- By CNI
- Category: အားကစား
- Hits: 553
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁
ရုရှားအိုလံပစ်ကော်မတီ အကြီးအကဲက ရုရှားနိုင်ငံ ကိုယ်စားပြု အားကစားသမားတွေဟာ တခြားနိုင်ငံတွေနဲ့ မတူညီတဲ့ အခြေအနေကို မရောက်စေရဘူးလို့ ဇန်နဝါရီ ၃၁ ရက်က ပြောလိုက်ပါတယ်။
ရုရှားအိုလံပစ်ကော်မတီ အကြီးအကဲ ပေါ့ဇ်နီယာကော့ဗ်က “ရုရှား အားကစားသမားတွေဟာ တခြားအားကစား တွေလို တူညီတဲ့ အခြေအနေတွေမှာ အတိအကျ ပါဝင်ရပါမယ်။ အထူးသဖြင့် အိုလံပစ် လှုပ်ရှားမှုအတွက် လုံးဝ လက်မခံနိုင်တဲ့ နိုင်ငံရေးလွန်ကဲတဲ့ သူတွေရဲ့ နောက်ထပ် အခြေအနေတွေ ဒါမှမဟုတ် သတ်မှတ်ချက်တွေဟာ နှစ်သက်ဖွယ် မရှိပါဘူး”လို့ ပြောခဲ့ပါတယ်။
နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) ဟာ လာမယ့်နှစ် နွေရာသီ အားကစားပြိုင်ပွဲမှာ ရုရှားနိုင်ငံသားတွေ ပါဝင် ယှဉ်ပြိုင်နိုင်တဲ့ လမ်းကြောင်းတစ်ခုကို ရှာဖွေနေတယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ပြောခဲ့ပါတယ်။
အိုလံပစ်ပွဲမှာ ရုရှားအလံကိုတွေ့ရစဉ်
IOC ဟာ သူတို့တွေကို နိုင်ငံတော်အလံအောက်မှာ မဟုတ်ဘဲ ကြားနေအဖြစ် ယှဉ်ပြိုင်ခွင့် ပြုဖွယ် ရှိနေတာပါ။
ရုရှားနဲ့အတူ သူ့ရဲ့မဟာမိတ် ဘယ်လာရုစ်နိုင်ငံက အားကစားသမားတွေဟာ ရုရှားက ယူကရိန်းကို ကျူးကျော်ချိန် ကစပြီး အိုလံပစ် အားကစားနည်း အများစုမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခြင်း ခံထားရတာ ဖြစ်ပါတယ်။
ယူကရိန်းကတော့ ရုရှားအားကစားသမားတွေကို ယှဉ်ပြိုင်ခွင့် ပြုမယ်ဆိုရင် ၂၀၂၄ အိုလံပစ်ပြိုင်ပွဲကို သပိတ် မှောက်မယ်လို့ ခြိမ်းခြောက်ထားတာပါ။
ပေါ့ဇ်နီယာကော့ဗ်က ရုရှားအားကစားသမားတွေကို ယှဉ်ပြိုင်ခွင့်ပြုဖို့ IOC ရဲ့ ကြိုးပမ်းမှုတွေကို ကြိုဆိုတယ်လို့ ပြောခဲ့ပါတယ်။ ယူကရိန်းသမ္မတ ဇာလန်းစကီးက အိုလံပစ်ပြိုင်ပွဲမှာ ရုရှားရဲ့ပါဝင်မှုက အကြမ်းဖက်မှုဟာ လက်ခံ နိုင်စရာ တစ်ခုအဖြစ် ပြသလိမ့်မယ်လို့ ပြောခဲ့တာပါ။
ဇာလန်းစကီးက နိုင်ငံတကာ အိုလံပစ်ကော်မတီ အကြီးအကဲ သောမတ်စ်ဘတ်ချ်ကို ကြားနေဆိုတာမျိုးက မရှိဘူး ဆိုတာ သူကိုယ်တိုင် မြင်တွေ့သွားစေဖို့ ဘတ်ခ်မင့်မြို့ဆီ လာရောက် လည်ပတ်ဖို့ ဖိတ်ကြားခဲ့တယ်လို့ ပြီးခဲ့တဲ့ အပတ်က ပြောခဲ့ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 691
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁
ချယ်လ်ဆီးအသင်းကနေ ပေါင် ၁၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂျော်ဂျင်ဟိုဟာ အာဆင်နယ်အသင်းကို သူ့ရဲ့ အတွေ့အကြုံတွေနဲ့ ကူညီပေးသွားမယ်လို့ ပြောလိုက်ပါတယ်။
ဂျော်ဂျင်ဟိုက “ ရိုးရိုးသားသား ပြောရရင် ကွင်းထဲဝင်ရောက်ပြီး ကစားဖို့ မစောင့်ဆိုင်း နိုင်တော့ပါဘူး။ အရာ အားလုံးက မြန်ဆန်ပါတယ်။ ဒါက အရေးကြီးတဲ့ အင်္ကျီပါ။ ဒီအသင်းဟာ အံ့သြစရာကောင်းတဲ့ အသင်း၊ ကြီးမားတဲ့ အသင်းဖြစ်ပြီး ဒီမှာရှိနေရတာကို စိတ်လှုပ်ရှားပြီး ပျော်ရွှင်မိပါတယ်။ အပေါင်းလက္ခဏာဆောင်တဲ့ စွမ်းအင်တွေ၊ အလုပ်ကို ကြိုးကြိုးစားစားနဲ့ လုပ်ဆောင်သွားမှာဖြစ်သလို ကျနော့်ရဲ့ အတွေ့အကြုံတွေနဲ့ အသင်းကို ကူညီသွား မှာပါ။ ဒါက ကျနော် အမြဲတမ်း ယူဆောင်လာတဲ့ အရာတွေပါ”လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ၆ လသာ ကျန်ရှိတော့တဲ့ ဂျော်ဂျင်ဟိုကို အာဆင်နယ်အသင်းက ၁၈ လ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး နောက်ထပ် ၁ နှစ် သက်တမ်းတိုးခွင့်လည်း ပါဝင်နေတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ကွင်းလယ် ကစားသမားတွေဖြစ်တဲ့ ပါတေးနဲ့ အယ်လ်နီနီတို့ ဒဏ်ရာရနေတာကြောင့် ဘရိုက်တန် ကွင်းလယ်ကစားသမား ကိုင်စီဒိုကို ဦးစားပေးအဖြစ် ခေါ်ယူဖို့ လုပ်ဆောင်ခဲ့တာပါ။ ဒါပေမယ့် ဘရိုက်တန်အသင်းက အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာတဲ့ ဂျော်ဂျင်ဟိုကိုတွေ့ရစဉ်
