- By CNI
- Category: အားကစား
- Hits: 579
CNI Sport News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၇
ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွဲယားက သူဟာ အသင်းရဲ့ အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်တယ်လို့ ဘက်တစ်အသင်းကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
မက်ဂွဲယားက “ကျနော်ဟာ ကလပ်အသင်းရဲ့ ကွင်းအတွင်းရော ကွင်းပြင်ပမှာပါ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ပွဲကစားရတာပဲဖြစ်ဖြစ်၊ မကစားရတာပဲဖြစ်ဖြစ် ကလပ်အသင်းကို အောင်မြင်အောင်လုပ်ဖို့ နေ့တိုင်းကြိုးစားနေပါတယ်။ဒါက လက်ရှိအချိန်မှာ ကျနော်အဓိက အာရုံစိုက်နေတဲ့အရာပါ။ကျနော်ဟာ ပွဲတွေကို ပိုပြီးကစားချင်ပါတယ်။ဒါပေမယ့် ကွင်းအတွင်းရော ကွင်းပြင်ပမှာပါ ကျနော်ပါဝင်ကစားနေပါတယ်” လို့ ပြောခဲ့တာပါ။
မက်ဂွဲယားဟာ ကမ္ဘာ့ဖလားအပြီး ၅ ပွဲမြောက်ပွဲစကတည်းက ပါဝင်ကစားခဲ့ရတဲ့ ပွဲစဉ်အဖြစ် ဘက်တစ်အသင်းနဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ပါဝင်ခဲ့ပါတယ်။ဒီပွဲမှာ ယူနိုက်တက်အသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး-၁ ဂိုးနဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာပါ။ မက်ဂွဲယားဟာ ၂၀၁၉ က လက်စတာအသင်းကနေ ပေါင်သန်း ၈၀ နဲ့ ယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး နည်းပြဟောင်း ဆိုးလ်ရှားလက်ထက်မှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခြင်းခံခဲ့ရပါတယ်။
ဒါပေမယ့် ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်လက်ထက်မှာတော့ မက်ဂွဲယားဟာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရ ပြီး အရန်ကစားသမားအဖြစ်သာ ပါဝင်နေရတာပါ။အဲရစ်တန်ဟတ်ဟာ လီဆန်ဒရိုမာတီးနတ်ဇ်နဲ့ ဗာရန်းတို့ကိုသာ အဓိက ဗဟိုနောက်ခံလူအဖြစ် ပွဲထွက်အသုံးပြုနေတာဖြစ်ပါတယ်။ အင်္ဂလန်ကစားသမားကတော့ သူ့ရဲ့ ပွဲထွက် ခွင့်နေရာကို ပြန်လည်ရယူနိုင်ဖို့အတွက် လေ့ကျင့်ရေးကွင်းမှာ အလုပ်ကို ပိုပြီးကြိုးကြိုးစားစား လုပ်ဆောင် နေတယ်လို့ ပြောခဲ့တာပါ။
အသက် ၃၀ အရွယ်ရှိ မက်ဂွဲယားဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ပွဲပေါင်း ၂၃ ပွဲသာ ပါဝင်ကစားခွင့် ရထားပေမယ့် အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ကတော့ ယူရို ၂၀၂၄ ခြေစစ်ပွဲဝင်မယ့် အသင်းလူစာရင်းမှာ သူ့ကို ရွေးချယ်ထားတာဖြစ်ပါတယ်။မက်ဂွဲယားဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အင်္ဂလန်အသင်းခံစစ်ကို ဦးဆောင်နိုင်ခဲ့ပြီး ပွဲတိုင်းနီးပါး ပါဝင်ကစားကာ ခြေစွမ်းပြသနိုင်ခဲ့တာပါ။
ဒါပေမယ့် ယူနိုက်တက်အသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတာကြောင့် လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ တိုက်တွန်းမှုတွေ ခံနေရတာဖြစ်ပါတယ်။ မက်ဂွဲယားဟာ ယူနိုက်တက်အသင်းကို ရောက်ရှိလာပြီးကတည်းက ၁၆၇ ပွဲ ပါဝင်ကစားထားပြီး ၇ ဂိုးသွင်းယူထားပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 567
CNI Sport News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၇
အာဆင်နယ်အသင်းနည်းပြ အာတီတာက စပို့တင်းလစ္စဘွန်းအသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ယူရိုပါလိဂ်မှာ ဆက်ပြီးတိုက်ပွဲဝင်ချင်တာလို့ ပြောခဲ့ပါတယ်။
