- By CNI
- Category: အားကစား
- Hits: 1027
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄
ချယ်လ်ဆီးအသင်း ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်က အသင်းဟာ အဆင့် ၄ နေရာက စပါးအသင်းနဲ့ ၁၃ မှတ် ကွာဟနေပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့် ရယူနိုင်သေးတယ်လို့ ပြောလိုက်ပါတယ်။
အန်ဇိုဖာနန်ဒက်ဇ်က “နိုင်ပွဲတွေက ကျနော်တို့ကို ယုံကြည်မှုတွေပေးပါတယ်။ ကျနော်တို့ဟာ လိဂ်မှာ အတက် အကျတွေ ရှိပေမယ့် သွားရမယ့်လမ်းက ရှည်လျားနေပါသေးတယ်။ ကျနော်တို့ဟာ ကျနော်တို့ရဲ့ အလုပ်အပေါ် ယုံကြည်မှုတွေရှိပြီး ရည်မှန်းချက်တွေ ပြည့်မီနိုင်ဖို့ နေ့တိုင်းတိုးတက်အောင် လုပ်ဆောင်နေပါတယ်။ လာမယ့်နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကျနော်တို့ကစားချင်ပါတယ်”လို့ ESPN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ လီဗာပူးလ်နဲ့ ဝုလ်ဗ်စ်အသင်းတို့ကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂ ပွဲဆက်တိုက် အရေးနိမ့်ခဲ့ ပေမယ့် FA ဖလားမှာ အက်စတွန်ဗီလာနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပဲလေ့စ်အသင်းတို့ကို ၃ ဂိုး-၁ ဂိုးနဲ့ နိုင်ပွဲ ပြန်လည် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ ပေါင်သန်း ၄၀၀ ကျော် သုံးစွဲခဲ့ပေမယ့် အသင်းဟာ ရလဒ်တွေ မကောင်းခဲ့တာကြောင့် လာမယ့်ရာသီ ဥရောပဝင်ခွင့် ရရှိနိုင်မယ့် အခြေအနေအပေါ် စိုးရိမ်မှုတွေရှိနေ ကြတာပါ။

အန်ဇိုဖာနန်ဒက်ဇ်ကို တွေ့ရစဉ်
ဒါပေမယ့် အာဂျင်တီးနားအသင်း ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်က ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့် ရယူနိုင်သေးတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ ဆုဖလား ၂ လုံး ရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာရှိနေပြီး ကာရာဘောင်းလိဂ် ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအဖြစ် လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်သလို FA ဖလားပြိုင်ပွဲမှာ ပဉ္စမအဆင့်အဖြစ် လိဒ်စ်ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရလဒ်ကောင်း ရယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 929
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄
ပရီးမီးယားလိဂ်ဟာ ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ်က ယူနိုက်တက်အသင်းရဲ့ အစုရှယ်ယာ ၂၅ ရာခိုင်နှုန်း ဝယ်ယူမှုကို အတည်ပြုပေးလိုက်ပြီဖြစ်ပါတယ်။
ဆာဂျင်ရက်ကလစ်ဖ်ဟာ ယူနိုက်တက်အသင်းရဲ့ အစုရှယ်ယာ ၂၅ ခိုင်နှုန်းကို ပေါင် ၁.၀၃ ဘီလီယံနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ရဲ့ ခွင့်ပြုချက်ပေးမှုကို စောင့်ဆိုင်းနေရဆဲဖြစ်တာပါ။ ပိုင်ရှင်ဖြစ်တဲ့ ဂလေဇာမိသားစုကတော့ ယူနိုက်တက်အသင်းရဲ့ အစုရှယ်ယာအများစုကို ဆက်လက်ထိန်းသိမ်းထားတာ ဖြစ်ပေမယ့် ဆာဂျင်ရက်ကလစ်ဖ်ရဲ့ INEOS ဟာ အသင်းရဲ့ ဘောလုံးနဲ့ပတ်သက်တဲ့ လည်ပတ်မှုတွေကို ထိန်းချုပ် ကိုင်တွယ်သွားမှာဖြစ်ပါတယ်။
