
- By CNI
- Category: အားကစား
- Hits: 662
CNI Sport News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၀
ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်အစ်တီဟတ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲရလဒ်ကို စိတ်ပျက်ပေမယ့် ရှေ့လာမယ့် ပွဲတွေအတွက် အာရုံစိုက်ထားတယ်လို့ ပြောလိုက်ပါတယ်။
ရော်နယ်ဒိုက “ရလဒ်ကို စိတ်ပျက်မိပါတယ်။ ဒါပေမယ့် ကျနော်တို့ ရာသီနဲ့ ရှေ့လာမယ့် ပွဲတွေအတွက် အာရုံစိုက် ထားပါတယ်။ အယ်လ်နာဆာ ပရိသတ်တွေရဲ့ အားပေးမှုတွေအတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ကျနော်တို့ က ခင်ဗျားတို့ကို အားကိုးလို့ ရတယ်ဆိုတာ ကျနော်တို့ သိပါတယ်”လို့ ဆိုရှယ်မီဒီယာမှာ ရေးသားထားတာပါ။
ဆော်ဒီဒါဘီ ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ အယ်လ်အစ်တီဟတ်အသင်းက အယ်လ်နာဆာအသင်းကို ၁ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အယ်လ်နာဆာ အတွက်တော့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ နောက်ပိုင်း ပထမဆုံး လိဂ်ရှုံးပွဲကို ကြုံတွေ့ခဲ့ရတာပါ။
ဒါ့အပြင် ရော်နယ်ဒိုကလည်း ၂ ပွဲဆက်တိုက် ဂိုးပေါက် ပျောက်ဆုံးခဲ့ပြီး သူ့ရဲ့ ပထမဆုံး အမှတ်ပေးလိဂ် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဒီအရှုံးရလဒ်ကို အလွန်စိတ်ပျက်နေပြီး ပွဲပြီးဆုံးချိန်မှာ ကွင်းဘေးစည်း မှာရှိနေတဲ့ ရေသန့်ဘူးတွေကို ကန်ထုတ်သွားခဲ့တာပါ။
ရော်နယ်ဒိုကိုတွေ့ရစဉ်
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကစားခဲ့တဲ့ပွဲတွေမှာ အယ်လ်နာဆာအသင်းအတွက် ခြေစွမ်းပြပြီး ၈ ဂိုး သွင်းယူကာ ၂ ဂိုး ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့်လည်း ဆော်ဒီလိဂ်ရဲ့ ဖေဖော်ဝါရီလအတွက် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ပထမဆုံး အကြိမ် ရယူနိုင်ခဲ့တာပါ။ ဒါပေမယ့် ရော်နယ်ဒိုဟာ မတ်လအတွင်း ကစားခဲ့တဲ့ ၂ ပွဲစလုံးမှာတော့ ခြေစွမ်းပြနိုင် ခြင်း မရှိဘဲ ဂိုးပေါက် ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းဟာ အယ်လ်အစ်တီဟတ်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ဆော်ဒီလိဂ် အမှတ်ပေးဇယား အဆင့် ၁ နေရာကို အယ်လ်အစ်တီဟတ် အသင်းထံ လွှဲပေးခဲ့ရပြီး အဆင့် ၂ နေရာကို ကျဆင်းသွားခဲ့တာ ဖြစ်ပါ တယ်။
အဲဒါကြောင့် အယ်လ်နာဆာအသင်းဟာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ပြန်တက်လှမ်းနိုင်ဖို့အတွက် လာမယ့်ပွဲတွေမှာ အနိုင်ပြန်လည်ရယူဖို့ လိုအပ်နေတာပါ။
အယ်လ်နာဆာအသင်းဟာ မတ်လ ၁၈ ရက်မှာ လိဂ်ပွဲစဉ်အဖြစ် အက်ဘာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Marca

- By CNI
- Category: အားကစား
- Hits: 764
CNI Sport News
၂၀၂၃ ခုနှစ်၊ မတ်လ ၉
အားကစားကွင်းအတွင်း လူအုပ်ကြီးပြိုကျမှုနဲ့ ကမ္ဘာ့အသေအပျောက် အများဆုံး အဖြစ်အပျက်တွေထဲက တစ်ခု ဖြစ်ခဲ့တာမှာ ပေါ့ဆမှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့တဲ့အတွက် အင်ဒိုနီးရှားတရားရုံးက ဘောလုံးပွဲ တာဝန်ရှိသူကို မတ်လ ၉ ရက်က ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်လိုက်ပါတယ်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက အရှေ့ဂျာဗား ဒါဘီပွဲစဉ်ဖြစ်တဲ့ အရီမာနဲ့ ပါဆီဘာယာအသင်းတို့ရဲ့ ပွဲစဉ်မှာ ရဲတပ်ဖွဲ့တွေက မျက်ရည်ယို ဗုံးတွေနဲ့ လူစုလူဝေးကို ပစ်ခတ်ခဲ့ပြီးနောက် လူအများအပြားဟာ ထွက်ပေါက်ရှိရာ နေရာကို ထွက်ပြေးခဲ့ကြတာပါ။
ဒီအဖြစ်အပျက်ကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ပရိသတ် ၁၃၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါပွဲရဲ့ တာဝန်ရှိသူ အဗ္ဗဒူဟာရစ်ရဲ့ ပေါ့ဆမှုကြောင့် လူတွေသေစေခဲ့တယ်ဆိုပြီး ဆူရာဘာယာတရားရုံးရဲ့ တရားသူကြီး က ပြောခဲ့တာ ဖြစ်ပါတယ်။
အင်ဒိုနီးရှား ဘောလုံးကွင်းအတွင်းမှာ အဓိကရုဏ်းဖြစ်နေစဉ်
အင်ဒိုနီးရှား လူ့အခွင့်အရေးကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုအရ လူအုပ်ပြိုကျမှုရဲ့ အဓိကအကြောင်းရင်းက ရဲတပ်ဖွဲ့ က လူအုပ်အတွင်းထဲကို မျက်ရည်ယိုဗုံး ၄၅ လုံး ပစ်ခတ်ခဲ့တာလို့ ဖော်ပြထားတာပါ။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ကတော့ လူစုလူဝေး ထိန်းချုပ်မှုကို ပိတ်ပင်ထားတယ်လို့ သိရပါတယ်။ နောက်ထပ် ပွဲတာဝန်ရှိသူ တစ်ဦးကိုလည်း သူ့ရဲ့ စီရင်ချက်နဲ့ ပတ်သက်ပြီး ကြာသပတေးနေ့မှာ ကြားနာဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ဝင် ၃ ဦးကိုလည်း အလားတူ ပြစ်မှုတွေနဲ့ စွဲချက်တင်ထားပြီး သူတို့ရဲ့ အမှုတွေကို နောက်ပိုင်းမှာ ဆုံးဖြတ် ချက် ချမယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။
အခုနှစ်ရာသီ အင်ဒိုနီးရှားလိဂ် ပြိုင်ပွဲဖြစ်တဲ့ လီဂါဝမ်းပြိုင်ပွဲကို ဆက်လက် ကျင်းပနေပြီး ဧပြီလမှာ ရာသီ အဆုံး သတ်မှာ ဖြစ်ပါတယ်။ ပီအက်စ်အမ် အသင်းက အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာက ပါဆစ်ဘန် ဒေါင်းအသင်းကို ၁၀ မှတ် အသာရထားတာပါ။
အရီမာအသင်းကတော့ အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နေပြီး ပါဆီဘာယာအသင်းက အဆင့် ၈ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 560
CNI Sport News
၂၀၂၃ ခုနှစ်၊ မတ်လ ၉
မက်ဗီဒက်ဗ်က အခုနှစ် ပြိုင်ပွဲမှာ ရုရှားတင်းနစ် သမားတွေ ပါဝင်ဖို့နဲ့ ပတ်သက်ပြီး ဝင်ဘယ်လ်ဒန်က ချမှတ်တဲ့ ဘယ်လို ဆုံးဖြတ်ချက်ကိုမဆို လေးစားမယ်လို့ ပြောလိုက်ပါတယ်။
မက်ဗီဒက်ဗ်က “ကျနော်အကြိမ်ကြိမ် ပြောပြီးပြီ ဖြစ်တဲ့အတွက် အသစ်ထပ်ပြောမှာ မဟုတ်တော့ပါဘူး။ ကျနော် က ငြိမ်းချမ်းရေးအတွက်ပါပဲ။ သူတို့အတွက် ဒီဆုံးဖြတ်ချက်ကို ကျနော်ချမှာ မဟုတ်သလို ဒီဆုံးဖြတ်ချက်ချဖို့ သူတို့ကို ကူညီပေးနိုင်မှာ မဟုတ်ပါဘူး။ မနှစ်ကလို အကြောင်းပြချက် အမျိုးမျိုးနဲ့ သူတို့ လုပ်ဆောင်မှာပါ။ ဒီ ဆုံးဖြတ်ချက်ကို ကျနော်လေးစားမယ်လို့ အမြဲတမ်း ပြောဖူးပါတယ်။ ကျနော်ကစားလို့ရတဲ့ နေရာမှာ ကစားတယ်၊ တင်းနစ်က ကျနော့်အလုပ်ဖြစ်လို့ ဝင်ဘယ်လ်ဒန်မှာ ကစားလို့ရရင် တကယ်ကို ပျော်ရွှင်မိမှာပါ။ ဒီလိုမဖြစ်လာရင် လည်း ပြန်လာခွင့်ရမယ့် အခွင့်အရေးကို ကျနော်စောင့်နေမယ်”လို့ အင်ဒီးယန်းဝဲလ်ပြိုင်ပွဲမှာ သတင်းထောက်တွေ ကို ပြောခဲ့တာပါ။
ဝင်ဘယ်လ်ဒန်ပြိုင်ပွဲဟာ ပြီးခဲ့တဲ့နှစ်က ရုရှားနဲ့ မဟာမိတ် ဘယ်လာရုစ်နိုင်ငံက တင်းနစ်ကစားသမားတွေကို ယှဉ်ပြိုင်ခွင့် ပိတ်ပင်တဲ့ တစ်ခုတည်းသော ဂရမ်းဆလမ်း ပြိုင်ပွဲကြီး ဖြစ်ပါတယ်။
ဆာဘလန်ကာကိုတွေ့ရစဉ်
အခုနှစ် ပြိုင်ပွဲအတွက်လည်း ပြိုင်ပွဲတာဝန်ရှိသူတွေဟာ မကြာမီအချိန်မှာ သူတို့ရဲ့ မူဝါဒကို ထုတ်ပြန်ဖွယ် ရှိနေတာပါ။ ဗြိတိန်တင်းနစ်သမား အန်ဒီမာရေးက အခုနှစ် ဝင်ဘယ်လ်ဒန်ပြိုင်ပွဲမှာ ရုရှားနဲ့ ဘယ်လာရုစ် တင်းနစ်သမားတွေကို ယှဉ်ပြိုင်ခွင့်ပြုဖို့ မျှော်လင့်တဲ့အကြောင်း မကြာသေးခင်က ပြောထားတာ ဖြစ်ပါတယ်။
