- By CNI
- Category: အားကစား
- Hits: 1210
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၀
အာဖရိကဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ဆီနီဂေါအသင်းဟာ ၁၆ သင်းအဆင့်မှာ အိမ်ရှင် အိုင်ဗရီကို့စ်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။
ဒီပွဲရဲ့ ပွဲချိန်အတွင်းမှာ ၁ ဂိုးစီ သရေကျခဲ့တာကြောင့် အချိန်ပို ဆက်လက် ယှဉ်ပြိုင်ခဲ့ရပြီး ဂိုးမသွင်းနိုင်ခဲ့တဲ့ အတွက် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာပါ။
ပင်နယ်တီမှာ အိုင်ဗရီကို့စ်အသင်းက ၅ ဂိုးစလုံး ဂိုးဝင်ခဲ့ပြီး ဆီနီဂေါအသင်းဘက်က ၄ ဂိုးဝင်ခဲ့ကာ ၁ ဂိုး လွဲချော်ခဲ့ တာကြောင့် အိုင်ဗရီကို့စ်အသင်းက ၅ ဂိုး- ၄ ဂိုးနဲ့ အနိုင်ရရှိပြီး အာဖရိကဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
အိုင်ဗရီကို့စ်အသင်းဟာ အုပ်စုတွင်းကနေ ထွက်ခွာဖို့ နီးစပ်ခဲ့ပေမယ့် အကောင်းဆုံးအုပ်စု တတိယရရှိခဲ့ တာကြောင့် ၁၆ သင်းအဆင့် တက်နိုင်ခဲ့ပြီး အခုဆိုရင် ကွာတားဖိုင်နယ်အထိပါ ရောက်ရှိခဲ့တာပါ။

အိုင်ဗရီကို့စ်အသင်းကို တွေ့ရစဉ်
အာဖရိကဖလားချန်ပီယံဆုကို ၂ ကြိမ် ရရှိထားတဲ့ အိုင်ဗရီကို့စ်အသင်းဟာ ကွာတားဖိုင်နယ်မှာ ဘာကီနာဖာဆိုနဲ့ မာလီအသင်းတို့ပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
အိုင်ဗရီကို့စ်အသင်း တိုက်စစ်မှူး ဟော်လာက “ဒါက စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ကျနော်တို့အတွက် ခက်ခဲခဲ့ပါတယ်။ ကျနော်တို့ဟာ တံခါးတွေဖွင့်ထားပြီး ကိုယ့်ကိုယ်ကို အခွင့်အရေးပေးပါတယ်။ အခုအချိန်မှာတော့ ကျနော်တို့ဟာ အုပ်စုအဆင့်မှာ ဖြစ်ပျက်ခဲ့တာတွေကို မေ့လို့ရပါပြီ”လို့ ပွဲအပြီး အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။
လက်ရှိအချိန်မှာ အာဖရိကဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ကို အိုင်ဗရီကို့စ်အသင်းအပြင် နိုင်ဂျီးရီးယား၊ အန်ဂိုလာ၊ ကွန်ဂို၊ ဂီနီနဲ့ ကိတ်ဗာဒီအသင်းတို့ တက်ရောက်ထားပါတယ်။
ကွာတားဖိုင်နယ် ပွဲစဉ်တွေအဖြစ် နိုင်ဂျီးရီးယားနဲ့ အန်ဂိုလာ၊ ကွန်ဂိုနဲ့ ဂီနီတို့ တွေ့ဆုံရမှာဖြစ်ပြီး အိုင်ဗရီကို့စ်နဲ့ ကိတ်ဗာဒီ အသင်းတို့ကတော့ လက်ကျန်ပွဲစဉ် ၂ ပွဲက အနိုင်ရတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ကွာတားဖိုင်နယ် ပွဲစဉ်တွေကို ဖေဖော်ဝါရီ ၂ ရက်နဲ့ ၃ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဖေဖော်ဝါရီ ၇ ရက်၊ တတိယနေရာလုပွဲကို ဖေဖော်ဝါရီ ၁၀ ရက်နဲ့ ဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၁၁ ရက်မှာ ကျင်းပ သွားမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 817
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉
ပီအက်စ်ဂျီအသင်းနည်းပြ လူးဝစ်အင်းနရစ်က ဘရက်စ်အသင်းနဲ့ သရေကျခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ သူတို့ရှုံးနိမ့်သွားနိုင်တယ်လို့ ပြောခဲ့ပါတယ်။
