- By CNI
- Category: အားကစား
- Hits: 803
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၆
အာဆင်နယ်နဲ့ မန်စီးတီးအသင်း ကစားသမားဟောင်း နာဆရီက တိုက်စစ်မှူး ဘတ်ပီအနေနဲ့ လာမယ့်နွေရာသီမှာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့မယ့်အစား ပီအက်စ်ဂျီမှာသာ ဆက်နေဖို့ ပြောလိုက်ပါတယ်။
နာဆရီက “ဘတ်ပီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားလို့ လွန်ခဲ့တဲ့ ၂ နှစ်က ပြောခဲ့ဖူးပြီး အခုလည်း ဒီလိုပဲ ကျနော် ထင်နေပါတယ်။ သူဟာ ပဲရစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ဒါဟာ သူ့ရဲ့နေရာပါ။ ရီးရယ်လ်အသင်းနဲ့ ချန်ပီယံ လိဂ်ဖလားရယူဖို့ မက်ဒရစ်ကိုသွားမယ့်အစား ကျနော်ကတော့ သူ့ကို ပီအက်စ်ဂျီမှာပဲ ဆက်ပြီး ရှိနေစေချင်ပါ တယ်။ ကျနော်သာ မာဆေးလ်မှာရှိတုန်းက ကာတာပိုင်ဆိုင်နေခဲ့မယ်ဆိုရင် ထွက်ခွာမှာမဟုတ်ပါဘူး။ မင်းရဲ့ရွာမှာ ဘုရင်ဖြစ်ရတာ ပိုကောင်းတယ်လို့ ကျနော်ထင်ကြောင်း”ပြောခဲ့ပါတယ်။
ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် အခုရာသီအကုန်မှာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ချင်နေ တာကြောင့် နာဆရီက သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစား စေချင်နေတာ ဖြစ်ပါတယ်။
ဘတ်ပီနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ လက်ရှိအချိန်ထိ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှု မရသေးတာကြောင့် ကစားသမားဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ရှိနေပါတယ်။

ဘတ်ပီကို တွေ့ရစဉ်
ဘတ်ပီကို ခေါ်ယူဖို့ ရီးရယ်လ်အသင်းက စိတ်ဝင်စားနေပေမယ့် ကစားသမားနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ် ဆိုတဲ့ သတင်းတွေကို စပိန်ကလပ်က ငြင်းဆန်ထားပါတယ်။
AS သတင်းမှာတော့ ဘတ်ပီဟာ ၂၀၂၄ ခုနှစ်မှာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ခွင့်ရဖို့အတွက် ပီအက်စ်ဂျီအသင်း ကနေ ရရှိမယ့် သစ္စာရှိတဲ့ ဆုကြေးငွေကို စွန့်လွှတ်ဖို့အထိ ဆုံးဖြတ်ထားတယ်လို့ ဖော်ပြထားပါတယ်။
ဒီလိုသတင်းတွေ ထွက်ပေါ်နေပေမယ့် ဘတ်ပီဟာ အနာဂတ်နဲ့ ပတ်သက်တဲ့ သတင်းတွေအပေါ် ဘာမှတုန့်ပြန် ခြင်း မရှိဘဲ ပီအက်စ်ဂျီအသင်းနဲ့ ဒီရာသီမှာ ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ဖို့ကိုသာ အာရုံစိုက်နေတာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ဒီရာသီ လီဂူးဝမ်းပွဲစဉ် ၁၁ ပွဲ ကစားအပြီးမှာ ရမှတ် ၂၄ မှတ်နဲ့ ထိပ်ဆုံးနေရာက နိုက်စ် အသင်းနဲ့ ၁ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေတာပါ။
ဘတ်ပီကတော့ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ၁၃ ပွဲ ပါဝင်ကစားထားပြီး ၁၂ ဂိုး သွင်းယူထားပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 1108
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၆
