- By CNI
- Category: အားကစား
- Hits: 1037
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၉
အာဆင်နယ်အသင်းဟာ အဲဗာတန်အသင်းကွင်းလယ်လူ အိုနာနာကို အခုအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ဆွေးနွေး မှုတွေ စတင်ပြုလုပ်နေတယ်လို့ ဘယ်လ်ဂျီယံသတင်းတွေမှာ ဖော်ပြထားပါတယ်။
စပိန်လူမျိုးနည်းပြ အာတီတာဟာ အခုအပြောင်းအရွှေ့ မကုန်ခင်မှာ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ပိုင်းကို အားဖြည့်နိုင်ဖို့ လုပ်ဆောင်နေပြီး အက်စတွန်ဗီလာအသင်း ကွင်းလယ်လူ ဒေါက်ကလပ်စ်လူးဝစ်ဇ်ကို အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တာပါ။
ဒါပေမယ့် အက်စတွန်ဗီလာအသင်းဟာ စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေပြီး ပုံစံကောင်းတွေ ပြသနေတဲ့ ဒေါက်ကလပ်စ်လူးဝစ်ဇ်အတွက် မြင့်မားတဲ့ပြောင်းရွှေ့ကြေး တောင်းဆိုဖို့ရှိနေတာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် အာဆင်နယ်အသင်းဟာ အဲဗာတန်အသင်းကွင်းလယ်လူ အိုနာနာကို ခေါ်ယူဖို့ ကြိုးစားလာခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဘယ်လ်ဂျီယံကစားသမားရဲ့ အပြောင်းအရွှေ့အတွက် အဲဗာတန်အသင်းနဲ့ ဆွေးနွေးမှု ပြုလုပ်နေပြီး အိုနာနာကလည်း လန်ဒန်ကလပ်ထံ ပြောင်းရွှေ့ချင်နေတာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် အာဆင်နယ်နဲ့ အဲဗာတန်အသင်းတို့ဟာ အပြောင်းအရွှေ့ အမြန်ဆုံးဖြစ်ဖို့ သဘောတူညီမှု ရရှိနိုင် တာပါ။

အိုနာနာကို တွေ့ရစဉ်
အဲဗာတန်အသင်းဟာ အိုနာနာအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၅၀ သတ်မှတ်ထားပြီး ယူနိုက်တက်အသင်း ကလည်း ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့က သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။
အိုနာနာဟာ ၂၀၂၂ ခုနှစ်၊ သြဂုတ်လက လိုင်လီအသင်းကနေ ပေါင် ၃၃ သန်းနဲ့ အဲဗာတန်အသင်းထံ ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပြီး ပွဲပေါင်း ၅၃ ပွဲပါဝင်ကစားထားကာ ၃ ဂိုးသွင်းယူထားတာပါ။
အာဆင်နယ်အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ FA ဖလားပွဲစဉ်မှာ အရေးနိမ့်ပြီးနောက် တိုက်စစ်မှူးခေါ်ယူဖို့ ဖိအားပေးခြင်းခံနေရတာ ဖြစ်ပါတယ်။
ဒါပေမယ့် အာဆင်နယ်အသင်းဟာ အခုအပြောင်းအရွှေ့မှာ တိုက်စစ်မှူးခေါ်ယူဖို့ လက်တွေ့မကျဘူးလို့ နည်းပြ အာတီတာက ပြောထားတာပါ။
အာဆင်နယ်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲကစားဖို့ မရှိဘဲ ဒူဘိုင်းကို သွားရောက်ပြီး စခန်းသွင်း လေ့ကျင့်မှု ပြုလုပ်နေတဲ့အချိန်မှာ အဲဗာတန်အသင်း ကွင်းလယ်လူ အိုနာနာရဲ့ အပြောင်းအရွှေ့ကို အပြီးသတ် လုပ်ဆောင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 722
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၉
ပေါ်တူဂီလူမျိုးနည်းပြမော်ရင်ဟိုဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မယ့် ရိုးမားအသင်းနည်းပြအနာဂတ်ကို စဉ်းစားမှုတွေပြုလုပ်နေတယ်လို့ Foot Mercato က ဖော်ပြထားပါတယ်။
