- By CNI
- Category: အားကစား
- Hits: 966
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂
ယူနိုက်တက်အသင်းရဲ့ပူးတွဲပိုင်ရှင်ဖြစ်လာတဲ့ ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ်က တိုက်စစ်မှူး ဂရင်းဝုဒ်ရဲ့ အနာဂတ်ဟာ အသင်းမှာ ရှိနိုင်သေးတယ်လို့ ပြောလိုက်ပါတယ်။
ဆာဂျင်ရက်ကလစ်ဖ်က "ကျနော်တို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှာပါ။ အမှန်တရားကို နားလည်ဖို့ ကြိုးစား သွားမှာပါ။ သူကလူကောင်းလား၊ လူဆိုးလား။ သူက စိတ်ရင်းမှန်နဲ့ ကောင်းမွန်စွာ ကစားနိုင်မလား။ ကျနော်တို့နဲ့ ရော ပရိသတ်တွေနဲ့ရော အဆင်ပြေမှုရှိမလား။ ဒါကို ကျနော်တို့ ဆုံးဖြတ်သွားရမှာပါ"လို့ ပြောခဲ့တာပါ။
ယူနိုက်တက် အကယ်ဒမီထွက် ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ဂီတာဖေးအသင်း ထံ ရာသီအကုန်ထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဂရင်းဝုဒ် စွဲချက်တင်ခံခဲ့ရတဲ့ အမှုတွေအားလုံးကနေ ကင်းလွတ်ခွင့်ရပြီးနောက် အသင်း အတွင်းပိုင်းမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ကာ သူ့ကို ပြန်လည် အသုံးပြုဖို့ စဉ်းစားခဲ့သေးတာပါ။
ဒါပေမယ့် ကန့်ကွက်မှုတွေရှိခဲ့တာကြောင့် ဂရင်းဝုဒ်ကို အငှားချခဲ့ရတာ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ အခုရာသီအကုန်မှာ ဂရင်းဝုဒ်ကို ရောင်းချပြီး ပြောင်းရွှေ့ကြေးရှာဖွေဖို့ စဉ်းစားနေတာပါ။
ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းမှာ ပြသနေတဲ့ ခြေစွမ်းတွေကြောင့် ဘာစီလိုနာအသင်း အပါအဝင် ထိပ်သီး အသင်းတွေရဲ့ ပစ်မှတ်ဖြစ်နေခဲ့ပါတယ်။
ဒီအချိန်မှာ ယူနိုက်တက်အသင်းရဲ့ တရားဝင် ပူးတွဲပိုင်ရှင်ဖြစ်လာတဲ့ ဆာဂျင်ရက်ကလစ်ဖ်က ဂရင်းဝုဒ်ကို အသင်းမှာ ပြန်လည်ကစားနိုင်ဖို့ လမ်းဖွင့်ထားတဲ့ အကြောင်းကို ပြောလာခဲ့တာပါ။
ဂရင်းဝုဒ်ဟာ ဒီရာသီမှာ ဂီတာဖေးအသင်းအတွက် ၂၄ ပွဲ ပါဝင်ကစားထားပြီး ၇ ဂိုးသွင်းယူကာ ၅ ဂိုး ဖန်တီးထားတာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 983
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂
လီဗာပူးလ်အသင်းဟာ အဓိက ကစားသမား အများအပြား ဒဏ်ရာတွေနဲ့ ရင်ဆိုင်နေရပေမယ့် နည်းပြကလောပ့် ကတော့ ကစားသမား ၁၁ ဦးရှိရင် ကာရာဘောင်းလိဂ်ဖလားဗိုလ်လုပွဲယှဉ်ပြိုင်လို့ရတယ်လို့ ပြောခဲ့ပါတယ်။
ကလောပ့်က “ဗိုလ်လုပွဲအတွက် ဘယ်ကစားသမားတွေ ကြံ့ခိုင်မှုပြည့်ဝမလဲဆိုတာ ကြည့်ရမှာပါ။ ဒါပေမယ့် လူတန်အသင်းနဲ့ပွဲမတိုင်ခင် ကျနော်ပြောခဲ့သလိုပါပဲ၊ ကစားသမား ၁၁ ဦးရှိရင် ဗိုလ်လုပွဲကို ကျနော်တို့သွားမှာပါ။ ကျနော်တို့ဟာ ဗိုလ်လုပွဲမှာ ရေပန်းစားသလားဆိုရင်တော့ မဟုတ်ပါဘူး။ ကျနော်တို့ ချယ်လ်ဆီးအသင်းနဲ့ နောက်ဆုံးကစားခဲ့တဲ့ အချိန်ပြီးကတည်းက သူတို့ဟာ အများကြီး တိုးတက်လာခဲ့ပါတယ်။ ဒီပွဲဟာ ထူးခြားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ လူတန်အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဓိက ကစားသမား ၉ ဦးအထိ ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။
ဒီကစားသမားတွေကတော့ အလီဆန်၊ အာနိုးလ်၊ ဂျိုတာ၊ ဆာလက်၊ သီယာဂို၊ ဆိုဘော့ဇ်လိုင်း၊ မာတစ်၊ ကာတစ်ဂျုံးစ်နဲ့ ဒါဝင်နူးနက်ဇ်တို့ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ဖေဖော်ဝါရီ ၂၅ ရက်မှာ ချယ်လ်ဆီးအသင်းနဲ့ ကာရာဘောင်းလိဂ်ဖလား ဗိုလ်လုပွဲယှဉ်ပြိုင်ဖို့ ရက်ပိုင်းအလိုမှာ အဓိက ကစားသမား အများအပြား ဒဏ်ရာရရှိနေတာကြောင့် စိုးရိမ်မှုတွေရှိနေပါတယ်။

