- By CNI
- Category: အားကစား
- Hits: 1344
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃
ဘာမင်ဂမ်အသင်းကို ကိုင်တွယ်နေတဲ့ ဝိန်းရွန်နီက အသင်းဟောင်း ယူနိုက်တက်အသင်းက ကစားသမားတွေကို ဝေဖန်လိုက်ပြီး နည်းပြအပေါ် တိုးလာတဲ့ဖိအားတွေအတွက် တာဝန်အများကြီး ယူသင့်တယ်လို့ ပြောလိုက်ပါ တယ်။
ဝိန်းရွန်နီက “ကစားသမားတွေကလည်း အသင်းရလဒ်ဆိုးတွေကို တာဝန်အများကြီး ယူရမယ်လို့ ကျနော်ထင်ပါ တယ်။ အဲ့ဒီမှာရှိတဲ့ ကစားသမားတွေကို ကျနော်သိပြီး သူတို့တွေဟာ သူတို့လုပ်နိုင်တဲ့ အဆင့်အထိ ရောက်အောင် တောင် မစွမ်းဆောင်နိုင်ပါဘူး။ နောက်ဆုံးမှာတော့ နည်းပြနဲ့ စတင်ပြီး နည်းပြနဲ့ပဲ အဆုံးသတ်ရတာပါ။ ဒါက နည်းပြဖြစ်ခြင်းရဲ့ အစိတ်အပိုင်းပါပဲ။ ကစားသမားတွေဟာ နည်းပြအတွက် လက်ရှိလုပ်နေတာထက် အများကြီး ပိုလုပ်ပေးနိုင်မယ်လို့ထင်ကြောင်း”ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ကာရာဘောင်းဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် နည်းပြ အဲရစ်တန်ဟတ်ရဲ့ ရာထူးဟာ ပိုပြီးလှုပ်ခတ်လာခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ အဲရစ်တန်ဟတ်နေရာမှာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေပြီလို့ သတင်းတွေ ထွက်ပေါ် လာခဲ့ပေမယ့် ကလပ်ဘက်ကတော့ ဒီသတင်းတွေကို ပြန်ပြီးငြင်းဆန်ခဲ့ပါတယ်။

ယူနိုက်တက်ကစားသမားတွေကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ ဒီရာသီ ပြိုင်ပွဲစုံ ၁၅ ပွဲ ကစားအပြီးမှာ ၈ ပွဲအထိ ရှုံးနိမ့်ထားခဲ့တာကြောင့် ၁၉၆၂-၆၃ ရာသီနောက်ပိုင်း အဆိုးရွားဆုံးရာသီ စတင်မှုနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
ယူနိုက်တက်ဂန္ထဝင် ဝိန်းရွန်နီကတော့ ဖိအားတွေအောက် ကျရောက်နေတဲ့ နည်းပြ အဲရစ်တန်ဟတ်ကို ကာကွယ် ခဲ့ပြီး ကစားသမားတွေကလည်း ပြဿနာအဖြစ် ရှိနေတယ်လို့ ထောက်ပြခဲ့ပါတယ်။
ဝိန်းရွန်နီက “ဒါက အလုပ်ရဲ့ အစိတ်အပိုင်းတွေပါ။ ကျနော်လည်း ဘာမင်ဂမ်အသင်းကို ကိုင်တွယ်ချိန်မှာ ဖိအားတွေ အများကြီး ရှိတယ်ဆိုတာကို သိတာကြောင့် အဲရစ်တန်ဟတ်လည်း ယူနိုက်တက်အသင်းမှာ ဒါကို သိမယ်ဆိုတာ သေချာပါတယ်။ ဒီအရာတွေက သူတို့လိုချင်သလို ဒါမှမဟုတ် သူတို့မျှော်လင့်ထားသလို ဖြစ်မလာ ပါဘူး”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ နိုဝင်ဘာ ၄ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမှာ ရလဒ်ကောင်းတွေ ပြန်လည်ရယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 945
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂
မန်စီးတီးအသင်း ကွင်းလယ်လူ ဒီဘရိုင်းက အခုရရှိထားတဲ့ ဒဏ်ရာဟာ သူ့ရဲ့ကစားသမားဘဝမှာ အပြင်းထန်ဆုံး ဖြစ်ပြီး များပြားလှတဲ့ ဘောလုံးပွဲစဉ် အချိန်ဇယားတွေကြောင့် ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
