- By CNI
- Category: အားကစား
- Hits: 746
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁
ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာဟာ နည်းပြဟောင်း ဂွာဒီယိုလာကို အသင်းရဲ့နည်းပြသစ်အဖြစ် ပြန်လည် ခန့်အပ်ဖို့ စိတ်အားထက်သန်နေတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ဘာစီလိုနာအသင်းနည်းပြ ဇာဗီဟာ ဒီရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ ကြေညာခဲ့တာကြောင့် စပိန်ကလပ်ဟာ နွေရာသီမှာ နည်းပြသစ်တစ်ဦးကို ခန့်အပ်ရတော့မှာပါ။
အဲဒါကြောင့် ဇာဗီရဲ့ နေရာ အစားထိုးဝင်ရောက်ပြီး ဘာစီလိုနာအသင်း နည်းပြသစ်ဖြစ်လာဖို့ ဘာစီလိုနာ(ဘီ) အသင်းနည်းပြ မားကွက်ဇ်၊ ဘိုလော့ဂ်နာအသင်းနည်းပြ သီယာဂိုမော့တာနဲ့ အာဆင်နယ်အသင်းနည်းပြ အာတီတာတို့ အပါအဝင် နည်းပြအချို့ဟာ ချိတ်ဆက်မှုတွေ ခံနေရပါတယ်။
အာတီတာကတော့ ဘာစီလိုနာအသင်း နည်းပြအဖြစ် ဇာဗီနေရာမှာ ဆက်ခံမယ့် သတင်းတွေကို ငြင်းဆန်ထားပြီး အာဆင်နယ်အသင်းမှာသာ ဆက်ရှိမယ်လို့ တုန့်ပြန်ထားတာပါ။
ဒီအချိန်မှာ El Chiringuito TV က ဘာစီလိုနာအသင်း အကြီးအကဲ လာပေါ်တာက ဂွာဒီယိုလာကို နည်းပြအဖြစ် ပြန်ခန့်အပ်ဖို့ စိတ်အားထက်သန်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
လာပေါ်တာအနေနဲ့ ဂွာဒီယိုလာကို ပြန်ခန့်အပ်နိုင်ဖို့အတွက် မန်စီးတီးအသင်းကနေ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းရမှာပါ။

ဂွာဒီယိုလာကို တွေ့ရစဉ်
အသက် ၅၃ နှစ်အရွယ်ရှိ ဂွာဒီယိုလာဟာ ဘာစီလိုနာအသင်းမှာ ကစားသမားအဖြစ် ၁၉၈၄ ကနေ ၂၀၀၁ ခုနှစ် အထိ ကစားခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ နည်းပြအဖြစ် ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။
ဂွာဒီယိုလာဟာ အစောပိုင်းက ဘာစီလိုနာ(ဘီ)အသင်းကို ကိုင်တွယ်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ အသင်းကြီးကို စတင် ကိုင်တွယ်ခဲ့ကာ ၂၀၁၂ ခုနှစ်အထိ တာဝန်ယူခဲ့တာပါ။
ဂွာဒီယိုလာ လက်ထက်မှာ ဘာစီလိုနာအသင်းဟာ လာလီဂါဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် အပါအဝင် ဆုဖလား အများအပြား ရယူပေးနိုင်ခဲ့ပါတယ်။
ဂွာဒီယိုလာဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာအပြီးမှာ ဘိုင်ယန်မြူးနစ်နဲ့ အခုလက်ရှိ မန်စီးတီးအသင်းတို့ကို ကိုင်တွယ်ကာ ဒီအသင်းတွေမှာလည်း အောင်မြင်မှု ရယူနိုင်ခဲ့တာပါ။
ဂွာဒီယိုလာနဲ့ မန်စီးတီးအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမယ့်ရာသီအကုန်မှ ကုန်ဆုံးမှာဖြစ်ပေမယ့် စပိန် လူမျိုး နည်းပြကတော့ နောက်ထပ် တစ်ရာသီ စာချုပ်သက်တမ်း တိုးချင်နေတယ်လို့ မကြာသေးခင်က ပြောထား ပါတယ်။
Source: Sportsmole
- By CNI
- Category: အားကစား
- Hits: 774
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁
ဘာရိန်းအသင်းကို အနိုင်ရခဲ့တဲ့ အာရှဖလား ၁၆ သင်းအဆင့်ပွဲမှာ ပေးဂိုးပေးခဲ့ရပြီးနောက် ဂျပန်အသင်းအနေနဲ့ ဒီပြိုင်ပွဲမှာ ပွဲကိုအပြတ်ဖြတ်ဖို့ သင်ယူရမယ်လို့ နောက်ခံလူ တိုမီယာဆုက ပြောလိုက်ပါတယ်။
