- By CNI
- Category: အားကစား
- Hits: 650
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဝက်စ်ဟမ်းအသင်းကို အရေးနိမ့်ပြီး ကာရာဘောင်းဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် သူ့ကိုယ်သူ စိတ်ပျက်မိပြီး ဒီအတွက် သူ့ကိုအပြစ်တင်ရမှာလို့ ပြောလိုက်ပါတယ်။
အာတီတာက “ ကျနော် အရမ်းစိတ်ပျက်မိပါတယ်။ ဒီအတွက် ကျနော် တာဝန်ယူပါတယ်။ ကျနော်တို့ဟာ ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါပြီ။ ကျနော်တို့ဟာ မတူညီတဲ့ပုံစံနဲ့ ကစားချင်ခဲ့ပေမယ့် မလုပ်နိုင်ခဲ့ပါဘူး။ ကျနော် ကိုယ့်ကိုယ်ကို စိတ်ပျက်မိပြီး ရှုံးနိမ့်တဲ့အချိန်တိုင်း နာကျင်မှုတွေကို ခံစားရပါတယ်။ ဒီရှုံးနိမ့်မှုနဲ့ နာကျင်မှုကို အသုံး ပြုပြီး လာမယ့်ပွဲအတွက် အကောင်းဆုံးနည်းလမ်းနဲ့ ပြင်ဆင်သွားမယ်”လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ပြီးခဲ့တဲ့ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ပွဲက ပွဲထွက်လူစာရင်းကို ၆ ဦးအထိ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ဒီကလန်ရိုက်စ်၊ ဆာကာနဲ့ အသင်းခေါင်းဆောင် အိုဒီဂတ်တို့ကို လူစားလဲအဖြစ်သာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ပြီး ကာရာဘောင်းဖလား စတုတ္ထအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။

အာဆင်နယ် ကစားသမားတစ်ဦးကို တွေ့ရစဉ်
ဝက်စ်ဟမ်းအသင်းနည်းပြ ဒေးဗစ်မိုယက်စ်ကတော့ အလွန်ကောင်းမွန်တဲ့ အသင်းလိုက် စွမ်းဆောင်ရည်လို့ အာဆင်နယ်အသင်းကို အနိုင်ရတဲ့ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ဒေးဗစ်မိုယက်စ်က “ဒီပွဲမှာ ရှေ့တန်းကစားသမားတွေဟာ ကောင်းမွန်တဲ့ အလုပ်လုပ်နိုင်ခဲ့သလို ခံစစ်ပိုင်းကလည်း တကယ်ကို ကောင်းမွန်ခဲ့တာပါ။ အာဆင်နယ်အသင်းနဲ့ ပွဲမှာ ကျနော်တို့ နိုင်ပွဲရခဲ့ပေမယ့် ဆုဖလားတော့ မရသေး တဲ့အတွက် ဒီထက်ပိုပြီး အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်”လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်၊ ဝက်စ်ဟမ်းအသင်းက ဘရန်ဖို့ဒ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 802
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂
နယူးကာဆယ်အသင်းကို အရေးနိမ့်ပြီး ကာရာဘောင်းဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ယူနိုက်တက် အသင်းရဲ့ရှုံးနိမ့်မှုအတွက် တာဝန်ယူတယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “ကျနော်တို့ဟာ ဒီရှုံးပွဲအတွက်တာဝန်ယူရမှာဖြစ်သလို ကျနော်လည်း တာဝန်ယူရမှာပါ။ ပရိသတ်တွေအတွက် တကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ်။ ကျနော်တို့ဟာ စံချိန်စံနှုန်းတွေ အောက်ရောက်နေတဲ့အတွက် ဒါကို မှန်ကန်အောင်ပြန်ပြီးလုပ်ရပါမယ်။ ကျနော်တို့ရဲ့ စံချိန်စံနှုန်းတွေကို မြှင့်တင်ရပါမယ်။ ကစားသမားတွေလည်း ကြိုးစားပေမယ့် မလုံလောက်ဘူးဆိုတာ ကျနော်တို့ သိပါတယ်။ ဒီအတွက် ကျနော့်မှာတာဝန်ရှိပြီး၊ ကျနော်တို့အားလုံးအတူတကွလုပ်ဆောင်ရမှာပါ”လို့ Sky Sports ကို ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ အိမ်ကွင်းအိုးထရက်ဖိုဒ့်မှာ ကစားခဲ့တဲ့ ကာရာဘောင်းဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ နယူးကာဆယ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ်က ဗိုလ်လုပွဲမှာ နယူးကာဆယ်အသင်းကို အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ပေမယ့် ဒီတစ်ကြိမ်တွေ့ဆုံမှုမှာတော့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ စောစီးစွာထွက်ခွာခဲ့ရတာပါ။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ မန်စီးတီးအသင်းကို ဂိုးပြတ်အရေးနိမ့်ပြီးနောက် အိမ်ကွင်း ၂ ပွဲဆက်တိုက်ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ၁၉၆၂-၆၃ နောက်ပိုင်း ပထမဆုံးအကြိမ် ရာသီအစ ၁၅ ပွဲမှာ ၈ ပွဲအထိရှုံးပွဲကြုံတွေ့ထားတာဖြစ်သလို ၁၉၃၀-၃၁ နောက်ပိုင်း ပထမဆုံးအကြိမ် အိမ်ကွင်း ၁၀ ပွဲမှာ ၅ ပွဲအထိ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ယူနိုက်တက်အသင်းအတွက်တော့ ရာသီအစဆိုးရွားတဲ့ရလဒ်တွေနဲ့အတူ စံချိန်မှတ်တမ်းဆိုးတွေကို ပိုင်ဆိုင်နေခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်း အန်ဒီကိုးလ်ကတော့ အသင်းရဲ့ ညံ့ဖျင်းတဲ့ စွမ်းဆောင်ရည်တွေကြောင့် နည်းပြကို မေးခွန်းထုတ်စရာတွေရှိလာတယ်လို့ သုံးသပ်ခဲ့ပါတယ်။
အန်ဒီကိုးလ်က “လူတွေက အိုးထရက်ဖိုဒ့်ကို လာတာနဲ့ ယူနိုက်တက်ကို အနိုင်ယူနိုင်တယ်လို့ ထင်နေကြပါတယ်။ လာမယ့်နှစ်ပွဲမှာသာ ရလဒ်တွေမကောင်းခဲ့ဘူးဆိုရင်တော့ အဲရစ်တန်ဟတ်အပေါ် ပရိသတ်တွေရဲ့ သဘောထားက မြန်မြန်ဆန်ဆန်ပြောင်းလဲသွားနိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းအိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 925
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁
နိုဝင်ဘာလထဲကစားမယ့် အစ္စရေးအသင်းရဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ် ၂ ပွဲကို ဟန်ဂေရီနိုင်ငံမှာကျင်းပသွားမယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) က ကြေညာလိုက်ပါတယ်။
အစ္စရေး-ဟားမာ့စ် ပဋိပက္ခကြောင့် ပြီးခဲ့တဲ့လက အစ္စရေးနိုင်ငံမှာကစားဖို့ ရှိနေတဲ့ ပွဲစဉ်တွေအားလုံးကို UEFA က ရွှေ့ဆိုင်းခဲ့တာပါ။ အစ္စရေးအသင်းဟာ နိုဝင်ဘာ ၁၅ ရက်မှာကစားမယ့် ဆွစ်ဇာလန်၊ ၁၈ ရက်မှာကစားမယ့် ရိုမေးနီးယားအသင်းနဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ်တွေကို ဟန်ဂေရီနိုင်ငံရှိ ပန်ချိုအရီနာမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီပွဲတွေကို ပရိသတ်တွေ ကွင်းအတွင်းဝင်ရောက်ကြည့်ရှုခွင့်ရမှာဖြစ်တယ်လို့ UEFA က ပြောထား တာပါ။

