
- By CNI
- Category: အားကစား
- Hits: 778
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆
ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ဒေ့ါမွန်အသင်းကို အဝေးကွင်းမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပေမယ့် အသင်းက လမ်းကြောင်းမှန်ပေါ် ဦးတည်နေပြီလို့ နည်းပြ ဂရေဟမ်ပေါ်တာက ပြောလိုက်ပါတယ်။
ဂရေဟမ်ပေါ်တာက “ကျနော်တို့ဟာ ပိုကောင်းအောင်လုပ်ရမှာဖြစ်ပြီး ဒီလိုလုပ်နိုင်တယ်ဆိုတာကို ကစားသမားတွေ သိပါတယ်။ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အရှိန်အတိုင်း လုပ်ဆောင်နိုင်ဖို့ဆိုတာ မလွယ်သေးပေမယ့် သူတို့တကယ် ကောင်းမွန်စွာ လုပ်နိုင်သေးတယ်လို့ ကျနော်ထင်နေတုန်းပါပဲ။အခုအချိန်မှာ ကျနော်တို့ဟာ တိုးတက်လာဖို့ပဲ မျှော်လင့်နေပြီး သုံးပတ်အတွင်း စတမ်းဖိုဒ့်ဘရစ်ချ်မှာ ကစားမယ့်ပွဲမှာတော့ ရလဒ်ကောင်း ရယူနိုင်မှာပါ။ ကျနော် တို့ ကံနည်းနည်းကောင်းဖို့တော့လိုပြီး အခုပွဲမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်အတိုင်း ဆက်ပြီး တိုးတက်အောင် ကြိုးစားရမယ်။ဒါက အလုပ်ပါပဲ”လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီပွဲမှာဆိုရင် ဂိုးပေါက်ကန်သွင်းမှု ၂၁ ကြိမ်အထိရှိပြီး ဂိုးပေါက်တည့်မှု ၈ ကြိမ်အထိ ရှိခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။အိမ်ရှင်ဒေါ့မွန်အသင်းကတော့ ဂိုးပေါက်ကန်သွင်းမှု ၁၄ ကြိမ်နဲ့ ဂိုးပေါက် တည့်မှု ၂ ကြိမ်သာရှိခဲ့ပေမယ့် အနိုင်ဂိုးရယူနိုင်ခဲ့တာပါ။ချယ်လ်ဆီးအသင်းဟာ ပေါင်သန်း ၆၀၀ လောက် အသုံးပြု ပြီး ကစားသမားသစ်တွေ အများအပြားဖြည့်တင်းထားပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ၉ ပွဲမှာ ၁ ပွဲသာ အနိုင်ရ ထားတာဖြစ်ပါတယ်။
ဘောလုံးပွဲ ဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ အိုဝင်ဟားဂရေ့ဗ်ကတော့ ချယ်လ်ဆီးအသင်းဟာ အပြောင်းအရွှေ့တွေမှာ ငွေကြေးအများအပြားသုံးစွဲထားပေမယ့် အဓိကတိုက်စစ်မှူးမရှိတဲ့အပေါ် အံအား သင့်နေခဲ့တာပါ။
အိုဝင်ဟားဂရေ့ဗ်စ်က “သူတို့ဟာ ပေါင်သန်း ၆၀၀ လောက်သုံးစွဲထားပေမယ့် အဓိကတိုက်စစ်မှူး မရှိတာက အံအားသင့်ဖို့ ကောင်းပါတယ်။ဒါကြောင့်လည်း ဒီပွဲကအဆုံးသတ်သွားတာပါ။သူတို့ဟာ ဂိုးပိုက်ထဲကို ဘောလုံး ရောက်အောင် သွင်းနိုင်မယ့်သူ လိုအပ်ပါတယ်။သူတို့အတွက် ရှေ့တန်းမှာ ဂိုးသွင်းနိုင်မယ့်သူရှိရင်တော့ နောက် တစ်ဆင့်ကို အလွယ်တကူ တက်လှမ်းနိုင်မှာပါ” လို့ BT Sport မှာ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ပွဲစဉ်တွေအတွက် ထုတ်ပြန်ခဲ့တဲ့ ကစားသမားစာရင်းမှာ တိုက်စစ်မှူး အူဘာမီယန်းကို ချန်လှပ်ခဲ့ပြီး ဇန်နဝါရီအပြောင်းအရွှေ့က ခေါ်ယူခဲ့တဲ့ ကစားသမားတွေကို စာရင်း ထဲမှာ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ချယ်လ်ဆီးနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို မတ်လ ၇ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source:Daily Mail

- By CNI
- Category: အားကစား
- Hits: 806
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ပွဲကျန်အဖြစ် ကစားခဲ့တဲ့ပွဲမှာ မန်စီးတီးအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့် အမှတ်ပေးဖလား ရယူနိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ နည်းပြ အာတီတာက ပြောလိုက် ပါတယ်။
