- By CNI
- Category: အားကစား
- Hits: 711
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၅
နည်းပြ အယ်လီဂရီနဲ့ အဆင်မပြေမှုတွေကြောင့် ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့တဲ့ အသင်းခေါင်းဆောင်ဟောင်း ဘိုနူချီဟာ အီတလီကလပ်ကို တရားဥပဒေအရ အရေးယူသွားတော့မှာ ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်အသင်းမှာ ၁၂ နှစ်ကြာ ကစားခဲ့တဲ့ အသက် ၃၆ နှစ်အရွယ်ရှိ ဘိုနူချီဟာ အသင်းရဲ့ အမေရိကန်ရာသီ ကြို ခရီးစဉ်နဲ့ စီးရီးအေ အဖွင့်ပွဲစဉ်မတိုင်ခင် အိမ်ကွင်းမှာကစားခဲ့တဲ့ ခြေစမ်းပွဲတွေရဲ့ အသင်းလူစာရင်းမှာ ချန်လှပ် ခံခဲ့ရတာပါ။
အဲ့ဒါကြောင့် ဝါရင့်နောက်ခံလူ ဘိုနူချီဟာ ဂျာမန်ဘွန်ဒစ်လီဂါကလပ် ယူနီယံဘာလင်အသင်းထံ ပြောင်းရွှေ့တာမှာ အဆင်ပြေစေဖို့ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

ဘိုနူချီကို တွေ့ရစဉ်
ဘိုနူချီက “ကျနော်ကြီးမားစွာ ခံစားခဲ့ရပြီးနောက် ဂျူဗင်တပ်စ်အသင်းကို တရားဥပဒေအတိုင်း ပြုလုပ်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။ နည်းစနစ်ပိုင်း ရွေးချယ်မှု ဘယ်လိုပဲရှိရှိ အသင်းနဲ့ လေ့ကျင့်ခွင့် ပေးသင့်တယ်လို့ ကျနော်ထင်ပါ တယ်။ ကျနော့်ကို အသင်းနဲ့ လေ့ကျင့်ခွင့် မပြုခဲ့ပါဘူး။ ကျနော်အရာအားလုံးကို ကြေကွဲစွာ ခံစားခဲ့ရပြီး အရှက် လည်း ရခဲ့ပါတယ်”လို့ Sport Mediaset ကို ပြောခဲ့တာပါ။
အီတလီဝါရင့် နောက်ခံလူဟာ တရားဥပဒေအရ အနိုင်ရခဲ့မယ်ဆိုရင် ရရှိလာမယ့် ငွေကြေးတွေ အားလုံးကို လှူဒါန်းသွားမယ်လို့လည်း ပြောခဲ့ပါတယ်။
ဘိုနူချီဟာ ကာလရှည်အသင်းနဲ့ လေ့ကျင့်မှု မပြုလုပ်ခဲ့ရတာကြောင့် နည်းပြသစ် စပယ်လက်တီရဲ့ အီတလီ လက်ရွေးစင်အသင်း လူစာရင်းမှာ ရွေးချယ်ခြင်း မခံခဲ့ရပါဘူး။
ဘိုနူချီဟာ နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ယူနီယံဘာလင်အသင်းနဲ့ ၁ နှစ် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ဒီအသင်းမှာ ခြေစွမ်းပြသကာ အီတလီအသင်းရဲ့ လူစာရင်းမှာ ပြန်လည်အရွေးချယ်ခံရဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 579
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၅
ရီးရယ်လ်အသင်းက လူငယ်ကစားသမား ၄ ဦးဟာ အရွယ်မရောက်သေးသူ ပါဝင်တဲ့ လိင်ပိုင်းဆိုင်ရာ ဗွီဒီယိုကို မျှဝေခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတယ်လို့ စပိန်ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီကစားသမားတွေရဲ့ မိုဘိုင်းဖုန်းထဲက အချက်အလက်တွေကို သိမ်းဆည်းပြီးနောက်မှာ မေးခွန်းတွေ မေးမြန်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ သိရတာပါ။
ဗွီဒီယိုထဲမှာ ပါဝင်တဲ့ အသက် ၁၆ နှစ်အရွယ်ရှိ မိန်းကလေးရဲ့ မိခင်ဖြစ်သူက တိုင်ကြားမှုတွေ ပြုလုပ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ကစားသမားတွေဟာ စက်တင်ဘာ ၁၄ ရက်က ကလပ်အသင်းရဲ့ လေ့ကျင့်ရေးစင်တာမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ရီးရယ်လ်အသင်း ဘောလုံးကွင်းကိုတွေ့ရစဉ်