သြစတြေးလျအိုးပန်းချန်ပီယံ ဘယ်လာရုစ် တင်းနစ်မယ် ဆာဘလန်ကာကလည်း ပြီးခဲ့တဲ့နှစ်က ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရမှုကြောင့် ထိခိုက်နစ်နာခဲ့ရတယ်လို့ ပြောခဲ့တာပါ။
ဆာဘလန်ကာက “လူတွေရဲ့ တုန့်ပြန်မှု၊ မတူညီတဲ့ အရာတွေက ကျမကို တကယ်ဆိုးရွား စေခဲ့ပါတယ်၊ ဒါက ကျမရဲ့ အမှားပါ။ ဒါပေမယ့် ဒီလိုအရာတွေက ကျမရဲ့ ထိန်းချုပ်မှုအောက်မှာ မဟုတ်ဘူးဆိုတာကို သိလာခဲ့ပါ တယ်။ ကျမဟာ ယူကရိန်းပြည်သူတွေကို ဆိုးဆိုးရွားရွား မလုပ်ခဲ့ပါဘူး။ ဒါက ကျမရဲ့ အပြစ်လည်း မဟုတ်ဘူး”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 573
CNI Sport News
၂၀၂၃ ခုနှစ်၊ မတ်လ ၉
ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကနေ စပါးအသင်း ထွက်ခွာခဲ့ရပြီးနောက် အခုနှစ်ရာသီ မကုန်ခင်မှာ နည်းပြ ရာထူးကနေ ထုတ်ပယ်ခံရနိုင်တယ်လို့ ကွန်တီက ပြောလိုက်ပါတယ်။
ကွန်တီက “ကျနော့်ရဲ့ စာချုပ်က ဇွန်လမှာ ကုန်ဆုံးမှာပါ။ ရာသီ မကုန်ခင်မှာတောင် သူတို့က ကျနော့်ကို ထုတ်ပယ်သွားနိုင်တယ်ဆိုတာကို ဘယ်သူသိနိုင်မှာလဲ။ သူတို့ စိတ်ပျက်နေတာ ဖြစ်နိုင်ပါတယ်။ ဒါက ကျနော်တို့ ဂိုးမသွင်းနိုင်တဲ့ တတိယမြောက် တိုက်ပွဲပါ။ ပွဲက ဟန်ချက်ညီပြီး ကျနော်တို့ တိုက်စစ်ဆင်တာ ပိုကောင်းတယ်လို့ ထင်ပါတယ်။ ရှေ့တန်းမှာ ကစားနေတဲ့သူတွေ မဟုတ်ဘဲ တစ်သင်းလုံးအကြောင်းကို ပြောနေတာပါ။ ကျနော်တို့ ဒီထက် အများကြီး ပိုကောင်းအောင် လုပ်နိုင်ပါတယ်”လို့ Italian TV ကို ပြောခဲ့တာပါ။
စပါးအသင်းဟာ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ဒုတိယအကျော့ပွဲစဉ်မှာ အေစီမီလန်အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တာ ဖြစ်ပါတယ်။
အေစီမီလန်အသင်းနဲ့ စပါးအသင်း ယှဉ်ပြိုင်နေစဉ်
ပထမအကျော့အဖြစ် ကစားခဲ့တုန်းက အေစီမီလန်အသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၁ ဂိုး- ဂိုးမရှိနဲ့ အေစီမီလန်အသင်း ကွာတားဖိုင်နယ် တက်နိုင်ခဲ့တာပါ။
ချန်ပီယံလိဂ်ဟာ ဒီရာသီမှာ စပါးအသင်း ရယူနိုင်ဖို့ မျှော်လင့်စရာ တစ်လုံးတည်းသော ဆုဖလားဖြစ်ပေမယ့် အခုတော့ ပြိုင်ပွဲကနေ ထွက်ခဲ့ရတာကြောင့် နောက်ထပ် ဆုဖလားလက်မဲ့ ရာသီကို ထပ်မံဖြတ်သန်း ရတော့မှာ လည်း ဖြစ်ပါတယ်။
စပါးအသင်းဟာ ပြီးခဲ့တဲ့အပတ်က ရှက်ဖီးယူနိုက်တက်အသင်းကို အရေးနိမ့်ပြီး အက်ဖ်အေဖလားကနေ ထွက်ခဲ့ရ သလို ပရီးမီးယားလိဂ်မှာလည်း ဝုလ်ဗ်စ်အသင်းကို အရေးနိမ့်ခဲ့တာပါ။
လန်ဒန်ကလပ်ဟာ လက်ရှိပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်နေပေမယ့် အဆင့် ၅ နေရာက လီဗာပူးလ်အသင်းထက် ၁ ပွဲ ပိုကစားထားပြီး ရမှတ် ၃ မှတ်သာ အသာရရှိထားတာ ဖြစ်ပါတယ်။
စပါးနည်းပြ ကွန်တီက ပရိသတ်တွေကို တောင်းပန်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ အကောင်းဆုံး အဆုံးသတ်နိုင်ဖို့ တိုက်တွန်းခဲ့တာပါ။
စပါးအသင်း တိုက်စစ်မှူး ဟာရီကိန်းကိုတွေ့ရစဉ်
ကွန်တီက “ပရိသတ်တွေကို တကယ်ကို တောင်းပန်ပါတယ်။ ဒါပေမယ့် ကျနော်တို့ နိုင်ပွဲကို မတီထွင် နိုင်ခဲ့ပါဘူး။ ဒါကို သိဖို့ အရေးကြီးပြီး တစ်နေ့မှာ ဆုဖလားတစ်ခုက ကျနော်တို့ဆီကို ရောက်လာတဲ့ အံ့ဖွယ်အရာတွေကို မျှော်လင့် မထားပါနဲ့။ စိတ်ရှည်သည်းခံပြီး ကျနော်တို့ တည်ဆောက်ရမယ်”လို့ ပြောခဲ့ပါတယ်။
စပါးအသင်းရဲ့ ဂန္တဝင်ကစားသမား ဂလင်းဟော်ဒယ်လ်ကတော့ အသင်းဟာ လုံလောက်မှုလည်း မရှိသလို အလွန် စိတ်ပျက်ဖို့ ကောင်းတယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