အာတီတာက “ကျနော်ဟာ ပွဲမတိုင်ခင်ကထက်တောင် ယုံကြည်မှု ပိုရှိလာပါတယ်။ အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ အဆင့်အတန်းက သူတို့ကို အနိုင်ယူနိုင်တယ်လို့ ခံစားရပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ သူတို့ကို ၃ ဂိုးပေးပြီး ပွဲကို အဆုံးသတ် လိုက်ပါတယ်။ ဒီလိုအဆင့်တွေမှာ အမှားအယွင်း အချို့ကိုတောင် ခင်ဗျားတို့ လုပ်လို့ရမှာ မဟုတ် ပါဘူး။ ကျနော်တို့က ရတဲ့အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ပေမယ့် သူတို့ကတော့ အသုံးချသွားနိုင်ပါတယ်။ ဒါဟာ ကွာခြားမှုပါပဲ။ မန်စီးတီးက ကမ္ဘာ့အကောင်းဆုံး အသင်းဖြစ်တဲ့အတွက် သူတို့ကို အနိုင်ယူဖို့ဆို ဒီထက် ပိုကောင်းအောင် လုပ်ပြရမှာပါ။ မန်စီးတီးနဲ့ ထိပ်တိုက် ရင်ဆိုင်နိုင်တဲ့ အသင်းဖြစ်တာကြောင့် အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ဖို့ ယုံကြည်မှု ပိုရှိလာပါတယ်”လို့ ပြောပါတယ်။
အာတီတာကိုတွေ့ရစဉ်
ဒီပွဲမှာ တိုမီယာဆုရဲ့ အမှားကနေ ဒီဘရိုင်းက မန်စီးတီးအတွက် ဦးဆောင်ဂိုး စတင် သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဆာကာက ပင်နယ်တီကနေ အာဆင်နယ်အတွက် ပြန်ချေပခဲ့လို့ ပထမပိုင်းမှာ ၁ ဂိုးစီ သရေကျနေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒုတိယပိုင်းမှာ ဂရီလစ်ရှ်နဲ့ ဟာလန်းတို့က မန်စီးတီးအသင်းအတွက် နောက်ထပ် သွင်းဂိုးတွေ ထပ်သွင်း ပေးခဲ့လို့ ပွဲအပြီးမှာ မန်စီးတီးအသင်းက အာဆင်နယ်အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဒီပွဲအရေးနိမ့်ခဲ့တာကြောင့် ရမှတ်တူ ဂိုးကွာခြားချက်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ကို မန်စီးတီးအသင်းထံ လွှဲပြောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်းနဲ့ပွဲ အပါအဝင် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲမှာ နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး ၁ ပွဲသရေ ၂ ပွဲရှုံးနိမ့် ထားတာပါ။
မန်စီးတီးအသင်းကိုတွေ့ရစဉ်
ဒါပေမယ့် လန်ဒန်ကလပ်ဟာ မန်စီးတီးအသင်းထက် တစ်ပွဲလျော့နည်းနေတာကြောင့် အဆင့် ၁ နေရာကို ပြန်လည် ရယူနိုင်မယ့် အခွင့်အရေးရှိနေတာ ဖြစ်ပါတယ်။
အာဆင်နယ် အသင်းခေါင်းဆောင် အိုဒီဂတ်က “ကျနော်တို့ဟာ ပြိုင်ဘက် ဂိုးအရှေ့မှာရော ကိုယ့်ဂိုးဧရိယာအတွင်း မှာပါ လုံလောက်တဲ့ ထက်မြက်မှု မရှိပါဘူး။ ကျနော်တို့ဟာ ဒီထက်ပိုကောင်းပြီး လက်တွေ့ကျဖို့ လိုသလို ဂိုး ဧရိယာကိုလည်း ကာကွယ်နိုင်ဖို့ လိုအပ်ပါတယ်။ တစ်ရာသီလုံး ပြောခဲ့သလိုပဲ အလုပ်ကို ကြိုးကြိုးစားစား လုပ်ပြီး တစ်ပွဲပြီး တစ်ပွဲ သွားရမှာပါ။ အခုလည်း ဒီလိုပါပဲ။ ဒီပွဲမှာ အရေးနိမ့်ခဲ့ပေမယ့် လာမယ့်ပွဲမှာတော့ အကောင်းဆုံး လုပ်ဆောင်သွားမယ်”လို့ ပြောပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့် စနေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်းနဲ့ အဝေး ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 729
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅
ပြင်သစ်ကလပ် နိုက်စ်အသင်းနဲ့ လိုင်လီအသင်းတို့ ယှဉ်ပြိုင်ခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မှာ နိုက်စ်အသင်းရဲ့ အားကစား ကွင်းထဲမှာရှိတဲ့ အိမ်သာထဲမှာ ညစ်ညမ်းရုပ်ရှင် ရိုက်ကူးခဲ့သူတွေကို အရေးယူပေးဖို့ သက်ဆိုင်ရာကို တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။