လူးဝစ်အင်းနရစ်က “ ဒီပွဲမှာ ကျနော်တို့ပွဲကိုထိန်းချုပ်မှုဆုံးရှုံးသွားခဲ့ပါတယ်။ ကျနော်တို့ဟာ ဒီပွဲမှာ မတူညီတဲ့ အပိုင်း ၂ ခုရှိခဲ့ပါတယ်။ ပထမပိုင်းမှာ အလွန်ကောင်းမွန်ခဲ့ပြီး ဒီရာသီရဲ့ အကောင်းဆုံးတွေထဲက တစ်ခု ဖြစ်နိုင်ပါတယ်။ ဒုတိယပိုင်းကတော့ ဒီရာသီရဲ့ အဆိုးရွားဆုံးတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ ကျနော်တို့ ရှုံးနိမ့်သွားနိုင်ပါတယ်”လို့ပြောခဲ့တာပါ။
ပီအက်စ်ဂျီနဲ့ ဘရက်စ်အသင်းတို့ရဲ့ ပွဲစဉ်ဟာ တစ်ဖက် ၂ ဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပြီး ဒီပွဲမှာ ပီအက်စ်ဂျီ အသင်းက အဆန်စီယို၊ မူအာနီတို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကာမာရာနဲ့ ပါရဲရားတို့က ဘရက်စ်အသင်းအတွက် ချေပဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်း
ပီအက်စ်ဂျီအသင်းဟာ ဒီပွဲမှာ သရေကျခဲ့ပေမယ့် ပြင်သစ်လီဂူးဝမ်းအမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နေပြီး ဒုတိယနေရာက နိုက်စ်အသင်းကို ၆ မှတ်ဖြတ်ထားတာပါ။
ပီအက်စ်ဂျီအသင်းဟာ ဖေဖော်ဝါရီလထဲမှာ ဘရက်စ်အသင်းနဲ့ ပြင်သစ်ဖလား ၁၆ သင်းအဆင့် ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် ဒီလိုမျိုးထပ်ပြီးမဖြစ်ဖို့ မျှော်လင့်တယ်လို့ နည်းပြ လူးဝစ်အင်းနရစ်က ထပ်ပြီးပြောခဲ့ပါတယ်။
လူးဝစ်အင်းနရစ်က “ဒီပွဲက လာမယ့်ဖလားပွဲမှာ ဘယ်လောက်အထိခက်ခဲမလဲဆိုတာကို ပြသလိုက်တာပါ။ ဒါကို ကျနော်ဒေါသထွက်မိပါတယ်။ အဲ့ဒါကြောင့်လာမယ့်ပွဲစဉ်မှာ ပြီးခဲ့တဲ့ ၂ ကြိမ်ကဖြစ်ပျက်ခဲ့သလို ထပ်ပြီးမဖြစ်ဖို့ ကျနော်မျှော်လင့်ပါတယ်။ ဘရက်စ်ဟာ ပြင်သစ်လိဂ်ရဲ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဆိုတာ သံသယမရှိပါဘူး”လို့ ပြောခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ဒီအပတ်လီဂူးဝမ်းပွဲစဉ်အဖြစ် စထရာဘောင်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:ESPN
- By CNI
- Category: အားကစား
- Hits: 895
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က နယူးပို့တ်အသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ FA ဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ တိုက်စစ်မှူး ရက်ရှ်ဖိုဒ့်မပါဝင်နိုင်တာက အတွင်းရေးကိစ္စကြောင့်လို့ ပြောခဲ့ပါတယ်။
အဲရစ်တန်ဟတ်က"ရက်ရှ်ဖိုဒ့်ဟာ နေမကောင်းဘူးလို့သတင်းပို့ထားပါတယ်။ ကျန်တာတွေက အတွင်းရေးကိစ္စ ဖြစ်ပြီး ဒါကို ကျနော်ကိုင်တွယ်ဖြေရှင်းသွားမှာပါ”လို့ သတင်းထောက်တွေရဲ့မေးမြန်းမှုကို ဖြေဆိုခဲ့တာပါ။
ရက်ရှ်ဖိုဒ့်ဟာ နေမကောင်းဖြစ်နေတဲ့အတွက် သောကြာနေ့က ပြုလုပ်ခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်ကို လွဲချော်ခဲ့ပါတယ်။
ဒါပေမယ့် မီဒီယာတွေက ရက်ရှ်ဖိုဒ့်ဟာ ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့ ညနေပိုင်းတွေမှာ မြောက်အိုင်ယာလန်ရှိ နိုက်ကလပ်မှာရှိနေတယ်လို့ ဖော်ပြခဲ့ကြတာပါ။
သတင်းထောက်တွေက ရက်ရှ်ဖိုဒ့်ရဲ့ အကြောင်းကို မေးမြန်းချိန်မှာ နည်းပြ အဲရစ်တန်ဟတ်က အတွင်းရေးကိစ္စ ဆိုပြီးသာ ထပ်တလဲလဲဖြေဆိုသွားခဲ့တာပါ။

