- By CNI
- Category: အားကစား
- Hits: 784
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၁
အသက် ၃၂ နှစ်အရွယ်မှာ ကစားသမားဘဝကနေ အနားယူသွားခဲ့တဲ့ ရီးရယ်လ်နဲ့ ချယ်လ်ဆီး ကစားသမားဟောင်း ဟာဇက်က ဘောလုံးကစားတာကို မလွမ်းဘူးလို့ ဘောလွန်းဒီအော ဆုပေးပွဲ အခမ်းအနားမှာ ပြောသွားခဲ့ပါတယ်။
ဟာဇက်က “မိသားစု၊ ကလေးတွေနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေပါတယ်။ ကျနော် လုပ်ချင်တာကို လုပ် နိုင်ပါပြီး။ တကယ်ကို ပြီးပြည့်စုံတဲ့ဘဝပါပဲ။ လက်ရှိအချိန်မှာ ဘောလုံးကစားတာကို ကျနော်မလွမ်းပါဘူး။ ကျနော့် ကလေးတွေက ဘောလွန်းဒီအောဆုပေးပွဲကို သွားဖို့တောင်းဆိုတာကြောင့် ဒီကိုလာခဲ့တာ”လို့ ပြောခဲ့ပါတယ်။
ဘယ်လ်ဂျီယံ ကစားသမားဟောင်းဟာ ၂၀၂၃ ဘောလွန်းဒီအောဆုပေးပွဲမှာ ရီးရယ်လ်ကွင်းလယ် ကစားသမား ဘယ်လင်ဂမ်ကို Kopa Trophy ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိ ဟာဇက်ဟာ ရီးရယ်လ်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ၄ လအကြာ အောက်တိုဘာ လ အစောပိုင်းက ပရော်ဖက်ရှင်နယ် ကစားသမားဘဝက အနားယူကြောင်း ကြေညာခဲ့ပါတယ်။

ဟာဇက်ကို တွေ့ရစဉ်
ဟာဇက်ဟာ ဘောလုံးကစားရတာ မပျော်ရွှင်တော့တဲ့အတွက် အနားယူဖို့ ဆုံးဖြတ်ခဲ့တယ်လို့ မကြာသေးခင်က ပြောထားခဲ့ပါတယ်။
ဟာဇက်ဟာ သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံးဖြစ်ခဲ့တဲ့ ချယ်လ်ဆီးအသင်းမှာ ကစားချိန် ၂၀၁၅ ဘောလွန်းဒီအောဆု ပေးပွဲရဲ့ နံပါတ် ၈ နေရာမှာ ရပ်တည်ခဲ့ပါတယ်။
ဒါဟာ သူ့အတွက် အမြင့်ဆုံးအဆင့် ရပ်တည်မှု ဖြစ်ခဲ့ပါတယ်။ ဟာဇက်ဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ မှာ လိုင်လီ၊ ချယ်လ်ဆီးနဲ့ ရီးရယ်လ်အသင်းတွေအတွက် ပွဲပေါင်း ၆၂၂ ပွဲ ကစားခဲ့ပြီး ၁၆၇ ဂိုး သွင်းယူကာ ဆုဖလား အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ဟာဇက်ဟာ မိသားစုနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းနေပြီး နည်းပြလောကထဲ ဝင်ရောက် မလား၊ ဘောလုံးပွဲ ဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်မလားဆိုတဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို မချရသေးပါဘူး။
Source: Goal
- By CNI
- Category: အားကစား
- Hits: 951
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၁
အာဂျင်တီးနားနဲ့ အင်တာမိုင်ယာမီအသင်း တိုက်စစ်မှူး မက်ဆီဟာ ၂၀၂၃ ခုနှစ်အတွက် ချီးမြှင့်တဲ့ ဘောလွန်းဒီအော ဆုပေးပွဲမှာ အမျိုးသားဘောလွန်းဒီအောဆုကို ၈ ကြိမ်မြောက်အဖြစ် ရရှိသွားခဲ့ပါတယ်။
အသက် ၃၆ နှစ်အရွယ်ရှိ မက်ဆီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလား ချန်ပီယံ ဆု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် ဟာလန်းနဲ့ ဘတ်ပီတို့ကို အသာရပြီး အခုနှစ်အတွက် ဘောလွန်းဒီအောဆုကို ရရှိသွားခဲ့ပါတယ်။
အမျိုးသားဘောလွန်းဒီအော ထိပ်ဆုံး ၁၀ ဦး စာရင်းမှာ မက်ဆီ၊ ဟာလန်း၊ ဘတ်ပီ၊ ဒီဘရိုင်း၊ ရိုဒရီ၊ ဗီနီစီးယက်စ်၊ အယ်လ်ဗားရက်ဇ်၊ အိုဆင်ဟမ်၊ ဘာနာဒိုဆေးလ်ဗားနဲ့ မိုဒရစ်တို့က အစဉ်အလိုက် ရပ်တည်ခဲ့ကြပါတယ်။
