- By CNI
- Category: အားကစား
- Hits: 672
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၀
အူစိန်ဘို့စ်ဟာ သူ့ရဲ့အကောင့်ကနေ ပေါင် ၁၀ သန်းကျော် ပျောက်ဆုံးသွားပြီးနောက် ဂျမေကာရှိ ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှုကုမ္ပဏီကို တရားစွဲမယ်လို့ ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။
အိုလံပစ်ရွှေတံဆိပ်ဆု ၈ ကြိမ် ရရှိခဲ့တဲ့ အူစိန်ဘို့စ်ရဲ့ ရှေ့နေဖြစ်သူတွေက အခုလ အစောပိုင်းမှာ လိမ်လည်မှု တစ်ခုအဖြစ် ဖော်ထုတ်ခဲ့ပြီး အားကစားသမားဟောင်းရဲ့ လက်ကျန် ငွေစာရင်းကို စစ်ဆေးခဲ့တာမှာ ပေါင် ၉,၇၀၀ သာ ကျန်ရှိတော့တာပါ။
အူစိန်ဘို့စ်ဟာ အားကစားသမား ဘဝကနေ အနားယူသွားပြီ ဖြစ်ပေမယ့် သူအနားမယူခင် အချိန်မှာ သူ့ရဲ့ ဝင်ငွေဟာ တစ်ရာသီကို ပေါင်သန်း ၂၀ လောက်အထိ ရရှိနိုင်တယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။
အခုအချိန်မှာတော့ ပျောက်ဆုံးနေတဲ့ အူစိန်ဘို့စ်ရဲ့ ငွေကြေးတွေကို ပြန်ပေးဖို့ အဲဒီကုမ္ပဏီကို ၁၀ ရက် နောက်ဆုံး သတ်မှတ်ပေးထားပါတယ်။
ပြေးခုန်ပစ် ချန်ပီယံ အူစိန်ဘို့စ်ကိုတွေ့ရစဉ်
အူစိန်ဘို့စ်ရဲ့ ရှေ့နေ လင်တန်ပီဂေါ်ဒွန်က “အဆိုပါ အကောင့်ဟာ အူစိန်ဘို့စ်ရဲ့ အနားယူမှုနဲ့ တစ်သက်တာ စုဆောင်းငွေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ဒါက ကျနော်တို့ရဲ့ အားကစားသမားအပေါ်မှာ ကြီးလေးတဲ့ လိမ်လည် လှည့်ဖြားမှုကို ကျူးလွန်တာပဲ”လို့ ပြောခဲ့တာပါ။
Stocks & Securities Limited ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံထားတဲ့သူ အများအပြားဟာ သူတို့ရဲ့ ငွေကြေးတွေ ပျောက်ဆုံးနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပြီး ဂျမေကာဘဏ္ဍာရေးဝန်ဆောင်မှု ကော်မရှင်ကလည်း အရေးယူဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အိုလံပစ် ရွှေတံဆိပ်ဆု ၈ ကြိမ် အပါအဝင် ကမ္ဘာ့ချန်ပီယံဆုကို ၁၁ ကြိမ် ရရှိခဲ့တဲ့ အူစိန်ဘို့စ်ဟာ ၂၀၁၇ မှာ ပြေးခုန်ပစ် အားကစားသမား ဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တာပါ။
ကမ္ဘာ့တာတို အပြေးချန်ပီယံ အဖြစ် စံချိန်တင်ထားနိုင်ခဲ့တဲ့ အူစိန်ဘို့စ်ဟာ ပြေးခုန်ပစ် အားကစားသမားဘဝက အနားယူပြီးနောက် ၂၀၁၈ က ပရော်ဖက်ရှင်နယ် ဘောလုံးလောကကို ကူးပြောင်းဖို့ စဉ်းစားခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီနောက်မှာ သူဟာ ဩစတြေးလျ အေလိဂ်ကလပ် စင်ထရယ်ကို့စ် မာရီနာ အသင်းအတွက် ခြေစမ်းပွဲ တစ်ပွဲ ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 974
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၀
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက စပါးအသင်းကို ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရတဲ့ ပရီမီးယားလိဂ် ပွဲအပြီးမှာ အသင်း ပရိသတ်တွေကို ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။