အဲ့ဒါကြောင့် အာဆင်နယ်အသင်းဟာ ဂျော်ဂျင်ဟို ခေါ်ယူဖို့ ကြိုးစားလာခဲ့တာဖြစ်ပြီး ဇန်နဝါရီလ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ခေါ်ယူနိုင်ခဲ့တာပါ။ အာဆင်နယ်နည်းပြ အာတီတာက ဂျော်ဂျင်ဟို ခေါ်ယူနိုင်ခဲ့လို့ အလွန် ဝမ်းသာပြီး သူနဲ့ သူ့မိသားစုကို ကလပ်က ကြိုဆိုတယ်လို့ ပြောခဲ့ပါတယ်။
အာတီတာက “ဂျော်ဂျင်ဟိုဟာ ဉာဏ်ကောင်းတဲ့ ကွင်းလယ်ကစားသမားဖြစ်ပြီး ခေါင်းဆောင်မှု စွမ်းရည်မြင့်မား သလို ပရီးမီးယားလိဂ်နဲ့ နိုင်ငံတကာ အတွေ့အကြုံများစွာ ရှိတဲ့သူပါ။ သူဟာ ကစားသမားဘဝမှာ အောင်မြင်မှု တွေ ရယူနိုင်ခဲ့ပေမယ့် ဒီလိုမျိုး ဆက်ပြီး ရယူနိုင်ဖို့အတွက် ဆာလောင်မှုနဲ့ ကြီးမားတဲ့ ဆန္ဒတွေ ရှိနေပါသေး တယ်”လို့ ပြောခဲ့တာပါ။
ဂျော်ဂျင်ဟိုဟာ ချယ်လ်ဆီး အသင်းနဲ့အတူ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ယူအီးအက်ဖ်အေ စူပါဖလားနဲ့ ကလပ် ကမ္ဘာ့ဖလားတို့ကို ရယူနိုင်ခဲ့ပြီး အီတလီ လက်ရွေးစင်အသင်းနဲ့ ယူရိုချန်ပီယံဆုတို့ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ဂျော်ဂျင်ဟိုအပြင် ထရိုဆာ့တ်နဲ့ ခီဗီရာတို့ကိုလည်း ခေါ်ယူ အားဖြည့်ထားတာပါ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ၅ မှတ် အသာရပြီး ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဂျော်ဂျင်ဟို ပွဲထွက်လာဖွယ်ရှိနေတာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 604
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁
ချယ်လ်ဆီးအသင်းဟာ ဘင်ဖီကာအသင်းမှာ ကစားနေတဲ့ အာဂျင်တီးနား လက်ရွေးစင်အသင်း ကစားသမား အန်ဇိုဖာနန်ဒက်ဇ်ကို ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၀၇ သန်းနဲ့ ၈ နှစ်ခွဲ စာချုပ် ချုပ်ဆိုကာ ခေါ်ယူ ခဲ့ပါတယ်။
အရင်က ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေး အများဆုံး ကစားသမားဟာ ဂရီလစ်ရှ်ဖြစ်ပြီး ၂၀၂၁ ခုနှစ်က အက်စတွန်ဗီလာကနေ မန်စီးတီးအသင်းထံ ပေါင်သန်း ၁၀၀ နဲ့ ပြောင်းရွှေ့ခဲ့တာပါ။
အခု အန်ဇိုဖာနန်ဒက်ဇ်ရဲ့ ချယ်လ်ဆီး အပြောင်းအရွှေ့က ဒီစံချိန်ကို ကျော်ဖြတ်ပြီး စံချိန်သစ် တင်နိုင်ခဲ့တာ ဖြစ်ပါ တယ်။ ချယ်လ်ဆီး အသင်းဟာ အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ ဇန်နဝါရီလ အပြောင်းအရွှေ့ စကတည်းက ကြိုးစားခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့ နောက်ဆုံးနေ့မှ ခေါ်ယူဖို့ သဘောတူညီနိုင်ခဲ့တာပါ။
အန်ဇိုဖာနန်ဒက်ဇ်ဟာ အာဂျင်တီးနားအသင်း ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေ ကြောင့် ဒီပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူပြီးနောက် ဇန်နဝါရီလ အပြောင်းအရွှေ့ ဈေးကွက်မှာ အသုံး စရိတ် သုံးစွဲမှု ပေါင် ၂၈၈ သန်းအထိ ရောက်ရှိလာခဲ့တယ်လို့ အပြောင်းအရွှေ့ ဝက်ဘ်ဆိုက် Transfermarkt က ဖော်ပြထားပါတယ်။
အန်ဇိုဇာနန်ဒက်ဇ်ကို တွေ့ရစဉ်(GETTY IMAGES)
ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကလည်း ပေါင် ၂၉၂ သန်း သုံးစွဲခဲ့ပြီး ဗြိတိန်ကလပ် အတွက် စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။