တိုမီယာဆုက “ကျနော်တို့ဟာ ဒီပွဲမှာ ပေးဂိုးမပေးချင်ခဲ့ဘူးဆိုတာ သိသာခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့ ဘာရိန်းအသင်းကို ဂိုးပေးခဲ့ရပါတယ်။ အဲဒါကြောင့် လာမယ့်ပွဲမှာ ပေးဂိုးမပေးရအောင် ထိန်းထားနိုင်ဖို့ ကျနော်တို့ ကြိုးစားသွားမှာပါ။ နောက်ခံလူတစ်ဦးအနေနဲ့ ကွင်းထဲမှာအချိန်တိုင်း ပေးဂိုးမပေးချင်ပါဘူး။ ပေးဂိုးပေးခဲ့ရတဲ့ အတွက် ကျနော်မပျော်ရွှင်ဘူး” လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။
ဂျပန်အသင်းဟာ အာရှဖလား ၁၆ သင်းအဆင့်ပွဲစဉ်မှာ ဘာရိန်းအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ပေးဂိုး ပေးခဲ့ရတာကို နောက်ခံလူ တိုမီယာဆုက စိတ်ပျက်နေတာဖြစ်ပါတယ်။ အာရှဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်း အစားဆုံးဖြစ်နေတဲ့ ဂျပန်အသင်းဟာ ယှဉ်ပြိုင်ကစားခဲ့ပြီးတဲ့ ၄ ပွဲစလုံးပေးဂိုးပေးခဲ့ရတာပါ။ ဂျပန်အသင်းနည်းပြ မိုရီယာဆုကတော့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်ပေမယ့် ၁၀၀ ရာခိုင်နှုန်း မကစားနိုင်ခဲ့ဘူးလို့ ပြောခဲ့တာကို တိုမီယာဆုက သဘောတူခဲ့ပါတယ်။

တိုမီယာဆုက “ကျနော်တို့ဟာ အခုအချိန်မှာ အကောင်းဆုံးပုံစံမဟုတ်သေးဘူးလို့ထင်ပါတယ်။ ကျနော်တို့ဟာ ဒီထက်ပိုကောင်းအောင်လုပ်သင့်ပါတယ်။ ၂ ဂိုးပြတ်နဲ့ ဦးဆောင်နေတဲ့အချိန်မှာ ပွဲကိုဖြတ်ပစ်ဖို့ လိုအပ်ပါတယ်။ ဒီလိုမလုပ်နိုင်တဲ့အတွက် သူတို့ကို ဂိုးပေးပြီး မျှော်လင့်ချက်တွေပေးခဲ့ပါတယ်။ အဲဒါကြောင့် ပွဲကိုကောင်းမွန်စွာ စီမံခန့်ခွဲပြီး ပွဲကိုဖြတ်ပစ်ဖို့လိုပါတယ်” လို့ ပြောခဲ့တာပါ။
ဂျပန်အသင်းဟာ အာရှဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်မှာ အီရန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1064
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁
ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုဟာ ယူနိုက်တက်အသင်းမှာ မပြီးပြတ်သေးတဲ့ လုပ်ငန်းတွေ ရှိသေးတယ်လို့ ခံစားနေရတာကြောင့် အသင်းဟောင်းကို ပြန်လည်ကိုင်တွယ်ဖို့ ဆန္ဒရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြ ထားပါတယ်။
ဒေးလီးမေးလ်က မော်ရင်ဟိုဟာ ယူနိုက်တက်အသင်း ပူးတွဲပိုင်ရှင်အသစ် ဆာဂျင်ရက်ကလစ်ဖ်နဲ့ သူ့ရဲ့ အဖွဲ့အစည်း INEOS တို့နဲ့ အတူလက်တွဲပြီး အလုပ်လုပ်ဖို့ မျှော်လင့်နေတယ်လို့ ဖော်ပြထားတာပါ။
မော်ရင်ဟိုဟာ ယူနိုက်တက်အသင်းထံ ပြန်လာချင်နေပေမယ့် အသင်းဘက်က လက်ရှိအချိန်မှာ နည်းပြသစ် ရှာဖွေဖို့ အစီအစဉ်မရှိသေးတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းနဲ့ လက်ရှိနည်းပြ အဲရစ်တန်ဟတ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်အထိ သက်တမ်း ရှိနေတာပါ။
မော်ရင်ဟိုဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့တုန်းက သူဝေဖန်မှုလုပ်ခဲ့တဲ့ မာရှယ်၊ ရက်ရှ်ဖို့ဒ်၊ လုပ်ခ်ရှောနဲ့ တိုမီနေးတို့ဟာ အသင်းမှာ ဆက်ပြီးရှိနေသေးတာ ဖြစ်ပါတယ်။

မော်ရင်ဟိုနဲ့ ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်