ဂွာဒီယိုလာက “ကျနော်တို့ရဲ့ ပရိသတ်တွေက ၄၅ မိနစ်လောက် တိတ်ဆိတ်နေကြပါတယ်။ ကျနော့် ပရိသတ်တွေ ကို ကျနော် ပြန်လိုချင်ပါတယ်။ ဒီမှာရှိနေတဲ့ ကျနော့်ရဲ့ ပရိသတ်တွေကို လိုချင်ပါတယ်။ အဝေးမှာရှိနေတဲ့ ပရိသတ်တွေ မဟုတ်ပါဘူး။ သူတို့က အကောင်းဆုံးတွေပါ။ ဒါပေမယ့် နေရာတိုင်းနဲ့ လှုပ်ရှားမှုတိုင်းကို အားပေးတဲ့ ကျနော်တို့ရဲ့ ပရိသတ်တွေက ဒီမှာပါ။ ရှုံးလို့ လှောင်ပြောင်ခဲ့ကြပေမယ့် ဒုတိယပိုင်းမှာ ကျနော်တို့ ကောင်းမွန်စွာ ကစားနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း ပိုပြီးရခဲ့ပါတယ်”လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
မန်စီးတီးအသင်းမှာ ဒီပွဲရဲ့ ပထမပိုင်းမှာ စပါးအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်နေခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ ၄ ဂိုး ပြန်လည်သွင်းယူကာ နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဒီပွဲ အနိုင်ရခဲ့တာကြောင့် အဆင့် ၁ နေရာမှာ ရှိနေတဲ့ အာဆင်နယ်အသင်းနဲ့ ၅ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တာပါ။ ဒီပွဲရဲ့ ပထမပိုင်းမှာ အသင်း အရေးနိမ့် နေခဲ့တာကြောင့် ပရိသတ်တွေဟာ လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းနဲ့ စပါးအသင်း ယှဉ်ပြိုင်နေစဉ်
မန်စီးတီးအသင်းဟာ ဒီပွဲမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲမှာ ဆောက်သမ်တန်ကို အရေးနိမ့်ခဲ့သလို ပရီးမီးယားလိဂ်မှာ ယူနိုက်တက်ကို အရေးနိမ့်ကာ ၂ ပွဲဆက် အရေးနိမ့် ထားတာကြောင့် ပရိသတ်တွေရဲ့လှောင်ပြောင်မှုနဲ့ ကြုံတွေ့ခဲ့ရတာပါ။
အဲ့ဒါကြောင့် မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ပရိသတ်တွေကို ပြန်ပြီးတုန့်ပြန်ခဲ့သလို အသင်းရဲ့ စွမ်းဆောင်ရည်ကိုလည်း မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။
ဂွာဒီယိုလာက “ကျနော်တို့ ကံကောင်းခဲ့ပြီး ဒါကို မပြောင်းလဲနိုင်ရင် အမှတ်တွေ လျော့သွားနိုင်ပါတယ်။ ပိုမို ကောင်းမွန်အောင် ပြင်ဆင်ရမှာဖြစ်ပြီး ဘယ်လောက် ပျော်ရွှင်နေလဲဆိုတာကို ငြင်းလို့မရပေမယ့် အသင်းရဲ့ ပုံစံနဲ့ကတော့ ဝေးကွာနေပါတယ်။ ကျနော်တို့ဟာ စိတ်အားထက်သန်မှုနဲ့ ပထမမိနစ်ကနေ အနိုင်ယူချင်တဲ့ ဆန္ဒတွေ ပျောက်ဆုံးနေပါတယ်”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 774
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၀
ရော်နယ်ဒိုဟာ ဆော်ဒီပွဲဦးထွက်အဖြစ် ပီအက်စ်ဂျီအသင်းနဲ့ ခြေစမ်းပွဲမှာ ဆော်ဒီအောလ်စတားအသင်းအတွက် ပါဝင်ခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။
ဒီ ခြေစမ်းပွဲမှာ ပီအက်စ်ဂျီအသင်းက ဆော်ဒီအောလ်စတားအသင်းကို ၅ ဂိုး- ၄ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ ရော်နယ်ဒို ဟာ ဒီပွဲမှာ သူ့ရဲ့ကာလကြာရှည်ပြိုင်ဘက်ကြီးဖြစ်တဲ့ မက်ဆီ၊ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ရာမို့စ်၊ နာဗတ်စ်တို့ အပြင် နေမာ၊ ဘတ်ပီတို့နဲ့လည်း ထိပ်တိုက်တွေ့ဆုံခဲ့ရတာဖြစ်ပါတယ်။ ဆော်ဒီအောလ်စတားအသင်းရဲ့ အသင်း ခေါင်းဆောင်အဖြစ် ပွဲထွက်ခဲ့တဲ့ ရော်နယ်ဒိုဟာ ပွဲချိန် ၆၁ မိနစ်အထိ ပါဝင်ကစားခဲ့ပြီး ၂ ဂိုးသွင်းယူခဲ့တာပါ။
