- By CNI
- Category: နိုင်ငံရေး
- Hits: 668
CNI International News
တိုင်ပေ၊ ဖေဖော်ဝါရီ ၂
ထိုင်ဝမ်လွှတ်တော်သည် ထိုင်ဝမ်၏ အကြီးဆုံး အတိုက်အခံပါတီဖြစ်သည့် ကူမင်တန်(KMT)ပါတီမှ အတိုက်အခံ တစ်ဦးဖြစ်သော ဟန်ကော်ယု (Han Kuo-yu)ကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဖေဖော်ဝါရီ ၁ ရက်တွင် ခန့်အပ်ခဲ့ သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဟန်သည် တရုတ်လိုလားသူ တစ်ဦးဖြစ်သည်ဟု အာဏာရ DPP ပါတီက ရှုမြင်ထားပြီး ဟန် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာချိန်တွင် ထိုင်ဝမ်သို့ လာရောက်မည့် ပြည်ပမှ လွှတ်တော်အမတ်များကို လက်ခံတွေ့ဆုံရမည်ဖြစ်သည်။
DPP ပါတီသည် ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း လွှတ်တော် ရွေးကောက်ပွဲ၌ အမတ်အများစုနေရာကို ဆုံးရှုံးခဲ့သည်။
တရုတ်ကမူ DPP ပါတီကို ခွဲထွက်ရေးဝါဒီများအဖြစ် ယူဆထားပြီး ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် ကြေညာထားသည်။

ကူမင်တန်ခေါင်းဆောင် ချန်ကေရှိန် ဓာတ်ပုံကို တွေ့ရစဉ်
ထိုင်ဝမ်အစိုးရ၏ သမ္မတဆိုင်ရာ ဖွဲ့စည်းပုံစနစ်အရ သမ္မတသည် ဝန်ကြီးချုပ်ကို ခန့်အပ်နိုင်သော်လည်း အာဏာရ DPP ပါတီသည် လွှတ်တော်တွင် အမတ်နေရာ အများစုအား ရရှိခဲ့ခြင်းမရှိသဖြင့် ဥပဒေပြုရေး လုပ်ငန်းစဉ်များ၌ အတိုက်အခံများနှင့် လက်တွဲလုပ်ဆောင်ရမည်ဖြစ်သည်။
ပြီးခဲ့သည့်လက ကျင်းပခဲ့သည့် လွှတ်တော်ရွေးကောက်ပွဲတွင် ကူမင်တန်ပါတီသည် DPP ပါတီထက် လွှတ်တော် နေရာ ၁ နေရာ အသာစီးရခဲ့သော်လည်း သေးငယ်သည့် TPP ပါတီက လွှတ်တော်နေရာ ၈ နေရာကို ရရှိခဲ့သည်။
ထို့နောက် ကူမင်တန်ပါတီသည်လည်း နေရာ ၁၁၃ နေရာရှိသည့် အောက်လွှတ်တော်တွင် အမတ်နေရာ အများစု ကို ရရှိခဲ့ခြင်း မရှိပေ။
ယခု လွှတ်တော်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံခဲ့ရသည့် ဟန်သည် ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲတွင် DPP ပါတီ၏ ကိုယ်စားလှယ်လောင်းဖြစ်သော လက်ရှိသမ္မတ ဆိုင်အင်ဝမ် (Tsai Ing-wen)ကို မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သူ ဖြစ်သော်လည်း လက်ရှိလွှတ်တော်ဥက္ကဋ္ဌ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။
"ထိုင်ဝမ်လူထု အများစုဟာ အုပ်ချုပ်ရေး၊ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ထိုင်ဝမ် လွှတ်တော်ကို ကောင်းမွန်စွာ မျှော်လင့်ထားကြမယ်လို့ ကျနော်ယုံကြည်ပါတယ်"ဟု ဟန်က သတင်းထောက် များကို ပြောကြားခဲ့သည်။

ဟန်ကော်ယုနဲ့ ကူမင်တန်ပါတီကိုတွေ့ရစဉ်
ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးချိန် ကာလများအတွင်း DPP ၏ ရုပ်သံကြေညာများတွင် ၂၀၁၉ ခုနှစ်က ဟောင်ကောင်ရှိ တရုတ်အစိုးရ၏ ဆက်ဆံရေးရုံးသို့ သွားရောက်ခဲ့သည့် ဟန်၏ ခရီးစဉ်အကြောင်းကို အလေး ထားဖော်ပြခဲ့သည်။
ထို့နောက် ဟန်သည် တရုတ်နှင့် ဆက်နွှယ်သည့် နေရာများကို သွားရောက်ရန် နှစ်သက်သူဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ထို့ပြင် ဟန်သည် ၂၀၁၉ ခုနှစ်က တရုတ်ပြည်မကြီးသို့လည်း သွားရောက်ခဲ့ပြီး တရုတ်ထိပ်သီး အရာရှိများနှင့် တွေ့ဆုံခဲ့ကာ ထိုင်ဝမ်နှင့် တရုတ်သည် 'တရုတ်တစ်နိုင်ငံတည်း' ဆိုသည့် ခေါင်းစဉ်အောက်တွင်ရှိကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 897