အစ္စရေးအသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲ အုပ်စု I မှာ ၆ ပွဲကစားထားပြီး ရမှတ် ၁၁ မှတ်နဲ့ အုပ်စုတွင်း တတိယ နေရာမှာ ရပ်တည်နေတာပါ။ အစ္စရေးအသင်းဟာ ဆွစ်ဇာလန်၊ ရိုမေးနီးယားအသင်းတို့နဲ့ ပွဲစဉ်မတိုင်ခင် နိုဝင်ဘာ ၁၂ ရက်မှာ ကိုဆိုဗိုအသင်းနဲ့ အဝေးကွင်းပွဲစဉ်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ အစ္စရေးအသင်းဟာ အုပ်စုတွင်း အနေ အထားအရ ယူရို ၂၀၂၄ ပြိုင်ပွဲကို တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရမယ့် အခွင့်အရေးရှိနေသလို ပလေးအောဖ့်အဆင့်ကနေ ယှဉ်ပြိုင်ခွင့်ရနိုင်တဲ့ အချက်လည်း ရှိနေတာပါ။
အစ္စရေးအသင်းဟာ ယူရိုပြိုင်ပွဲကို တစ်ကြိမ်မှ ဝင်ရောက်ယှဉ်ပြိုင်ဖူးခြင်းမရှိသေးဘဲ အဓိက ပြိုင်ပွဲတွေဖြစ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၇၀ က ၁ ကြိမ်နဲ့ ဥရောပတိုက်ထဲမဝင်ရောက်ခင် အာရှဖလားပြိုင်ပွဲကို ၄ ကြိမ်အထိ ယှဉ်ပြိုင်ဖူးတဲ့ မှတ်တမ်းတွေရှိတာဖြစ်ပါတယ်။
Source:ChannelNewsAsia
- By CNI
- Category: အားကစား
- Hits: 815
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁
ဘရာဇီးလ်သမ္မတ လူလာက နိုင်ငံမှာရှိတဲ့ ကစားသမားတွေ အနေနဲ့ ဘောလွန်းဒီအော ရယူချင်တယ်ဆိုရင် မက်ဆီကို စံနမူနာယူကြဖို့ ပြောလိုက်ပါတယ်။
လူလာက “မက်ဆီဟာ ဘရာဇီးလ် ကစားသမားတွေအတွက် စံနမူနာဖြစ်သင့်ပါတယ်။ သူဟာ ကမ္ဘာ့ချန်ပီယံ၊ ဘောလွန်းဒီအောနဲ့ အရာအားလုံးကို ရယူထားနိုင်ခဲ့ပါတယ်။ မက်ဆီဟာ ဒီမှာရှိတဲ့ ကလေးတွေအတွက် လှုံ့ဆော်မှုဖြစ်ဖို့ လိုအပ်ပါတယ်။ ဘောလွန်းဒီအောကို ရယူချင်တဲ့သူတိုင်းဟာ သူတို့ကိုယ်သူတို့ ပရော်ဖက်ရှင်နယ် ဖြစ်ဖို့ လိုအပ်ပါတယ်”လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။
သမ္မတလူလာဟာ ဘရာဇီးလ်နဲ့ အာဂျင်တီးနား နှစ်နိုင်ငံကြား ကာလရှည်ကြာ ပြိုင်ဆိုင်မှုကို လျစ်လျူရှုခဲ့ပြီး မက်ဆီကို ချီးကျူးမှု ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။

ကာကာကို တွေ့ရစဉ်
ဒါ့အပြင် ဘရာဇီးလ်နိုင်ငံမှာရှိတဲ့ ကစားသမားတွေအနေနဲ့ မက်ဆီရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုကို ကြည့်ရှုဖိုလည်း သမ္မတက တိုက်တွန်းခဲ့ပါတယ်။
ဘရာဇီးလ်နိုင်ငံဟာ နာမည်ကြီး ဘောလုံးသမား အများအပြား ထွက်ပေါ်ပေမယ့် ဘောလွန်းဒီအောဆုကို ၂၀၀၇ ခုနှစ်က ကာကာ ရယူပြီးနောက်ပိုင်း တစ်ဦးမှ ရယူနိုင်ခြင်း မရှိတော့ပါဘူး။
နေမာဟာ ၂၀၁၅ နဲ့ ၂၀၁၇ ခုနှစ် ဘောလွန်းဒီအောဆုပေးပွဲတွေမှာ တတိယနေရာ ရခဲ့ပြီး ဒီဆုကို ရယူနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရှိခဲ့ပါတယ်။
ဒါပေမယ့် နေမာဟာ မကြာခဏ ဒဏ်ရာကြောင့် အနားယူနေရပြီး အပျော်အပါး မက်တာကြောင့် နောက်ပိုင်းမှာ ဘောလွန်းဒီအော ဆန်ကာတင် စာရင်းထဲမှာ ပါဝင်ခြင်း မရှိတော့ပါဘူး။
လက်ရှိအချိန်မှာလည်း နေမာဟာ ဒဏ်ရာကြောင့် အခုရာသီအကုန်ထိ အနားယူရဖွယ် ရှိနေပါတယ်။