အဲဒါကြောင့်လည်း ဒီပွဲရဲ့အကောင်းဆုံးကစားသမားဆုကို ရော်နယ်ဒိုက ရရှိသွားခဲ့တာဖြစ်ပါတယ်။ မက်ဆီနဲ့ ဘတ်ပီတို့ဟာ ဒီပွဲမှာ ပီအက်စ်ဂျီအတွက် ၁ ဂိုးစီသွင်းယူနိုင်ခဲ့ပြီး နေမာကတော့ ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပေ မယ့် ဂိုးမဝင်ခဲ့ပါဘူး။ပရိသတ်တွေကတော့ မက်ဆီ၊နေမာ၊ဘတ်ပီနဲ့ ရာမို့စ်တို့လို ကစားသမားတွေ ပါဝင်တာ တောင် ရော်နယ်ဒိုက အကောင်းဆုံးကစားသမားဆုကို ရယူနိုင်ခဲ့တဲ့အတွက် ချီးကျူးမှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုက “ကွင်းထဲကိုပြန်လာရတာနဲ့ ဂိုးတွေသွင်းနိုင်ခဲ့လို့ ပျော်ရွှင်ပါတယ်။ပြီးတော့ မိတ်ဆွေဟောင်း တွေနဲ့လည်း ပြန်တွေ့ခွင့်ရတဲ့အတွက် ဝမ်းသာတယ်” လို့ တွစ်တာမှာ ရေးသားထားတာပါ။
ဆော်ဒီကလပ် အယ်လ်နာဆာအသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် ယူနိုက်တက်မှာ ကစားချိန်က ရခဲ့တဲ့ ၂ ပွဲပယ် ပြစ်ဒဏ်ကြောင့် ပွဲထွက်ခွင့်မရသေးတဲ့ ရော်နယ်ဒိုအတွက်တော့ ပီအက်စ်ဂျီအသင်းနဲ့ ခြေစမ်းပွဲက သူ့ရဲ့ ပထမဆုံး ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ဒီပွဲဟာ ရော်နယ်ဒိုနဲ့ မက်ဆီအတွက် ဥရောပပြိုင်ပွဲပြင်ပမှာ ပထမဆုံးအကြိမ် ထိပ်တိုက် တွေ့ဆုံခဲ့ကြတာဖြစ်ပြီး နှစ်ဦးစလုံးဟာ ပွဲအတွင်း ပွေ့ဖက်နှုတ်ဆက်နေတာကို သူတို့ရဲ့ ဆိုရှယ်မီဒီယာမှာ တင်ထားခဲ့တာပါ။
ရော်နယ်ဒိုဟာ ဒီတစ်ပတ်မှာကစားမယ့် ဆော်ဒီလိဂ်ပွဲစဉ်မှာ အယ်လ်နာဆာအသင်းအတွက် စတင်ပွဲထွက်နိုင်ဖွယ် ရှိနေတာဖြစ်ပါတယ်။
Source:DailyMail

- By CNI
- Category: အားကစား
- Hits: 640
လေ့ကျင့်မှုတွေ ပြန်လုပ်နေပေမယ့် အာဆင်နယ်နဲ့ပွဲမှာ ဆန်ချို မပါဝင်နိုင်
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၉
ယူနိုက်တက်အသင်းဟာ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နေပြီဖြစ်တဲ့ ဆန်ချိုကို အသင်းထံ အလျင်စလိုနဲ့ ပြန်လာစေမှာ မဟုတ်တာကြောင့် အာဆင်နယ်အသင်းနဲ့ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
ဆန်ချိုဟာ အောက်တိုဘာလကတည်းက ယူနိုက်တက် အသင်းအတွက် မကစားရသေးဘဲ ဒီဇင်ဘာလမှာ ယူနိုက်တက်နည်းပြ အကြံပြုထားတဲ့ နည်းပြတွေနဲ့အတူ နယ်သာလန်မှာ ကိုယ်ပိုင် လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဆန်ချိုဟာ ဒီရာသီမှာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာတွေမှာ ရုန်းကန်နေရပြီး အခုနှစ်ထဲမှာ ယူနိုက်တက်ဆီ ပြန်ရောက်လာခဲ့ပေမယ့် နည်းပြက သူ့ကို ဂရုတစိုက် ကိုင်တွယ်နေတာပါ။
အင်္ဂလန် ကစားသမားဟာ ဒီတစ်ပတ်ထဲမှာ အသင်းကြီးရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ပြန်လည် ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဆန်ချိုဟာ ပဲလေ့စ်အသင်းနဲ့ ကစားခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ လူစာရင်းထဲမှာလည်း မပါဝင်ခဲ့ ပါဘူး။
ယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူဖို့ ပစ်မှတ်ထားနေတဲ့ အမှတ်ပေး ဇယား ထိပ်ဆုံးက အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဒေးလီးမေးလ်က ဆန်ချိုအနေနဲ့ အာဆင်နယ် အသင်းနဲ့ပွဲအတွက် လူစာရင်းမှာ ပါဝင်ခဲ့မယ်ဆိုရင် အံ့အားသင့်စရာ တွေ ဖြစ်လာလိမ့်မယ်လို့ ဖော်ပြထားတာပါ။