ရီးရယ်လ်အသင်းကတော့ အချက်အလက် အသေးစိတ်တွေကို သိရှိပြီးတာနဲ့ သင့်လျော်တဲ့ အရေးယူမှုတွေကို ပြုလုပ်သွားမယ်လို့ ပြောခဲ့တာပါ။ ကစားသမား ၄ ဦးထဲက ၃ ဦးဟာ ရီးရယ်လ် C အသင်းကဖြစ်ပြီး နောက်တစ်ဦး ကတော့ ကတ်စတီလာလို့ လူသိများတဲ့ ရီးရယ်လ် B အသင်းက ဖြစ်တယ်လို့ သိရပါတယ်။
“အရွယ်မရောက်သေးသူနဲ့ လိင်ပိုင်းဆိုင်ရာ အကြောင်းအရာတွေ ပါဝင်တဲ့ ဗွီဒီယိုကို ဖြန့်ဝေမှုသံသယနဲ့ သူတို့ဟာ ဖမ်းဆီးခံခဲ့ရတာပါ။ မိန်းကလေးဘက်က ဘယ်လိုလုပ်ရပ်ကိုမဆို သဘောတူတယ်လို့ ပြောခဲ့ပေမယ့် သူမရဲ့ သဘောတူညီချက် မပါဝင်ဘဲ မှတ်တမ်းတင်ခဲ့တာဖြစ်ပြီး သူမ မသိတဲ့ ဖြန့်ဝေမှုတွေ ရှိနေတယ်”လို့ Guardia အရပ်ဖက် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။
ဒီဗွီဒီယိုကို WhatsApp ကနေ တစ်ဆင့် မျှဝေခဲ့တယ်လို့ BBC Sport က ဖော်ပြထားတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 626
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၅
အင်္ဂလန်နောက်ခံလူ ဝေါလ်ကာဟာ မန်စီးတီးအသင်းမှာ ၂၀၂၆ ခုနှစ်အထိရှိမယ့် ၂ နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်ပါတယ်။
ဝေါလ်ကာနဲ့ မန်စီးတီးအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီဖြစ်ပြီး နွေရာသီ အပြောင်းအရွှေ့တုန်းက ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သေးတာပါ။
၂၀၁၇ ခုနှစ်က စပါးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဝေါလ်ကာဟာ မန်စီးတီးအသင်းမှာ ရှိခဲ့တဲ့ ၆ နှစ်အတွင်း အဓိကဆုဖလားပေါင်း ၁၃ လုံး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဝေါလ်ကာက “ စာချုပ်သစ်အတွက် ကျနော်ဝမ်းသာပါတယ်။ ကျနော့်ရဲ့ အနာဂတ်က မန်စီးတီးနဲ့ဖြစ်ပြီး ဒါက ကျနော့်အတွက် အကောင်းဆုံးအရာပါပဲ။ ဒီလိုကောင်းမွန်တဲ့အသင်းမှာ ပြီးခဲ့တဲ့ ၆ နှစ်တာ ကာလအတွင်း ကြုံတွေ့ ခဲ့ရတဲ့ အခိုက်အတန့်တိုင်းကို ကျနော်ပျော်ရွှင်ပါတယ်။ ကျနော့်မှာ အံ့သြစရာကောင်းတဲ့နည်းပြ၊ အသင်းဖော်တွေနဲ့ နည်းပြအဖွဲ့ဝင်တွေ ရှိပါတယ်။ ကျနော်တို့ရဲ့ ပရိသတ်တွေကလည်း အကောင်းဆုံးပါပဲ”လို့ ပြောခဲ့တာပါ။

ဝေါလ်ကာကို တွေ့ရစဉ်
ဝေါလ်ကာဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၃၉ ပွဲ ပါဝင်ကစားခဲ့ပေမယ့် အင်တာမီလန် အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုရဲ့ ပွဲထွက်လူစာရင်းမှာ မပါဝင်ခဲ့ရပါဘူး။
အင်္ဂလန်နောက်ခံလူဟာ ပြီးခဲ့တဲ့ရာသီက ပွဲထွက်ကစားခွင့် ဆုံးရှုံးခဲ့ရသလို နည်းပြ ဂွာဒီယိုလာပြောခဲ့တဲ့ မှတ်ချက်နဲ့ ပတ်သက်ပြီး နာကျင်ခဲ့ရတယ်လို့ ဝန်ခံခဲ့တာပါ။