CNI International News
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂
အမေရိကန်စစ်တပ်သည် ယီမင်နိုင်ငံအတွင်းရှိ အီရန်က ကျောထောက်နောက်ခံ ပေးထားသည့် ဟူရ်သီသူပုန်များ ပိုင်ဆိုင်သော ဒရုန်း ၁၀ စင်းနှင် မြေအောက်ထိန်းချုပ်ရေးစခန်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ဖေဖော်ဝါရီ ၁ ရက်က အမေရိကန်တပ်ဖွဲ့များ သည် ဒေသတွင်း ကုန်တင်သင်္ဘောများနှင့် အမေရိကန် စစ်သင်္ဘော များကို ခြိမ်းခြောက်နေသည့် ဟူရ်သီတို့၏ ဒရုန်း ၁၀ စင်းနှင့် မြေအောက်ထိန်းချုပ်ရေးစခန်းအား တိုက်ခိုက်ခဲ့ ကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) ၏ ထုတ်ပြန်ခဲ့သည်။
ကုန်တင်သင်္ဘောများနှင့် အမေရိကန် ရေတပ်သင်္ဘောများအတွက် ဘေးကင်းလုံခြုံစေရန်၊ နိုင်ငံတကာ ရေပိုင်နက် တွင် ဘေးကင်းမှုရှိစေရန်နှင့် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်တို့ကို ကာကွယ်ရန် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ဟူရ်သီအဖွဲ့ကမူ ယီမင်နိုင်ငံကို ရန်လိုနေသည့် အမေရိကန်နှင့် ဗြိတိန်စစ်သင်္ဘောများ အားလုံးသည် ပစ်မှတ်များ ဖြစ်ကြောင်း ဇန်နဝါရီ ၃၁ ရက်က ပြောကြားခဲ့သဖြင့် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်နိုင်ခြေရှိ သည့် အလားအလာနှင့် ဒေသတွင်း တင်းမာမှုများ မြင့်တက်လာနိုင်သော အလားအလာတို့အပေါ် စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။

အမေရိကန်စစ်သင်္ဘောကို တွေ့ရစဉ်
အစောပိုင်းကလည်း အမေရိကန်ဖျက်သင်္ဘော USS Carney သည် ဟူရ်သီတို့ ပစ်ခတ်ခဲ့သည့် သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည်တစ်စင်း၊ အီရန်လုပ် ဒရုန်း ၃ စင်းကို ပစ်ချခဲ့ကြောင်း CENTCOM က ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း ထိုဒရုန်းများသည် တိုက်ခိုက်ရေးဒရုန်းများ သို့မဟုတ် ကင်းထောက်ဒရုန်းများ ဖြစ်သည်ဆိုခြင်းကိုမူ အသေးစိတ် ပြောကြားခဲ့ခြင်းမရှိပေ။
အမေရိကန်ရေတပ်၏ ဖျက်သင်္ဘော Gravely က ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ဟူရ်သီအဖွဲ့၏ ရေတပ်သည် အေဒင်ပင်လယ်ကွေ့ (Gulf of Aden) ရှိ အမေရိကန်ကုန်တင်သင်္ဘော တစ်စင်းကို တိုက်ခိုက်ခဲ့ကြောင်း ဇန်နဝါရီ ၃၁ ရက်က ပြောကြားခဲ့သည်။
ထိုဖြစ်စဉ်များနှင့်ပတ်သက်ပြီး အမေရိကန်နှင့်အီရန်သည် တိုက်ရိုက် ထိပ်တိုက်တွေ့မည့် အရေးကို ရှောင်ကြဉ် နေသော်လည်း အမေရိကန်သည် အရှေ့အလယ်ပိုင်းဒေသတွင် ဟူရ်သီအဖွဲ့အပြင် အခြား အီရန်နှင့် ဆက်နွှယ် သည့် လက်နက်ကိုင်အဖွဲ့များကို တိုက်ခိုက်လျက်ရှိသည်။
ဇန်နဝါရီ ၃၁ ရက်ကလည်း အမေရိကန်လေယာဉ်များကို ခြိမ်းခြောက်နိုင်သည့် ဟူရ်သီတို့၏ မြေပြင်မှဝေဟင်ပစ် ဒုံးကျည် တစ်စင်းကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း CENTCOM က ထုတ်ပြန်ခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 706
CNI International News
တိုင်ပေ၊ ဖေဖော်ဝါရီ ၁
တရုတ်သည် ထိုင်ဝမ်ရေလက်ကြား၏ အလယ်စည်းနှင့် နီးစပ်သည့် လေယာဉ်ပျံသန်းမှု လမ်းကြောင်းကို တစ်ဖက် သတ် ပြောင်းလဲခဲ့ပြီးနောက် ထိုင်ဝမ်အစိုးရက တရုတ်၏လုပ်ဆောင်မှုကို ပြင်းထန်စွာ ဝေဖန်ခဲ့သည်ဟု Japan Times မှ ဖော်ပြခဲ့သည်။