အာတီတာက “ကျနော်တို့ နောက်တစ်ဆင့်ကို တကယ်တက်ရောက်ချင်သလို ဒီပြိုင်ပွဲမှာ ဆက်ပြီး တိုက်ပွဲဝင်ချင်တာပါ။ဒီနေ့မှာ ကျနော်တို့ကြိုးစားခဲ့ပေမယ့် မလုံလောက်ပါဘူး။စပို့တင်းအသင်းကိုတော့ နောက်တစ်ဆင့် တက်နိုင်ခဲ့လို့ ဂုဏ်ပြုချင်ပါတယ်။တိုမီယာဆုနဲ့ ဆလီဘာတို့ကို စောစောစီးစီးဆုံးရှုံးခဲ့ရတာကြောင့် ပွဲကို စီမံခန့်ခွဲရတာခက်ခဲခဲ့ပါတယ်။ကျနော်တို့ရဲ့ စည်းချက်တွေကို မတွေ့ခဲ့ရပါဘူး။နောက်ဆုံးမိနစ် ၂၀ အတွင်းမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြန်ရခဲ့ပေမယ့် ဂိုးတော့မသွင်းနိုင်ခဲ့ပါဘူး။ပင်နယ်တီကတော့ ထီထိုးရသလိုပါပဲ” လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့အဖြစ် အိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲမှာ စပို့တင်းလစ္စဘွန်းအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တာဖြစ်ပါတယ်။ပထမအကျော့က ၂ ဂိုးစီ သရေကျခဲ့တဲ့အတွက် နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုးစီသရေဖြစ်နေလို့ အချိန်ပိုဆက်လက်ယှဉ်ပြိုင်ခဲ့ရတာပါ။အချိန်ပိုမှာ အာဆင်နယ် အသင်းဘက်က ဂိုးရနိုင်မယ့် အခွင့်အရေး ၂ ကြိမ်ကို စပို့တင်းဂိုးသမားက ကာကွယ်နိုင်ခဲ့တာကြောင့် ပင်နယ်တီ ကန်သွင်းခဲ့ရတာဖြစ်ပါတယ်။
ပင်နယ်တီမှာ အာဆင်နယ်က ၃ ကြိမ်သာ ဂိုးဝင်ခဲ့ပြီး စပို့တင်းအသင်းက ၅ ဂိုးစလုံးဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့လို့ ပေါ်တူဂီကလပ်က ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာပါ။အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ်ကနေ ထွက်ခွာခဲ့ရတာကြောင့် ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုရယူနိုင်ဖို့ကို ပိုပြီး အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။ အာတီတာကတော့ လာမယ့် ပဲလေ့စ်အသင်းနဲ့ပွဲမှာ ဗိုလ်လုပွဲလို ကစားသွားမယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
အာတီတာက “ကျနော်တို့ဟာ ဒီပွဲမှာ နောက်တစ်ဆင့်တက်ချင်ခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး။အဲဒါကြောင့် ကိုယ့်ကို ကိုယ်ပြန်ပြီးကြည့်ရတော့ပါမယ်။အခုအချိန်မှာတော့ ကျနော်တို့မှာ ၁၁ ပွဲသာရှိတော့ပြီး အာရုံစူးစိုက်မှုကလည်း ၁ ခုပဲ ရှိပါတော့တယ်။ကျနော်တို့ ပဲလေ့စ်နဲ့ ဗိုလ်လုပွဲကစားရပါမယ်။ကျနော်တို့ရဲ့ စွမ်းအင်တွေကို ပြန်လည်ရယူပြီး ဒီနေ့မှာ ကစားခဲ့တာထက် ပိုပြီးကောင်းမွန်အောင် ကစားရမယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၇ ပွဲကစားအပြီးမှာ ဒုတိယနေရာက မန်စီးတီးအသင်းကို ၅ မှတ် ဖြတ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်ထားတာပါ။အာဆင်နယ်အသင်းအနေနဲ့ လာမယ့်ပွဲမှာ အနိုင်ရလဒ် ရယူနိုင်ခဲ့ရင် နိုင်ငံတကာပွဲစဉ်တွေမတိုင်ခင် အမှတ်ပေးဇယားကို ၈ မှတ်ဖြတ်ပြီး ဦးဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။
Source:DailyMail

- By CNI
- Category: အားကစား
- Hits: 547
CNI Sport News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၆
ရုရှားတင်းနစ်မယ် ပိုတာပိုဗာဟာ ပီဂူလာနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ အင်ဒီးယန်းဝဲလ်စ် အိုးပန်းမတိုင်ခင် ရုရှားဘောလုံး အသင်း စပါးတပ် မော်စကိုရဲ့ အင်္ကျီကို ဝတ်ဆင်ခဲ့တဲ့အတွက် အမျိုးသမီး တင်းနစ်အဖွဲ့အစည်း(WTA) ရဲ့ သတိ ပေးခြင်းကို ခံခဲ့ရပါတယ်။
WTA က “ရုရှားဘောလုံး အသင်းအင်္ကျီနဲ့ ပတ်သက်ပြီး WTA ဟာ ကစားသမားကို လက်ခံနိုင်ဖွယ် မရှိသလို သင့်လျော်တဲ့ လုပ်ရပ်မဟုတ်ဘူးလို့ တရားဝင် သတိပေးထားပါတယ်။ အနာဂတ်မှာ ဒီလိုမျိုးထပ်ပြီး ဖြစ်မလာ နိုင်ဘူးဆိုတာ မျှော်လင့်လို့ မရတော့ဘူး”လို့ ထုတ်ပြန်မှာ ဖော်ပြထားတာပါ။
