CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၆

ပြည်သူများ ကိုယ်တိုင်ပူးပေါင်းပါဝင်သည့် ပြည်သူ့လုံခြုံရေးမှာ အလွန်ထိရောက်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံရေးပါတီများဖြင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနကို ပြောသည်။

ဇန်နဝါရီလအစောပိုင်းက တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးပါတီများ အနေဖြင့်လည်း ပူးပေါင်းပါဝင်ပါက ကောင်းမွန်ကြောင်းနှင့် တည်ငြိမ်အေးချမ်းမှုလို၍ ညွှန်းဆိုခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“တနည်းအားဖြင့် ပြည်သူတွေရဲ့ လုံခြုံရေး၊ ကိုယ့်အိမ်၊ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်ရပ်ကွက် လုံခြုံရေးကို ကိုယ်တို့ကိုယ်တိုင် လုံခြုံမှုအဖွဲ့အစည်းကို သတင်းပို့မှပဲ ကိုယ်တို့ကိုယ်တိုင်အန္တရာယ်တွင်းထဲမှာ မကျရောက်နိုင်အောင် အကာအကွယ်ပြုသလို ဖြစ်တယ်ဆိုတဲ့ ပြည်သူတွေကိုယ်တိုင် သိလာတဲ့ ပြည်သူတွေ ကိုယ်တိုင်ပူးပေါင်းပါဝင်တဲ့ ပြည်သူ့လုံခြုံရေးဆိုတာ အလွန်တရာထိရောက်တယ်ဆိုတာ သူဥပမာလေးနဲ့ ပြောတာပါ။ အဲဒီတော့ ပါတီတွေဖက်ကို ပြောတာက ပါတီတွေဆိုတာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ယုံကြည်ပြီးမှ ထူထောင်ထားကြတဲ့ ပါတီဖြစ်တယ်၊ ပါတီစုံစနစ်ကို အားပေး ကူညီကြတယ်။ အဲဒါကြောင့် ပါတီဆိုတာလည်းပဲ ပါတီရဲ့ မူဝါဒအရ ပါတီရဲ့ လမ်းညွန်မှုကို ခံကြတဲ့ ပါတီဝင်ထုတွေနဲ့ ဖွဲ့စည်းထားတဲ့အခါမှာ ခုနားက ကဏ္ဍတွေမှာ ပူးပေါင်းပါဝင်ဖို့ လိုတယ်၊ ပူးပေါင်းပါဝင်ရင်ကောင်းတယ်၊ ဒီမိုကရေစီကျင့်စဉ်အရ တည်ငြိမ်အေးချမ်းတဲ့ အခင်းအကျင်းတစ်ခု ပြီးတဲ့နောက်မှာ ရွေးကောက်ပွဲ ဝင်ကြမယ်ဆိုတဲ့အခါမှာ တည်ငြိမ်အေးချမ်းမှု လိုချင်တာမျိုး ဒီလိုပဲ ညွန်းတာပါ၊ ပါဝင်မှ ဖြစ်မယ်၊ ပါဝင်ရမယ်လို့ မသုံးနှုန်းပါဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံရေးအပြောင်းအလဲများကြောင့် တိုင်းပြည်မှာ အကျပ်အတည်းများ၊ စီးပွားရေး ကျဆင်းမှုများ ကြုံတွေ့နေရသည်။

မြန်မာ့တပ်မတော်နှင့် ပြည်သူ့စစ်အားတွေ့ရစဥ်

ထို့အတူ ပြည်သူလူထုများမှာလည်း စားဝတ်နေရေးအတွက် နေ့စဉ်ရုန်းကန်နေရပြီး လုံခြုံမှုမရှိခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း စသော အထွေထွေအကျပ်အတည်းများ ရင်ဆိုင်နေကြရသလို မကြာခဏ လုပ်ကြံသတ်ဖြတ်မှု၊ မိုင်းထောင်ဖောက်ခွဲမှုများလည်း ကြုံတွေ့နေကြရသည်။

လက်နက်ကိုင်အဖွဲ့အစည်း နှစ်ခုအားပြိုင်မှု ဖြစ်လာပါက မထင်မှတ်သော ထိတွေ့တိုက်ခိုက်မှုများ ဖြစ်လာနိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနကို ပြောသည်။

၎င်းက “ပြည်သူ့လုံခြုံရေးကတော့ ရှင်းရှင်းပြောရရင်တော့ ဟိုဖက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆိုတော့ ဒီဖက်ကလည်း ပြည်သူ့လုံခြုံရေး ဖွဲ့ကြတာပေါ့ဗျာ၊ အဖွဲ့နှစ်ဖွဲ့ အားပြိုင်ရင်လည်း ကြားထဲမှာတော့ မထင်မှတ်နိုင်တဲ့ ထိတွေ့တိုက်ခိုက်မှုတွေတော့ ဖြစ်လာနိုင်စရာတော့ လမ်းတော့ မြင်တာပေါ့ဗျာ၊ သတ်ဖြတ်မှုတွေလည်း ဖြစ်လာနိုင်တယ်လို့ ဆရာတို့ မျှော်လင့်တယ်၊ တကယ်တော့ ပြည်သူ့လုံခြုံရေး အဖွဲ့ဆိုတာလည်း ပြည်သူတွေ ကာကွယ်ရေးအတွက်ကိုတော့ လိုအပ်တဲ့အဖွဲ့ပါပဲ၊ အဲဒီလိုပဲ ယူဆပါတယ်” ဟု ပြောသည်။

လက်ရှိ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်သူလူထု အများအပြား သေဆုံးခဲ့ရပြီး နေအိမ်ပျက်စီး မီးလောင်မှု၊ ဒေသခံအများစု ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်မှုများ ဖြစ်ပွားလျက်ရှိနေသည်။

၎င်း လက်နက်ကိုင်ပဋိပက္ခအား ဖြေရှင်းနိုင်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့၊ နိုင်ငံရေးပါတီအချို့၊ အာဆီယံ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက ကြိုးပမ်းနေသည့်တိုင် ပြေလည်နိုင်ခြင်း မရှိဘဲ ဖြစ်နေသည်။