ပေါ်တူဂီလူမျိုးနည်းပြဟာ ယူနိုက်တက်အသင်းကို ၂ နှစ်ခွဲနီးပါး တာဝန်ယူခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှာ ရာထူးက ထုတ်ပယ်ခံခဲ့ရတာပါ။
သူဟာ ယူနိုက်တက်အသင်းကို ယူရိုပါလိဂ်၊ ကာရာဘောင်းလိဂ်ဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ရယူပေးနိုင်ခဲ့ ပါတယ်။
မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီကမှ ရိုးမားအသင်းနည်းပြ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး ကလပ်အသင်း အချို့နဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
မော်ရင်ဟိုဟာ သူ့ကိုခေါ်ယူဖို့ ဆော်ဒီကလပ် အယ်လ်ရှာဘတ်အသင်းက ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာကို ပယ်ချခဲ့ပြီး ဥရောပမှာ နည်းပြ ဆက်လက် လုပ်ကိုင်ချင်နေတာ ဖြစ်ပါတယ်။
မော်ရင်ဟိုဟာ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်းကို ကိုင်တွယ်ဖို့လည်း သတင်းတွေ ထွက်နေပါ သေးတယ်။
ယူနိုက်တက်အသင်းကတော့ ဒီရာသီမှာ ချန်ပီယံလိဂ်နဲ့ ကာရာဘောင်း လိဂ်ဖလားကနေ ထွက်ခွာခဲ့ရပြီးဖြစ်သလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အဆင့် ၉ နေရာ ရပ်တည်နေပါတယ်။
အဲဒါကြောင့် ယူနိုက်တက်အသင်းအတွက် ဒီရာသီမှာ ရယူနိုင်စရာ ဆုဖလားအဖြစ် FA ဖလားသာရှိတော့တာ ဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 1005
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁
လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က ချယ်လ်ဆီးအသင်းကို အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်း အတွက် ခြေစွမ်းပြသပြီး ဂိုးသွင်း၊ ဂိုးဖန်တီးနိုင်ခဲ့တဲ့ လူငယ်ကစားသမား ကော်နာဘရက်ဒလေကို ချီးကျူးသွားခဲ့ ပါတယ်။
ကလော့ပ်က “သူကအံ့သြဖွယ်ကောင်းတဲ့ ကလေးပါ။ အလွန်ကောင်းမွန်တဲ့ အဆုံးသတ်၊ ဂိုးဖန်တီးမှုတွေနဲ့ တစ်ပွဲလုံး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ စတာလင်နဲ့ ရင်ဆိုင်ကစားရတာဟာ မလွယ်ကူတာကြောင့် သူ့အတွက် ကျနော် ပျော်ရွှင်မိပါတယ်။ သူဟာ အလွန်အောင်မြင်ချင်တဲ့ လူငယ်တစ်ဦးဖြစ်ပြီး ဒါက ထူးခြားတယ်လို့ ပြောရမှာပါ။ ရာသီကြိုမှာကတည်းက သူဟာ အလွန်ကောင်းမွန်စွာ အလုပ်လုပ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
လီဗာပူးလ်အသင်းက ချယ်လ်ဆီးအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသက် ၂၀ နှစ် အရွယ်ရှိ ကော်နာဘရက်ဒလေဟာ လီဗာပူးလ်အသင်း ကစားသမားဘဝ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့သလို ဂျိုတာနဲ့ ဆိုဘော့ဇ်လိုင်း သွင်းယူတဲ့ဂိုးတွေကို ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက လိဂ်ဝမ်းကလပ် ဘောလ်တန်အသင်းမှာ အငှားသွားရောက်ကစားခဲ့တဲ့ ကော်နာဘရက်ဒလေဟာ အသင်းဖော်နောက်ခံလူ အာနိုးလ် မပါဝင်နိုင်တဲ့ အချိန်တွေမှာ လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းကို အနိုင်ရတဲ့ပွဲဟာ လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်အတွက် ပရီးမီးယားလိဂ်နိုင်ပွဲ ၂၀၀ ပြည့် သွားခဲ့တာလည်း ဖြစ်ပါတယ်။