ပိုတာပိုဗာရဲ့ အပြုအမူဟာ ယူကရိန်းကို ကျူးကျော်တဲ့ သူမနိုင်ငံကို လူမြင်ကွင်းမှာ ထောက်ခံကြောင်း ပြသခဲ့ တယ်ဆိုပြီး ရှုမြင်ခံခဲ့ရတာဖြစ်ပါတယ်။
ဒီလုပ်ရပ်ကို အသက် ၂၁ နှစ်အရွယ်ရှိ ကမ္ဘာ့နံပါတ်တစ် တင်းနစ်မယ် ဆွီယာတက်ခ်က ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါ တယ်။ ပိုတာပိုဗာကတော့ သူမဟာ အသက် ၁၃ နှစ်အရွယ် ကတည်းက စပါးတပ်အသင်းကို အားပေးခဲ့တာလို့ ဒီအင်္ကျီ ဝတ်ဆင်တာနဲ့ ပတ်သက်ပြီး ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
စပါးတပ်မော်စကိုအသင်းရဲ့အင်္ကျီကို ဝတ်ဆင်ခဲ့တဲ့ ပိုတာပိုဗာကိုတွေ့ရစဉ်
ဒါအပြင် ယူကရိန်းတင်းနစ်မယ် ဆူရန်ကိုဟာ အင်ဒီးယန်းဝဲလ်စ်ပြိုင်ပွဲမှာ ဘယ်လာရုစ် တင်းနစ်မယ် ဆာဘလန် ကာနဲ့ ယှဉ်ပြိုင် ကစားတာကနေ နှုတ်ထွက်ခဲ့ပါတယ်။
ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေဟာ ဒီပြိုင်ပွဲမှာ သူတို့ရဲ့ နိုင်ငံနဲ့ သက်ဆိုင်ခြင်း မရှိဘဲ တစ်ဦးချင်း အားကစားသမားအဖြစ် ဝင်ရောက် ယှဉ်ပြိုင်နေတာပါ။
တင်းနစ်ပြိုင်ပွဲတွေမှာ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို နိုင်ငံရဲ့အလံ၊ နိုင်ငံရဲ့သီချင်းကို သီဆိုခွင့် မပြုဘဲ ကြားနေအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပြုထားပါတယ်။
ပြီးခဲ့တဲ့နှစ်ကတော့ ဒီနှစ်နိုင်ငံက အားကစားသမားတွေကို ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲက ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့ပြီး အခုနှစ်အတွက်တော့ ပိတ်ပင်ခြင်း ရှိ၊မရှိကို တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးတာ ဖြစ်ပါ တယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 512
CNI Sport News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၆
မြန်မာ့လက်ရွေးစင်အသင်းဟာ လစ်လပ်နေတဲ့ နည်းပြနေရာအတွက် ဂျာမနီလူမျိုးနည်းပြ မိုက်ကယ်ဖိုက်တန် ဘိုင်နာကို နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ပြီလို့ တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြန်မာအသင်းဟာ အန်တွမ်နီဟေးကို ထုတ်ပယ်ပြီးနောက် နည်းပြသစ် ရှာဖွေမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး မိုက်ကယ်ဖိုက်တန်ဘိုင်နာကို ၂၀၂၃ ခုနှစ်၊ မတ်လက စတင်ကာ ၂ နှစ် စာချုပ်နဲ့ ခန့်အပ်ခဲ့တာပါ။
အသက် ၆၃ နှစ်အရွယ်ရှိ မိုက်ကယ်ဖိုက်တန်ဘိုင်နာဟာ နည်းပြဘဝကို ၁၉၈၉ ခုနှစ်က ဆွစ်ဇာလန်ကလပ် ဘေဆယ်လ်အသင်းနဲ့ စတင်ခဲ့တာဖြစ်ပြီး ဂျာမနီ၊ သြစတြီးယား၊ အင်ဒိုနီးရှားနဲ့ မလေးရှားရှိ ကလပ်အသင်းတွေကို ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၆ ကနေ ၂၀၁၉ အထိ ဂျာမနီသက်တမ်းလိုက် လူငယ်အသင်းတွေကို ကိုင်တွယ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်က စတင် ကာ မလေးရှားကလပ် ဆီလန်ဂေါအသင်းမှာ နည်းစနစ် ဒါရိုက်တာ၊ နည်းပြချုပ် တာဝန်တွေကို ထမ်းဆောင်ခဲ့ကာ ၂၀၂၂ မှာ မလေးရှားကလပ်နဲ့ လမ်းခွဲခဲ့ပါတယ်။
မြန်မာအသင်း လူစာရင်းနဲ့ နည်းပြသစ်ကို ထုတ်ပြန်ခဲ့စဉ်
အဲဒီနောက်မှာ မြန်မာ့လက်ရွေးစင် အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရပြီး တာဝန်ယူ ကိုင်တွယ်ရတော့မှာ ဖြစ်ပါတယ်။
ဂျာမနီလူမျိုး နည်းပြဟာ လက်ထောက်နည်းပြ လောရင့်ဇ်၊ ဂိုးနည်းပြ မိုက်ကယ်အန်ဒရီတို့နဲ့အတူ မြန်မာ့ လက်ရွေးစင် အသင်းအပြင် ဆီးဂိမ်းစ်ပြိုင်ပွဲဝင်မယ့် အသင်းကိုပါ ကိုင်တွယ်ရမှာပါ။
မြန်မာအသင်းဟာ မတ်လထဲမှာ အိန္ဒိယဖိတ်ခေါ် ပြိုင်ပွဲ ယှဉ်ပြိုင်ဖို့အတွက် နည်းပြသစ် ခန့်အပ်မှုနဲ့အတူ ကစား သမား ၂၄ ဦး စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။