ဒီဘရိုင်းက “ဒီလို ပြင်းထန်တဲ့ ဒဏ်ရာမျိုး တစ်ခါမှ မကြုံတွေ့ဖူးပါဘူး။ ဘန်လေနဲ့ ပွဲအပြီး စကန်ဖတ် စစ်ဆေးမှု တွေအရ အားလုံးက ကျနော့်ကို ခွဲစိတ်ဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ ကျနော် အခု အလွန်ကောင်းမွန်နေပြီး အရာအားလုံးက လမ်းကြောင်းမှန်ပေါ် ရောက်နေပါပြီ။ ဒါပေမယ့် ဘယ်အချိန်မှာ ဘောလုံးပြန်ကစားနိုင်မလဲ ဆိုတာတော့ သူတို့ဘက်က အတိအကျ မပြောသေးပါဘူး။ ဒါက ပွဲစဉ်တွေ ဆက်တိုက် ကစားတာကြောင့် ရရှိခဲ့တဲ့ ဒဏ်ရာပါလို့ HBVL ကို ပြောခဲ့ပါတယ်။
ဒီဘရိုင်းဟာ ဒီရာသီမှာ မန်စီးတီး အသင်းအတွက် ၂ ပွဲသာ ပါဝင်ကစားထားပြီး သြဂုတ်လလယ်ကတည်းက တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရတာ ဖြစ်ပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိ ဒီဘရိုင်းဟာ မန်စီးတီးအသင်းက အင်တာမီလန်အသင်းကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာလည်း ဒဏ်ရာကြောင့် ပွဲကစားချိန် အစောပိုင်းမှာတင် လူစားလဲ ခံခဲ့ရတာပါ။

ဒီဘရိုင်းကို တွေ့ရစဉ်
ဒီဘရိုင်းကတော့ သူ့ရဲ့ဒဏ်ရာဟာ ရာသီတိုင်းမှာ ပွဲအများအပြား ကစားရတာကြောင့်လို့ ယုံကြည်နေပါတယ်။
မန်စီးတီးအသင်းဟာ ဒီရာသီမှာ ဒီဘရိုင်း မပါဝင်ဘဲ ရလဒ်ကောင်းတွေ ရရှိအောင် ကစားနေပြီး ဘယ်လ်ဂျီယံ ကစားသမားနဲ့ မန်ချက်စတာကလပ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်မှ ကုန်ဆုံးမှာပါ။
လက်ရှိအချိန်မှာ ဒီဘရိုင်းကို ခေါ်ယူဖို့ ရော်နယ်ဒို ကစားနေတဲ့ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းက ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
မန်စီးတီးအသင်းကတော့ အခုနောက်ပိုင်းမှာ ဒဏ်ရာတွေ ဆက်တိုက်ရနေတဲ့ ဒီဘရိုင်းကို စာချုပ်သစ် မချုပ်ဘဲ ထွက်ခွာခွင့်ပေးဖွယ် ရှိနေတာပါ။
၂၀၁၅ ခုနှစ်က ဝုလ်ဖ်ဘတ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဒီဘရိုင်းဟာ မန်စီးတီး အသင်းအတွက် ၃၅၈ ပွဲ ပါဝင် ကစားထားပြီး ၉၆ ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ ကာရာဘောင်းဖလား ၅ ကြိမ်၊ FA ဖလား ၂ ကြိမ် နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရယူထားတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 754
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဝက်စ်ဟမ်းအသင်းကို အရေးနိမ့်ပြီး ကာရာဘောင်းဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် သူ့ကိုယ်သူ စိတ်ပျက်မိပြီး ဒီအတွက် သူ့ကိုအပြစ်တင်ရမှာလို့ ပြောလိုက်ပါတယ်။
အာတီတာက “ ကျနော် အရမ်းစိတ်ပျက်မိပါတယ်။ ဒီအတွက် ကျနော် တာဝန်ယူပါတယ်။ ကျနော်တို့ဟာ ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါပြီ။ ကျနော်တို့ဟာ မတူညီတဲ့ပုံစံနဲ့ ကစားချင်ခဲ့ပေမယ့် မလုပ်နိုင်ခဲ့ပါဘူး။ ကျနော် ကိုယ့်ကိုယ်ကို စိတ်ပျက်မိပြီး ရှုံးနိမ့်တဲ့အချိန်တိုင်း နာကျင်မှုတွေကို ခံစားရပါတယ်။ ဒီရှုံးနိမ့်မှုနဲ့ နာကျင်မှုကို အသုံး ပြုပြီး