ရက်ရှ်ဖိုဒ့်
ရက်ရှ်ဖိုဒ့်ဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြသခဲ့ပြီး ပြိုင်ပွဲစုံ ဂိုး ၃၀ သွင်းယူနိုင်ခဲ့ တာကြောင့် အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။
ဒါပေမယ့် အင်္ဂလန်တိုက်စစ်မှူးဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ ၂၆ ပွဲကစားထားတာမှာ ၄ ဂိုးသာသွင်းယူနိုင်ခဲ့တာပါ။
ရက်ရှ်ဖိုဒ့်ဟာ ပြီးခဲ့တဲ့ မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲအပြီး နာရီပိုင်းအကြာမှာ မွေးနေ့ပါတီပွဲကို ဆင်နွှဲခဲ့တာ ကြောင့် နည်းပြ အဲရစ်တန်ဟတ်ရဲ့ စိတ်ပျက်မှုကို ကြုံတွေ့ခဲ့ရပါတယ်။
အခုတစ်ကြိမ်မှာလည်း ရက်ရှ်ဖိုဒ့်အနေနဲ့ နည်းပြ အဲရစ်တန်ဟတ်ရဲ့ အရေးယူမှုကို သေချာပေါက်ခံရဖွယ် ရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 1024
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉
လီဗာပူးလ်အသင်းက နော်ဝစ်ချ်အသင်းကို အနိုင်ရခဲ့တဲ့ FA ဖလားပွဲစဉ်မှာ သူ့ကိုအားပေးမှုတွေပြုလုပ်ခဲ့ကြတဲ့ အသင်းပရိသတ်တွေကို ကျေးဇူးတင်တယ်လို့ နည်းပြ ကလော့ပ်က ပြောလိုက်ပါတယ်။
ကလော့ပ်က “ပရိသတ်တွေရဲ့အားပေးမှုဟာ အံ့သြစရာကောင်းပြီး ဒါကိုကျနော်ချစ်ပါတယ်။ ဒါက ကျနော်သိနေတဲ့အရာဖြစ်တဲ့အတွက် မလိုအပ်ပေမယ့် မလုပ်ပါနဲ့လို့တော့ မပြောချင်ပါဘူး။ ကျနော်တို့ရဲ့ ကွင်းထဲမှာ ပရိသတ်တွေရဲ့အားပေးမှုတွေလိုအပ်ပါတယ်။ လူအများအပြားပေးပို့တဲ့ မက်ဆေ့ချ်တွေကို ကျနော်ရရှိခဲ့ပါတယ်။ ကျနော်က သစ်သားနဲ့ ပြုလုပ်ထားတာမှမဟုတ်တာ။ ပွဲကစားချိန်အတွင်းမှာ ကျနော့်ရဲ့သီချင်းကို မသီဆိုဖို့ပြောခဲ့ပေမယ့် လူတွေက ကျနော့်စကားနားမထောင်တော့ဘူး”လို့ ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းက နော်ဝစ်ချ်အသင်းကို ၅ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ FA ဖလားပွဲစဉ်ဟာ ဒီရာသီအကုန်မှာ နည်းပြရာထူးက ထွက်ခွာတော့မယ်လို့ ကလောပ့်ပြောခဲ့ပြီးနောက် လီဗာပူးလ်အသင်းရဲ့ ပထမဆုံးပွဲစဉ် ဖြစ်ခဲ့ပါတယ်။
ဒီပွဲမှာ လီဗာပူးလ်အသင်းပရိသတ်တွေဟာ ကလောပ့်ကို နွေးထွေးစွာကြိုဆိုမှုတွေပြုလုပ်ခဲ့ပြီး လက်ခုပ်သံတွေနဲ့ ဂုဏ်ပြုခဲ့ကြတာပါ။

နည်းပြ ကလော့ပ်
ဒါ့အပြင် လီဗာပူးလ်အသင်းရဲ့ ပရိသတ်တွေဟာ နည်းပြ ကလောပ့်ရဲ့နာမည်နဲ့ သီချင်းသီဆိုခဲ့ကြတာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်က နည်းပြကလောပ့်ရဲ့ နောက်ဆုံးရာသီမှာ အောင်မြင်မှုတွေရယူပေးဖို့ တစ်သင်းလုံးက ဆုံးဖြတ်ထားတယ်လို့ ပြောခဲ့တာပါ။
ဗန်ဒိုက်က “ဒီနေ့ကတော့ အမြဲတမ်းကွဲပြားခြားနားနေမှာပါ။ နည်းပြက ဒီရာသီအကုန်ထိ ဒီမှာရှိနေမှာဖြစ်ပြီး ကျနော်တို့ဟာ ဆူညံသံတွေကို ကိုင်တွယ်ဖြေရှင်းရပါမယ်။ ကျနော်တို့ဟာ နည်းပြနဲ့အတူ အများကြီး ဖြတ်သန်းခဲ့ပြီးပြီဖြစ်ပြီး ကျနော့်အတွက် သူလုပ်ပေးခဲ့တဲ့အရာတွေအတွက် ကျေးဇူးတင်ပါတယ်။ ကျနော်တို့ဟာ ဘာကြောင့်ဒီရာသီကို အမြင့်ဆုံးအဖြစ်နဲ့ အဆုံးမသတ်နိုင်ရမှာလဲ”လို့ ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ လာမယ့်ကြားရက်ထဲမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:Dailymail