ပြည်တွင်းလိဂ်မှာ ကစားနေတဲ့ ကစားသမားတွေအပြင် မလေးရှားနဲ့ ထိုင်းလိဂ်မှာ ကစားနေတဲ့ ကစားသမားတွေ လည်း ပါဝင်လာခဲ့ပါတယ်။ ဒီလူစာရင်းမှာ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ကာလကြာရှည် ဝေးကွာနေတဲ့ တိုက်စစ် မှူး အောင်သူလည်း ပြန်လည် ပါဝင်လာခဲ့ပါတယ်။
မြန်မာအသင်းဟာ Hero Tri-Nation Friendly Tournament ရဲ့ အဖွင့်ပွဲစဉ်အဖြစ် အိန္ဒိယအသင်းနဲ့ မတ်လ ၂၅ ရက်၊ မတ်လ ၂၈ ရက်မှာ ကာဂျစ္စတန်အသင်းတို့နဲ့ အင်ဖာမြို့ KHUMAN LAMPAK STADIUM မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 529
CNI Sport News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၆
အဝါကတ် ထိထားတာကြောင့် ပွဲပယ်ခံရနိုင်ဖွယ်ရှိနေတဲ့ ကတ်စမဲရိုးနဲ့ ဘရူနိုဖာနန်ဒက်စ်ကို ဘတ်စ်တစ်အသင်းနဲ့ ကစားမယ့် ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ပွဲစကတည်းက အသုံးပြုသွားမယ်လို့ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟတ်က ပြောလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “သူတို့ ၂ ဦးကို ပွဲစကတည်းက အသုံးပြုသွားမှာပါ။ ဘတ်စ်တစ်က အလွန်ကောင်းမွန်တဲ့ ပြိုင်ဘက်ပါ။ ပြီးခဲ့တဲ့ အပတ်က ကျနော်တို့ ကောင်းမွန်တဲ့ ရလဒ်ရခဲ့ပေမယ့် ကျနော်တို့ ထပ်ပြီးသွားရမှာပါ။ အဲဒါကြောင့် အကောင်းဆုံး ကစားသမားတွေ လိုအပ်ပါတယ်။ ကျနော်တို့ နိုင်ပွဲလည်း လိုအပ်တာကြောင့် အကောင်းဆုံးအသင်းကို လိုအပ်ပါတယ်”လို့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ အိုးထရက်ဖို့ဒ်မှာ ကစားတဲ့ ပထမအကျော့ ပွဲစဉ်တုန်းက ဘတ်စ်တစ် အသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒုတိယအကျော့ပွဲစဉ်မှာ ကတ်စမဲရိုးနဲ့ ဘရူနိုဖာနန်ဒက်စ်တို့ဟာ အဝါကတ် ပြသခံရမယ်ဆိုရင် နောက်လာမယ့်ပွဲကို ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
အဲဒါကြောင့် ယူနိုက်တက်သာ ယူရိုပါလိဂ် ကွာတားဖိုင်နယ် တက်ရောက်ခဲ့ရင် သူတို့ ၂ ဦးဟာ ပထမအကျော့ ပွဲစဉ်ကို လွဲချော်တော့မှာ ဖြစ်ပါတယ်။
ယူနိုက်တက် ကွင်းလယ်လူ ကတ်စမဲရိုးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ဒီလို အလားတူ အခြေအနေမျိုးမှာ အဝါကတ် ပြသခံခဲ့ရလို့ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို မပါဝင်နိုင်ခဲ့တာပါ။ အဲဒါကြောင့် ကတ်စမဲရိုးနဲ့ ဘရူနိုဖာနန်ဒက်စ်ကို ဘတ်စ်တစ်နဲ့ပွဲမှာ အနားပေးမှာလားလို့ မေးမြန်းခဲ့တဲ့အပေါ် အဲရစ်တန်ဟတ်က သူတို့ ၂ ဦးကို ပွဲစက တည်းက အသုံးပြုသွားမယ်လို့ ဖြေခဲ့တာ ဖြစ်ပါတယ်။
အဲရစ်တန်ဟတ်ကိုတွေ့ရစဉ်
လက်ရှိအချိန်မှာ ကတ်စမဲရိုးဟာ ပြီးခဲ့တဲ့ ဆောက်သမ်တန်နဲ့ ပွဲမှာ အနီကတ် ပြသခံခဲ့ရလို့ ပြည်တွင်း ပွဲစဉ်တွေမှာ ၄ ပွဲ ပယ်ခံထားရတာပါ။
ဘတ်စ်တစ်အသင်းနဲ့ပွဲမှာ ဒဏ်ရာရရှိနေတဲ့ ဂါနာချို၊ အန်တိုနီနဲ့ မာရှယ်တို့ကတော့ ယူနိုက်တက်အသင်း လူ စာရင်းမှာ မပါဝင်ခဲ့ပါဘူး။ ဂါနာချိုဟာ ဆောက်သမ်တန် အသင်းနဲ့ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ရက်သတ္တပတ် အနည်းငယ် အနားယူရမှာဖြစ်ပြီး အန်တိုနီကတော့ ဖျားနာနေတာပါ။
တိုက်စစ်မှူး မာရှယ်ကတော့ အခုမှ လေ့ကျင့်မှုတွေ ပြန်ပြီး ပြုလုပ်နေခဲ့တာကြောင့် လူစာရင်းထဲ မပါဝင်ခဲ့တာ ဖြစ်ပါတယ်။
အဲရစ်တန်ဟတ်က “ကျနော်ဒါကို စီမံခန့်ခွဲနိုင်ပါတယ်။ ကစားပွဲတွေကြားမှာ ပြန်ကောင်းလာနိုင်တဲ့ ကစားသမား တွေလည်း ရှိပါတယ်။ ကျနော်တို့ ဒီရာသီရဲ့ နောက်ဆုံးအဆင့်ကို ရောက်ရှိသွားတဲ့ အချိန်မှာ ကျနော်တို့ရဲ့ အကောင်းဆုံးအသင်းကို ယူဆောင်လာနိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 648