တရုတ်၏ လုပ်ဆောင်မှုသည် ထိုင်ဝမ်ရေလက်ကြားတွင် စစ်ရေးအရ ဖြစ်နိုင်ခြေရှိသည့် အခြေအနေအတွက် ရှိရင်းစွဲ အနေအထားကို ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲရန် ကြိုးပမ်းချက်တစ်ခု ဖြစ်နိုင်ကြောင်း ထိုင်ဝမ်အစိုးရက ပြောကြားခဲ့သည်။
တရုတ်၏ မြို့ပြလေကြောင်း အုပ်ချုပ်ရေးအဖွဲ့၏ ဇန်နဝါရီ ၃၀ ရက်တွင် ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁ ရက်မှ စပြီး M503 လေကြောင်းလိုင်း ပျံသန်းသည့်လမ်းကြောင်းကို ထိုင်ဝမ်ရေလက်ကြား၏ အလယ်စည်းအနီး အနောက်ဘက်လမ်းကြောင်းမှ ပျံသန်းမှုကို ဖျက်သိမ်းကြောင်း ဖော်ပြထားသည်။
ထိုင်ဝမ်ရေလက်ကြား၏ အလယ်စည်းသည် တရုတ်နှင့် ထိုင်ဝမ်အကြား တရားမဝင် ရေကြောင်းနယ်စပ် တစ်ခု အဖြစ် ရှုမြင်ခံထားရသော်လည်း တရုတ်သည် ထိုစည်းကို အသိအမှတ်မပြုဘဲ စစ်လေယာဉ်များနှင့် စစ်သင်္ဘော များကို စေလွှတ်ပြီး ဖြတ်သန်းမောင်းနှင်မှုများ ပြုလုပ်ခဲ့သည်။
ထို့ပြင် တရုတ်သည် ထိုင်ဝမ်ကျွန်း၏ ဦးတည်ချက်ဖြစ်သည့် အနောက်ဘက်မှ အရှေ့ဘက်သို့ သွားရောက်သော လမ်းကြောင်းများကို ဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။

ထိုင်ဝမ်က စစ်ရေးပြင်ဆင်ထားစဉ်
ထိုလေကြောင်းခရီးစဉ် လမ်းကြောင်းများသည် ထိုင်ဝမ်သို့ ပုံမှန်ပျံသန်းသည့် ရှားမင် (Xiamen) နှင့် ဖူကျိုး (Fuzhou) မြို့များမှ ပျံသန်းထွက်ခွာသော လမ်းကြောင်းများဖြစ်သည်။
အဆိုပါ လေကြောင်းခရီးစဉ် လမ်းကြောင်းများသည် ထိုင်ဝမ်က ထိန်းချုပ်ထားသည့် ကင်မန် (Kinmen)၊ မတ်ဆု (Matsu) ကျွန်းများနှင့် နီးကပ်စွာ တည်ရှိသည်။
ထိုင်ဝမ် မြို့ပြလေကြောင်း အုပ်ချုပ်ရေးအဖွဲ့နှင့် တရုတ်မူဝါဒရေးရာ ချမှတ်ရေး ပြည်မကြီးရေးရာကောင်စီတို့ကမူ တရုတ်၏ မူဝါဒသည် တစ်ဖက်သတ်ဆန်ပြီး ပြင်းထန်စွာ ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။
တရုတ်သည် လေကြောင်း ဘေးကင်းလုံခြုံမှုကို လျစ်လျူရှုပြီး ထိုင်ဝမ်ကို လေးစားမှုမရှိဘဲ အရပ်ဖက် လေကြောင်းလိုင်းများကို နိုင်ငံရေးနှင့် စစ်ရေးအရ အသုံးချရန် ကြိုးပမ်းနေသည်ဟု ထိုင်ဝမ်၏ ပြည်မကြီးရေးရာ ကောင်စီက ပြောကြားခဲ့သည်။
တရုတ်သည် ထိုင်ဝမ်ရေလက်ကြား၏ အလယ်စည်း တည်ရှိမှုကို ငြင်းဆိုနေပြီး ထိုစည်းကို အလုံးစုံ ပယ်ဖျက်ရန် ကြိုးပမ်းနေကြောင်း ထိုင်ဝမ်၏ အမျိုးသားမူဝါဒ ဖောင်ဒေးရှင်းမှ စစ်ရေးသုတေသီ ချိန်းချောင် (Chieh Chung) က ပြောကြားခဲ့သည်။
Source: Japan Times
- By CNI
- Category: နိုင်ငံရေး
- Hits: 707
CNI International News
ဘန်ကောက်၊ ဖေဖော်ဝါရီ ၁
Move Forward(MFP)ပါတီနှင့် ပါတီခေါင်းဆောင်ဟောင်း ပီတာ လင်ဂျာရွန်ရတ် (Pita Limjaroenrat) တို့သည် ထိုင်းနိုင်ငံ၏ စည်းမျဉ်းခံဘုရင်စနစ်ကို ဖြုတ်ချရန် ကြိုးပမ်းခဲ့ကြောင်း ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ဇန်နဝါရီ ၃၁ ရက်တွင် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။
MFP နှင့် ပီတာတို့သည် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးချိန်ကာလက ထိုင်းတော်ဝင်မိသားစုကို ကာကွယ်ပေးထား သည့် တော်ဝင်အသေရေဖျက်မှုဆိုင်ရာဥပဒေ သို့မဟုတ် Article 112 ဟု လူသိများသည့် ဥပဒေအပိုဒ်ခွဲ ၁၁၂ ကို ပြုပြင်ပြောင်းလဲရန် ကတိပြုခဲ့သည်။