မက်ဆီက “ဒီအခိုက်အတန့်ကို ပျော်ရွှင်ဖို့ နောက်ထပ်တစ်ကြိမ် ဒီမှာရှိရတာ အလွန်ကောင်းပါတယ်။ ကမ္ဘာ့ဖလား ကို ဆွတ်ခူးနိုင်ခဲ့ပြီး ကျနော့်ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ဘောလွန်းဒီအောဆုတွေ အားလုံး ဟာ မတူညီတဲ့ အကြောင်းပြချက်တွေအတွက် အထူးကောင်းမွန်တဲ့အရာပါ”လို့ ဆုယူအပြီးမှာ ပြောခဲ့ပါတယ်။
အမျိုးသမီးဘောလွန်းဒီအော ဆုကိုတော့ စပိန်နဲ့ ဘာစီလိုနာအသင်း ကွင်းလယ်လူ ဘွန်မာတီက ပထမဆုံးအကြိမ် ရရှိသွားခဲ့ပါတယ်။

ဟာလန်းကို တွေ့ရစဉ်
အသက် ၂၅ နှစ်အရွယ်ရှိ ဘွန်မာတီဟာ ဘာစီလိုနာအသင်းနဲ့အတူ ချန်ပီယံလိဂ်၊ အမှတ်ပေးလိဂ် ဆုဖလားကို ရယူနိုင်ခဲ့သလို စပိန်အသင်းနဲ့အတူ ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
သူမဟာ ပြီးခဲ့တဲ့ သြဂုတ်လက UEFA ရဲ့တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး ကစားသမားဆုကိုလည်း ရရှိခဲ့ပါ တယ်။
ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းနဲ့ ဆုဖလား ၃ လုံး ရယူနိုင်ခဲ့တဲ့ ဟာလန်းက အကောင်းဆုံး တိုက်စစ်မှူးဆုဖြစ် တဲ့ ဂတ်မူလာဆုကို ရရှိသွားခဲ့ပါတယ်။
အခုရာသီမှာ ရီးရယ်လ်အသင်းအတွက် ခြေစွမ်းပြပြီး သွင်းဂိုးတွေ သွင်းယူပေးနေတဲ့ ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်က အကောင်းဆုံး လူငယ်ကစားသမားဆုဖြစ်တဲ့ Kopa Trophy ကို ရရှိခဲ့ပါတယ်။
ဂိုးသမားဟောင်း ယာရှင်ကို ဂုဏ်ပြုပြီးပေးတဲ့ ယာရှင် Trophy ဆု (တနည်းအားဖြင့်) အကောင်းဆုံး ဂိုးသမားဆု ကိုတော့ အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလား ရယူနိုင်ခဲ့တဲ့ မာတီးနက်ဇ်က ရရှိခဲ့ပြီး အကောင်းဆုံး ကလပ် အသင်းဆုကို မန်စီးတီးအသင်းက ရရှိခဲ့ပါတယ်။
အကောင်းဆုံး လူမှုအကျိုးပြု ကစားသမားဆုဖြစ်တဲ့ ဆိုကရေးတီးဆုကို ရီးရယ်လ်အသင်း တောင်ပံကစားသမား ဗီနီစီးယက်စ်က ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 805
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇
ကာတာကလပ် အယ်လ်ဒူဟေးအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြ ဂယ်လ်တီယာက ပေါ်တူဂီနဲ့ အယ်လ်နာဆာအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံးဖြစ်နေတုန်းပဲလို့ ပြောလိုက်ပါတယ်။
ဂယ်လ်တီယာက “ရော်နယ်ဒိုနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ခင်ဗျားလုပ်နိုင်တာတွေက အများကြီးမရှိပါဘူး။ သူ့အကြောင်းကို ဖော်ပြဖို့ စကားလုံးတွေလည်း မရှိပါဘူး။ သူလုပ်ခဲ့တဲ့အရာတွေက အသက် ၃၈ နှစ်အရွယ်အတွက် ထူးထူးခြားခြားပါပဲ။ သူဟာ ကမ္ဘာ့အကောင်းဆုံးဖြစ်နေတုန်းပါပဲ”လို့ ပြောခဲ့တာပါ။
ရော်နယ်ဒိုဟာ အခုရာသီမှာ အယ်လ်နာဆာအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြသနေပြီး အယ်လ်ဒူဟေးအသင်းကို အနိုင်ရခဲ့တဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်မှာ သွင်းဂိုး ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ အသက် ၃၈ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် လက်ရှိအချိန်ထိ ကစားသမားဘဝက အနားယူမယ့် အရိပ်အယောင်ကို ပြသခြင်းမရှိသေးဘဲ အနည်းဆုံးအသက် ၄၀ အထိ ဆက်ကစားသွားဖို့ ရည်ရွယ်ထားတာပါ။