CNI Sport News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၆
လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က ရီးရယ်လ်အသင်းကို အရေးနိမ့်ပြီး ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကနေ ထွက်ခွာခဲ့ရပြီးနောက် အသင်းအနေနဲ့ ဒီထွက်ခွာမှုကနေ အမြန်ဆုံး ပြန်ကောင်းအောင်လုပ်ဖို့ ပြောလိုက်ပါတယ်။
ကလော့ပ်က “ကျနော်တို့ဟာ ဒီပြိုင်ပွဲမှာ ရရှိခဲ့တဲ့ သမိုင်းကြောင်းအရ ရိုးရိုးသားသား ပြောရရင် အနိုင်ရဖို့ စိတ်ကူး နဲ့ပဲ ဒီပြိုင်ဆိုင်မှုကို စတင်ခဲ့တာပါ။ ကျနော်တို့ဟာ ဗိုလ်လုပွဲကို အကြိမ်အရေအတွက် အနည်းငယ် ရောက်ရှိခဲ့ပါ တယ်။ ဗိုလ်လုပွဲကို မကြာခဏ မတက်နိုင်ဘူးဆိုတာ အမှန်ပေမယ့် ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်းမှာ ၃ ကြိမ် အထိ ရောက်ရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ အနိုင်ရချင်တယ်ဆိုရင် ထူးချွန်အောင်လုပ်ဖို့ လိုတယ်လို့ ကျနော်ယုံကြည် ပါတယ်။ ဒီညက ကျနော်တို့အတွက် မဟုတ်ခဲ့လို့ ထွက်ခွာရတာက မျှတပါတယ်။ ပွဲအပြီးမှာ ဒေါသမထွက်ပေမယ့် စိတ်တော့ ပျက်မိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရီးရယ်လ်က ကျနော်တို့ထက် ပိုကောင်းတဲ့အသင်းပါ”လို့ ပြောခဲ့တာ ပါ။
လီဗာပူးလ်အသင်းဟာ ဘာနေဗျူးမှာ ကစားခဲ့တဲ့ ဒုတိယအကျော့ ပွဲစဉ်မှာ ရီးရယ်လ်အသင်းကို ဘန်ဇီမာရဲ့ သွင်း ဂိုးကြောင့် ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ အန်ဖီးလ်မှာ ကစားခဲ့တဲ့ ပထမအကျော့ ပွဲစဉ်ကလည်း ရီးရယ်လ်အသင်းကို ၅ ဂိုး- ၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၆ ဂိုး- ၂ ဂိုးနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။
ဒီရှုံးပွဲကြောင့် လီဗာပူးလ်အသင်းဟာ ဒီရာသီကို ဆုဖလားလက်မဲ့နဲ့ ဖြတ်သန်းရတော့မှာ ဖြစ်ပါတယ်။
ရီးရယ်လ် တိုက်စစ်မှူး ဘန်ဇီမာကိုတွေ့ရစဉ်
အဲဒါကြောင့် အန်ဖီးလ်ကလပ် အနေနဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ပြန်အာရုံစိုက်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အာရုံစိုက်ရတော့မှာပါ။
လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး နိုင်ငံတကာ ပွဲစဉ် တွေအပြီးမှာ မန်စီးတီး၊ ချယ်လ်ဆီး၊ အာဆင်နယ် အသင်းတို့နဲ့ ပွဲကြီးပွဲကောင်းတွေအဖြစ် ထိပ်တိုက်ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
ကလော့ပ်က “နိုင်ငံတကာပွဲစဉ်တွေ အပြီးမှာတော့ ကျနော်တို့ သင့်တော်တဲ့ ဘောလုံး ရက်သတ္တပတ်တွေရှိလာ ပါမယ်။ မန်စီးတီး၊ ချယ်လ်ဆီး၊ အာဆင်နယ်တို့နဲ့ ပွဲစဉ် ၃ ပွဲ ကစားရမယ်လို့ ကျနော်ပြောချင်တာပါ။ ဒါက ကျနော်တို့ရဲ့ ရာသီကို သတ်မှတ်ပေးပါလိမ့်မယ်။ အခုအချိန်မှာတော့ ကျနော်ကောင်လေးတွေ ကျန်းကျန်းမာမာ၊ မှန်ကန်တဲ့ ပုံစံနဲ့ ပြန်လာနိုင်ဖို့ မျှော်လင့်ထားရပါမယ်။ ပြီးရင် ကျနော်တို့ ကြိုးစားရမယ်”လို့ ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ဒီတစ်ပတ်မှာ ပွဲကစားဖို့ မရှိဘဲ ဧပြီလ ၁ ရက်မှ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 1006
CNI Sport News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၅
လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၄၈ သင်းနဲ့ အသင်းအရေအတွက် တိုးပြီးကျင်းပမှာ ဖြစ်တာကြောင့် ပုံမှန် ပွဲစဉ် ၆၄ ပွဲအစား ၁၀၄ ပွဲနဲ့ ကျင်းပမယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ပြောလိုက်ပါတယ်။
အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ၄၈ သင်းနဲ့ စတင်ပြီး ကျင်းပသွားမှာပါ။ အသင်း ၄ သင်းကို ၁၂ အုပ်စုခွဲပြီး ကျင်းပသွားမှာဖြစ်လို့ တစ်သင်းကို ၃ ပွဲစီ ကစားရမှာ ဖြစ်ပါတယ်။
၂၀၂၆ ပြိုင်ပွဲအတွက် မူလ သတ်မှတ်ထားတဲ့ အစီအစဉ်မှာတော့ ပွဲပေါင်း ၈၀ အထိ ရှိပေမယ့် ပွဲအရေအတွက် ၁၀၄ ပွဲအထိ တိုးမြှင့်ဖို့ ဆုံးဖြတ်ချက်ကို ဖီဖာကောင်စီ အစည်းအဝေးမှာ အတည်ပြုခဲ့တာပါ။
ပုံမှန်ဆိုရင် အုပ်စု တစ်အုပ်စုက အသင်း ၂ သင်းဟာ နောက်တစ်ဆင့်တက်ပြီး ၁၆ သင်းအဆင့် ပွဲစဉ်တွေ ယှဉ်ပြိုင် ရမှာ ဖြစ်ပေမယ့် အခုပြိုင်ပွဲမှာတော့ အုပ်စုတွင်း အကောင်းဆုံးရတဲ့ အသင်း ၈ သင်းပါ နောက်တစ်ဆင့် တက်မှာ ဖြစ်တဲ့အတွက် ၃၂ သင်းအဆင့်ကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အသင်းပေါင်း ၃၂ သင်းနဲ့ ကျင်းပခဲ့တဲ့ နောက်ဆုံး ပြိုင်ပွဲ ဖြစ်ခဲ့ပြီး ၂၉ ရက်အတွင်း ပွဲပေါင်း ၆၄ ပွဲကျင်းပခဲ့တာပါ။
ကမ္ဘာ့ဖလားကိုတွေ့ရစဉ်
ပြီးခဲ့တဲ့ ပြိုင်ပွဲမှာ ဗိုလ်လုပွဲနဲ့ တတိယနေရာလုပွဲအထိ တက်တဲ့ အသင်းတွေဟာ ပွဲပေါင်း ၇ ပွဲအထိ ကစားခဲ့ ရပေမယ့် ၂၀၂၆ ပြိုင်ပွဲမှာတော့ ၈ ပွဲအထိ ကစားရတော့မှာ ဖြစ်ပါတယ်။
ကွန်ကာကပ်ဖ်ဇုန်မှာ ကျင်းပမယ့် ၂၀၂၆ ပြိုင်ပွဲကို ဇွန်လ ၁၁ ရက်ကနေ ဇူလိုင်လ ၁၉ ရက်အထိ ကျင်းပဖို့ သတ်မှတ် ထားပါတယ်။
ဒါအပြင် ဖီဖာက အသင်း ၃၂ သင်းနဲ့ ကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၂၅ ခုနှစ်၊ ဇွန်လကစပြီး လေးနှစ် တစ်ကြိမ် ကျင်းပသွားမယ်လို့လည်း အတည်ပြုထားပါတယ်။
၂၀၂၁ ကနေ ၂၀၂၄ အထိ ကွန်ဖက်ဒရေးရှင်း ချန်ပီယံအသင်းတွေဟာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲအသစ်မှာ ပါဝင် ကစားခွင့်ရမှာပါ။
အဲဒါကြောင့် မကြာသေးခင်က ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ချယ်လ်ဆီးနဲ့ ရီးရယ်လ် အသင်းတို့ဟာ ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိသွားပြီ ဖြစ်ပါတယ်။ အသင်းပေါင်း ၇ သင်းနဲ့ ကျင်းပနေတဲ့ လက်ရှိ ကလပ်ကမ္ဘာ့ ဖလား ပြိုင်ပွဲကိုတော့ ၂၀၂၃ ပြိုင်ပွဲအပြီးမှာ ရပ်ဆိုင်းသွားတော့မှာ ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 674
CNI Sport News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၅
လီဗာပူးလ်အသင်းနည်းပြ ကလောပ့်က အခွင့်အရေး ၁ ရာခိုင်နှုန်းရှိရင်တောင် ရီးရယ်လ်အသင်းကို ကျော်ဖြတ် နိုင်ဖို့ ကြိုးစားသွားမယ်လို့ ဒုတိယအကျော့ပွဲစဉ် မတိုင်ခင် ပြောလိုက်ပါတယ်။
ကလောပ့်က “ရီးရယ်လ်က သူတို့ရဲ့ရလဒ်နဲ့ နောက်တစ်ဆင့်ကိုတက်လှမ်းနိုင်မယ်လို့ လွန်ခဲ့တဲ့ ၃ ပတ်က ကျနော် ပြောခဲ့ပါတယ်။အခု ၃ ပတ်ကြာပြီးနောက်မှာ ကျနော်တို့အတွက် ကစားရမယ့်ပွဲ ရှိတယ်ဆိုတာကို သိပါတယ်။ အခွင့်အရေး ၁ ရာခိုင်နှုန်းသာရှိမယ်ဆိုရင်လည်း ဒါကို ကျနော်ကြိုးစားကြည့်ချင်ပါတယ်။ ကျနော်တို့ဟာ အလွန်တောင့်တင်းတဲ့ ပြိုင်ဘက်ကို ကစားဖို့နဲ့ ပွဲကို အနိုင်ရအောင် ကစားဖို့ ဒီနေရာမှာ ရှိနေတာပါ။ကျနော်တို့ ဘယ်ကို ဦးတည်ပြီး သွားမလဲဆိုတာ ကြည့်ကြတာပေါ့” လို့ ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ကစားခဲ့တုန်းက ရီးရယ်လ်အသင်းကို ၅ ဂိုး- ၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး ဒုတိယအကျော့ကို ဘာနေဗျူးမှာ ကစားရမှာဖြစ်တာကြောင့် နောက်တစ်ဆင့်တက်ဖို့ ခက်ခဲနိုင်ဖွယ်ရှိတာဖြစ်ပါတယ်။ဒါပေမယ့် လီဗာပူးလ်နည်းပြ ကလော့ပ်ကတော့ အခွင့်အရေးအနည်းငယ်ရှိရင်တောင် ကျော်ဖြတ်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့တာပါ။