နည်းပြ အဲရစ်တန်ဟတ်နဲ့ ဆန်ချိုကိုတွေ့ရစဉ်
အသက် ၂၂ နှစ်အရွယ်ရှိ ဆန်ချိုဟာ လီဗာပူးလ်နဲ့ လက်စတာ အသင်းဘက်ကို ဂိုးသွင်းပြီး တောက်ပတဲ့ ရာသီ တစ်ခုကို စတင်နိုင်ခဲ့ပေမယ့် လွန်ခဲ့တဲ့ ၃ လက ချယ်လ်ဆီးအသင်းနဲ့ ၁ ဂိုးစီ သရေကျပြီး နောက်ပိုင်း အသင်း အတွက် မပါဝင်နိုင်တော့တာ ဖြစ်ပါတယ်။
ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က ဆန်ချို ပြန်လာတာကို အမြန်ဆုံး လိုချင်ပေမယ့် စိတ်ရှည်ဖို့တော့ လိုတယ်လို့ ပြောခဲ့တာပါ။
အဲရစ်တန်ဟတ်က “ဖြစ်နိုင်မယ်ဆိုရင် ဂျေဒန် အမြန်ဆုံး အသင်းအတွက် ပြန်လာတာကို လိုချင်ပါတယ်။ ကျနော့် မှာရှိတဲ့ အရာတွေအတိုင်း အားလုံးကို လုပ်ဆောင်မှာပါ။ ဒါပေမယ့် အတင်းအကြပ် လုပ်လို့မရတဲ့ လုပ်ငန်းစဉ် တချို့ရှိနေပြီး ဒါကလည်း ဒီထဲမှာ ပါဝင်နေတဲ့ အရာပါ။ ဒါကြောင့် စိတ်ရှည်ဖို့ လိုပါတယ်။ သူက မှန်ကန်တဲ့ လမ်း ကြောင်းပေါ်မှာ ရှိနေပေမယ့် ဒီအချိန်မှာ မလုံလောက်ပါဘူး။ သူအမြန်ဆုံး ပြန်လာဖို့ မျှော်လင့်ပေမယ့် ဘယ် လောက် ကြာမယ်ဆိုတာ မပြောနိုင်ပါဘူး”လို့ အခုလ အစောပိုင်းက ပြောထားတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်က ဒေါ့မွန်ကနေ ရောက်ရှိလာတဲ့ ဆန်ချိုဟာ ယူနိုက်တက်အသင်းအတွက် ၅၂ ပွဲ ပါဝင်ကစားထားပြီး ၈ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 805
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၉
စပိန်တင်းနစ် ကစားသမား ရာဖေးလ်နာဒယ်လ်ဟာ ဩစတြေးလျ အိုးပန်းပြိုင်ပွဲကနေ ထွက်ခွာချိန်မှာ ရခဲ့တဲ့ တင်ပါးဒဏ်ရာကြောင့် ၆ ပတ်ကနေ ၈ ပတ်အထိ အနားယူရဖွယ် ရှိနေတယ်လို့ ပြောလိုက်ပါတယ်။
ရာဖေးလ်နာဒယ်လ်က “အခုအချိန်မှာ အနားယူရမှာဖြစ်ပြီး ရောင်ရမ်းနေမှုကို သက်သာစေဖို့အတွက် ရုပ်ပိုင်း ဆိုင်ရာ ကုထုံးခံယူရဖို့ အချိန်ရောက်ပါပြီ။ ပုံမှန်အတိုင်း ပြန်လည် ကောင်းမွန်ဖို့အတွက် ၆ ပတ်ကနေ ၈ ပတ် ကြာ နိုင်ပါတယ်”လို့ ကြာသပတေးနေ့က တွစ်တာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။
ဂရမ်းဆလမ်း ချန်ပီယံဆုကို ၂၂ ကြိမ် ရရှိထားတဲ့ ရာဖေးလ်နာဒယ်လ်ဟာ ဩစတြေးလျ အိုးပန်းပြိုင်ပွဲရဲ့ ဒုတိယ အဆင့်မှာ အမေရိကန် တင်းနစ်ကစားသမား မက်ဒိုနယ်လ်ကို ၆-၄၊ ၆-၄၊ ၇-၅ နဲ့ အရေးနိမ့်ခဲ့တာပါ။
ဒီပွဲမှာ ရာဖေးလ်နာဒယ်လ်ဟာ ဒဏ်ရာတွေကြောင့် ရုန်းကန်ခဲ့ရပြီး ပုံမှန်လက်စွမ်း မပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရာဖေးလ်နာဒယ်လ်ကိုတွေ့ရစဉ်
ရာဖေးလ်နာဒယ်လ်ဟာ သူ့ရဲ့ ဘယ်ဘက်တင်ပါးကို မဲလ်ဘုန်းမှာ MRI စကန်ရိုက်ခဲ့ပြီးနောက် စပိန်နိုင်ငံကို ပြန် အရောက်မှာ ရုပ်ပိုင်းဆိုင်ရာ ကုထုံးကို စတင်ကုသဖို့ စီစဉ်ထားတာပါ။
ဩစတြေးလျအိုးပန်းပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ ရာဖေးလ်နာဒယ်လ် အနေနဲ့ ဒဏ်ရာကနေ ပြန်လည် သက်သာပြီး ကြံ့ခိုင်မှုပြည့်ဝမယ်ဆိုရင် ၂၀၂၃ ရာသီရဲ့ ပထမဆုံး မာစတာပြိုင်ပွဲအဖြစ် မတ်လမှာ ကျင်းပမယ့် အင်ဒီးယန်းဝဲလ် ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နိုင်တယ်လို့ သတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
