- By CNI
- Category: အားကစား
- Hits: 768
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၃
အိုင်ဗရီကို့စ်အသင်းဟာ ကျင်းပနေတဲ့ အာဖရိကဖလားပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အီကွေတိုရီရယ်လ်ဂီနီ အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲက ထွက်ခွာရဖို့ နီးစပ်ခဲ့တာ ဖြစ်ပါတယ်။
အိမ်ရှင်အိုင်ဗရီကို့စ်အသင်းဟာ ဒီပွဲမှာ အီကွေတိုရီရယ်လ်ဂီနီ အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တာပါ။
အိုင်ဗရီကို့စ်အသင်းဟာ ဒီရှုံးပွဲကြောင့် အုပ်စုပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ၁ ပွဲနိုင် ၂ ပွဲရှုံး ရမှတ် ၃ မှတ်နဲ့ တတိယ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
အာဖရိကဖလားပြိုင်ပွဲမှာ အကောင်းဆုံး တတိယအသင်း ၄ သင်းဟာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်တာ ကြောင့် အိုင်ဗရီကို့စ်အသင်းဟာ နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်ရှိနေပေမယ့် အခြားအသင်းတွေရဲ့ ရလဒ် ကို စောင့်ဆိုင်းရမှာပါ။
အီကွေတိုရီရယ်လ်ဂီနီအသင်းကို ဂိုးပြတ် အရေးနိမ့်ခဲ့တာကြောင့် အိုင်ဗရီကို့စ်အသင်း ပရိသတ်တွေဟာ သူတို့ရဲ့ ကစားသမားတွေကို အလွန်ဒေါသထွက်နေပြီး ပွဲကြည့်စင်ပေါ်ကနေ အော်ဟစ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

အိုင်ဗရီကို့စ်အသင်းသားတွေကို တွေ့ရစဉ်
အိုင်ဗရီကို့စ် ကစားသမားတွေဟာ လုံခြုံရေး အကူအညီတွေနဲ့ ကွင်းထဲက ထွက်ခွာခဲ့ရသလို လုံခြုံရေးစိုးရိမ်မှုတွေ ကြောင့် အသင်း ၂ သင်းစလုံးကို အားကစားကွင်း အတွင်းကနေ ထွက်ခွာခြင်းမပြုဖို့ တားမြစ်ခဲ့တယ်လို့ Canal+ Africa က ဖော်ပြထားပါတယ်။
အိုင်ဗရီကို့စ်အသင်းနည်းပြ ဂက်ဆက်က ပွဲအပြီးမှာ ကစားသမားအချို့ဟာ အဝတ်လဲခန်းထဲမှာ ငိုကြွေးနေခဲ့ကြ တယ်လို့ ပြောခဲ့ပါတယ်။
ဂက်ဆက်က “ဒါဟာ အိပ်မက်ဆိုးပါပဲ။ ဒီပွဲကို ကျနော်တို့ ကောင်းမွန်စွာ ပြင်ဆင်ခဲ့ပြီး အခွင့်အရေးတွေလည်း ရရှိခဲ့ပါတယ်။ အီကွေတိုရီရယ်လ်ဂီနီက ကျနော်တို့ကို လက်တွေ့ဆန်တဲ့ သင်ခန်းစာတစ်ခုကို ပေးခဲ့ပါတယ်။ နောက်တစ်ဆင့် တက်နိုင်မယ်လို့ ယုံကြည်လားဆိုရင်တော့ ကျနော်တို့ဟာ ၃ ပွဲ ကစားအပြီးမှာ ၁ ပွဲအနိုင်ရခဲ့ပါ တယ်။ ကျနော်တို့အနောက်မှာ အသင်းတွေရှိပါတယ်။ ဒါပေမယ့် အခြားအသင်းတွေရဲ့ ရလဒ်ကိုစောင့်ရတာ ကတော့ ကောင်းမွန်တဲ့ လက္ခဏာမဟုတ်ဘူး”လို့ ပြောခဲ့ပါတယ်။
လက်ရှိအချိန်မှာ အာဖရိကဖလားပြိုင်ပွဲရဲ့ နောက်တစ်ဆင့်ကို အုပ်စု A က အီကွေတိုရီရယ်လ်ဂီနီနဲ့ နိုင်ဂျီးရီးယား၊ အုပ်စု B က ကိတ်ဗာဒီနဲ့ အီဂျစ်၊ အုပ်စု C က ဆီနီဂေါနဲ့ ဂီနီ၊ အုပ်စု D က အန်ဂိုလာနဲ့ ဘာကီနာဖာဆို၊ အုပ်စု E က မာလီနဲ့ အုပ်စု F က မော်ရိုကိုတို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 813
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၂
ချယ်လ်ဆီးအသင်းဂန္ထဝင် ဂျွန်တယ်ရီက အသင်းရဲ့ ရလဒ်တွေ ပြန်လည်ကောင်းမွန်လာဖို့အတွက် နည်းပြ ပိုချက်တီနိုကို အချိန်ပေးဖို့ အသင်းပိုင်ရှင်တွေကို တောင်းဆိုလိုက်ပါတယ်။
