CNI International News

ဝါရှင်တန်၊ ဇန်နဝါရီ ၃၁

အမေရိကန်စစ်သားများ သေဆုံးခဲ့သည့် ဒရုန်းတိုက်ခိုက်မှု ဖြစ်စဉ်အတွက် အီရန်ကို လက်တုန့်ပြန်ရန် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) အပေါ် ကြီးမားသည့် နိုင်ငံရေးဖိအားများ ကျရောက်နေသည်ဟု CNA မှ ဖော်ပြခဲ့ သည်။

ထိုဖြစ်စဉ်သည် သမ္မတရွေးကောက်ပွဲ ကျင်းပမည့်နှစ်တွင် ဒီမိုကရက်သမ္မတ ဘိုင်ဒန်အတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့သည်။ 

အီရန်ကို တိုက်ခိုက်ခြင်းသည် အမေရိကန်အတွက် ပိုမိုကြီးမားကျယ်ပြန့်သည့် စစ်ပွဲတစ်ခုဖြစ်ပွားမည့် အခြေအနေ သို့ ရောက်ရှိစေမည်ဖြစ်သည်။

ဘိုင်ဒန်ကမူ ရွေးကောက်ပွဲမတိုင်မီ လပိုင်းအလိုတွင် အမေရိကန်စစ်သားများ သေဆုံးနိုင်ခြေရှိသည့် အလားအလာ ကို ထည့်သွင်း ပြောကြားခြင်းမရှိဘဲ ထိုစစ်ပွဲအား ရှောင်လွှဲရန် ကြိုးပမ်းနေသည်ဟု ပြောကြားခဲ့သည်။

သို့သော် ရီပတ်ဘလစ်ကန်များကမူ အီရန်ကို တိုက်ရိုက်တိုက်ခိုက်ရန် အသက် ၈၁ နှစ်အရွယ်ရှိ ဘိုင်ဒန်ကို တိုက်တွန်းနေသည်။

ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ဘိုင်ဒန်သည် သမ္မတရွေးကောက်ပွဲတွင် ၎င်း၏ ပြိုင်ဘက် ဖြစ်လာနိုင်ခြေရှိသည့် ဒေါ်နယ်ထရမ့် (Donald Trump) နှင့် နှိုင်းယှဉ်ပါက လူထုထောက်ခံမှုနှုန်း ကျဆင်းနေချိန်၌ အီရန်အရေးသည် ၎င်းအတွက် အားနည်းချက်တစ်ခု ဖြစ်လာနိုင်သည်။

" ဘိုင်ဒန်ဟာ အရမ်းကြီးမားတဲ့ ဖိအားတွေအောက်ကို ရောက်နေပါတယ်။ သူ့အစိုးရအဖွဲ့ဟာ အဆုံးအရှုံးများမယ့် ကျဉ်းထဲကျပ်ထဲကို ရောက်နေပါတယ်"ဟု နယူးယောက် (New York) မြို့ရှိ Soufan Center မှ သုတေသန ညွှန်ကြားရေးမှူး ကောလင်း ကလာ့ခ် (Colin Clarke) က ပြောကြားခဲ့သည်။

" လူတွေက ဘိုင်ဒန်ကို ပျော့ညံ့တယ်၊ အတွေးများလွန်းတယ်လို့ ပြောဆိုနေကြတာတွေဟာ ဘိုင်ဒန်အတွက် အထိနာစေပါတယ်။ သူ့အတွက်ကတော့ ဆုပ်လည်းဆူး၊ စားလည်းရူး ဆိုတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်" ဟု ကလာ့ခ်က ပြောသည်။

ဇန်နဝါရီ ၂၈ ရက်က ဂျော်ဒန်နိုင်ငံရှိ စစ်စခန်းတစ်ခုကို အီရန်က ကျောထောက်နောက်ခံ ပေးထားသည်ဟု စွပ်စွဲ ထားသည့် စစ်သွေးကြွများက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် အမေရိကန်စစ်သား ၃ ဦးသေဆုံးခဲ့သည်။

အီရန် ကျောထောက်နောက်ခံပေးထားတဲ့ လက်နက်ကိုင်တစ်ဦးကိုတွေ့ရစဉ်

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး နောက်ဆက်တွဲ အခြေအနေများအတွက် လုပ်ဆောင်စရာများကို ဘိုင်ဒန်က သတိ ထားပြီး စဉ်းစားနေသည်ဟု အိမ်ဖြူတော်က ဇန်နဝါရီ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

အဆိုပါ စစ်စခန်း တိုက်ခိုက်ခံရမှုသည် အောက်တိုဘာလက အစ္စရေး-ဟားမာ့စ်စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်တပ်ဖွဲ့ဝင်များ သေဆုံးမှုအများဆုံး တိုက်ခိုက်မှု ဖြစ်သည်။

ဘိုင်ဒန်ကမူ ထိုတိုက်ခိုက်မှုကို အီရန်က ကျောထောက်နောက်ခံ ပေးထားသည့် စစ်သွေးကြွများက ပြုလုပ်ခြင်း ဖြစ်ပြီး တုန့်ပြန်သွားမည်ဟု ပြောကြားခဲ့သည်။

အီရန်ကမူ ထိုတိုက်ခိုက်မှုနှင့် ပတ်သက်ဆက်နွှယ်မှုမရှိကြောင်း ငြင်းဆိုထားသည်။

Source: CAN