ဘောလွန်းဒီအောဆုကို ဘရာဇီးလ် ကစားသမားတွေဖြစ်တဲ့ ရော်နယ်ဒိုက ၂ ကြိမ်၊ ရော်နယ်ဒင်ဟို၊ ကာကာနဲ့ ရီဗယ်လ်ဒိုတို့က ၁ ကြိမ်စီ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 583
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁
ရီးရယ်လ်အသင်းဟာ တောင်ပံကစားသမား ဗီနီစီးယက်စ်ကို အသင်းမှာ ၂၀၂၇ ခုနှစ်အထိ ရှိမယ့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်ပြီလို့ အတည်ပြုခဲ့ပါတယ်။
၂၀၁၈ ခုနှစ်က ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းကနေ ပေါင် ၃၈ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဗီနီစီးယက်စ်နဲ့ ရီးရယ်လ်အသင်းတို့ အရင်ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမယ့်နှစ်မှာ ကုန်ဆုံးတော့မှာပါ။ ဗီနီစီးယက်စ်နဲ့ ရီးရယ်လ်အသင်းတို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်သစ်မှာ စာချုပ်ဖျက်သိမ်းကြေး ယူရို ၁ ဘီလီယံပါဝင်တယ်လို့ သိရ ပါတယ်။
ဗီနီစီးယက်စ်က “စာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့အတွက် ကျနော်အလွန်ပျော်ရွှင်ပါတယ်။ ဒါက ကျနော့်အတွက် အိပ်မက်တစ်ခုပါပဲ။ ဂိုးတွေအများကြီးသွင်းပြီး ဆုဖလားတွေအများကြီးရယူနိုင်ဖို့အတွက် နှစ်ပေါင်းများစွာကြာ ဒီမှာဆက်နေနိုင်ဖို့ ကျနော်မျှော်လင့်တယ်” လို့ ရီးရယ်လ်အသင်းရဲ့ ဆိုရှယ်မီဒီယာပေါ်မှာတင်ထားတဲ့ ဗွီဒီယိုမှာ ပြောထားခဲ့တာပါ။

အသက် ၂၃ နှစ်အရွယ်ရှိ ဗီနီစီးယက်စ်ဟာ ရီးရယ်လ်အသင်းအတွက် ၂၃၅ ပွဲပါဝင်ကစားထားပြီး ၆၃ ဂိုးသွင်းယူကာ ၂၀၂၂ ချန်ပီယံလိဂ်ဖလားအပါအဝင် အဓိကဆုဖလား ၉ ခုအထိ ရယူထားပါတယ်။ ဗီနီစီးယက်စ်ဟာ ပြီးခဲ့တဲ့ ဘောလွန်းဒီအောဆုပေးပွဲမှာ နံပတ် ၆ နေရာရပ်တည်ခဲ့သလို ကွင်းပြင်ပမှာ လုပ်ဆောင်ခဲ့တဲ့အရာတွေကြောင့် ဆိုကရေးတီးဆုကို ရယူနိုင်ခဲ့တာပါ။ ဗီနီစီးယက်စ်ဟာ ဘရာဇီးလ်ရှိ ဆင်းရဲတဲ့ဒေသတွေမှာ ကျောင်းတွေ တည်ဆောက်ပြီး ပညာရေးအတွက် ရင်းနှီးမြှုပ်နှံတဲ့ အခြေခံအုတ်မြစ်ကို စတင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြ ထားပါတယ်။
ဗီနီစီးယက်စ်ဟာ ပြီးခဲ့တဲ့ရာသီ လာလီဂါပွဲစဉ်အများအပြားမှာ ပြိုင်ဘက်အသင်းပရိသတ်တွေရဲ့ လူမျိုးရေး ခွဲခြားမှုကို ခံခဲ့ရသလို အခုရာသီမှာလည်း လူမျိုးရေးခွဲခြားမှုတွေနဲ့ရင်ဆိုင်ခဲ့ရတာပါ။ လာလီဂါကတော့ ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 801
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁
ယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာကစားခဲ့တဲ့ပွဲမှာ မန်စီးတီးအသင်းကို အရှက်ရဖွယ်ရှုံးနိမ့်ခဲ့ပေမယ့် နည်းပြ အဲရစ်တန်ဟတ်ကတော့ သူ့ရဲ့အသင်းဟာ လမ်းကြောင်းမှန်ပေါ်လျှောက်လှမ်းနေတယ်လို့ ယုံကြည်မှု ရှိနေပါတယ်။