လီဗာပူးလ်အသင်း နည်းပြ ကလော့ပ်ကို တွေ့ရစဉ်
ဒါပေမယ့် နည်းပြကလော့ပ်ကတော့ သူတို့ဟာ ပွဲကစားလို့ရမယ့် ကစားသမား ၁၁ ဦးရှိရင်တောင် ဗိုလ်လုပွဲကို ယှဉ်ပြိုင် သွားမယ်လို့ ပြောပါတယ်။
လီဗာပူးလ်အသင်းဟာ လူတန်အသင်းနဲ့ပွဲစဉ်မှာ ပျှမ်းမျှ ၂၅ နှစ်နဲ့ ၆၈ ရက်သာရှိတဲ့ ပွဲထွက်လူစာရင်းကို အသုံးပြုခဲ့ တာဖြစ်ပြီး ဒါဟာ အသင်းအတွက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်း အသက်အငယ်ဆုံး ပွဲထွက်လူစာရင်း ဖြစ်ခဲ့တာပါ။
ဒါ့အပြင် လီဗာပူးလ်အသင်းဟာ အရန်လူစာရင်းမှာ အသက် ၁၉ နှစ်နဲ့အောက် ကစားသမား ၅ ဦးအထိ ထည့်သွင်း လာခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ လူတန်အသင်းနဲ့ပွဲမှာ ပွဲချိန် ၁၂ မိနစ်ကတည်းက လူတန်အသင်းရဲ့ ဦးဆောင်ဂိုး သွင်းယူခြင်း ခံခဲ့ရပေမယ့် ဒုတိယပိုင်းမှာ ဗန်ဒိုက်၊ ဂတ်ပို၊ ဒီယက်ဇ်နဲ့ အီးလီးယော့တို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူပေးနိုင်ခဲ့တာပါ။
အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ အဆင့် ၂ နေရာက မန်စီးတီးအသင်းထက် ၁ ပွဲ ပိုကစားထားပြီး ရမှတ် ၄ မှတ် အသာနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 940
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂
အာဆင်နယ်အသင်းဟာ ပေါ်တိုအသင်းကို ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် ဒီရှုံးနိမ့်မှုကနေ သင်ယူမှုတွေ ပြုလုပ်ရမယ်လို့ နည်းပြ အာတီတာက ပြောလိုက်ပါတယ်။
အာတီတာက ‘ပွဲပြီးဆုံးမယ့် အချိန်မှာ ပေးခဲ့ရတဲ့ဂိုးကြောင့် ကျနော် အလွန်စိတ်ပျက်မိပါတယ်။ ကျနော်တို့ဟာ ဒီလိုအခြေအနေကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခြင်းမရှိရင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အပြစ်ပေးခံရမှာပါ။ ကျနော်တို့ ဟာ ပိုကောင်းအောင် ကြိုးစားရမှာဖြစ်သလို ဒီရှုံးနိမ့်မှုကနေ သင်ယူရမှာပါ။ အခုမှ ပထမပိုင်းပဲ ရှိသေးတဲ့အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ကို တက်ချင်တယ်ဆိုရင် ပြိုင်ဘက်ကို အိမ်ကွင်းမှာ အနိုင်ရအောင် ကစားရ မှာပါ။ ဒါက ကျနော်တို့ရဲ့ ရည်ရွယ်ချက်နဲ့ အစီအစဉ်ပါပဲ”လို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပေါ်တိုအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်ရဲ့ပွဲချိန် ၉၄ မိနစ်မှာ ပေးခဲ့ရတဲ့ ဂါလီနိုရဲ့ သွင်းဂိုးကြောင့် ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ပေါ်တိုအသင်းကို ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့တာဖြစ်ပြီး ဂိုးပေါက်တည့်မှု ၁ ကြိမ်မှ မရှိခဲ့တာပါ။

အာဆင်နယ်အသင်းနည်းပြ အာတီတာကို တွေ့ရစဉ်
အာဆင်နယ်အသင်းဟာ ဒီပွဲမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ၇ ကြိမ်စလုံးမှာ ၁၆ သင်းအဆင့် ကနေသာ လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဒီမှတ်တမ်းဆိုးကြီးကို အဆုံးသတ်နိုင်ဖို့အတွက် အိမ်ကွင်းမှာ ကစားရမယ့် ဒုတိယအကျော့ပွဲစဉ်မှာ အာဆင်နယ်အသင်းအနေနဲ့ အနိုင်ရယူဖို့ လိုအပ်နေပါတယ်။