လာမယ့်ပွဲအတွက် အကောင်းဆုံးနည်းလမ်းနဲ့ ပြင်ဆင်သွားမယ်”လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ပြီးခဲ့တဲ့ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ပွဲက ပွဲထွက်လူစာရင်းကို ၆ ဦးအထိ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ဒီကလန်ရိုက်စ်၊ ဆာကာနဲ့ အသင်းခေါင်းဆောင် အိုဒီဂတ်တို့ကို လူစားလဲအဖြစ်သာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ပြီး ကာရာဘောင်းဖလား စတုတ္ထအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။

အာဆင်နယ် ကစားသမားတစ်ဦးကို တွေ့ရစဉ်
ဝက်စ်ဟမ်းအသင်းနည်းပြ ဒေးဗစ်မိုယက်စ်ကတော့ အလွန်ကောင်းမွန်တဲ့ အသင်းလိုက် စွမ်းဆောင်ရည်လို့ အာဆင်နယ်အသင်းကို အနိုင်ရတဲ့ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ဒေးဗစ်မိုယက်စ်က “ဒီပွဲမှာ ရှေ့တန်းကစားသမားတွေဟာ ကောင်းမွန်တဲ့ အလုပ်လုပ်နိုင်ခဲ့သလို ခံစစ်ပိုင်းကလည်း တကယ်ကို ကောင်းမွန်ခဲ့တာပါ။ အာဆင်နယ်အသင်းနဲ့ ပွဲမှာ ကျနော်တို့ နိုင်ပွဲရခဲ့ပေမယ့် ဆုဖလားတော့ မရသေး တဲ့အတွက် ဒီထက်ပိုပြီး အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်”လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်၊ ဝက်စ်ဟမ်းအသင်းက ဘရန်ဖို့ဒ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 898
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂
နယူးကာဆယ်အသင်းကို အရေးနိမ့်ပြီး ကာရာဘောင်းဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ယူနိုက်တက် အသင်းရဲ့ရှုံးနိမ့်မှုအတွက် တာဝန်ယူတယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “ကျနော်တို့ဟာ ဒီရှုံးပွဲအတွက်တာဝန်ယူရမှာဖြစ်သလို ကျနော်လည်း တာဝန်ယူရမှာပါ။ ပရိသတ်တွေအတွက် တကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ်။ ကျနော်တို့ဟာ စံချိန်စံနှုန်းတွေ အောက်ရောက်နေတဲ့အတွက် ဒါကို မှန်ကန်အောင်ပြန်ပြီးလုပ်ရပါမယ်။ ကျနော်တို့ရဲ့ စံချိန်စံနှုန်းတွေကို မြှင့်တင်ရပါမယ်။ ကစားသမားတွေလည်း ကြိုးစားပေမယ့် မလုံလောက်ဘူးဆိုတာ ကျနော်တို့ သိပါတယ်။ ဒီအတွက် ကျနော့်မှာတာဝန်ရှိပြီး၊ ကျနော်တို့အားလုံးအတူတကွလုပ်ဆောင်ရမှာပါ”လို့ Sky Sports ကို ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ အိမ်ကွင်းအိုးထရက်ဖိုဒ့်မှာ ကစားခဲ့တဲ့ ကာရာဘောင်းဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ နယူးကာဆယ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ်က ဗိုလ်လုပွဲမှာ နယူးကာဆယ်အသင်းကို အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ပေမယ့် ဒီတစ်ကြိမ်တွေ့ဆုံမှုမှာတော့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ စောစီးစွာထွက်ခွာခဲ့ရတာပါ။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ မန်စီးတီးအသင်းကို