အဲရစ်တန်ဟတ်က “ဒီကလပ်နဲ့ ပတ်သက်တဲ့သူတိုင်းဟာ နေ့တိုင်းလိုလို ဖိအားတွေရှိနေပါတယ်။ ဒါပေမယ့် ဒီလိုတောင်းဆိုမှုတွေ၊ စံချိန်စံညွှန်းတွေက ကျနော်တို့ အမြဲတမ်းထိပ်တိုက်တွေ့ဆုံနေရမယ့် စိန်ခေါ်မှုတွေပါ။ ဒါက ကျနော်တို့ အားလုံးမျှော်လင့်ထားတဲ့ ရာသီအစမဟုတ်သေးပေမယ့် လမ်းကြောင်းမှန်ကို လျှောက်လှမ်းနိုင်မယ် ဆိုတဲ့ ယုံကြည်မှုရှိပါတယ်။ ကစားသမားတွေကို ကျနော်ယုံကြည်မှုရှိပြီး ခက်ခဲတဲ့ ရာသီအစအပြီးမှာ ကျနော်တို့ တိုးတက်လာမယ်ဆိုတာ သေချာပါတယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ မန်စီးတီးအသင်းကို အရေးနိမ့်ပြီးနောက် ဒီရာသီ ပရီးမီးယားလိဂ် ၁၀ ပွဲကစားအပြီးမှာ ရှုံးပွဲ ၅ ပွဲအထိ ကြုံတွေ့ထားခဲ့သလို ပြိုင်ပွဲစုံ ရှုံးပွဲက ၇ ပွဲအထိရှိလာခဲ့ပါတယ်။ ဒတ်ချ်လူမျိုးနည်းပြဟာ မန်စီးတီး အသင်းနဲ့ ပွဲအပြီးမှာ သူ့ရဲ့ နည်းဗျူဟာနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေခံခဲ့ရသလို ကစားသမားတွေကလည်း စွမ်းဆောင်ရည်ပိုင်းအားနည်းခဲ့လို့ ဝေဖန်သုံးသပ်သူတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့တာပါ။

ကာရာဘောင်းဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ ယူနိုက်တက်အသင်းဟာ နိုဝင်ဘာ ၂ ရက် မနက်ပိုင်းမှာ နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နည်းပြ အဲရစ်တန်ဟတ်က နယူးကာဆယ်အသင်းကို ထပ်ပြီး အနိုင်ယူကာ ကွာတားဖိုင်နယ်ကို ရောက်ရှိဖို့ ကစားသမားတွေကို တိုက်တွန်းခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “ဒီဆုဖလားကို ကိုင်မြှောက်ရတာ ဘယ်လောက်ကောင်းလဲဆိုတာကို သိတဲ့အတွက် လက်ရှိ ချန်ပီယံအသင်းအနေနဲ့ ဒီရာသီ ဝင်ဘာလေကွင်းကို ပြန်လာပြီး ကာရာဘောင်ဖလားကို ကာကွယ်ချင်ပါတယ်။ ဒါက ဖလားပွဲဖြစ်တဲ့အတွက် ကောင်းမွန်စွာမလုပ်နိုင်ရင် ဒုတိယအခွင့်အရေးမရှိပါဘူးလို့ ပြောခဲ့ပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 738
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၁
ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့က ချယ်လ်ဆီးအသင်းကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ဂိုးသမား ကီပါကို အပြီးသတ်ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ချယ်လ်ဆီးအသင်းဟာ စပိန်ဂိုးသမား ကီပါကို လွန်ခဲ့တဲ့ ၅ နှစ်က ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၁.၆ သန်းနဲ့ ခေါ်ယူခဲ့ပေမယ့် ရီးရယ်လ်အသင်းက ပေါင် ၁၇.၅ သန်းထက် ပိုပြီးပေးဖွယ်မရှိပါဘူး။ ရီးရယ်လ်အသင်းဟာ အဓိက ဂိုးသမား ကော့တွိုက်စ် ဒဏ်ရာကြောင့် ရာသီအကုန်ထိ အနားယူရဖွယ်ရှိလို့ ကီပါကို ချယ်လ်ဆီးအသင်း ကနေ အခုရာသီအကုန်ထိ အငှားနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။
ကီပါကိုယ်တိုင်ကလည်း ချယ်လ်ဆီးအသင်းကနေ ထွက်ခွာပြီး ရီးရယ်လ်အသင်းထံ အပြီးသတ်ပြောင်းရွှေ့ချင်တဲ့ ဆန္ဒကို လျှို့ဝှက်ထားခြင်းမရှိတာပါ။ ဒါ့အပြင် ကီပါဟာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ခွင့်ရမယ်ဆိုရင် တစ်ပတ် လုပ်ခ ပေါင် ၁၇၆,၀၀၀ ကိုလည်း လျှော့ယူဖို့ အဆင်သင့်ဖြစ်နေပါတယ်။ စပိန်ဂိုးသမား ကီပါနဲ့ ချယ်လ်ဆီးအသင်း တို့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ လ ၂၀ သာ ကျန်ရှိတော့တာပါ။