ဒီပွဲမှာ လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဟန်ဒါဆန်နဲ့ ဘာဂျီတစ်တို့ ပါဝင်နိုင်မှာ မဟုတ်ပါ ဘူး။အသင်းခေါင်းဆောင် ဟန်ဒါဆန်က ဖျားနာနေပြီး ဘာဂျီတစ်ကတော့ ပေါင်ဒဏ်ရာ ရရှိနေတာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ရီးရယ်လ်အသင်းကို ပထမအကျော့ပွဲစဉ်မှာ အရေးနိမ့်ပြီးနောက် ယူနိုက်တက်အသင်းကို ၇ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် နောက်ပွဲမှာ ဘုန်းမောက်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။
ကလောပ့်က “အဆိုးမြင်တဲ့နည်းနဲ့ ကိုယ့်ကိုကိုယ်အံ့အားသင့်ရင် အကောင်းမြင်တဲ့နည်းလမ်းနဲ့လည်း ကိုယ့်ကို ကိုယ်အံ့အားသင့် - သင့်ပါတယ်။ဒါပေမယ့် ရှင်းပါတယ်၊ဒါက မက်ဒရစ်ကို ပြောနေတာ မဟုတ်ပါဘူး။ သတိထားပါ၊ ကျနော်တို့ လာခဲ့ပါမယ်။ဒါက ကျနော်တို့ဖြစ်နေတဲ့ အခြေအနေမဟုတ်ပါဘူး”လို့ ပြောခဲ့တာဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဘက်မှာတော့ ပြီးခဲ့တဲ့ အက်စ်ပန်ညိုနဲ့ လာလီဂါပွဲစဉ်မှာ မပါဝင်နိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် ဘန်ဇီမာဟာ လီဗာပူးလ်အသင်းနဲ့ ဒုတိယအကျော့ပွဲစဉ်မှာ ကြံခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်မယ်လို့ နည်းပြ အန်ဆယ် လော့တီက အတည်ပြုထားပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 784
CNI Sport News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၅
မန်စီးတီးအသင်းက လိုက်ပ်ဇစ်အသင်းကို ၇ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ၅ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဟာလန်း အနေနဲ့ စံချိန်တွေထပ်တင်ရင် ဘဝက ပျင်းစရာကောင်းတော့မယ်လို့ နည်းပြဖြစ်သူ ဂွာဒီယိုလာက ပြောလိုက်ပါတယ်။
ဂွာဒီယိုလာက “ဟာလန်းသာ အသက် ၂၂ နှစ်အရွယ်မှာတင် ဒီမှတ်တိုင်ကို အောင်မြင်ခဲ့မယ်ဆိုရင် သူ့ဘဝက ပျင်းစရာကောင်းသွားပါလိမ့်မယ်။ဒါကြောင့် အနာဂတ်မှာ ဒါကိုလုပ်နိုင်ဖို့ သူရည်မှန်းထားရပါမယ်။ ဒီနေရာမှာရော နေရာတိုင်းမှာပါ။ ဒါကြောင့် သူ့ကို ကျနော်လူစားလဲခဲ့တာ”လို့ ပြောခဲ့တာပါ။
ဟာလန်းဟာ ဒီပွဲမှာ ၅ ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် ချန်ပီယံလိဂ်သမိုင်းမှာ တစ်ပွဲတည်း ၅ ဂိုးသွင်းယူနိုင်ခဲ့တဲ့ တတိယမြောက်ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဟာလန်းရဲ့အရှေ့မှာ တစ်ပွဲတည်း ၅ ဂိုးသွင်းယူထားတဲ့ ကစားသမား ၂ ဦးကတော့ အက်ဒရီယာနိုနဲ့ မက်ဆီတို့ပါ။ ဒါပေမယ့် မန်စီးတီးတိုက်စစ်မှူးဟာ သူတို့နှစ်ဦးထက် မိနစ်အနည်းငယ်နဲ့ ၅ ဂိုးသွင်းယူနိုင်တဲ့ မှတ်တမ်းတစ်ရပ်ကို ရရှိခဲ့ပါတယ်။
ချန်ပီယံလိဂ်သမိုင်းမှာ တစ်ပွဲတည်း ၆ ဂိုးသွင်းယူထားတဲ့ ကစားသမားအခုထိ မရှိသေးပါဘူး။အဲဒါကြောင့် ဟာလန်းက ဒီစံချိန်ကို တင်နိုင်ဖို့အတွက် မျှော်လင့်လို့ရခဲ့ပေမယ့် နည်းပြ ဂွာဒီယိုလာက ပွဲချိန် ၆၃ မိနစ်မှာ လူစားလဲခဲ့တာကြောင့် မျှော်လင့်ချက် ပျက်ပြယ်ခဲ့ရတာဖြစ်ပါတယ်။ဟာလန်းကလည်း သူ့ကိုလူစားလဲချိန်မှာ နည်းပြ ဂွာဒီယိုလာကို ဒီထက်ပိုပြီး ဂိုးသွင်းယူချင်တဲ့အကြောင်း ပြောခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
ဟာလန်းက “ကျနော်လူစားလဲ ခံရချိန်တုန်းက ဟတ်ထရစ် ၂ ကြိမ်သွင်းယူချင်တယ်လို့ ဂွာဒီယိုလာကို ပြောခဲ့ပါတယ်။ဒါပေမယ့် ကျနော်ဘာလုပ်နိုင်မှာလဲ။ကျနော် ဒီပြိုင်ပွဲကို အလွန်နှစ်သက်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကို သဘောကျပါတယ်”လို့ ပြောခဲ့တာပါ။