ရော်နယ်ဒိုကို တွေ့ရစဉ်
ပြီးခဲ့တဲ့ရက်သတ္တပတ်က သတင်းတွေမှာ ရော်နယ်ဒိုဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ကစားသမားဘဝက အနားယူဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။
ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းကို ယူရို ၂၀၂၄ ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရအောင် စွမ်းဆောင်ပေးထားပြီး ဒီပြိုင်ပွဲမှာ သူ့ရဲ့ နိုင်ငံကို ဦးဆောင်ပြီး ပါဝင်လာဖို့ ရှိနေတာပါ။
ယူနိုက်တက်နဲ့ ရီးရယ်လ်အသင်း တိုက်စစ်မှူးဟောင်းဟာ ၂၀၂၃ ခုနှစ်ထဲမှာ ၄၃ ဂိုးအထိသွင်းယူထားပြီး ဂိုးသွင်းအများဆုံးကစားသမားအဖြစ် မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းကို အသာရပြီး ထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နေတာဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ကစားသမားဘ၀ သွင်းဂိုး ၉၀၀ ပြည့်နိုင်ဖို့ ပစ်မှတ်ထားနေတာကြောင့် နောက်ထပ်သွင်းဂိုးတွေကို ထပ်ပြီးမြင်တွေ့ရဖို့ ရှိနေတာပါ။ အယ်လ်နာဆာအသင်းဟာ အောက်တိုဘာ ၂၈ ရက်မှာ ဆော်ဒီပရိုလိဂ်ပွဲစဉ်အဖြစ် အယ်လ်ဖေဟာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 857
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇
ယူနိုက်တက်အသင်းဂိုးသမား အိုနာနာဟာ မကြာသေးခင်က ဆိုရှယ်မီဒီယာပေါ်မှာ ဂေါ်ရီလာအီမိုဂျီနဲ့အတူ ပို့စ်တင်ခဲ့တဲ့ အသင်းဖော် ဂါနာချို ဘက်ကနေ ရပ်တည်လိုက်ပြီး ဘယ်လိုအရေးယူမှုကိုမှ မခံရသင့်ဘူးလို့ ပြောလိုက်ပါတယ်။
အသက် ၁၉ နှစ်အရွယ်ရှိ ဂါနာချိုဟာ ပြီးခဲ့တဲ့ ကိုပေဟေဂင်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ သူအပါအဝင် ဂိုးသမား အိုနာနာနဲ့ အသင်းဖော်တွေအောင်ပွဲခံနေတဲ့ပုံကို ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့ရာ ဂေါ်ရီလာအီမိုဂျီကို အသုံးပြုသွားခဲ့တာပါ။
ဂါနာချိုဟာ နောက်ပိုင်းမှာ ဒီပို့စ်ကို ဖျက်လိုက်ပေမယ့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) က ဒီပို့စ်တင်ခဲ့တာကို သိရှိခဲ့ပြီး အာဂျင်တီးနားကစားသမားကို ဆက်သွယ်ခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

ယူနိုက်တက်အသင်းဂိုးသမား အိုနာနာနှင့် ဂါနာချို အောင်ပွဲခံနေစဉ်
ဂါနာချိုဟာ ဂေါ်ရီလာအီမိုဂျီကို ကိုပေဟေဂင်အသင်းနဲ့ ပွဲမှာ ပင်နယ်တီကာကွယ်ခဲ့တဲ့ ဂိုးသမား အိုနာနာကို ရည်ညွှန်းခဲ့တာဖြစ်ပြီး လူမျိုးရေးခွဲခြားမှုပြုလုပ်ခဲ့တယ်လို့ စွပ်စွဲနေကြတာပါ။ အာဂျင်တီးနားကစားသမားကတော့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှမပေးခဲ့ပေမယ့် အိုနာနာကတော့ သူ့ရဲ့ အသင်းဖော်ဘက်ကနေ ရပ်တည်သွားခဲ့တာဖြစ်ပါတယ်။