လိုင်လီအသင်းနဲ့ ယှဉ်ပြိုင်ရာမှာတော့ ၁ ဂိုး- ဂိုးမရှိနဲ့ နိုက်စ်အသင်းက အနိုင်ရရှိခဲ့ပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ ဒီမဖွယ်မရာ အပြုအမူနဲ့ ပတ်သက်ပြီး နိုက်စ်အသင်းကို ဆိုရှယ်အကောင့်များစွာက သတိပေးမှုတွေ လုပ်ခဲ့ကြပါတယ်။
ဒီနောက်မှာတော့ နိုက်စ် အသင်းဟာ အထက်ပါ အဖြစ်အပျက်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာကို တိုင်ကြားမှုတွေ ပြုလုပ်ထားတယ်လို့ ပြင်သစ်ထုတ် RMC Sport က ဖော်ပြခဲ့ပါတယ်။
ကလပ်တစ်ခုတည်းက ဒါကို လုပ်ဆောင်တာ မဟုတ်ဘဲ ဒီအဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ Allianz Riviera ကွင်းရဲ့ တာဝန်ရှိသူတွေကလည်း တိုင်ကြားမှုတွေ ပြုလုပ်ထားပါတယ်။
ညစ်ညမ်းရုပ်ရှင် ရိုက်ခဲ့သူနဲ့ နိုက်စ်အသင်းကိုတွေ့ရစဉ်
နိုက်စ်အသင်းဟာ လိုင်လီအသင်းကို အနိုင်ရခဲ့တဲ့ပွဲ အပါအဝင် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၆ ပွဲဆက် ရှုံးပွဲမရှိသေးဘဲ ဒီအဖြစ်အပျက်အပြီး ကစားခဲ့တဲ့ လီဂူးဝမ်း ၃ ပွဲဆက် အနိုင်ရထားတာပါ။
နိုက်စ်အသင်းဟာ လက်ရှိ လီဂူးဝမ်းပြိုင်ပွဲမှာ ၂၃ ပွဲ ကစားထားပြီး ရမှတ် ၃၇ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေကာ ဥရောပဝင်ခွင့် တစ်နေရာ ရယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ ညစ်ညမ်းရုပ်ရှင် ရိုက်ကူးခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ရလဒ်တွေ မထွက်ပေါ်သေးပေမယ့် နိုက်စ်အသင်းဟာ အခုတစ်ပတ် စနေနေ့မှာ အိမ်ကွင်း ပွဲစဉ်အဖြစ် ရိမ်းစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ပြင်သစ်အသင်းကတော့ ဒီပွဲမှာလည်း နိုင်ပွဲဆက်နေတဲ့ သူတို့ရဲ့ အကောင်းဆုံးပုံစံကို ဆက်ထိန်းနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 710
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါ ၃ နိုင်ငံတို့ ဟာ ဒီပြိုင်ပွဲအတွက် ခြေစစ်ပွဲ အလိုအလျောက် အောင်မြင်တယ်လို့ ဖီဖာက အတည်ပြု လိုက်ပါတယ်။
ဖီဖာရဲ့ သမိုင်းကြောင်း အရတော့ အိမ်ရှင်အဖြစ် ကျင်းပမယ့် နိုင်ငံတွေကို ခြေစစ်ပွဲ ယှဉ်ပြိုင်စရာ မလိုဘဲ နောက်ဆုံးအဆင့် ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ပေးခဲ့တာပါ။
အခုအချိန်မှာတော့ အိမ်ရှင်က ၃ နိုင်ငံဖြစ်တော့ စဉ်းစားစရာတွေ ဖြစ်လာခဲ့ပေမယ့် ဖေဖော်ဝါရီ ၁၄ ရက်က ပြုလုပ်ခဲ့တဲ့ ဖီဖာကောင်စီမှာ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့ ခြေစစ်ပွဲ ဝင်စရာမလိုဘဲ ပြိုင်ပွဲယှဉ်ပြိုင်ခွင့် ရမယ်လို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်း ၃၂ သင်းကနေ ၄၈ အသင်းအထိ တိုးပြီး ကျင်းပသွားမှာပါ။
အိမ်ရှင် ၃ နိုင်ငံ ပါဝင်တဲ့ ကွန်ကာကပ်ဖ်ဇုန်ကတော့ ကမ္ဘာ့ဖလား ဝင်ခွင့်အတွက် နောက်ထပ် ခွဲတမ်း ၃ နေရာ ရရှိမယ်လို့ ဖီဖာအကြီးအကဲ အင်ဖန်တီနိုက ပြောခဲ့ပါတယ်။
အမေရိကန်နဲ့ မက္ကဆီကိုတို့ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲ အများအပြားအတွက် ခြေစစ်ပွဲအောင်ဖို့ အလားအလာ ရှိပေမယ့် နှစ်ပေါင်း ၃၆ နှစ်အကြာမှ ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့် ရခဲ့တဲ့ ကနေဒါအတွက်တော့ ဒါဟာ သတင်းကောင်း ဖြစ်ခဲ့တာပါ။
ဖီဖာကမ္ဘာ့ဖလား အထိမ်းအမှတ်ကိုတွေ့ရစဉ်
ကနေဒါအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၃ ပွဲစလုံး ရှုံးနိမ့်ပြီး အုပ်စုနေရာနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