ရီးရယ်လ်အသင်းဟာ ဒီရာသီ လာလီဂါပြိုင်ပွဲမှာ ထိပ်ဆုံးနေရာ ရပ်တည်နေပြီး ကီပါ ပါဝင်ကစားထားတဲ့ပွဲတွေမှာ ၁ ပွဲသာ ရှုံးနိမ့်ထားတာဖြစ်ပါတယ်။ ရီးရယ်လ်အသင်းဟာ ကီပါကို ခေါ်ယူနိုင်ဖို့အတွက် ဒုတိယဂိုးသမား လူနင်ကို အစိတ်အပိုင်းအနေနဲ့ အသုံးပြုပြီး ကမ်းလှမ်းဖို့ ရှိနေတာပါ။ ချယ်လ်ဆီးအသင်းဟာ ၂၀၁၈ က ကော့တွိုက်စ်ကို ရီးရယ်လ်အသင်းထံ ရောင်းချခဲ့တုန်းက ရီးရယ်လ်အသင်းက ကိုဗာဆစ်ကို အပြောင်းအရွှေ့အစိတ်အပိုင်းအနေနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။
ကီပါကတော့ ကော့တွိုက်စ် ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီး ရီးရယ်လ်အသင်းအတွက် ပါဝင်ကစားပေး နိုင်မယ်ဆိုရင် ပွဲထွက်ခွင့်နေရာအတွက် ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်နေတာပါ။ ချယ်လ်ဆီးအသင်းကတော့ ဂိုးသမား နေရာအတွက် ရောဘတ်ဆန်းချက်ဇ်ကို ခေါ်ယူထားပေမယ့် အာဆင်နယ်အသင်းဂိုးသမား ရမ်စဒေးလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။
Source:The Sun
- By CNI
- Category: အားကစား
- Hits: 579
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၁
ချယ်လ်ဆီးအသင်းဟာ ဝီလီယံနဲ့ အီတူးတို့ကို ခေါ်ယူခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ လျှို့ဝှက်ငွေပေးချေမှု ပြုလုပ်ခဲ့ တယ်ဆိုပြီး ပရီးမီးယားလိဂ်ရဲ့ စုံစမ်းစစ်ဆေးခြင်းကို ခံနေရတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ဝီလီယံနဲ့ အီတူးတို့ဟာ ၂၀၁၃ ခုနှစ်က ရုရှားကလပ် အန်ဇီအသင်းကနေ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့လာခဲ့ပါ တယ်။
ချယ်လ်ဆီးအသင်းဟာ ပိုင်ရှင်ဟောင်း အေဘရာမိုဗစ်ချ် ပိုင်ဆိုင်တဲ့ ကာလအတွင်းမှာ ဖြစ်နိုင်ဖွယ်ရှိတဲ့ ဘဏ္ဍာရေး စည်းမျဉ်း ချိုးဖောက်မှုတွေအတွက် အခုနှစ် အစောပိုင်းကတည်းက ပရီးမီးယားလိဂ်ရဲ့ စုံစမ်းစစ်ဆေးမှုတွေ ခံနေရ တာ ဖြစ်ပါတယ်။
The Times က ချယ်လ်ဆီးအသင်းဟာ ဝီလီယံနဲ့ အီတူးရဲ့ အပြောင်းအရွှေ့တွေမှာ ပြောင်းရွှေ့ကြေးအပြင် ရုရှား အဖွဲ့အစည်းတွေထံ ငွေပေးချေတွေ ပြုလုပ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
ချယ်လ်ဆီးအသင်းအနေနဲ့ အပြစ်ရှိကြောင်း တွေ့ရမယ်ဆိုရင် ဒဏ်ကြေးငွေ ဒါမှမဟုတ် အမှတ်လျှော့ ပြစ်ဒဏ် ချမှတ်ခံရဖွယ် ရှိနေပါတယ်။

ဝီလီယံနဲ့ အီတူးကို တွေ့ရစဉ်
လန်ဒန်ကလပ်ဟာ အေဘရာမိုဗစ်ချ် လက်ထက်က ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံတင်ပြမှု မပြည့်စုံခဲ့တာကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လက UEFA ထံ ယူရို ၁၀ သန်းပေးချေဖို့ သဘောတူညီမှု ရရှိခဲ့တာပါ။
