုပ်ရာထူးကိုပါ ရယူမည် ဖြစ်သည်။
Move Forward ပါတီ ခေါင်းဆောင် ပီတာကိုတွေ့ရစဉ်
လွှတ်တော်ဥက္ကဋ္ဌ ရာထူးသည် လွှတ်တော်တွင်းရှိ အမတ်များ၏ စွမ်းဆောင်ရည်အပေါ် စောင့်ကြည့် အကဲခတ်မှု လုပ်ဆောင်ရခြင်းကြောင့် ယင်းသည် အရေးပါသည့် ရာထူးတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ဥက္ကဋ္ဌသည် သမာသမတ်ကျ၍ ကြံရည်ဖန်ရည်ရှိကာ သက်ဆိုင်ရာပါတီ အားလုံး၏ အသိအမှတ်ပြုခြင်းကို ရရှိထားသူ ဖြစ်ရ မည် ဖြစ်ကြောင်းလည်း ဖြူးထိုင်းပါတီ၏ ဒုတိယ ခေါင်းဆောင် ချိုဆတ်သီရိနီလ် (Chousak Sirinil) က ပြော သည်။
Move Forward ပါတီဘက်က ဝန်ကြီးချုပ်ရာထူးကို ရယူထားသည့် အခြေအနေတွင် ဖြူးထိုင်းပါတီ အနေဖြင့် လွှတ်တော်ဥက္ကဋ္ဌ ရာထူးကို ရယူခြင်းမှာ မျှတမှုရှိကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ထို့နောက် ညှိနှိုင်းရေးအဖွဲ့က ထိုသဘောထားကို ဆုပ်ကိုင်ထားသွားမည်ဟု ချိုဆတ်သီရိနီလ်က ပြောသည်။
ဖြူးထိုင်းပါတီ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဖွမ်သမ် ဝီချာယာချိုင်ကိုတွေ့ရစဉ်
၁၄+၁ ဖော်မြူလာသည် ပါတီ၏ တရားဝင် ထုတ်ပြန်ချက် တစ်စုံတစ်ရာ မဟုတ်သော်လည်း ယင်းသည် အမှု ဆောင်ကော်မတီ၊ လွှတ်တော်အမတ်များအားလုံး၏ တူညီသည့် သဘောဆန္ဒပင် ဖြစ်သည်ဟုလည်း နောက်ထပ် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဖွမ်သမ် ဝီချာယာချိုင် (Phumtham Wechayachai) က ပြောသည်။
၁၄+၁ သည် စေ့စပ်ညှိနှိုင်းရေးအဖွဲ့များအကြား စတင်ဆွေးနွေးမည့် ခေါင်းဆောင်မျိုး မဖြစ်သင့်ကြောင်း၊ အဖွဲ့များ အနေဖြင့် ထိုကိစ္စနှင့်ပတ်သက်၍ သဘောတူညီချက် မရရှိခဲ့လျှင် ၎င်းတို့၏ အနေအထားကို ပြန်လည်သုံးသပ်သင့် ကြောင်း ၎င်းက ပြောသည်။
မည်သို့ပင်ဆိုစေကာမူ လွှတ်တော်ဥက္ကဋ္ဌ ရာထူးအတွက် ဇူလိုင် ၄ ရက်မတိုင်ခင်အထိ အချိန်ရှိနေကြောင်း၊ ထိုကိစ္စကို ဇွန်လ ၂၈ ရက်နေ့ အစည်းအဝေးတွင်ပင် ဖြေရှင်းလိုက်နိုင်မည်ဟု ယုံကြည်မှုရှိကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: နိုင်ငံရေး
- Hits: 591
CNI International News
မော်စကို၊ ဇွန်လ ၂၈