ဗြိတိန်ဘီလျံနာရဲ့ INEOS ဟာ ယူနိုက်တက်အသင်းရဲ့ အစုရှယ်ယာဝယ်ယူမှုကို ပြီးခဲ့တဲ့ ခရစ္စမတ်အကြိုမှာ ကလပ်အသင်းနဲ့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး အိုးထရက်ဖိုဒ့်အားကစားကွင်းရဲ့ အနာဂတ်ရင်းနှီးမြှုပ်နှံမှုအတွက် ပေါင် ၂၃၆ သန်းထပ်ပြီးပေးချေရမယ့် အချက်ပါဝင်နေတာပါ။ ဆာဂျင်ရက်ကလစ်ဖ်ဟာ သူ့ရဲ့ဝယ်ယူမှုကို အပြီး သတ်သဘောတူညီမှုရယူနိုင်ဖို့ စောင့်ဆိုင်းနေချိန်အတွင်းမှာ အိုးထရက်ဖိုဒ့်နဲ့ ကလပ်ရဲ့ လေ့ကျင့်ရေးကွင်းကို အကြိမ်ကြိမ်သွားရောက်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။

ဆာဂျင်ရက်ကလစ်ဖ်ဟာ ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်နဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ် ခဲ့သေးတာပါ။ ဗြိတိန်ဘီလျံနာဟာ အစုရှယ်ယာ ၂၅ ရာခိုင်နှုန်းကနေ နောက်ပိုင်းမှာ ယူနိုက်တက်အသင်းရဲ့ ရှယ်ယာအားလုံးဝယ်ယူပြီး အသင်းကို အလုံးစုံထိန်းချုပ်နိုင်ဖို့အထိ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ပိုင်ရှင်ဖြစ်တဲ့ ဂလေဇာမိသားစုဟာ ယူနိုက်တက်အသင်းကို ၂၀၀၅ ခုနှစ်က ပေါင်သန်း ၇၉၀ နဲ့ ဝယ်ယူခဲ့တာပါ။
ဒီရာသီအစပိုင်းမှာ ရလဒ်တွေဆိုးနေခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ၂၀၂၄ ခုနှစ်ထဲမှာ ရှုံးပွဲမရှိ နိုင်ပွဲဆက်နေပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 901
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ကိုပင်ဟေဂင်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်ရဲ့ ရလဒ်ကို ကျေနပ်တယ်လို့ ပြောလိုက်ပါတယ်။
ဂွာဒီယိုလာက “အကြီးကျယ်ဆုံးကစားသမားတွေဟာ အကြီးကျယ်ဆုံးအဆင့်တွေမှာ ထွက်ပေါ်လာပါတယ်။ ဒီနေ့ကစားပုံဟာ ပြီးပြည့်စုံခဲ့ပြီး ရလဒ်ကို အလွန်ကျေနပ်ပါတယ်။ အသင်းအတွက် ကျနော်ဂုဏ်ယူမိပြီး တတိယဂိုးက ကျနော်တို့ကို အများကြီးအကူအညီပေးနိုင်ခဲ့ပါတယ်။ ပွဲမပြီးသေးတဲ့အတွက် အိမ်ကွင်းမှာ ပြီးဆုံးအောင်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ ပွဲအပြီး TNT Sports ကို ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ အဝေးကွင်းမှာကစားခဲ့ရတဲ့ ဒီပွဲမှာ ကိုပင်ဟေဂင်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းအတွက် ဂိုးတွေကို ဒီဘရိုင်း၊ ဘာနာဒိုဆေးလ်ဗားနဲ့ ဖိုဒန်တို့က သွင်းယူခဲ့ပြီး ကိုပင်ဟေဂင်အသင်းအတွက် ချေပဂိုးကို မတ်ဆန်က သွင်းယူခဲ့တာပါ။ မန်စီးတီးအသင်းဟာ ဒီပွဲအနိုင်ရရှိခဲ့တာ ကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၉ ပွဲဆက်တိုက်အနိုင်ရခဲ့တာဖြစ်ပြီး ဒီပြိုင်ပွဲမှာနိုင်ပွဲအရှည်ကြာဆုံး ရယူနိုင်တဲ့ ပထမဆုံး အင်္ဂလန်ကလပ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ကိုပင်ဟေဂင်အသင်းနဲ့ပွဲမှာ မန်စီးတီးအသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဂရီလစ်ရှ်နဲ့ ဘာနာဒိုဆေးလ်ဗား တို့ ဒဏ်ရာရရှိသွားခဲ့တာကြောင့် နည်းပြ ဂွာဒီယိုလာအတွက် စိုးရိမ်စရာတွေဖြစ်ခဲ့ရပါတယ်။