ဂွာဒီယိုလာက ဝေါလ်ကာဟာ ဒုတိယရာသီဝက်မှာ အသုံးပြုတဲ့ အသင်းရဲ့ ခံစစ်နည်းစနစ်သစ်မှာ မကစားနိုင်ဘူး လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် စပိန်လူမျိုးနည်းပြက ဘိုင်ယန်မြူးနစ်အသင်းရဲ့ စိတ်ဝင်စားမှုခံနေရတဲ့ ဝေါလ်ကာကို အသင်းမှာ ဆက်ထိန်းသိမ်းဖို့ ကြိုးစားသွားမယ်လို့ ဇူလိုင်လက ပြောခဲ့တာပါ။
အခုနှစ် ဘောလုံးရာသီမှာတော့ ဝေါလ်ကာဟာ မန်စီးတီးအသင်းရဲ့ ပွဲစဉ် ၆ ပွဲစလုံး ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 792
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၅
ယူနိုက်တက်အသင်းတောင်ပံကစားသမား ဆန်ချိုဟာ ဆိုရှယ်မီဒီယာပေါ်မှာတင်ခဲ့တဲ့ မှတ်ချက်တွေနဲ့ ပတ်သက်ပြီး နည်းပြအဲရစ်တန်ဟတ်ကို တောင်းပန်ဖို့ ငြင်းဆန်ခဲ့တာကြောင့် တစ်ဦးတည်းသီးခြားလေ့ကျင့်မှုတွေ ပြုလုပ်ရတော့မှာဖြစ်ပါတယ်။
ဆန်ချိုဟာ နည်းပြအဲရစ်တန်ဟတ်နဲ့ ပြဿနာတွေကို ပြေလည်အောင်မဖြေရှင်းနိုင်ခင်အချိန်ထိ ပထမ အသင်းကြီးနဲ့ အဝေးမှာ သီးခြားလေ့ကျင့်မှုတွေပြုလုပ်ရမယ်လို့ ယူနိုက်တက်အသင်းက စက်တင်ဘာ ၁၄ ရက်က ကြေညာချက်ထုတ်ပြန်ထားခဲ့တာပါ။ ယူနိုက်တက်အသင်းဟာ ဆန်ချိုကို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ကိုလည်း ပြုလုပ်သွားဖို့ ရှိနေတာဖြစ်ပါတယ်။
နည်းပြ အဲရစ်တန်ဟတ်က ဆန်ချိုဟာ လေ့ကျင့်ရေးမှာ စွမ်းဆောင်ရည်မကောင်းတာကြောင့် အာဆင်နယ် အသင်းနဲ့ ပွဲအတွက် ယူနိုက်တက်အသင်းရဲ့လူစာရင်းမှာ ချန်လှပ်ခဲ့တာလို့ ပြောခဲ့တာပါ။ ဒါကို ဆန်ချိုက ဒေါသ ထွက်ပြီး သူဟာ လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပြီး လူတွေပြောတဲ့ မမှန်ကန်တဲ့ အကြောင်း အရာတွေကို ခွင့်မပြုနိုင်ဘူးလို့ ပြန်ပြီးတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်တောင်ပံကစားသမားဟာ ဒတ်ချ်လူမျိုးနည်းပြနဲ့ ဆွေးနွေးမှုတွေပြုလုပ်အပြီးမှာ သူတင်ထားတဲ့ပို့စ်ကို ပြန်ပြီးဖျက်ခဲ့ပေမယ့် နည်းပြကို တောင်းပန်ကြောင်းမပြောခဲ့တာပါ။ အဲဒါကြောင့် အဲရစ်တန်ဟတ်က ဆန်ချိုကို ပထမအသင်းနဲ့ အဝေးမှာ လေ့ကျင့်မှုပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဆန်ချိုဟာ ပြီးခဲ့တဲ့နှစ်ကလည်း ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကို ကျော်လွှားနိုင်ဖို့ ၈ ပတ်ကြာ တစ်ဦးတည်း လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာပါ။
အင်္ဂလန်ကစားသမားဟာ ဒီအခြေအနေတွေကြောင့် ပြီးခဲ့တဲ့ဘောလုံးရာသီက ယူနိုက်တက်အသင်းအတွက် ၃ လကြာ မကစားခဲ့ရပေမယ့် နည်းပြ အဲရစ်တန်ဟတ်က သူ့အပေါ်မှာ အကောင်းဆုံးပံ့ပိုးမှုတွေပြုလုပ်ပေးခဲ့ပြီး ကွင်းထဲပြန်လည်ဝင်ရောက်နိုင်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အဲရစ်တန်ဟတ်ဟာ ဆန်ချိုကို ခွှင့်လွှတ်မပေးတော့ဘဲ အရေးယူမှုတွေပါ ပြုလုပ်ဖို့ စီစဉ်နေခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့အပတ်က ဆန်ချိုကို ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းထံ ရောင်းချဖို့ ကြိုးစားခဲ့ပေမယ့် ပြောင်းရွှေ့ကြေးပေါင်သန်း ၅၀ ကြောင့် အဆင်မပြေခဲ့တာဖြစ်ပါတယ်။ ဆန်ချိုဟာ ၂၀၂၁ ခုနှစ် က ဒေါ့မွန်အသင်းကနေ ပေါင် ၇၃ သန်းနဲ့ ရောက်ရှိလာခဲ့ပေမယ့် ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေခဲ့ရတာပါ။