- By CNI
- Category: အားကစား
- Hits: 836
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉
ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က နယူးပို့တ်ကောင်တီအသင်းကို အနိုင်ရခဲ့တဲ့ FA ဖလားပွဲစဉ်မှာ အသင်းဖော်တွေအားလုံးဟာ ဂိုးသွင်းယူချင်လွန်းတယ်လို့ ခံစားရကြောင်း ဝေဖန်မှု ပြုလုပ်သွားခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်က “ကျနော်တို့ဟာ ၃ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်နိုင်မယ့် အခွင့်အရေးရခဲ့ပေမယ့် ၂ ဂိုး-ဂိုးမရှိ ဖြစ်နေတဲ့အချိန်မှာ လူတိုင်းကဂိုးသွင်းပြီး သူတို့ရဲ့သွင်းဂိုးကို ရယူချင်နေပါတယ်။ တစ်ခါတစ်ရံမှာ ဒါတွေက အသင်းအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ကိုမချနိုင်ပါဘူး။ ဒါပေမယ့် ကျနော်တို့ကောင်းမွန်စွာ လုပ်နိုင်ခဲ့တယ်လို့ ထင်ကြောင်း” BBC Sport ကို ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ FA ဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် လိဂ်တူးကလပ် နယူးပို့တ်ကောင်တီအသင်းနဲ့ ကစားခဲ့တာမှာ ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီးနောက်တစ်ဆင့်ကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ နယူးပို့တ်ကောင်တီအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုးတွေ ပြန်ပေးခဲ့ရတာကြောင့် ၂ ဂိုးစီသရေကျနေခဲ့လို့ အနိုင်ဂိုးတွေရဖို့ ဖိအားပေးကြိုးစားခဲ့တဲ့အတွက် အနိုင်ဂိုး ၂ ဂိုးရယူနိုင်ခဲ့တာပါ။
ဒီပွဲမှာ ယူနိုက်တက်အသင်းအတွက် ဂိုးတွေကို ဘရူနိုဖာနန်ဒက်စ်၊ ကိုဘီမိုင်နူး၊ အန်တိုနီနဲ့ ဟော့ဂျ်လန်းတို့က သွင်းယူခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်း
ယူနိုက်တက်အသင်းဟာ နယူးပို့တ်ကောင်တီအသင်းနဲ့ပွဲမှာ ဂိုးကန်သွင်းမှု ၂၂ ကြိမ်အထိ ရခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းမှုတွေကြောင့် သွင်းဂိုးအများအပြားမရရှိခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ FA ဖလားနောက်တစ်ဆင့်မှာ ဘရစ်စတိုးလ်နဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းတို့ပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဘရူနိုဖာနန်ဒက်စ်က “FA ဖလားဟာ ဒီရာသီမှာ ကျနော်တို့ရယူနိုင်စရာ တစ်လုံးတည်းသောဆုဖလား ဖြစ်တဲ့အတွက် နောက်ဆုံးအဆင့်ထိတက်လှမ်းနိုင်ဖို့ အရာအားလုံးကိုပေးရမှာပါ။ ဒီဆုဖလားက ကျနော်တို့ အတွက် အရေးကြီးတာကြောင့် ရအောင်ယူဖို့ ကြိုးစားသွားမှာပါ။ မနှစ်ကဗိုလ်လုပွဲရောက်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ ဆုဖလားမရခဲ့ပါဘူး။ ဒီနှစ်တော့ ဗိုလ်လုပွဲတက်ပြီးဆုဖလားယူချင်တယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ လာမယ့်ကြားရက်ထဲမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:GOAL