ဂျွန်တယ်ရီက “ကံမကောင်းစွာနဲ့ပဲ ချယ်လ်ဆီးအသင်းဟာ အခုအချိန်မှာ အဆင်မပြေမှုတွေ အနည်းငယ်ရှိနေပါ တယ်။ ဒါပေမယ့် အချိန်ပေးရမှာဖြစ်ပြီး နည်းပြအတွက် အချိန်လိုအပ်ပါတယ်၊ ပိုချက်တီနိုက နည်းပြကောင်း တစ်ဦးပါ။ သူနေ့တိုင်းလုပ်ဆောင်နေတဲ့ အရာတွေကို ကျနော်မြင်တွေ့ဖူးပါတယ်။ ကျနော်တို့ဟာ လူငယ် ကစားသမားတွေ အများကြီးရှိတဲ့ အသင်းဖြစ်တဲ့အတွက် မန်စီးတီး၊ လီဗာပူးလ်အသင်းတို့နဲ့ ယှဉ်ရင် အဝေးကြီးမှာ ရှိနေပါသေးတယ်”လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ပိုင်ရှင် တော့ဒ်ဘိုလီရဲ့ လက်ထက်မှာ ပြောင်းရွှေ့ကြေး ပေါင် ၁ ဘီလီယံကျော်အထိ သုံးစွဲ ထားပေမယ့် ရလဒ်ကောင်းတွေ မရရှိသေးတာ ဖြစ်ပါတယ်။
ပိုချက်တီနိုဟာ ပြီးခဲ့တဲ့နွေရာသီက ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရပြီး အသင်းမှာ ဒဏ်ရာရ ကစားသမားတွေ များပြားနေတာကြောင့် ရလဒ်ကောင်းတွေရရှိဖို့ ခက်ခဲနေတာပါ။
အဲ့ဒါကြောင့် ပိုချက်တီနိုဟာ ချယ်လ်ဆီးအသင်း နည်းပြရာထူးနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေရှိနေတာ ဖြစ်ပါ တယ်။

ပိုချက်တီနိုနဲ့ ဂျွန်တယ်ရီကို တွေ့ရစဉ်
ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ၄ ပွဲအထိ အနိုင်ရပြီး ၁ ပွဲသာရှုံးနိမ့်ကာ ရလဒ်ကောင်းတွေ ပြန်လည်ရရှိနေတာပါ။
ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာ နိုင်ပွဲတွေ ပြန်ဆက်နေပေမယ့် အဆင့် ၉ နေရာမှာ ရပ်တည်နေပြီး အဆင့် ၅ နေရာက စပါးအသင်းနဲ့ ၉ မှတ်ကွာဟနေတာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ ရယူနိုင်စရာ ဆုဖလားအဖြစ် ကာရာဘောင်းလိဂ်ဖလားနဲ့ FA ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ ရှိနေသေးပြီး ကာရာဘောင်း လိဂ်ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကို ရောက်ရှိနေတာပါ။
ချယ်လ်ဆီးအသင်းဟာ ကာရာဘောင်းလိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ မယ်ဒယ်ဘရော့အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ထားတာကြောင့် ဒုတိယအကျော့ပွဲစဉ်မှာ အနိုင်ရလဒ်ရယူနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါ တယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 960
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၂
ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ရှာဘတ်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ စပိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
မော်ရင်ဟိုဟာ ရလဒ်ဆိုးတွေကြောင့် စီးရီးအေကလပ် ရိုးမားအသင်းကနေ ထုတ်ပယ်ခံရပြီးနောက် အသင်း အချို့ရဲ့ ကမ်းလှမ်းမှုတွေကို ရရှိထားတာပါ။ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ရှာဘတ်အသင်းဟာ မော်ရင်ဟိုကို နည်းပြအဖြစ် ခန့်အပ်နိုင်ဖို့အတွက် ဆွေးနွေးမှုတွေကို အရှိန်မြှင့်ပြီးလုပ်ဆောင်နေတယ်လို့ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ်။ ဒါပေမယ့် စပိန်မီဒီယာကတော့ မော်ရင်ဟိုဟာ အယ်လ်ရှာဘတ်အသင်းထံမသွားဖို့ ဆုံးဖြတ်ထား ပြီး သူကိုင်တွယ်ဖို့အဆင်ပြေမယ့် ရွေးချယ်မှုတစ်ခုကို စောင့်ဆိုင်းနေတယ်လို့ ဖော်ပြထားတာပါ။