ဂိုးပြတ်အရေးနိမ့်ပြီးနောက် အိမ်ကွင်း ၂ ပွဲဆက်တိုက်ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ၁၉၆၂-၆၃ နောက်ပိုင်း ပထမဆုံးအကြိမ် ရာသီအစ ၁၅ ပွဲမှာ ၈ ပွဲအထိရှုံးပွဲကြုံတွေ့ထားတာဖြစ်သလို ၁၉၃၀-၃၁ နောက်ပိုင်း ပထမဆုံးအကြိမ် အိမ်ကွင်း ၁၀ ပွဲမှာ ၅ ပွဲအထိ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ယူနိုက်တက်အသင်းအတွက်တော့ ရာသီအစဆိုးရွားတဲ့ရလဒ်တွေနဲ့အတူ စံချိန်မှတ်တမ်းဆိုးတွေကို ပိုင်ဆိုင်နေခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်း အန်ဒီကိုးလ်ကတော့ အသင်းရဲ့ ညံ့ဖျင်းတဲ့ စွမ်းဆောင်ရည်တွေကြောင့် နည်းပြကို မေးခွန်းထုတ်စရာတွေရှိလာတယ်လို့ သုံးသပ်ခဲ့ပါတယ်။
အန်ဒီကိုးလ်က “လူတွေက အိုးထရက်ဖိုဒ့်ကို လာတာနဲ့ ယူနိုက်တက်ကို အနိုင်ယူနိုင်တယ်လို့ ထင်နေကြပါတယ်။ လာမယ့်နှစ်ပွဲမှာသာ ရလဒ်တွေမကောင်းခဲ့ဘူးဆိုရင်တော့ အဲရစ်တန်ဟတ်အပေါ် ပရိသတ်တွေရဲ့ သဘောထားက မြန်မြန်ဆန်ဆန်ပြောင်းလဲသွားနိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းအိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 988
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁
နိုဝင်ဘာလထဲကစားမယ့် အစ္စရေးအသင်းရဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ် ၂ ပွဲကို ဟန်ဂေရီနိုင်ငံမှာကျင်းပသွားမယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) က ကြေညာလိုက်ပါတယ်။
အစ္စရေး-ဟားမာ့စ် ပဋိပက္ခကြောင့် ပြီးခဲ့တဲ့လက အစ္စရေးနိုင်ငံမှာကစားဖို့ ရှိနေတဲ့ ပွဲစဉ်တွေအားလုံးကို UEFA က ရွှေ့ဆိုင်းခဲ့တာပါ။ အစ္စရေးအသင်းဟာ နိုဝင်ဘာ ၁၅ ရက်မှာကစားမယ့် ဆွစ်ဇာလန်၊ ၁၈ ရက်မှာကစားမယ့် ရိုမေးနီးယားအသင်းနဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ်တွေကို ဟန်ဂေရီနိုင်ငံရှိ ပန်ချိုအရီနာမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီပွဲတွေကို ပရိသတ်တွေ ကွင်းအတွင်းဝင်ရောက်ကြည့်ရှုခွင့်ရမှာဖြစ်တယ်လို့ UEFA က ပြောထား တာပါ။

အစ္စရေးအသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲ အုပ်စု I မှာ ၆ ပွဲကစားထားပြီး ရမှတ် ၁၁ မှတ်နဲ့ အုပ်စုတွင်း တတိယ နေရာမှာ ရပ်တည်နေတာပါ။ အစ္စရေးအသင်းဟာ ဆွစ်ဇာလန်၊ ရိုမေးနီးယားအသင်းတို့နဲ့ ပွဲစဉ်မတိုင်ခင် နိုဝင်ဘာ ၁၂ ရက်မှာ ကိုဆိုဗိုအသင်းနဲ့ အဝေးကွင်းပွဲစဉ်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ အစ္စရေးအသင်းဟာ အုပ်စုတွင်း အနေ အထားအရ ယူရို ၂၀၂၄ ပြိုင်ပွဲကို တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရမယ့် အခွင့်အရေးရှိနေသလို ပလေးအောဖ့်အဆင့်ကနေ ယှဉ်ပြိုင်ခွင့်ရနိုင်တဲ့ အချက်လည်း ရှိနေတာပါ။
အစ္စရေးအသင်းဟာ ယူရိုပြိုင်ပွဲကို တစ်ကြိမ်မှ ဝင်ရောက်ယှဉ်ပြိုင်ဖူးခြင်းမရှိသေးဘဲ အဓိက ပြိုင်ပွဲတွေဖြစ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၇၀ က ၁ ကြိမ်နဲ့ ဥရောပတိုက်ထဲမဝင်ရောက်ခင် အာရှဖလားပြိုင်ပွဲကို ၄ ကြိမ်အထိ ယှဉ်ပြိုင်ဖူးတဲ့ မှတ်တမ်းတွေရှိတာဖြစ်ပါတယ်။