ဖီဖာကောင်စီဟာ လာမယ့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် နိုင်ငံတွေ ဝင်ရောက် ယှဉ်ပြိုင်ရမယ့် အချိန်ဇယားကိုလည်း ဆုံးဖြတ်ခဲ့ပြီး လာမယ့်နှစ်မှာ ဒါကို ဆုံးဖြတ်ချက် ချသွားမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ တောင်အမေရိက ၄ နိုင်ငံဖြစ်တဲ့ အာဂျင်တီးနား၊ ဥရုဂွေး၊ ပါရာဂွေးနဲ့ ချီလီတို့က ပူးတွဲကျင်းပဖို့ တင်သွင်းထားသလို စပိန်၊ ပေါ်တူဂီနဲ့ ယူကရိန်းတို့ကလည်း ပူးတွဲကျင်းပမှာဖြစ်ပြီး၊ မော်ရိုကိုကတော့ တစ်နိုင်ငံ တည်း ကျင်းပဖို့ တင်သွင်းထားတယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ အာရှနိုင်ငံဖြစ်တဲ့ ကာတာနိုင်ငံမှာ ကျင်းပခဲ့ပြီး အာဂျင်တီးနားအသင်းက ပြင်သစ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 693
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅
ဘရန်ဖို့ဒ်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ လူကျွံဘောဂိုးကို ခွင့်ပြုခဲ့တာနဲ့ ပတ်သက်ပြီး တောင်းပန်နေမယ့်အစား ရမှတ် ၂ မှတ် ပြန်ပေးဖို့ အာဆင်နယ် အသင်းနည်းပြ အာတီတာက ပြောလိုက်ပါတယ်။
အာတီတာက “ဒါဟာ လူရဲ့အမှား မဟုတ်ဘူး။ ခင်ဗျားတို့ရဲ့ အလုပ်ကို နားမလည်ခဲ့တာပါ။ ဒါကို လက်မခံနိုင်ပါ ဘူး။ ဝမ်းနည်းပါတယ်။ အခုတော့ အာဆင်နယ်က ရမှတ် ၂ မှတ် ဆုံးရှုံးသွားပါပြီ။ ဒါကို ပြန်ရမှာ မဟုတ်တော့ပါ ဘူး။ အခု ဒီ ၂ မှတ်ကို လိဂ်ရဲ့ အခြားတစ်နေရာကနေ ရှာဖွေရပါတော့မယ်။ သူတို့က ကျနော့်ကို ၂ မှတ် ပြန်ပေး ရင်တော့ ကျေနပ်မိမှာပါ။ ဒါပေမယ့် ဒါက ဖြစ်လာမှာ မဟုတ်ပါဘူး”လို့ ပြောခဲ့တာပါ။
အာဆင်နယ်နဲ့ ဘရန်ဖို့ဒ်တို့ ပွဲစဉ်မှာ VAR ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့တဲ့ လီမာဆန်ဟာ ဘရန်ဖို့ဒ် အသင်းက တိုနေး ဂိုးသွင်းယူခဲ့တာမှာ လူကျွံဘော ဖြစ်/မဖြစ် စစ်ဆေးတဲ့ မျဉ်းကြောင်းကို ထည့်သွင်း မရေးဆွဲခဲ့တာ ဖြစ် ပါတယ်။
ဒီဆုံးဖြတ်ချက် အမှားကြောင့် ဘရန်ဖို့ဒ်အသင်း သွင်းယူခဲ့တဲ့ ဂိုးကို ခွင့်ပြုခဲ့ရပြီး အာဆင်နယ်အသင်း အဖိုးတန် ၂ မှတ် ဆုံးရှုံးသွားခဲ့တာပါ။ ဒိုင်လူကြီးများ အဖွဲ့ချုပ်ကတော့ အာဆင်နယ်အသင်းကို ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တောင်းပန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အာဆင်နယ်ပွဲမှာ လူကျွံဘော ခွင့်ပြုလိုက်ရစဉ်
အာတီတာကတော့ ဒီတောင်းပန်မှုကို လက်မခံနိုင်ဖြစ်နေပြီး ရမှတ် ၂ မှတ် ဆုံးရှုံးခဲ့လို့ ဒေါသထွက်နေခဲ့တာပါ။
အာဆင်နယ် အားပေးတဲ့ ပရိသတ်တွေဟာဆိုရင် ဒီလို အဖြစ်အပျက်ကြောင့် ဒီပွဲကို ပြန်ကစားဖို့အထိ ဆိုရှယ်မီဒီယာတွေပေါ်မှာ တောင်းဆိုမှုတွေ ရှိနေကြတာ ဖြစ်ပါတယ်။
ဒိုင်လူကြီးများ အဖွဲ့ချုပ်ကတော့ ဒီပွဲစဉ်မှာ VAR ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့တဲ့ လီမာဆန်ကို ဒီတစ်ပတ် ပရီးမီးယား လိဂ်ပွဲစဉ်တွေမှာ တာဝန်ပေးတော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့တာပါ။
ပြီးခဲ့တဲ့ အပတ်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ အာဆင်နယ်အသင်း ပွဲစဉ်တစ်ပွဲတည်း မဟုတ်ဘဲ အခြားပွဲတွေမှာလည်း VAR ဆုံးဖြတ်ချက်ကြောင့် အသင်းတွေ နစ်နာခဲ့ရတဲ့ ပွဲစဉ်တွေ ရှိခဲ့ပါတယ်။
ပဲလေ့စ်နဲ့ ဘရိုက်တန် ပွဲစဉ်မှာလည်း မှားယွင်းပြီး မျဉ်းကြောင်းဆွဲခဲ့မိလို့ ဘရိုက်တန် အသင်း သွင်းယူခဲ့တဲ့ ဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတာပါ။
အဲ့ဒါကြောင့် အဲဒီပွဲမှာ VAR ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဂျွန်ဘရွတ်ခ်ကိုလည်း လာမယ့် ပွဲစဉ်တွေမှာ တာဝန်ပေးထားတာကနေ ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 594