လူတန်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းအတွက် အဖိုးတန်ချေပဂိုး သွင်းယူပေးခဲ့တဲ့ လူးဝစ်ဒီယက်ဇ်က ပြန်ပေးဆွဲခံထားရတဲ့ ဖခင်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆို သွားခဲ့ ပါတယ်။
လူးဝစ်ဒီယက်ဇ်က “အဖေ့ကို ချက်ချင်းပြန်လွှတ်ပေးပါလို့ ELN အဖွဲ့ကို တောင်းဆိုပါတယ်။ အဖေလွတ်မြောက်ဖို့ အတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း လက်တွဲလုပ်ဆောင်ပေးဖို့ ကျနော်တောင်းဆိုပါတယ်။ စက္ကန့် တိုင်း၊ မိနစ်တိုင်းမှာ ကျနော်တို့ရဲ့ စိတ်ပူပန်မှုတွေက ကြီးထွားလာနေပါတယ်။
ကျနော့် အမေ၊ ကျနော့် ညီအစ်ကို တွေဟာ အလွန်စိတ်ဆင်းရဲနေကြပြီး သူတို့ခံစားနေရတာတွေကို စကားလုံးနဲ့တောင် ဖော်ပြလို့မရပါဘူး။ အဖေ အိမ်ပြန်ရောက်မှ ခံစားနေရတဲ့ အရာတွေဟာ အဆုံးသတ်သွားမှာပါ”လို့ ပြောခဲ့ပါတယ်။
လူးဝစ်ဒီယက်ဇ်ရဲ့ မိဘတွေဟာ အောက်တိုဘာ ၂၈ ရက်က ကိုလံဘီယာနိုင်ငံက လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ELN အဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာဖြစ်ပြီး မိခင်က ပြန်လည်လွှတ်မြောက် လာခဲ့ပေမယ့် ဖခင် ကတော့ အခုအချိန်ထိ ရှာမတွေ့သေးပါဘူး။
လူးဝစ်ဒီယက်ဇ်ဟာ ဒီအဖြစ်အပျက်ပြီးနောက် လီဗာပူးလ်အသင်းအတွက် ပထမဆုံးပွဲအဖြစ် လူတန်အသင်းနဲ့ပွဲမှာ လူစားဝင် ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။
ကိုလံဘီယာ ကစားသမားဟာ ပွဲချိန် ၉၅ မိနစ်မှာ လီဗာပူးလ်အသင်းအတွက် ချေပဂိုး သွင်းယူပြီးနောက် သူ့ရဲ့ အင်္ကျီအောက်မှာ အဖေ့ကို ပြန်လွှတ်ပေးပါဆိုပြီး ရေးသားထားတဲ့ စာသားကို ပြသခဲ့တာပါ။

လူးဝစ်ဒီယက်ဇ် ခေါင်းတိုက် ဂိုးသွင်းနေစဉ်
ပြီးခဲ့တဲ့ရက်ပိုင်းက ကိုလံဘီယာအစိုးရအဖွဲ့နဲ့ ELN အဖွဲ့အစည်းက တာဝန်ရှိသူတွေဟာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီးနောက် လူးဝစ်ဒီယက်ဇ်ရဲ့ ဖခင်ဟာ အမြန်ဆုံး ပြန်လွှတ်တော့မယ်လို့ ပြောခဲ့ပေမယ့် အခုအချိန်ထိ မလွှတ်မြောက်သေးတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က “ဒါက အံ့သြဖွယ်ကောင်းမွန်တဲ့ အခိုက်အတန့်ပါ။ ဒါပေမယ့် အခြေအနေ တွေက ပြောင်းလဲမှု မရှိသေးပါဘူး။ အရေးကြီးဆုံး အရာကတော့ သူ့ရဲ့ဖခင် အမြန်ဆုံး ပြန်လွှတ်ဖို့ပါ။ ကျနော်တို့ ကြားချင်တဲ့အရာက မဖြစ်သေးတဲ့အတွက် သတင်းအမှန်ကို စောင့်ဆိုင်းနေပါတယ်”လို့ လူတန်အသင်းနဲ့ ပွဲအပြီး မှာ ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ လူတန်အသင်းနဲ့ သရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ် ၁၁ ပွဲ ကစားအပြီးမှာ ရမှတ် ၂၄ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 833
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၆
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက ဘယ်လင်ဂမ်ရဲ့ ဒဏ်ရာအခြေအနေကို အကဲဖြတ်ရမှာဖြစ်ပေမယ့် ပြင်းထန်တယ်လို့ မထင်ကြောင်း ဗယ်လက်ကာနိုအသင်းနဲ့ ပွဲအပြီးမှာ ပြောလိုက်ပါတယ်။