ချယ်လ်ဆီးအသင်းကတော့ ဒီအဖြစ်အပျက်တွေဟာ ကလပ်ပိုင်ရှင်ဟောင်း အဖွဲ့အစည်းတွေနဲ့သာ သက်ဆိုင်ပြီး လက်ရှိပိုင်ရှင်တွေနဲ့ သက်ဆိုင်မှုမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။
ဝီလီယံဟာ ချယ်လ်ဆီးအသင်းမှာ ၂၀၁၃ ကနေ ၂၀၂၀ ခုနှစ်အထိ ပွဲပေါင်း ၃၃၉ ပွဲ ပါဝင်ကစားခဲ့ပြီး ၆၃ ဂိုး သွင်းယူ ကာ ပရီးမီးယားလိဂ် ၂ ကြိမ်၊ FA ဖလား၊ ကာရာဘောင်းဖလားနဲ့ ယူရိုပါလိဂ်တို့ကို ရယူနိုင်ခဲ့ပါတယ်။
အီတူးကတော့ ချယ်လ်ဆီးအသင်းမှာ တစ်ရာသီကြာ ပွဲပေါင်း ၃၅ ပွဲ ပါဝင်ကစားပြီး ၁၂ ဂိုးသွင်းယူကာ ဆုဖလား အောင်မြင်မှုတော့ မရခဲ့ပါဘူး။
ချယ်လ်ဆီးအသင်းဟာ ပိုင်ရှင်သစ် တော့ဒ်ဘိုလီ ဦးဆောင်တဲ့ အစုအဖွဲ့ လက်ထက်မှာ ရလဒ်တွေ ဆိုးရွားနေပြီး ဒီရာသီ ပရီးမီးယားလိဂ် ၁၀ ပွဲ ကစားအပြီးမှာ ရမှတ် ၁၂ မှတ်နဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 691
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၁
အသက် ၃၂ နှစ်အရွယ်မှာ ကစားသမားဘဝကနေ အနားယူသွားခဲ့တဲ့ ရီးရယ်လ်နဲ့ ချယ်လ်ဆီး ကစားသမားဟောင်း ဟာဇက်က ဘောလုံးကစားတာကို မလွမ်းဘူးလို့ ဘောလွန်းဒီအော ဆုပေးပွဲ အခမ်းအနားမှာ ပြောသွားခဲ့ပါတယ်။
ဟာဇက်က “မိသားစု၊ ကလေးတွေနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေပါတယ်။ ကျနော် လုပ်ချင်တာကို လုပ် နိုင်ပါပြီး။ တကယ်ကို ပြီးပြည့်စုံတဲ့ဘဝပါပဲ။ လက်ရှိအချိန်မှာ ဘောလုံးကစားတာကို ကျနော်မလွမ်းပါဘူး။ ကျနော့် ကလေးတွေက ဘောလွန်းဒီအောဆုပေးပွဲကို သွားဖို့တောင်းဆိုတာကြောင့် ဒီကိုလာခဲ့တာ”လို့ ပြောခဲ့ပါတယ်။
ဘယ်လ်ဂျီယံ ကစားသမားဟောင်းဟာ ၂၀၂၃ ဘောလွန်းဒီအောဆုပေးပွဲမှာ ရီးရယ်လ်ကွင်းလယ် ကစားသမား ဘယ်လင်ဂမ်ကို Kopa Trophy ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိ ဟာဇက်ဟာ ရီးရယ်လ်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ၄ လအကြာ အောက်တိုဘာ လ အစောပိုင်းက ပရော်ဖက်ရှင်နယ် ကစားသမားဘဝက အနားယူကြောင်း ကြေညာခဲ့ပါတယ်။

ဟာဇက်ကို တွေ့ရစဉ်
ဟာဇက်ဟာ ဘောလုံးကစားရတာ မပျော်ရွှင်တော့တဲ့အတွက် အနားယူဖို့ ဆုံးဖြတ်ခဲ့တယ်လို့ မကြာသေးခင်က ပြောထားခဲ့ပါတယ်။
ဟာဇက်ဟာ သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံးဖြစ်ခဲ့တဲ့ ချယ်လ်ဆီးအသင်းမှာ ကစားချိန် ၂၀၁၅ ဘောလွန်းဒီအောဆု ပေးပွဲရဲ့ နံပါတ် ၈ နေရာမှာ ရပ်တည်ခဲ့ပါတယ်။
ဒါဟာ သူ့အတွက် အမြင့်ဆုံးအဆင့် ရပ်တည်မှု ဖြစ်ခဲ့ပါတယ်။ ဟာဇက်ဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ မှာ လိုင်လီ၊ ချယ်လ်ဆီးနဲ့ ရီးရယ်လ်အသင်းတွေအတွက် ပွဲပေါင်း ၆၂၂ ပွဲ ကစားခဲ့ပြီး ၁၆၇ ဂိုး သွင်းယူကာ ဆုဖလား အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ဟာဇက်ဟာ မိသားစုနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းနေပြီး နည်းပြလောကထဲ ဝင်ရောက် မလား၊ ဘောလုံးပွဲ ဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်မလားဆိုတဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို မချရသေးပါဘူး။