ကလော့ပ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲ ၂၀၀ အမြန်ဆုံး ရယူနိုင်တဲ့နည်းပြအဖြစ် မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာရဲ့ အနောက် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
ဂွာဒီယိုလာဟာ ပရီးမီးယားလိဂ်ပွဲပေါင်း ၂၆၉ ပွဲနဲ့ နိုင်ပွဲ ၂၀၀ ပြည့်ခဲ့တာဖြစ်ပြီး ကလော့ပ်က ၃၁၈ ပွဲမှာ နိုင်ပွဲ ၂၀၀ ပြည့်ခဲ့တယ်လို့ ပရီးမီးယားလိဂ်က တရားဝင် ဖော်ပြထားတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ချယ်လ်ဆီးအသင်းကို အနိုင်ရပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နေပြီး ဒုတိယနေရာက မန်စီးတီးအသင်းထက် ၁ ပွဲပို ကစားထားကာ ရမှတ် ၅ မှတ် အသာရထားတာပါ။
လီဗာပူးလ်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် တတိယနေရာက အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရ မှာဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 821
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁
မန်စီးတီးအသင်းတိုက်စစ်မှူး အယ်လ်ဗားရက်ဇ်က အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီကို အာဂျင်တီးနားအသင်းအတွက် ဆက်ပြီးကစားစေချင်တယ်လို့ ပြောလိုက်ပါတယ်။
အယ်လ်ဗားရက်ဇ်က “ဒါက မက်ဆီအပေါ်မှာပဲ မူတည်ပေမယ့် သူသာဆက်ပြီးလုပ်ချင်တယ်ဆိုရင် ဒါက အဆင်ပြေသွားမယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်နဲ့ အာဂျင်တီးနားအသင်းဖော်တွေအားလုံးက မက်ဆီကို ဆက်ပြီးကစားစေချင်ပါတယ်” လို့ Goal နဲ့ ပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူးမှာ ပြောခဲ့တာပါ။
အယ်လ်ဗားရက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီနဲ့အတူ အာဂျင်တီးနားအသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ကာ ၃၆ နှစ်ကာလအတွင်း ပထမဆုံးကမ္ဘာ့ဖလားချန်ပီယံဆုကို နိုင်ငံအသင်းအတွက် ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ လာမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲမှာလည်း အာဂျင်တီးနားအသင်းတိုက်စစ်ကို ထပ်ပြီးဦးဆောင်ရမှာဖြစ်ပြီး ဒီပြိုင်ပွဲဟာ မက်ဆီအတွက် နောက်ဆုံးနိုင်ငံတကာပြိုင်ပွဲလည်း ဖြစ်သွားနိုင်တာပါ။

မက်ဆီဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် ပါဝင်ကစားပေးဖို့ကို အခုအချိန် ထိ ဆုံးဖြတ်ထားခြင်းမရှိသေးဘဲ ကိုပါအမေရိကဖလားပြိုင်ပွဲကိုသာ အာရုံစိုက်ထားတယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် အာဂျင်တီးနားအသင်းဖော်တွေအားလုံးက မက်ဆီကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံအသင်းကို ဆက်ပြီးဦးဆောင်ပေးဖို့ မျှော်လင့်နေကြတာပါ။ မက်ဆီဟာ အာဂျင်တီးနားအသင်းရဲ့ ပွဲအရေအတွက် အများဆုံး ကစားသမားဖြစ်သလို သွင်းဂိုးအများဆုံးသွင်းယူထားတဲ့ ကစားသမားအဖြစ် ရပ်တည်နေပါတယ်။
အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမတိုင်ခင် တရုတ်နိုင်ငံမှာ နိုင်ဂျီးရီးယား၊ အိုင်ဗရီကို့စ် အသင်းတို့နဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 759