အသက် ၆၀ နှစ်အရွယ်ရှိ မော်ရင်ဟိုနဲ့ ရိုးမားအသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ နောက်ဆုံးနှစ်ထဲကို ရောက်ရှိ နေပြီး ဇွန်လမှာ ကုန်ဆုံးတော့မှာပါ။ လက်ရှိအချိန်မှာ မော်ရင်ဟိုနဲ့ ရိုးမားအသင်းတာဝန်ရှိသူတွေဟာ စာချုပ်သစ် အတွက် ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ရခြင်းမရှိသေးတာကြောင့် ပေါ်တူဂီလူမျိုးနည်းပြဟာ အီတလီကလပ်ကနေ ထွက်ခွာသွားနိုင်တာဖြစ်ပါတယ်။ မော်ရင်ဟိုဟာ သူ့ကိုခေါ်ယူဖို့ ဆော်ဒီကလပ်တွေနဲ့ အခြားအသင်းတွေက စိတ်ဝင်စားနေတာကြောင့် အနာဂတ်ကို စဉ်းစားမှုတွေပြုလုပ်နေတာပါ။
မော်ရင်ဟိုဟာ ပြီးခဲ့တဲ့လက သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ရိုးမားအသင်းမှာဆက်ပြီးရှိချင်တယ်လို့ ပြောထား ပေမယ့် သူ့ရဲ့စိတ်ပြောင်းလဲသွားပုံရပြီး စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ အီတလီကနေ ထွက်ခွာဖွယ်ရှိနေတာပါ။ ရိုးမားအသင်းဟာ မော်ရင်ဟိုထွက်ခွာသွားချိန်မှာ အစားထိုးဖို့အတွက် မွန်ဇာအသင်းနည်းပြ ပယ်လာဒီနို၊ အတ္တလန္တာအသင်းနည်းပြ ဂတ်စပါရီနီ၊ မာဆေးလ်အသင်းနည်းပြဟောင်း တူဒါနဲ့ စပါးအသင်းနည်းပြဟောင်း ကွန်တီတို့ကို ပစ်မှတ်ထားနေပါတယ်။

မော်ရင်ဟိုဟာ ရိုးမားအသင်းနောက်ဆုံးကစားခဲ့တဲ့ အတ္တလန္တာအသင်းနဲ့ ၁ ဂိုးစီသရေကျတဲ့ပွဲစဉ်မှာ ကွင်းလယ်ဒိုင် လူကြီးကို ဝေဖန်မှုတွေပြုလုပ်ခဲ့တာကြောင့် ၂ ဝါ ၁ နီနဲ့ထုတ်ပယ်ခံခဲ့ရတာပါ။ ရိုးမားအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ စီးရီးအေပွဲစဉ် ၅ ပွဲမှာ ၁ ပွဲသာအနိုင်ရပြီး ရလဒ်တွေအနည်းငယ်ပြန်ဆိုးကာ အဆင့် ၈ နေရာကို ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ ရိုးမားအသင်းဟာ ဒီရာသီမှာ ကိုပါအီတာလီယာဖလား ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိနေသလို ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း နောက်တစ်ဆင့်တက်ဖို့ ပလေးအောဖ့်ပွဲစဉ် ယှဉ်ပြိုင်ရဖို့ ရှိနေတာပါ။
ရိုးမားအသင်းဟာ ဒီတစ်ပတ်စီးရီးအေပွဲစဉ်အဖြစ် ဇန်နဝါရီ ၁၄ ရက်မှာ အေစီမီလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 705
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၉
ဝီဂန်အသင်းကို အနိုင်ရပြီး FA ဖလားပြိုင်ပွဲမှာ ယူနိုက်တက်အသင်း စတုတ္တအဆင့် တက်နိုင်ခဲ့ပြီးနောက် နည်းပြ အဲရစ်တန်ဟတ်က ဒီပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူချင်တယ်လို့ ပြောလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “ကျနော်တို့ဟာ ဒီပွဲမှာ အခုထက်ပိုပြီး ဂိုးတွေသွင်းယူခဲ့သင့်ပေမယ့် ကောင်းတဲ့အချက်ကတော့ အခွင့်အရေးတွေ အများအပြား ဖန်တီးနိုင်ခဲ့တာပါ။ ကျနော်တို့ဟာ ဒီပွဲကိုအနိုင်ရဖို့ ယုံကြည်မှုရှိခဲ့ပြီး ပြိုင်ဘက်ကို လျှော့တွက်ခဲ့ခြင်း မရှိပါဘူး။ FA ဖလားဟာ ကြီးမားတဲ့ပြိုင်ပွဲဖြစ်ပြီး လူတိုင်းက ဒီဖလားကို ရယူချင်ပါတယ်။ နည်းပြတိုင်းကလည်း ဒီဆုဖလားကို ရယူဖို့ စိတ်အားထက်သန်နေကြပြီး ကျနော်တို့လည်း ဒီဆုဖလားကို အလေး အနက်ထားတယ်”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ FA ဖလား