Source:ChannelNewsAsia
- By CNI
- Category: အားကစား
- Hits: 936
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁
ဘရာဇီးလ်သမ္မတ လူလာက နိုင်ငံမှာရှိတဲ့ ကစားသမားတွေ အနေနဲ့ ဘောလွန်းဒီအော ရယူချင်တယ်ဆိုရင် မက်ဆီကို စံနမူနာယူကြဖို့ ပြောလိုက်ပါတယ်။
လူလာက “မက်ဆီဟာ ဘရာဇီးလ် ကစားသမားတွေအတွက် စံနမူနာဖြစ်သင့်ပါတယ်။ သူဟာ ကမ္ဘာ့ချန်ပီယံ၊ ဘောလွန်းဒီအောနဲ့ အရာအားလုံးကို ရယူထားနိုင်ခဲ့ပါတယ်။ မက်ဆီဟာ ဒီမှာရှိတဲ့ ကလေးတွေအတွက် လှုံ့ဆော်မှုဖြစ်ဖို့ လိုအပ်ပါတယ်။ ဘောလွန်းဒီအောကို ရယူချင်တဲ့သူတိုင်းဟာ သူတို့ကိုယ်သူတို့ ပရော်ဖက်ရှင်နယ် ဖြစ်ဖို့ လိုအပ်ပါတယ်”လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။
သမ္မတလူလာဟာ ဘရာဇီးလ်နဲ့ အာဂျင်တီးနား နှစ်နိုင်ငံကြား ကာလရှည်ကြာ ပြိုင်ဆိုင်မှုကို လျစ်လျူရှုခဲ့ပြီး မက်ဆီကို ချီးကျူးမှု ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။

ကာကာကို တွေ့ရစဉ်
ဒါ့အပြင် ဘရာဇီးလ်နိုင်ငံမှာရှိတဲ့ ကစားသမားတွေအနေနဲ့ မက်ဆီရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုကို ကြည့်ရှုဖိုလည်း သမ္မတက တိုက်တွန်းခဲ့ပါတယ်။
ဘရာဇီးလ်နိုင်ငံဟာ နာမည်ကြီး ဘောလုံးသမား အများအပြား ထွက်ပေါ်ပေမယ့် ဘောလွန်းဒီအောဆုကို ၂၀၀၇ ခုနှစ်က ကာကာ ရယူပြီးနောက်ပိုင်း တစ်ဦးမှ ရယူနိုင်ခြင်း မရှိတော့ပါဘူး။
နေမာဟာ ၂၀၁၅ နဲ့ ၂၀၁၇ ခုနှစ် ဘောလွန်းဒီအောဆုပေးပွဲတွေမှာ တတိယနေရာ ရခဲ့ပြီး ဒီဆုကို ရယူနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရှိခဲ့ပါတယ်။
ဒါပေမယ့် နေမာဟာ မကြာခဏ ဒဏ်ရာကြောင့် အနားယူနေရပြီး အပျော်အပါး မက်တာကြောင့် နောက်ပိုင်းမှာ ဘောလွန်းဒီအော ဆန်ကာတင် စာရင်းထဲမှာ ပါဝင်ခြင်း မရှိတော့ပါဘူး။
လက်ရှိအချိန်မှာလည်း နေမာဟာ ဒဏ်ရာကြောင့် အခုရာသီအကုန်ထိ အနားယူရဖွယ် ရှိနေပါတယ်။
ဘောလွန်းဒီအောဆုကို ဘရာဇီးလ် ကစားသမားတွေဖြစ်တဲ့ ရော်နယ်ဒိုက ၂ ကြိမ်၊ ရော်နယ်ဒင်ဟို၊ ကာကာနဲ့ ရီဗယ်လ်ဒိုတို့က ၁ ကြိမ်စီ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 685
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁
ရီးရယ်လ်အသင်းဟာ တောင်ပံကစားသမား ဗီနီစီးယက်စ်ကို အသင်းမှာ ၂၀၂၇ ခုနှစ်အထိ ရှိမယ့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်ပြီလို့ အတည်ပြုခဲ့ပါတယ်။
၂၀၁၈ ခုနှစ်က ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းကနေ ပေါင် ၃၈ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဗီနီစီးယက်စ်နဲ့ ရီးရယ်လ်အသင်းတို့ အရင်ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမယ့်နှစ်မှာ ကုန်ဆုံးတော့မှာပါ။ ဗီနီစီးယက်စ်နဲ့ ရီးရယ်လ်အသင်းတို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်သစ်မှာ စာချုပ်ဖျက်သိမ်းကြေး ယူရို ၁ ဘီလီယံပါဝင်တယ်လို့ သိရ ပါတယ်။
