CNI International News

မော်စကို၊ ဇန်နဝါရီ ၂၆

ရုရှားနိုင်ငံ၏ Tactical Missiles Corporation ကုမ္ပဏီမှ ထုတ်လုပ်ခဲ့သည့်် Tsirkon ဟိုက်ပါဆိုးနစ်ဒုံးကျည်သည် ရန်သူများ၏ ဒုံးကျည်ဖျက် လက်နက်များနှင့် လေကြောင်းရန် ကာကွယ်ရေးစနစ်များ အားလုံးနီးပါးကို ကျော်လွှား နိုင်စွမ်းရှိကြောင်း ထိုကုမ္ပဏီ၏ စီအီးအို ဘိုးရစ် အော့ဘ်နိုဆော့ဗ် (Boris Obnosov) က Rossiya-24 ရုပ်သံနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

"အခုချိန်အထိတော့ Tsirkon ဒုံးကျည်စနစ်ရဲ့ ဝိသေသလက္ခဏာတွေဟာ အရမ်းခေတ်မီ ဆန်းပြားပါတယ်။ ဒါ့အပြင် အဲဒီဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ဖို့အတွက် အရမ်းထိရောက်မှုရှိတဲ့ ဒုံးကျည်ဖျက် လက်နက်တွေနဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေ လိုအပ်ပါတယ်။ ဒီနေ့အချိန်အထိတော့ Tsirkon ဒုံးကျည်ဟာ ရန်သူတွေရဲ့ လေကြောင်းကာကွယ်ရေးစနစ်ကို ကျော်လွှားနိုင်စွမ်းရှိနေတယ်လို့ ပြောနိုင်ပါတယ်" ဟု အော့ဘ်နိုဆော့ဗ်က ပြောသည်။

ဘိုးရစ် အော့ဘ်နိုဆော့ဗ်နဲ့ ပူတင်ကိုတွေ့ရစဉ်

သင်္ဘောပေါ်မှ ပစ်လွှတ်ရသည့် Tsirkon ဟိုက်ပါဆိုးနစ်ဒုံးကျည်ကို Tactical Missiles Corporation ၏ လက်အောက်ခံ Machine-Building ကုမ္ပဏီ၏ သုတေသနနှင့် ထုတ်လုပ်ရေးအဖွဲ့က ဒီဇိုင်းထွင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

ထိုဒုံးကျည် ပထမဆုံးအကြိမ် စမ်းသပ်မှုကို Severodvinsk နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောမှတဆင့် ရေအောက်မှ ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။

Source: တာ့စ်