ဟာလန်းဟာ လက်ရှိချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၂၅ ပွဲကစားထားတာမှာ ၃၃ ဂိုးအထိ သွင်းယူထားပြီး ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးနဲ့ အမြန်ဆုံးသွင်းဂိုး ၃၀ ပြည့်တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းတင် နိုင်ခဲ့ပါတယ်။ နော်ဝေတိုက်စစ်မှူးဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ခြေစွမ်းပြသနေပြီး ပြိုင်ပွဲစုံ ၃၆ ပွဲ ကစားထားတာမှာ ၃၉ ဂိုးအထိ သွင်းယူထားတာပါ။
မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ လိုက်ပ်ဇစ်အသင်းကို ၇ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၈ ဂိုး- ၁ ဂိုးနဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဒီတစ်ပတ်မှာတော့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဘန်လေ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:ChannelNewsAsia

- By CNI
- Category: အားကစား
- Hits: 638
CNI Sport News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၄
ရီးရယ်လ်အသင်း တောင်ပံကစားသမား ဟာဇက်က နည်းပြ အန်ဆယ်လော့တီနဲ့ စကားပြောခြင်း မရှိဘဲ သူတို့နှစ်ဦးကြား ဆက်ဆံရေး ပြတ်တောက်နေတဲ့အကြောင်း ဝန်ခံလိုက်ပါတယ်။
ဟာဇက်က “အန်ဆယ်လော့တီနဲ့ ကျနော့်ကြားမှာ လေးစားမှုတော့ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ အချင်းချင်း စကားပြောဆိုမှုတော့ မရှိပါဘူး။ ဒါပေမယ့် လေးစားမှုကတော့ အမြဲတမ်းရှိမှာပါ။ အန်ဆယ်လော့တီ လို လူတစ်ဦးကို လေးစားမှုတော့ ရှိရပါမယ်။ ဘောလုံးအတွက် သူကိုယ်စားပြုထားတဲ့ အရာနဲ့ သူ့ရဲ့ သက်တမ်းမှာ သူလုပ်ဆောင်ထားတဲ့ အရာတွေအတွက်ပါ”လို့ RTBF ကိုပြောခဲ့တာပါ။
၂၀၁၉ က ချယ်လ်ဆီး အသင်းကနေ ယူရိုသန်း ၁၀၀ နဲ့ ရောက်ရှိလာခဲ့တဲ့ ဟာဇက်ဟာ ရီးရယ်လ်အသင်းနဲ့အတူ ဖြတ်သန်းခဲ့တဲ့ ၄ နှစ်အတွင်းမှာ ပုံစံကောင်း ပြသနိုင်ခြင်း မရှိသလို ကြံ့ခိုင်မှုပိုင်းနဲ့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။
ဟာဇက်ဟာ ရီးရယ်လ်အသင်း လူစာရင်းမှာ ပါဝင်နေခဲ့ပေမယ့် ကမ္ဘာ့ဖလားပြီးကတည်းက လာလီဂါနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာ ၁ မိနစ်တောင် ပါဝင်ကစားခွင့် မရရှိခဲ့တာပါ။
အဲဒါကြောင့် သူ့ကို အသုံးပြုခြင်း မရှိတော့တဲ့ အန်ဆယ်လော့တီနဲ့ သူ့ရဲ့ဆက်ဆံရေးဟာ အဆင်ပြေမှု မရှိတော့တာ ဖြစ်ပါတယ်။
ဟာဇက်နဲ့ အန်ဆယ်လော့တီကိုတွေ့ရစဉ်
ဟာဇက်နဲ့ ရီးရယ်လ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ နောက်ဆုံး ၁၂ လထဲကို ရောက်ရှိနေပြီး နွေရာသီမှာ စပိန်ကလပ်ကနေ ထွက်ပြီး အခြားအသင်းတွေထံ ပြောင်းရွှေ့နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒါပေမယ့် ဟာဇက်ကတော့ စာချုပ်ကုန်ဆုံးတဲ့အထိ ရီးရယ်လ်မှာပဲ ဆက်ရှိနေချင်တယ်လို့ ပြောပါတယ်။
ဟာဇက်က “ကျနော်ဒီမှာပဲ ဆက်ရှိနေချင်တဲ့အကြောင်း အမြဲတမ်းပြောခဲ့တာပါ။ ကျနော် ကစားနိုင်သေးကြောင်း ပြသဖို့လည်း မျှော်လင့်ထားပါတယ်။ လူတွေမှာ သံသယ ရှိတယ်ဆိုတာ ပုံမှန်ပါပဲ၊ ဒါကို ကျနော် နားလည်ပါတယ်။ ဒါပေမယ့် ကျနော်ကတော့ လာမယ့်နှစ်လည်း ဒီမှာပဲ ရှိနေမှာပါ။ ခင်ဗျားတို့ ဘယ်တော့မှ သိမှာမဟုတ်ပေမယ့် အပြောင်းအရွှေ့က ကျနော့် အစီအစဉ်မှာ မရှိဘူး”လို့ ပြောခဲ့တာပါ။
ဟာဇက်ဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ပြိုင်ပွဲစုံ ၇ ပွဲသာ ပါဝင်ကစားထားရပြီး ၁ ဂိုး သွင်းယူထားပါတယ်။ ဘယ်လ်ဂျီယံ ကစားသမားဟောင်းဟာ ချယ်လ်ဆီးကနေ ရောက်ရှိလာပြီးတဲ့ အချိန်ကနေ အခုအချိန်ထိ စပိန်ကလပ်အတွက် ပွဲပေါင်း ၇၃ ပွဲ ပါဝင်ကစားထားကာ ၇ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: Goal