အာဆင်နယ်အသင်းကွင်းလယ်လူ ဒီကလန်ရိုက်စ်ကတော့ ဒီရှုံးပွဲကြောင့် စိတ်ပျက်ခဲ့ပေမယ့် အသင်းဟာ အလွန် အပြုသဘောဆောင်တဲ့ အစုအဖွဲ့နဲ့အတူ ၂၀၂၄ ခုနှစ်ထဲမှာ ကောင်းမွန်တဲ့ စတင်မှုတွေရှိခဲ့တာကြောင့် ဒုတိယ အကျော့မှာ အကောင်းဆုံး လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်မှုရှိကြောင်း ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပေါ်တိုအသင်းကို အရေးနိမ့်ခဲ့တဲ့အတွက် နောက်ဆုံး ၅ ပွဲဆက်တိုက် နိုင်ပွဲရရှိတဲ့ မှတ်တမ်းကောင်းလည်း ရပ်တန့်သွားခဲ့ရပါတယ်။
အာဆင်နယ်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နယူးကာဆယ်အသင်း အိမ်ကွင်းမှာ ကစားခဲ့တုန်းက ရှုံးနိမ့်မှုကို ပြန်လည်တုန့်ပြန်နိုင်ဖို့ မျှော်လင့်နေပါတယ်။
အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယားမှာ အဆင့် ၃ နေရာ ရပ်တည်နေပြီး အဆင့် ၁ နေရာက လီဗာပူးလ်အသင်းနဲ့ ၅ မှတ် ကွာဟနေတာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 930
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁
အိုင်ဗရီကို့စ်ဘောလုံးအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ အာဖရိကဖလားပြိုင်ပွဲမှာ နိုင်ငံအသင်းကို ချန်ပီယံဆု ရရှိအောင် ကိုင်တွယ်ပေးခဲ့တဲ့ နည်းပြ အီမားစ်ဖေးကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့ပါတယ်။
အိုင်ဗရီကို့စ်အသင်းဟာ အာဖရိကဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်အပြီးမှာ နည်းပြ လူးဝစ်ဂတ်ဆက်ကို ရာထူးက ထုတ်ပယ်ပြီးနောက် လက်ထောက်နည်းပြ အီမားစ်ဖေးကို ယာယီနည်းပြအဖြစ် တာဝန်ပေးခဲ့တာပါ။
အိုင်ဗရီကို့စ်အသင်းဟာ အုပ်စုတွင်း အကောင်းဆုံး အုပ်စုတတိယအဖြစ် ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့ပြီး ၁၆ သင်းအဆင့်မှာ ဆီနီဂေါအသင်းကို ပင်နယ်တီ အဆုံးအဖြတ်၊ ကွာတားဖိုင်နယ်မှာ မာလီအသင်းကို အချိန်ပိုနဲ့ ဆီမီးဖိုင်နယ်မှာ ကွန်ဂိုအသင်းကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အိုင်ဗရီကို့စ်အသင်းဟာ ဗိုလ်လုပွဲမှာတော့ နိုင်ဂျီးရီးယားအသင်းကို အနိုင်ရယူပြီး အာဖရိကဖလား ချန်ပီယံဆုကို ၃ ကြိမ်မြောက် ရယူနိုင်ခဲ့တာပါ။

အိုင်ဗရီကို့စ်အသင်း ဆုဖလားရစဉ်
အီမားစ်ဖေးဟာ သူရဲ့လက်ထက်မှာ အိုင်ဗရီကို့စ်အသင်းကို ရလဒ်ကောင်းရရှိအောင် စွမ်းဆောင်ပေးပြီး ချန်ပီယံ ဖြစ်အောင် ကိုင်တွယ်ပေးနိုင်ခဲ့တာကြောင့် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာ ဖြစ်ပါတယ်။
အိုင်ဗရီကို့စ် ဘောလုံးအဖွဲ့ချုပ်ဟာ အီမားစ်ဖေးကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့ပေမယ့် စာချုပ်သက်တမ်းကိုတော့ ဖော်ပြခဲ့ခြင်း မရှိတာပါ။
အိုင်ဗရီကို့စ်အသင်းဟာ လာမယ့်လမှာ အာဂျင်တီးနားအသင်းနဲ့ ခြေစမ်းပွဲ ကစားဖို့ရှိပေမယ့် တရုတ်နိုင်ငံက ဒီခြေစမ်းပွဲကို ဖျက်ခဲ့တာကြောင့် ဇွန်လရောက်မှသာ ပွဲတွေကို ပြန်ပြီးယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။
အိုင်ဗရီကို့စ်အသင်းဟာ ဇွန်လမှာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာဖရိကဇုန်)ပွဲစဉ်တွေအဖြစ် ဂါဘွန်၊ ကင်ညာတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။
အိုင်ဗရီကို့စ်အသင်းဟာ ခြေစစ်ပွဲ ၂ ပွဲကစားအပြီးမှာ ၂ ပွဲစလုံး အနိုင်ရရှိထားတာ ဖြစ်ပါတယ်။