ဂွာဒီယိုလာက “ကျနော် ဆရာဝန်နဲ့ စကားမပြောရသေးပေမယ့် ဂရီလစ်ရှ်ဟာ ကြွက်သားဒဏ်ရာရရှိသွားတယ်လို့ ထင်ပါတယ်။ သူဟာ ကျနော်တို့ အကောင်းဆုံးကစားနိုင်အောင် ကူညီပေးခဲ့ပေမယ့် ဒဏ်ရာရရှိသွားခဲ့ပါတယ်။ ဘာနာဒိုကတော့ ခြေကျင်းဝတ်ထိခိုက်မိခဲ့တာဖြစ်ပြီး အရမ်းကြီးမပြင်းထန်ဖို့ ကျနော်မျှော်လင့်တယ်” လို့ ပြောခဲ့တာပါ။
ပြိုင်ပွဲစုံနောက်ဆုံး ၁၁ ပွဲဆက်တိုက်နိုင်ပွဲရရှိထားတဲ့ မန်စီးတီးအသင်းဟာ ဖေဖော်ဝါရီ ၁၈ ရက်မှာ ပရီးမီးယား လိဂ်ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Soure:ChannleNewsAsia
- By CNI
- Category: အားကစား
- Hits: 769
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃
ပြီးခဲ့တဲ့ရက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဘောလုံးပွဲတစ်ပွဲမှာ ကွင်းအတွင်း ပစ်ချခဲ့တဲ့ မိုးကြိုးကို ထိမှန်ခဲ့တဲ့ ဘောလုံးသမားတစ်ဦးဟာ သေဆုံးသွားခဲ့ပါတယ်။
အသက် ၃၅ နှစ်အရွယ်ရှိ ဆူဘန်းကစားသမား ရာဟာဂျာဟာ မိုးကြိုးပစ်ခံခဲ့ရတာကြောင့် ကွင်းအတွင်း လဲကျသွား ခဲ့ပြီးနောက် သူ့ကို ဆေးရုံ အလျင်အမြန် ပို့ဆောင်ခဲ့ကြတာပါ။
ဒါပေမယ့် ရာဟာဂျာဟာ ဆေးရုံကို ရောက်အပြီးမှာ သေဆုံးသွားခဲ့တယ်လို့ ဝမ်းနည်းစွာ ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်ဟာ ဘန်ဒေါင်းနဲ့ ဆူဘန်းအသင်းတို့ ဆီလီဝန်ဂီ အားကစားကွင်းအတွင်း ခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ချိန် ပထမပိုင်းမှာ ဖြစ်ပျက်ခဲ့တာပါ။
ကလေး ၂ ဦးရဲ့ ဖခင် ရာဟာဂျာဟာ ဒီအဖြစ်အပျက်မှာ မိုးကြိုးထိမှန်ခဲ့တဲ့ တစ်ဦးတည်းသော ဘောလုံးသမား ဖြစ်တယ်လို့ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ ဗွီဒီယိုဖိုင်မှာ မြင်တွေ့ခဲ့ရပါတယ်။

ရာဟာဂျာကို မိုးကြိုးထိမှန်စဉ်
ရာဟာဂျာဟာ ရင်ဘတ်နဲ့ ပေါင်တွေမှာ ပြင်းထန်တဲ့ လောင်ကျွမ်းဒဏ်ရာတွေရရှိခဲ့ပြီး ကစားသမားတွေဟာ သူ့ကို ဆေးကုသမှုခံယူနိုင်ဖို့အတွက် ကွင်းပြင်ကို ပို့ဆောင်ခဲ့ကြတာပါ။
ပြီးခဲ့တဲ့နှစ်ကလည်း အင်ဒိုနီးရှား ကစားသမားတစ်ဦးဟာ မိုးကြိုးထိမှန်ခဲ့ပြီးနောက် ဒီဖြစ်ရပ်ဟာ ဒုတိယအကြိမ် မြောက်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်က လူငယ်ဘောလုံးသမားတစ်ဦးဟာ ယူ-၁၃ ဖလားပြိုင်ပွဲမှာ မိုးကြိုးထိမှန်ခဲ့ပြီးနောက် နှလုံးခုန် ရပ်သွားခဲ့ပါတယ်။
ဒီဘောလုံးသမားကို ဆေးရုံကို အလျင်အမြန် ပို့ဆောင်ကာ ကုသမှုတွေ ခံယူခဲ့တာကြောင့် ပြန်လည် ရှင်သန်လာ ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။