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅
ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲမှာ ဘိုင်ယန်မြူးနစ် အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပေမယ့် ကွာတားဖိုင်နယ် တက်နိုင်ဖို့ ယုံကြည်တယ်လို့ ဘတ်ပီက ပြောလိုက်ပါတယ်။
ဘတ်ပီက “ကျနော်တို့ ဒီပွဲစဉ်ရဲ့ နောက်ဆုံးအပိုင်းကို သတိရနေရပါမယ်။ သူတို့ရဲ့ အနောက်မှာ ရှိတယ်ဆိုပေမယ့် ကျနော်တို့ဟာ သူတို့ကို ဒုက္ခပေးနိုင်တယ်ဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။ ကျနော်တို့ ကစားသမားတွေ အားလုံး ကျန်းမာရေးကောင်းဖို့လိုပြီး အနိုင်ရဖို့နဲ့ နောက်တစ်ဆင့်တက်ဖို့ ဒုတိယအကျော့ ပွဲစဉ်ကို သွားရောက်မှာပါ။ ကျနော်တို့ အားလုံး ကြိုးစားခဲ့ကြပေမယ့် ဒီနေ့မှာတော့ ကျနော် ဒီထက်ပိုပြီး မလုပ်နိုင်တော့ဘူး”လို့ ပြောခဲ့တာပါ။
ဒဏ်ရာကြောင့် ၂ ပတ်ကြာ အနားယူခဲ့ရတဲ့ ဘတ်ပီဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန် ၅၇ မိနစ်မှာ လူစားဝင် ကစားသမားအဖြစ် ဝင်ရောက်လာခဲ့ပြီး အသင်းအတွက် ၂ ဂိုး သွင်းယူပေးခဲ့ပေမယ့် လူကျွံဘောအဖြစ် သတ်မှတ်ခံခဲ့ရလို့ ပီအက်စ်ဂျီ အသင်း နစ်နာခဲ့ရပါတယ်။
ပီအက်စ်ဂျီအသင်းမှာ အင်အားတွေ အပြည့်ရှိ နေတယ်ဆိုရင်တော့ မြူးနစ်မှာ ကစားရမယ့်ပွဲစဉ်မှာ အပြောင်းအလဲ တွေ ဖြစ်လာနိုင်တယ်လို့ ပြင်သစ်တိုက်စစ်မှူးက ယုံကြည်မှုရှိနေတာပါ။
ဘတ်ပီက “ကျနော်တို့ရဲ့ ကစားသမားတွေအားလုံး ကျန်းမာဖို့၊ လူတိုင်း ကောင်းကောင်းမွန်မွန် စားသောက်ပြီး ကောင်းမွန်စွာ အိပ်ပျော်စေဖို့ အရေးကြီးပါတယ်။ ကျနော်တို့ အားလုံး အတူတူ ကစားနိုင်မယ်ဆိုရင် ကောင်းမွန်စွာ ကစားနိုင်တယ်ဆိုတာ ကျနော်တို့ မြင်တွေ့ခဲ့ရတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ဘတ်ပီ ဂိုးသွင်းရန် ကြိုးပမ်းနေစဉ်
ပီအက်စ်ဂျီအသင်းဟာ ဒီရှုံးပွဲကြောင့် နောက်ဆုံး ၃ ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပြီး ၂၀၂၃ ထဲမှာ ရှုံးပွဲကြုံတွေ့ တာ ၅ ပွဲအထိ ရှိလာခဲ့ပြီ ဖြစ်တာပါ။ ပီအက်စ်ဂျီနည်းပြ ဂယ်လ်တီယာကတော့ မြူးနစ်မှာ ကစားမယ့် ဒုတိယ အကျော့ ပွဲစဉ်မှာ ဒီပွဲစဉ်က ရလဒ်ကို ကွဲပြားအောင် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။
ဂယ်လ်တီယာက “ကျနော်တို့မှာ မျှော်လင့်ချက်တွေ အများကြီး ရှိပါသေးတယ်။ ကစားသမား အများအပြား လန်းဆန်းနေဖို့လည်း မျှော်လင့်ပြီး နောက်ဆုံးကစားခဲ့တဲ့ မိနစ် ၂၀ ကနေ ၂၅ မိနစ်အတွင်းမှာ ကစားခဲ့တဲ့ပုံစံ အတိုင်း ကစားနိုင်မယ်ဆိုရင် မျှော်လင့်သလို ဖြစ်လာမှာပါ”လို့ ပြောခဲ့တာပါ။
ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီ အသင်းတို့ရဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို မတ်လ ၈ ရက် နေ့မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 793
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄
ယူနိုက်တက် ကစားသမားဟောင်း ဝိန်းရွန်နီဟာ ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန်အသင်းရဲ့ နည်းပြ ရာထူးကို စိတ်ဝင်စားနေပြီး အင်္ဂလိပ်ဘောလုံးလောကကို ပြန်လာချင်နေတယ်လို့ သိရပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ ဝိန်းရွန်နီဟာ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက် အသင်းကို ကိုင်တွယ်နေတာဖြစ်ပြီး ရာသီကြို လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။