အန်ဇိုဖာနန်ဒက်ဇ်ရဲ့ ပြောင်းရွှေ့ကြေးဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ အမြင့် မားဆုံး ပြောင်းရွှေ့ကြေးထဲမှာ နံပါတ် ၇ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး သူ့ရဲ့အထက်မှာ ဂရစ်ဇ်မန်း၊ ဂျာအိုဖိ လစ်၊ ဒမ်ဘီလီ၊ ကော်တင်ဟို၊ ဘတ်ပီနဲ့ နေမာတို့က ရှိနေတာပါ။
ချယ်လ်ဆီးအသင်းဟာ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အန်ဇိုဖာနန်ဒက်ဇ် အပြင် မာဒူခီ၊ မူဒရစ်၊ ဖိုဖာနာ၊ အန်ဒရေ ဆန်းတို့စ်၊ ဘာဒီယာရှီလီနဲ့ ဂတ်စ်တိုတို့ကို အပြီးသတ် ခေါ်ယူခဲ့ပြီး ဂျာအိုဖိလစ်ကို အငှားနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ချယ်လ်ဆီး အသင်းပိုင်ရှင် တော့ဒ်ဘိုလီဟာ အသင်းအောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက် အပြောင်းအရွှေ့ ၂ ခုမှာ ငွေကြေး အများအပြား သုံးစွဲခွင့် ပေးခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရလဒ်တွေ ဆိုးနေပြီး ပွဲ ၂၀ ကစားအပြီးမှာ ချန်ပီယံလိဂ် ဝင်ခွင့် နေရာနဲ့ ၁၀ မှတ်အကွာ အဆင့် ၁၀ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
လန်ဒန်ကလပ်ဟာ ဒီရာသီမှာ မျှော်လင့်နိုင်စရာ ဆုဖလားအဖြစ် ချန်ပီယံလိဂ် တစ်ခုတည်းသာ ရှိတော့တာလည်း ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 569
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁
ဝက်စ်ဟမ်းအသင်း နည်းပြ ဒေးဗစ်မိုယတ်စ်က အက်ဖ်အေဖလား ပဉ္စမအဆင့်မှာ ယူနိုက်တက်နဲ့ တွေ့ဆုံရတာနဲ့ ပတ်သက်ပြီး အိုးထရက်ဖို့ဒ်ထက် ပိုပြီးကြီးမားတာ ဘာမှမရှိဘူးလို့ ပြောလိုက်ပါတယ်။
ဒေးဗစ်မိုယတ်စ်က “ ကျနော်ဒီလိုပွဲမျိုးကို တကယ်စောင့်မျှော်နေတာပါ။ ကျနော်တို့ ဝက်စ်ဟမ်းအတွက် တကယ် ကောင်းတဲ့ပွဲလို့ ထင်ပါတယ်။ အိုးထရက်ဖို့ဒ်ထက် ပိုပြီးကြီးမားတာ ဘာမှမရှိပါဘူး။ ဒါကြောင့် ကစားသမားတွေ အနေနဲ့ အိုးထရက်ဖို့ဒ်ဆီ သွားပြီး သူတို့ကို စိန်ခေါ်မှုတွေ ပြုလုပ်ရမှာပါ”လို့ ပြောခဲ့တာပါ။
ဝက်စ်ဟမ်းအသင်းဟာ အက်ဖ်အေဖလား စတုတ္တအဆင့် ပွဲစဉ်အဖြစ် ဒါဘီအသင်းနဲ့ ကစားခဲ့တာမှာ ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ပဉ္စမအဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အက်ဖ်အေဖလား ပဉ္စမအဆင့်အတွက် မဲခွဲမှုတွေကို ပြုလုပ်ခဲ့တာမှာ ဝက်စ်ဟမ်းအသင်းဟာ ယူနိုက်တက်အသင်း အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာပါ။
ယူနိုက်တက်နဲ့ ဝက်စ်ဟမ်းအသင်းတို့ဟာ အက်ဖ်အေဖလားပြိုင်ပွဲတွေမှာ နောက်ဆုံး ၇ နှစ်အတွင်း ၅ ကြိမ် မြောက် တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်နဲ့ ဝက်စ်ဟမ်း ယှဉ်ပြိုင်နေစဉ်
ဒေးဗစ်မိုယက်စ်ဟာ ယူနိုက်တက်အသင်း နည်းပြအဖြစ် ၂၀၁၄ က ဆာအဲလက်စ်ဖာဂူဆန်ရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ပြီး ၁၀ လကြာ ကိုင်တွယ်ခဲ့ကာ ရလဒ်ဆိုးတွေကြောင့် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။
ဒေးဗစ်မိုယတ်စ် ကတော့ ယူနိုက်တက်အသင်းဟာ အခုအချိန်မှာ အကောင်းဆုံးပုံစံ ရနေပေမယ့် သူတို့အနေနဲ့ နောက်တစ်ဆင့် တက်နိုင်အောင် လုပ်ဆောင်နိုင်တယ်လို့ ပြောခဲ့ပါတယ်။