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁
အာဆင်နယ်အသင်းနည်းပြ အာတီတာက နော်တင်ဟမ်ဖောရက်စ်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် အပြီးမှာ နောက်ခံလူ နှစ်ဦးဖြစ်တဲ့ ဘန်ဝှိုက်နဲ့ ဇင်ချန်ကိုတို့ အငြင်းအခုံဖြစ်တာကို သူနှစ်သက်တယ်လို့ ပြောလိုက် ပါတယ်။
အာတီတာက “ဒီလိုတွေဖြစ်တာကို ကျနော်ကတော့ နှစ်သက်ပါတယ်။ သူတို့တွေဟာ တစ်ဦးနဲ့တစ်ဦး ပိုပြီး တောင်းဆိုနေကြသလို ဂိုးပေးလိုက်ရတဲ့အတွက် စိတ်ပျက်နေပြီး ဒါကိုဖြေရှင်းဖို့ ကြိုးစားခဲ့ကြတာပါ။ အနည်း ငယ်တော့ ဒေါသ ပါသွားကြပါတယ်။ ဒါပေမယ့် ဒီအရာတွေက လုံလောက်သွားပါပြီ။ ကစားပုံလည်း ပိုမိုကောင်း မွန်ရမှာ ဖြစ်သလို ပေးဂိုးလည်း မပေးရအောင် စွမ်းဆောင်ရမှာပါ။ ကျနော်ကတော့ ကစားသမား အချင်းချင်း တွန်းအားပေးပြီး တောင်းဆိုတဲ့ အရာတွေကို နှစ်သက်တယ်”လို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါ တယ်။
ဒီပွဲမှာ အာဆင်နယ်အသင်းဟာ ဂျီးဆပ်စ်နဲ့ ဆာကာတို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ၈၉ မိနစ်မှာ အေဝိုနီယီက နော်တင်ဟမ်ဖောရက်စ် အသင်းအတွက် ချေပဂိုး သွင်းယူနိုင်ခဲ့တာပါ။

အာတီတာနဲ့ ဇင်ချန်ကိုကို တွေ့ရစဉ်
အာဆင်နယ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်အဆင့် ၂ နေရာကို တက်နိုင်ခဲ့ပြီး အဆင့် ၁ နေရာက လီဗာပူးလ်အသင်းနဲ့ ၂ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြပြီး ၁ ဂိုးသွင်း ၁ ဂိုးဖန်တီးခဲ့တဲ့ တိုက်စစ်မှူး ဂျီးဆပ်စ်ဟာ ဒူးဒဏ်ရာ ကို ခံစားနေရပေမယ့် ပါဝင်ပြီး ကစားခဲ့တယ်လို့ အာတီတာက ပြောခဲ့ပါတယ်။
အာတီတာက “ဂျီးဆပ်စ်ဟာ ဒူးမှာ ပြဿနာရှိနေခဲ့ပေမယ့် ပွဲကို ပါဝင်ကစားပြီး အသင်းကို အနိုင်ရအောင် ကူညီ ပေးချင်နေပါတယ်။ ဒီလိုမျိုး စိတ်ဓါတ်ရှိတာကြောင့်လည်း ကောင်းမွန်တဲ့ အရာတွေ ဖြစ်လာပါလိမ့်မယ်။ ကျနော် သူ့ကို အလွန်ကျေနပ်မိပါတယ်။ သူဟာ ဒဏ်ရာရှိနေပေမယ့် ခံစားချက် ကောင်းမွန်နေပြီး လေ့ကျင့်ရေးကွင်းမှာ လည်း အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ကစားသွားတဲ့ သူ့ရဲ့ကစားပုံနဲ့ ပတ်သက်ပြီး ကျနော့်အတွက် အံ့အားသင့်စရာမရှိဘူး”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနဲ့ ဖေဖော်ဝါရီ ၄ ရက်မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 985
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁
တောင်ကိုရီးယားအသင်းဟာ အာရှဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်မှာ ဆော်ဒီအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဒီပွဲစဉ်ရဲ့ ပွဲချိန် ၄၆ မိနစ်မှာ ရာဒစ်ဖ်က ဆော်ဒီအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး နာကျင်အချိန်ပို ၉၉ မိနစ်မှာ ချိုဂဲလ်ဆောင်က တောင်ကိုရီးယားအသင်းအတွက် အဖိုးတန် ချေပဂိုး သွင်းယူနိုင်ခဲ့တာပါ။
အဲဒါကြောင့် ပွဲချိန်အတွင်း ၁ ဂိုးစီ သရေကျနေခဲ့လို့ အချိန်ပိုဆက်ကစားခဲ့ရပြီး ဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာ ဖြစ်ပါတယ်။