မြေစေးကွင်း ဘုရင်အဖြစ် တင်စားခြင်း ခံထားရတဲ့ ရာဖေးလ်နာဒယ်လ်ဟာ ဒီပြိုင်ပွဲတွေမှာ မပါဝင်နိုင်ခဲ့ရင် ပြင်သစ်အိုးပန်းပြိုင်ပွဲမှာတော့ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာပါ။
ရာဖေးလ်နာဒယ်လ်ဟာ ပြင်သစ်အိုးပန်းပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်သလို ၁၄ ကြိမ်အထိ ဗိုလ်စွဲထားကာ စံချိန် တင် ၁၅ ကြိမ်မြောက် ရယူဖို့ ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 685
CNI International News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၉
မက်ဆီဟာ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလား ရယူနိုင်အောင် ဦးဆောင်နိုင်ခဲ့ပြီးနောက် ဂုဏ်ပြုမှု အမျိုးမျိုး ခံခဲ့ရတာမှာ နောက်ဆုံးတစ်ခု အနေနဲ့ သူ့ရဲ့မျက်နှာနဲ့ ပုံဖော်ထားတဲ့ ပြောင်းဖူးခင်းကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
လယ်သမားတစ်ဦးဟာ ကော်ဒိုဘာပြည်နယ် အလယ်ပိုင်းရှိ လယ်ကွင်းမှာ အယ်လ်ဂိုရီသမ်ကို အသုံးပြုပြီး မျိုးစေ့ ချခဲ့ပြီး မက်ဆီရဲ့မျက်နှာကို ပုံဖော် စိုက်ပျိုးခဲ့ပါတယ်။ ဒီလို စိုက်ပျိုးထားရာကနေ ပြောင်းဖူးခင်းတွေ ကြီးထွား လာချိန်မှာ မက်ဆီရဲ့ကြီးမားတဲ့ ပုံရိပ်ကို မြင်တွေ့ခဲ့ရတာပါ။
ဒါကို လုပ်ဆောင်သူ စပီနာဇီက “ကျနော့်အတွက်တော့ မက်ဆီက အနိုင်ယူဖို့ ခက်ခဲတဲ့သူပါ။ အခုသူတို့က ကမ္ဘာ့ချန်ပီယံတွေ ဖြစ်သွားပါပြီ။ ဒါကို ဒီလိုစိုက်ပျိုးပြီး ဖော်ထုတ်နိုင်ခဲ့တဲ့အတွက် ကျနော်ဝမ်းသာပါတယ်”လို့ ပြောပါတယ်။
ဘောလုံးကို ရူးသွပ်တဲ့ တောင်အမေရိကနိုင်ငံရဲ့ အဓိက လုပ်ငန်းဟာ စိုက်ပျိုးရေး လုပ်ငန်းဖြစ်ပါတယ်။ ဒါကြောင့် လည်း ကမ္ဘာ့တတိယ အကြီးမားဆုံး ပြောင်းတင်ပို့သူတွေ ဖြစ်နေတာပါ။
မက်ဆီကိုတွေ့ရစဉ်
လယ်ယာလုပ်ငန်းဟာ သူတို့ရဲ့ ပို့ကုန်မောင်းနှင်မှုဖြစ်ပြီး သူတို့ရဲ့ လုပ်ဆောင်နိုင်တဲ့ အရာနဲ့ ဘောလုံးကို ပံ့ပိုး ပေးခဲ့တာပါ။ လယ်ယာအင်ဂျင်နီယာ တစ်ဦးဖြစ်တဲ့ ကားလို့စ်ဟာ မျိုးစေ့တွေကို ကြဲတဲ့စက်တွေအတွက် ကုဒ် နံပတ်တွေကို ရေးဆွဲခဲ့ပြီး နောက်ဆုံးပုံသဏ္ဍာန်ကို ဖော်ဆောင်နိုင်ဖို့ ဖန်တီးကာ တိကျတဲ့ပုံစံတွေနဲ့ စိုက်ပျိုးနိုင် ခဲ့တာ ဖြစ်ပါတယ်။
ကားလို့စ်က “ကျနော်ကတော့ မက်ဆီရဲ့ မျက်နှာကို ဂုဏ်ပြုဖို့အတွက် မျိုးစေ့ထည့်တဲ့ ကုဒ်တစ်ခုကို ဖန်တီးဖို့ စိတ်ကူးရှိခဲ့ပါတယ်။ ဒါကို စိုက်ချင်တဲ့ လယ်သမားတွေအတွက် ကုဒ်ကို ထုတ်ပေးခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
မက်ဆီရဲ့ မျက်နှာ အစိတ်အပိုင်း အသီးသီးအတွက် ခြားနားမှုကို ဖန်တီးနိုင်ဖို့ တစ်စတုရန်းမီတာမှာ မျိုးစေ့တွေ ဘယ်လောက် ထည့်ရမလဲဆိုတာ စက်ယန္တရားတွေက သိတယ်လို့လည်း သူက ပြောခဲ့တာ ဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရပြီး ချန်ပီယံဆုကို ၃ ကြိမ်မြောက်အဖြစ် ရယူနိုင်ခဲ့တာပါ။
မက်ဆီကလည်း ဒီပြိုင်ပွဲမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

- By CNI
- Category: အားကစား
- Hits: 529
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၉