အိုင်ဗရီကို့စ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း မရှိလို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရခြင်း မရှိတာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ပစ်မှတ်ထား နေတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 965
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁
တောင်ကိုရီးယားအသင်း ခေါင်းဆောင် ဆွန်ဟောင်မင်က ပြီးခဲ့တဲ့ အာရှဖလားပြိုင်ပွဲမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ် အပျက်ကြောင့် တောင်ပံကစားသမား လီကန်အင်က သူ့ကိုတောင်းပန်ခဲ့ပြီးနောက် ပရိသတ်တွေအနေနဲ့ လီကန်အင်ကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဆွန်ဟောင်မင်က “လီကန်အင်က သူ့ရဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး ကျနော် အပါအဝင် နိုင်ငံအသင်း ကစားသမား အားလုံးကို စိတ်ရင်းမှန်နဲ့ တောင်းပန်ခဲ့ပါတယ်။ လီကန်အင် အနေနဲ့ ဒီလိုအမှားတွေ ထပ်ပြီး မလုပ်မိအောင် ကျနော်တို့အားလုံး သူ့ကို အထူးဂရုစိုက်သွားမှာပါ။ ဒါမှသူဟာ ပိုကောင်းတဲ့သူ၊ ပိုကောင်းတဲ့ ကစားသမားအဖြစ် ကြီးပြင်းလာမှာပါ။ ဒီအဖြစ်အပျက်တွေပြီးကတည်းက သူဟာ ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းနေရပါတယ်။ အဲဒါကြောင့် ကျေးဇူးပြုပြီး သူ့ကိုခွင့်လွတ်ပေးပါ”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့တာပါ။
တောင်ကိုရီးယားအသင်းနဲ့ ဂျော်ဒန်အသင်းတို့ ကစားခဲ့တဲ့ အာရှဖလား ဆီမီးဖိုင်နယ်ပွဲစဉ် မတိုင်ခင်မှာ ပီအက်စ်ဂျီ ကစားသမား လီကန်အင်ဟာ စားပွဲတင် တင်းနစ်ကစားဖို့အတွက် လူငယ်အချို့နဲ့ အသင်းသားတွေရဲ့ ညစာ စားပွဲ ကနေ စောစီးစွာ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဆွန်ဟောင်မင်ဟာ ညစာစားပွဲကို ပြန်လာဖို့ ပြောခဲ့တာမှာ လီကန်အင်နဲ့ အငြင်းအခုံဖြစ်ခဲ့ပြီး လက်ချောင်း အဆစ်လွဲတဲ့ ဒဏ်ရာရရှိခဲ့တာပါ။

ဆွန်ဟောင်မင် လက်ဆစ်လွဲသွားစဉ်
ဒီအဖြစ်အပျက်တွေကြောင့် တောင်ကိုရီးယား အသင်းကလည်း ဂျော်ဒန်အသင်းနဲ့ပွဲမှာ အရေးနိမ့်ပြီး အာရှဖလား ပြိုင်ပွဲမှာ ဆုဖလားရယူနိုင်မယ့် မျှော်လင့်ချက်ကို အဆုံးသတ်ခဲ့ရပါတယ်။
ဆွန်ဟောင်မင်ဟာ တောင်ကိုရီးယားနိုင်ငံမှာ နာမည်အကြီးဆုံး အားကစားသမား ဖြစ်တာကြောင့် လီကန်အင်ဟာ နိုင်ငံအတွင်းမှာ ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ခံခဲ့ရတာပါ။
လီကန်အင်ဟာ ဒီဖြစ်ရပ်တွေကြောင့် လန်ဒန်ကို သွားရောက်ကာ ဆွန်ဟောင်မင်ကို တောင်းပန်ခဲ့တာဖြစ်ပါတယ်။
လီကန်အင်က “ကျနော် ညစာစားပွဲမှာ လုပ်ခဲ့တဲ့အရာဟာ မလုပ်သင့်တဲ့အရာပါ။ ဒီအတွက် ကျနော် အလွန် နောင်တရမိပါတယ်။ ကျနော့်ရဲ့ စီနီယာတွေနဲ့ အသင်းဖော်တွေကို ဆက်ဆံတဲ့အခါမှာ မှန်ကန်တဲ့ စိတ်နေ သဘောထားနဲ့ ယဉ်ကျေးမှုရှိဖို့ ကတိပေးပါတယ်။ ဆွန်ဟာ ကျနော်တောင်းပန်မှုကို လက်ခံခဲ့တဲ့အတွက် သူ့ကို ကျနော်ထပ်ပြီး ကျေးဇူးတင်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ဆွန်ဟောင်မင်ဟာ တောင်ကိုရီးယားအသင်းအတွက် ၁၂၃ ပွဲ ကစားထားပြီး ၄၄ ဂိုး သွင်းယူထားကာ လီကန်အင် ကတော့ ၂၅ ပွဲ ကစားထားပြီး ၇ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 1015
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁
အင်တာမီလန်အသင်းနည်းပြ အင်ဇာဂီက အသလက်တီကိုအသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ အသင်းအနေနဲ့ ဒီထက်ဂိုး ပိုပြီး သွင်းယူနိုင်ခဲ့သင့်တယ်လို့ ပြောခဲ့ပါတယ်။