- By CNI
- Category: အားကစား
- Hits: 822
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၆
ယူနီယံဘာလင်အသင်းနည်းပြ ဘီရယ်လီကာဟာ ဘိုင်ယန်မြူးနစ်အသင်း တောင်ပံကစားသမား ဆာနေးရဲ့ မျက်နှာကို လက်နဲ့တွန်းခဲ့တာကြောင့် ၃ ပွဲပယ်ပြစ်ဒဏ်ချခံခဲ့ရပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းက ယူနီယံဘာလင်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်ရဲ့ ပွဲချိန် ၇၄ မိနစ်မှာ ဆာနေးဟာ ဘီရယ်လီကာဆီကနေ ဘောလုံးရယူဖို့ ကြိုးစားခဲ့တာမှာ ဒီအဖြစ်အပျက်ဖြစ်ခဲ့တာပါ။
ဘီရယ်လီကာဟာ ဆာနေးရဲ့ မျက်နှာကို ၂ ကြိမ်တိုင်တိုင်လက်နဲ့တွန်းခဲ့သလို လူကိုလည်း အဝေးရောက်အောင် တွန်းထုတ်ခဲ့တာဖြစ်ပါတယ်။

ဆာနေးရဲ့မျက်နှာကို လက်နဲ့တွန်းခဲ့တဲ့ ယူနီယံဘာလင်နည်းပြ
အဲ့ဒါကြောင့် ဘီရယ်လီကာဟာ တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရသလို ၃ ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ကြေးငွေ ယူရို ၂၅,၀၀၀ ချမှတ်ခံခဲ့ရတာပါ။
ဂျာမနီဘောလုံးအဖွဲ့ချုပ်က ဘီရယ်လီကာဟာ အားကစားစိတ်ဓါတ်ကင်းမဲ့တဲ့အပြုအမူကို ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အသက် ၅၂ နှစ်အရွယ်ရှိ ခရိုအေးရှားလူမျိုး ဘီရယ်လီကာဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ ယူနီယံဘာလင်အသင်းနည်းပြအဖြစ်ခန့်အပ်ခံခဲ့ရတာဖြစ်ပြီး ၃ ပွဲပယ်ပြစ်ဒဏ်ကြောင့် လာမယ့် ဒမ်စတက်၊ လိုက်ပ်ဇစ်နဲ့ မိန့်ဇ်အသင်းတို့ရဲ့ ဘွန်ဒစ်လီဂါပွဲစဉ်တွေကို ကွင်းအတွင်းကြီးကြပ်ခွင့်ရမှာ မဟုတ်တော့ပါဘူး။

ဆာနေးရဲ့မျက်နှာကို လက်နဲ့တွန်းခဲ့တဲ့ ယူနီယံဘာလင်နည်းပြ
ပြီးခဲ့တဲ့ရာသီက ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ အဆင့် ၄ နေရာရပ်တည်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ ယူနီယံဘာလင်အသင်းဟာ ဒီရာသီမှာ ရလဒ်တွေဆိုးရွားနေပြီး တန်းဆင်းဇုန်ပလေးအောဖ့်နေရာမှာ ရှိနေတဲ့ မိန့်ဇ်အသင်းနဲ့ ၃ မှတ်အကွာ အဆင့် ၁၅ နေရာမှာရပ်တည်နေတာပါ။
ဘိုင်ယန်မြူးနစ်အသင်းကတော့ ဘွန်ဒစ်လီဂါထိပ်ဆုံးနေရာမှာရှိနေတဲ့ လေဗာကူဆင်အသင်းနဲ့ ၄ မှတ် အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 844
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၆
တံကောက်ကြော ဒဏ်ရာကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို စတင်နေပြီဖြစ်တဲ့ လီဗာပူးလ်အသင်း တိုက်စစ်မှူး ဆာလက်ဟာ အီဂျစ်အသင်းထံ ပြန်ပူးပေါင်းနိုင်ဖို့အတွက် အရာအားလုံး လုပ်ဆောင်သွားမယ်လို့ ပြောလိုက်ပါတယ်။
ဆာလက်က “ကျနော်ဟာ မနေ့က ကုသမှုနဲ့ ပြန်လည်ထူထောင်ရေး အစီအစဉ်တွေကို စတင်နေပြီဖြစ်ပါတယ်။ ကျနော်တတ်နိုင်သမျှ အရာအားလုံးကိုအစွမ်းကုန်ကြိုးစားလုပ်ဆောင်ပြီး အစကတည်းက သဘောတူထားတဲ့ အတိုင်း နိုင်ငံအသင်းဆီပြန်သွားမှာပါ”လို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။