တတိယအဆင့်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ပွဲမှာ ဝီဂန်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက် အသင်းအတွက် ဂိုးတွေကို ဒါလော့နဲ့ ဘရူနိုဖာနန်ဒက်စ်တို့က သွင်းယူခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၆၇ ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှု ၃၃ ကြိမ်နဲ့ ဂိုးပေါက် တည့်မှု ၁၄ ကြိမ်အထိ ရှိခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းမှုတွေကြောင့် သွင်းဂိုးအများအပြား မရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

နည်းပြ အဲရစ်တန်ဟတ်ကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ FA ဖလားချန်ပီယံဆုကို ၂၀၁၅-၁၆ ရာသီက နောက်ဆုံးအကြိမ် ရယူနိုင်ခဲ့တာဖြစ်ပြီး မနှစ်ကရာသီမှာတော့ ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့ကာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့တာပါ။
အဲ့ဒါကြောင့် နည်းပြ အဲရစ်တန်ဟတ်က ဒီရာသီ ယူနိုက်တက်အသင်းရဲ့ ဆုဖလားရယူနိုင်ဖို့ တစ်ခုတည်းသော မျှော်လင့်စရာဖြစ်တဲ့ FA ဖလားချန်ပီယံဆုကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
FA ဖလား တတိယအဆင့် ပွဲစဉ်အပြီး စတုတ္တအဆင့်အတွက် မဲခွဲမှုပြုလုပ်ခဲ့တာမှာ ယူနိုက်တက်အသင်းဟာ နယူးပေါ့တ်ကောင်တီနဲ့ အိတ်စ်လိတ်အသင်းတို့ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပရီးမီးယား လိဂ်ပြိုင်ပွဲမှာ ရလဒ်ဆိုးနေတာတွေကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 850
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၉
ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ဘတ်ပီဟာ လာမယ့်နွေရာသီမှာ ရီးရယ်လ်အသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိထားတယ်ဆိုပြီး ထွက်ပေါ်လာတဲ့သတင်းတွေကို ဘတ်ပီရဲ့ အဖွဲ့အစည်းက ပြန်ပြီး တုန့်ပြန် လာခဲ့ပါတယ်။
ဘတ်ပီနဲ့ ပီအက်စ်ဂျီအသင်းတို့ချုပ်ဆိုထားတဲ့စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်လို့ ကစားသမားဟာ အခုအပြောင်းအရွှေ့မှာ အခြားအသင်းတွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်လို့ရပြီဖြစ်တာပါ။ အဲဒါကြောင့် ဘတ်ပီကို ခေါ်ယူဖို့ ကာလကြာရှည်စိတ်ဝင်စားနေတဲ့ ရီးရယ်လ်အသင်းဟာ ကစားသမားနဲ့ အပြောင်းအရွှေ့ သဘောတူညီမှု ရရှိပြီလို့ သတင်းတွေထွက်လာခဲ့တာဖြစ်ပါတယ်။ ဘတ်ပီကို ခေါ်ယူဖို့ ရီးရယ်လ်အသင်းအပြင် ပရီးမီးယားလိဂ် ကလပ် လီဗာပူးလ်အသင်းကလည်း စိတ်ဝင်စားနေတာပါ။

RMC Sport ကတော့ ဘတ်ပီဟာ ဘယ်အသင်းနဲ့မှ သဘောတူညီမှုမရရှိထားသလို ဆွေးနွေးညှိနှိုင်းမှုတွေလည်း မပြုလုပ်ရသေးဘူးလို့ ကစားသမားသမားရဲ့အဖွဲ့အစည်းက ပြောထားကြောင်း ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဘတ်ပီ ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြင်သစ်စူပါဖလားဗိုလ်လုပွဲအပြီးမှာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်ရခြင်း မရှိသေး သလို ရွေးချယ်စရာတွေလည်းမရှိသေးဘူးလို့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေဆိုထားတာပါ။ ဘတ်ပီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းရဲ့ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြသနေတာဖြစ်ပြီး ပြိုင်ပွဲစုံ ၂၄ ပွဲမှာ ၂၅ ဂိုး သွင်းယူထားကာ ၃ ဂိုးဖန်တီးမှုပြုလုပ်ထားတာဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းကတော့ ဘတ်ပီကို အလွတ်နဲ့ မဆုံးရှုံးချင်တာကြောင့် စာချုပ်သစ်ချုပ်ပြီး အသင်းမှာ ဆက်ထိန်းသိမ်းချင်နေတာပါ။ ဘတ်ပီဟာ လက်ရှိအချိန်မှာ အနာဂတ်နဲ့ပတ်သက်ပြီး မဆုံးဖြတ်ရသေးပေမယ့် ရာသီမကုန်ခင်မှာ ပီအက်စ်ဂျီအသင်းမှာ ဆက်နေမလား ဒါမှမဟုတ် ထွက်ခွာမလားဆိုတာကို ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။ ၂၀၁၇ က မိုနာကိုအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းအတွက် ၂၈၄ ပွဲ ပါဝင်ကစားထားပြီး ၂၃၇ ဂိုးသွင်းယူကာ ပြည်တွင်းဆုဖလားအများအပြား ရယူထားတာပါ။
ပြင်သစ်လီဂူးဝမ်းအမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ပီအက်စ်ဂျီအသင်းဟာ ဒီတစ်ပတ်လိဂ်ပွဲစဉ်အဖြစ် လန်းစ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 875
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၈
ဒိုရီဗယ်လ်ဟာ ဘရာဇီးလ်လက်ရွေးစင်အသင်းကြီးကို ကိုင်တွယ်ဖို့အတွက် ဆော်ပေါ်လိုအသင်းကနေ ထွက်ခွာ ခဲ့တယ်လို့ ဘရာဇီးလ်ကလပ်က အတည်ပြုခဲ့ပါတယ်။
ဆော်ပေါ်လိုအသင်းဟာ နည်းပြ ဒိုရီဗယ်လ်ထွက်ခွာမှုကို ဆိုရှယ်မီဒီယာ X ကနေ အတည်ပြုခဲ့ပြီး ဒိုရီဗယ်လ်က သူ့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အိပ်မက်တစ်ခုအမှန်တကယ်ဖြစ်လာပြီလို့ ပြောခဲ့တာပါ။ ဘရာဇီးလ်အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ယာယီနည်းပြ ဖာနန်ဒိုဒီနစ်ဇ်ကို ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ်အမြန်ဆုံးခန့်အပ်နိုင်ဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (တောင်အမေရိကဇုန်)ပွဲစဉ်တွေမှာ ရလဒ်တွေဆိုးနေပြီး အဆင့် ၆ နေရာမှာ ရပ်တည်နေတာပါ။
ဒိုရီဗယ်လ်ဟာ အင်္ဂလန်၊စပိန်အသင်းတို့နဲ့ ကစားမယ့် ခြေစမ်းပွဲတွေမှာ ဘရာဇီးလ်အသင်းကို စတင်ပြီး ကိုင်တွယ် သွားမှာဖြစ်ပါတယ်။ ဒိုရီဗယ်လ်ဟာ ဆော်ပေါ်လိုအသင်းကို မကိုင်တွယ်ခင် ၂၀၂၂ ခုနှစ်က ဖလာမင်ဂိုအသင်းကို ကိုင်တွယ်ခဲ့ပြီး ကိုပါလီဘာတေးဒိုးစ်နဲ့ ဘရာဇီးလ်ဖလားတို့ကိုရယူပေးနိုင်ခဲ့တာပါ။ အသက် ၆၁ နှစ်အရွယ်ရှိ နည်းပြဟာ ပြီးခဲ့တဲ့နှစ် ဧပြီလကမှ ဆော်ပေါ်လိုအသင်းထံ ရောက်ရှိလာခဲ့ပြီး ဘရာဇီးလ်ဖလား ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ စီစဉ် ထားပေမယ့် အီတလီလူမျိုးနည်းပြဟာ စပိန်ကလပ်နဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုခဲ့တာပါ။ အဲဒါကြောင့် ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ သူတို့ရဲ့ အစီအစဉ်ကို ပြန်ပြောင်းခဲ့ရပြီး ယာယီနည်းပြကို ထုတ်ပယ်ကာ ဒိုရီဗယ်လ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