အသက် ၂၃ နှစ်အရွယ်ရှိ ဆန်ချိုဟာ ယူနိုက်တက်အသင်းအတွက် ၈၂ ပွဲပါဝင်ကစားထားပြီး ၁၂ ဂိုးသွင်းယူ ထားပါတယ်။
- By CNI
- Category: အားကစား
- Hits: 753
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၄
ဂျူဗင်တပ်စ်အသင်းဟာ ကွင်းလယ်ကစားသမား ပေါ့ဘာ တားမြစ်ဆေးသုံးစွဲမှုကြောင့် ကာလရှည်ကြာ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရမယ်ဆိုရင် အာဆင်နယ်အသင်းကွင်းလယ်လူ ပါတေးကို အစားထိုးခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
ပေါ့ဘာဟာ တားမြစ်ဆေးသုံးစွဲမှုကြောင့် ပွဲကစားခွင့် ယာယီပိတ်ပင်ခံထားရပြီး တားမြစ်ဆေးအမှန်တကယ် သုံးစွဲကြောင်းတွေ့ရမယ်ဆိုရင် ၄ နှစ်ကြာအထိ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရနိုင်တာပါ။ ပေါ့ဘာဟာ ဂျူဗင်တပ်စ် အသင်းက အူဒီးနီးစ်အသင်းကို အနိုင်ရတဲ့ပွဲအပြီး ဆေးစစ်မှုပြုလုပ်ခဲ့တာမှာ တားမြစ်ဆေးသုံးစွဲခဲ့ကြောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် ဂျူဗင်တပ်စ်အသင်းဟာ ပေါ့ဘာအနေနဲ့ ကာလရှည်ကြာ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရမယ်ဆိုရင် စာချူပ်ဖျက်သိမ်းဖို့တောင် စီစဉ်နေတယ်လို့ အီတလီသတင်းတွေမှာ ဖော်ပြထားတာပါ။
ဂျူဗင်တပ်စ်အသင်းဟာ ပေါ့ဘာကို စာချူပ်ဖျက်သိမ်းပြီးရင် အစားထိုးမယ့် ကစားသမားစာရင်းကို ပြုစုနေပြီး ဒီထဲမှာ အာဆင်နယ်အသင်းကွင်းလယ်လူ ပါတေးလည်း ပါဝင်နေတာဖြစ်ပါတယ်။ ပါတေးဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကတည်းက ဂျူဗင်တပ်စ်အသင်းနဲ့ ချိတ်ဆက်မှုတွေရှိခဲ့ပေမယ့် အာဆင်နယ်အသင်းက မရောင်းချ ခဲ့တာကြောင့် လန်ဒန်ကလပ်မှာ ဆက်ပြီး ရှိနေခဲ့တာပါ။

ဂါနာကွင်းလယ်လူဟာ လက်ရှိအချိန်မှာ တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရပြီး မကြာခင်အချိန် အတွင်းမှာ အာဆင်နယ်အသင်းအတွက် ပြန်လည်ပါဝင်နိုင်ဖွယ်ရှိနေပါတယ်။ ပါတေးဟာ ဒဏ်ရာကြောင့် ယူနိုက်တက်အသင်းနဲ့ ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ပွဲအစ ၃ ပွဲစလုံး အာဆင်နယ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ရခဲ့ပြီး ကွင်းလယ်နေရာထက် ညာနောက်ခံလူနေရာမှာ ကစားခဲ့ရတာဖြစ်ပါတယ်။
ပေါ့ဘာကတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ဂျူဗင်တပ်စ်အသင်းထံ ပြန်ရောက်လာခဲ့ပေမယ့် ဒဏ်ရာတွေကြောင့် ပြီးခဲ့တဲ့ တစ်ရာသီလုံး ၁၀ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပြီး ဒီရာသီမှာလည်း ၅၂ မိနစ်သာ အသင်းအတွက် ပါဝင် ကစားပေးနိုင်ခဲ့တာပါ။ ဒါပေမယ့် ပေါ့ဘာဟာ တားမြစ်ဆေးသုံးစွဲမှုကြောင့် ဂျူဗင်တပ်စ်အသင်းနဲ့ စာချူပ် ဖျက်သိမ်းရမယ့် အခြေအနေမှာ ရှိနေတာဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 881