အန်ဆယ်လော့တီက “ဘယ်လင်ဂမ်ဟာ ပခုံးမှာဒဏ်ရာပြဿနာရှိခဲ့ပါတယ်။ မနက်ဖြန်မှာ ဆေးစစ်မှု ခံယူရမှာ ဖြစ်ပြီး ပြင်းထန်တယ်လို့ မထင်ပါဘူး။ အဲဒါကြောင့် ဘရာဂါအသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ သူပါဝင် နိုင်မယ်လို့ မျှော်လင့်ကြောင်း”ပြောခဲ့တာပါ။
အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ ရီးရယ်လ်နဲ့ ဗယ်လက်ကာနိုအသင်းတို့ ဂိုးမရှိသရေကျခဲ့တဲ့ လာလီဂါ ပွဲစဉ်ရဲ့ ပထမပိုင်းမှာကတည်းက ပခုံးဒဏ်ရာရရှိခဲ့တာဖြစ်ပေမယ့် ဆေးကုသမှုခံယူပြီး ဆက်ကစားဖို့ ဆုံးဖြတ် ခဲ့ပါတယ်။ ဘယ်လင်ဂမ်ဟာ ပွဲချိန်အပြည့်အထိ ပါဝင်ကစားခဲ့ပေမယ့် ပွဲအပြီးမှာ ပခုံးနာကျင်နေတာကို ခံစား ခဲ့ရတာပါ။ ဘယ်လင်ဂမ်ဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ခြေစွမ်းပြသနေတဲ့ ကစားသမားဖြစ်တာကြောင့် သူ့ရဲ့ဒဏ်ရာဟာ အသင်းအတွက် စိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။

အသက် ၂၀ နှစ်အရွယ်ရှိ ဘယ်လင်ဂမ်ဟာ ရီးရယ်လ်အသင်းအတွက် ၁၄ ပွဲကစားထားတာမှာ ၁၃ ဂိုးသွင်းယူ ထားပြီး လာလီဂါတစ်လတာအကောင်းဆုံးကစားသမားဆုကို ၂ ကြိမ်ရယူထားတာပါ။ ရီးရယ်လ်အသင်းဟာ ဗယ်လက်ကာနိုအသင်းနဲ့ပွဲမှာ ဂိုးပေါက်ကန်သွင်းမှု ၂၂ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၅ ကြိမ်အထိရှိခဲ့ပေမယ့် သွင်းဂိုး မရရှိခဲ့တာဖြစ်ပါတယ်။ ရီးရယ်လ်အသင်းဟာ ဗယ်လက်ကာနိုအသင်းနဲ့ သရေကျခဲ့တာကြောင့် လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ဂျီရိုနာအသင်းထံ လွှဲပြောင်းပေးခဲ့ရတာပါ။
လာလီဂါပွဲစဉ် ၁၂ ပွဲကစားအပြီးမှာ ဂျီရိုနာအသင်းက ၃၁ မှတ်နဲ့ အဆင့် ၁ ၊ ရီးရယ်လ်အသင်းက ၂၉ မှတ်နဲ့ အဆင့် ၂ ၊ ဘာစီလိုနာအသင်းက ၂၇ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 779
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၅
ယူနိုက်တက်နဲ့ အဗာတန်အသင်း ကွင်းလယ်ကစားသမားဟောင်း ဖယ်လိုင်နီဟာ ဘောလုံးကစားသမားဘဝကနေ အနားယူတော့မှာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီး ၂၀၁၉ ခုနှစ်က တရုတ်စူပါလိဂ်ကလပ် ရှန်ဒေါင်းတိုင်ရှန်အသင်းကို ပြောင်းခဲ့တဲ့ ဖယ်လိုင်နီဟာ အခုနှစ် တရုတ်လိဂ်ပြိုင်ပွဲ ရာသီကုန်ဆုံးချိန်မှာ အနားယူတော့မှာပါ။
ရှန်ဒေါင်းတိုင်ရှန်အသင်း နည်းပြကန်ဟီးက ဟီနန်အသင်းနဲ့ ကစားမယ့်ပွဲ မတိုင်ခင်မှာ ဖယ်လိုင်နီဟာ ရာသီကုန် ရင် အနားယူတော့မှာဖြစ်ပြီး သူ့ရဲ့ဆုံးဖြတ်ချက်ကို လေးစားတယ်လို့ ပြောခဲ့ပါတယ်။
ရှန်ဒေါင်းတိုင်ရှန်အသင်းက ဖယ်လိုင်နီဟာ စူပါစတားတစ်ဦးလို ရောက်လာခဲ့ပြီး ဂန္ထဝင် တစ်ဦးအဖြစ် ထွက်ခွာ သွားမှာပါလို့ သူတို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာပါ။
ရှန်ဒေါင်းတိုင်ရှန်အသင်းဟာ တရုတ်စူပါလိဂ် ပြိုင်ပွဲအပြီး နိုဝင်ဘာ ၂၅ ရက်မှာ FA ဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်လို့ ဖယ်လိုင်နီအနေနဲ့ နောက်ထပ် ဆုဖလားရယူနိုင်မယ့် အခွင့်အရေးရှိနေတာ ဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိ ဖယ်လိုင်နီဟာ ရှန်ဒေါင်းတိုင်ရှန် အသင်းနဲ့အတူ တရုတ်စူပါလိဂ် ၁ ကြိမ်နဲ့ FA ဖလား ၃ ကြိမ် ရယူထားတာပါ။