ဒေးဗစ်မိုယတ်စ်က “ယူနိုက်တက်အသင်းဟာ ကစားပုံကောင်းမွန်နေပြီး နည်းပြကလည်း ကောင်းမွန်စွာ လုပ်ဆောင် နေပါတယ်။ ဒါကြောင့် ပွဲဟာ ခက်ခက်ခဲခဲ ကစားနေရပါတယ်။ ဒါပေမယ့် ဘာကြောင့် ကျနော်တို့ မလုပ်နိုင်ရမှာလဲ။ ဖလားဗိုလ်လုပွဲကို ရောက်ချင်တယ်ဆိုရင်တော့ ပိုကြီးမားတဲ့ အသင်းတွေကို ဖြတ်ကျော်ဖို့ နည်းလမ်းရှာဖွေ ရမှာဖြစ်တယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်နဲ့ ဝက်စ်ဟမ်း အသင်းတို့ဟာ အခုနှစ်ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ တွေ့ဆုံထားခဲ့တာမှာ ယူနိုက် တက်က ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိထားတာပါ။
လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ယူနိုက်တက်က အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး ဝက်စ်ဟမ်းအသင်းက အဆင့် ၁၆ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 1059
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁
အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီဟာ နယ်သာလန်အသင်းကို အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတား ဖိုင်နယ်ပွဲစဉ်မှာ ပြိုင်ဘက်နည်းပြ ဗန်ဟားလ်အပေါ် ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ လှောင်ပြောင်မှု လုပ်ရပ်အတွက် နောင်တရ မိတယ်လို့ ပြောခဲ့ပါတယ်။
မက်ဆီက “ ပွဲမတိုင်ခင် ပြောခဲ့တဲ့ မှတ်ချက်တွေကြောင့် ဗန်ဟားလ်က ကျနော့်အပေါ်မှာ လေးစားမှုမရှိဘူးလို့ ခံစားခဲ့ရပါတယ်။ တချို့ နယ်သာလန် ကစားသမားတွေကလည်း ပွဲချိန်အတွင်းမှာ စကားတွေ များလွန်းပါတယ်။ အမှန်တော့ ဒီလိုတွေ ဖြစ်လာမယ်လို့ မတွေးခဲ့ပါဘူး။ ကျနော် ဒီလိုမလုပ်ခဲ့သင့်ပါဘူး။ အဲ့ဒီတုန်းက တင်းမာမှုတွေ လည်း ရှိခဲ့ပြီး၊ အဖြစ်အပျက်တွေကလည်း လျင်မြန်စွာ ဖြစ်ပျက်သွားတာကြောင့် စဉ်းစားဖို့ အချိန်လည်း မရှိခဲ့ပါ ဘူး။ ဒီလိုမျိုး ဖြစ်လာဖို့ဆိုပြီး စီစဉ်ခဲ့တာမျိုးလည်း မရှိပါဘူး။ ဒါပေမယ့် ဖြစ်သွားခဲ့ပါတယ်။ ဒီလိုပုံမျိုးတွေ ထွက်ပေါ်လာတာကို မကြိုက်ပါဘူး”လို့ ပြောခဲ့တာပါ။
မက်ဆီဟာ နယ်သာလန် အသင်းဘက်ကို ဂိုးသွင်းပြီးချိန်မှာ နယ်သာလန်နည်းပြ ဗန်ဟားလ်ရှိနေတဲ့ အရန်ခုံတန်း ရှေ့ သွားရောက်ကာ နားစွင့်ထားတယ်ဆိုတဲ့ ပုံစံနဲ့ အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။
ဒီလို အောင်ပွဲခံမှုဟာ အာဂျင်တီးနား လက်ရွေးစင် အသင်းဖော် ရီကွယ်လ်မီးရဲ့ အောင်ပွဲခံမှုဖြစ်ပြီး သူကလည်း ဗန်ဟားလ်နဲ့ ဆက်ဆံရေး အဆင်မပြေခဲ့တာပါ။
မက်ဆီနဲ့ ဗန်ဟားလ် အချင်းများနေစဉ်
မက်ဆီနဲ့ ဗန်ဟားလ်တို့ဟာ ပွဲအပြီးမှာလည်း အချင်းများမှုတွေ ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် မက်ဆီ ကတော့ ဒီလိုလုပ်ဆောင်ခဲ့တဲ့ အပြုအမူတွေအပေါ် နောင်တရနေတာပါ။
ရီကွယ်လ်မီးကလည်း မကြာသေးခင်က ဗန်ဟားလ်အနေနဲ့ မက်ဆီကို ဒေါသထွက်အောင် မလုပ်ဘဲ ပွေ့ဖက်ပြီး အနမ်းပေးသင့်တယ်လို့ ပြောခဲ့ပါတယ်။
ရီကွယ်လ်မီးက “ ဘောလုံးမှာ ဖြစ်မလာနိုင်တဲ့ အရာတွေရှိပါတယ်။ ခင်ဗျားသူ့ကို စိတ်ဆိုးဒေါသထွက်အောင် လုပ်လို့ မရပါဘူး။ သူ့ကို ပွေ့ဖက်ပြီး အနမ်းပေးတာက ပိုပြီးကောင်းပါတယ်။ ဒါဆိုရင် ခင်ဗျားကို သူအနိုင်ယူချင် မှာ မဟုတ်ပါဘူး။ အကောင်းဆုံး ကစားသမား ဒေါသထွက်လာရင် သူ့ကိုအနိုင်ယူဖို့ အခွင့်အရေး မရှိနိုင်တော့ ပါဘူး”လို့ TyC Sports ကို ပြောခဲ့တာပါ။
မက်ဆီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၇ ဂိုး သွင်းယူပြီး ၃ ဂိုး ဖန်တီးကာ ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆု ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မက်ဆီဟာ အာဂျင်တီးနား အသင်းနဲ့အတူ ကစားသမားဘဝ ပထမဆုံး ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 607