အင်ဒိုနီးရှားနိုင်ငံရဲ့ ဘောလုံးပွဲတွေမှာ အသင်းတွေဟာ ရာဟာဂျာရဲ့ အဖြစ်အပျက်အတွက် ဝမ်းနည်းတဲ့အနေနဲ့ ၁ မိနစ်ကြာ ငြိမ်သက်ခဲ့ကြတာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 863
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃
အာဂျင်တီးနား ယူ-၂၃ အသင်းနည်းပြ မာရှေယာနိုက အာဂျင်တီးနားနဲ့ အင်တာမိုင်ယာမီအသင်း ခေါင်းဆောင် မက်ဆီကို ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ကစားဖို့အတွက် တံခါးဖွင့်ထားတယ်လို့ ပြောလိုက်ပါတယ်။
မာရှေယာနိုက “ကျနော်နဲ့ မက်ဆီရဲ့ ဆက်ဆံရေးကို လူတိုင်းသိထားပြီးသားပါ။ သူ့လို ကစားသမားတစ်ဦးကို အိုလံပစ်မှာ ကျနော်တို့နဲ့အတူ ပါဝင်ဖို့အတွက် တံခါးတွေ ဖွင့်ထားပါတယ်။ ဒါက သူနဲ့ သူ့ရဲ့ ကတိကဝတ်တွေ အပေါ်မှာပဲ မူတည်တယ်ဆိုတာ သေချာပါတယ်”လို့ ပြောခဲ့တာပါ။
အာဂျင်တီးနားအသင်းဟာ ပြီးခဲ့တဲ့ အိုလံပစ်ခြေစစ်ပွဲမှာ ဘရာဇီးလ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို တတိယအကြိမ်မြောက် ကမ္ဘာ့ဖလားရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ မက်ဆီဟာ အာဂျင်တီးနား ယူ-၂၃ အသင်း အိုလံပစ်ဝင်ခွင့်ရခဲ့ပြီးနောက် သူ့ရဲ့ အင်စတာဂရမ်ကနေ ဂုဏ်ပြုမှုပြုလုပ်ခဲ့တာပါ။
အာဂျင်တီးနား ယူ-၂၃ အသင်း ကွင်းလယ်လူ အယ်လ်မာဒါကလည်း မက်ဆီကို အိုလံပစ်အသင်းမှာ ပါဝင် စေချင်တယ်လို့ ပြောခဲ့ပါတယ်။

မက်ဆီနဲ့ မာရှေယာနိုကို တွေ့ရစဉ်
မက်ဆီဟာ အာဂျင်တီးနား ယူ-၂၃ အသင်းနဲ့အတူ ၂၀၀၈ ခုနှစ်က ဘေဂျင်းမှာ ကျင်းပခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ် ရယူနိုင်ခဲ့တာပါ။
နိုင်ငံတကာအိုလံပစ်ကော်မတီ အကြီးအကဲ သောမတ်စ်ဘတ်ချ်က အိုလံပစ်အားကစားပြိုင်ပွဲမှာ မက်ဆီ ပါဝင် ကစားခဲ့မယ်ဆိုရင် အိုလံပစ်ပြိုင်ပွဲအတွက် အလွန်ကောင်းမွန်မယ်လို့ ပြောခဲ့ပါတယ်။
အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် အသင်းတွေဟာ အသက် ၂၃ နှစ်အထက် ကစားသမားအချို့ကို လူစာရင်းထဲ ရွေးချယ်ခွင့်ရှိတာကြောင့် အသက် ၃၆ နှစ်အရွယ်ရှိ မက်ဆီဟာ ဒီပြိုင်ပွဲမှာ ပါဝင်နိုင်ဖွယ်ရှိနေတာပါ။
ဒါပေမယ့် မက်ဆီဟာ ဇွန် ၂၀ ရက်ကနေ ဇူလိုင် ၁၄ ရက်အထိ အမေရိကန်မှာ ကျင်းပမယ့် ကိုပါအမေရိကဖလား ပြိုင်ပွဲမှာ အာဂျင်တီးနား လက်ရွေးစင် အသင်းနဲ့ ပါဝင်ယှဉ်ပြိုင်မယ်လို့ အတည်ပြုထားတာ ဖြစ်ပါတယ်။
ပဲရစ်အိုလံပစ်ပြိုင်ပွဲရဲ့ ဘောလုံးပွဲစဉ်တွေကို ဇူလိုင် ၂၄ ရက်မှာ စတင် ကျင်းပမှာဖြစ်လို့ မက်ဆီအတွက် ပြိုင်ပွဲ ၂ ခု စလုံးမှာ ပါဝင်ဖို့ ခက်ခဲနိုင်တာပါ။
မက်ဆီဟာ ကိုပါအမေရိကဖလားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်နေတဲ့ အချိန်မှာ အင်တာမိုင်ယာမီအသင်းရဲ့ ပွဲစဉ်အချို့ ကို လွဲချော်ဦးမယ်လို့ သိရပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 841