ဆော်ပေါ်လိုအသင်းအကြီးအကဲကတော့ ဘရာဇီးလ်အသင်းကို ကိုင်တွယ်ဖို့ သူတို့ရဲ့ နည်းပြကို ရွေးချယ်တာက ကလပ်အသင်းမှာ အထင်ကြီးစရာကောင်းအောင်လုပ်ဆောင်နေတာကို ပြသတာဖြစ်တယ်လို့ ပြောထားတာပါ။ ဒိုရီဗယ်လ်ဟာ သူ့ရဲ့ နည်းပြဘဝမှာ ဘရာဇီးလ်ကလပ်အသင်းတွေကိုသာ ကိုင်တွယ်ထားပြီး ဆုဖလားအောင်မြင်မှု အများအပြားရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 1030
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၈
စပိန်နာမည်ကြီးတင်းနစ်ကစားသမား ရာဖေးလ်နာဒယ်လ်ဟာ တင်ပါးဒဏ်ရာကြောင့် သြစတြေးလျ အိုးပန်း ပြိုင်ပွဲကို လွဲချော်သွားပြီး ဒီဒဏ်ရာကိုကုသမှုခံယူဖို့ စပိန်နိုင်ငံကို ပြန်မှာဖြစ်ပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ ရာဖေးလ်နာဒယ်လ်ဟာ ဒဏ်ရာကြောင့် တင်းနစ်လောကနဲ့ ၁ နှစ်နီးပါးဝေးကွာခဲ့ပြီး နောက် ပြီးခဲ့တဲ့ရက်ပိုင်းက ဘရစ်စဘိန်းပြိုင်ပွဲမှာ ပါဝင်ကစားခဲ့တာပါ။ ရာဖေးလ်နာဒယ်လ်ဟာ ဒီပြိုင်ပွဲရဲ့ ပထမအဆင့်နဲ့ ဒုတိယအဆင့်ဖြတ်ကျော်နိုင်ခဲ့ပြီး ဂျော်ဒန်သွန်ပဆင်ကို အရေးနိမ့်ခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။ ရာဖေးလ်နာဒယ်လ်က သူဟာ အမြင့်ဆုံးအဆင့်မှာ ကစားဖို့အဆင်သင့် မဖြစ်သေးဘူးလို့ ဒဏ်ရာမရခင်ကတည်းက ပြောထားတာပါ။
ပြီးခဲ့တဲ့နှစ် မေလက ပြင်သစ်အိုးပန်းပြိုင်ပွဲကို ၁၉ နှစ်အတွင်း ပထမဆုံးအကြိမ်လွဲချော်ခဲ့ပြီးနောက် ရာဖေးလ် နာဒယ်လ်က ၂၀၂၄ ခုနှစ်က သူ့ရဲ့ ကစားသမားဘ၀ နောက်ဆုံးနှစ်ဖြစ်နိုင်တယ်လို့ ပြောထားပါတယ်။ စပိန် တင်းနစ်ကစားသမားဟာ သူ့ရဲ့ ကစားသမားဘဝမှာ အောင်မြင်မှုအများအပြားရယူနိုင်ခဲ့ပေမယ့် နောက်ပိုင်းနှစ် တွေမှာ ဒဏ်ရာတွေရဲ့ နှိပ်စက်မှုတွေကြောင့် ပွဲကစားခွင့်နဲ့ ဝေးကွာလာခဲ့တာပါ။

ရာဖေးလ်နာဒယ်လ်က “အံ့သြစရာကောင်းတဲ့ မဲလ်ဘုန်းပရိသတ်ကြီးရှေ့မှာ မကစားနိုင်ခဲ့တာကြောင့် ကျနော့် အတွက် စိတ်မကောင်းစရာသတင်းဖြစ်ပေမယ့် ဒါက အရမ်းကြီးဆိုးတဲ့သတင်းတော့ မဟုတ်ပါဘူး။ ကျနော်တို့ဟာ ရာသီရဲ့ဆင့်ကဲဖြစ်စဉ်တွေနဲ့အတူ အပြုသဘောဆောင်နေပါတယ်။ ကျနော် သြစတြေးလျမှာ တကယ်ကစားချင် ခဲ့ပြီး ပွဲအနည်းငယ်ကစားခွင့်ရခဲ့တဲ့ အခွင့်အရေးအတွက်လည်း ကျနော့်ကို ပျော်ရွှင်စေခဲ့ပါတယ်”လို့ ဆိုရှယ် မီဒီယာမှာ ရေးသားခဲ့ပါတယ်။
သြစတြေးလျအိုးပန်းပြိုင်ပွဲကို ဇန်နဝါရီ ၁၄ ရက်မှာ စတင်ကျင်းပတော့မှာပါ။ ရာဖေးလ်နာဒယ်လ်ဟာ မေလထဲ ကျင်းပမယ့် ပြင်သစ်အိုးပန်းပြိုင်ပွဲမှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ အာရုံစိုက်နေတယ်လို့ သိရပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 922
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၈
ဒဏ်ရာကြောင့် ၅ လကြာ အနားယူပြီးနောက် မန်စီးတီးအသင်းအတွက် ပြန်ပါဝင်ကစားနိုင်ခဲ့တဲ့ ကွင်းလယ်လူ ဒီဘရိုင်းကို ကွင်းထဲမှာ ပြန်မြင်တွေ့ရတာ ဝမ်းသာတယ်လို့ နည်းပြ ဂွာဒီယိုလာက ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “သူပြန်လာနိုင်တာက တကယ်ကို ကောင်းမွန်ပါတယ်။ ကျနော် သတင်းစာ ရှင်းလင်းပွဲတွေမှာ ပြောခဲ့သလိုပဲ သူဟာ လေ့ကျင့်မှုတွေ ပိုပြီးလုပ်ဖို့လိုပါတယ်။ သူဟာ မိနစ် ၉၀ အပြည့် ကစားဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ကျနော်ထင်ပါတယ်။ ဒါပေမယ့် သူပြန်လာနိုင်တာကို ကျနော်တို့ မယုံနိုင်လောက်အောင် ဝမ်းသာမိပါတယ်။ ဒီဘရိုင်းဟာ ပွဲတွေကို အနိုင်ရရှိအောင် ကူညီပေးနိုင်တဲ့သူဖြစ်ပြီး ဒီပွဲမှာ လူတွေရဲ့ ချစ်ခြင်း မေတ္တာကို သူခံစားခဲ့ရမယ်ဆိုတာ သေချာပါတယ်”လို့ ပြောခဲ့ပါတယ်။