ယူနိုက်တက်၏ အဓိကကွင်းလယ်လူ ကတ်စမဲရိုးဟာ အာဆင်နယ်နဲ့ ပွဲမှာ ပွဲပယ်ခံရမှာဖြစ်ပေမယ့် သူမပါတဲ့ ပထမအကျော့မှာတောင် အာဆင်နယ်ကို အနိုင်ရခဲ့တယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “နောက်ဆုံးတွေ့ဆုံတုန်းက ကတ်စမဲရိုးမပါဝင်ဘဲ ကျနော်တို့ သူ့တို့ကို အနိုင်ရခဲ့ပါတယ်။ အခုလည်းဒီလိုပဲ ကျနော်တို့ထပ်ပြီးလုပ်ဆောင်ရမှာပါ။သူက ကျနော်တို့အတွက် တကယ်ကို အရေးကြီးတဲ့ ကစားသမားပါ။ဒါက ကျနော်တို့ အခုအနေအထားမှာရှိနေတဲ့ အကြောင်းရင်းပါပဲ။ကျနော်တို့ အနိုင်ရပြီး ပွဲကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ကံမကောင်းခဲ့တဲ့ အချိန်တွေရှိခဲ့ပါတယ်။ကျနော်တို့ဟာ ရှေ့ဆက်သွားပြီး အာဆင်နယ်နဲ့ ပွဲအတွက် အစီအစဉ်ကို လုပ်ရပါမယ်” လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် မိနစ် ၉၀ ပြည့်ပြီး နာကျင် အချိန်ပိုမှာ အိုလီဆီက ပဲလေ့စ့်အတွက် ချေပဂိုးသွင်းယူခဲ့လို့ ၁ ဂိုးစီသရေရလဒ်နဲ့ ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။ ကတ်စမဲရိုးဟာ ပွဲချိန်မိနစ် ၈၀ မှာ အဝါကတ်ပြသခံခဲ့ရတာဖြစ်ပြီး ပရီးမီးယားလိဂ်စည်းမျဉ်းအရ အဝါကတ် ပြသခံရတာ ၅ ကြိမ်ပြည့်တဲ့ ကစားသမားဟာ ၁ ပွဲပယ်ခံရမှာပါ။အဲဒါကြောင့် ကတ်စမဲရိုးဟာ ဒုတိယအကျော့ အာဆင်နယ်နဲ့ပွဲကို ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
ဒီဂီယာကတော့ “ကတ်စမဲရိုးကို ဆုံးရှုံးရတာဟာ အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်”လို့ ပြောခဲ့ပါတယ်။ အာဆင်နယ်နဲ့ပွဲမှာ ကတ်စမဲရိုးကို ဆုံးရှုံးရမှာက ကျနော်တို့အတွက် ကြီးမားတဲ့ထိုးနှက်ချက်ပါပဲ။အခု ပွဲကြီး ပွဲကောင်းမှာ ကျနော်တို့ရဲ့ အဓိကကစားသမားကို ဆုံးရှုံးရတော့မယ်၊ဒါက ကြီးမားတဲ့ ဆုံးရှုံးမှုပါ”လို့ ဒီဂီယာက ပြောခဲ့တာဖြစ်ပါတယ်။
အသက် ၃၀ အရွယ်ရှိ ကတ်စမဲရိုးဟာ ရီးရယ်လ်အသင်းကနေ ပေါင်သန်း ၇၀ နဲ့ ရောက်ရှိလာပြီးကတည်းက ယူနိုက်တက်အသင်း ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့တာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာပါ။ ယူနိုက်တက် အသင်းဟာ နောက်ဆုံးကစားထားတဲ့ ပြိုင်ပွဲစုံ ၂၀ မှာ ၁ ပွဲသာ ရှုံးနိမ့်ထားပြီး ပဲလေ့စ်အသင်းကို သရေကျခဲ့တာ ကြောင့် ထိပ်ဆုံးက အာဆင်နယ်နဲ့ ၈ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ်အသင်းကို အနိုင်ယူထားတဲ့ တစ်သင်းတည်း သောအသင်းဖြစ်ပြီး ပထမအကျော့အဖြစ် ကစားခဲ့တုန်းက ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
Source:BBC

- By CNI
- Category: အားကစား
- Hits: 794
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၈
ရုရှားလက်ရွေးစင်အသင်း နည်းပြဟောင်း ဆလပ်စကီးက ချယ်လ်ဆီးအသင်းဟာ ယူကရိန်းကြယ်ပွင့် မူဒရစ်ကို ခေါ်ယူခဲ့တာမှာ ပြောင်းရွှေ့ကြေး ပိုပြီးပေးခဲ့ရတယ်လို့ ပြောပါတယ်။
ဒီလို ငွေကြေး ပိုပေးရခြင်းက အန္တရာယ်များတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဆလပ်စကီးက “ချန်ပီယံလိဂ်မှာ ပွဲအများအပြား ကစားဖူးတဲ့ ကစားသမားတစ်ဦးအတွက် ယူရိုသန်း ၁၀၀ က ဘယ်လိုဖြစ်သွားတာလဲ။ ဒီအပြောင်းအရွှေ့ကို ကျနော် နားမလည်နိုင်ပါဘူး။ ချယ်လ်ဆီးက အနာဂတ်အတွက် အသင်း မဟုတ်ပါဘူး။ သူတို့ဟာ လက်ရှိမှာ ရှိနေတဲ့အသင်း ဖြစ်ပါတယ်။ အနာဂတ်အတွက် ကစားသမားတစ်ဦး ကို သန်း ၁၀၀ လောက် မကုန်ကျသင့်ပါဘူး။ ဒါက မရိုးရှင်းနိုင်ပါဘူး”လို့ YouTube Chanel တစ်ခုကို ပြောပါ တယ်။