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၄
နည်းပြ အဲရစ်တန်ဟတ် လက်အောက်မှာ ပွဲကစားခွင့်တွေ ဆုံးရှုံးနေတဲ့ နောက်ခံလူ မက်ဂွဲယားက ယူနိုက်တက် အသင်းအတွက် ပွဲကစားခွင့်တွေ ရချင်တယ်လို့ ပြောလိုက်ပါတယ်။
မက်ဂွဲယားက “ကျနော်ကလပ် အသင်းအတွက် ဘောလုံးကစားချင်ပါတယ်။ ပထမ ၄ ပတ်မှာ ၁ ပွဲသာ ကစားခဲ့ ရလို့ ကျနော့်အတွက် ခက်ခဲပါတယ်။ နည်းပြ အဲရစ်တန်ဟတ်က ကျနော့်ကို မရွေးချယ်ခဲ့ပါဘူး။ ဒါပေမယ့် အခု ယူနိုက်တက်က ပွဲတွေအများကြီး ကစားရတော့မှာ ဖြစ်တဲ့အတွက် ကျနော်ပွဲတွေ အများကြီး ကစားရမယ်ဆိုတာ သေချာပါတယ်”လို့ ပြောခဲ့တာပါ။
မက်ဂွဲယားဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်ခံခဲ့ရပြီး ဝက်စ်ဟမ်းအသင်းထံ ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် နောက်ခံလူတွေဖြစ်တဲ့ ဗာရန်း၊ လုပ်ခ်ရှောတို့ ဒဏ်ရာတွေကြောင့် အနားယူမှာဖြစ်တဲ့အတွက် ယူနိုက်တက်အသင်းဟာ မက်ဂွဲယားကို မရောင်းချဘဲ အသင်းမှာ ဆက်ပြီးထားခဲ့တာပါ။

မက်ဂွဲယားကို တွေ့ရစဉ်
အင်္ဂလန်နောက်ခံလူဟာ ဒီရာသီမှာ မန်ယူနိုက်တက် အသင်းအတွက် အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှသာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။
မက်ဂွဲယားကတော့ သူဟာ ယူနိုက်တက်အသင်းမှာ နေရတာ ပျော်ရွှင်ပြီး နေရာရဖို့အတွက် တိုက်ပွဲဝင်သွားမယ် လို့လည်း ပြောခဲ့တာပါ။
မက်ဂွဲယားက “ကျနော် ဒီမှာဆက်ရှိရတာကို ပျော်ရွှင်ပြီး ကျနော့်နေရာကို ပြန်လည်ရယူနိုင်ဖို့ အတွက်လည်း တိုက်ပွဲ ဝင်သွားမှာပါ။ ကျနော်ဟာ လေ့ကျင့်ချိန်မှာရော ကစားချိန်မှာပါ အရာအားလုံးကို ပေးသွားမှာပါ။ ကျနော် နွေရာသီတုန်းက အရာအားလုံးကို စဉ်းစားခဲ့ပြီး ရာသီအစပွဲစဉ် ၄ ပွဲစလုံးပွဲမစတင်ခဲ့ရပေမယ့် အခုအချိန်မှာ ကျနော့်အတွက် ပွဲကစားခွင့်တွေ ရလာတော့မယ်ဆိုတာ သိပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်က လက်စတာအသင်းကနေ ရောက်ရှိလာခဲ့တဲ့ မက်ဂွဲယားဟာ ယူနိုက်တက်အသင်းအတွက် ၁၇၆ ပွဲ ပါဝင်ကစားခဲ့ပြီး ၇ ဂိုးသွင်းယူကာ ကာရာဘောင်းဖလား ချန်ပီယံဆု ရယူထားနိုင်ခဲ့ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 542
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၄
အီတလီကွင်းလယ်လူ ဗာရတ်တီဟာ ပီအက်စ်ဂျီအသင်းကနေ ယူရို ၄၅ သန်းနဲ့ ၃ နှစ်စာချုပ်ချုပ်ကာ ကာတာ ကလပ် အယ်လ်အာရာဘီအသင်းထံ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။