ပင်နယ်တီ အဆုံးအဖြတ်မှာ တောင်ကိုရီးယားအသင်းက ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး အာရှဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။
တောင်ကိုရီးယားအသင်းနည်းပြ ကလင်းစမန်းက ဆော်ဒီကို အနိုင်ရခဲ့တဲ့အတွက် ပျော်ရွှင်ပြီး ဒီနိုင်ပွဲက အသင်း အတွက် ကြီးမားတဲ့စွမ်းအင်ကို ပေးတယ်လို့ ပြောခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ဆော်ဒီ ယှဉ်ပြိုင်နေစဉ်
ကလင်းစမန်းက “ဒီနိုင်ပွဲကြောင့် အသင်းဟာပိုပြီး စိတ်ဓါတ်ခွန်အားတွေ ရရှိလာပါတယ်။ ပင်နယ်တီ အဆုံးအဖြတ် မတိုင်ခင်မှာကတည်းက ကျနော်တို့ပွဲကို အနိုင်ရယူချင်တာပါ။ ပင်နယ်တီ အဆုံးအဖြတ်မှာက ဘာမဆို ဖြစ်သွားနိုင်ပေမယ့် အနိုင်ရယူနိုင်ခဲ့ပါတယ်။ ကျနော်တို့ဟာ ပင်နယ်တီအတွက် ပြင်ဆင်ခဲ့ပြီး ဂိုးသမားက အလွန်ကောင်းမွန်တဲ့ ကာကွယ်မှု ၂ ကြိမ် ပြုလုပ်သွားခဲ့ပါတယ်။ လာမယ့် ကွာတားဖိုင်နယ်အတွက်ကိုလည်း အကောင်းဆုံး လုပ်နိုင်ဖို့ မျှော်လင့်တယ်”လို့ ပြောကြားခဲ့ပါတယ်။
ဆော်ဒီနည်းပြ မန်ချီနီကတော့ ဒီရှုံးပွဲအတွက် အလွန်စိတ်ပျက်နေပြီး တောင်ကိုရီးယားအသင်းရဲ့ ပင်နယ်တီ အနိုင်ဂိုး မကန်သွင်းခင် ဥမင်ထဲဝင်သွားခဲ့တဲ့အတွက် ပွဲအပြီးမှာ တောင်းပန်မှု ပြုလုပ်ခဲ့ပါတယ်။
ဒါပေမယ့် သူဟာ ဆော်ဒီနည်းပြ ရာထူးကနေ နုတ်ထွက်သွားမှာ မဟုတ်ဘူးလို့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဆော်ဒီအသင်းဟာ အာရှဖလားပြိုင်ပွဲမှာ အောင်မြင်မှု ရယူနိုင်ဖို့အတွက် မန်ချီနီကို နည်းပြအဖြစ် ခန့်အပ်ခဲ့ပေမယ့် ၁၆ သင်းအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။
တောင်ကိုရီးယားအသင်းဟာ အာရှဖလားပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် သြစတြေးလျအသင်းနဲ့ ဖေဖော်ဝါရီ ၂ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: AFC
- By CNI
- Category: အားကစား
- Hits: 737
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၀
ဝါရင့်တိုက်စစ်မှူး ဒီယေဂိုကော်စတာဟာ ဘိုတာဖိုဂိုအသင်းမှာ ၄ လကြာ ကစားခဲ့ပြီးနောက် ဘရာဇီးလ်ထိပ်သီး ကလပ် ပါးလ်မီးရက်စ်အသင်းထံ ပြောင်းရွှေ့ဖွယ် ရှိနေတယ်လို့ အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမန်နို က ဖော်ပြထားပါတယ်။
အသက် ၃၅ နှစ်အရွယ်ရှိ ဒီယေဂိုကော်စတာဟာ ဘိုတာဖိုဂိုအသင်းက သူ့ကို စာချုပ်သက်တမ်း မတိုးခဲ့တာ ကြောင့် အသင်းလက်မဲ့ဖြစ်နေပြီး နောက်ထပ် ပြောင်းရွှေ့မယ့် အသင်းကို ရှာဖွေမှုတွေ ပြုလုပ်နေတာပါ။
အသလက်တီကိုနဲ့ ချယ်လ်ဆီး ကစားသမားဟောင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ကလပ် ဝုလ်ဗ်စ်အသင်း မှာ ကစားခဲ့ပြီး သူ့ရဲ့မွေးရပ် ဘရာဇီးလ်ကိုပြန်ကာ ဘိုတာဖိုဂိုအသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။
ဒီယေဂိုကော်စတာဟာ ဘိုတာဖိုဂိုအသင်းအတွက် ၁၅ ပွဲ ပါဝင်ကစားခဲ့ပြီး ၃ ဂိုးသွင်းယူနိုင်ခဲ့တာပါ။

ဒီယေဂိုကော်စတာကို တွေ့ရစဉ်