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃
စီးရီးအေပြိုင်ပွဲဝင်အသင်းတွေရဲ့ ရှယ်ယာရှင်တွေဟာ မီလန်မှာတွေ့ဆုံပြီးနောက် ကလပ်အသင်းတွေဟာ လိဂ် ပြိုင်ပွဲကို အသင်းအရေအတွက် ၂၀ နဲ့ ဆက်ပြီးကျင်းပဖို့ မဲပေးခဲ့ကြတယ်လို့ လိဂ်တာဝန်ရှိသူက ပြောခဲ့ပါတယ်။
စီးရီးအေပြိုင်ပွဲကို အသင်းအရေအတွက် ၂၀ ကနေ ၁၈ သင်းအထိ လျှော့ချပြီးကျင်းပဖို့ ဂျူဗင်တပ်စ်၊ အင်တာ မီလန်၊အေစီမီလန်နဲ့ ရိုးမားအသင်းတို့ ၄ သင်းကသာ ထောက်ခံမဲပေးခဲ့ကြတာပါ။ အဲဒါကြောင့် ၂၀၀၄-၅ ရာသီ ကတည်းက ကျင်းပခဲ့တဲ့ အသင်း ၂၀ နဲ့ပဲ စီးရီးအေပြိုင်ပွဲကို ဆက်ပြီးကျင်းပတော့မှာ ဖြစ်ပါတယ်။ အီတလီ ထိပ်တန်းကလပ်အသင်းတွေဟာ ကစားနေရတဲ့ပွဲအရေအတွက်ကို လျှော့ချဖို့နဲ့ ဘောလုံးအရည်အသွေးကို တိုးမြှင့်ဖို့အတွက် အသင်းအရေအတွက် လျှော့ချဖို့ တွန်းအားပေးလုပ်ဆောင်ခဲ့တာပါ။
ဂျူဗင်တပ်စ်၊အေစီမီလန်၊အင်တာမီလန်နဲ့ ရိုးမားအသင်းတို့ဟာ စီးရီးအေပြိုင်ပွဲကို အသင်းအရေအတွက် လျှော့ချ ပြီးကျင်းပဖို့ ကြိုးပမ်းခဲ့တာကြောင့် အခြားကလပ်အသင်းဒါရိုက်တာတွေ ရဲ့ဝေဖန်မှုပြုလုပ်တာ ခံခဲ့ရပါတယ်။ ပြုပြင်ပြောင်းလဲမှုပြုလုပ်မယ့် အဆိုပြုချက်ကို မတ်လမှာကျင်းပမယ့် အီတလီဘောလုံးအဖွဲ့ချုပ်ရဲ့ အထွေထွေ ညီလာခံမှာတင်ပြသွားမယ်လို့ သိရတာပါ။ တိုရီနိုအသင်းအကြီးအကဲ ကိုင်ရိုက မေးခွန်းထုတ်နေတဲ့ ကလပ် အသင်းတွေရဲ့ သဘောထားက မှားနေတယ်လို့ သူထင်ပြီး သူတို့လုပ်ချင်နေတဲ့ အရာက စူပါလိဂ်တစ်ခုလိုပါပဲလို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

စီးရီးအေပြိုင်ပွဲကို အရင်က ၁၈ သင်းနဲ့ ၂၀၀၃-၀၄ ရာသီအထိကျင်းပခဲ့ပြီး ၂၀၀၄-၀၅ ရာသီကစတင်ကာ အသင်း ၂၀ နဲ့ ပြောင်းလဲပြီးကျင်းပခဲ့တာပါ။ ဒီရာသီကျင်းပနေတဲ့ စီးရီးအေပြိုင်ပွဲဟာ ပွဲစဉ် ၂၄ အထိရောက်ရှိလာခဲ့ပြီဖြစ်ပြီး အင်တာမီလန်အသင်းဟာ အဆင့် ၂ နေရာက ဂျူဗင်တပ်စ်အသင်းကို ၁ ပွဲလျော့ ရမှတ် ၇ မှတ်အသာရပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပါတယ်။ အေစီမီလန်၊အတ္တလန္တာ၊ဘိုလော့ဂ်နာနဲ့ ရိုးမားအသင်းတို့ဟာ ထိပ်ဆုံး ၆ သင်းထဲ ဝင်ရောက်နေတာပါ။
ဗီရိုနာ၊ ကာဂလီယာရီနဲ့ ဆလာနီတာနာအသင်းတို့ကတော့ တန်းဆင်းဇုန်ထဲမှာ ကျရောက်နေတာ ဖြစ်ပါတယ်။
Source:ESPN
- By CNI
- Category: အားကစား
- Hits: 604
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃
ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၄ အဖြစ် ပဲလေ့စ်အသင်းနဲ့ အဝေးကွင်းမှာကစားခဲ့တာမှာ ၃ ဂိုး-၁ ဂိုး နဲ့ အနိုင်ရပြီး လိဂ်ပြိုင်ပွဲမှာ ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ဒီပွဲစဉ်မှာ ဦးဆောင်ဂိုးကို ပဲလေ့စ်အသင်းက စတင်သွင်းယူခဲ့တာဖြစ်ပြီး ပွဲချိန်မိနစ် ၃၀ မှာ လာမာက သွင်းယူခဲ့ တာပါ။ ချယ်လ်ဆီးအသင်းအတွက် ချေပဂိုးကို ၄၇ မိနစ်မှာ ဂါလက်ဂါက သွင်းယူခဲ့ပြီး အနိုင်ဂိုးတွေကို ၉၁ မိနစ်မှာ ဂါလက်ဂါနဲ့ ၉၄ မိနစ်မှာ အန်ဇိုဖာနန်ဒက်ဇ်က သွင်းယူခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နောက်ဆုံး ၂ ပွဲဆက်တိုက်အရေးနိမ့်ခဲ့တာကို ရပ်တန့်နိုင်ခဲ့သလို ပြိုင်ပွဲစုံ ၂ ပွဲဆက်တိုက် နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့တာပါ။
ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုဟာ ဒီပွဲမှာ အသင်းအတွက် ၂ ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ကွင်းလယ်လူ ဂါလက်ဂါကို တန်ဖိုးမဖြတ်နိုင်တဲ့ ကစားသမားလို့ ချီးကျူးခဲ့ပါတယ်။ ဂါလက်ဂါဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ တွေမှာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်ခံခဲ့ရပေမယ့် အသင်းမှာ ဆက်ပြီးရှိနေခဲ့တာပါ။

ပိုချက်တီနိုက “သူဟာ အသင်းအတွက် ကြီးမားတဲ့ကတိကဝတ်ရှိ ကစားသမားတစ်ဦးဖြစ်သလို တန်ဖိုးမဖြတ်နိုင် တဲ့ ကစားသမားလည်းဖြစ်ပါတယ်။ သူဟာ ချယ်လ်ဆီးအသင်းမှာ ဆက်နေချင်တဲ့အကြောင်းကိုပဲ အမြဲတမ်း ပြောခဲ့ပါတယ်။ ဂါလက်ဂါဟာ အသင်းနဲ့ စာချုပ် ၁ နှစ်ကျန်ရှိနေသေးပြီး ဒါတွေက သူနဲ့ ကလပ်ရဲ့ ကိစ္စပါ”လို့ ပြောခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိ ဂါလက်ဂါဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ၃၂ ပွဲပါဝင်ကစားထားပြီး ပွဲအများ အပြားကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့ရတာပါ။ ချယ်လ်ဆီးအသင်းကတော့ ပဲလေ့စ်အသင်းကို အနိုင်ရ ခဲ့တဲ့အတွက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၀ နေရာကို ပြန်တက်လှမ်းနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီး အသင်းဟာ ပရီးမီးယားလိဂ် ၂၄ ပွဲကစားအပြီးမှာ ၃၄ မှတ်ရရှိထားတာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၁၈ ရက်မှာ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 1005
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁
၂၀၂၃ အာရှဖလားပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ကာတာအသင်းနဲ့ ဂျော်ဒန်အသင်းတို့ ကစားခဲ့တာမှာ ကာတာအသင်းက ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။
ကာတာအသင်းအတွက် ဂိုးတွေကို တောင်ပံကစားသမား အဖစ်က ဟက်ထရစ်သွင်းယူခဲ့တာပါ။
အဖစ်ဟာ ဒီ ၃ ဂိုးစလုံးကို ပင်နယ်တီကနေ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဂျော်ဒန်အသင်းအတွက် ချေပဂိုးကို အယ်လ်နိုင်မတ်က သွင်းယူခဲ့တာဖြစ်ပါတယ်။
ကာတာအသင်းဟာ ၂၀၁၉ က ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူထားနိုင်ခဲ့တာကြောင့် အာရှဖလားချန်ပီယံဆုကို ၂ ကြိမ် ဆက်တိုက်ရယူနိုင်ခဲ့တာပါ။

ကာတာအသင်းဟာ တောင်ကိုရီးယား၊ အီရန်၊ ဆော်ဒီနဲ့ ဂျပန်အသင်းတို့ပြီးနောက် အာရှဖလားချန်ပီယံဆုကို ၂ ကြိမ်ဆက် ရယူနိုင်တဲ့ ၅ သင်းမြောက် အသင်းဖြစ်လာခဲ့ပါတယ်။