အိုနာနာက “ကျနော်ကို စော်ကားခဲ့တယ်ဆိုပြီး လူတွေက ရွေးချယ်ပေးစရာမလိုပါဘူး။ ဂါနာချိုပြောချင်တဲ့ အကြောင်းအရာအတိအကျကို ကျနော်သိပါတယ်။ ဒါက စွမ်းအားနဲ့ ခွန်အားကိုပေးတာပါ။ ဒီကိစ္စက တော်သင့်ပါပြီ”လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) ဟာ အရင်ကလည်း ဆိုရှယ်မီဒီယာတွေပေါ်မှာ တင်ခဲ့တဲ့ပို့စ်တွေနဲ့ ပတ်သက်ပြီး မန်စီးတီးအသင်း ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားနဲ့ ယူနိုက်တက်တိုက်စစ်မှူးဟောင်း ကာဗာနီတို့ကို ပွဲပယ်နဲ့ ဒဏ်ကြေးငွေချမှတ်ပြီး အရေးယူတာတွေရှိခဲ့တာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 767
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇
လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က တူးလူးစ်အသင်းကို အနိုင်ယူပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲဆက်နေခဲ့ပြီးနောက် အသင်းလူစာရင်းကို စိတ်လှုပ်ရှားမိတယ်လို့ ပြောလိုက်ပါတယ်။
ကလော့ပ်က “ဒီမှာ စိတ်လှုပ်ရှားစရာတွေအများကြီးရှိတဲ့အတွက် ဒီအသင်းကို ချစ်ဖို့က တကယ်ကိုလွယ်ကူပါတယ်။ ဒီပွဲမှာဆိုရင် ပွဲချိန်အများစုကို ကျနော်တို့ အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ကျနော်တို့ ကောင်းမွန်တဲ့ ဂိုးတွေသွင်းယူခဲ့ပြီး ဘယ်သူမှလည်း မထိခိုက်ခဲ့တဲ့အတွက် ပြီးပြည့်စုံတဲ့ ညပါပဲ။
ကျနော်တို့မှာ အလွန်ကောင်းမွန်တဲ့ လူငယ်ကစားသမားတွေရှိပြီး ကျနော်သူတို့ကို ယုံကြည်ပါတယ်။ ကောင်းမွန်တဲ့ အခိုက်အတန့်မှာ ကျနော်သူတို့တွေကို အခွင့်အရေးပေးလို့ရပါတယ်”လို့ TNT Sports ကို ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ တူးလူးစ်အသင်းနဲ့ ပွဲမှာ ၅ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပြီး လီဗာပူးလ်အသင်းအတွက်ဂိုးတွေကို ဂျိုတာ၊ အန်ဒို၊ ဒါဝင်နူနက်ဇ်၊ ဂရာဗန်ဘာချ်နဲ့ ဆာလတ်တို့က ၁ ဂိုးစီသွင်းယူခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ယူရိုပါလိဂ်အုပ်စုပွဲစဉ် ၃ ပွဲကစားအပြီးမှာ ၃ ပွဲစလုံးနိုင်ပွဲရရှိကာ နောက်တစ်ဆင့်ရောက်ရှိဖို့ နီးစပ်သွားခဲ့တာပါ။
ဒီပွဲမှာ လီဗာပူးလ်အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဆာလတ်ဟာ ဥရောပပြိုင်ပွဲတွေမှာ ဂိုးအများဆုံးသွင်းယူထားတဲ့ ပရီးမီးယားလိဂ်ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာပါ။
ဆာလတ်ဟာ တူးလူးစ်အသင်းနဲ့ ပွဲမှာ ၁ ဂိုးသွင်းယူခဲ့တာကြောင့် လီဗာပူးလ်အသင်းအတွက် ဥရောပသွင်းဂိုး ၄၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဆာလတ်ဟာ အာဆင်နယ်အသင်းဂန္ထဝင် အွန်နရီရဲ့ ၁၇ နှစ်ကြာတင်ရှိထားတဲ့ ဒီစံချိန်ကို ၁ ဂိုးအသာနဲ့ ကျော်ဖြတ်ပြီး စံချိန်သစ်တင်နိုင်ခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ အောက်တိုဘာ ၂၉ ရက်မှာ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ အဖြစ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 632
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇
ဘရိုက်တန်အသင်းဟာ ယူရိုပါလိဂ်အုပ်စုအဆင့်ပွဲစဉ်မှာ အေဂျတ်စ်အသင်းကို ၂ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် သူတို့အတွက် ဥရောပပြိုင်ပွဲမှာသမိုင်းဝင်ပထမဆုံးနိုင်ပွဲကို စတင်ရရှိသွားခဲ့ပြီဖြစ်ပါတယ်။
ဒီပွဲမှာ ဘရိုက်တန်အသင်းအတွက်ဂိုးတွေကို ဂျာအိုပတ်ဒရိုနဲ့ အန်ဆုဖာတီတို့က သွင်းယူခဲ့တာပါ။
ဥရောပပြိုင်ပွဲကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ဘရိုက်တန်အသင်းဟာ အေဂျတ်စ်အသင်းနဲ့ ပွဲစဉ်မတိုင်ခင်ကစားခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ် ၂ ပွဲမှာ ၁ ပွဲ သရေ ၁ ပွဲရှုံး ရလဒ်ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
ဘရိုက်တန်အသင်းဟာ အေဂျတ်စ်အသင်းကို အနိုင်ရခဲ့တဲ့အတွက် နောက်တစ်ဆင့် တက်နိုင်မယ့် မျှော်လင့်ချက်တွေဆက်ပြီး ရှင်သန်ခဲ့တာပါ။

ဘရိုက်တန်နှင့်အေဂျတ်စ် ယှဉ်ပြိုင်နေစဉ်
ဘရိုက်တန်အသင်းနည်းပြ ဒီဇာဘီက “ကျနော်တို့ဟာ ဘရိုက်တန်အတွက် ဥရောပပြိုင်ပွဲမှာ ပထမဆုံးနိုင်ပွဲကို ရယူပေးနိုင်ခဲ့ပါတယ်။ ကျနော်တို့ရဲ့ ပရိသတ်တွေ၊ ကလပ်နဲ့ ပိုင်ရှင်တို့အတွက် အလွန်ကောင်းမွန်တဲ့နေ့ဖြစ်ခဲ့ပြီး သူတို့ကို ဒီလိုလုပ်ပေးနိုင်တဲ့အတွက်လည်း ကျနော်တို့ အလွန်ဂုဏ်ယူပါတယ်။ ကျနော်တို့ဟာ အလွန် ကောင်းမွန်စွာကစားနိုင်ခဲ့ပြီး နိုင်ပွဲရဖို့ ထိုက်တန်ပါတယ်”လို့ TNT Sports ကို ပြောခဲ့တာဖြစ်ပါတယ်။
ဘရိုက်တန်အသင်းဟာ ဒီနိုင်ပွဲကြောင့် အုပ်စုတွင်း ၃ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေပြီး အေဂျတ်စ်အသင်းကတော့ ရမှတ် ၂ မှတ်နဲ့ စတုတ္တနေရာမှာ ရပ်တည်နေတာပါ။
ဥရောပဆုဖလား အများအပြားကို ရယူနိုင်ခဲ့တဲ့ အေဂျတ်စ်အသင်းဟာ ဒီရာသီမှာ ရလဒ်ဆိုးရွားနေပြီး ဒတ်ချ်လိဂ် ပြိုင်ပွဲမှာဆိုရင် တန်းဆင်းဇုန်ထဲ ရောက်ရှိနေသလို သြဂုတ်လ နောက်ပိုင်း ကစားခဲ့တဲ့ပွဲတွေမှာ နိုင်ပွဲတွေ လုံးဝမရရှိတော့တာဖြစ်ပါတယ်။
ဘရိုက်တန်အသင်းကတော့ နည်းပြ ဒီဇာဘီ လက်ထက်မှာ ရလဒ်ကောင်းတွေရရှိနေပြီး အခုရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း အဆင့် ၇ နေရာမှာ ရပ်တည်နေတာပါ။
ဘရိုက်တန်အသင်းဟာ အောက်တိုဘာ ၂၉ ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 828
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၆
ဘာစီလိုနာအသင်း တိုက်စစ်မှူး ဂျာအိုဖိလစ်က ရှက်တာဒိုးနက်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာဟာ ပြင်းထန်မှုမရှိဘူးလို့ သူ့ရဲ့ အင်စတာဂရမ် Story မှာ ရေးသားသွားခဲ့ပါတယ်။
ဂျာအိုဖိလစ်က “ကျနော် အဆင်ပြေပါတယ်။ ဒါက တိုက်မိခဲ့ရုံသာဖြစ်ပြီး ပြန်လည် ကောင်းမွန်အောင်လုပ်ကာ လာမယ့်ပွဲစဉ်အတွက် ပြင်ဆင်သွားမယ်”လို့ ရေးသားခဲ့ပါတယ်။
ဘာစီလိုနာအသင်းက ရှက်တာဒိုးနက်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂျာအိုဖိလစ်ဟာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ပွဲချိန် ၇၅ မိနစ်မှာ လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ဂျာအိုဖိလစ်ဟာ ရီးရယ်လ်အသင်းနဲ့ ကစားမယ့် အယ်လ်ကလက်စီကို ဒါဘီပွဲစဉ်မှာ ဘာစီလိုနာ အသင်းအတွက် မပါဝင်နိုင်မှာကို ပရိသတ်တွေက စိုးရိမ်မှုတွေ ရှိနေခဲ့ပါတယ်။