ဖွဲစည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက MFP ပါတီကို ဖျက်သိမ်းသင့်၊ မသင့် ဆုံးဖြတ်ခဲ့ခြင်း မရှိသော်လည်း ယခု ဆုံးဖြတ်ချက်သည် MFP ပါတီအား ဖျက်သိမ်းရေးအတွက် တရားရေးအရ နောက်ဆက်တွဲ အားထုတ်ကြိုးပမ်း မှုများကို လမ်းဖွင့်ပေးရာ ရောက်ခဲ့သည်။
ထိုအမှုနှင့်ပတ်သက်ပြီး ရှေ့နေတစ်ဦးဖြစ်သူ သီရာယွတ် ဆူဝမ်ကီဆွန် (Theerayut Suwankesorn) က ပြီးခဲ့သည့်နှစ် ဇူလိုင်လက တရားရုံးကို လျှောက်ထားခဲ့သည်။
ထိုအချိန်က MFP ပါတီ ခေါင်းဆောင်ဖြစ်သည့် ပီတာနှင့် MFP ပါတီသည် ထိုင်းနိုင်ငံ၏ စည်းမျဉ်းခံဘုရင်စနစ်ကို ဖြုတ်ချရန် ကြိုးပမ်းနေကြောင်း စွပ်စွဲခဲ့ခြင်းဖြစ်သည်။

MFP သည် ဘုရင်စနစ်ကို ဖြုတ်ချရန် ကြိုးပမ်းခဲ့ဟု တရားရုံးဆုံးဖြတ်
အဆိုပါ စွပ်စွဲချက်များနှင့် ပတ်သက်ပြီး အဆုံးသတ်အထိ ဖြေရှင်းနိုင်သည့် အမိန့်တစ်ရပ် ထုတ်ပြန်ရန်လည်း သီရာယွတ်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို တိုက်တွန်းခဲ့သည်။
တရားရုံး၏ ဆုံးဖြတ်ချက်သည် MFP ပါတီအား ဘုရင်စနစ်ကို မှေးမှိန်စေရန် လုပ်ဆောင်မှုအတွက် ဖျက်သိမ်းရန် အသနားခံစာ အသစ်တစ်စောင် တင်သွင်းနိုင်မည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်ဟုလည်း သီရာယွတ်က ပြောသည်။
ပြီးခဲ့သည့်နှစ်က တရားရုံးသို့ တင်သွင်းခဲ့သည့် အသနားခံစာထဲတွင် သီရာယွတ်က တော်ဝင်အသရေဖျက်မှုဆိုင်ရာ ဥပဒေကို ပြင်ဆင်ပြောင်းလဲလိုသော MFP ၏ မူဝါဒသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဥပဒေအပိုဒ်ခွဲ ၄၉ ကို ချိုးဖောက်ရာရောက်ကြောင်း ပြောကြားခဲ့သည်။
ပီတာသည် မီဒီယာကုမ္ပဏီတစ်ခုတွင် ရှယ်ယာများပိုင်ဆိုင်မှုကြောင့် ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်ခဲ့သည် ဆိုသည့် စွဲချက်များကို တရားရုံးက ပလပ်ခဲ့ပြီးနောက် သီတင်းတစ်ပတ်အကြာ၌ ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာ ခြင်းဖြစ်သည်။
Source: Thai PBS World
- By CNI
- Category: နိုင်ငံရေး
- Hits: 942
CNI International News
မော်စကို၊ ဖေဖော်ဝါရီ ၁
BRICS အဖွဲ့နှင့် မိတ်ဖက်ဆက်ဆံရေး ထူထောင်ရန် ဆုံးဖြတ်ခဲ့သည့် နိုင်ငံများကို အဓိကအာရုံစိုက်ပြီး ဆွေးနွေးမှု များ ပြုလုပ်သွားမည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ် (Sergey Lavrov) က ပြောကြားခဲ့ကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။
"BRICS အဖွဲ့ထဲကို အဖွဲ့ဝင်နိုင်ငံသစ်တွေ ဝင်ရောက်တာဟာ ကျနော်တို့ အဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ရပ်တည်မှု အနေအထားနဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမို ခိုင်မာစေမှာပါ" ဟု လာဗရော့ဗ်က BRICS အဖွဲ့၏ နိုင်ငံခေါင်းဆောင်များ၏ ကိုယ်စားလှယ်များနှင့် ရာထူးနိမ့် ကိုယ်စားလှယ်များ၏ ပထမဆုံးအကြိမ် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
လက်ရှိတွင် BRICS အဖွဲ့နှင့် မိတ်ဖက်နိုင်ငံများဖြစ်ရန် ကြိုးပမ်းနေသည့်နိုင်ငံ အများအပြားရှိကြောင်း၊ ရုရှားသည် BRICS အဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌ နေရာကို ရယူထားချိန်အတွင်း ထိုနိုင်ငံများကို အလေးထား ဆက်ဆံသွားမည် ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

BRICS အဖွဲ့၀င် နိုင်ငံများစာရင်းကို တွေ့ရစဉ်