အီတလီသတင်းတွေမှာ နာပိုလီအသင်းဟာ မော်ရင်ဟိုကို နည်းပြအဖြစ်ခန့်အပ်ဖို့ ဆွေးနွေးမှုတွေပြုလုပ်ချင်နေပြီး မော်ရင်ဟိုကိုယ်တိုင်ကလည်း စီးရီးအေမှာ ဆက်ပြီးရှိဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။ မော်ရင်ဟိုဟာ မကြာသေးခင်က ဘာစီလိုနာကို ရောက်ရှိနေပြီး သူ့ရဲ့အနာဂတ်အကြောင်းမေးမြန်းခံရချိန်မှာ ဖြေဆိုခြင်းမပြုဘဲ ရယ်မောပြီးသာ ထွက်ခွာသွားခဲ့တာပါ။ အသက် ၆၀ နှစ်အရွယ်ရှိ မော်ရင်ဟိုဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ရှာဘတ်အသင်းကို ငြင်းပယ်ထားပေမယ့် ဆော်ဒီမှာနည်းပြလုပ်ချင်တဲ့ သူ့ရဲ့ဆန္ဒကို ပြောထားဖူးပါတယ်။
မော်ရင်ဟိုက “ကျနော်အားလပ်ချိန်မှာ ဆော်ဒီကိုသွားမှာဖြစ်ပေမယ့် ဒီနိုင်ငံမှာ အလုပ်လုပ်မယ်ဆိုတာ သေချာ ပါတယ်။ အနာဂတ်ကို ဘယ်သူမှမသိသလို ဘယ်အချိန်မှာ သွားရောက်မလဲဆိုတာ မသိပေမယ့် ဆော်ဒီကို သွား ရောက်ပြီး အလုပ်လုပ်မယ်ဆိုတာ သေချာတယ်” လို့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာက ပြောခဲ့တာပါ။
မော်ရင်ဟိုကို ကမ်းလှမ်းထားတဲ့ အယ်လ်ရှာဘတ်အသင်းဟာ ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်ထဲကအသင်းနဲ့ ၄ မှတ်သာကွာဟတာဖြစ်ပါတယ်။
Source:Metro
- By CNI
- Category: အားကစား
- Hits: 1011
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၂
ဘိုင်ယန်မြူးနစ်အသင်းဟာ အိမ်ကွင်းမှာ ဝါဒါဘရီမင်အသင်းကို အရေးနိမ့်ပြီးနောက် အသင်းဟာ ချန်ပီယံဆုကို ရယူချင်တဲ့ အသင်းနဲ့မတူဘူးလို့ နည်းပြ တူချယ်လ်က ဝေဖန်လိုက်ပါတယ်။
တူချယ်လ်က “မိနစ် ၇၀ အထိ ကျနော်တို့ဟာ ချန်ပီယံဆုအတွက် ကစားပေးချင်တဲ့ အသင်းနဲ့ မတူပါဘူး။ ဝါဒါဘရီမင်အတွက်တော့ ဒီနိုင်ပွဲဟာ ထိုက်တန်ပါတယ်။ ကျနော်တို့ဟာ သူတို့ကို တန်ပြန်တိုက်စစ်တွေ အများကြီး ခွင့်ပြုပေးခဲ့ရပါတယ်။ ဒီပွဲမှာ ကျနော်တို့ဟာ အပြုသဘောဆောင်တဲ့ စွမ်းအင်တွေ အနည်းငယ်ပဲ ရှိခဲ့ပါတယ်။ ပေါ့ပေါ့တန်တန် ကစားခဲ့ပြီး လုံလောက်မှုလည်း မရှိခဲ့ပါဘူး။ ကစားသမား အများအပြားဟာ လေ့ကျင့်ရေးကွင်းမှာ ပြသခဲ့တဲ့ အဆင့်မျိုးရောက်ရှိအောင် ဘာကြောင့် မလုပ်နိုင်ဘူးလဲဆိုတာတော့ ကျနော် ရှင်းပြလို့မရဘူး”လို့ ပြောခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီပွဲမှာ ဝါဒါဘရီမင်အသင်းကို တစ်ပွဲလုံးအသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် အဆုံးသတ် ပိုင်း မသေချာမှုတွေကြောင့် ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဘိုင်ယန်နဲ့ ဝါဒါဘရီမင်အသင်း ယှဉ်ပြိုင်နေစဉ်
ဝါဒါဘရီမင်အသင်းကို အရေးနိမ့်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ပထမဆုံး အိမ်ကွင်းရှုံးပွဲ ကြုံတွေ့ခဲ့ရတာပါ။