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁
နိုင်ငံတကာအိုလံပစ်ကော်မတီ(IOC) ဟာ စစ်ပွဲကို အားပေးတယ်ဆိုပြီး ယူကရိန်းတာဝန်ရှိသူတွေရဲ့ ပြင်းပြင်း ထန်ထန် ဝေဖန်မှုကို တနင်္လာနေ့က ပယ်ချလိုက်ပါတယ်။
၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ရုရှား အားကစားသမားတွေကို ပါဝင်ယှဉ်ပြိုင်ခွင့် ပေးနိုင်တယ်လို့ နိုင်ငံတကာ အိုလံပစ်ကော်မတီက ပြောကြားခဲ့ပြီးနောက် ယူကရိန်းတာဝန်ရှိသူတွေရဲ့ ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့ တာပါ။
“IOC က ဒါကို အပြင်းထန်ဆုံး ဖြစ်နိုင်ဖွယ်ရှိတဲ့ အချက်တွေနဲ့ တခြားသော အသရေဖျက်တဲ့ ကြေညာမှုတွေကို ပယ်ချပါတယ်။ သူတို့က အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတိုင်းအတွက် အခြေခံအဖြစ် မဆောင်ရွက်နိုင်ဘူး”လို့ နိုင်ငံတကာ အိုလံပစ်ကော်မတီက ရိုက်တာသတင်းဌာနကို ကြေညာချက် ထုတ်ပြန်ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းသမ္မတ အကြံပေးအဖြစ် ဆောင်ရွက်နေသူက ရုရှားတွေ အားကစားပြိုင်ပွဲထဲ ရောက်ရှိခြင်းက နိုင်ငံရဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုကို မြှင့်တင်နိုင်ဖို့ ပလက်ဖောင်းတစ်ခုကို ပေးဆောင်ခဲ့တာလို့ တနင်္လာနေ့က ပြောခဲ့ပါ တယ်။
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဖြစ်သူကလည်း ရုရှားအိုလံပစ် ကစားသမား အများအပြားဟာ စစ်တပ်နဲ့ ဆက်ဆံမှု ရှိတယ်လို့ တနင်္လာနေ့ အစောပိုင်းက ပြောခဲ့တာ ဖြစ်ပါတယ်။
အိုလံပစ် အားကစားပွဲတော်ကိုတွေ့ရစဉ်
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ကူလီဘာက “ရက်စက်ကြမ်းကြုတ်မှု၊ သတ်ဖြတ်မှု၊ မုဒိမ်းမှုနဲ့ လုယက်မှုတွေ ကျူးလွန်တဲ့ စစ်တပ်ပါ။ ဒါကို မသိတဲ့ IOC က ယှဉ်ပြိုင်ခွင့်ပြုချင်ပြီး အလံဖြူအောက်မှာ ထားချင်နေပါတယ်” လို့ တွစ်တာမှာ ရေးသားထားတာပါ။
နိုင်ငံတကာအိုလံပစ်ကော်မတီဟာ ပြီးခဲ့တဲ့အပတ်က ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို အာရှ အိုလံပစ် ကောင်စီကနေ အာရှမှာ ယှဉ်ပြိုင်ခွင့်ရဖို့ အဆိုပြုချက်ကို ကြိုဆိုခဲ့တာ ဖြစ်ပါတယ်။
ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေဟာ ဥရောပကနေ ဝင်ခွင့်ပိတ်ပင် ထားတာကြောင့် အာရှကနေ အိုလံပစ် ခြေစစ်ပွဲတွေမှာ ဝင်ခွင့်ရနိုင်တာပါ။
ယူကရိန်းသမ္မတ ဇာလန်းစကီးကတော့ ယူကရိန်းဟာ ရုရှားအားကစားသမားတွေ အားကစားပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပြုဖို့ နိုင်ငံတကာလှုပ်ရှားမှု တစ်ရပ်ကို စတင်မယ်လို့ သောကြာနေ့က ပြောခဲ့ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 844
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၀
ယူနိုက်တက်အသင်းဟာ ကောင်းမွန်တဲ့ လမ်းကြောင်းပေါ်မှာ ရောက်နေပေမယ့် တည်ဆောက်ဆဲ အသင်း တစ်သင်းအဖြစ်သာ ရှိသေးတယ်လို့ ကတ်စမဲရိုးက ပြောပါတယ်။
ကတ်စမဲရိုးက “ကလပ်အသင်းသစ်ကို ရောက်တဲ့အချိန်မှာ ဒီကလပ်ရဲ့ ကြီးကျယ်ခမ်းနားမှုကို မြင်ရတယ်ဆိုရင် ခင်ဗျားအနေနဲ့ သမိုင်းကို ဖန်တီးဖို့ အမြဲတမ်း အိပ်မက်မက်နေတာပါ။ ကလပ်ရဲ့ သမိုင်းကြောင်းကို ကျနော် သိပါတယ်။ ဒါပေမယ့် လိုက်လျောညီထွေ ဖြစ်အောင်လုပ်ဖို့ အချိန်အနည်းငယ် လိုပါတယ်။ အာဆင်နယ်၊ မန်စီးတီးနဲ့ လီဗာပူးလ်တို့လို ပြိုင်ဘက်တွေက ကျနော်တို့ရဲ့ အရှေ့မှာ ရေရှည် အစီအစဉ်ရှိတာကို သတိပြု မိပါ တယ်။ သူတို့တွေမှာ နည်းပြတွေကလည်း အချိန်အကြာကြီး ရှိနေတာကြောင့် အားသာချက်တွေ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ လက်ရှိအချိန်မှာ တည်ဆောက်ဆဲ အသင်းဖြစ်နေတုန်းပါပဲ”လို့ ပြောခဲ့တာပါ။
နွေရာသီက ရီးရယ်လ် အသင်းကနေ ပေါင်သန်း ၇၀ နဲ့ ရောက်ရှိလာတဲ့ ကတ်စမဲရိုးဟာ ဒီရာသီ အသင်းရလဒ် ကောင်းတွေ ရယူနိုင်တာမှာ အဓိကစွမ်းဆောင်နိုင်တဲ့ သူတစ်ဦးအဖြစ် ရှိနေခဲ့ပါတယ်။
ကတ်စမဲရိုးဟာ ရီးဒင်း အသင်းကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား စတုတ္တအဆင့်ပွဲမှာ ယူနိုက်တက်အတွက် ၂ ဂိုး သွင်းယူပေးခဲ့ပြီး နောက်တစ်ဆင့် တက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။
ယူနိုက်တက်အသင်းကိုတွေ့ရစဉ်
ရီးရယ်လ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၅ ကြိမ် ရရှိထားတဲ့ ကတ်စမဲရိုးဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ၂၈ ပွဲ ကစားထားပြီး ၄ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ ကတ်စမဲရိုးဟာ လက်ရှိပြသနေတဲ့ ခြေစွမ်းတွေကြောင့် နည်းပြ အဲရစ်တန်ဟတ်၊ ဘောလုံးဝေဖန်သူတွေနဲ့ ပရိသတ်တွေရဲ့ ချီးကျူးမှုတွေကို ရရှိထားတာပါ။
ကတ်စမဲရိုးက “ယူနိုက်တက်က ကြီးမားတဲ့အသင်းပါ။ ကျနော့် အမြင်အရတော့ ဆုဖလားရတာတွေကို ကြည့်မယ် ဆိုရင် အင်္ဂလန်မှာ အကြီးကျယ်ဆုံး အသင်းပါပဲ။ ကျနော်တို့ဟာ တိုးတက်နေပြီး ကောင်းမွန်တဲ့ လမ်းကြောင်းပေါ် မှာ ရောက်နေပါတယ်။ ဒါက ဆုဖလားဆွတ်ခူးနိုင်မယ့် နည်းလမ်းဖြစ်ပေမယ့် ကျနော်တို့ ဆက်ပြီး တိုးတက်နေဖို့ လိုပါတယ်။ ကျနော်တို့ဟာ တစ့်ဆင့်ပြီး တစ်ဆင့် အသင်းကို တည်ဆောက်နေတာဖြစ်ပြီး ဒါက အရေးကြီးပါ တယ်။ အနာဂတ်မှာ ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့အတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကို တည်ဆောက်ရ ပါမယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ၂၀၁၇ နောက်ပိုင်း ဆုဖလားလက်မဲ့ ဖြစ်နေမှုကို ဒီရာသီမှာ အဆုံးသတ်ဖို့ မျှော်လင့်နေပြီး အနီးစပ်ဆုံးအဖြစ် ကာရာဘောင်းဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့် ရောက်ရှိနေတာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 610
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၀
နာပိုလီအသင်း တိုက်စစ်မှူး အိုဆင်ဟမ်က ချယ်လ်ဆီးအသင်း တိုက်စစ်မှူးဟောင်း ဒရော့ဘာနဲ့ အဆင့်တူပေမယ့် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ချင်တယ်ဆိုရင် ဒိုင်ဗင်ထိုးတာကို ရပ်တန့်ဖို့ လိုတယ်လို့ ရိုးမားအသင်း နည်းပြ မော်ရင်ဟိုက ပြောလိုက်ပါတယ်။
မော်ရင်ဟိုက “သူက ဒရော့ဘာနဲ့ အဆင့်တူပေမယ့် ဒရော့ဘာက ဒိုင်ဗင်မထိုးပါဘူး။ အိုဆင်ဟမ်အနေနဲ့ ဒါကို ပြောင်းလဲနိုင်ရင် အဆင်ပြေသွားမှာပါ။ ကျနော်သာ ပိုက်ဆံ အများကြီးရှိတဲ့ ကလပ်မှာ ရှိတယ်ဆိုရင် သူ့ကို ဝယ်ယူမှာပါ။ ဒါပေမယ့် အင်္ဂလန်ကို တစ်နေနေ့ သွားမယ်ဆိုရင် ဒါကို ပြောင်းဖို့တော့ လိုပါတယ်။ အီတလီမှာ တော့ ဒီလိုအပြုအမူမျိုးကို ပြုလုပ်ကြပေမယ့် ပရီးမီးယားလိဂ်မှာဆိုရင် ဒါက လုပ်လို့ရမှာ မဟုတ်ပါဘူး။ သူဟာ ထူးချွန်တဲ့ ကစားသမားပါ။ ဒါပေမယ့် ဒိုင်ဗင်မထိုးသင့်ပါဘူး”လို့ ပြောခဲ့တာပါ။
အိုဆင်ဟမ်ဟာ နာပိုလီအသင်းက မော်ရင်ဟိုရဲ့ ရိုးမားအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ အဖွင့် ဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အိုဆင်ဟမ်ဟာဆိုရင် ဒီရာသီမှာ နာပိုလီအသင်းအတွက် ပွဲပေါင်း ၂၀ ပါဝင် ကစားအပြီးမှာ ၁၅ ဂိုး သွင်းယူထား ကာ ခြေစွမ်းပြသနေတာပါ။ အဲ့ဒါကြောင့် အိုဆင်ဟမ်ကို ခေါ်ယူဖို့ ယူနိုက်တက် အပါအဝင် အသင်းကြီး တချို့က ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