ဝိန်းရွန်နီဟာ မေဂျာလိဂ် ကလပ်အသင်းကို မကိုင်တွယ်ခင် ဒါဘီအသင်းကို ကိုင်တွယ်ခဲ့ပြီး အသင်းပိုင်ရှင် အခြေအနေတွေကြောင့် ထွက်ခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ အင်္ဂလန် ကစားသမားဟောင်းဟာ နည်းပြသစ် ရှာဖွေနေတဲ့ ဆောက်သမ်တန်အသင်း နည်းပြရာထူးကို စိတ်ဝင်စားနေတာပါ။
ဆောက်သမ်တန်အသင်းဟာ ပရီးမီးယားလိဂ်မှာ ရလဒ်တွေဆိုးနေပြီး အမှတ်ပေးဇယား အောက်ဆုံး နေရာမှာ ရပ်တည်နေတာကြောင့် နည်းပြဖြစ်သူ နသန်ဂျုံးစ်ကို ခန့်အပ်ပြီး ၃ လအကြာမှာ နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။
ဆောက်သမ်တန်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာ ၁၀ ယောက်တည်းနဲ့ ကစားခဲ့တဲ့ ဝုလ်ဗ်စ်အသင်းကို အရေးနိမ့်ပြီးနောက် နည်းပြ အပြောင်းအလဲ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
လက်ရှိ အချိန်မှာတော့ ဝိန်းရွန်နီဟာ ဒီရာထူးကို ရယူဖို့ စိတ်ဝင်စားနေတယ်လို့ talkSPORT က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ဆောက်သမ်တန် အသင်းနည်းပြ ရာထူးအတွက် ဝိန်းရွန်နီရဲ့ အင်္ဂလန် အသင်းဖော်ဟောင်းတွေ ဖြစ်တဲ့ လမ်းပတ်နဲ့ ဂျရတ်တို့လည်း စိတ်ဝင်စားနေတာပါ။
သူတို့နှစ်ဦးဟာ အဲဗာတန်၊ အက်စတွန်ဗီလာ အသင်းနည်းပြ ရာထူးကနေ ထုတ်ပယ်ခံရပြီး အသင်းလက်မဲ့ ဖြစ်နေခဲ့ပါတယ်။
ဒါ့အပြင် လိဒ်စ်အသင်းကနေ ထုတ်ပယ်ခံထားရတဲ့ ဂျက်ဆီမာ့ချ် အပါအဝင် ပရီးမီးယားလိဂ် နည်းပြဟောင်းတွေ ဖြစ်တဲ့ ပိုချက်တီနို၊ ဆမ်အလာဒိုက်စ်၊ နူနိုဆန်းတို့စ်တို့လည်း ရေပန်းစားနေတဲ့ နည်းပြစာရင်းထဲမှာ ပါဝင်ခဲ့တာပါ။
နည်းပြသစ်ကတော့ ဆောက်သမ်တန် အသင်းကို တန်းဆင်းဇုန်က လွတ်မြောက်ပြီး ပရီးမီးယားလိဂ်မှာ ဆက်လက် ရပ်တည်နိုင်အောင် ဦးစားပေး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
ဆောက်သမ်တန် အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနဲ့ အဝေးကွင်း ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: The Sun
- By CNI
- Category: အားကစား
- Hits: 759
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄
အယ်လ်နာဆာအသင်း တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပေါင် ၁၁၄,၀၀၀ တန်ကြေးရှိ ပတ္တမြားနဲ့ နီလာတို့ ပါဝင်တဲ့ ရွှေရောင် Rolex နာရီကို ဝတ်ဆင်ပြီး ရိုက်ကူးရေး ပြုလုပ်ခဲ့ပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ အခုအပတ် အစောပိုင်းက အယ်လ်နာဆာအသင်း ထုတ်လွှင့်ခဲ့တဲ့ ဓါတ်ပုံ နဲ့ ဗွီဒီယိုမှာ သူ့ရဲ့ တန်ဖိုးကြီးမားတဲ့ နာရီကို ပြသခဲ့တာပါ။
အဲဒီနာရီဟာ Rolex GMT-Master II ဖြစ်ပြီး အနီရောင်နဲ့ အပြာရောင် ကျောက်မျက် ရတနာတို့နဲ့ စီခြယ်ထားတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုနဲ့ ချစ်သူဖြစ်တဲ့ ဂျော်ဂျီနာတို့ဟာ တန်ဖိုးကြီးမားတဲ့ လက်ဝတ်ရတနာတွေကို နှစ်သက် ကြတဲ့ သူတွေ ဖြစ်ပြီး ၂၀၂၀ တုန်းက ရော်နယ်ဒိုဟာ ရွှေဖြူ ၁၈ ကာရက်နဲ့ ပြုလုပ်ထားပြီး စိန်တွေနဲ့ ဖုံးအုပ်ထားတဲ့ ပေါင် ၃၇၀,၀၀၀ တန်ကြေးရှိ Rolex နာရီကို ဝတ်ဆင်ခဲ့တာပါ။
ဂျော်ဂျီနာ ဆိုရင်လည်း ပြီးခဲ့တဲ့နှစ်က ပေါင် ၁.၆ သန်း တန်ကြေးရှိ လက်ဝတ်ရတနာတွေ ဝတ်ဆင်ခဲ့ပြီး သူမ စုဆောင်းထားတဲ့ အရာတွေကို ပရိသတ်တွေကို ချပြခဲ့တာ ဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းမှာ ကစားနေတဲ့ ရော်နယ်ဒိုကိုတွေ့ရစဉ်
ရော်နယ်ဒိုဟာ ဇိမ်ခံကား အများအပြားကိုလည်း နှစ်သက် သဘောကျပြီး နောက်ဆုံးပေါ် တန်ဖိုးကြီးမားတဲ့ ကားတွေကို ဝယ်ယူပြီး စုဆောင်းလေ့ရှိပါတယ်။