ဖာဘရီဇီယိုရိုမန်နိုက ဒီယေဂိုကော်စတာဟာ ပြီးခဲ့တဲ့ရာသီက ဘရာဇီးလိဂ်ချန်ပီယံ ပါးလ်မီးရက်စ်အသင်းထံ ပြောင်းရွှေ့နိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒီယေဂိုကော်စတာနဲ့ ပါးလ်မီးရက်စ် အသင်းတို့ဟာ တိုက်ရိုက် အဆက်အသွယ်ရှိနေပြီး အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ဖာဘရီဇီယိုရိုမန်နိုက ရေးသားထားတာပါ။
ဒီယေဂိုကော်စတာဟာ ဥရောပကလပ် အသင်းတွေနဲ့ အောင်မြင်မှုရခဲ့ပေမယ့် ဘရာဇီးလ်ကလပ် အသင်းတွေမှာ အနည်းငယ် ရုန်းကန်နေရတယ်လို့ သိရပါတယ်။
စပိန်တိုက်စစ်မှူးဟောင်းဟာ ၂၀၂၂ ခုနှစ်က ဝုလ်ဗ်စ်အသင်းထံ မပြောင်းရွှေ့ခင် ဘရာဇီးလ်ကလပ် အသလက်တီ ကို မင်နဲရိုးအသင်းမှာ ကစားခဲ့တာပါ။
ဒီယေဂိုကော်စတာဟာ မင်နဲရိုးအသင်းမှာ ၅ ဂိုးသာ သွင်းယူနိုင်ခဲ့သလို ဘိုတာဖိုဂို အသင်းမှာလည်း ၃ ဂိုးသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီယေဂိုကော်စတာဟာ အသလက်တီကိုအသင်းမှာ ကစားခဲ့ချိန်က လာလီဂါ၊ ကိုပါဒယ်ရေး၊ ယူရိုပါလိဂ်နဲ့ ဥရောပ စူပါဖလားတို့ကို ရယူနိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်းအတွက် ကစားချိန်မှာ ပရီးမီးယားလိဂ် ၂ ကြိမ်နဲ့ လိဂ်ဖလားတို့ကို ရယူနိုင်ခဲ့တာပါ။
ဒီယေဂိုကော်စတာဟာ စပိန်အသင်းအတွက် ၂၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၀ ဂိုးသွင်းယူကာ ၂၀၁၈ ခုနှစ်က နောက်ဆုံး ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။
Source: the Sun
- By CNI
- Category: အားကစား
- Hits: 1057
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၀
အယ်လ်အစ်တီဟတ်အသင်း တိုက်စစ်မှူး ဘန်ဇီမာဟာ ဆော်ဒီပရိုလိဂ်ကလပ် အသင်းတစ်သင်းဖြစ်တဲ့ အယ်လ်နာဆာအသင်းနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ L’Équipe က ဖော်ပြထား ပါတယ်။
ဒီအပြောင်းအရွှေ့သာဖြစ်ခဲ့ရင် ဘန်ဇီမာဟာ ရီးရယ်လ်အသင်းဖော်ဟောင်း စီရော်နယ်ဒိုနဲ့ တစ်သင်းထဲ အတူတွဲပြီး ပြန်ကစားရတော့မှာပါ။
ပြင်သစ်တိုက်စစ်မှူးဟောင်း ဘန်ဇီမာဟာ အယ်လ်အစ်တီဟတ်အသင်းမှာ မပျော်ရွှင်တော့တာကြောင့် အခု ဇန်နဝါရီ အပြောင်းအရွှေ့မှာ ထွက်ခွာဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
ဆော်ဒီကလပ်နည်းပြ ဂယ်လာဒိုဟာ ဘန်ဇီမာကို အသင်းရဲ့ စခန်းသွင်း လေ့ကျင့်နေတဲ့ လူစာရင်းကနေ ချန်လှပ်ခဲ့ ပြီးနောက် အယ်လ်အစ်တီဟတ်အသင်းဟာ ပြင်သစ်တိုက်စစ်မှူးဟောင်းကို ယာယီထွက်ခွာခွင့်ပေးဖို့ စီစဉ်နေ တာပါ။
ဒါပေမယ့် အယ်လ်အစ်တီဟတ်အသင်းဟာ ပိုင်ရှင်တူ PIF လက်အောက်မှာရှိတဲ့ ဆော်ဒီကလပ်အသင်းတွေထံသာ အငှားချချင်တာကြောင့် ဘန်ဇီမာဟာ အယ်လ်နာဆာ၊ အယ်လ်ဟီလယ်အသင်းတွေနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်လို့ရတာ ဖြစ်ပါတယ်။

ဘန်ဇီမာနဲ့ ရော်နယ်ဒိုကို တွေ့ရစဉ်
ဘန်ဇီမာနဲ့ ရော်နယ်ဒိုတို့ဟာ ရီးရယ်လ်အသင်းမှာ ၂၀၀၈ ကနေ ၂၀၁၈ ခုနှစ်အထိ ၉ နှစ်ကြာ အတူတွဲကစားခဲ့ပြီး ချန်ပီယံလိဂ်ဖလား ၄ ကြိမ် အပါအဝင် ဆုဖလားအောင်မြင်မှုအများ အပြားရယူနိုင်ခဲ့တာပါ။
ဘန်ဇီမာဟာ မကြာသေးခင်က ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့အတွက် ချိတ်ဆက်မှုတွေရှိခဲ့ပါတယ်။