စပါးအသင်းဟာ ဒီတစ်ပတ်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 724
CNI Sport News
၂၀၂၃ ခုနှစ်၊ မတ်လ ၉
ပီအက်စ်ဂျီအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို အရေးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် အခုအချိန်မှာ သူ့အတွက် အရေးကြီးဆုံးက အမှတ်ပေးလိဂ်မှာ ချန်ပီယံဆုရယူဖို့လို့ ဘတ်ပီက ပြောလိုက်ပါတယ်။
ဘတ်ပီက “အခုအချိန် ဒီရာသီမှာ ကျနော့်အတွက် အရေးကြီးဆုံးက လိဂ်ဖလား ရယူနိုင်ဖို့ပါ။ ချန်ပီယံလိဂ်က ထွက်ခဲ့ရလို့ စိတ်ပျက်ပေမယ့် ကျနော်တို့ ဆက်သွားရမှာဖြစ်ပြီး လူတိုင်းကို စိန်ခေါ်နိုင်ဖို့ ကြိုးစားရပါမယ်။ အသင်း နှစ်သင်းရဲ့ အခြေအနေကို ကြည့်တဲ့အချိန်မှာ ကျနော်တို့ အများကြီး လွဲချော်မှုတော့ မရှိပါဘူး။ ဒါပေမယ့် သူတို့က ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ တည်ဆောက်ထားတဲ့ အသင်းပါ။ ရာသီအစ ပထမဆုံးပြုလုပ်ခဲ့တဲ့ ချန်ပီယံလိဂ် သတင်းစာ ရှင်းလင်းပွဲမှာ ကျနော်တို့ အကောင်းဆုံး ကြိုးစားပြီး အမြင့်ဆုံးကို ရောက်အောင်သွားမယ်လို့ ပြောခဲ့ပါ တယ်။ ဒါက ကျနော်တို့ရဲ့ အမြင့်ဆုံး၊ အမှန်တရားပါပဲ”လို့ ပြောခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်း အိမ်ကွင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ အိမ်ရှင် အသင်းက ပီအက်စ်ဂျီအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ် အသင်းအတွက် ဂိုးတွေကို ချူပိုမိုတင်နဲ့ ဂနာဘရီတို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ် အသင်းဟာ ပထမအကျော့ ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း ပီအက်စ်ဂျီအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး- ဂိုးမရှိနဲ့ ကွာတားဖိုင်နယ် တက်နိုင်ခဲ့တာပါ။
ပီအက်စ်ဂျီအသင်းဟာ ၂ နှစ်ဆက်တိုက် ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကနေ ထွက်ခွာခဲ့ရတာဖြစ်ပြီး နောက်ဆုံး ၇ ရာသီမှာ ၅ ကြိမ်မြောက် ဒီအဆင့်ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ် ယှဉ်ပြိုင်နေစဉ်
ပီအက်ဂျီအသင်းဟာ ပြည်တွင်း ဖလားအားလုံးကို ရယူပြီးဖြစ်တာကြောင့် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ အဓိက ပစ်မှတ်ထားနေပေမယ့် ၂၀၁၉-၂၀ ရာသီက ဗိုလ်လုပွဲတစ်ကြိမ် တက်ရောက်နိုင်ခဲ့တာကလွဲပြီး အောင်မြင်မှု ရယူနိုင်ခြင်း မရှိသေးပါဘူး။
ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပြီးနောက် ဘတ်ပီရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မေးမြန်းမှုတွေ ပြုလုပ်ချိန်မှာ ကစား သမားက တည်တည်ငြိမ်ငြိမ် ရှိနေတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိ ဘတ်ပီနဲ့ ပီအက်စ်ဂျီအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်၊ ဇွန်လအထိ သက်တမ်း ရှိနေပါတယ်။
ဘတ်ပီဟာ ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ရလဒ်က သူ့ရဲ့ ပီအက်စ်ဂျီအနာဂတ်ကို သက်ရောက်မှုရှိမှာ မဟုတ် ဘူးလို့ ဒုတိယအကျော့ ပွဲစဉ်မတိုင်ခင်က ပြောထားပါတယ်။
ပီအက်စ်ဂျီအသင်းဟာ လီဂူးဝမ်း အမှတ်ပေးဇယားကို ၈ မှတ်ဖြတ်ပြီး ဦးဆောင်နေကာ စနေနေ့မှာ ဘရတ်စ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Besoccer

- By CNI
- Category: အားကစား
- Hits: 574
CNI Sport News
၂၀၂၃ ခုနှစ်၊ မတ်လ ၈