စတန်းဒတ်လီဂီအသင်းမှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ စတင်ခဲ့တဲ့ ဖယ်လိုင်နီဟာ ဘယ်လ်ဂျီယံကလပ်မှာ ၂ ရာသီကြာကစားပြီး ၂၀၀၈ ခုနှစ်မှာ အဲဗာတန်အသင်းထံ ပြောင်းရွှေ့ကာ ၅ ရာသီကြာ ကစားခဲ့တာ ဖြစ်ပါတယ်။
ဖယ်လိုင်နီဟာ ၂၀၁၃ ခုနှစ်မှာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး ၁၇၇ ပွဲ ပါဝင်ကစားခဲ့ကာ FA ဖလား၊ ကာရာဘောင်းဖလားနဲ့ ယူရိုပါလိဂ်တို့ကို ရယူနိုင်ခဲ့တာပါ။
ဖယ်လိုင်နီဟာ ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းအတွက် ၂၀၀၇ ကနေ ၂၀၁၈ ခုနှစ်အထိ ၈၇ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယနေရာ ရရှိခဲ့ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 999
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၅
မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းဟာ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ESPN က ဖော်ပြထားပါတယ်။
ဘရာဇီးလ်ကလပ် ဂရီမီယိုအသင်းမှာ ကစားနေတဲ့ ဆွာရက်ဇ်ဟာ အင်တာမိုင်ယာမီ အသင်းနဲ့ ၁ နှစ် စာချူပ် ချုပ်ဆိုမှာဖြစ်ပြီး နောက်ထပ် ၁ နှစ် သက်တမ်းတိုးခွင့် ပါဝင်မယ်လို့ သိရပါတယ်။
အဲ့ဒါကြောင့် ဆွာရက်ဇ်ဟာ အင်တာမိုင်ယာမီအသင်းမှာ ဘာစီလိုနာ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ မက်ဆီ၊ ဘတ်စ်ကွက်၊ အယ်လ်ဘာတို့နဲ့ ပြန်လည်တွဲဖက်ပြီး ကစားရတော့မှာပါ။
ဂရီမီယိုအသင်းနည်းပြ ရီနာတိုက ဆွာရက်ဇ်ဟာ အခုနှစ် ဘရာဇီးလ်စီးရီးအေ ဘောလုံးရာသီအပြီး ဒီဇင်ဘာလမှာ အသင်းကနေ ထွက်ခွာမယ်လို့ အတည်ပြုထားပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ ဆွာရက်ဇ်ကို ခေါ်ယူဖို့ အခုနှစ် အလယ်ပိုင်းကလည်းက ဂရီမီယိုအသင်းထံ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့တာပါ။
ဆွာရက်ဇ်ဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက ဂရီမီယိုအသင်းနဲ့ ၂ နှစ် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပေမယ့် စာချုပ်ကို ၁ နှစ်စောပြီးအဆုံးသတ်ဖို့ ရှိနေတာဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ တိုက်စစ်မှူး မာတီးနက်ဇ်ကို ထွက်ခွာခွင့်ပေးပြီးနောက် သူ့နေရာမှာ အစားထိုးဖို့ ဆွာရက်ဇ်ကို ကြိုးပမ်းလာခဲ့တာပါ။
ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းမှာ ၆ ရာသီကြာလက်တွဲခဲ့တဲ့ မက်ဆီနဲ့အတူ အင်တာမိုင်ယာမီအသင်း တိုက်စစ် ကို ဦးဆောင်ပေးရတော့မှာ ဖြစ်ပါတယ်။
ဥရုဂွေးတိုက်စစ်မှူးဟာ ဂရီမီယိုအသင်းအတွက် ၃၇ ပွဲ ပါဝင်ကစားထားပြီး ၁၇ ဂိုး သွင်းယူထားတာကြောင့် သူ့ရဲ့ ဂိုးသွင်းနှုန်းဟာ အခုအချိန်ထိ ကောင်းမွန်နေသေးတာပါ။