ဗာရတ်တီဟာ အခုအပတ်ထဲမှာ အက်စတွန်ဗီလာကစားသမား ကော်တင်ဟိုပြီးနောက် ကာတာလိဂ်ကို ရောက်ရှိ လာတဲ့ ဒုတိယမြောက်ဥရောပရဲ့ ပုံရိပ်မြှင့်ကစားသမားဖြစ်လာခဲ့တာပါ။ ၂၀၁၂ ခုနှစ်က ပတ်စ်ကာရာအသင်းက နေ ပီအက်စ်ဂျီအသင်းထံ ရောက်ရှိလာခဲ့တဲ့ ဗာရတ်တီဟာ ပြင်သစ်ကလပ်နဲ့အတူ လီဂူးဝမ်းဆုဖလား ၉ ကြိမ် အပါအဝင် ပြည်တွင်းဆုဖလား အောင်မြင်မှု အများအပြားရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဗာရတ်တီဟာ ဒီရာသီ ပီအက်စ်ဂျီအသင်းရဲ့ အစီအစဉ်မှာမပါဝင်တော့တာကြောင့် ထွက်ခွာခဲ့ရတာပါ။
ဗာရတ်တီက “ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ပီအက်စ်ဂျီရဲ့အရောင်တွေကို ဝတ်ဆင်ခွင့်ရခဲ့တာကို ကျနော် အလွန်ဂုဏ်ယူမိပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတွေနဲ့အတူ ဆုဖလားပေါင်း ၃၀ ရရှိခဲ့ပါတယ်။ ပီအက်စ်ဂျီနဲ့ အသင်းရဲ့ပရိသတ်တွေဟာ ကျနော့်နှလုံးသားရဲ့တစ်နေရာမှာ အမြဲတမ်းရှိနေမှာပါ။ ကျနော်က ထာဝရ ပီအက်စ်ဂျီအသင်းပရိသတ်ဖြစ်နေမှာပါ” လို့ ပြင်သစ်ကလပ်ရဲ့ ဝက်ဘ်ဆိုက်ကို ပြောခဲ့တာဖြစ်ပါတယ်။

ဗာရတ်တီကို ခေါ်ယူဖို့ ဆော်ဒီကလပ်အသင်းတွေက ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ပေမယ့် အပြောင်းအရွှေ့ပိတ်တဲ့ စက်တင်ဘာ ၇ ရက်အထိ ဘယ်အသင်းကမှ ခေါ်ယူခဲ့ခြင်းမရှိတာကြောင့် ကာတာကလပ် အယ်လ်အာရာဘီ အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။ ဗာရတ်တီဟာ အယ်လ်အာရာဘီအသင်းမှာ ပီအက်စ်ဂျီအသင်းဖော်ဟောင်း ရာဖင်ဟာနဲ့ အတူတွဲပြီး ပြန်ကစားရတော့မှာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ပီအက်စ်ဂျီအသင်းမှာ ၂၀၂၀ ကနေ ၂၀၂၂ ခုနှစ်အထိ အသင်းဖော်တွေအဖြစ် ရှိခဲ့ကြတာပါ။
အယ်လ်အာရာဘီအသင်းဟာ အခုနှစ်ဘောလုံးရာသီ ကာတာလိဂ်ပွဲစဉ် ၃ ပွဲကစားအပြီးမှာ ၃ ပွဲစလုံးသရေရလဒ်နဲ့ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 610
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၄
လီဗာပူးလ်အသင်းနည်းပြ ကလောပ့်ဟာ လစ်လပ်နေတဲ့ ဂျာမနီအသင်းနည်းပြရာထူးကို ကိုင်တွယ်သွားမှာ မဟုတ်ဘူးလို့ အေးဂျင့်ဖြစ်သူ မာခ့်ကိုဆစ်က ပြောလိုက်ပါတယ်။
မာခ့်ကိုဆစ်က “ကလောပ့်ဟာ လီဗာပူးလ်အသင်းနဲ့ ကာလရှည်စာချုပ်ရှိနေတဲ့အတွက် နိုင်ငံအသင်းရဲ့ နည်းပြ ရာထူးကို ကိုင်တွယ်သွားမှာမဟုတ်ပါဘူး” လို့ ပြောခဲ့တာပါ။
ဂျာမနီအသင်းဟာ ၁၆ လကြာကိုင်တွယ်ခဲ့တဲ့ နည်းပြ ဟန်ဆီဖလစ်ကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် နည်းပြသစ်တစ်ဦးကို ရှာဖွေမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ ဂျာမနီဘောလုံးအဖွဲ့ချုပ်ရဲ့ ဒါရိုက်တာ ရူဒီဖောင်လာ က ကလောပ့်ကို နည်းပြလောင်းတစ်ဦးအဖြစ် သတ်မှတ်ထားတာဖြစ်ပေမယ့် အေးဂျင့်ဖြစ်သူရဲ့ ပြောဆိုမှုကြောင့် မျှော်လင့်ချက်တွေ ပျက်ပြယ်သွားနိုင်တာပါ။