"BRICS ဟာ ကမ္ဘာ့အခင်းအကျင်းကို ပုံဖော်နိုင်တဲ့အထိ အင်အားကြီးပါတယ်။ လူသားတွေ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးကြန့်ကြာစေမယ့် အစစ်အမှတ်မဟုတ်တဲ့ စီမံချက်တွေ ချမှတ်တာထက် ရည်မှန်းချက်ရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အခြေခံပြီး ကမ္ဘာလုံးဆိုင်ရာ အကျိုးစီးပွားတွေကို ကာကွယ်သွားမှာပါ" ဟု လာဗရော့ဗ်က ပြောသည်။
BRICS အဖွဲ့သည် ကမ္ဘာ့ကုန်းမြေ စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်း၊ ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၄၅ ရာခိုင်နှုန်း၊ ကမ္ဘာလုံး ဆိုင်ရာ ပို့ကုန်ကဏ္ဍ၏ ၄ ပုံ ၁ ပုံနှင့် ရေနံသိုက် အများအပြားကို ပိုင်ဆိုင်ထားသည့် နိုင်ငံများ စုပေါင်းထားသော အဖွဲ့ဖြစ်သည်။
လက်ရှိတွင် BRICS အဖွဲ့တွင် ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက၊ အီဂျစ်၊ အီသီယိုပီးယား၊ အီရန် နှင့် ယူအေအီးနိုင်ငံများ ပါဝင်သည်။
Source: တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1198
CNI International News
ဘေကျင်း၊ ဖေဖော်ဝါရီ ၁
အမေရိကန်တွင် လက်ရှိသမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) နှင့် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) တို့အကြား ယှဉ်ပြိုင်ရနိုင်ခြေရှိသည့်် ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ တရုတ်သည် စိုးရိမ်ပူပန်ကြီးစွာ စောင့်ကြည့်နေသည်ဟု အေပီမှ ဖော်ပြခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဘိုင်ဒန်နှင့် ထရမ့်တို့သည် တရုတ်အပေါ် တင်းမာသည့် မှတ်ချက်စကားများ ပြောကြား နိုင်ခြေ ရှိသောကြောင့်ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။
ထို့ကြောင့် မကြာသေးမီ လများအတွင်းက အနည်းငယ် တိုးတက်မှုရှိခဲ့သည့် အမေရိကန်-တရုတ် ဆက်ဆံရေးကို ခြိမ်းခြောက်ရာ ရောက်လာနိုင်သည်။
နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် မည်သည့် ကိုယ်စားလှယ်လောင်းကမှ တရုတ်၏ အကြိုက်ကိုလိုက်မည် လုပ်ဆောင်မည် မဟုတ်ပေ။
ဘိုင်ဒန်သည် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေပြီး တစ်ဖက်တွင်လည်း အာရှ-ပစိဖိတ်ဒေသတွင် တရုတ်ကို ဆန့်ကျင်သည့် ညွန့်ပေါင်းအင်အားစု ဖွဲ့စည်းနေသည့် လှုပ်ရှားမှုများကို တရုတ်က စိုးရိမ်နေသည်။
ထို့ပြင် ထိုင်ဝမ်နှင့် တရုတ်အကြား ပဋိပက္ခဖြစ်ပွားလာခဲ့မည်ဆိုပါက အမေရိကန်စစ်သားများသည် ထိုင်ဝမ်ကို ကာကွယ်ပေးလိမ့်မည်ဟု ဘိုင်ဒန်က ထပ်တလဲလဲ ပြောကြားခဲ့ပြီးနောက် တရုတ်သည် ဘိုင်ဒန်၏ ထိုင်ဝမ်အရေး ချဉ်းကပ်မှုပုံစံကို သတိထားစောင့်ကြည့်လျက်ရှိသည်။
အမေရိကန်အရေးသာ ပထမဆိုသည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးခဲ့သော ထရမ့်ကလည်း ထိုင်ဝမ်ကို ကာကွယ်ပေးရန် တွန့်ဆုတ်နေမည် မဟုတ်ပေ။

တရုတ်ကို တွေ့ရစဉ်
ထရမ့်သည် ဘိုင်ဒန်ထက်ပိုပြီး တရုတ်အပေါ် သဘောထားတင်းမာသူ ဖြစ်သည်။ ထရမ့်လက်ထက်က COVID-19 ကပ်ရောဂါနှင့်ပတ်သက်ပြီး တရုတ်ကို ပြစ်တင်ဝေဖန်ခဲ့သလို တရုတ်နှင့်လည်း ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားခဲ့သည်။