ဂျော်ဒန်အသင်းကတော့ အာရှဖလားချန်ပီယံဆုကို ပထမဆုံးအကြိမ် ရယူနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ကာတာ အသင်းကို ပေးခဲ့ရတဲ့ ပင်နယ်တီဂိုးတွေကြောင့် မျှော်လင့်ချက်ကို အဆုံးသတ်ခဲ့ရတာပါ။
ဗိုလ်လုပွဲမှာ ဟက်ထရစ် သွင်းယူခဲ့တဲ့ အဖစ်ဟာ ဒီပြိုင်ပွဲမှာ ၈ ဂိုးနဲ့ ဂိုးသွင်း အများဆုံး ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့ သလို ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိခဲ့တာဖြစ်ပါတယ်။
အကောင်းဆုံး ဂိုးသမားဆုကို ကာတာအသင်းဂိုးသမား ဘာရှမ်နဲ့ အသန့်ရှင်းဆုံး အသင်းဆုကို ကာတာအသင်းက ရရှိသွားခဲ့ပါတယ်။
Source: BBC Sport
- By CNI
- Category: အားကစား
- Hits: 894
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁
အယ်လ်အစ်တီဟတ်အသင်းကနေ ထွက်ခွာဖို့ ကြိုးစားနေတယ်လို့ သတင်းတွေထွက်နေတဲ့ တိုက်စစ်မှူး ဘန်ဇီမာ က ဆော်ဒီပရိုလိဂ်ရဲ့ စိန်ခေါ်မှုကို နှစ်သက်တယ်လို့ ပြောလိုက်ပါတယ်။
ဘန်ဇီမာက “ဆော်ဒီမှာရှိနေတာက ကျနော်နှစ်သက်တဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ပြီး ရေရှည်စီမံကိန်းနဲ့ မူစလင်နိုင်ငံ လည်း ဖြစ်ပါတယ်။ ကျနော်ဟာ ဆော်ဒီမှာ ဘောလုံးသမားသာ မဟုတ်ဘဲ သံတမန်လည်း ဖြစ်ပါတယ်။ ကျနော် တို့ရဲ့ စိန်ခေါ်မှုက ဆော်ဒီလိဂ်ကို ဥရောပလိဂ်အဆင့်ကို ရောက်ရှိအောင် မြှင့်တင်ပေးဖို့ပါ။ နောက်ပိုင်းမှာ ဘာဖြစ် မလဲဆိုတာကို အချိန်က ပြောပြပေးမှာဖြစ်ပြီး ကျနော့်ရဲ့ ကစားသမားဘဝ အဆုံးသတ်မလား၊ အဆုံးမသတ်ဘူး လားဆိုတာ ကျနော်ကိုယ်တိုင်ပဲ ရွေးချယ်မှာပါ”လို့ GQ Middle East ကိုပြောခဲ့တာပါ။
ဘန်ဇီမာဟာ အယ်လ်အစ်တီဟတ်အသင်းမှာ ဖိအားတွေကို ခံစားနေရတာကြောင့် အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ပြင်သစ်သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ဒါအပြင် ဘန်ဇီမာဟာ နည်းပြကသူ့ကို တစ်ဦးတည်း လေ့ကျင့်မှုပြုလုပ်ဖို့ ညွှန်ကြားခဲ့တာကို ဒေါသထွက်ပြီး အသင်းရဲ့ လေ့ကျင့်ရေးကွင်းကနေ ထွက်ခွာသွားခဲ့တာပါ။

ပြင်သစ်တိုက်စစ်မှူးဟောင်းဟာ ပြီးခဲ့တဲ့ အယ်လ်တိုင်အသင်းနဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ အယ်လ်အစ်တီဟတ် အသင်း လူစာရင်းမှာ ချန်လှပ်ခံခဲ့ရပါတယ်။
ဒီလိုသတင်းတွေ ထွက်ပေါ်နေပေမယ့် ဘန်ဇီမာဟာ ဆော်ဒီမှာ ပျော်ရွှင်နေတယ်လို့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ဘန်ဇီမာဟာ ရာသီလယ် အားလပ်ရက်ကို ၁၇ ရက် နောက်ကျပြီးမှာ လာရောက်ပူးပေါင်းကာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာကြောင့် အယ်လ်အစ်တီဟတ်အသင်းနဲ့ ဆက်ဆံရေးအပိုင်းမှာ အဖုအထစ်တွေရှိလာခဲ့တာ ဖြစ်ပါတယ်။