မော်ရင်ဟိုနဲံ အိုဆင်ဟမ်ကိုတွေ့ရစဉ်
နာပိုလီအသင်းနဲ့ အိုဆင်ဟမ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ အထိ သက်တမ်း ရှိနေတာကြောင့် စီးရီးအေ ကလပ်ဟာ ရောင်းချဖို့ ဖိအားမရှိပေမယ့် ပြောင်းရွှေ့ကြေး အများအပြားနဲ့ ကမ်းလှမ်းလာရင်တော့ နွေရာသီ အပြောင်းအရွှေ့မှာ စဉ်းစားဖို့ ရှိနေတာပါ။
ယူနိုက်တက် အသင်းဟာ အခုအပြောင်းအရွှေ့မှာ ရေတိုအဖြစ် ဘန်လေတိုက်စစ်မှူး ဝက်ဂ်ဟော့စ်ကို အငှားနဲ့ ခေါ်ယူထားပြီး နွေရာသီမှာ အဓိကတိုက်စစ်မှူး တစ်ဦးကို ဝယ်ယူဖို့ လုပ်ဆောင်နေပါတယ်။
အဲ့ဒါကြောင့် ယူနိုက်တက် အသင်းဟာ ဟာရီကိန်းနဲ့အတူ အိုဆင်ဟမ်ကို အဓိက ပစ်မှတ်အဖြစ် သတ်မှတ် ထားပါတယ်။
အိုဆင်ဟမ်ဟာ ဒီရာသီ နာပီလီအသင်း စီးရီးအေ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်အောင် အဓိက စွမ်းဆောင်နိုင်ခဲ့တဲ့ သူတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ နာပိုလီအသင်းဟာ စီးရီးအေ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ဒုတိယနေရာက အင်တာမီလန် အသင်းကို ၁၃ မှတ်အသာရပြီး ဦးဆောင်နေတာပါ။
အိုဆင်ဟမ်ဟာ ၂၀၂၀ က လိုင်လီကနေ ရောက်ရှိလာခဲ့ပြီးနောက် နာပိုလီအသင်းအတွက် ၈၂ ပွဲ ပါဝင် ကစားထားပြီး ၄၃ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 665
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၀
ဆစ်ဆီပတ်စ်ကို အနိုင်ရပြီး သြစတြေးလျအိုးပန်းချန်ပီယံဆုကို ၁၀ ကြိမ်မြောက်ရယူနိုင်ခဲ့တဲ့ ဂျိုကိုဗစ်က ဒီ ချန်ပီယံဆုဟာ သူ့ဘဝရဲ့ အကြီးမားဆုံးအောင်ပွဲဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
ဂျိုကိုဗစ်က “ကျနော်ကိုယ့်ကိုကိုယ်လိမ်ဖို့ ကြိုးစားပြီး ဒီအချိန်တွေကို ခရီးရှည်ကြီးတစ်ခုအနေနဲ့ ဖြတ်သန်းခဲ့ ရတာပါ။ပြီးခဲ့တဲ့ ၄ ပတ်ကနေ ၅ ပတ်အတွင်းမှာ ကျနော်တို့ ကြုံတွေ့ခဲ့ရတဲ့အရာတွေကို အသင်းနဲ့ မိသားစုကသာ သိတာပါ။ဒီအခြေအနေကို ကြည့်လိုက်မယ်ဆိုရင် ဒါဟာ ကျနော့်ဘဝရဲ့အကြီးမားဆုံး အောင်ပွဲပါ”လို့ ပြောခဲ့ တာပါ။
ဂျိုကိုဗစ်ဟာ သြစတြေးလျ အိုးပန်းဗိုလ်လုပွဲမှာ ဂရိတင်းနစ်သမား ဆစ်ဆီပတ်စ်ကို ၆-၃၊၇-၆၊၇-၆ နဲ့ အနိုင် ရရှိခဲ့တာဖြစ်ပါတယ်။ဆားဘီးယားတင်းနစ်သမားဟာ ပြီးခဲ့တဲ့နှစ်က ကိုဗစ်ကာကွယ်ဆေးမထိုးတာကြောင့် ပြည်နှင်ဒဏ်ပေးခံခဲ့ရပြီး အခုနှစ်ပြိုင်ပွဲမှာလည်း တံကောက်ကြောဒဏ်ရာ၊ ဖခင်ဖြစ်သူနဲ့ ပတ်သက်တဲ့အရာတွေကို ရင်ဆိုင်ခဲ့ရတာပါ။ ဂျိုကိုဗစ်ဟာ ပွဲအပြီးမှာ မိသားစု၊အသင်းနဲ့အတူ သွားရောက်အောင်ပွဲခံခဲ့တာမှာ မျက်ရည်ကျ နေခဲ့တာဖြစ်ပါတယ်။
ဂျိုကိုဗစ်ဟာ သြစတြေးလျအိုးပန်းချန်ပီယံဆုကို ရယူနိုင်ခဲ့တာကြောင့် ရာဖေးလ်နာဒယ်လ်ရဲ့ အမျိုးသား ဂရမ်းဆလမ်းဆုဖလား အကြိမ်အရေအတွက် အများဆုံးရထားတဲ့စံချိန်ကို လိုက်မှီသွားခဲ့တာပါ။ ရာဖေးလ် နာဒယ်လ်ဟာ ဂရမ်းဆလမ်းဆုဖလား ၂၂ ကြိမ်ရရှိထားပြီး အခု ဂျိုကိုဗစ်ကလည်း ဒီစံချိန်ကို လိုက်မှီအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ဂျိုကိုဗစ်ဟာ သြစတြေးလျအိုးပန်းချန်ပီယံဆုကို ရယူနိုင်ခဲ့တာကြောင့် ကမ္ဘာ့နံပတ် ၁ နေရာကို ပြန်လည်ရောက်ရှိ သွားခဲ့ပါတယ်။ဆစ်ဆီပတ်စ်ကတော့ ဂျိုကိုဗစ်ကို အရေးနိမ့်ခဲ့လို့ နာကျင်ခဲ့ရပေမယ့် သူဟာ ချန်ပီယံအဖြစ် မွေးဖွားခဲ့တာကြောင့် အောင်မြင်မှုတွေကို ရယူနိုင်မှာဖြစ်တယ်လို့ ပြောခဲ့တာပါ။