ဝဂ်နာ (Wagner) ကြေးစားစစ်သားများ ကိုင်ဆောင်ထားသည့် အကြီးစား စစ်လက်နက်များကို ရုရှားတပ်ဖွဲ့များ ထံ လွှဲပြောင်းပေးရမည်ဟု ရုရှားကာကွယ်ရေးဌာနက ပြောခဲ့ကြောင်း Al Jazeera မှ ရေးသားဖော်ပြခဲ့သည်။
ထိုသို့ လက်နက်များ အပ်ခိုင်းခြင်းက ပုန်ကန်ခဲ့သော ကြေးစားစစ်တပ်အား စစ်တပ်၏ ထိန်းချုပ်မှုအောက်သို့ ထည့်ရန် လုပ်ဆောင်ချက် ဖြစ်သည်။
ပုဂ္ဂလိက ကုမ္ပဏီ ဖြစ်သည့် ဝဂ်နာထံမှ အကြီးစား စစ်လက်နက်များကို ရုရှားတပ်ဖွဲ့များထံ လွှဲပြောင်းပေးရေးအ တွက် ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိသည်ဟု ရုရှားကာကွယ်ရေးဌာနက ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ဇွန်လ ၂၄ ရက်နေ့က ဝဂ်နာအဖွဲ့ပိုင်ရှင် ယက်ဂျီနီ ပရီဂေါ့ဇ်ဟင် (Yevgeny Prigozhin) ဦးဆောင်သည့် ပုန်ကန်မှု သည် ရုရှားအတွက် ဆယ်စုနှစ်များအတွင်း အပြင်းထန်ဆုံးသော လုံခြုံရေးပဋိပက္ခကို ဖြစ်စေကာ ယူကရိန်းစစ်ပွဲ ရှိနေချိန်တွင် ပူတင်၏ ရာထူးတည်မြဲမှုနှင့် ပတ်သက်သည့် မေးခွန်းများကိုလည်း ဖြစ်စေခဲ့သည်။
ထိုသို့သော တော်လှန်ပုန်ကန်မှုမျိုး ဖြစ်ပွားခဲ့သည့်တိုင် ရုရှားဖက်ဒရယ်လုံခြုံရေးအေဂျင်စီသည် အစိုးရကိုဖြုတ်ချ ရန် ကြိုးပမ်းခဲ့သည့် ဝဂ်နာအဖွဲ့သားများ၏ ရာဇဝတ်မှုကို ရုတ်သိမ်းပေးခဲ့သည်။
ပူတင်ကို တွေ့ရစဉ်
ပရီဂေါ့ဇ်ဟင်သည် ဝဂ်နာတပ်ဖွဲ့များ၏ ချီတက်လာမှုကို ဇွန်လ ၂၅ ရက်တွင် ရပ်ဆိုင်းလိုက်သည်။
ရုရှားရဟတ်ယာဉ်ခြောက်စင်း၊ ထိန်းချုပ်ကွပ်ကဲရေး လေယာဉ်တစ်စင်းတို့အား ပစ်ချကာ တောင်ပိုင်းရှိ Rostov-on-Don မြို့အား သိမ်းပိုက်ပြီးချိန်၌ ဖြစ်သည်။
ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်(Alexander Lukashenko)၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ပုန်ကန် မှု အပြီးသတ်ခဲ့သည်။
ပုန်ကန်မှု အဆုံးသတ်သွားခဲ့ပြီးနောက် ပြုလုပ်ခဲ့သည့် ပထမဆုံးသော မိန့်ခွန်းတွင် ပူတင်က ၎င်းအနေဖြင့် သွေးထွက်သံယိုမှုများကို ရှောင်လွဲရန်၊ ဝဂ်နာတပ်ဖွဲ့ဝင်များ လွှတ်ငြိမ်းချမ်းသာခွင့် ရရှိစေရန် အမိန့်များ ထုတ်ပြန် ခဲ့သည်ဟု ဇွန်လ ၂၆ ရက်နေ့တွင် ပြောသည်။
ထို့နောက် ယူကရိန်းနှင့် ယင်း၏အနောက်အုပ်စု မဟာမိတ်များသည် ရုရှားတို့ အချင်းချင်း ပြန်သတ်မည်ကို အလို ရှိနေကြသည်ဟုလည်း ၎င်းက စွပ်စွဲသည်။