ဒါ့အပြင် ဘိုင်ယန်မြူးနစ်အသင်းအတွက် ၂၀၂၀ ခုနှစ်နောက်ပိုင်း အိမ်ကွင်းမှာကစားခဲ့တဲ့ လိဂ်ပွဲစဉ် ၆၆ ပွဲမှာ ပထမဆုံးအကြိမ် ဂိုးမသွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဘွန်ဒစ်လီဂါ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရှုံးပွဲကြောင့် ထိပ်ဆုံးနေရာက လေဗာကူဆင်အသင်းနဲ့ ၇ မှတ်အထိ ကွာဟသွားခဲ့တာပါ။ အဲ့ဒါကြောင့်လည်း နည်းပြ တူချယ်လ်ဟာ ဝါဒါဘရီမင်အသင်းကို အရေးနိမ့်တဲ့ ပွဲအပြီးမှာ ဘိုင်ယန်မြူးနစ် ကစားသမားတွေကို ဝေဖန်မှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်းဟာ လေဗာကူဆင်အသင်းထက် ၁ ပွဲလျော့ ကစားထားလို့ ရမှတ်ကွာဟမှုကို လျှော့ချနိုင်မယ့် အခြေအနေမှာ ရှိနေတာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ကြားရက်ထဲမှာ ဘွန်ဒစ်လီဂါပွဲစဉ်အဖြစ် ယူနီယံဘာလင်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 860
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၂
လီဗာပူးလ်အသင်းဟာ ဘုန်းမောက်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နိုင်ပွဲရယူပြီးနောက် ပရီးမီးယား လိဂ်အမှတ်ပေးဇယားကို ၅ မှတ်အသာနဲ့ ဦးဆောင်ထားတာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီပွဲမှာ ဘုန်းမောက်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဂိုးတွေကို ဒါဝင်နူးနက်ဇ် နဲ့ ဂျိုတာတို့က ၂ ဂိုးစီသွင်းယူခဲ့တာပါ။ ဒီပွဲရဲ့ ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့တာဖြစ်ပြီး ဒုတိယပိုင်းရောက်မှ လီဗာပူးလ်အသင်းက အနိုင်ဂိုး ၄ ဂိုးစလုံးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ဒီပွဲမှာ ဘောလုံး ပိုင်ဆိုင်မှု ၆၁ ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှု ၁၄ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၇ ကြိမ်အထိရှိခဲ့ပြီး ဘုန်းမောက် အသင်းကတော့ ဘောလုံးပိုင်ဆိုင်မှု ၃၉ ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှု ၁၁ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၁ ကြိမ်သာ ရှိခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ဒုတိယနေရာမှာရှိနေတဲ့ မန်စီးတီးအသင်းထက် ၁ ပွဲပိုကစားထားပြီး ၅ မှတ်အသာနဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းနည်းပြ ကလောပ့်က သူတို့ဟာ အပြောင်းအလဲတွေပြုလုပ်ခဲ့တာကြောင့် အများကြီးပိုကောင်းပြီး နိုင်ပွဲရရှိခဲ့တာလို့ ပွဲအပြီး BBC Match of the Day ကို ပြောခဲ့တာပါ။

ကလောပ့်က “ပထမပိုင်းမှာ ခက်ခဲခဲ့တာကြောင့် ဒီနိုင်ပွဲကို ပိုပြီးပျော်ရွှင်ပါတယ်။ ကျနော်တို့ဟာ ကောင်းမွန်စွာ မကစားနိုင်ခဲ့တာကြောင့် တစ်ခုခုပြောင်းလဲဖို့လိုအပ်တယ်ဆိုတာ သိသာခဲ့ပါတယ်။ အဲဒါကြောင့် ကျနော်တို့ အပြောင်းအလဲပြုလုပ်ခဲ့ပြီး ပိုကောင်းမွန်အောင်လည်း လုပ်ခဲ့ပါတယ်။ အဲဒါကြောင့် အရာအားလုံး ကောင်းမွန် လာခဲ့ပြီး ဘုန်းမောက်အသင်းကို ပိုဖိအားပေးကာ လှပတဲ့ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလက စပါးအသင်းကိုအရေးနိမ့်ပြီးနောက် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရှုံးပွဲမရှိတာ ၁၄ ပွဲအထိရှိသွားပြီလည်းဖြစ်တာပါ။ လီဗာပူးလ်အသင်းဟာ ကြားရက်ထဲမှာ ကာရာဘောင်း လိဂ်ဖလား ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းအိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ပထမအကျော့က ဖူလ်ဟမ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရထားတာကြောင့် ဒုတိယအကျော့မှာ မရှုံးနိမ့်ဘူးဆိုရင် ဗိုလ်လုပွဲကို တက်နိုင်မှာဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 832