အင်တာမိုင်ယာမီအသင်းဟာ ပြီးခဲ့တဲ့ရာသီက လိဂ်ဖလား ရယူနိုင်ခဲ့ပေမယ့် မေဂျာလိဂ်ရာသီမှာ ပလေးအော့ဖ် ဝင်ခွင့် ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် လာမယ့်ရာသီသစ်မှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက် အင်တာမိုင်ယာမီ အသင်းဟာ အခု ကတည်းက ကစားသမားသစ်တွေ အားဖြည့်ပြီး ပြင်ဆင်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 922
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၄
တိုက်စစ်မှူး ဟာလန်းဟာ ၂၀၂၃ ခုနှစ်ရဲ့ ဘောလွန်းဒီအောဆုနဲ့ လွဲခဲ့ပေမယ့် ပျော်ရွှင်နေတယ်လို့ မန်စီးတီးအသင်း နည်းပြ ဂွာဒီယိုလာက ပြောလိုက်ပါတယ်။
ဂွာဒီယိုလာက “ဟာလန်းဟာ မက်ဆီ၊ ဘတ်ပီ၊ တခြား ကစားသမားတွေနဲ့ ပြိုင်ဆိုင်ရတာကို အလွန်ပျော်ရွှင်နေ တာ ကျနော်မြင်တွေ့ခဲ့ရပါတယ်။ ဟာလန်းဟာ ကစားသမားဘဝ အများကြီးကို လျှောက်လှမ်းရဖို့ ရှိနေသေးလို့ နောက်ရာသီမှာ ရယူနိုင်တယ်လို့ တွေးလို့ရပါတယ်။ ဒါက သူ့ရဲ့ ပစ်မှတ်ဖြစ်ရမှာ ဖြစ်ပေမယ့် သူဟာ ဒီဆုပေးပွဲမှာ ရှိနေရတာကို ပျော်ရွှင်နေပါတယ်”လို့ ပြောခဲ့ပါတယ်။
ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းအတွက် ၅၂ ဂိုး သွင်းယူပြီး ဆုဖလား ၃ လုံး ရရှိအောင် ကူညီပေး နိုင်ခဲ့ပေမယ့် ဘောလွန်းဒီအောဆုပေးပွဲမှာ မက်ဆီရဲ့နောက် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် နော်ဝေတိုက်စစ်မှူးဟာ အကောင်းဆုံး တိုက်စစ်မှူးဆုဖြစ်တဲ့ ဂတ်မူလာဆုကိုတော့ ရယူနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဘောလွန်းဒီအောဆု ပေးပွဲရဲ့ အဆင့်ရပ်တည်မှု ထိပ်ဆုံး ၁၀ ဦးထဲမှာ မန်စီးတီးအသင်းက ကစားသမား ၅ ဦးအထိ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
ဂွာဒီယိုလာက “ဒါက မန်စီးတီးအတွက် ကောင်းမွန်တဲ့ညပါပဲ။ ဆုပေးပွဲစင်မြင့်ထက်မှာ မန်စီးတီး ကစားသမားတွေ ရှိနေတာက ကျနော်တို့အတွက် အလွန်အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ဟာ အရင်တုန်းက ဒီလိုမျိုးမရှိခဲ့ဖူးလို့ပါ”လို့ ပြောခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးနေရာက စပါးအသင်းနဲ့ ၂ မှတ်ကွာ ဟနေတဲ့ မန်စီးတီးအသင်းဟာ ဒီနေ့ညမှာ ဘုန်းမောက်အသင်းနဲ့ လိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 985
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၄
မန်စီးတီးအသင်းကို အရေးနိမ့်ပြီး နာရီပိုင်းအကြာမှာ မွေးနေ့ပါတီပြုလုပ်ခဲ့တဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့ လုပ်ရပ် ဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ပြောလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “ကျနော် ဒါကိုသိတဲ့အတွက် ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး ရက်ရှ်ဖို့ဒ်နဲ့ စကားပြောခဲ့ပါတယ်။ ဒါက လက်ခံနိုင်စရာ မရှိဘူးလို့ ကျနော်သူ့ကို ပြောခဲ့ပါတယ်။ သူက တောင်းပန်မှု ပြုလုပ်ခဲ့ပါတယ်”လို့ ဖူလ်ဟမ်အသင်း နဲ့ ပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဒီပါတီပွဲကို ကြိုတင်စီစဉ်ထားခဲ့တာဖြစ်ပေမယ့် အသင်းရလဒ် ဆိုးနေတဲ့အချိန်မှာ သွားရောက်ခဲ့တာ ကြောင့် နည်းပြ အဲရစ်တန်ဟတ်က စိတ်ပျက်နေခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်တိုက်စစ်မှူးကို ဒဏ်ကြေးငွေ ချမှတ်ခြင်း ရှိ/မရှိကို ဒတ်ချ်လူမျိုးနည်းပြက ဖြေဖို့ ငြင်းဆန်ခဲ့ပြီး ဒါက ကလပ် အတွင်းပိုင်းကိစ္စလို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် နယူးကာဆယ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ ရက်ရှ်ဖို့ဒ်ကို ပွဲထွက် လူစာရင်း ကနေ ချန်လှပ်ခဲ့တာက စည်းကမ်းပိုင်းဆိုင်ရာကြောင့်လို့ နည်းပြက အတည်ပြုခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့နှစ်ကလည်း အသင်းအစည်းအဝေး နောက်ကျခဲ့လို့ ဝုလ်ဗ်စ်အသင်းနဲ့ ပွဲစဉ်မှာ လူစားဝင် ကစားသမား အဖြစ်သာ ပါဝင်ခဲ့ရတာပါ။
ဒါပေမယ့် အသက် ၂၆ နှစ်အရွယ်ရှိ ကစားသမားဟာ လူစားဝင် ရောက်လာပြီး ယူနိုက်တက်အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီက သွင်းဂိုး ၃၀ သွင်း ယူနိုင်ခဲ့ပြီး သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံးပုံစံကို ရရှိခဲ့ပေ မယ့် ဒီရာသီမှာတော့ ပုံမှန်ခြေစွမ်းအောက် ရောက်နေပြီး ၁ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။
နည်းပြ အဲရစ်တန်ဟတ်ကတော့ ပြီးခဲ့တဲ့ဇူလိုင်လကမှ ယူနိုက်တက်အသင်းနဲ့ ၅ နှစ် သက်တမ်းတိုး စာချုပ်ချုပ် ဆိုခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ အကောင်းဆုံး ပုံစံတွေနဲ့အတူ ပြန်လာနိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ ပြောခဲ့ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 997
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃
ချယ်လ်ဆီးအသင်း နည်းပြအဖြစ်နဲ့ အသင်းဟောင်း စပါးအသင်းကို ရင်ဆိုင်ဖို့ လာရောက်မယ့် နည်းပြ ပိုချက်တီနို ကို လေးစားမှုပြသဖို့ စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက ပရိသတ်တွေကို တောင်းဆိုလိုက်ပါတယ်။
ပိုစတီကိုဂလူးက “ပိုချက်တီနိုဟာ စပါးအသင်းအပေါ်မှာ မယုံနိုင်လောက်တဲ့ အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာ ကို သံသယဖြစ်စရာ မရှိပါဘူး။ သူဟာ ချန်ပီယံလိဂ်နဲ့ အမှတ်ပေးဖလား ရယူနိုင်ဖို့အတွက် နီးစပ်တဲ့ အနေအထား ထိ ရောက်ရှိအောင် ပို့ဆောင်ပေးခဲ့ပါတယ်။ အဲ့ဒါကြောင့် သူ့ရဲ့ အလုပ်အပေါ် မေးခွန်းထုတ်စရာ မရှိပါဘူး။ ဒီကလပ်၊ ပရိသတ်တွေ ဒါမှမဟုတ် ကလပ်နဲ့ နီးစပ်တဲ့သူတွေဆီကနေ ပိုချက်တီနိုကို လေးစားဖို့ မျှော်လင့်ပါ တယ်”လို့ ပြောခဲ့ပါတယ်။
ပိုချက်တီနိုဟာ စပါးအသင်းကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အသင်းဟောင်း အိမ်ကွင်းကို ပြန်လည် လာရောက်ရမှာပါ။
စပါးအသင်းကို ပိုချက်တီနို ကိုင်တွယ်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် လအနည်းငယ်အကြာမှာ နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ပိုချက်တီ နိုကို တွေ့ရစဉ်