ဆာလက်ဟာ အီဂျစ်နဲ့ ဂါနာအသင်းတို့ ၂ ဂိုးစီသရေကျခဲ့တဲ့ အာဖရိကဖလားအုပ်စုပွဲစဉ်မှာ တံကောက်ကြော ဒဏ်ရာရရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ရက်က လီဗာပူးလ်အသင်းထံ ပြန်လာပြီး ကုသမှုခံယူနေတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းနည်းပြ ကလောပ့်က ဆာလက်အနေနဲ့ ဒဏ်ရာကနေ အပြည့်အဝသက်သာပြီး အီဂျစ်အသင်း လည်း အာဖရိကဖလားပြိုင်ပွဲ ဗိုလ်လုပွဲတက်နိုင်ခဲ့ရင် ဒီပြိုင်ပွဲဆီ ပြန်ပို့ပေးမယ်လို့ ကတိပေးထားတာပါ။
ကလောပ့်က “ကျနော်တို့ဟာ ဆာလက်ကို အမြန်ဆုံးပြန်ပြီး ကြံ့ခိုင်မှုရစေချင်ပါတယ်။ သူဟာ အာဖရိကမှာ ဆက်နေပြီး သင့်တော်တဲ့ကုသမှုကို မခံယူဘူးဆိုရင် အရာအားလုံးက နှောင့်နှေးသွားပါလိမ့်မယ်။ အဲ့ဒါကြောင့် ကျနော်တို့ဟာ သူ့ကို အကောင်းဆုံးဆေးကုသမှုတွေပေးချင်လို့ ပြန်ပြီးခေါ်ခဲ့တာပါ။ ကျနော်တို့ အားလုံး သဘောတူပြီးသားပါ။ ဆာလက် ကြံ့ခိုင်မှုအပြည့်အဝရှိပြီး အီဂျစ်လည်း ဗိုလ်လုပွဲကိုတက်ရင် သူ့ကို ဒီပြိုင်ပွဲဆီပြန်ပို့ပေးမယ်ဆိုတာ သေချာပါတယ်”လို့ beIN SPORTS ကိုပြောခဲ့ပါတယ်။
အာဖရိကဖလားချန်ပီယံဆုကို စံချိန်တင် ၇ ကြိမ်ရရှိထားတဲ့ အီဂျစ်အသင်းဟာ ဒီပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့်မှာ ကွန်ဂိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ အာဖရိကဖလားပြိုင်ပွဲဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၁၁ ရက်မှာကျင်းပသွားမှာဖြစ်ပါတယ်။
Source:ESPN
- By CNI
- Category: အားကစား
- Hits: 712
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၆
ပြင်သစ်တိုက်စစ်မှူး ဘတ်ပီဟာ ရီးရယ်လ်နဲ့ ပီအက်စ်ဂျီအသင်းတို့ဆီက ရရှိထားတဲ့ ကမ်းလှမ်းမှုတွေကို စဉ်းစားနေပေမယ့် အနာဂတ်ကို မဆုံးဖြတ်ရသေးဘူးလို့ ESPN က ဖော်ပြထားပါတယ်။
ရီးရယ်လ်အသင်းဟာ ဘတ်ပီကို လာမယ့်နွေရာသီမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားနေသလို ပီအက်စ်ဂျီအသင်းကတော့ စာချုပ်သစ်ချုပ်ပြီး အသင်းမှာဆက်ထိန်းဖို့ ပစ်မှတ်ထားနေတာပါ။
ရီးရယ်လ်အသင်းဟာ လာမယ့် ၂၀၂၄-၂၀၂၅ ရာသီသစ် အစီအစဉ်တွေကို ရေးဆွဲနိုင်ဖို့အတွက် လာမယ့် ရက်သတ္တပတ်တွေ အတွင်းမှာ တိကျတဲ့အဖြေတစ်ခုပေးဖို့ ဘတ်ပီကို တောင်းဆိုထားတာဖြစ်ပါတယ်။
ဒါပေမယ့် ဘတ်ပီဟာ သူ့ရဲ့ အနာဂတ်ကိုဆုံးဖြတ်ဖို့ နောက်ဆုံးရက်သတ်မှတ်ထားခြင်းမရှိသေးပါဘူး။
ဘတ်ပီနဲ့ ပီအက်စ်ဂျီအသင်းတို့ ချုပ်ဆိုထားတဲ့စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်လို့ ကစားသမားဟာ အခုအပြောင်းအရွှေ့မှာ ပြင်သစ်ပြင်ပ ကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်လို့ ရပြီဖြစ်ပါတယ်။

ပြင်သစ်တိုက်စစ်မှူး ဘတ်ပီ
ရီးရယ်လ်အသင်းဟာ သူတို့ရဲ့ ကာလရှည်ကြာ ပစ်မှတ်ဖြစ်တဲ့ ဘတ်ပီကို လုပ်ခလစာအများကြီးပေးပြီး ကမ်းလှမ်းဖို့အထိ ရှိနေတယ်လို့ သတင်းရင်းမြစ်တွေက ဖော်ပြထားတာပါ။
ဘတ်ပီဟာ လက်ရှိ ပီအက်စ်ဂျီအသင်းမှာ တစ်ရာသီ ယူရို ၃၇ သန်း ရရှိနေပြီး ပြင်သစ်ကလပ်ဟာ ဒီလိုတူညီတဲ့လစာနဲ့ စာချုပ်သစ်ကမ်းလှမ်းထားတာဖြစ်ပါတယ်။