အင်ဇာဂီက “အနိုင်ရခဲ့လို့ ကျေနပ်ပါတယ်။ ကစားသမားတွေဟာ အလွယ်တကူ ယှဉ်ပြိုင်လို့မရတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ နည်းစနစ်ပိုင်းဆိုင်ရာ အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရပြီး ကောင်းမွန်စွာ လုပ်နိုင်ခဲ့ပါတယ်။ ဒါက ပထမအကျော့ပဲရှိသေးပြီး ဒုတိယအကျော့က ပိုပြီးခက်မယ်ဆိုတာ ကျနော်တို့သိပါတယ်။ ကျနော်တို့ဟာ ဖန်တီးခဲ့တဲ့ ရလဒ်အတွက် နောင်တရစရာတွေရှိနေပြီး ဒီထက်ဂိုး ပိုသွင်းဖို့ ထိုက်တန်ခဲ့ပါတယ်။ ဒါကဘောလုံးဖြစ်ပြီး ကျနော်တို့ ဆက်သွား ရမယ်”လို့ ပြောကြားခဲ့ပါတယ်။
အင်တာမီလန်အသင်းဟာ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ အသလက်တီကို အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး အနိုင်ဂိုးကို ပွဲချိန် ၇၉ မိနစ်မှာ အာနော်တိုဗစ်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အင်တာမီလန်အသင်းဟာ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းမှု ၁၉ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၅ ကြိမ်အထိ ရှိခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းခဲ့လို့ ဒီထက်ဂိုးပြတ် မသွင်းယူနိုင်ခဲ့တာပါ။

အင်ဇာဂီကို တွေ့ရစဉ်
အသလက်တီကို အသင်းကတော့ ဂိုးပေါက်ကန်သွင်းမှု ၇ ကြိမ် ရှိခဲ့ပေမယ့် ဂိုးပေါက်တည့်မှု ၁ ကြိမ်မှ မရှိခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီက ဘိုလော့ဂ်နာအသင်းကနေ ရောက်ရှိလာခဲ့တဲ့ အာနော်တိုဗစ်ဟာ အနိုင်ဂိုး မသွင်းယူနိုင်ခင် အခွင့်အရေးတွေ လွဲချော်ခဲ့ပေမယ့် အဖိုးတန် အနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့တာကြောင့် ပျော်ရွှင်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
အာနော်တိုဗစ်ဟာ ဒီရာသီမှာ အင်တာမီလန်အသင်းအတွက် ၂၄ ပွဲ ပါဝင်ကစားထားပြီး ၄ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
အာနော်တိုဗစ်က “ကျနော် အခွင့်အရေးတွေ လွဲချော်ပြီးနောက်မှာ တတိယအခွင့်အရေးက ရောက်ရှိလာခဲ့ပါတယ်။ လာရောက်အားပေးခဲ့ကြတဲ့ ပရိသတ်တွေ၊ ကျနော့်ရဲ့ အသင်းဖော်တွေနဲ့ ကျနော့်ရဲ့ မိသားစုအတွက် ဂိုးသွင်းယူနိုင် ခဲ့တာကြောင့် ပျော်ရွှင်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
အသလက်တီကိုနဲ့ အင်တာမီလန်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို မတ်လ ၁၃ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 1086
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဘရန်ဖို့ဒ်အသင်းကို အနိုင်ရတဲ့ပွဲမှာ အသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဟာလန်းဟာ သူ့ကိုဝေဖန်နေသူတွေရဲ့ ပါးစပ်ကို ပိတ်ပေးလိမ့်မယ်လို့ ပြောလိုက်ပါတယ်။
ဂွာဒီယိုလာက “ဂိုးသွင်း အများဆုံး ကစားသမားတွေ၊ ထိပ်တန်း တိုက်စစ်မှူးတွေနဲ့ ဂိုးအများအပြား သွင်းယူတဲ့ သူတွေကို သွားပြီး မဝေဖန်လိုက်ပါနဲ့၊ သူက ခင်ဗျားရဲ့ ပါးစပ်ကို ပိတ်ပေးပါလိမ့်မယ်။ အနှေးနဲ့အမြန် သူဒီမှာ ရှိနေတာပါ။ သူဟာ ၂ လကြာ အနားယူခဲ့ရသလို အဖွားကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။ ဒါက လူသားတစ်ဦးအတွက် မလွယ်ကူပါဘူး။ ဘရန်ဖို့ဒ်လိုပွဲမျိုးမှာ ကျနော်တို့ ဟာလန်းကို လိုအပ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ပရီးမီးယားလိဂ်ပွဲကျန် အဖြစ်ကစားခဲ့တဲ့ပွဲစဉ်မှာ မန်စီးတီးအသင်းက ဘရန်ဖို့ဒ် အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရ ခဲ့ပြီး ဟာလန်းက ပွဲချိန် ၇၁ မိနစ်မှာ အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဟာလန်းဟာ ပြီးခဲ့တဲ့ မန်စီးတီးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ သေချာပေါက် ဂိုးရနိုင်မယ့် အခွင့်အရေးတွေကို လွဲချော်ခဲ့တာ အပါအဝင် ဂိုးပေါက်ကန်သွင်းမှု ၉ ကြိမ် ပြုလုပ် ခဲ့ပေမယ့် ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိတာပါ။

မန်စီးတီးအသင်းကို တွေ့ရစဉ်
အဲဒါကြောင့် ဟာလန်းဟာ ဝေဖန်မှုတွေ ခံခဲ့ရပေမယ့် ဘရန်ဖို့ဒ်အသင်းနဲ့ပွဲမှာ အနိုင်ဂိုးသွင်းပြီး ဝေဖန်နေတဲ့သူတွေ ကို ပါးစပ်ပိတ်ပေးခဲ့တာလို့ နည်းပြ ဂွာဒီယိုလာက ပြောခဲ့တာဖြစ်ပါတယ်။
နော်ဝေတိုက်စစ်မှူး ဟာလန်းဟာ ဘရန်ဖို့ဒ်အသင်းနဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် သူရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေ အားလုံးကို ဂိုးသွင်းယူနိုင်တဲ့ မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့တာပါ။
ဒီဂိုးဟာ ဒီရာသီ မန်စီးတီးအသင်းအတွက် ဟာလန်းသွင်းယူတဲ့ ၂၂ ဂိုးမြောက်လည်း ဖြစ်ခဲ့ပါတယ်။
ဘရန်ဖို့ဒ်အသင်းနဲ့ပွဲမှာ ကွင်းလယ်လူ ဒီဘရိုင်းကို အသုံးမပြုခဲ့တာက တံကောက်ကြော နာကျင်နေတာကြောင့် ဖြစ်ပြီး ဒဏ်ရာထပ်ပြီး ရရှိသွားမှာ စိုးရိမ်တဲ့အတွက် စွန့်စားမှု မပြုလုပ်ခဲ့တာလို့ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ပွဲအပြီးမှာပြောခဲ့ပါတယ်။
ဒီဘရိုင်းဟာ တံကောက်ကြော ခွဲစိတ်မှုခံယူပြီး ၅ လကြာ အနားယူခဲ့ရပြီးနောက် မကြာသေးခင်ကမှ မန်စီးတီး အသင်းအတွက် ပြန်လည် ပါဝင်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဘရန်ဖို့ဒ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင် နေတဲ့ လီဗာပူးလ်အသင်းနဲ့ ၁ မှတ်အကွာ ဒုတိယနေရာကို ရောက်ရှိလာခဲ့ပြီး ဒီတစ်ပတ် လိဂ်ပွဲစဉ်အဖြစ် ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 842
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀
ယူနိုက်တက်အသင်းရဲ့ အစုရှယ်ယာရှင် ဆာဂျင်ရက်ကလစ်ဖ်ဟာ ပီအက်စ်ဂျီအသင်းက ခေါ်ယူဖို့ စိတ်ဝင်စား နေတဲ့ တိုက်စစ်မှူး ရက်ရှ်ဖိုဒ့်ကို အသင်းမှာ ဆက်ထိန်းထားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
ရက်ရှ်ဖိုဒ့်ဟာ ပြီးခဲ့တဲ့ရာသီကလို စွမ်းဆောင်နိုင်ခြင်းမရှိသေးပေမယ့် ယူနိုက်တက်အသင်းမှာ ဦးစားပေး ကစားသမားအဖြစ် ဆက်ပြီးရှိနေတာပါ။ ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ် ၂၄ ပွဲကစားအပြီးမှာ ၅ ဂိုးသာသွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုကလည်း ၃ ဂိုးသာပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ဂိုး ၃၀ သွင်းယူနိုင်ခဲ့တာကြောင့် အသင်းကသူ့ကို တစ်ပတ်လုပ်ခပေါင် ၃၂၅,၀၀၀ အထိတိုးပေးပြီး စာချုပ်သစ်ချုပ်ဆိုခဲ့တာပါ။