"တရုတ်အတွက်တော့ အမေရိကန်ရွေးကောက်ပွဲမှာ ဘယ်သူနိုင်မလဲဆိုတာ အရေးမကြီးပါဘူး။ သူတို့နှစ်ယောက် စလုံး (ဘိုင်ဒန်နှင့်ထရမ့်) က တရုတ်အတွက် အဆိပ်ခွက်တွေ ဖြစ်လာပါလိမ့်မယ်" ဟု ရှန်ဟိုင်း (Shanghai) မြို့ရှိ ဖူဒန်တက္ကသိုလ် (Fudan Universtiy)မှ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခတစ်ဦးဖြစ်သည့် ကျောင်းမင်ဟောင် (Zhao Minghao) က ပြောကြားခဲ့သည်။
မကြာသေးမီက တရုတ်နှင့် အမေရိကန်အကြား ဆက်ဆံရေးများ အနည်းငယ် တိုးတက်ခဲ့သော်လည်း ထိုင်ဝမ် အရေးနှင့် ပတ်သက်ပြီး တင်းမာမှုများ မြင့်တက်နေဆဲဖြစ်သည်။
ထို့ကြောင့် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိသူသည် တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် သာမက အာရှ-ပစိဖိတ်ဒေသ၏ ငြိမ်းချမ်းရေးအတွက်လည်း ကြီးမားသည့် အကျိုးဆက်များကို တာဝန်ယူရမည် ဖြစ်သည်။
ကျောင်း၏ သဘောထားကိုမူ အမေရိကန်နှင့် တရုတ်နိုင်ငံ၏ ကျွမ်းကျင်သူများက ထောက်ခံခဲ့ကြသည်။
"ဘယ်သူပဲ အနိုင်ရလာပါစေ။ တရုတ်နဲ့ မဟာဗျူဟာမြောက် ယှဉ်ပြိုင်မှုပြုလုပ်မယ့် အမေရိကန်ရဲ့ ဦးတည်ချက် ကတော့ အလုံးစုံ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး" ဟု ဆင်းဟွာ တက္ကသိုလ် (Tsinghua University) မှ နိုင်ငံ တကာ လုံခြုံရေးနှင့် မဟာဗျူဟာစင်တာမှ ကျွမ်းကျင်သူ ဆွန်း ချန်ဟောင် (Sun Chenghao) က ပြောကြားခဲ့ သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 687
CNI International News
ဘန်ကောက်၊ ဇန်နဝါရီ ၃၁
ထိုင်းနိုင်ငံမှ Move Forward(MFP)ပါတီ၏ လွှတ်တော်အမတ်တစ်ဦးသည် စစ်မှုမထမ်းမနေရဥပဒေမှ ခြွင်းချက် ရရှိပြီး စစ်မှုမထမ်းခဲ့သည့် ဖြစ်စဉ်ကို ပစ်မှတ်ထားနေခြင်း မဟုတ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး ဆူတင် ကလန်ဆန် (Sutin Klungsang)က ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း ပရာယွတ် ချန်အိုချာ (Prayut Chan-o-cha) သည် စစ်တန်းလျားတွင် ဆက်လက် နေထိုင်နေ မှုကို စုံစမ်းစစ်ဆေးလိုကြောင်း ချာချိုအန်ဆောင် (Ghacoengsao) ပြည်နယ်မှ MFP လွှတ်တော်အမတ် ဂျီရတ် သွန်ဆူဝမ် (Jirat Thongsuwan)က ပြောကြားခဲ့ပြီးနောက် ဆူတင်၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဆူတင်ကမူ ထိုဖြစ်စဉ်နှစ်ခုသည် ဆက်နွှယ်မှု မရှိကြောင်း ငြင်းဆိုခဲ့သည်။
ပရာယွတ်သည် ဝန်ကြီးချုပ် သက်တမ်း ကုန်ဆုံးသွားပြီးကတည်းက ဘန်ကောက်မြို့တော်ရှိ စစ်တပ်ဝင်းအတွင်းရှိ နေအိမ်တွင် နေထိုင်လျက်ရှိပြီး ပရာယွတ်၏ နေပုံထိုင်ပုံကို လေ့လာကြည့််ရှုရန် ပရာယွတ်၏နေအိမ်သို့ သွားရောက်ခွင့်ပြုရန် ဂျီရတ်က လွှတ်တော်၌ အဆိုပြုခဲ့သည်။
"စစ်တပ်အနေနဲ့ သူ့ (ဂျီရတ်) ကို ဘာပြဿနာမှ မဖြစ်စေချင်ပါဘူး။ သင့်အနေနဲ့ အမှားလုပ်မထားဘူးဆိုရင် စိုးရိမ်ဖို့မလိုပါဘူး"ဟု ကာကွယ်ရေးဝန်ကြီး ဆူတင်က ပြောသည်။

ပရာယွတ် နေအိမ်ကိုတွေ့ရစဉ်
MFP လွှတ်တာ်အမတ် ဂျီရတ်သည် စစ်မှုမထမ်းမနေရ ဥပဒေကို ရှောင်တိမ်းခဲ့ကြောင်း စွပ်စွဲချက်များနှင့် ရင်ဆိုင် နေရသူ ဖြစ်သည်။
ဂျီရတ်ကမူ သူသည် ခြွင်းချက်ရရှိပြီး စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့် ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေ နယ်မြေကာကွယ်ရေး ဌာနချုပ် အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး တာဝီပူးလ် ရင်မ်ဆာကွန်း (Taweepool Rimsakorn) ကမူ စစ်တပ်အတွင်း မစ္စတာဂျီရတ်အား ခြွင်းချက်ပေးပြီး စစ်မှုထမ်းခြင်းမှ ကင်းလွတ် ခွင့်ပေးသည့် မှတ်တမ်းကို ရှာဖွေမတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
