CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၉

ဝီဂန်အသင်းကို အနိုင်ရပြီး FA ဖလားပြိုင်ပွဲမှာ ယူနိုက်တက်အသင်း စတုတ္တအဆင့် တက်နိုင်ခဲ့ပြီးနောက် နည်းပြ အဲရစ်တန်ဟတ်က ဒီပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူချင်တယ်လို့ ပြောလိုက်ပါတယ်။

အဲရစ်တန်ဟတ်က “ကျနော်တို့ဟာ ဒီပွဲမှာ အခုထက်ပိုပြီး ဂိုးတွေသွင်းယူခဲ့သင့်ပေမယ့် ကောင်းတဲ့အချက်ကတော့ အခွင့်အရေးတွေ အများအပြား ဖန်တီးနိုင်ခဲ့တာပါ။ ကျနော်တို့ဟာ ဒီပွဲကိုအနိုင်ရဖို့ ယုံကြည်မှုရှိခဲ့ပြီး ပြိုင်ဘက်ကို လျှော့တွက်ခဲ့ခြင်း မရှိပါဘူး။ FA ဖလားဟာ ကြီးမားတဲ့ပြိုင်ပွဲဖြစ်ပြီး လူတိုင်းက ဒီဖလားကို ရယူချင်ပါတယ်။ နည်းပြတိုင်းကလည်း ဒီဆုဖလားကို ရယူဖို့ စိတ်အားထက်သန်နေကြပြီး ကျနော်တို့လည်း ဒီဆုဖလားကို အလေး အနက်ထားတယ်”လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ FA ဖလား တတိယအဆင့်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ပွဲမှာ ဝီဂန်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက် အသင်းအတွက် ဂိုးတွေကို ဒါလော့နဲ့ ဘရူနိုဖာနန်ဒက်စ်တို့က သွင်းယူခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၆၇ ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှု ၃၃ ကြိမ်နဲ့ ဂိုးပေါက် တည့်မှု ၁၄ ကြိမ်အထိ ရှိခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းမှုတွေကြောင့် သွင်းဂိုးအများအပြား မရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

နည်းပြ အဲရစ်တန်ဟတ်ကို တွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ FA ဖလားချန်ပီယံဆုကို ၂၀၁၅-၁၆ ရာသီက နောက်ဆုံးအကြိမ် ရယူနိုင်ခဲ့တာဖြစ်ပြီး မနှစ်ကရာသီမှာတော့ ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့ကာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့တာပါ။ 

အဲ့ဒါကြောင့် နည်းပြ အဲရစ်တန်ဟတ်က ဒီရာသီ ယူနိုက်တက်အသင်းရဲ့ ဆုဖလားရယူနိုင်ဖို့ တစ်ခုတည်းသော မျှော်လင့်စရာဖြစ်တဲ့ FA ဖလားချန်ပီယံဆုကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

FA ဖလား တတိယအဆင့် ပွဲစဉ်အပြီး စတုတ္တအဆင့်အတွက် မဲခွဲမှုပြုလုပ်ခဲ့တာမှာ ယူနိုက်တက်အသင်းဟာ နယူးပေါ့တ်ကောင်တီနဲ့ အိတ်စ်လိတ်အသင်းတို့ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပရီးမီးယား လိဂ်ပြိုင်ပွဲမှာ ရလဒ်ဆိုးနေတာတွေကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

Source: Daily Mail