အခုနွေရာသီမှာ ကျင်းပမယ့် ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲမှာ ရုရှားနဲ့ ဘယ်လာရုစ် တင်းနစ် ကစားသမားတွေကို ယှဉ်ပြိုင်ခွင့်ပြုဖို့ မျှော်လင့်တယ်လို့ ဗြိတိန်တင်းနစ် အကျော်အမော် အန်ဒီမာရေးက ပြောလိုက်ပါတယ်။
အန်ဒီမာရေးက “ဒါဟာ တကယ်ကို ခက်ခဲပြီး မနှစ်က ကစားခွင့်မရတဲ့ ကစားသမားတွေအတွက် ကျနော် ခံစားမိပါတယ်။ ဒါပေမယ့် ဒီအခြေအနေတွေကို နားလည်ပြီး ဝင်ဘယ်လ်ဒန်မှာ ခေါ်ယူဖို့ ဘာကြောင့် ခက်ခဲ နေရတာလဲ။ သူတို့ယှဉ်ပြိုင်ခွင့် ရတော့မယ်ဆိုပြီး ကျနော်ကတော့ နားလည်ထားပါတယ်။ အဲဒီလို ဖြစ်ခဲ့ရင် ကျနော် အရူးအမူး ဖြစ်သွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဝင်ဘယ်လ်ဒန်က တခြားလမ်းကြောင်းကို ရွေးသွား ရင်တော့ ဒါကို ကျနော် နားလည်ပါလိမ့်မယ်”လို့ BBC Sport ကို ပြောခဲ့တာပါ။
ကမ္ဘာ့နံပါတ်တစ် တင်းနစ်သမားဟောင်းဖြစ်တဲ့ အန်ဒီမာရေးဟာ ရုရှားကျူးကျော်မှုကို ခံခဲ့ရတဲ့ ယူကရိန်း ကလေး ငယ်တွေကို ကူညီဖို့အတွက် ၂၀၂၂ က ရခဲ့တဲ့ သူ့ရဲ့ ဆုကြေးငွေထဲက ပေါင် ၅၀၀,၀၀၀ ကျော်ကို လှူဒါန်းခဲ့ ပါတယ်။
အန်ဒီမာရေးဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ရုရှားနဲ့ ဘယ်လာရုစ် တင်းနစ် ကစားသမားတွေကို ပိတ်ပင်တာ မထောက်ခံဘူးလို့ ပြောထားပါတယ်။ အခုနှစ်မှာလည်း အန်ဒီမာရေးဟာ အလားတူ သဘောထားကို ထပ်ပြီး ပြောသွားခဲ့တာ ဖြစ်ပါတယ်။
အန်ဒီမာရေးကိုတွေ့ရစဉ်
ဝင်ဘယ်လ်ဒန်ပြိုင်ပွဲဟာ အဲဒီ နှစ်နိုင်ငံ တင်းနစ်သမားတွေကို ပိတ်ပင်ခဲ့တာကြောင့် ချန်ပီယံဆုရတဲ့ သူတွေဟာ အမှတ်တွေ ရယူနိုင်ခဲ့ခြင်း မရှိသလို ပြိုင်ပွဲကျင်းပရေး အဖွဲ့အစည်းကိုလည်း ATP နဲ့ WTA က ဒဏ်ကြေးငွေ ပေါင် ၁.၄ သန်း ချမှတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က တင်းနစ်ပြိုင်ပွဲတွေမှာ ရုရှားနဲ့ ဘယ်လာရုစ် တင်းနစ် ကစားသမားတွေကို နိုင်ငံအလံ ကိုယ်စားပြုပြီး ယှဉ်ပြိုင်ခွင့် မပြုခဲ့ဘဲ ကြားနေ အလံအောက်မှာသာ ယှဉ်ပြိုင်ခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။
အခုနှစ်မှာလည်း ကြားနေ အလံအောက်ကနေသာ ယှဉ်ပြိုင်ခွင့်ပြုခဲ့ပြီး ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲကတော့ လက်ရှိ အချိန်ထိ ရုရှားနဲ့ ဘယ်လာရုစ် တင်းနစ် ကစားသမားတွေကို ယှဉ်ပြိုင်ခွင့်ပြု၊ မပြုဆိုတာကို ထုတ်ဖော် ပြောကြားခြင်း မရှိသေးပါဘူး။
Source: BBC
- By CNI
- Category: အားကစား
- Hits: 632
CNI Sport News
၂၀၂၃ ခုနှစ်၊ မတ်လ ၈
တောင်ကိုရီးယား လက်ရွေးစင်အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခြင်း ခံထားရတဲ့ ကလင်းစမန်းက နှစ်ပေါင်း ၆၀ ကြာ ဝေးကွာခဲ့တဲ့ အာရှဖလား ချန်ပီယံဆုကို ရယူဖို့ ပစ်မှတ်ထားတယ်လို့ ပြောလိုက်ပါတယ်။
ကလင်းစမန်းက “ကျနော့်ရဲ့ ရည်မှန်းချက်က လာမယ့်နှစ် အာရှဖလား ချန်ပီယံဆုကို ရယူနိုင်ဖို့ပါ။ ဂူဟစ်ဒင့်၊ ပေါ်လိုဘန်တို တို့လို နည်းပြတွေနဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀၊ ၂၅ နှစ်လောက်ကတည်းက တည်ဆောက်ခဲ့တဲ့ သမိုင်း ကြောင်းရှိ အသင်းတစ်သင်းရဲ့ ရည်မှန်းချက်က အာရှဖလားကို ဆွတ်ခူးနိုင်ဖို့ပဲလို့ ထင်ကြောင်း”ပြောခဲ့တာပါ။
တောင်ကိုရီးယားအသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာ နည်းပြရာထူးကနေ ထွက်ခွာခဲ့တဲ့ ပေါ်လိုဘန် တိုရဲ့ နေရာမှာ အမေရိကန်နဲ့ ဂျာမနီအသင်း နည်းပြဟောင်း ကလင်းစမန်းကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