ဝဂ်နာအဖွဲ့ခေါင်းဆောင် ပရီဂေါ့ဇ်ဟင်ကလည်း သူတို့၏လုပ်ရပ်ကို ဆန္ဒပြမှု တစ်ခုသာဖြစ်သည်ဟု ကာကွယ်ပြော ကြားခဲ့သည်။
ဝဂ်နာ ကြေးစားစစ်တပ်ကိုတွေ့ရစဉ်
ယင်းက ကြေးစားလက်နက်ကိုင် တပ်ဖွဲ့များကို ကာကွယ်ရန်၊ ရုရှားစစ်ဘက် ခေါင်းဆောင်များ၏ ညံ့ဖျင်းမှုကို ဖော်ထုတ်ရန် လုပ်ဆောင်ချက်သာဖြစ်ပြီး ရုရှားအစိုးရကို စိန်ခေါ်လိုသည့် သဘောမရှိဟုလည်း ပြောသည်။
ထိုဖြစ်ရပ် ဖြစ်ပွားပြီးနောက်ပိုင်း ထွက်ပေါ်လာသည့် ပထမဆုံးသော အသံဖိုင်တွင် ဝဂ်နာအဖွဲ့များ မော်စကိုမြို့ဆီ သို့ လျင်လျင်မြန်မြန် ချီတက်လာနိုင်ခြင်းက ဆိုးရွားသည့် လုံခြုံရေးဆိုင်ရာ ပြဿနာများကို ဖြစ်စေသည်ဟုလည်း ၎င်းက ပြောသည်။
မကျေလည်မှုကို ဖော်ပြခြင်းသာ ဖြစ်ကြောင်း၊ နိုင်ငံ၏ အစိုးရကို ဖယ်ရှားရန် မဟုတ်ကြောင်း ဝဂ်နာအဖွဲ့ပိုင်ရှင်က ပြောသည်။
ထို့နောက် ဝဂ်နာများသည် လေတပ်စခန်းများ အပါအဝင် စစ်တပ်၏ အခြေခံအဆောက်အဦများကို ပိတ်ဆို့ခဲ့ပြီး နောက် မော်စကိုမြို့သို့ ရောက်ရန် ကီလိုမီတာ ၂၀၀ ခန့်တွင် ရပ်တန့်ခဲ့သည်ဟု ပြောသည်။
Source: Aljazeera

- By CNI
- Category: နိုင်ငံရေး
- Hits: 657
CNI International News
မော်စကို၊ ဇွန်လ ၂၇
ဇွန် ၂၄ ရက်က တပ်တွင်းပုန်ကန်မှုအတွင်း ပြင်သစ်သမ္မတ အီမန်နျူရန် မက်ခရွန် (Emmanuel Macron) သည် ရုရှားနှင့် အပေးအယူလုပ်ရန် ခြိမ်းခြောက်မှုသည် ဆိုးရွားပြင်းထန်သည့် ထိုးနှက်ချက် တစ်ခုဖြစ်သည်ကို နားလည်သဘောပေါက်ရန် အခွင့်အရေးဖြစ်ခဲ့သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့ဗ် (Sergey Lavrov)က ပြောသည်။
ရုရှားသတင်းဌာနဖြစ်သည့် အာတီသတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ပြောခဲ့ခြင်းသည်။
မက်ခရွန်သည် အမေရိကန်နှင့် အတူတကွရှိနေကြောင်း လာဗရော့ဗ်က ပြောသည်။
အခြေအနေကို ဂရုတစိုက် စောင့်ကြည့်နေကြောင်း၊ ယင်းသည် အလျင်အမြန်ပင် ပြောင်းလဲဖြစ်ပျက်နေကြောင်း၊ သို့သော် အဓိကအချက်မှာ ခွဲထွက်မှု၊ အစိုးရနှင့်စစ်တပ်၏ ထိလွယ်ရှလွယ် ဖြစ်မှုတို့သည် ယူကရိန်းတွင် စစ်ရေး အရ ထောက်ပံ့မှုများကို ဆက်လက် လုပ်ဆောင်ရန် ကြိုးပမ်းမှုများသည် တရားမျှတမှုရှိသည်ကို အပြည့်အဝ ဖော်ပြနေကြောင်း ရုရှားသံတမန်က ပြောသည်။