ချယ်လ်ဆီးအသင်းဟာ မူဒရစ်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၇၀ နဲ့ သဘောတူညီမှု ရယူနိုင်ခဲ့ပေမယ့် ကစားသမားရဲ့ စွမ်းဆောင်ရည်၊ အပိုဆုကြေးတွေ အပေါ် အခြေခံပြီး ပြောင်းရွှေ့ကြေးဟာ ယူရိုသန်း ၁၀၀ အထိ မြင့် တက်သွားနိုင်ပါတယ်။
ရုရှားအသင်းနည်းပြ ဆလပ်စကီးကိုတွေ့ရစဉ်
ချယ်လ်ဆီးအသင်းဟာ မူဒရစ်ကို အာဆင်နယ်အသင်းနဲ့ အပြိုင် ခေါ်ယူခဲ့တာဖြစ်ပြီး ၈ နှစ်ခွဲ စာချုပ်ချုပ်ဆိုခဲ့တာပါ။
မူဒရစ်ဟာ ကလပ်အသင်းအတွက် ၆၅ ပွဲသာ ကစားထားတာဖြစ်ပြီး ဒီလို ကစားသမားမျိုးကို ပြောင်းရွှေ့ကြေး ကြီးကြီးမားမား ပေးပြီး ခေါ်ယူတာက ချယ်လ်ဆီးအတွက် အန္တရာယ်ရှိတယ်လို့လည်း ရုရှားနည်းပြဟောင်းက ပြောခဲ့တာ ဖြစ်ပါတယ်။
ဆလပ်စကီးက “မူဒရစ်မှာ အံ့သြစရာကောင်းတဲ့ မြန်နှုန်းရှိပြီး ဒါက ပြောနေစရာတောင် မလိုပါဘူး။ သူက ကျနော့် အတွက်ရော၊ အခုအချိန်မှာရော အလွန်ကောင်းတဲ့ ကစားသမားပါ။ အာဆင်နယ်က သူ့ကို စိတ်ဝင်စားတာကြောင့် ချယ်လ်ဆီးက သူ့ကိုသန်း ၁၀၀ ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒါက အန္တရာယ်များပါတယ်”လို့ ပြောခဲ့တာပါ။
ပဲလေ့စ်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ချယ်လ်ဆီး ကစားသမားသစ်အဖြစ် တရားဝင် မိတ်ဆက်ခဲ့တဲ့ မူဒရစ်ဟာ ဒီတစ်ပတ်ကစားမယ့် လီဗာပူးလ်နဲ့ပွဲစဉ်မှာ ချယ်လ်ဆီးအတွက် ပွဲဦးထွက်အဖြစ် ပါဝင်လာနိုင်တာ ဖြစ်ပါတယ်။
Source: အာတီ

- By CNI
- Category: အားကစား
- Hits: 828
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၈
သြစတြေးလျအိုပန်းပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ရာဖေးလ်နာဒယ်လ်ဟာ ပြိုင်ပွဲရဲ့ ဒုတိယအဆင့်မှာ အမေရိကန် တင်းနစ်ကစားသမား မက်ဒိုနယ်လ်ကို အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရပြီ ဖြစ်ပါတယ်။
အသက် ၃၆ နှစ်အရွယ်ရှိ စပိန်တင်းနစ်သမားဟာ ဒီပွဲမှာ ဒဏ်ရာတွေကြောင့် ကောင်းမွန်စွာ ကစားဖို့ ရုန်းကန် ခဲ့ရပြီး ဒုတိယပွဲအပြီးမှာ ဆေးကုသမှုအချိန် ကုန်သွားခဲ့တာကြောင့် ပွဲကိုဆက်ပြီး ကစားခဲ့ရတာပါ။
အဲ့ဒါကြောင့် ရာဖေးနာဒယ်လ်ဟာ ၆-၄၊ ၆-၃၊ ၇-၅ နဲ့အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ ရာဖေးလ်နာဒယ်လ် အတွက်တော့ ၂၀၁၆ နောက်ပိုင်း သြစတြေးလျအိုးပန်းကနေ အစောဆုံး ထွက်ခွာခဲ့ရတာပါ။
မက်ဒိုနယ်လ်က ရာဖေးလ်နာဒယ်လ်ဟာ ဒဏ်ရာ ရရှိနေပေမယ့် ပြိုင်ပွဲဝင်ဖို့ ဆန္ဒအပြည့်အဝ ရှိနေတာကြောင့် အလွန်လေးစားပြီး ချီးကျူးတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
“သူဟာ မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့ ချန်ပီယံတစ်ဦးပါ။ သူဟာ ဘယ်လို အခြေအနေ မျိုးမှာပဲဖြစ်ဖြစ် အရှုံးမပေးပါဘူး။ ဒါကြောင့် ဒီလို ထိပ်တန်းအဆင့် ရှိတဲ့သူနဲ့ ရင်ဆိုင်ရတာဟာ ခက်ခဲပါတယ်။ ကျနော်ဟာ ကိုယ့်ကိုယ်ကိုပဲ အာရုံစိုက်ပြီး ကျော်ဖြတ်နိုင်ခဲ့ပါတယ်”လို့ မက်ဒိုနယ်လ်က ပြောခဲ့တာပါ။
ရာဖေးလ်နာဒယ်လ်နဲ့ ပြိုင်ဘက်ကစားသမား နှုတ်ဆက်နေကြစဉ်