ရက်ရှ်ဖိုဒ့်ဟာ ဒီရာသီမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပေမယ့် ပီအက်စ်ဂျီအသင်းဟာ တိုက်စစ်မှူး ဘတ်ပီ ရဲ့နေရာမှာ အစားထိုးဖို့ ခေါ်ယူချင်နေတာဖြစ်ပါတယ်။ ဘတ်ပီဟာ ဒီရာသီအကုန်မှာ အသင်းကနေ ထွက်ခွာပြီး ရီးရယ်လ်အသင်းထံ ပြောင်းဖို့ရှိနေတာကြောင့် ပီအက်စ်ဂျီအသင်းဟာ ရက်ရှ်ဖိုဒ့်ကို ခေါ်ယူဖို့ ပစ်မှတ်ထား နေတာပါ။ ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ရာသီတွေကတည်းက ရက်ရှ်ဖိုဒ့်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ကစားသမားက ယူနိုက်တက်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် Football Insider က ဆာဂျင်ရက်ကလစ်ဖ်နဲ့ INEOS တို့က ရက်ရှ်ဖိုဒ့်ကို ဒီရာသီထက်ကျော်လွန်ပြီး အသင်းမှာဆက်ထိန်းထားဖို့ ဆန္ဒရှိနေတယ်လို့ ဖော်ပြခဲ့တာပါ။ ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ်ဟာ ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက်အသင်းမှာ ရက်ရှ်ဖိုဒ့်အကောင်းဆုံးလုပ်နိုင်ခဲ့တာကို သိရှိထားတာဖြစ်ပါတယ်။ ရက်ရှ်ဖိုဒ့်နဲ့ ယူနိုက်တက်အသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိနေပြီး ကစားသမားဟာ ပြီးခဲ့တဲ့လက ကွင်းပြင်ပပြဿနာတွေကြောင့် အသင်းရဲ့ အရေးယူမှုကို ခံထားရတာပါ။
ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံကို ပြန်လည်ရရှိနေပြီး ၂၀၂၄ ခုနှစ်ထဲ ကစားခဲ့တဲ့ ပွဲတွေမှာ ရှုံးပွဲမရှိသေးတဲ့ မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Sportsmole
- By CNI
- Category: အားကစား
- Hits: 1144
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀
ရီးရယ်လ်နဲ့ ချယ်လ်ဆီး ကစားသမားဟောင်း ဟာဇက်က ဆော်ဒီလိဂ်ဟာ ပြင်သစ်လိဂ်ထက် ပိုပြီးကောင်းတယ်လို့ အယ်လ်နာဆာအသင်းခေါင်းဆောင် ရော်နယ်ဒို ပြောခဲ့တာကို ပြန်ပြီးတုန့်ပြန်လိုက်ပါတယ်။
ဟာဇက်က “ရော်နယ်ဒို ပြောတာကို ကျနော်သဘောမတူပေမယ့် ဒါကထင်မြင်ချက်တစ်ခုပါ။ ဆော်ဒီလိဂ်ကို ကြည့်ရင် သူတို့မှာ နာမည်ကြီးတဲ့ ကစားသမားတွေရှိပေမယ့် သူတို့ဟာ အသင်းကြီးတွေ မဟုတ်ပါဘူး။ ပြင်သစ် မှာဆိုရင် နာမည်ကြီး ကစားသမားတွေနည်းပေမယ့် သူတို့မှာ အသင်းကြီးတွေရှိပါတယ်။ လီဂူးအသင်းတွေက ဆော်ဒီအသင်းတွေနဲ့ ယှဉ်ပြိုင်ရင် အနိုင်ရမယ်ဆိုတာ သေချာပါတယ်။ လူတွေထင်သလို လွယ်လွယ်ကူကူနဲ့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပြင်သစ်လိဂ်ရဲ့ အဆင့်အတန်းက ကောင်းပါတယ်”လို့ Obi One Podcast ကိုပြောခဲ့ တာပါ။
ဟာဇက်ဟာ ချယ်လ်ဆီးအသင်းထံ ၂၀၁၂ ခုနှစ်မှာ မပြောင်းမရွှေ့ခင် ပြင်သစ်လီဂူး-၁ ကလပ်အသင်းဖြစ်တဲ့ လိုင်လီအသင်းမှာ ကစားခဲ့ပြီး ပြင်သစ်လီဂူး-၁ နဲ့ ပြင်သစ်ဖလားကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းကို ရောက်ရှိပြီးကတည်းက ဆော်ဒီပရိုလိဂ် ဟာ ကမ္ဘာ့ထိပ်တန်းလိဂ်ထဲကို ရောက်ရှိနိုင်သလို ပြင်သစ်လိဂ်ထက် ပိုပြီးကောင်းတယ်လို့ ပြောခဲ့တာပါ။

ရော်နယ်ဒိုနဲ့ ဟာဇက်ကို တွေ့ရစဉ်
ရော်နယ်ဒိုဟာ မကြာသေးခင်က Globe Soccer Awards ပွဲမှာလည်း ဒီအကြောင်းကို ထပ်ပြီးပြောခဲ့ပါတယ်။
ရော်နယ်ဒိုက “ရိုးရိုးသားသားပြောရရင် ဆော်ဒီလိဂ်ဟာ ပြင်သစ်လိဂ်ထက် ပိုပြီးမဆိုးဘူးလို့ ကျနော်ထင်ပါတယ်။ ပြင်သစ်လိဂ်မှာ အလွန်ကောင်းမွန်တဲ့ ၂ သင်း၊ ၃ သင်းသာရှိပြီး ဆော်ဒီလိဂ်က ပိုပြီးပြိုင်ဆိုင်မှုပြင်းထန်တယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်ဒီမှာကစားတာ ၁ နှစ်ရှိပြီဖြစ်တာကြောင့် ဒီအကြောင်းကို ပြောနိုင်တာပါ။ အခု အချိန်မှာ ကျနော်တို့လိဂ်ဟာ ပြင်သစ်လိဂ်ထက် ပိုကောင်းပြီး တိုးတက်မှုတွေရှိနေတုန်းပဲ”လို့ ပြောခဲ့တာပါ။