လာဗရော့ဗ်နဲ့ အာတီ အင်တာဗျူး လုပ်နေစဉ်
ဖြစ်စဉ်များတွင် မက်ခရွန်သည် ယူကရိန်း၏ ရုရှားနှင့်ဆက်ဆံခြင်းဆိုင်ရာ ခြိမ်းခြောက်မှုသည် မဟာဗျူဟာ မြောက် ထိုးနှက်ချက် ဖြစ်သည်ကို နားလည် သဘောပေါက် သွားခဲ့ကြောင်း၊ ယင်းသည် နေတိုးအဖွဲ့ ခေါင်းဆောင် များ ကိုင်ဆွဲထားသည့် အယူအဆတစ်ခုလည်းဖြစ်ကြောင်း လာဗရော့ဗ်က ပြောသည်။
မက်ခရွန်သည်လည်း ယူကရိန်းနှင့် အနောက်အုပ်စု မီဒီယာများမှ အာဏာပိုင်များနည်းတူ ရုရှားအား ဆန့်ကျင် သည့် စက်တစ်လုံး၏ အစိတ်အပိုင်း တစ်ခုသာဖြစ်သည်ဟု လာဗရော့ဗ်က ပြောသည်။
ရုရှားသမ္မတ ပူတင်၏ ဇွန်လ ၂၄ ရက်နေ့ မိန့်ခွန်းကဲ့သို့ပင် အနောက်အုပ်စု၏ စစ်ဘက်၊ စီးပွားရေးနှင့် သတင်း အချက်အလက် အဖွဲ့အစည်းတစ်ခုလုံးသည် ရုရှားကို ဆန့်ကျင်ရန်အတွက် ဖန်တီးထားသည်ဟုလည်း ရုရှား နိုင်ငံခြားရေးဝန်ကြီးက အဆုံးသတ် ပြောသွားခဲ့သည်။
Source: တာ့စ်

- By CNI
- Category: နိုင်ငံရေး
- Hits: 810
CNI International News
ဘန်ကောက်၊ ဇွန်လ ၂၇
လွှတ်တော်၏ ဝန်ကြီးချုပ်အသစ် ရွေးချယ်မှုတွင် Move Forward ပါတီ (MFP)ခေါင်းဆောင် ပီတာလင်ဂျာရိုရန် ရတ်(Pita Limjaroenrat) အပြင် တခြားသော အမည်များကိုလည်း အဆိုပြု တင်သွင်းနိုင်ဖွယ်ရှိကြောင်း လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီး အကာနစ် မြူအမ်ဆာဝပ် (Akanit Muensawad) ကပြောသည်။
မစ္စတာပီတာအား ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ရန် MFP ထောက်ခံသူများက လွှတ်တော်အမတ်များအပေါ် ဖိအားပေးမှုများ မြင့်တက်လာချိန်တွင် ၎င်းက ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။
တခြားသော ကိုယ်စားလှယ်ဟောင်းများ၏ အမည်စာရင်း တင်သွင်းမှုများလည်း ရှိလာနိုင်ခြင်းကြောင့် လွှတ်တော် အမတ်များအနေဖြင့် ဝန်ကြီးချုပ်အသစ်ရာထူးတွင် ကျင့်ဝတ်ပိုင်းနှင့် လုပ်နိုင်စွမ်း နှစ်ခုစလုံး ကောင်းမွန်သည်ဟု ၎င်းတို့ ယူဆသူအား မဲပေးရန် အခွင့်အရေး ရှိနေသည်ဟု ဗိုလ်ချုပ်ကြီး အကာနစ်က ပြောသည်။
လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီး အကာနစ် မြူအမ်ဆာဝပ်ကိုတွေ့ရစဉ်