မက်ဒိုနယ်လ်ဟာ တတိယအဆင့်မှာ နီရှီအိုကာနဲ့ ဆဗာစီနာတို့ ပွဲစဉ်က အနိုင်ရတဲ့သူနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိ အမေရိကန် တင်းနစ်သမားဟာ သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ အမြင့်ဆုံးအဖြစ် စတုတ္တ အဆင့်ထိသာ တက်နိုင်ခဲ့တာပါ။ မက်ဒိုနယ်လ်အတွက်တော့ ဂရမ်းစလမ်းပြိုင်ပွဲတွေမှာ အအောင်မြင်ဆုံးက စတုတ္တအဆင့်ထိသာ တက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
၂၀၂၃ သြစတြေးလျ အိုးပန်းပြိုင်ပွဲကို ဇန်နဝါရီ ၁၆ ရက်ကနေ ၂၉ ရက်အထိ ကျင်းပနေပြီး အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲမှာ နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ဂျိုကိုဗစ်၊ ကတ်စပါရုဒ်၊ ဆစ်စီပတ်စ်၊ ရူဘလက်ဗ်နဲ့ မက်ဗီဒက်ဗ်တို့ ပါဝင်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 784
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၈
မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနားအသင်းဟာ ဖီဖာခြေစမ်းပွဲကစားဖို့ ဇွန်လအတွင်းမှာ ဘင်္ဂလားဒေ့ရှ်ကို လာရောက်ဖို့ ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ကာဇီဆာလာဟူဒင်က ပြောပါတယ်။
ကာဇီဆာလာဟူဒင်က “ဘင်္ဂလားဒေ့ရှ်ကို လာရောက်မယ့် အာဂျင်တီးနားအသင်းရဲ့ ခရီးစဉ်ဟာ အပြီးသတ်လု နီးပါး ဖြစ်နေပါပြီ။ ဖီဖာရဲ့ နိုင်ငံတကာပွဲစဉ်တွေ ကစားဖို့ သတ်မှတ်ထားတဲ့ ဇွန်လထဲမှာ လာမယ်လို့ သူတို့က ကျနော်တို့ကို အကြောင်းကြားထားပါတယ်။ အခုဆွေးနွေးထားတဲ့ အရာတွေအားလုံး အဆင်ပြေရင်တော့ သူတို့ လာမယ်ဆိုတာ ပြောလို့ရတယ်”လို့ ပြောခဲ့တာပါ။
ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ပရိသတ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ တစ်လျှောက် ချန်ပီယံဖြစ်ခဲ့တဲ့ အာဂျင်တီးနားအသင်းကို အမာခံ အားပေးခဲ့ကြတာဖြစ်ပြီး ကမ္ဘာပေါ်မှာရှိတဲ့ မီဒီယာတွေမှာ သူတို့ရဲ့ အောင်ပွဲခံ ပုံတွေဟာ ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်က အာဂျင်တီးနားအသင်း ပရိသတ်များကိုတွေ့ရစဉ်
အဲ့ဒါကြောင့် ဘင်္ဂလားဒေ့ရှ် ဘောလုံးအဖွဲ့ချုပ်ဟာ အာဂျင်တီးနား လက်ရွေးစင်အသင်းကို နိုင်ငံအတွင်း ခေါ်ဆောင်ဖို့ ဆွေးနွေးမှုတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်လာခဲ့တာပါ။
ဒီပွဲကို လက်ခံကျင်းပဖို့အတွက် ဘန်ဂါဘန်ဒူ အမျိုးသားအားကစားကွင်းကို ပြုပြင်မွမ်းမံမှုတွေ ပြုလုပ်နေတယ်လို့ သတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
လက်ကျန် လုပ်ဆောင်နေမှုတွေကို ဇွန်လမှာ အပြီးသတ်ဖို့ အမျိုးသား အားကစားကောင်စီက သဘောတူခဲ့တယ် လို့ ဆာလာဟူဒင်က ပြောခဲ့တာပါ။ အာဂျင်တီးနား ဘက်ကတော့ ၂၀၂၃ အတွင်း သူတို့ကစားမယ့် ပွဲစဉ်တွေနဲ့ ပတ်သက်ပြီး မကြာခင်မှာ ထုတ်ပြန်လာဖို့ ရှိနေတာ ဖြစ်ပါတယ်။
အာဂျင်တီးနားအသင်း ဘင်္ဂလားဒေ့ရှ်ကို နောက်ဆုံး လာရောက်ခဲ့တာက ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၆ ရက်က ဖြစ်ပြီး နိုင်ဂျီရီးယားအသင်းနဲ့ ခြေစမ်းပွဲ ကစားခဲ့တာ ဖြစ်ပါတယ်။
Source: dhakatribune