အောက်လွှတ်တော် စစ်တပ်ရေးရာ ကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဂျီရတ်သည် ပရာယွတ်၏ စစ်တန်းလျား အတွင်းရှိ နေအိမ်သို့ သွားရောက်ရန် ပြီးခဲ့သည့် သီတင်းပတ်က အဆိုပြုခဲ့ပြီးနောက် ၎င်း၏ စစ်မှုမထမ်းခဲ့သည့် ဖြစ်စဉ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
ပရာယွတ်သည် စစ်တပ်နှင့် နိုင်ငံရေးလောကအတွင်းမှ အငြိမ်းစား ယူသွားသည့်တိုင် စစ်တပ်ဝင်းအတွင်းရှိ နေအိမ်တွင် ဆက်လက် နေထိုင်နေခြင်းကို အတိုက်အခံများက ဝေဖန်ခဲ့ကြသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1033
CNI International News
ကျိုဒို၊ ဇန်နဝါရီ ၃၁
တရုတ်နှင့် အပြန်အလှန် အကျိုးရှိသည့် ဆက်ဆံရေးကို မြှင့်တင်မည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုကို ကာမီကာဝါ (Yoko Kamikawa) က ပြောကြားခဲ့သည်ဟု Japan Times မှ ဖော်ပြခဲ့သည်။
အာရှအင်အားကြီး နှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့် ဂျပန်အကြား နယ်မြေပိုင်ဆိုင်မှု အငြင်းပွားသော ပြဿနာများ အပါအဝင် များပြားလှသည့် အရေးကိစ္စများတွင် ထိပ်တိုက်တွေ့နေသောအချိန်၌ ဆွေးနွေးမှုများမှတဆင့် ခိုင်မာ ပြီးတည်ငြိမ်မှုရှိသော ဆက်ဆံရေးကို တည်ထောင်မည်ဟု ကာမီကာဝါက ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယားအကြား စစ်ရေးပူးပေါင်း ဆောင်ရွက်မှုများ မြင့်တက်နေမှုအပေါ် စိုးရိမ် ကြောင်း ကာမီကာဝါက လွှတ်တော်တွင် ၂၀၂၄ ခုနှစ်အတွက် ဂျပန်၏ နိုင်ငံခြားရေးမူဝါဒများနှင့် ပတ်သက်သည့် မိန့်ခွန်းအတွင်း ထည့််သွင်းပြောကြားခဲ့သည်။
ဂျပန်အနေနှင့် ထိုအခြေအနေကို အမေရိကန်၊ တောင်ကိုရီးယား အပါအဝင် အခြား သဘောထားချင်း တူညီသည့်် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တုန့်ပြန်သင့်ကြောင်း ကာမီကာဝါက ပြောသည်။

ကီရှီဒါနဲ့ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
ဂျပန်နှင့် တရုတ်သည် ဒေသတွင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် တည်ငြိမ်ရေးနှင့် ချမ်းသာကြွယ်ဝရေးတို့ အတွက် ကြီးမားသည့် တာဝန်ရှိကြောင်းလည်း ကာမီကာဝါက ပြောသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကို (San Fransisco) မြို့တွင် ပြုလုပ်သည့် အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (APEC) အစည်းအဝေး၌ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jingping) တို့ သီးသန့်တွေ့ဆုံခဲ့ပြီးနောက် ဂျပန်နိုင်ငံခြားရေးဝန်ကြီး၏ မိန့်ခွန်း ထွက်ပေါ်လာခြင်းဖြစ်သည်။
ဆန်ဖရန်စစ္စကိုတွင် တွေ့ဆုံခဲ့ချိန်က ကီရှီဒါနှင့် ရှီတို့သည် နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက် ဆက်ဆံရေးကို မြှင့်တင်ရန် သဘောတူခဲ့ကြသည်။
မကြာသေးမီလများအတွင်း ဂျပန်နှင့် တရုတ်အကြား အရှေ့တရုတ်ပင်လယ်အတွင်းရှိ ကျွန်းစုများပိုင်ဆိုင်မှု၊ တောင်တရုတ်ပင်လယ်အတွင်းရှိ နယ်နိမိတ်များ ပိုင်ဆိုင်မှုများနှင့် ပတ်သက်ပြီး အငြင်းပွားမှုများ မြင့်တက်ခဲ့ သည်။