ဒီဘရိုင်းဟာ မန်စီးတီးအသင်းက ဟက်ဒါဖီးစ်အသင်းကို ၅ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ FA ဖလား တတိယအဆင့် ပွဲစဉ်ရဲ့ ပွဲချိန် ၅၇ မိနစ်မှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပါတယ်။
သြဂုတ်လကတည်းက အနားယူနေခဲ့ရတဲ့ ဒီဘရိုင်း ကွင်းထဲဝင်ရောက်လာချိန်မှာ မန်စီးတီးအသင်း ပရိသတ်တွေ ဟာ လက်ခုပ်တီး ဂုဏ်ပြုမှုတွေ ပြုလုပ်ခဲ့ကြပြီး ဒီဘရိုင်းဟာ သူ့ရဲ့ ပထမဆုံးပွဲစဉ်မှာ အသင်းဖော် ဒိုကူ သွင်းယူ ခဲ့တဲ့ဂိုးကို ဖန်တီးမှု ပြုလုပ်ပေးသွားခဲ့တာပါ။

ဂွာဒီယိုလာကို တွေ့ရစဉ်
ဂွာဒီယိုလာဟာ ဒီဘရိုင်းကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပေမယ့် လာမယ့်ရက်သတ္တပတ်ထဲ ပြုလုပ်မယ့် လေ့ကျင့်ရေး အစီအစဉ်တွေမှာ ကြိုးစားလုပ်ဆောင်ရမယ်လို့ ပြောခဲ့ပါတယ်။
ဒီဘရိုင်းဟာ ၂၀၁၅ ခုနှစ်က ဝုလ်ဖ်ဘတ်အသင်းကနေ ရောက်ရှိလာပြီးကတည်းက မန်စီးတီးအသင်းရဲ့ အရေးပါတဲ့ ကစားသမားဖြစ်ခဲ့ပြီး အသင်းအတွက် ဆုဖလားအများအပြား ရယူပေးနိုင်ခဲ့တာပါ။
မန်စီးတီးအသင်း ပရိသတ်တွေက ဒီဘရိုင်းဟာ ဒီရာသီရဲ့ ဒုတိယရာသီဝက်မှာ အသင်းကို အောင်မြင်မှုတွေ ရယူပေးနိုင်ဖို့ အဓိကအခန်းကဏ္ဍကနေ ပါဝင်ပေးနိုင်ဦးမယ်လို့ ယုံကြည်နေကြပါတယ်။
မန်စီးတီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဇန်နဝါရီ ၁၄ ရက်မှာ နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲပြီးရင် အဘူဒါဘီမှာ စခန်းသွင်းလေ့ကျင့်မှုတွေ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 853
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၈
အာဆင်နယ်အသင်းဟာ တိုက်စစ်ပိုင်းက ဂိုးရဖို့ ရုန်းကန်နေရပေမယ့် နည်းပြ အာတီတာက အခု ဇန်နဝါရီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ လက်တွေ့မကျဘူးလို့ ပြောလိုက်ပါတယ်။
အာတီတာက “တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့က အခုအချိန်မှာ လက်တွေ့မကျပါဘူး။ ကျနော့်ရဲ့ အလုပ်က ကျနော် တို့မှာရှိနေတဲ့ ကစားသမားတွေကို မြှင့်တင်အောင်လုပ်ပေးဖို့ပါ။ ကျနော်တို့ဟာ အနားယူဖို့ လိုအပ်နေပြီး အနား ရတာက ကောင်းပါတယ်။ အချိန်ကောင်းတစ်ခုရောက်လာမှာပါ” လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ FA ဖလားတတိယအဆင့်ပွဲစဉ်မှာ လီဗာပူးလ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ဂိုးရနိုင်မယ့် အခွင့်အရေးအများအပြား ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာပါ။ အာဆင်နယ်အသင်းဟာ ဒီပွဲအပါအဝင် နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲမှာ ဂိုးပေါက်ကန်သွင်းမှု ၆၃ ကြိမ်အထိရှိခဲ့ပေမယ့် ၁ ဂိုးသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့် အာဆင်နယ်အသင်းဟာ အခုအပြောင်းအရွှေ့မှာ တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ တွန်းအားပေးမှုတွေ ခံနေရတာပါ။