ဗီနီစီးယက်စ်က “စာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့အတွက် ကျနော်အလွန်ပျော်ရွှင်ပါတယ်။ ဒါက ကျနော့်အတွက် အိပ်မက်တစ်ခုပါပဲ။ ဂိုးတွေအများကြီးသွင်းပြီး ဆုဖလားတွေအများကြီးရယူနိုင်ဖို့အတွက် နှစ်ပေါင်းများစွာကြာ ဒီမှာဆက်နေနိုင်ဖို့ ကျနော်မျှော်လင့်တယ်” လို့ ရီးရယ်လ်အသင်းရဲ့ ဆိုရှယ်မီဒီယာပေါ်မှာတင်ထားတဲ့ ဗွီဒီယိုမှာ ပြောထားခဲ့တာပါ။

အသက် ၂၃ နှစ်အရွယ်ရှိ ဗီနီစီးယက်စ်ဟာ ရီးရယ်လ်အသင်းအတွက် ၂၃၅ ပွဲပါဝင်ကစားထားပြီး ၆၃ ဂိုးသွင်းယူကာ ၂၀၂၂ ချန်ပီယံလိဂ်ဖလားအပါအဝင် အဓိကဆုဖလား ၉ ခုအထိ ရယူထားပါတယ်။ ဗီနီစီးယက်စ်ဟာ ပြီးခဲ့တဲ့ ဘောလွန်းဒီအောဆုပေးပွဲမှာ နံပတ် ၆ နေရာရပ်တည်ခဲ့သလို ကွင်းပြင်ပမှာ လုပ်ဆောင်ခဲ့တဲ့အရာတွေကြောင့် ဆိုကရေးတီးဆုကို ရယူနိုင်ခဲ့တာပါ။ ဗီနီစီးယက်စ်ဟာ ဘရာဇီးလ်ရှိ ဆင်းရဲတဲ့ဒေသတွေမှာ ကျောင်းတွေ တည်ဆောက်ပြီး ပညာရေးအတွက် ရင်းနှီးမြှုပ်နှံတဲ့ အခြေခံအုတ်မြစ်ကို စတင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြ ထားပါတယ်။
ဗီနီစီးယက်စ်ဟာ ပြီးခဲ့တဲ့ရာသီ လာလီဂါပွဲစဉ်အများအပြားမှာ ပြိုင်ဘက်အသင်းပရိသတ်တွေရဲ့ လူမျိုးရေး ခွဲခြားမှုကို ခံခဲ့ရသလို အခုရာသီမှာလည်း လူမျိုးရေးခွဲခြားမှုတွေနဲ့ရင်ဆိုင်ခဲ့ရတာပါ။ လာလီဂါကတော့ ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 889
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁
ယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာကစားခဲ့တဲ့ပွဲမှာ မန်စီးတီးအသင်းကို အရှက်ရဖွယ်ရှုံးနိမ့်ခဲ့ပေမယ့် နည်းပြ အဲရစ်တန်ဟတ်ကတော့ သူ့ရဲ့အသင်းဟာ လမ်းကြောင်းမှန်ပေါ်လျှောက်လှမ်းနေတယ်လို့ ယုံကြည်မှု ရှိနေပါတယ်။
အဲရစ်တန်ဟတ်က “ဒီကလပ်နဲ့ ပတ်သက်တဲ့သူတိုင်းဟာ နေ့တိုင်းလိုလို ဖိအားတွေရှိနေပါတယ်။ ဒါပေမယ့် ဒီလိုတောင်းဆိုမှုတွေ၊ စံချိန်စံညွှန်းတွေက ကျနော်တို့ အမြဲတမ်းထိပ်တိုက်တွေ့ဆုံနေရမယ့် စိန်ခေါ်မှုတွေပါ။ ဒါက ကျနော်တို့ အားလုံးမျှော်လင့်ထားတဲ့ ရာသီအစမဟုတ်သေးပေမယ့် လမ်းကြောင်းမှန်ကို လျှောက်လှမ်းနိုင်မယ် ဆိုတဲ့ ယုံကြည်မှုရှိပါတယ်။ ကစားသမားတွေကို ကျနော်ယုံကြည်မှုရှိပြီး ခက်ခဲတဲ့ ရာသီအစအပြီးမှာ ကျနော်တို့ တိုးတက်လာမယ်ဆိုတာ သေချာပါတယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ မန်စီးတီးအသင်းကို အရေးနိမ့်ပြီးနောက် ဒီရာသီ ပရီးမီးယားလိဂ် ၁၀ ပွဲကစားအပြီးမှာ ရှုံးပွဲ ၅ ပွဲအထိ ကြုံတွေ့ထားခဲ့သလို ပြိုင်ပွဲစုံ ရှုံးပွဲက ၇ ပွဲအထိရှိလာခဲ့ပါတယ်။ ဒတ်ချ်လူမျိုးနည်းပြဟာ မန်စီးတီး အသင်းနဲ့ ပွဲအပြီးမှာ သူ့ရဲ့ နည်းဗျူဟာနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေခံခဲ့ရသလို ကစားသမားတွေကလည်း စွမ်းဆောင်ရည်ပိုင်းအားနည်းခဲ့လို့ ဝေဖန်သုံးသပ်သူတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့တာပါ။