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၁
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုက နောက်ထပ် ၁၀ နှစ်လောက်အထိ ကစားနိုင်တယ်လို့ အနာဂတ်နဲ့ ပတ်သက်တဲ့ မေးမြန်းမှုတွေကို နောက်ပြောင်ပြီး ပြောသွားခဲ့ပါတယ်။
ရော်နယ်ဒိုက “အခုက အဆုံးသတ်ရမယ့် အခိုက်အတန့်လားဆိုတာ ရိုးရိုးသားသားပြောရရင် ကျနော်လည်း မသိပါ ဘူး။ သေချာတာကတော့ ကျနော်ဟာ မကြာခင်မှာ ကစားသမားဘဝက အနားယူမှာပါ။ ဒီမကြာခင်က နောက် ထပ် ၁၀ နှစ်ကို ကျနော်ဆိုလိုတာပါ။ ဒါကနောက်ပြောင်နေတာပါ၊ ကျနော်ကိုယ်တိုင်လည်း မသိပါဘူး။ ဘာတွေ ဆက်ဖြစ်မလဲကြည့်တာပေါ့”လို့ ပြောခဲ့တာပါ။
ဖေဖော်ဝါရီလထဲမှာ အသက် ၃၉ နှစ်ပြည့်တော့မယ့် ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်း မှာ ကစားနေပြီး ပေါ်တူဂီလက်ရွေးစင် အသင်းအတွက်လည်း ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ကစားဖို့ အဆင်သင့် ဖြစ်နေပါတယ်။
ရော်နယ်ဒိုဟာ ဇန်နဝါရီ ၁၉ ရက်က ဒူဘိုင်းမှာ ကျင်းပခဲ့တဲ့ Globe Soccer Awards ဆုပေးပွဲမှာ ဆု ၃ ဆုရယူနိုင်ခဲ့တာပါ။

ရော်နယ်ဒိုဟာ ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ အယ်လ်နာဆာအသင်းအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး ဂိုး ၂၀ သွင်းယူထားကာ ဂိုးဖန်တီးမှု ၉ ဂိုး ပြုလုပ်ထားတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ Globe Soccer Awards ဆုပေးပွဲမှာ ဆော်ဒီလိဂ်က ပြင်သစ်လိဂ်ထက် ပိုကောင်းပြီး ပြိုင်ဆိုင်မှု လည်း ပိုပြင်းထန်တယ်လို့ မီဒီယာသမားတွေရဲ့ မေးမြန်းမှုကို ဖြေဆိုခဲ့တာပါ။
ရော်နယ်ဒိုက “ရိုးရိုးသားသားပြောရရင် ဆော်ဒီလိဂ်က ပြင်သစ်လိဂ်ထက် ပိုကောင်းသလို ပြိုင်ဆိုင်မှု ပိုပြင်းထန် တယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်ဒီမှာရှိတာ ၁ နှစ်လောက်ကြာပြီဆိုတော့ ဒါကို ကျနော်ပြောနိုင်ပါတယ်။ ဆော်ဒီလိဂ်ဟာ တိုးတက်မှုတွေ ရှိနေတုန်းပါပဲ။ ဆော်ဒီလိဂ်ဟာ ထိပ်တန်းလိဂ် ၃ လိဂ်ထဲ ဝင်ရောက်နိုင်ပြီး ဆော်ဒီက လူတွေဂုဏ်ယူရမယ်ဆိုတာ သေချာတယ်”လို့ ပြောခဲ့ပါတယ်။
ဆော်ဒီလိဂ်ဟာ လက်ရှိအချိန်မှာ ရပ်နားထားပေမယ့် ရော်နယ်ဒိုဟာ အယ်လ်နာဆာ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နေပြီ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 894
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၀
တိုက်စစ်မှူး ဆာလက်ဟာ ဂါနာအသင်းနဲ့ ပွဲမှာ ရရှိခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် အီဂျစ်အသင်းရဲ့ ပွဲစဉ် ၂ ပွဲကို လွဲချော်မယ်လို့ အီဂျစ်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုလိုက်ပါတယ်။