လီဗာပူးလ်အသင်းနည်းပြ ကလောပ့်ဟာ ဂျာမနီလက်ရွေးစင်အသင်းကို အနာဂတ်မှာ ကိုင်တွယ်နိုင်ဖို့ မျှော်လင့်ထားပြီး လက်ရှိအချိန်မှာ အန်ဖီးလ်ကလပ်အသင်းနဲ့အတူ အောင်မြင်မှုတွေပြန်လည်ရယူနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ကလောပ့်နဲ့ လီဗာပူးလ်အသင်းတို့ ချုပ်ဆိုထားတဲ့စာချုပ်ဟာ ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိနေသေးတာပါ။ အဲဒါကြောင့် ဂျာမနီအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းနည်းပြဟောင်း နာဂျယ်လ် စမန်းကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
နာဂျယ်လ်စမန်းဟာ ပြီးခဲ့တဲ့မတ်လက ဘိုင်ယန်မြူးနစ်အသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံထားရတာပါ။ ဒါပေမယ့် ဂျာမနီအသင်းဟာ လက်ရှိအချိန်မှာ နည်းပြသစ် မခန့်အပ်ရခင်အချိန်ထိ ရူဒီဖောင်လာက ယာယီနည်းပြ အဖြစ်တာဝန်ပေးထားတာဖြစ်ပါတယ်။ ရလဒ်တွေဆိုးနေတဲ့ ဂျာမနီအသင်းဟာ ရူဒီဖောင်လာ ကိုင်တွယ်ခဲ့တဲ့ ပထမဆုံးပွဲစဉ်မှာ ပြင်သစ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ယူကာ နိုင်ပွဲပြန်လည်ရှာဖွေနိုင်ခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ စက်တင်ဘာ ၁၆ ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်မှာဖြစ်ပြီး ကလောပ့်ဟာ ဒီပွဲအတွက်အသင်းကို ပြင်ဆင်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 680
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၃
မန်စီးတီးအသင်းရဲ့ ခရိုအေးရှားလက်ရွေးစင် ကွင်းလယ်လူ ကိုဗာဆစ်ဟာ နောက်ကျောဒဏ်ရာကြောင့် အသင်းရဲ့ ပွဲစဉ်အချို့ကို လွဲချော်မယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ကိုဗာဆစ်ဟာ ကြွက်သားပြဿနာ ရှိနေတဲ့အတွက် ယူရို ၂၀၂၄ ခြေစစ်ပွဲတွေဖြစ်တဲ့ လတ်ဗီးယား၊ အာမေးနီးယား အသင်းတို့နဲ့ပွဲမှာ ခရိုအေးရှားအသင်းအတွက် ပါဝင် မကစားနိုင်ခဲ့ပါဘူး။
အသက် ၂၉ နှစ်အရွယ်ရှိ ကစားသမားဟာ ဒဏ်ရာ အခြေအနေကို MRI စကန်ဖတ် စစ်ဆေးမှုကို ခံယူရမှာဖြစ်ပြီး ၁၀ ရက် ဒါမှမဟုတ် ဒီထက်ပိုပြီး အနားယူရနိုင်တဲ့ အခြေအနေမှာ ရှိနေတာပါ။
ကိုဗာဆစ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ချယ်လ်ဆီးအသင်းကနေ ပေါင် ၂၅ သန်းနဲ့ မန်စီးတီးအသင်း ထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
ကိုဗာဆစ်ဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၆ ပွဲ ပါဝင်ကစားပြီးနောက် ဒဏ်ရာကြောင့် အနားယူ ရမှာက အသင်းအတွက် ထိုးနှက်ချက် ဖြစ်လာနိုင်တာပါ။

ကိုဗာဆစ်ကို တွေ့ရစဉ်
မန်စီးတီးအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းကလည်း ဒဏ်ရာကြောင့် ခွဲစိတ်ကုသမှု ခံယူပြီး အနားယူနေရ တဲ့အတွက် ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံအသင်းဟာ ကွင်းလယ်ပိုင်းမှာ အခက်အခဲတွေ ရှိလာနိုင်တာ ဖြစ်ပါတယ်။
ဒါပေမယ့် နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့က ဝုလ်ဗ်စ်အသင်းကနေ ခေါ်ယူထားတဲ့ မာသီးယက်စ်နူနက်စ် ရှိနေတာကြောင့် မန်စီးတီးအသင်းအတွက် အနည်းငယ် စိတ်သက်သာရာ ရနိုင်တာပါ။