ကာရာဘောင်းဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ ယူနိုက်တက်အသင်းဟာ နိုဝင်ဘာ ၂ ရက် မနက်ပိုင်းမှာ နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နည်းပြ အဲရစ်တန်ဟတ်က နယူးကာဆယ်အသင်းကို ထပ်ပြီး အနိုင်ယူကာ ကွာတားဖိုင်နယ်ကို ရောက်ရှိဖို့ ကစားသမားတွေကို တိုက်တွန်းခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “ဒီဆုဖလားကို ကိုင်မြှောက်ရတာ ဘယ်လောက်ကောင်းလဲဆိုတာကို သိတဲ့အတွက် လက်ရှိ ချန်ပီယံအသင်းအနေနဲ့ ဒီရာသီ ဝင်ဘာလေကွင်းကို ပြန်လာပြီး ကာရာဘောင်ဖလားကို ကာကွယ်ချင်ပါတယ်။ ဒါက ဖလားပွဲဖြစ်တဲ့အတွက် ကောင်းမွန်စွာမလုပ်နိုင်ရင် ဒုတိယအခွင့်အရေးမရှိပါဘူးလို့ ပြောခဲ့ပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 813
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၁
ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့က ချယ်လ်ဆီးအသင်းကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ဂိုးသမား ကီပါကို အပြီးသတ်ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ချယ်လ်ဆီးအသင်းဟာ စပိန်ဂိုးသမား ကီပါကို လွန်ခဲ့တဲ့ ၅ နှစ်က ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၁.၆ သန်းနဲ့ ခေါ်ယူခဲ့ပေမယ့် ရီးရယ်လ်အသင်းက ပေါင် ၁၇.၅ သန်းထက် ပိုပြီးပေးဖွယ်မရှိပါဘူး။ ရီးရယ်လ်အသင်းဟာ အဓိက ဂိုးသမား ကော့တွိုက်စ် ဒဏ်ရာကြောင့် ရာသီအကုန်ထိ အနားယူရဖွယ်ရှိလို့ ကီပါကို ချယ်လ်ဆီးအသင်း ကနေ အခုရာသီအကုန်ထိ အငှားနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။
ကီပါကိုယ်တိုင်ကလည်း ချယ်လ်ဆီးအသင်းကနေ ထွက်ခွာပြီး ရီးရယ်လ်အသင်းထံ အပြီးသတ်ပြောင်းရွှေ့ချင်တဲ့ ဆန္ဒကို လျှို့ဝှက်ထားခြင်းမရှိတာပါ။ ဒါ့အပြင် ကီပါဟာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ခွင့်ရမယ်ဆိုရင် တစ်ပတ် လုပ်ခ ပေါင် ၁၇၆,၀၀၀ ကိုလည်း လျှော့ယူဖို့ အဆင်သင့်ဖြစ်နေပါတယ်။ စပိန်ဂိုးသမား ကီပါနဲ့ ချယ်လ်ဆီးအသင်း တို့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ လ ၂၀ သာ ကျန်ရှိတော့တာပါ။

ရီးရယ်လ်အသင်းဟာ ဒီရာသီ လာလီဂါပြိုင်ပွဲမှာ ထိပ်ဆုံးနေရာ ရပ်တည်နေပြီး ကီပါ ပါဝင်ကစားထားတဲ့ပွဲတွေမှာ ၁ ပွဲသာ ရှုံးနိမ့်ထားတာဖြစ်ပါတယ်။ ရီးရယ်လ်အသင်းဟာ ကီပါကို ခေါ်ယူနိုင်ဖို့အတွက် ဒုတိယဂိုးသမား လူနင်ကို အစိတ်အပိုင်းအနေနဲ့ အသုံးပြုပြီး ကမ်းလှမ်းဖို့ ရှိနေတာပါ။ ချယ်လ်ဆီးအသင်းဟာ ၂၀၁၈ က ကော့တွိုက်စ်ကို ရီးရယ်လ်အသင်းထံ ရောင်းချခဲ့တုန်းက ရီးရယ်လ်အသင်းက ကိုဗာဆစ်ကို အပြောင်းအရွှေ့အစိတ်အပိုင်းအနေနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။