ထို့ပြင် ဂျပန်က ငလျင်ကြောင့် ပေါက်ကွဲခဲ့သည့် ဖူကူရှီးမား (Fukushima) နျူကလီးယားစက်ရုံမှ သန့်စင်ပြီး ရေဒီယိုဓာတ်သတ္တိကြွရေများကို ပင်လယ်အတွင်း စွန့်ထုတ်မှုကြောင့် တရုတ်နှင့် တင်းမာမှုများ ပိုမိုမြင့်တက်ခဲ့ သည်။
ထို့နောက် တရုတ်က ဂျပန်၏ ပင်လယ်စာ တင်သွင်းမှုများကို တားမြစ်ပိတ်ပင်ခဲ့သည်။
Source: Japan Times
- By CNI
- Category: နိုင်ငံရေး
- Hits: 761
CNI International News
ဘန်ကောက်၊ ဇန်နဝါရီ ၃၁
ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) သည် ထိုင်းနိုင်ငံကို ဦးဆောင်ရန် မှန်ကန်သည့် အမျိုးသားတစ်ဦးဖြစ်ကြောင်း ဖြူးထိုင်းပါတီခေါင်းဆောင် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) က ပြောကြားခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။
ဇန်နဝါရီ ၂၆ ရက်က Nikkei Asia သတင်းဌာနနှင့် သီးသန့်ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ပေတုန်တန်က ၎င်းတို့ပါတီ၏ ညွန့်ပေါင်းအစိုးရသည် ဆရီသာကို ဝန်ကြီးချုပ်အဖြစ် ဆက်လက် ထောက်ခံနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဖြူးထိုင်းပါတီအနေနှင့် ရွေးကောက်ပွဲ မဲဆွယ်ကာလက ကတိကဝတ်ဖြစ်သည့် ပြည်သူများကို ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့မည့် အစီအစဉ်ကို အကောင်အထည် မဖော်နိုင်ပါက ဆရီသာသည် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ဖွယ်ရှိပြီး ပေတုန်တန်သည် ဝန်ကြီးချုပ် ဖြစ်လာနိုင်သည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်ခဲ့သည်။

ပေတုန်တန်နဲ့ ဆရီသာကို တွေ့ရစဉ်
"သူဟာ အခုအချိန်မှာ ဒီနိုင်ငံကို ဦးဆောင်ဖို့အတွက် သင့်တော်တဲ့လူလို့ ကျမထင်ပါတယ်။ အစိုးရအနေနဲ့ ကြံ့ကြံ့ခံရပ်တည်နိုင်ပြီး တည်ငြိမ်မှု ပိုရှိမယ်ဆိုရင် ကျမတို့အတွက် ပြီးပြည့်စုံတဲ့ အနာဂတ် ဖြစ်လာပါလိမ့်မယ်။ သူဟာ ကျမယုံကြည်ရတဲ့သူပါ။ အဲဒါကြောင့် သူနဲ့ အများကြီး ဆွေးနွေးတိုင်ပင်လေ့ရှိပါတယ်"ဟု ပေတုန်တန်က ပြောကြားခဲ့သည်။
ဖြူးထိုင်းပါတီ၏ ဒစ်ဂျစ်တယ်ငွေကြေး ထောက်ပံ့ရေးအစီအစဉ်ကို ထိုင်းဗဟိုဘဏ်နှင့် အမျိုးသားအကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးကော်မရှင်တို့က သံသယရှိနေပြီး များပြားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။
ထို့ကြောင့် အစိုးရသည် ယခုနှစ် မေလတွင် စတင် အကောင်အထည်ဖော်ရန် ရည်ရွယ်ထားသည့် ထိုအစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရသည်။

ပေတုန်တန်နဲ့ သက်ဆင်ကို တွေ့ရစဉ်
၎င်း၏ ဖခင်ဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) အကြောင်းကို မေးမြန်း သည့်အခါတွင် ပေတုန်တန်က သူ့ဖခင်သည် ရဲတပ်ဖွဲ့ အထွေထွေဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေကြောင်း ဖြေကြားခဲ့သည်။
သူသည် ဖခင်ဖြစ်သူ သက်ဆင်နှင့် မကြာခဏ ဆွေးနွေးတိုင်ပင်ခဲ့ပြီး သက်ဆင်ကို ဖြူးထိုင်းပါတီဝင် အားလုံးက လေးစားကြောင်း၊ သို့သော် သက်ဆင်သည် ပါတီတွင် မည်သည့် ရာထူးကိုမှ ယူလိမ့်မည် မဟုတ်ကြောင်း ပေတုန်တန်က ပြောသည်။
ထို့ပြင် ဖြူးထိုင်းပါတီသည် ဘုရင့်မိသားစုအား အကာအကွယ်ပေးထားသည့် ဥပဒေကို ပြုပြင်ပြောင်းလဲလိုသည့် Move Forward(MFP)ပါတီနှင့် ညွန့်ပေါင်းပြန်ဖွဲ့ရန် အစီအစဉ် မရှိကြောင်းလည်း ပေတုန်တန်က ပြောကြားခဲ့ သည်။
Source: Thai PBS World