Source: Goal
- By CNI
- Category: အားကစား
- Hits: 867
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၁
အာဂျင်တီးနားနဲ့ အင်တာမိုင်ယာမီအသင်း တိုက်စစ်မှူး မက်ဆီဟာ ၂၀၂၃ ခုနှစ်အတွက် ချီးမြှင့်တဲ့ ဘောလွန်းဒီအော ဆုပေးပွဲမှာ အမျိုးသားဘောလွန်းဒီအောဆုကို ၈ ကြိမ်မြောက်အဖြစ် ရရှိသွားခဲ့ပါတယ်။
အသက် ၃၆ နှစ်အရွယ်ရှိ မက်ဆီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလား ချန်ပီယံ ဆု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် ဟာလန်းနဲ့ ဘတ်ပီတို့ကို အသာရပြီး အခုနှစ်အတွက် ဘောလွန်းဒီအောဆုကို ရရှိသွားခဲ့ပါတယ်။
အမျိုးသားဘောလွန်းဒီအော ထိပ်ဆုံး ၁၀ ဦး စာရင်းမှာ မက်ဆီ၊ ဟာလန်း၊ ဘတ်ပီ၊ ဒီဘရိုင်း၊ ရိုဒရီ၊ ဗီနီစီးယက်စ်၊ အယ်လ်ဗားရက်ဇ်၊ အိုဆင်ဟမ်၊ ဘာနာဒိုဆေးလ်ဗားနဲ့ မိုဒရစ်တို့က အစဉ်အလိုက် ရပ်တည်ခဲ့ကြပါတယ်။
မက်ဆီက “ဒီအခိုက်အတန့်ကို ပျော်ရွှင်ဖို့ နောက်ထပ်တစ်ကြိမ် ဒီမှာရှိရတာ အလွန်ကောင်းပါတယ်။ ကမ္ဘာ့ဖလား ကို ဆွတ်ခူးနိုင်ခဲ့ပြီး ကျနော့်ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ဘောလွန်းဒီအောဆုတွေ အားလုံး ဟာ မတူညီတဲ့ အကြောင်းပြချက်တွေအတွက် အထူးကောင်းမွန်တဲ့အရာပါ”လို့ ဆုယူအပြီးမှာ ပြောခဲ့ပါတယ်။
အမျိုးသမီးဘောလွန်းဒီအော ဆုကိုတော့ စပိန်နဲ့ ဘာစီလိုနာအသင်း ကွင်းလယ်လူ ဘွန်မာတီက ပထမဆုံးအကြိမ် ရရှိသွားခဲ့ပါတယ်။

ဟာလန်းကို တွေ့ရစဉ်
အသက် ၂၅ နှစ်အရွယ်ရှိ ဘွန်မာတီဟာ ဘာစီလိုနာအသင်းနဲ့အတူ ချန်ပီယံလိဂ်၊ အမှတ်ပေးလိဂ် ဆုဖလားကို ရယူနိုင်ခဲ့သလို စပိန်အသင်းနဲ့အတူ ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
သူမဟာ ပြီးခဲ့တဲ့ သြဂုတ်လက UEFA ရဲ့တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး ကစားသမားဆုကိုလည်း ရရှိခဲ့ပါ တယ်။
ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းနဲ့ ဆုဖလား ၃ လုံး ရယူနိုင်ခဲ့တဲ့ ဟာလန်းက အကောင်းဆုံး တိုက်စစ်မှူးဆုဖြစ် တဲ့ ဂတ်မူလာဆုကို ရရှိသွားခဲ့ပါတယ်။
အခုရာသီမှာ ရီးရယ်လ်အသင်းအတွက် ခြေစွမ်းပြပြီး သွင်းဂိုးတွေ သွင်းယူပေးနေတဲ့ ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်က အကောင်းဆုံး လူငယ်ကစားသမားဆုဖြစ်တဲ့ Kopa Trophy ကို ရရှိခဲ့ပါတယ်။
ဂိုးသမားဟောင်း ယာရှင်ကို ဂုဏ်ပြုပြီးပေးတဲ့ ယာရှင် Trophy ဆု (တနည်းအားဖြင့်) အကောင်းဆုံး ဂိုးသမားဆု ကိုတော့ အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလား ရယူနိုင်ခဲ့တဲ့ မာတီးနက်ဇ်က ရရှိခဲ့ပြီး အကောင်းဆုံး ကလပ် အသင်းဆုကို မန်စီးတီးအသင်းက ရရှိခဲ့ပါတယ်။
အကောင်းဆုံး လူမှုအကျိုးပြု ကစားသမားဆုဖြစ်တဲ့ ဆိုကရေးတီးဆုကို ရီးရယ်လ်အသင်း တောင်ပံကစားသမား ဗီနီစီးယက်စ်က ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
Source: BBC