ဆော်ဒီလိဂ်မှာရှိတဲ့ ကလပ်အသင်းတွေဟာ ပြီးခဲ့တဲ့နွေရာသီက ဘန်ဇီမာ၊ နေမာ၊ မာနေး၊ မာရက်ဇ်၊ ကန်တီ အစ ရှိတဲ့ ဥရောပထိပ်သီး ကစားသမား အများအပြားကို ငွေကြေး အများအပြားသုံးစွဲပြီး ခေါ်ယူအားဖြည့်ခဲ့ပါတယ်။
ဒါပေမယ့် အင်္ဂလန်ကွင်းလယ်လူ ဟန်ဒါဆန် အပါအဝင် ကစားသမားအချို့ဟာ ဆော်ဒီလိဂ်မှာ ကစားရတာ အဆင်ပြေခြင်းမရှိလို့ ရာသီဝက် ကစားအပြီးမှာ ပြန်လည်ထွက်ခွာခဲ့ကြတာ ဖြစ်ပါတယ်။
Source: Mirror
- By CNI
- Category: အားကစား
- Hits: 997
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀
ပရီးမီးယားလိဂ်ကလပ် ပဲလေ့စ်အသင်းဟာ ဖရန့်ဖတ်အသင်း နည်းပြဟောင်း ဂလက်စ်နာကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီလို့ တရားဝင် ကြေညာလိုက်ပါတယ်။
အသက် ၄၉ နှစ်အရွယ်ရှိ သြစတြီးယားလူမျိုး ဂလက်စ်နာဟာ ပဲလေ့စ်အသင်း နည်းပြရာထူးကနေ နုတ်ထွက်ခဲ့တဲ့ ရွိုင်းဟော့ဒ်ဆန်ရဲ့နေရာမှာ နည်းပြသစ်အဖြစ် အစားထိုးတာဝန်ယူမှာပါ။
ပဲလေ့စ်အသင်းဟာ ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေပြီး နောက်ဆုံးကစားခဲ့တဲ့ ၁၇ ပွဲမှာ ၁၀ ပွဲအထိ အရေးနိမ့်ကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၁၅ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ဂလက်စ်နာဟာ ပဲလေ့စ်အသင်းနဲ့ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ စာချုပ်ချုပ်ဆိုခဲ့တာပါ။
သြစတြီးယားလူမျိုးနည်းပြဟာ ဒီတစ်ပတ်ဘန်လေအသင်းနဲ့ ကစားမယ့်ပွဲစဉ်မှာ ပဲလေ့စ်အသင်းကို စတင်ပြီး ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။
ဂလက်စ်နာဟာ ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်းက ကစားခဲ့တဲ့ အဲဗာတန်အသင်းနဲ့ ပဲလေ့စ်အသင်းတို့ ၁ ဂိုးစီ သရေကျတဲ့ ပွဲစဉ်ကို ပွဲကြည့်စင်ပေါ်ကနေ ကြည့်နေခဲ့တာပါ။

ရွိုင်းဟောဒ့်ဆန်နဲ့ ဂလက်စ်နာကို တွေ့ရစဉ်
ဒီပွဲကို ရွိုင်းဟောဒ့်ဆန်ရဲ့ နည်းပြအဖွဲ့ဝင်တွေဖြစ်တဲ့ ရေးလီဝင်တန်နဲ့ မက္ကာသီတို့က ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။
ဂလက်စ်နာဟာ သူ့ရဲ့ နည်းပြဘဝ အစကို သြစတြီးယားကလပ် SV ရိဒ်အသင်းမှာ စတင်ခဲ့တာဖြစ်ပြီး ဒီအသင်းမှာ ၁၉ နှစ်ကြာ ကစားသမားဘဝကို ဖြတ်သန်းခဲ့တာပါ။
ဂလက်စ်နာဟာ SV ရိဒ်အသင်းကို ကိုင်တွယ်အပြီးမှာ ဂျာမန်ကလပ်တွေဖြစ်တဲ့ ဝုလ်ဖ်ဘတ်နဲ့ ဖရန့်ဖတ်အသင်း တွေကို ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်မှာ ဖရန့်ဖတ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ဂလက်စ်နာဟာ သူ့ရဲ့ပထမရာသီမှာ ဖရန့်ဖတ်အသင်းကို ယူရိုပါလိဂ် ဆုဖလားရယူပေးနိုင်ခဲ့တာပါ။
ဂလက်စ်နာဟာ ပြီးခဲ့တဲ့နှစ်က ဖရန့်ဖတ်အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၆ သင်း အဆင့်ထိ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် အသင်းဟာ ဘွန်ဒစ်လီဂါမှာ ၁၀ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးပြီးနောက် နည်းပြ ရာထူးကနေ ထွက်ခွာခဲ့ပါတယ်။
ဂလက်စ်နာဟာ ပဲလေ့စ်အသင်းရဲ့ နည်းပြသစ်အဖြစ် မခန့်အပ်ခံရခင်ကတည်းက စပါးအသင်းနဲ့ ဝုလ်ဗ်စ်အသင်းရဲ့ ပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့ပြီး မတ်လ ၂ ရက်မှာ ကစားရမယ့် စပါးအသင်းနဲ့ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်မှု တွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
Source: BBC
