CNI Sport News

၂၀၂၄ ခုနှစ်၊မတ်လ ၂၈

အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲအတွက် အသင်းလူစာရင်းမှာ အသင်းခေါင်းဆောင် မက်ဆီနဲ့ တောင်ပံကစားသမား ဒီမာရီယာတို့ ၂ ဦးသာ အာမခံချက်ရှိတယ်လို့ ပြောခဲ့ ပါတယ်။

စကာလိုနီက “ကိုပါအမေရိကပြိုင်ပွဲမှာ နေရာတစ်နေရာအတွက် ဘယ်သူ့ကိုမှ အာမခံချက်မပေးပါဘူး။ ဒီမှာ ရှိနေတဲ့သူတွေကိုလည်း အာမခံချက်ပေးလို့မရပါဘူး။ ဒါပေမယ့် ဒီမှာမရှိတဲ့သူတစ်ဦးကတော့ အာမခံချက် ရှိပါတယ်။ သူက မက်ဆီပါ။ ပြီးတော့ ဒီမာရီယာအတွက်လည်း အာမခံချက်ရှိပါတယ်”လို့ ပြောခဲ့တာပါ။

အာဂျင်တီးနားအသင်းဟာ ၂၀၂၁ ခုနှစ်က ချန်ပီယံဖြစ်ခဲ့တဲ့ ကိုပါအမေရိကဖလားကို ကာကွယ်ဖို့ လာမယ့် နွေရာသီမှာ အမေရိကန်နိုင်ငံကို သွားရောက်ပြီး ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းဟာ ပြီးခဲ့တဲ့ ခြေစမ်းပွဲ ၂ ပွဲစလုံးကို အမေရိကန်နိုင်ငံမှာ သွားရောက် ကစားခဲ့ပြီး အယ်လ်ဆာဗေးဒိုးနဲ့ ကော်စတာရီကာအသင်းတို့ကို အနိုင်ရရှိခဲ့တာပါ။ အသင်းခေါင်းဆောင် မက်ဆီဟာ ဒဏ်ရာကြောင့် ဒီပွဲစဉ်တွေမှာ အာဂျင်တီးနားအသင်းအတွက် မပါဝင်နိုင်ခဲ့ပါဘူး။

ဒါပေမယ့် နည်းပြ စကာလိုနီကတော့ ကိုပါအမေရိကဖလားပြိုင်ပွဲဝင်မယ့် အာဂျင်တီးနားအသင်းလူစာရင်းမှာ မက်ဆီဲနဲ့ ဒီမာရီယာတို့အတွက်သာ အာမခံချက်ရှိတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် တခြား ကစား သမားတွေအနေနဲ့ အာဂျင်တီးနားအသင်းလူစာရင်းမှာ ပါဝင်ခွင့်ရဖို့ ကလပ်အသင်းတွေမှာ အကောင်းဆုံး ခြေစွမ်းပြသနိုင်ဖို့ လိုအပ်နေတာပါ။ အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက ပြီးခဲ့တဲ့ ခြေစမ်းပွဲတွေမှာ အာဂျင်တီးနားအသင်းအတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ ဂါနာချို၊ ဘင်နီတက်ဇ်နဲ့ ကာဘိုနီတို့ကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဇွန် ၂၀ ရက်ကနေ ဇူလိုင် ၁၄ ရက်အထိကျင်းပမယ့် ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အာဂျင်တီးနား အသင်းဟာ ပီရူး၊ချီလီ၊ကနေဒါအသင်းတို့နဲ့ အုပ်စု A မှာကျရောက်နေတာဖြစ်ပါတယ်။

Source:Sportsmole