တောင်ကိုရီးယား အသင်းဟာ ကလင်းစမန်းကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ စာချုပ်ချုပ်ဆိုခဲ့တာပါ။
တောင်ကိုရီးယားအသင်းဟာ ၁၉၅၆ က စတင်ကျင်းပခဲ့တဲ့ အာရှဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး အိမ်ရှင်အဖြစ် ကျင်းပတဲ့ ၁၉၆၀ အာရှဖလားပြိုင်ပွဲမှာ နောက်ထပ် ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီ နောက်ပိုင်းမှာ တောင်ကိုရီးယား အသင်းဟာ ဆုဖလားတွေနဲ့ ဝေးကွာခဲ့ပြီး အမြင့်ဆုံး အောင်မြင်မှု အဖြစ် ဒုတိယသာ ရရှိခဲ့တာပါ။
တောင်ကိုရီးယားအသင်းကိုတွေ့ရစဉ် (Reuters)
၂၀၂၃ ကာတာ အာရှဖလားပြိုင်ပွဲကို လာမယ့်နှစ် ဇန်နဝါရီလမှာ ကျင်းပသွားမှာဖြစ်ပြီး တောင်ကိုရီးယား အသင်း ဟာ ခြေစစ်ပွဲ အောင်မြင်ထားပြီး ဖြစ်ပါတယ်။
အဲဒါကြောင့် နည်းပြသစ် ကလင်းစမန်းက လာမယ့် အာရှဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ဖို့ ပစ်မှတ်ထား နေတာပါ။
တောင်ကိုရီးယားအသင်းဟာ ဒတ်ချ်လူမျိုးနည်းပြ ဂူဟစ်ဒင့် လက်ထက် ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် အဆင့်ထိ တက်ရောက်နိုင်ခဲ့ပြီး၊ ပေါ်လိုဘန်တို လက်ထက် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ထိ တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ကလင်းစမန်းက “အနိုင်ရဖို့က ရည်မှန်းချက် ဖြစ်တယ်ဆိုတာကို ကာတာမှာ သက်သေပြပြီးပါပြီ။ ကာတာမှာဆို ပေါ်တူဂီကို အနိုင်ရခဲ့သလို လွန်ခဲ့တဲ့ ၄ နှစ်ကလည်း ဂျာမနီကို အနိုင်ရခဲ့တာကြောင့် ကောင်းမွန်စွာ လုပ်နိုင်ခဲ့ပါ တယ်။ အခွင့်အရေးတွေ ရလာတဲ့ အချိန်မှာ ကျနော်တို့ စကားတွေ ပြောခဲ့ပြီး ဒီအသင်းက အလွန်ကောင်းမွန်တဲ့ အသင်း ဖြစ်တာကြောင့် ကျနော် အလွန်စိတ်လှုပ်ရှား မိပါတယ်”လို့ ပြောခဲ့တာပါ။
ကလင်းစမန်းဟာ မတ်လ ၂၄ ရက် ကိုလံဘီယာနဲ့ ကစားမယ့် ခြေစမ်းပွဲမှာ တောင်ကိုရီးယား နည်းပြဘဝ ပထမဆုံး ပွဲစဉ်အဖြစ် ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 548
CNI Sport News
၂၀၂၃ ခုနှစ်၊ မတ်လ ၈
ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး မူလာက သူတို့နဲ့ ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ် မှာ ပီအက်စ်ဂျီတိုက်စစ်မှူး ဘတ်ပီပျော်ရွှင်နိုင်မှာ မဟုတ်ဘူးလို့ ပွဲမတိုင်ခင် သတိပေးလိုက်ပါတယ်။
မူလာက “ဘတ်ပီဟာ အန္တရာယ်ပေးနိုင်တဲ့ ကစားသမားပါ။ သူဟာ ပီအက်စ်ဂျီအသင်းရဲ့ ဂိုးသွင်း အများဆုံး ကစား သမားပါ။ သူ့ကို ဘယ်လို ရပ်တန့်အောင် လုပ်ရမလဲဆိုတာ ကျနော်တို့ စဉ်းစားရမှာ ဖြစ်ပေမယ့် ဒါက အသင်း လိုက် ကစားရတဲ့ အားကစားနည်းပါ။ ကစားသမားတစ်ဦးကို ရပ်တန့်အောင်လုပ်ဖို့က မေးခွန်းထုတ်နေစရာ တောင် မလိုပါဘူး။ သူ့ကို တစ်ယောက်ချင်းစီ လိုက်ပြီး ကစားနေရမှာဖြစ်သလို တစ်ဦးကို ကျော်ဖြတ်နိုင်ရင် နောက်တစ်ဦးက ရှိနေရမှာပါ။ တစ်ကမ္ဘာ့လုံးက ဘတ်ပီ ဘောလုံးကစားတာကို ကြည့်ရတာ နှစ်သက်ပေမယ့် မနက်ဖြန်မှာ ကျနော်တို့သူ့ကို မကြည့်ချင်ပါဘူး။ ကျနော်တို့အစီအစဉ်က ထိရောက်မှုရှိရင် သူပျော်နိုင်မှာ မဟုတ် ဘူး”လို့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေခဲ့တာပါ။
ဒီနှစ်သင်း ပထမအကျော့အဖြစ် ပီအက်စ်ဂျီအသင်း အိမ်ကွင်းမှာ ကစားခဲ့တုန်းက ဘိုင်ယန်မြူးနစ်က ၁ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီပွဲမှာ ဘတ်ပီဟာ ဒဏ်ရာကနေ ပြန်သက်သာလာတာ မကြာသေးတာကြောင့် လူစားဝင် ကစားသမား အဖြစ် သာ ပါဝင်နိုင်ခဲ့တာပါ။
ဘတ်ပီဟာ လူစားဝင်လာပြီး အချိန်မှာ သွင်းဂိုး ၂ ဂိုး သွင်းယူခဲ့ပေမယ့် လူကျွံဘောအဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒုတိယအကျော့ ပွဲမှာတော့ ဘတ်ပီဟာ ပွဲအစကတည်းက ပါဝင်လာမှာ ဖြစ်တာကြောင့် မူလာက သတိပေးမှု ပြုလုပ်ခဲ့တာပါ။
မူလာကိုတွေ့ရစဉ်
ဘတ်ပီဟာ ချန်ပီယံလိဂ် ပထမအကျော့ ပွဲစဉ်ပြီးကတည်းက ပီအက်စ်ဂျီ အသင်းအတွက် ခြေစွမ်းပြသနေပြီး နောက်ဆုံး ၃ ပွဲမှာ ၅ ဂိုးသွင်းယူကာ ၁ ဂိုး ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီ အသင်းဟာ ပြည်တွင်းလိဂ် ပြိုင်ပွဲမှာ ၈ မှတ် အသာရကာ အမှတ်ပေးဇယားကို ဦးဆောင်နေသလို ဘိုင်ယန်မြူးနစ်အသင်း ကလည်း ဒေါ့မွန်အသင်းကို ဂိုးကွာခြားချက်အသာနဲ့ ဘွန်ဒစ်လီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။
ဒီပွဲမှာ ပီအက်စ်ဂျီ အသင်းရဲ့အဓိက ကစားသမားဖြစ်တဲ့ နေမာ မပါဝင်နိုင်မှာက ဘိုင်ယန်မြူးနစ်အတွက် အားသာ ချက် ဖြစ်နိုင်တယ်လို့ သတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
ဘတ်ပီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ် အသင်းနဲ့ ၆ ကြိမ် တွေ့ဆုံထားခဲ့တာမှာ စံချိန်တင် ၃ ဂိုးသွင်းပြီး ၁ ဂိုး ဖန်တီးထားပေမယ့် ၄ ပွဲရှုံးနိမ့်ပြီး ၂ ပွဲသာ အနိုင်ရထားတယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 565
CNI Sport News
၂၀၂၃ ခုနှစ်၊ မတ်လ ၈
ဒေါ့မွန်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ် တက်နိုင်ပြီးနောက် ချယ်လ်ဆီး နည်းပြ ဂရေဟမ်ပေါ်တာက ဒီပြိုင်ပွဲဟာ အသင်းအတွက် အများကြီး အဓိပ္ပါယ်ရှိတယ်လို့ ပြောလိုက်ပါတယ်။
ဂရေဟမ်ပေါ်တာက “ကျနော်အခု ဘယ်လိုခံစားနေရလဲဆိုတာ မသိပါဘူး။ ပွဲပြီးဆုံးချိန်မှာတော့ ခံစားချက်တွေ အများကြီး ရှိပါတယ်။ ကောင်လေးတွေကတော့ ဒီပွဲမှာ အလွန်ကောင်းမွန်စွာ ကစားနိုင်ခဲ့တာကြောင့် သူတို့ အတွက် ဝမ်းသာသလို ဒီမှာရှိတဲ့ လူတိုင်းအတွက်လည်း အလွန်ကောင်းမွန်ပါတယ်။ အဝတ်လဲခန်းထဲမှာ ထူးခြား တဲ့ ခံစားချက်တွေ ရှိခဲ့ပါတယ်။ ကျနော်တို့ဟာ ခက်ခဲတဲ့ ကာလတစ်ခုကို ဖြတ်သန်းခဲ့ရပြီး ချန်ပီယံလိဂ်ပြိုင်ပွဲက ကျနော်တို့အတွက် အများကြီး အဓိပ္ပါယ်ရှိပါတယ်။ ကျနော်တို့ဟာ ခက်ခဲတဲ့ ကာလအပြီးမှာ အနိုင်ရခဲ့တဲ့ ၂ ပွဲ စလုံးကို ပေးဂိုးမပေးခဲ့ရပါဘူး။ ဒါက ကောင်လေးတွေအတွက် အလွန်ကောင်းပါတယ်”လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ၁၆ သင်းအဆင့် ပထမအကျော့အဖြစ် ကစားခဲ့တဲ့ပွဲမှာ ဒေါ့မွန်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့မှာ ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုး- ၁ ဂိုးနဲ့ ကွာတားဖိုင် နယ်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ ချယ်လ်ဆီး အသင်းအတွက် ဂိုးတွေကို စတာလင်နဲ့ ဟာဗတ်ဇ်တို့က သွင်းယူခဲ့တာပါ။ ချယ်လ်ဆီး အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၂ ပွဲစလုံး အနိုင်ရခဲ့တာကြောင့် နည်းပြ ဂရေဟမ်ပေါ်တာအတွက် ဖိအား အနည်းငယ် လျော့သွားခဲ့ပါတယ်။
ချယ်လ်ဆီးနဲ့ ဒေါ့မွန် ယှဉ်ပြိုင်နေစဉ်
ချယ်လ်ဆီး အသင်းအတွက် ဒုတိယမြောက်သွင်းဂိုးကို ပင်နယ်တီကနေ သွင်းယူခဲ့တဲ့ ဟာဗတ်ဇ်ဟာ ပင်နယ်တီကို ၂ ကြိမ် ကန်ခဲ့ရပါတယ်။
ပထမအကြိမ်တုန်းက ဂိုးမဝင်ခဲ့ပေမယ့် ဟာဗတ်ဇ် ကန်နေချိန်မှာ ဒေါ့မွန်ကစားသမားက ဂိုးဧရိယာထဲ ဝင်ခဲ့တာကြောင့် ဒိုင်လူကြီးက ပြန်ကန်ခိုင်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဒုတိယအကြိမ် ကန်သွင်းမှုမှာတော့ ဟာဗတ်ဇ်က ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့တာပါ။