ဘတ်ပီကို ခေါ်ယူဖို့ လီဗာပူးလ်အသင်းကလည်း စိတ်ဝင်စားနေပြီး ကစားသမားကတော့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ထားခြင်းမရှိတာပါ။
ရီးရယ်လ်အသင်းရဲ့ ကစားသမားအချို့ကတော့ ဘတ်ပီဟာ အသင်းထံကို လာရောက်မယ်လို့ အကောင်းမြင်နေ ပေမယ့် ၂၀၂၂ ခုနှစ် ကလိုမျိုး ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုးသွားနိုင်လို့ ထင်မြင်မှုတွေလည်း ရှိနေပါတယ်။
ဘတ်ပီဟာ အခုရာသီအစပိုင်းမှာ ပီအက်စ်ဂျီအသင်းနဲ့ အဆင်မပြေမှုတွေရှိခဲ့ပေမယ့် အခုအချိန်မှာတော့ အကောင်းဆုံးပုံစံကို ပြသနေတာပါ။
အသက် ၂၅ နှစ်အရွယ်ရှိ ဘတ်ပီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ၂၆ ပွဲ ပါဝင်ကစားထားပြီး ၂၈ ဂိုးသွင်းယူကာ အသင်းကို လီဂူးဝမ်းပြိုင်ပွဲ ထိပ်ဆုံးနေရာရပ်တည်နိုင်အောင် ဦးဆောင်ပေးထားတာဖြစ်ပါတယ်။
Source:ESPN
- By CNI
- Category: အားကစား
- Hits: 890
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၆
တိုက်စစ်မှူး ဟာလန်းဟာ စပါးအသင်းနဲ့ ကစားမယ့် FA ဖလား စတုတ္တအဆင့်ပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် ပါဝင်နိုင်မှာမဟုတ်ဘူးလို့ နည်းပြ ဂွာဒီယိုလာက အတည်ပြုခဲ့ပါတယ်။
ဂွာဒီယိုလာက “ဟာလန်းပြန်ပါဝင်နိုင်ဖို့နီးစပ်နေပါပြီ။ စပါးနဲ့ပွဲမှာတော့ သူပါဝင်နိုင်ဖို့အဆင်သင့်မဖြစ်သေး ပေမယ့် နီးစပ်နေပြီလို့ပြောရမှာပါ။ စခန်းသွင်းလေ့ကျင့်တာကောင်းမွန်ခဲ့သလို ပြီးခဲ့တဲ့ ၂ ရက်ကလည်း သူဟာ လေ့ကျင့်ခန်း အစီအစဉ်အချို့ကို ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ပြီးပြည့်စုံခြင်းမရှိသေးတဲ့အတွက် ကျနော်တို့ အနည်းငယ် စောင့်ဆိုင်းရဦးမှာပါ”လို့ ပြောခဲ့တာပါ။
ဟာလန်းဟာ အက်စတွန်ဗီလာအသင်းကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခြေထောက်ဒဏ်ရာရရှိပြီး ကတည်းက မန်စီးတီးအသင်းနောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၉ ပွဲစလုံးမှာ မပါဝင်နိုင်ခဲ့ပါဘူး။
ဒါပေမယ့် ဟာလန်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မန်စီးတီးအသင်းဖော်တွေနဲ့ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နိုင်ခဲ့ ပေမယ့် စပါးအသင်းနဲ့ပွဲမှာ ပါဝင်ဖို့အတွက် အဆင်သင့်မဖြစ်သေးတာပါ။

တိုက်စစ်မှူး ဟာလန်း
မန်စီးတီးအသင်းကတော့ ဇန်နဝါရီ ၃၁ ရက်မှာ ကစားမယ့် ဘန်လေအသင်းနဲ့ ပွဲမှာ ဟာလန်း ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ စပါးအသင်းအိမ်ကွင်းမှာကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲစလုံးဂိုးမသွင်းနိုင်ခဲ့ဘဲ အရေးနိမ့်ခဲ့တာ ကြောင့် ဒီမှတ်တမ်းဆိုးကြီးကို ချိုးဖျက်သွားမယ်လို့ ဂွာဒီယိုလာက ထပ်ပြီးပြောခဲ့တာပါ။
ဂွာဒီယိုလာက “စပါးအသင်းရဲ့ အိမ်ကွင်းဟာ ကျနော်တို့အတွက် ဘယ်လောက်ခက်ခဲနေလဲဆိုတာကို ပြသနေပါတယ်။ ဒီပွဲက ရှုံးထွက်ဖြစ်တဲ့အတွက် နောက်တစ်ဆင့်တက်ချင်ရင် ဂိုးတွေသွင်းယူရပါမယ်။ ကျနော်တို့အတွက်တော့ ဒါကိုချိုးဖျက်နိုင်ဖို့ အခွင့်အရေးသစ်တစ်ခုပါပဲ”လို့ ပြောခဲ့ပါတယ်။