လက်ရှိအချိန်မှာတော့ ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့ပြီး ဆော်ဒီမှာ ကစားသမားဘဝကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။
ပေါ်တူဂီ ကစားသမားဟာ နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲစဉ်မှာ အယ်လ်နာဆာ အသင်းအတွက် ၄ ဂိုးသွင်းယူပြီး လိဂ်သွင်းဂိုး ၅၀၀ ကျော်ဖြတ်နိုင်တဲ့ စံချိန်သစ် တင်နိုင်ခဲ့တာပါ။
ရော်နယ်ဒိုဟာ အယ်လ်နာဆာအတွက် ကစားခဲ့တဲ့ အဖွင့် ၃ ပွဲမှာ ၁ ဂိုးသာ သွင်းနိုင်လို့ ဝေဖန်မှုတွေ ခံခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ ၄ ပွဲကစားပြီး ၅ ဂိုးသွင်းယူကာ ခြေစွမ်းပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
အယ်လ်နာဆာ အသင်းဟာ ဒီတစ်ပတ်မှာတော့ အယ်လ်တာဝေါင်အသင်းနဲ့ အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာပါ။
အယ်လ်နာဆာအသင်းဟာ ဆော်ဒီလိဂ် အမှတ်ပေး ဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာက အယ်လ်အီတီ ဟတ် အသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက် အသာရနေတာ ဖြစ်ပါတယ်။
Source: The Sun
- By CNI
- Category: အားကစား
- Hits: 722
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄
ပီအက်စ်ဂျီအသင်း အဓိကတိုက်စစ်မှူး နေမာက မိုနာကိုအသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ အားကစား ဒါရိုက်တာ ကမ်ပို့စ်နဲ့ ပြဿနာဖြစ်ခဲ့တယ်ဆိုပြီး ထွက်ပေါ်လာတဲ့ သတင်းတွေကို အတည်ပြုလိုက်ပါတယ်။
နေမာက “ပြဿနာဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ကျနော်တို့ဟာ ပြောတာကို သဘောမတူခဲ့တဲ့အတွက် ဒါနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ ကျနော်တို့ဟာ ဘောလုံးအကြောင်း ပြောနေတာဖြစ်ပြီး ဘောလုံး ဆိုတာ ဆက်သွယ်မှုပါ။ နှစ်ဖက်စလုံးမှာ လေးစားမှုတွေ ရှိပေမယ့် တစ်ခါတစ်ရံမှာတော့ ခင်ဗျားတို့ သဘောမတူ တဲ့ အရာတွေ ရှိပါတယ်။ ဒါကြောင့်လည်း ကစားပုံ တိုးတက်လာဖို့နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ရှိနိုင်ပါတယ်။ ကျနော်တို့ဟာ အမြဲတမ်း အနိုင်ရချင်တာကြောင့် ပွဲအနည်းငယ် ရှုံးတဲ့အချိန်မှာ စိတ်ပျက်မိပါတယ်”လို့ ပြောခဲ့တာပါ။
ပီအက်စ်ဂျီအသင်းဟာ ၂ ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့တာကြောင့် အားကစားဒါရိုက်တာ ကမ်ပို့စ်က ကစားသမားတွေ ဟာ နိုင်လိုစိတ် ကင်းမဲ့နေတယ်ဆိုပြီး အဝတ်စားလဲခန်းထဲ ဝင်ရောက်ကာ ပြောခဲ့တယ်လို့ ပြင်သစ်သတင်းတွေမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
နေမာကိုတွေ့ရစဉ်
ကစားသမား တချို့ကတော့ ဘာမှပြောဆိုခြင်း မရှိခဲ့ပေမယ့် နေမာနဲ့ မာကွင်ဟိုစ်တို့ကတော့ ပြင်းပြင်းထန်ထန် တုန့်ပြန် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပြီး အငြင်းအခုံတွေ ဖြစ်ခဲ့ကြတာပါ။
နေမာက “အဝတ်စားလဲခန်းမှာ ဒီလိုအရာတွေကို ပိတ်ပင်ထားရမှာပါ။ စာနယ်ဇင်း သမားတွေ ဝင်ရောက်လာ ရင်တော့ ဒါတွေဟာ မြန်မြန်ဆန်ဆန်နဲ့ အပြင်ကို ရောက်သွားနိုင်ပါတယ်။ ဒီလို သတင်းအချက်အလက်တွေ ရှိလာတဲ့အခါမှာ ကျနော်တို့ ဒေါသထွက်ပါတယ်။ ဒါက ပီအက်စ်ဂျီမှာ ကျနော့်ရဲ့ ၆ ရာသီမြောက်ဖြစ်ပြီး ခက်ခဲ ပါတယ်။ ဒါက ကျနော့်ကို ထိခိုက်ရုံတင် မဟုတ်ဘဲ တစ်သင်းလုံးကို ထိခိုက်စေပါတယ်။ ဖြစ်ပျက်နေတာတွေကို ဖော်ထုတ်ရမှာဖြစ်ပြီး အဝတ်လဲခန်းက အရာတွေက အပြင်ကို မထွက်သင့်ပါဘူး”လို့ ပြောခဲ့ပါတယ်။
နေမာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ပြန်လာပြီးကတည်းက ပီအက်စ်ဂျီအတွက် ၁ ဂိုးသာ သွင်းယူထားနိုင်ပြီး မကြာသေးခင်ကမှ ဒဏ်ရာကနေ ပြန်ကောင်းမွန်လာတာကြောင့် အကောင်းဆုံးပုံစံရဖို့ ရုန်းကန်နေရပါတယ်။
ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးရှင်ဖြစ်တဲ့ နေမာဟာ ဒီရာသီမှာ ပီအက်စ်ဂျီ အသင်းအတွက် ၂၇ ပွဲ ကစားထားပြီး ၁၇ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 799
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄
လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၃ အဖြစ် ကစားခဲ့တဲ့ မာဆေးဆိုဒ်ဒါဘီပွဲစဉ်မှာ အဲဗာတန်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဒီနိုင်ပွဲဟာ အသင်းအတွက် တကယ်လိုအပ်တယ်လို့ နည်းပြ ကလော့ပ်က ပြောလိုက် ပါတယ်။
ကလောပ့်က “စိတ်သက်သာရရသွားခဲ့ပါတယ်။ဒါဟာ ပွဲသိမ်းခရာမှုတ်ပြီးကတည်းက အဓိကခံစားခဲ့ရတဲ့ ခံစားချက်ပါပဲ။စွမ်းဆောင်ရည်ကို ကျေနပ်ခဲ့ပြီး ကျနော်တို့ ကစားချင်တဲ့ပုံစံအတိုင်း ကစားနိုင်ခဲ့သလို အဲဗာတန် ကစားချင်တဲ့ ပုံစံမရောက်အောင်လုပ်နိုင်ခဲ့ပါတယ်။အမြဲတမ်းတော့ ဒီလိုမလုပ်နိုင်ပေမယ့် သူတို့လိုချင်တဲ့ တည်ကန်ဘောတွေ အများကြီးမရအောင်တော့ လုပ်နိုင်ခဲ့ပါတယ်။တည်ကန်ဘောဟာ ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်ပြီး ဒါကို သူတို့လိုချင်တာပါ။ကျနော်တို့ ရခဲ့တဲ့ ၂ ဂိုးစလုံးက တန်ပြန်တိုက်စစ်တွေကနေဖြစ်ပြီး ဒါကို ကျနော် သဘောကျပါတယ်။ကျနော်တို့အတွက် ဒီပွဲလိုအပ်သလို၊ ဒီစွမ်းဆောင်ရည်လည်း လိုအပ်ပါတယ်။ဒီပွဲမှာ ကျနော်တို့ အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်” လို့ ပြောခဲ့တာပါ။
ဒီပွဲမှာ လီဗာပူးလ်အတွက် ဂိုးတွေကို ဆာလတ်နဲ့ ဂတ်ခ်ပိုတို့က သွင်းယူခဲ့တာဖြစ်ပါတယ်။ ဆာလတ်အတွက် ကတော့ ဘောက်ဆင်ဒေးနောက်ပိုင်း ပထမဆုံးသွင်းယူခဲ့တဲ့ ဂိုးဖြစ်ခဲ့သလို ဂတ်ခ်ပိုအတွက်လည်း လီဗာပူးလ် ကစားသမားဘ၀ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့တာပါ။ဒါ့အပြင့် လီဗာပူးလ်အသင်းဟာ ရလာဒ်ဆိုးတွေကို အဆုံးသတ်ပြီး ၂၀၂၃ မှာ ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယားအဆင့် ၉ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး အဆင့် ၄ နေရာက နယူးကာဆယ်အသင်းနဲ့ ၉ မှတ် ကွာဟနေတာပါ။လီဗာပူးလ်တိုက်စစ်မှူး ဆာလတ်က အဲဗာတန်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ အရင် လီဗာပူးလ်ကို ပြန်မြင်တွေ့နေရတယ်လို့ ပြောခဲ့ပါတယ်။ဆာလတ်ဟာ ဒီရာသီမှာ ပြီးခဲ့တဲ့ ရာသီတွေကလို အကောင်းဆုံးပုံစံတွေ ပြသနိုင်ခြင်းမရှိသေးဘဲ ပရီးမီးယားလိဂ် ၂၁ ပွဲ ကစားအပြီးမှာ ၈ ဂိုးသာ သွင်းယူထားနိုင်တာပါ။
ဆာလတ်က “ဒါဟာ ကျနော်တို့အတွက် ကြီးမားတဲ့နိုင်ပွဲပါပဲ။ကျနော်တို့ဟာ ပြင်ဆင်ဖို့အတွက် ပြီးပြည့်စုံတဲ့ ရက် သတ္တပတ်ရှိခဲ့တယ်လို့ ထင်ပြီး ဒါဟာ အစဖြစ်ဖို့ မျှော်လင့်ပါတယ်။ဟန်ဒါဆန်နဲ့ မီလ်နာတို့က ကျနော်တို့ ဘောလုံး ကစားဖို့လိုတယ်လို့ ပြောခဲ့ကြပါတယ်။ကျနော်တို့ရဲ့ ကစားပုံကလည်း ကောင်းမွန်လာခဲ့ပြီး ဒါဟာ အရင် လီဗာပူးလ်လိုပါပဲ” လို့ ပြောခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်း အိမ်ကွင်းမှာ သွားကစားရမှာ ဖြစ်ပြီး ဒီပွဲပြီးရင်တော့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ရီးရယ်လ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:DailyMail