ဒါပေမယ့် ပေါ်တူဂီကစားသမားက သူ့ရဲ့ ဒဏ်ရာဟာ မပြင်းထန်ဘူးလို့ ပြောပြီး ပရိသတ်တွေရဲ့စိုးရိမ်မှုကို ဖြေလျှော့ ပေးနိုင်ခဲ့ပါတယ်။

ဂျာအိုဖိလစ်ကို တွေ့ရစဉ်
ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့က အသလက်တီကို အသင်းကနေ အငှားစာချုပ်နဲ့ ရောက်ရှိလာ ခဲ့တဲ့ ဂျာအိုဖိလစ်ဟာ ဘာစီလိုနာအသင်းအတွက် ပါဝင်ကစားပေးထားတဲ့ ပွဲတွေမှာ ခြေစွမ်းပြသပြီး ၃ ဂိုး သွင်းယူ ကာ ၄ ဂိုး ဖန်တီးထားပါတယ်။
ဘာစီလိုနာအသင်းဟာ ရီးရယ်လ်အသင်းနဲ့ ပွဲစဉ်မတိုင်ခင် အဓိက ကစားသမားအချို့ကို ဒဏ်ရာကြောင့် ဆုံးရှုံး ထားခဲ့ရပြီး ဂျာအိုဖိလစ်ကိုပါ ထပ်ပြီး လက်လွှတ်ခဲ့ရမယ်ဆိုရင် အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာ နိုင်ပါတယ်။
ဘာစီလိုနာအသင်းဟာ ဒီရာသီ လာလီဂါပွဲစဉ် ၁၀ ပွဲ ကစားအပြီးမှာ ၂၄ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးနေရာက ရီးရယ်လ်အသင်းနဲ့ ၁ မှတ် ကွာဟနေပါတယ်။
အဲ့ဒါကြောင့် ဘာစီလိုနာအသင်းဟာ ရီးရယ်လ်အသင်းကို အနိုင်ယူပြီး ထိပ်ဆုံးနေရာကို ရောက်ရှိနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 1093
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၆
ယူနိုက်တက်အသင်းဟာ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီးနောက် အသင်းက ထွက်ခွာတာ ၃ လကြာရှိပြီဖြစ်တဲ့ ဂိုးသမားဟောင်း ဒီဂီယာကို ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ The Sun က ဖော်ပြထားပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့က အင်တာမီလန် အသင်းကနေ ဂိုးသမား အိုနာနာကို ပေါင် ၄၇ သန်းနဲ့ ခေါ်ယူခဲ့ပြီးနောက် အသင်းမှာ ၁၂ နှစ်ကြာရှိခဲ့တဲ့ ဂိုးသမား ဒီဂီယာကို ထွက်ခွာခွင့် ပြုခဲ့ပါတယ်။
ဒါပေမယ့် အိုနာနာဟာ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲဝင်မယ့် ကင်မရွန်းအသင်း လူစာရင်းမှာ ရွေးချယ်ခံရမယ် ဆိုရင် လာမယ့်ဇန်နဝါရီမှာ ယူနိုက်တက်အသင်းရဲ့ ပွဲစဉ် ၈ ပွဲအထိ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဒီဂီယာနဲ့ အသင်းဖော်ဟောင်းတွေကို တွေ့ရစဉ်
အဲ့ဒါကြောင့် ယူနိုက်တက်အသင်းဟာ အခုအချိန်ထိ အသင်းလက်မဲ့ဖြစ်နေတဲ့ ဒီဂီယာကို ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
အိုနာနာသာ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲသွားခဲ့ရင် ယူနိုက်တက်အသင်းမှာ ဂိုးသမားတွေအဖြစ် ဘာယင်းဒယ်နဲ့ တွမ်ဟီတန်တို့သာ ရှိတော့တာ ဖြစ်ပါတယ်။
ဘာယင်းဒယ်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ကမှ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ၁ ပွဲ မှ ပါဝင်ကစားရခြင်း မရှိသေးသလို ဝါရင့်ဂိုးသမား တွမ်ဟီတန်ကလည်း ဒဏ်ရာတွေကြောင့် ရုန်းကန်နေရပါ တယ်။