အာဂျင်တီးနား လူမျိုးနည်းပြဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက စပါးအသင်းထံ ပြန်လာဖို့ နီးစပ်ခဲ့တာပါ။
ဒါပေမယ့် ပိုချက်တီနိုဟာ စပါးအသင်းရဲ့ လန်ဒန်မြို့ခံပြိုင်ဘက် ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ဖို့ ရွေးချယ်ခဲ့ပြီး စပါးအသင်းကလည်း ဆဲလ်တစ်အသင်းနည်းပြ ပိုစတီကိုဂလူးကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
စပါးအသင်းဟာ နည်းပြ ပိုစတီကိုဂလူး လက်ထက်မှာ ရလဒ်ကောင်းတွေ ရရှိနေပြီး ဒီရာသီ ပရီးမီးယားလိဂ် ၁၀ ပွဲ ကစားအပြီးမှာ ရှုံးပွဲမရှိနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။
ချယ်လ်ဆီးအသင်းကတော့ နွေရာသီ အပြောင်းအရွှေ့မှာ ပေါင်သန်း ၃၅၀ သုံးစွဲပြီး ကစားသမားသစ်တွေ အားဖြည့်ခဲ့ပေမယ့် ဒဏ်ရာနှိပ်စက်မှုတွေနဲ့အတူ ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ၃ ပွဲသာ ရရှိထားပြီး အဆင့် ၁၁ နေရာ မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက ပိုချက်တီနိုဟာ ချယ်လ်ဆီးအသင်းကို လမ်းကြောင်းမှန်ပေါ် ရောက်အောင် လုပ်နိုင်မယ်ဆိုတာ သံသယမရှိဘူးလို့ ပြောခဲ့ပါတယ်။
Source: Besoccer
- By CNI
- Category: အားကစား
- Hits: 791
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃
လီဗာပူးလ်ကြယ်ပွင့် လူးဝစ်ဒီယက်ဇ်ရဲ့ ဖခင်ဟာ ကိုလံဘီယာမှာ ပြန်ပေးဆွဲခံခဲ့ရပြီးနောက် သူ့ကို ဖမ်းဆီးထားတဲ့ သူပုန်အဖွဲ့ရဲ့ ကိုယ်စားလှယ်တစ်ဦးက ကစားသမားရဲ့ ဖခင်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖွယ်ရှိတယ်လို့ ပြောခဲ့ ကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
လူးဝစ်ဒီယက်ဇ်ရဲ့ ဖခင်နဲ့ မိခင်တို့ဟာ ပြီးခဲ့တဲ့အပတ်က လက်နက်ကိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။
လီဗာပူးလ်ကစားသမားရဲ့ မိခင်ဟာ နာရီပိုင်းအကြာမှာ ပြန်လည်လွတ်မြောက် လာခဲ့ပေမယ့် ဖခင်ဖြစ်သူကိုတော့ ရှာဖွေနေဆဲ ဖြစ်ပါတယ်။
ကိုလံဘီယာအစိုးရဟာ လူးဝစ်ဒီယက်ဇ်ရဲ့ ဖခင်ဖြစ်သူကို ELN လို့ ခေါ်ဝေါ်တဲ့ လက်ဝဲသူပုန်တွေက ပြန်ပေးဆွဲခဲ့ တယ်လို့ နိုဝင်ဘာလ ၂ ရက်က ကြေညာခဲ့ပါတယ်။
အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ ELN နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

လူးဝစ်ဒီယက်ဇ်ကို တွေ့ရစဉ်
ဒီဆွေးနွေးပွဲမှာ ဦးဆောင်သူ ပါတီနိုက လူးဝစ်ဒီယက်ဇ်ရဲ့ဖခင်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ELN ကို တောင်းဆို ထားပြီး သူ့ရဲ့ အသက်အန္တရာယ်ကို လုံခြုံအောင်ပြုလုပ်ဖို့က သူတို့ဘက်မှာသာ လုံးဝတာဝန်ရှိတယ်လို့ ပြောခဲ့ ကြောင်း သတင်းမှာ ဖော်ပြထားတာပါ။
ELN ဘက်က ကိုယ်စားလှယ်တစ်ဦးကတော့ ဘောလုံးသမားရဲ့ဖခင်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖွယ်ရှိတယ်လို့ ပြောခဲ့တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာ လူးဝစ်ဒီယက်ဇ်ရဲ့ ဖခင်ကို ဆက်လက် ရှာဖွေမှုတွေ ပြုလုပ်နေပြီး ဖမ်းဆီးခံရတဲ့သူနဲ့ ပတ်သက် တဲ့ သတင်းအချက်အလက် ပေးပို့လာတဲ့ သူတွေကို ဆုကြေးငွေ ပေါင် ၃၉,၀၀၀ ပေးသွားမယ်လို့ ကြေညာထားပါ တယ်။