စပါးအသင်းနဲ့ပွဲမှာ နောက်ခံလူ ဂျွန်စတုန်းစ်နဲ့ ဂိုးသမား အီဒါဆန်တို့ ပါဝင်နိုင်မှာဖြစ်ပေမယ့် နောက်ခံလူ အကန်ဂျီက ဒဏ်ရာကြောင့်လွဲချော်မယ်လို့ ဂွာဒီယိုလာက ပြောထားတာဖြစ်ပါတယ်။
Source:Besoccer
- By CNI
- Category: အားကစား
- Hits: 745
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၅
အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ Last Dance ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပြီး အင်တာမိုင်ယာမီ အသင်းရဲ့ အာရှခရီးစဉ် လူစာရင်းမှာ ပါဝင်လာခဲ့ပေမယ့် ရော်နယ်ဒိုကတော့ ဒဏ်ရာကြောင့် ပါဝင်ဖို့ မသေချာဘူးဖြစ်နေတယ်လို့ Goal က ဖော်ပြထားပါတယ်။
မက်ဆီဟာ ၂၀၂၄ မေဂျာလိဂ်ပြိုင်ပွဲရာသီသစ်မစတင်ခင်ပြင်ဆင်နေတဲ့ အင်တာမိုင်ယာမီအသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်နေပြီး ခြေစမ်းပွဲတွေမှာ စတင်ပါဝင်ကစားနေပြီဖြစ်တာပါ။
အင်တာမိုင်ယာမီအသင်းဟာ အယ်လ်ဆာဗေးဒိုး၊ ဒါလက်စ်အသင်းတို့နဲ့ ခြေစမ်းပွဲကစားထားပြီး ၁ ပွဲသရေ ၁ ပွဲရှုံး ရလဒ်ထွက်ပေါ်ထားကာ သွင်းဂိုးတော့ ရယူနိုင်ခြင်းမရှိသေးပါဘူး။
အင်တာမိုင်ယာမိုင်ယာမီအသင်းဟာ နောက်ထပ်ခြေစမ်းပွဲအဖြစ် ဆော်ဒီမှာကစားမယ့် ရီယက်ဒ်ဖလား ပွဲစဉ်အတွက် မိုင်ယာမီကနေ ထွက်ခွာလာခဲ့ပြီဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ ဇန်နဝါရီ ၂၉ ရက်မှာ အယ်လ်ဟီလယ်အသင်းနဲ့ ကစားမှာဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက်မှာ ရော်နယ်ဒိုရဲ့ အယ်လ်နာဆာအသင်းနဲ့ ယှဉ်ပြိုင်ဖို့ စီစဉ်ထားတာပါ။
ဒီပြိုင်ပွဲမှာ ပြိုင်ဘက်ကြီး ၂ ဦးဖြစ်တဲ့ ရော်နယ်ဒိုနဲ့ မက်ဆီတို့ နောက်ဆုံးထိပ်တိုက် တွေ့ဆုံမယ့်ပွဲ ဖြစ်လာနိုင် တယ်ဆိုပြီး Last Dance လို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

မက်ဆီအားတွေ့ရစဉ်
အင်တာမိုင်ယာမီအသင်းဟာ ဆော်ဒီကို ထွက်ခွာလာတဲ့ သူတို့ရဲ့ လူစာရင်းမှာ မက်ဆီ၊ ဆွာရက်ဇ်၊ ဘတ်စ်ကွက်စ်နဲ့ အယ်လ်ဘာတို့အပါအဝင် အဓိက ကစားသမားတွေကို ခေါ်ဆောင်လာခဲ့တာပါ။
ဒါပေမယ့် ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ဒဏ်ရာရရှိနေပြီး မကြာသေးခင်က သူ့ရဲ့ ဒဏ်ရာကြောင့် တရုတ်မှာခြေစမ်းပွဲကစားဖို့ စီစဉ်ထားတာကို အယ်လ်နာဆာအသင်းဟာ ရွှေ့ဆိုင်းခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ဒဏ်ရာကြောင့် အနားယူရဦးမယ်ဆိုရင် မက်ဆီနဲ့ တွေ့ဆုံရမယ့်ပွဲစဉ်ကို လွဲချော်တော့မှာပါ။
ဒါပေမယ့် ရော်နယ်ဒိုရဲ့ ဒဏ်ရာအတိအကျကို မသိရသေးတာကြောင့် ပရိသတ်တွေက ရော်နယ်ဒိုနဲ့ မက်ဆီရဲ့ ပွဲစဉ်ကို ထပ်ပြီးကြည့်ရဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ ဒီပွဲတွေပြီးရင် ဟောင်ကောင်နဲ့ ဂျပန်ကိုထွက်ခွာကာ ခြေစမ်းပွဲတွေထပ်ပြီး ယှဉ်ပြိုင်သွားဖို့ ရှိနေတာပါ။
ရာသီသစ်မေဂျာလိဂ်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၁ ရက်မှာ စတင်ကျင်းပသွားမှာဖြစ်ပြီး အင်တာမိုင်ယာမီအသင်းဟာ အဖွင့်ပွဲစဉ်အဖြစ် ရီးရယ်လ်ဆော့လိခ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Goal