အာဆင်နယ်အသင်းဟာ ဘရန်ဖိုဒ့်အသင်းတိုက်စစ်မှူး အိုင်ဗန်တိုနေးကို အဓိကပစ်မှတ်အဖြစ် ချိတ်ဆက် နေပေမယ့် ဘရန်ဖိုဒ့်အသင်းဟာ သူတို့တိုက်စစ်မှူးကိုခေါ်ယူချင်ရင် ပြောင်းရွှေ့ကြေးအများအပြားနဲ့ ကမ်းလှမ်းမှ ရမယ်လို့ပြောထားတာပါ။ အဲဒါကြောင့်လည်း အာတီတာက အာဆင်နယ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ မဖြစ်နိုင်ဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ လီဗာပူးလ်အသင်း ကို အရေးနိမ့်ခဲ့တာကြောင့် နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲမှာ ၁ ပွဲသာအနိုင်ရတဲ့အထိ ရလဒ်တွေပြန်ပြီး ဆိုးလာခဲ့တာ ပါ။
အာဆင်နယ်အသင်းတိုက်စစ်မှူး ဂျီးဆပ်စ်ဟာ ဒူးဒဏ်ရာကြောင့် လီဗာပူးလ်အသင်းနဲ့ပွဲမှာ မပါဝင်နိုင်ခဲ့ပေမယ့် ဒူဘိုင်းကိုသွားရောက်မယ့် ရာသီလယ်လေ့ကျင့်ရေးစခန်းမှာ အသင်းဖော်တွေနဲ့ ပူးပေါင်းပါဝင်နိုင်ဖို့ နည်းပြ အာတီတာက မျှော်လင့်နေပါတယ်။ အာဆင်နယ်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်ကစားဖို့မရှိဘဲ အနားရထားပြီး ဇန်နဝါရီ ၂၀ ရက်မှ ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၂၀ ကစားထားအပြီးမှာ ရမှတ် ၄၀ နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source:ESPN
- By CNI
- Category: အားကစား
- Hits: 805
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၇
ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်း အန်သိုနီဂျိုရွှာနဲ့ UFC ဟဲဗီးဝိတ်ချန်ပီယံဟောင်း အန်ဂါနူတို့ဟာ ဆော်ဒီနိုင်ငံမှာ ထိုးသတ်မှာဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
အန်သိုနီဂျိုရွှာဟာ အစောပိုင်းက WBC ချန်ပီယံဟောင်း ဝေလ်ဒါနဲ့ ထိုးသတ်ဖို့ စီစဉ်ထားတာပါ။
ဒါပေမယ့် ဒီဇင်ဘာ ၂၃ ရက်က ရီယက်ဒ်မှာ ထိုးသတ်ခဲ့တဲ့ ပွဲစဉ်တွေမှာ အန်သိုနီဂျိုရွှာက ဝယ်လ်လင်ကို အနိုင်ရ ခဲ့ပြီး ဝေလ်ဒါက ပါကားကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် အန်သိုနီဂျိုရွှာနဲ့ ဝေလ်ဒါတို့ရဲ့ ပွဲဖြစ်မလာခဲ့ဘဲ အန်သိုနီဂျိုရွှာနဲ့ အန်ဂါနူတို့ ထိုးသတ်မယ့်ပွဲ ဖြစ်လာခဲ့တာပါ။
အန်သိုနီဂျိုရွှာရဲ့ ပွဲစီစဉ်သူ အက်ဒီဟန်းက “အန်သိုနီဂျိုရွှာနဲ့ အန်ဂါနူတို့ ထိုးသတ်မယ့်ပွဲကို အတည်ပြုချင်ပါတယ်။ ဇန်နဝါရီ ၁၅ ရက်လန်ဒန်မှာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး အသေးအစိတ် အချက်အလက်တွေကို ပြောပြသွား မယ်”လို့ ဆိုရှယ်မီဒီယာမှာ ရေးသားထားခဲ့ပါတယ်။

ESPN ကတော့ ဒီပွဲဟာ တိုင်ဆန်ဗျူရီနဲ့ အူဆက်ခ်တို့ရဲ့ အငြင်းပွားဖွယ်ရာမရှိတဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံပွဲ ထိုးသတ်ပြီးနောက် ရက်သတ္တပတ်တွေအကြာ မတ်လအစောပိုင်းမှာ ဖြစ်နိုင်တယ်လို့ ဖော်ပြထားတာပါ။
အန်ဂါနူဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ဆော်ဒီနိုင်ငံမှာ တိုင်ဆန်ဗျူရီနဲ့ ထိုးသတ်ခဲ့ပြီး အမှတ်နဲ့ ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။