လူးဝစ်ဒီယက်ဇ်ကတော့ ဖခင်ဖြစ်သူကို ဘေးကင်းစွာ လွတ်မြောက်ဖို့ တောင်းဆို ချီတက်တဲ့ပွဲတွေမှာ ပါဝင်ပေးကြ ဖို့ တောင်းဆိုမှုပြုလုပ်ခဲ့ပါတယ်။
လူးဝစ်ဒီယက်ဇ်ဟာ ဒီအခြေအနေတွေကြောင့် လီဗာပူးလ်အသင်း လူစာရင်းကနေ ထွက်ခွာထားပြီး အသင်းရဲ့ ပွဲစဉ် အချို့ကို ဆက်ပြီးလွဲချော်ဖို့ ရှိနေတာပါ။
၂၀၂၂ ခုနှစ်က ပေါ်တိုအသင်းကနေ ရောက်ရှိလာတဲ့ လူးဝစ်ဒီယက်ဇ်ဟာ လီဗာပူးလ်အသင်းအတွက် ၅၈ ပွဲ ပါဝင် ကစားထားပြီး ၁၄ ဂိုး သွင်းယူထားပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 1101
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃
ပီအက်စ်ဂျီအသင်းနည်းပြ အင်းနရစ်က တိုက်စစ်မှူး ဘတ်ပီအနေနဲ့ အနာဂတ်မှာ ဘောလွန်းဒီအောဆုကို ရယူချင်တယ်ဆိုရင် ကလပ်နဲ့ နိုင်ငံအသင်းအတွက် ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်အောင် ဦးဆောင်ပေး ရမယ်လို့ ပြောလိုက်ပါတယ်။
အင်းနရစ်က “ဘောလွန်းဒီအောကို ရဖို့အတွက်ဆိုရင် ဘတ်ပီအနေနဲ့ အလွန်ကောင်းမွန်တဲ့ တစ်ဦးချင်း စွမ်းဆောင်မှုအပြင် ကလပ်နဲ့ နိုင်ငံအသင်းအတွက် ဆုဖလားတွေ ရယူပေးနိုင်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့ဟာ ပီအက်စ်ဂျီအသင်းမှာ ဆုဖလားတွေရယူနိုင်ဖို့ အကောင်းဆုံး လုပ်ဆောင်နေသလို ဘတ်ပီကလည်း နိုင်ငံအသင်းမှာ ဒီလိုမျိုးလုပ်ဆောင်မှာပါ။ ဘတ်ပီဟာ ဘောလွန်းဒီအောဆု အများအပြားကို ရယူနိုင်မယ်ဆိုတာ သေချာတယ်”လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဘတ်ပီကို တွေ့ရစဉ်
ဘတ်ပီဟာ မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းနဲ့အတူ လာမယ့်နှစ်တွေမှာ ဘောလွန်းဒီအောဆုကို ရယူနိုင် မယ့်သူအဖြစ် အားလုံးရဲ့ သတ်မှတ်ခြင်းကို ခံထားရတာ ဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းကို ဒုတိယနေရာသာ ရအောင် စွမ်းဆောင်ပေးခဲ့သလို ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုမရခဲ့လို့ ဘောလွန်းဒီအော ဆုနဲ့ ဝေးခဲ့တာပါ။
ဘတ်ပီဟာ ပြီးခဲ့တဲ့ ဘောလွန်းဒီအောဆု ပေးပွဲမှာ မက်ဆီ၊ ဟာလန်းတို့ရဲ့နောက် တတိယနေရာမှာသာ ရပ်တည် နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်း နည်းပြကတော့ ဒီဆုဟာ ဘတ်ပီရဲ့ လက်ထဲကို ရောက်ရှိမယ်ဆိုတာ သေချာပေမယ့် အောင်မြင်မှု ရယူဖို့အတွက် လုပ်ဆောင်ရမယ့် အရာတွေရှိသေးတယ်လို့ ပြောခဲ့ပါတယ်။
ဘတ်ပီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ၁၂ ပွဲ ပါဝင်ကစားထားပြီး ၁၂ ဂိုး သွင်းယူထားပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ဒီရာသီ ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲမှာ ထိပ်ဆုံးနေရာက နိုက်စ်အသင်းနဲ့ ၁ မှတ်အကွာ ဒုတိယ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုတွင်းကို ဦးဆောင်ထားတာ ဖြစ်ပါတယ်။
Source: Goal