ဆစ်ဆီပတ်စ်က “ကျနော်ဟာ တစ်ခုခုကို ရည်မှန်းဖို့ အချိန်ရောက်နေပါပြီ။ကျနော့်ရဲ့ မျှော်လင့်ချက်တွေ၊ ရည်မှန်း ချက်တွေကို လျှော့ချဖို့ ဘယ်လိုအကြောင်းပြချက်မှမရှိပါဘူး။ကျနော်ဟာ ချန်ပီယံတစ်ဦးအဖြစ်မွေးဖွားလာခဲ့ပြီး ကျနော့်ရဲ့သွေးထဲမှာ ဒါတွေရှိနေတယ်လို့ ခံစားရပါတယ်။ကျနော်ဟာ အောင်မြင်မှုတွေကို ရိတ်သိမ်းချင်တယ်။ ဒီထက် ပိုသန်မာအောင်ကြိုးစားပြီး ရည်မှန်းထားတဲ့ ပန်းတိုင်ရောက်အောင်သွားချင်တယ်လို့” ပြောခဲ့ပါတယ်။
ဆစ်ဆီပတ်စ်ဟာ ဂရမ်းဆလမ်းပြိုင်ပွဲတွေမှာ အမြင်ဆုံးအောင်မြင်မှုအဖြစ် ဗိုလ်လုပွဲသာ တက်ရောက်နိုင်သေးတာ ဖြစ်ပါတယ်။
Source:BBC

- By CNI
- Category: အားကစား
- Hits: 772
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၀
လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့နှစ်ပတ်အတွင်း တိုးတက်မှုတွေရှိလာပေမယ့် အခုထက်ပိုပြီး တိုးတက်ဖို့ လိုအပ် လာပြီလို့ နည်းပြဖြစ်သူ ကလောပ့်က အက်ဖ်အေဖလားက ထွက်ခဲ့ရပြီးနောက် ပြောလိုက်ပါတယ်။
ကလောပ့်က “ကျနော်တို့ တိုးတက်ရမယ့်နေရာတွေ ကျန်နေပါသေးတယ်။ ကျနော်တို့ဟာ ခြေလှမ်းတွေ လှမ်းနေပေမယ့် တိုးတက်အောင် လုပ်ရပါမယ်။ ကျနော်တို့ ဒီထက်ပိုပြီးတော့ တိုးတက်ရမှာဖြစ်ပြီး ဒါကို လုပ်ကို လုပ်ရမှာ ပါ။ ကျနော်တို့ဟာ ကောင်းတဲ့အသင်းကို အရေးနိမ့်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပတ်က ဆိုးရွားတဲ့ပွဲမှာလည်း သူတို့ ကိုပဲ ရှုံးနိမ့်ခဲ့ရတာပါ။ ဒီနေ့တော့ ကျနော်တို့ ပိုကောင်းလာပါပြီ။ လွန်ခဲ့တဲ့နှစ်ပတ်နဲ့ ဒီနေ့စွမ်းဆောင်ရည်က မတူ တော့ဘူးဆိုတာ မြင်မိတယ်” လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ဘရိုက်တန်အသင်းကို ဇန်နဝါရီ ၁၄ ရက်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့သလို အခု အက်ဖ်အေဖလား စတုတ္တအဆင့်ပွဲစဉ်မှာလည်း ၂ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ ရလဒ်ဆိုးတွေ ကြုံတွေ့နေရပြီး အက်ဖ်အေဖလား မတိုင်ခင် ကာရာဘောင်းဖလားကနေ ထွက်ခဲ့ရတာပါ။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဒီဖလား ၂ ခုစလုံးမှာ ချန်ပီယံဆုတွေရယူနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ စောစီးစွာ ထွက်ခဲ့ရတာဖြစ်ပါတယ်။
ဒါ့အပြင် အန်ဖီးလ်ကလပ်ဟာ ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် ကြိုးစားနေရတာကြောင့် ဒီရာသီ ဆုဖလားရယူနိုင်ဖို့ မျှော်လင့်စရာအဖြစ် ချန်ပီယံလိဂ်သာ ရှိတော့တာပါ။လီဗာပူးလ်အသင်း နောက်ခံလူ ရော်ဘတ် ဆန်က အသင်းရဲ့အခြေအနေဟာ ပိုပြီးတော့ဆိုးရွားလာတယ်လို့ ဘရိုက်တန်အသင်းနဲ့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ရော်ဘတ်ဆန်က “ဒီရာသီမှာ ကျနော်တို့ဟာ ဘယ်နေရာမှာမှ လုံလောက်မှုမရှိပါဘူး။ အခုနှစ် အစပိုင်းမှာ ပိုပြီး ကောင်းမွန်တဲ့အစကို လိုချင်ခဲ့တာပါ။ ဒါပေမယ့် ဖြစ်မလာခဲ့ဘဲ ပိုပြီးတော့ဆိုးသွားခဲ့ပါတယ်။ အမှတ်ပေးလိဂ်မှာ လည်း လုံလောက်မှုမရှိသလို၊ ဖလားပြိုင်ပွဲ ၂ ခုကနေလည်း ထွက်ခွာခဲ့ရပါပြီ။ ကျနော်တို့ ယုံကြည်မှုပြန်ရဖို့ လိုပါ တယ်။ ဒါက ပြီးသွားတဲ့အရာတွေထက် ပိုလွယ်ပြီး ရလဒ်ကောင်းတွေရလာပါလိမ့်မယ်” လို့ ITV Sports ကို ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ အခုလာမယ့် စနေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းအိမ်ကွင်းမှာ သွား ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:ChannelNewsAsia