ဘန်ဇီမာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့က အသင်းအချို့နဲ့ ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့် အယ်အစ်တီဟတ်အသင်းက သူ့ကိုအသင်းမှာ ဆက်ထားဖို့ ဆုံးဖြတ်ခဲ့တာပါ။
အသက် ၃၆ နှစ်အရွယ်ရှိ ဘန်ဇီမာဟာ အယ်လ်အစ်တီဟတ်အသင်းအတွက် ၂၄ ပွဲ ပါဝင်ကစားထားပြီး ၁၅ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 954
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁
ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုဟာ အာဂျင်တီးနားနဲ့ အင်တာမိုင်ယာမီ အသင်းခေါင်းဆောင် မက်ဆီကို နည်းပြခွင့် ရရှိချင်တယ်လို့ ပြောလိုက်ပါတယ်။
မော်ရင်ဟိုက “ဘယ်ကစားသမားကို နည်းပြချင်လဲဆိုရင်တော့ ဥပမာပြောရရင် မက်ဆီပါ။ သူဟာ နည်းပြမလိုတဲ့ ကစားသမားပါ။ သူဟာ အရာအားလုံးကိုသိပြီး မွေးဖွားလာတဲ့သူပါ။ သူကတောင် ပြန်ပြီးသင်ကြားမှုတွေ ပြုလုပ် နိုင်ပါတယ်။ ကျနော်သာဆိုရင် သူ့ကို အသင်းမှာထားရှိရတာ ဂုဏ်ယူတယ်ဆိုပြီးပဲ ပြောမှာပါ။ နောက်ထပ် ကစားသမားတွေက ဒီရော့စီနဲ့ တော့တီပါ။ သူတို့တွေကတော့ ရိုးမားမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့တွေဟာ ကျနော်နည်းပြဘဝမှာ နည်းပြအဖြစ် ကိုင်တွယ်ချင်တဲ့သူတွေပါ”လို့ ပြောခဲ့တာပါ။
မော်ရင်ဟိုဟာ ပြီးခဲ့တဲ့လက ရိုးမားအသင်းကနေ ထုတ်ပယ်ခံရပြီးနောက် အသင်းအများအပြားနဲ့ သတင်းတွေ ထွက်နေပေမယ့် လက်ရှိအချိန်ထိ ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်း မရှိသေးပါဘူး။
အသက် ၆၁ နှစ်အရွယ်ရှိ မော်ရင်ဟိုဟာ သူ့ရဲ့နည်းပြဘဝမှာ ရော်နယ်ဒို၊ ဝိန်းရွန်နီ၊ ဒရော့ဘာ၊ ဖရန့်လမ်းပတ်၊ ဟာဇက်တို့ အပါအဝင် နာမည်ကြီး အများအပြားကို ကိုင်တွယ်ထားတာပါ။
ဒါပေမယ့် မက်ဆီကို ကိုင်တွယ်ရခြင်း မရှိသေးတာကြောင့် မော်ရင်ဟိုဟာ မက်ဆီကို နည်းပြခွင့် ရချင်နေတာ ဖြစ်ပါတယ်။

မော်ရင်ဟိုဟာ မက်ဆီကစားနေတဲ့ အင်တာမိုင်ယာမီအသင်းရဲ့ နည်းပြရာထူးနဲ့ ပတ်သက်ပြီး ထင်ကြေး ထွက်ပေါ် နေချိန်မှာ မက်ဆီအကြောင်းကို ပြောခဲ့လို့ မေဂျာလိဂ်ကလပ်ရဲ့ နည်းပြဖြစ်လာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ် နေတာပါ။
အင်တာမိုင်ယာမီအသင်းကို မာတီနိုက နည်းပြအဖြစ် ကိုင်တွယ်နေပြီး မနှစ်ကရာသီ လိဂ်ဖလား ရယူပေးနိုင်တာ ဖြစ်ပါတယ်။
ဒါပေမယ့် အင်တာမိုင်ယာမီအသင်းဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်ဆိုးတွေကြောင့် မော်ရင်ဟိုကို စောင့်ကြည့်မှုတွေ ပြုလုပ်နေခဲ့တာပါ။
မော်ရင်ဟိုဟာ နောက်ကိုင်တွယ်မယ့် အသင်းကို အချိန်ယူ ဆုံးဖြတ်နေပြီး မကြာသေးခင်က အသင်းဟောင်း ယူနိုက်တက်အသင်းထံ ပြန်လာနိုင်တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ဒါအပြင် မော်ရင်ဟိုဟာ ချယ်လ်ဆီးအသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ချယ်လ်ဆီးအသင်းကို တတိယအကြိမ် မြောက်အဖြစ် ကိုင်တွယ်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
Source: Daily Mail