ဟာဗတ်ဇ်က “ပင်နယ်တီကို ဒုတိယအကြိမ် ကန်သွင်းတာမှာတော့ ကျနော် အနည်းငယ် စိတ်လှုပ်ရှားမိခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ကျနော် စောင့်ဆိုင်းပြီး ဂိုးသမားကို ကြည့်ဖို့ ကြိုးစားခဲ့ပြီးတော့ ဒုတိယအကြိမ် ကန်သွင်း တာမှာ အနည်းငယ် ပိုလွယ်ကူခဲ့ပါတယ်။ ဒီညက ကျနော်တို့အတွက် အရေးကြီးပါတယ်။ ဒါက ကြီးမားတဲ့ပွဲ ဖြစ်သလို ကျနော်တို့ ရယူနိုင်တဲ့ နောက်ဆုံး ဆုဖလားပါ။ ကျနော်တို့ စရိုက်လက္ခဏာတွေကို ပြသနိုင်ခဲ့ပြီး ဒီအတိုင်းပဲ ဆက်ပြီး သွားချင်ပါတယ်”လို့ ပြောပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လက်စတာအသင်း အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 562
CNI Sport News
၂၀၂၃ ခုနှစ်၊ မတ်လ ၇
ဟာကီမီဟာ မုဒိမ်းမှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေး ခံနေရပေမယ့် ဘိုင်ယန် မြူးနစ်နဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်အတွက် ပီအက်စ်ဂျီအသင်း လူစာရင်းမှာ ပါဝင်လာခဲ့ တာ ဖြစ်ပါတယ်။
ဟာကီမီဟာ ဖေဖော်ဝါရီ ၂၅ ရက်က ပဲရစ်မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ မုဒိမ်းမှု ကျူးလွန်ခဲ့တယ်လို့ အစိုးရရှေ့နေတွေ က ပြီးခဲ့တဲ့အပတ်က စွဲချက်တင်ပြီးနောက် သူ့ကို စစ်ဆေးမေးမြန်းခဲ့တာပါ။
ဒါပေမယ့် ပီအက်စ်ဂျီအသင်းကတော့ ဟာကီမီကို ချန်ပီယံလိဂ် အရေးကြီးပွဲစဉ်အတွက် အသင်းလူစာရင်းမှာ သူ့ကို ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ မော်ရိုကို နောက်ခံလူဟာ ပြီးခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ အပြည့်အဝ ပါဝင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ပွဲမှာ ပီအက်စ်ဂျီအသင်းက သူ့ကို ပွဲထွက် အသုံးပြုမှာလားဆိုတာတော့ မသိရသေး ပါဘူး။
ဟာကီမီဟာ ပြီးခဲ့တဲ့ နန့်တက်စ်အသင်းကို အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲမှာ ပီအက်စ်ဂျီအသင်းအတွက် မပါဝင် ခဲ့ပေမယ့် ပွဲကြည့်စင်ပေါ်မှာ ရှိနေခဲ့တာပါ။
ဟာကီမီကို မက်ဆီ၊ နေမာတို့နဲ့အတူ တွေ့ရစဉ်
ဒါ့အပြင် ဟာကီမီဟာ သူ့ကို မုဒိမ်းမှုနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ စတင်ခဲ့တဲ့နေ့မှာ ဖီဖာအကောင်းဆုံး ဆုပေးပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပြီး FIFpro ရဲ့ အကောင်းဆုံးအသင်းမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
ဟာကီမီဟာ စုံစမ်းစစ်ဆေးမှုတွေ ခံနေရတဲ့ အချိန်မှာ ဘိုင်ယန်မြူးနစ်နဲ့ ကစားဖို့ ခွင့်ပြုချက်ရခဲ့သလို ပြင်သစ်ပိုင် နက် ထဲကနေလည်း ထွက်ခွာခွင့် ရခဲ့တာပါ။
ဟာကီမီရဲ့ ရှေ့နေတစ်ဦးကတော့ သူ့ရဲ့ ကစားသမားဟာ ဘာအမှားအယွင်းကိုမှ ပြုလုပ်ထားခြင်း မရှိဘူးလို့ ပြောထားသလို မိခင်ကလည်း သူ့ရဲ့ သားဖြစ်သူအပေါ် ယုံကြည်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။
ပီအက်ဂျီအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ် အသင်းကို ၁ ဂိုး- ဂိုး မရှိနဲ့ အရေးနိမ့်ခဲ့တာကြောင့် နောက်တစ်ဆင့် တက်ဖို့အတွက် ဒုတိယအကျော့ပွဲမှာ မဖြစ်မနေ အနိုင်ရယူဖို့ လိုအပ်နေတာပါ။
၂၀၂၁ က အင်တာမီလန် အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဟာကီမီဟာ ပီအက်စ်ဂျီ အသင်းအတွက် ၇၂ ပွဲ ပါဝင် ကစားထားပြီး ၈ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: Goal