ကိုဗာဆစ်ကတော့ ဒဏ်ရာကြောင့် အခုတစ်ပတ် ကစားမယ့် ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်စီးတီး အသင်းအတွက် ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
အဲ့ဒါကြောင့် မန်စီးတီးအသင်းဟာ ရိုဒရီ၊ မာသီးယက်စ်နူနက်စ်နဲ့ ဘာနာဒိုဆေးလ်ဗားတို့ကို ကွင်းလယ် အတွဲအဖက်အဖြစ် ပွဲထွက်လာဖွယ် ရှိနေပါတယ်။
မန်စီးတီးအသင်းဟာ အခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ် ၄ ပွဲ ကစားအပြီးမှာ ရာနှုန်းပြည့် နိုင်ပွဲနဲ့ အမှတ်ပေး ဇယားကို ဦးဆောင်နေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 704
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၃
ယူနိုက်တက်အသင်းဟာ အမေရိကန်ဆော့ဖ်ဝဲလ်ကုမ္ပဏီ Snapdragon နဲ့ စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရယူပြီးနောက် အင်္ကျီစပွန်ဆာအသစ်ကို ကြေညာလိုက်ပါတယ်။
Snapdragon ဟာ ယူနိုက်တက်အသင်းရဲ့ တရားဝင်ရင်ဘတ်စပွန်ဆာဖြစ်လာဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တဲ့ နည်းပညာကုမ္ပဏီ Qualcomm ရဲ့ ကုမ္ပဏီခွဲဖြစ်တယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းဟာ လက်ရှိစပွန်ဆာဖြစ်တဲ့ TeamViewer နဲ့ စာချုပ်သက်တမ်းတိုးမှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့နှစ်က ကြေညာခဲ့ပြီး နောက် အင်္ကျီစပွန်ဆာအသစ်တွေကို ရှာဖွေနေခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ စက်တင်ဘာ ၁၂ ရက်က အင်္ကျီစပွန်ဆာအသစ်ကို အတည်ပြုခဲ့တာကြောင့် အသင်းရဲ့ အင်္ကျီရင်ဘတ်မှာ Snapdragon အမှတ်တံဆိပ်တွေကို မြင်တွေ့ရတော့မှာပါ။

၂၀၂၄-၂၅ ဘောလုံးရာသီကစတင်ပြီး Snapdragon အမှတ်တံဆိပ်တွေဟာ ယူနိုက်တက်အသင်းရဲ့ အမျိုးသားနဲ့ အမျိုးသမီးအသင်းဝတ်ဆင်မယ့် အိမ်ကွင်း၊အဝေးကွင်းနဲ့ တတိယဝတ်စုံတွေမှာ ပါဝင်လာတော့မယ်လို့ မန်ချက်စတာကလပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယူနိုက်တက်အသင်းနဲ့ Snapdragon တို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ အသင်းဟာ တစ်နှစ်ကို ကမ္ဘာ့စံချိန်တင် ပေါင် သန်း ၆၀ ရရှိမှာဖြစ်ပြီး ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ရင်ဘတ်စပွန်ဆာဖြစ်လာမယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုနှစ် ဘောလုံးရာသီအကုန်ထိ TeamViewer အမှတ်တံဆိပ်ပါ ယူနိုက်တက်အသင်းအင်္ကျီတွေကို ဆက်ပြီး မြင်တွေ့ရဦးမှာပါ။ ယူနိုက်တက်အသင်းပရိသတ်အချို့ဟာ ပိုင်ရှင်ဖြစ်တဲ့ ဂလေဇာမိသားစုကို ကန့်ကွက် ဆန္ဒပြ နေချိန်မှာ တန်ဖိုးမြင့်အင်္ကျီစပွန်ဆာသဘောတူညီရရှိခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းပရိသတ်တွေဟာ ပိုင်ရှင်အသစ်ကို မြင်တွေ့ချင်နေကြပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်း က စတင်ခဲ့တဲ့ အသင်းကို ရောင်းချမယ့်လုပ်ငန်းစဉ်တွေဟာ မဖြစ်မြောက်သေးတာကြောင့် စိတ်ပျက်နေကြပါ တယ်။
Source:DailyMail