ဒီဂီယာဟာ မန်ချက်စတာမှာ ရှိနေတာဖြစ်ပြီး မကြာသေးခင်ကမှ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဘရူနိုဖာနန် ဒက်စ်၊ လင်ဒီလော့ဖ်၊ ဗာရန်း၊ တွမ်ဟီတန်တို့နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
စပိန်ဂိုးသမားဟာ မန်ချက်စတာမှာ လေ့ကျင့်မှုတွေ ပြုလုပ်နေတာဖြစ်ပြီး အခုအချိန်ထိ အသင်းသစ် မရသေးတာ ကြောင့် ကစားသမားဘဝက အနားယူဖို့ စဉ်းစားနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ယူနိုက်တက်အသင်း ပရိသတ်အချို့က ဒီဂီယာကို အသင်းထံ ပြန်လာဖို့ ဆိုရှယ်မီဒီယာတွေ ကနေတဆင့် တောင်းဆိုမှုတွေ ရှိနေပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိ ဒီဂီယာဟာ ယူနိုက်တက်အသင်းမှာ ၂၀၁၁ ကနေ ၂၀၂၃ ခုနှစ်အထိ ပွဲပေါင်း ၅၄၅ ပွဲ ပါဝင်ကစားခဲ့ပါတယ်။
ဒီဂီယာဟာ ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ FA ဖလား၊ ယူရိုပါလိဂ်၊ ကာရာဘောင်းဖလားနဲ့ ကွန်မြူနတီဒိုင်းပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 876
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၆
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက လူတွေဟာ တိုက်စစ်မှူးဟာလန်းကို ကျရှုံးစေချင်ပေမယ့် သူကတော့ သူ့ရဲ့ ဘဝတစ်လျှောက်လုံး ဂိုးတွေ သွင်းယူနေဦးမှာလို့ ပြောလိုက်ပါတယ်။
ဂွာဒီယိုလာက “အခွင့်အရေးရှိဖို့က အရေးကြီးပြီး လူတွေက သူ့ကို ကျရှုံးစေချင်နေပါတယ်။ ဒီအတွက်တော့ ကျနော် စိတ်မကောင်းပါဘူး။ ဟာလန်းဟာ သူ့ရဲ့ဘဝတစ်လျှောက်လုံး ဂိုးတွေ သွင်းယူနိုင်ပါလိမ့်မယ်။ အခွင့် အရေးတွေသာ ရှိမယ်ဆိုရင် ဟာလန်းဟာ မယုံနိုင်လောက်အောင် ခြိမ်းခြောက်မှုရှိတဲ့သူပါ။ သူဟာ ဘောလုံး ကစားတဲ့ နောက်ဆုံးနေ့အထိ ဂိုးတွေသွင်းယူနေမှာပါ”လို့ TNT Sports ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းက ယန်းဘွိုင်းစ်အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဟာလန်းဟာ အသင်း အတွက် ၂ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
နော်ဝေတိုက်စစ်မှူးဟာ ယန်းဘွိုင်းစ်အသင်းနဲ့ ပွဲစဉ်မတိုင်ခင်အထိ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးမသွင်းယူနိုင်ခဲ့တာ ၅ ပွဲအထိရှိခဲ့ပြီး ဂိုးပေါက်ပျောက်ဆုံးနေလို့ ဝေဖန်မှုခံခဲ့ရတာကို ဒီပွဲမှာ အဆုံးသတ်နိုင်ခဲ့ပါတယ်။
ဟာလန်းဟာ ဒီပွဲမှာသွင်းယူခဲ့တဲ့ ၂ ဂိုးကြောင့် ချန်ပီယံလိဂ် ပွဲပေါင်း ၃၃ ပွဲ ပါဝင်ကစားအပြီးမှာ ၃၇ ဂိုး သွင်းယူ ထားတာ ဖြစ်ပါတယ်။

ဟာလန်းနဲ့ ဂွာဒီယိုလာကို တွေ့ရစဉ်
အသက် ၂၃ နှစ်အရွယ်ရှိ ဟာလန်းဟာ ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဘတ်ပီရဲ့ စံချိန်ကို ချိုးဖျက်ကာ ချန်ပီယံ လိဂ် သွင်းဂိုးအများအပြား သွင်းယူနိုင်တဲ့ အသက်အငယ်ဆုံး ကစားသမား အဖြစ်လည်း မှတ်တမ်း ဝင်ခဲ့ပါတယ်။
ဟာလန်းဟာ ဒီရာသီမှာ မန်စီးတီး အသင်းအတွက် ၁၄ ပွဲ ပါဝင်ကစားထားပြီး ၁၁ ဂိုး သွင်းယူထားတာ ဖြစ်ပါ တယ်။