ဒါပေမယ့် ယူနိုက်တက်အသင်းဟာ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုဖြစ်မှာကို စိုးရိမ်တဲ့အတွက် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမားသစ် ခေါ်ယူမှာ မဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောထားတာပါ။
ဘန်ဇီမာဟာ အသင်းဟောင်း လိုင်ယွန်အသင်းထံ ပြန်သွားနိုင်တယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် လက်ရှိအချိန် မှာ ဆော်ဒီကလပ်တွေနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
အသက် ၃၆ နှစ်အရွယ်ရှိ ဘန်ဇီမာဟာ အယ်လ်အစ်တီဟတ် အသင်းအတွက် ၂၄ ပွဲ ပါဝင်ကစားထားပြီး ၁၅ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 2220
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၀
ဘာစီလိုနာနည်းပြ ဇာဗီ နေရာကို ဆက်ခံဖို့အတွက် ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်ဆိုပြီး ထွက်ပေါ်လာတဲ့ သတင်းတွေဟာ လုံးဝမမှန်ဘူးလို့ အာဆင်နယ်အသင်းနည်းပြ အာတီတာက ပြောကြားလိုက်ပါတယ်။
အာတီတာက “ထွက်ပေါ်နေတဲ့ သတင်းတွေဟာ လုံးဝ အတုအယောင်တွေပါ။ ဒါတွေက ကျနော့်ကို စိတ်ပျက်စေ ပါတယ်။ ဒီလိုသတင်းတွေ ထွက်လာတာကို ကျနော် မယုံနိုင်ခဲ့သလို တိကျတဲ့ သတင်းရင်းမြစ်လည်း မရှိပါဘူး။ ကျနော်ဟာ မှန်ကန်တဲ့လူတွေနဲ့ နေရာမှန်ကို ရောက်ရှိနေပြီး ဒါက တကယ်ကို ကောင်းမွန်တယ်လို့ ခံစားရပါ တယ်။ ကျနော်ဟာ ကလပ်အသင်းနဲ့ လုပ်စရာတွေ အများကြီး ကျန်ရှိနေသေးပြီး အာဆင်နယ် ဘုတ်အဖွဲ့နဲ့လည်း ခိုင်မာတဲ့ ဆက်ဆံရေးရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာအသင်းနည်းပြ ဇာဗီဟာ ဒီရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပြီးနောက် မှာ စပိန်သတင်းစာ SPORT က အာတီတာဟာ ဘာစီလိုနာအသင်းကို ကိုင်တွယ်ဖို့အတွက် အာဆင်နယ်အသင်း ကနေ ထွက်ခွာဖို့ စဉ်းစားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာအသင်းနည်းပြ ဇာဗီနဲ့ အာဆင်နယ်အသင်းနည်းပြ အာတီတာကို တွေ့ရစဉ်
ဘာစီလိုနာလူငယ် စီမံကိန်းကနေ ထွက်ပေါ်လာခဲ့တဲ့ အာတီတာဟာ ဘာစီလိုနာအသင်းကြီးအတွက် မကစားခဲ့ရ ဘဲ ဘီအသင်းအတွက်သာ ကစားခဲ့ပြီး အသင်းပြောင်းရွှေ့ခဲ့တာပါ။
အာတီတာဟာ ကစားသမားဘဝက အနားယူပြီးနောက် မန်စီးတီးအသင်းမှာ ဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြ အဖြစ် ဆောင်ရွက်ကာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှာ အာဆင်နယ်အသင်းကို ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းနဲ့ အာတီတာတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ် နွေရာသီအထိ သက်တမ်းရှိနေတာပါ။
အာတီတာဟာ အာဆင်နယ်အသင်းကို ၂၀၂၀ ခုနှစ်က FA ဖလားရယူပေးနိုင်ခဲ့ပြီး မနှစ်ကရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဒုတိယနေရာရရှိအောင် ကိုင်တွယ်ပေးထားပါတယ်။
အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာက လီဗာပူးလ်အသင်းနဲ့ ၅ မှတ်အကွာ တတိယနေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
Source: BBC