အန်ဂါနူဟာ တိုင်ဆန်ဗျူရီကို အရေးနိမ့်ပြီးနောက် WBC ရဲ့ ဟဲဗီးဝိတ်အဆင့်ရပ်တည်မှု ၁၀ နေရာမှာ ရပ်တည်နေတာပါ။
အန်ဂါနူဟာ MMA ပြိုင်ပွဲမှာ ပွဲပေါင်း ၂၀ ထိုးသတ်ခဲ့ပြီး ၁၇ ပွဲအနိုင်ရကာ ၃ ပွဲအရေးနိမ့်ပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီက နောက်ဆုံးပွဲအဖြစ် ထိုးသတ်ထားခဲ့တာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 740
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၇
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)ဟာ ယာယီနည်းပြ ဖာနန်ဒိုဒီနစ်ဇ်ကို ထုတ်ပယ်လိုက်ပြီလို့ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ ဖာနန်ဒိုဒီနစ်ဇ်ကို ထုတ်ပယ်လိုက်ပြီးနောက် အမြဲတမ်းနည်းပြ ခန့်အပ်မယ့် လုပ်ငန်းစဉ်ကို စတင်တော့မယ်လို့ ပြောခဲ့တာပါ။
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင် မယ်လို့ ယုံကြည်နေတာကြောင့် ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ဖာနန်ဒိုဒီနစ်ဇ်ကို ယာယီနည်းပြအဖြစ် ၁ နှစ် စာချုပ် ချုပ်ဆိုကာ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အန်ဆယ်လော့တီဟာ ရီးရယ်လ်အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုသွားခဲ့တာပါ။
အဲ့ဒါကြောင့် ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ အမြဲတမ်းနည်းပြတစ်ဦးကို အမြန်ဆုံး ခန့်အပ်နိုင်ဖို့အတွက် ယာယီ နည်းပြကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဖာနန်ဒိုဒီနစ်ဇ်ဟာ ဘရာဇီးလ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ၆ ပွဲမှာ ၂ ပွဲသာအနိုင်ရပြီး ၁ ပွဲသရေကျကာ ၃ ပွဲ ရှုံးနိမ့်ခဲ့တာပါ။
ဘရာဇီးလ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်တွေမှာ ရလဒ်ဆိုးတွေကြောင့် အဆင့် ၆ နေရာကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်အကြီးအကဲ ရိုဒရီဂွက်စ်ဟာ ဆောပေါလိုအသင်း အကြီးအကဲတွေနဲ့ စကားပြောဆို ထားတာကြောင့် ဆောပေါလိုအသင်းနည်းပြ ဂျူနီယာဟာ ဘရာဇီးလ်အသင်း နည်းပြဖြစ်လာဖို့ ရေပန်းစားနေတာပါ။
ဆောပေါလိုအသင်းဟာ သူတို့နည်းပြကို အလွတ်နဲ့ လက်မလွှတ်ချင်တဲ့အတွက် စာချုပ်ဖျက်သိမ်းကြေးပေးဖို့ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ထံ တောင်းဆိုထားတယ်လို့ သိရပါတယ်။
ဘရာဇီးလ်အသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲ မတိုင်ခင် ပြင်ဆင်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် နည်းပြသစ် အမြန်ဆုံး ခန့်အပ်နိုင်ဖို့ လုပ်ဆောင်နေတာပါ။
ဘရာဇီးလ်အသင်းဟာ လာမယ့်မတ်လထဲမှာ အင်္ဂလန်၊ စပိန်အသင်းတို့နဲ့ ခြေစမ်းပွဲ ကစားဖို့ စီစဉ်ထားပြီး ကိုပါအမေရိကဖလားပြိုင်ပွဲမတိုင်ခင် ရက်ပိုင်းအလိုမှာ မက္ကဆီကိုအသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ဖို့လည်း ရှိနေပါ တယ်။
ဘရာဇီးလ်အသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ကိုလံဘီယာ၊ ပါရာဂွေး၊ ကွန်ကာကပ်ဖ်ပလေးအော့ဖ် အနိုင်ရတဲ့အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။
Source: ESPN