ဆာလက်ဟာ အီဂျစ်အသင်းနဲ့ ဂါနာအသင်းတို့ ၂ ဂိုးစီ သရေကျခဲ့တဲ့ အာဖရိကဖလား အုပ်စုပွဲစဉ်ရဲ့ ပထမပိုင်း မပြီးခင်မှာ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရတာပါ။
ဆာလက်ရဲ့ ဒဏ်ရာ အခြေအနေကို စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ အသင်းရဲ့ လာမယ့်ပွဲစဉ် ၂ ပွဲကို လွဲချော်မယ်လို့ အီဂျစ်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ဆာလက်ဟာ အီဂျစ်အသင်းရဲ့ အာဖရိကဖလား အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ကိတ်ဗာဒီအသင်းနဲ့ ပွဲစဉ်ကို လွဲချော်တော့မှာပါ။
ဒါ့အပြင် ဆာလက်ဟာ အီဂျစ်အသင်း ၁၆ သင်းအဆင့် တက်ခဲ့ရင်လည်း ဒီပွဲကို လွဲချော်ဦးမှာဖြစ်ပြီး ကွာတား ဖိုင်နယ် တက်ရောက်နိုင်မှသာ ပြန်လည်ပါဝင်နိုင်တော့မှာ ဖြစ်ပါတယ်။

အီဂျစ်အသင်းအနေနဲ့ အာဖရိကဖလားပြိုင်ပွဲမှာ ၁၆ သင်းအဆင့် တက်ရောက်ဖို့အတွက် အုပ်စုနောက်ဆုံးပွဲစဉ် ဖြစ်တဲ့ ကိတ်ဗာဒီအသင်းနဲ့ပွဲမှာ ရလဒ်ကောင်း ရယူနိုင်ဖို့ လိုအပ်နေတာပါ။ ကိတ်ဗာဒီအသင်းကတော့ အုပ်စုပွဲစဉ် ၂ ပွဲစလုံးအနိုင်ရပြီး ၁၆ သင်းအဆင့် တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ဆာလက်ဟာ အုပ်စုအဖွင့်ပွဲစဉ်ဖြစ်တဲ့ အီဂျစ်နဲ့ မိုဇမ်ဘစ်အသင်းတို့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ အီဂျစ်အသင်း အတွက် အဖိုးတန် ချေပဂိုးကို နောက်ဆုံးမိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကနေ သွင်းယူခဲ့တာပါ။
အသက် ၃၁ နှစ်အရွယ်ရှိ ဆာလက်ဟာ အီဂျစ်အသင်းအတွက် ၉၈ ပွဲ ပါဝင်ကစားထားပြီး ၅၆ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။ ဆာလက်ဟာ အီဂျစ်အသင်းနဲ့အတူ အာဖရိကဖလားပြိုင်ပွဲဗိုလ်လုပွဲကို ၂ ကြိမ်တက်နိုင်ခဲ့ပြီး ၂ ကြိမ် စလုံး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာပါ။
အီဂျစ်အသင်းဟာ အာဖရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ၇ ကြိမ်ရရှိထားပြီး အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေကာ ၂၀၁၀ ခုနှစ်က ချန်ပီယံဆုကို နောက်ဆုံးအကြိမ် ရရှိထားတာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 1074
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၀
ပေါ်တူဂီနဲ့ အယ်လ်နာဆာ အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ၂၀၂၃ ခုနှစ်အတွက် ချီးမြှင့်တဲ့ Globe Soccer Awards ဆုပေးပွဲမှာ ဆု ၃ ဆုရရှိသွားခဲ့ပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ဒီဆုပေးပွဲမှာ တစ်နှစ်တာ ဂိုးသွင်းအများဆုံး ကစားသမားဆု၊ အရှေ့ အလယ်ပိုင်း အကောင်းဆုံးကစားသမားဆုနဲ့ ပရိသတ်အကြိုက်ဆုံး ကစားသမားဆုတို့ကို ရရှိခဲ့တာပါ။
ရော်နယ်ဒိုဟာ ၂၀၂၃ ခုနှစ်ထဲမှာ ပေါ်တူဂီနဲ့ အယ်လ်နာဆာ အသင်းအတွက် ၅၉ ပွဲ ကစားပြီး ၅၄ ဂိုး သွင်းယူကာ ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဘတ်ပီ၊ ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး ဟာရီကိန်းနဲ့ မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းတို့ကို ဂိုးအသာရပြီး ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်ခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုက “ဒီနေ့မှာ ဆု ၃ ဆု ရယူနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ကျနော့်ကို နေ့တိုင်း ပိုကောင်းမွန်အောင် လုပ်ပေးခဲ့တဲ့ နည်းပြအဖွဲ့ဝင်တွေ၊ အသင်းဖော်တွေနဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးအများကြီးတင်တယ်”လို့ အင်စတာဂရမ်မှာ ဆုရတဲ့ပုံတွေနဲ့အတူ တင်ထားခဲ့တာပါ။