ကီပါကတော့ ကော့တွိုက်စ် ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီး ရီးရယ်လ်အသင်းအတွက် ပါဝင်ကစားပေး နိုင်မယ်ဆိုရင် ပွဲထွက်ခွင့်နေရာအတွက် ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်နေတာပါ။ ချယ်လ်ဆီးအသင်းကတော့ ဂိုးသမား နေရာအတွက် ရောဘတ်ဆန်းချက်ဇ်ကို ခေါ်ယူထားပေမယ့် အာဆင်နယ်အသင်းဂိုးသမား ရမ်စဒေးလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။
Source:The Sun
- By CNI
- Category: အားကစား
- Hits: 643
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၁
ချယ်လ်ဆီးအသင်းဟာ ဝီလီယံနဲ့ အီတူးတို့ကို ခေါ်ယူခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ လျှို့ဝှက်ငွေပေးချေမှု ပြုလုပ်ခဲ့ တယ်ဆိုပြီး ပရီးမီးယားလိဂ်ရဲ့ စုံစမ်းစစ်ဆေးခြင်းကို ခံနေရတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ဝီလီယံနဲ့ အီတူးတို့ဟာ ၂၀၁၃ ခုနှစ်က ရုရှားကလပ် အန်ဇီအသင်းကနေ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့လာခဲ့ပါ တယ်။
ချယ်လ်ဆီးအသင်းဟာ ပိုင်ရှင်ဟောင်း အေဘရာမိုဗစ်ချ် ပိုင်ဆိုင်တဲ့ ကာလအတွင်းမှာ ဖြစ်နိုင်ဖွယ်ရှိတဲ့ ဘဏ္ဍာရေး စည်းမျဉ်း ချိုးဖောက်မှုတွေအတွက် အခုနှစ် အစောပိုင်းကတည်းက ပရီးမီးယားလိဂ်ရဲ့ စုံစမ်းစစ်ဆေးမှုတွေ ခံနေရ တာ ဖြစ်ပါတယ်။
The Times က ချယ်လ်ဆီးအသင်းဟာ ဝီလီယံနဲ့ အီတူးရဲ့ အပြောင်းအရွှေ့တွေမှာ ပြောင်းရွှေ့ကြေးအပြင် ရုရှား အဖွဲ့အစည်းတွေထံ ငွေပေးချေတွေ ပြုလုပ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
ချယ်လ်ဆီးအသင်းအနေနဲ့ အပြစ်ရှိကြောင်း တွေ့ရမယ်ဆိုရင် ဒဏ်ကြေးငွေ ဒါမှမဟုတ် အမှတ်လျှော့ ပြစ်ဒဏ် ချမှတ်ခံရဖွယ် ရှိနေပါတယ်။

ဝီလီယံနဲ့ အီတူးကို တွေ့ရစဉ်
လန်ဒန်ကလပ်ဟာ အေဘရာမိုဗစ်ချ် လက်ထက်က ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံတင်ပြမှု မပြည့်စုံခဲ့တာကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လက UEFA ထံ ယူရို ၁၀ သန်းပေးချေဖို့ သဘောတူညီမှု ရရှိခဲ့တာပါ။
ချယ်လ်ဆီးအသင်းကတော့ ဒီအဖြစ်အပျက်တွေဟာ ကလပ်ပိုင်ရှင်ဟောင်း အဖွဲ့အစည်းတွေနဲ့သာ သက်ဆိုင်ပြီး လက်ရှိပိုင်ရှင်တွေနဲ့ သက်ဆိုင်မှုမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။
ဝီလီယံဟာ ချယ်လ်ဆီးအသင်းမှာ ၂၀၁၃ ကနေ ၂၀၂၀ ခုနှစ်အထိ ပွဲပေါင်း ၃၃၉ ပွဲ ပါဝင်ကစားခဲ့ပြီး ၆၃ ဂိုး သွင်းယူ ကာ ပရီးမီးယားလိဂ် ၂ ကြိမ်၊ FA ဖလား၊ ကာရာဘောင်းဖလားနဲ့ ယူရိုပါလိဂ်တို့ကို ရယူနိုင်ခဲ့ပါတယ်။
အီတူးကတော့ ချယ်လ်ဆီးအသင်းမှာ တစ်ရာသီကြာ ပွဲပေါင်း ၃၅ ပွဲ ပါဝင်ကစားပြီး ၁၂ ဂိုးသွင်းယူကာ ဆုဖလား အောင်မြင်မှုတော့ မရခဲ့ပါဘူး။
ချယ်လ်ဆီးအသင်းဟာ ပိုင်ရှင်သစ် တော့ဒ်ဘိုလီ ဦးဆောင်တဲ့ အစုအဖွဲ့ လက်ထက်မှာ ရလဒ်တွေ ဆိုးရွားနေပြီး ဒီရာသီ ပရီးမီးယားလိဂ် ၁၀ ပွဲ ကစားအပြီးမှာ ရမှတ် ၁၂ မှတ်နဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Metro