မန်စီးတီးအသင်းဟာ ယန်းဘွိုင်းစ်အသင်းကို အနိုင်ရခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၂၀၂၁ ခုနှစ်၊ မေလ နောက်ပိုင်း ပထမဆုံးအကြိမ် ၅ ပွဲ ဆက်တိုက် နိုင်ပွဲပြန်လည် ရရှိခဲ့ပါတယ်။
ဒါ့အပြင် မန်စီးတီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ ပွဲ ဆက်တိုက် ရှုံးပွဲမရှိခဲ့ဘဲ ၁၀ ပွဲနိုင်၊ ၆ ပွဲ သရေကျခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ အောက်တိုဘာ ၂၉ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ယူနိုက်တက်အသင်းနဲ့ မန်ချက် စတာ ဒါဘီယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 960
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၆
နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟိုဝီက ချန်ပီယံလိဂ်အိမ်ကွင်းပွဲမှာ ရှုံးပွဲနဲ့ကြုံတွေ့ခဲ့ရပြီးနောက် ဒေါ့မွန်အသင်းက သူတို့ကို ချန်ပီယံလိဂ်သင်ခန်းစာသင်ပေးခဲ့တယ်လို့ ပြောလိုက်ပါတယ်။
အက်ဒီဟိုဝီက “ကျနော်တို့ ဒီပွဲမှာ အကောင်းဆုံးပုံစံလုံးဝမရှိခဲ့ပါဘူး။ ပွဲတွေအနိုင်ရချင်တယ်ဆိုရင် အကောင်းဆုံးပုံစံရှိနေရမယ်ဆိုတာ ဒီပြိုင်ပွဲကပေးတဲ့ သင်ခန်းစာပါပဲ။ ဒါက ကြီးမားတဲ့ပြိုင်ပွဲဖြစ်တဲ့အတွက် သေးငယ်တဲ့အမှားပြုလုပ်ခဲ့တယ်ဆိုရင် ခင်ဗျားဟာ အပြစ်ပေးခံရမှာပါ။ ထိပ်တန်းအသင်းကြီးတွေနဲ့ ရင်ဆိုင် ရမယ်ဆိုရင် ဒါဟာ ကျနော်တို့အတွက် သင်ခန်းစာဖြစ်ခဲ့ပြီး အကောင်းဆုံးပုံစံအောက်ကို ရောက်သွားရင် ရလဒ်ကောင်းရဖို့ ခက်ခဲပါလိမ့်မယ်” လို့ ပြောခဲ့တာပါ။
နယူးကာဆယ်အသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံအိမ်ကွင်းပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရ ခဲ့ပေမယ့် ဒေါ့မွန်အသင်းနဲ့ ပွဲမှာတော့ ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်အသင်းဟာ ဒီ ရှုံးပွဲကြောင့် အုပ်စုတွင်း ၃ ပွဲကစားအပြီးမှာ ရမှတ် ၄ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေတာပါ။ ဒီပွဲမှာ နယူး ကာဆယ်အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ အိုင်ဆက်ခ်နဲ့ မာဖီတို့ ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။

နယူးကာဆယ်အသင်းဟာ ချန်ပီယံလိဂ်လက်ကျန် ၃ ပွဲမှာ ဒေါ့မွန်နဲ့ ပီအက်စ်ဂျီအသင်းတို့ကို အဝေးကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး အေစီမီလန်အသင်းကိုသာ အိမ်ကွင်းမှာ ကစားရမှာပါ။ နည်းပြ အက်ဒီဟိုဝီကတော့ သူတို့ဟာ နောက်တစ်ဆင့်တက်ဖို့ တိုက်ပွဲဝင်သွားမယ်လို့ ပြောခဲ့ပါတယ်။
အက်ဒီဟိုဝီက “ကျနော်တို့အတွက် တကယ်ကိုခက်ခဲတဲ့ အဝေးကွင်း ၂ ပွဲရှိပြီး ဒီပွဲတွေကနေ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ကြိုးစားသွားရမှာပါ။ ကျနော်တို့ဟာ ရှုံးပွဲကြုံတွေ့ခဲ့ပေမယ့် အုပ်စုထဲမှာ ရှိနေသေးသလို ဆက်ပြီး တိုက်ပွဲဝင်နေဦးမှာပါ။ ဒါပေမယ့် ကျနော်တို့အတွက် ဒီပွဲတွေမတိုင်ခင်မှာ ခက်ခဲတဲ့ပွဲတွေကို ရင်ဆိုင်ရဦးမှာပါ” လို့ ပြောခဲ့ပါတယ်။
နယူးကာဆယ်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:dailymail