ဒါ့အပြင် ရော်နယ်ဒိုက ဝေဖန်မှုတွေဟာ သူ့ကိုထိခိုက်ခြင်း မရှိသလို လူတွေရဲ့ သံသယဝင်မှုတွေကိုလည်း နှစ်သက်တယ်လို့ ဆုပေးပွဲမှာပြောခဲ့ပါတယ်။
Globe Soccer Awards ဆုပေးပွဲမှာ တစ်နှစ်တာ အကောင်းဆုံး အမျိုးသားကစားသမားဆုကို မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းက ရရှိခဲ့ပြီး အမျိုးသမီးကစားသမားဆုကို ဘာစီလိုနာအသင်း ကွင်းလယ်လူ ဘွန်မာတီက ရရှိခဲ့တာပါ။
အကောင်းဆုံးနည်းပြဆုကိုတော့ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ရရှိခဲ့ပါတယ်။ ဂွာဒီယိုလာဟာ မန်စီးတီး အသင်းကို ၂၀၂၃ ခုနှစ်ထဲမှာ ဆုဖလား ၅ လုံးအထိရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တာပါ။
မန်စီးတီးအသင်းဟာ Globe Soccer Awards ဆုပေးပွဲမှာ ဆုအများအပြား သိမ်းပိုက်ခဲ့ပြီး ကလပ်အသင်းဆု၊ အကောင်းဆုံး ဂိုးသမားဆုကို အီဒါဆန်၊ အကောင်းဆုံး ကွင်းလယ်ကစားသမားဆုကို ရိုဒရီက ရရှိခဲ့တာဖြစ်ပါ တယ်။
Source: Sportskeeda
- By CNI
- Category: အားကစား
- Hits: 900
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၉
မာရှယ်ရဲ့ အေးဂျင့်ဖြစ်သူ လမ်ဘိုလေးက သူ့ရဲ့ကစားသမားနဲ့ ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်တို့ အကြား ပြဿနာဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်သွားခဲ့ပါတယ်။
လမ်ဘိုလေးက “မာရှယ်အကြောင်း အခုထွက်ပေါ်နေတဲ့ သတင်းတွေက လုံးဝ အမှားအယွင်းတွေပါ။ သူဟာ ယူနိုက်တက်အသင်း အဖွဲ့ကနေလည်း ဖယ်ထုတ်ခံထားရခြင်း မရှိသလို နည်းပြအဲရစ်တန်ဟတ်နဲ့လည်း ပြဿနာ မရှိပါဘူး။ မာရှယ်က ဒီမှာ ၉ ရာသီကြာရှိခဲ့ပြီး သူဟာ ပရော်ဖက်ရှင်နယ်တစ်ဦး မဟုတ်ခဲ့ဘူးဆိုရင် ဒီမှာအကြာကြီး ရှိမှာ မဟုတ်ပါဘူး။ သူဟာ အသေးစား ခွဲစိတ်မှုတစ်ခုလုပ်ရမှာပါ”လို့ Sky Sports ကို ပြောခဲ့တာပါ။
မာရှယ်ဟာ ယူနိုက်တက်အသင်းက ဘုန်းမောက်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ပြီးကတည်းက အသင်းရဲ့လူစာရင်းမှာ ပါဝင်ခြင်း မရှိတော့ပါဘူး။
ပြီးခဲ့တဲ့ စပါးအသင်းနဲ့ ပွဲစဉ်မတိုင်ခင်က မာရှယ်ဟာ ဖျားနာနေတယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောခဲ့ပါ တယ်။

မာရှယ်ကို တွေ့ရစဉ်
ဒါပေမယ့် ဒေးလီးမေးလ်က နည်းပြ အဲရစ်တန်ဟတ်ဟာ မာရှယ်ကို ကြံ့ခိုင်မှုပိုင်း အကောင်းဆုံးပုံစံ ပြန်ရရှိအောင် တစ်ဦးတည်း လေ့ကျင့်မှုပြုလုပ်ဖို့ ညွှန်ကြားထားတယ်လို့ ဖော်ပြထားပါတယ်။
မာရှယ်နဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး ယူနိုက်တက်အသင်းဘက်က စာချုပ်သစ် ကမ်းလှမ်းခြင်း မရှိတာပါ။
အဲ့ဒါကြောင့် မာရှယ်ဟာ အခုရာသီအကုန်မှာ ယူနိုက်တက်အသင်းကနေ အလွတ်နဲ့ ထွက်ခွာရမှာ ဖြစ်ပါတယ်။