MFP အနေဖြင့် ကနဦး အခြေအနေတွင် ကတည်းက လွှတ်တော်အမတ် ၃၇၆ ဦးထံမှ ထောက်ခံမဲ ရရှိထားသင့် ကြောင်း၊ ထိုအခြေအနေတွင် လွှတ်တော်အမတ်များသည် ဝန်ကြီးချုပ်အသစ် ရွေးချယ်မှုကို လက်ရှောင်နေတော့ မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
ပီတာအနေဖြင့် လွှတ်တော်အတွင်းမှ ထောက်ခံမဲ ၃၇၆ မဲ မရရှိခဲ့လျှင် MFP အား ထောက်ခံသူများက လွှတ်တော် အား ပြစ်တင်ဝေဖန်မှု လုပ်ဆောင်လာနိုင်သည်ဆိုသည့် ခန့်မှန်းမှုများအပေါ် အကာနစ်က တုံ့ပြန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အစပိုင်း ထောက်ခံမဲ ၃၇၆ မဲရခဲ့လျှင် အစိုးရဖြစ်လာမည်ဖြစ်ကြောင်း၊ ထိုသို့ လုပ်နိုင်ပါသလား၊ ထိုသို့ မလုပ်နိုင်ခဲ့ လျှင်လည်း လွှတ်တော်၏အပြစ်ဟု မထိုးချသင့်ကြောင်း အကာနစ်က ပြောသည်။
MFP ပါတီသည် ပီတာအား ဝန်ကြီးချုပ်သစ်အဖြစ် တင်မြှောက်နိုင်ရေးအတွက် လွှတ်တော်အမတ်များနှင့် တွေ့ ဆုံဆွေးနွေးရန် ကြိုးပမ်းလျက်ရှိချိန်တွင် လွှတ်တော်အမတ်တချို့သည် ၎င်းတို့နှင့် တွေ့ဆုံလိုခြင်း မရှိဟုလည်း လွှတ်တော်အမတ် ဂျာတီသီရသာရာနွန့် (Jate Siratharanont) က ပြောသည်။
MFP သည် တော်ဝင်မိသားစုနှင့် သက်ဆိုင်သည့် ပုဒ်မ ၁၁၂ ကို ပြင်ဆင်လိုနေကြောင်း၊ ယင်းကို ပြည်သူတချို့က လက်မခံကြပေ။
Move Forward ပါတီ (MFP)ခေါင်းဆောင် ပီတာလင်ဂျာရိုရန်ရတ်ကိုတွေ့ရစဉ်
MFP ပါတီ၏ လက်နက်ကိုင်တပ်ဖွဲ့များ ပြုပြင်ပြောင်းလဲရေး မူဝါဒနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာတွင် ဗိုလ်ချုပ်ကြီး အကာနစ်က လက်နက်ကိုင်တပ်ဖွဲ့များအတွက် ပြုပြင်ပြောင်းလဲရေးကို လက်နက်ကိုင်တပ်ဖွဲ့ဝင်များကသာ လုပ်ဆောင်သင့်ကြောင်း၊ MFP မှ အဆိုပြုသည့် ပုံစံမျိုးမဖြစ်သင့်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
MFP သည် ထိုင်းလက်နက်ကိုင် တပ်ဖွဲ့များအတွက် ပြုပြင်ပြောင်းလဲရေးမူဝါဒကို အမေရိကန် စစ်တပ် ဖွဲ့စည်းပုံ အား ကူးချထားသည်ဟုလည်း အကာနစ်က စွပ်စွဲသည်။
MFP ပါတီမှ အဆိုပြုထားသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် စစ်မှု မထမ်းမနေရစနစ်ကို ရပ်ဆိုင်း ထားရန်နှင့် ကာကွယ်ရေးကောင်စီ၊ ပြည်တွင်းလုံခြုံရေးဌာနချုပ် (Isco) နှင့် စစ်ခုံရုံးတို့အား ဖျက်သိမ်းမှုများ ပါဝင်နေသည်။
Source: ဘန်ကောက်ပို့စ်