အခုအပြောင်းအရွှေ့မှာ မာရှယ်ကို ခေါ်ယူဖို့ ဖီနာဘာချီနဲ့ မာဆေးလ်အသင်းတို့က စိတ်ဝင်စားနေပေမယ့် ကစား သမားက ယူနိုက်တက်အသင်းမှာ ဆက်နေပြီး နေရာရဖို့ တိုက်ပွဲဝင်ချင်နေတာပါ။
မာရှယ်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ၁၂ ပွဲပါဝင်ကစားထားပြီး ၁ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 979
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၉
လီဗာပူးလ်အသင်းဂန္ထဝင် စတီဗင်ဂျရတ်ဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အက်တီဖတ်အသင်းမှာ နည်းပြအဖြစ် ၂၀၂၇ ခုနှစ်အထိရှိမယ့် ၂ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
စတီဗင်ဂျရတ်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ အယ်လ်အက်တီဖတ်အသင်းကို ၂ နှစ်စာချုပ်နဲ့ ကိုင်တွယ်ဖို့ ရောက်ရှိ လာခဲ့တာပါ။ အယ်လ်အက်တီဖတ်အသင်းဟာ ဒီရာသီဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေဆိုးနေပြီး အဆင့် ၁ နေရာမှာ ဦးဆောင်နေတဲ့ အယ်လ်ဟီလယ်အသင်းနဲ့ ၂၈ မှတ်အကွာအဆင့် ၈ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ အဲဒါကြောင့် စတီဗင်ဂျရတ်ဟာ အယ်လ်အက်တီဖတ်အသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံရမယ့် ဖိအားတွေရင်ဆိုင်နေရတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့တာပါ။
ဒါပေမယ့် ဆော်ဒီကလပ်ဟာ စတီဗင်ဂျရတ်ကို အံ့အားသင့်ဖွယ် ၂ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ အယ်လ်အက်တီဖတ်အသင်းဟာ အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို စာချုပ်ဖျက်သိမ်းပြီး အေဂျက်ဇ် အသင်းထံ ထွက်ခွာခွင့်ပေးပြီးနောက်မှာ နည်းပြ စတီဗင်ဂျရတ်ကို စာချုပ်သက်တမ်းတိုးကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ စတီဗင်ဂျရတ်ဟာ စာချုပ်သစ်ကြောင့် ကမ္ဘာပေါ်မှာ လုပ်ခလစာအများဆုံးရရှိတဲ့ နည်းပြတွေ ထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။

စတီဗင်ဂျရတ်က “ဒါက ကျနော်နဲ့ ကျနော့်ရဲ့ မိသားစုအတွက် အလွန်ဝမ်းသာဖို့ကောင်းပြီး အလုပ်ကြိုးစားမှုနဲ့ ကတိကဝတ်တွေအတွက် များစွာအသိအမှတ်ပြုခံရတယ်လို့ ခံစားရပါတယ်။ ကျနော်တို့ဟာ အခုထက်ပိုပြီး တိုးလာမယ်လို့ ယုံကြည်မှုရှိပါတယ်။ အခုအချိန်မှာ အပြောင်းအရွှေ့ဈေးကွက်ဖွင့်ထားတာကြောင့် လက်ရှိ ကစားသမားအစုအဖွဲ့ကို ပံ့ပိုးပေးနိုင်တဲ့ ကစားသမားတွေကို ရှာဖွေဖော်ထုတ်နိုင်ဖို့ ကြိုးစားနေတယ်”လို့ ပြောခဲ့တာပါ။
စတီဗင်ဂျရတ်ဟာ ၂၀၁၆ ခုနှစ်က ကစားသမားဘဝကနေ အနားယူပြီးနောက် ပထမဆုံးနည်းပြအလုပ်အကိုင် အဖြစ် ရိန်းဂျားစ်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး စကော့တလန်ပရီးမီးယားရှစ်ဖလားကို ရယူပေးနိုင်ခဲ့ပါတယ်။ လီဗာပူးလ်ကွင်းလယ်လူဟောင်းဟာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာမှာ အက်စတွန်ဗီလာအသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရ ပေမယ့် ရလဒ်ဆိုးတွေကြောင့် တစ်နှစ်အကြာမှာ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။
Source:BBC
