
- By CNI
- Category: အားကစား
- Hits: 730
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၂၄
အလီယန်ဇာအသင်းနဲ့ ကလပ်ဒီပေါ်တီဗိုအသင်းတို့ ကစားခဲ့တဲ့ပွဲမှာ လူအုပ်ပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး လူအများအပြား ဒဏ်ရာ ရရှိခဲ့တာကြောင့် အလီယန်ဇာ အားကစားကွင်းကို ၁ နှစ် ပိတ်ပင်ပြီး ဒဏ်ကြေးငွေ ဒေါ်လာ ၃၀,၀၀၀ ချမှတ်ခဲ့တယ်လို့ ဆယ်လ်ဗာဒိုရန် ဘောလုံးအဖွဲ့ချုပ်က ပြော ပါတယ်
။
ဒီနှစ်သင်း ကစားခဲ့တဲ့ ပလေးအော့ဖ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ လူအုပ်ကြီး ပြိုကျမှု ဖြစ်ပွားခဲ့တာကြောင့် ပွဲကစားတာကို ရပ်ဆိုင်းခဲ့ရပါတယ်။
Cuscatlan အားကစားကွင်းဟာ ဗဟိုအမေရိကရှိ အကြီးမားဆုံး အားကစားကွင်းတွေထဲက တစ်ခုဖြစ်ပြီး ပရိသတ်ပေါင်း ၄၄,၀၀၀ ကျော် ဝင်ဆံ့ပါတယ်။
ဒီအဖြစ်အပျက်ကြောင့် ကလပ်ဒီပေါ်တီဗိုအသင်းဟာ ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး နောက်တစ်ဆင့်ကို တက်ရောက်မယ်လို့ အဖွဲ့ချုပ်က ပြောခဲ့ပါတယ်။
ဘောလုံးကွင်း ပြိုကျလို့ လူတစ်ဦး မေ့သွားသည်ကို ကုသနေကြစဉ်
အလီယန်ဇာအသင်းဟာ သူတို့ရဲ့ အိမ်ကွင်းပွဲစဉ်တွေကို တံခါးပိတ်ပြီး ကျင်းပရမှာဖြစ်ပြီး ဒဏ်ကြေးငွေ ကို ဇူလိုင်လ ၂၁ ရက် နောက်ဆုံးထားပြီး ပေးဆောင်ရမှာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
အယ်လ်ဆာဗေးဒိုးသမ္မတ ဘူကီလီက အမျိုးသား အရပ်ဘက် ရဲတပ်ဖွဲ့နဲ့ ရှေ့နေချုပ်ရုံးတို့ဟာ အားကစား ကွင်းရှိ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားရှိ အားကစားကွင်း တစ်ခုမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက လူအုပ် ပြိုကျမှုကြောင့် လူပေါင်း ၁၃၅ ဦး သေဆုံးခဲ့ပြီးနောက် အယ်လ်ဆာဗေးဒိုးမှာ ဒီအဖြစ်အပျက်တွေ ဖြစ် လာခဲ့တာပါ။
အလီယန်ဇာနဲ့ ကလပ်ဒီပေါ်တီဗိုတို့ ကစားခဲ့တဲ့ပွဲမှာ ပရိသတ်တွေဟာ ကွင်းအတွင်း ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့တာမှာ လူအုပ်ပြိုကျမှုဖြစ်ခဲ့ပြီး တက်နင်းမှုတွေဖြစ်ခဲ့ကာ သေဆုံးမှုတွေနဲ့ ဒဏ်ရာရသူတွေ အများကြီး ရှိခဲ့တာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 658
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၂၃
လက်စတာအသင်းနဲ့ ပွဲအပြီးမှာ လာမယ့်နှစ်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ သေချာသွားခဲ့ပြီးနောက် နယူးကာဆယ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မမျှော်လင့်ခဲ့ဘူးလို့ နည်းပြ အက်ဒီဟိုဝီက ပြောခဲ့ ပါတယ်။
အက်ဒီဟိုဝီက “ကျနော်တို့ရဲ့ မျှော်လင့်ချက်က ထိပ်ဆုံး ၄ သင်းမဟုတ်တာတော့ အသေအချာပါပဲ။ ကျနော်တို့ဟာ အမြဲတမ်း မျှော်လင့်ရမယ်။ အမြဲတမ်း ယုံကြည်ရမယ် ပြီးတော့ အိပ်မက်မက်နေရပါမယ်။ ဒါပေမယ့် ကျနော်တို့ဟာ အဲဒီအတွက် အဆင်သင့် ဖြစ်နေတယ်လို့ မခံစားခဲ့ရပါဘူး။ ကျနော်တို့ဟာ ပြီးခဲ့တဲ့နှစ်က တန်းဆင်းဇုန်အတွက် တိုက်ပွဲဝင်ခဲ့ရပြီးနောက် ပိုစည်းလုံးလာသလို ပိုကောင်းတဲ့အသင်း လည်း ဖြစ်လာခဲ့ပါတယ်”လို့ Sky Sports ကို ပြောခဲ့တာပါ။
နယူးကာဆယ်အသင်းဟာ လက်စတာအသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဂိုးမရှိသရေကျ ပြီးနောက် ၂၀၀၃ နောက်ပိုင်း နှစ်ပေါင်း ၂၀ အကြာမှ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်ကို ပြန်လည် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
နယူးကာဆယ်အသင်းဟာ နည်းပြ အက်ဒီဟိုဝီ စတင်ကိုင်တွယ်ချိန် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ရပ်တည်ခဲ့ပေမယ့် အခုအချိန်မှာတော့ ချန်ပီယံ လိဂ် ဝင်ခွင့်နေရာကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
နယူးကာဆယ်နဲ့ လက်စတာအသင်းကို တွေ့ရစဉ်
ပြီးခဲ့တဲ့နှစ်ရာသီက တန်းဆင်းဇုန် အန္တရာယ်မှာ ကျရောက်နေခဲ့တဲ့ နယူးကာဆယ်အသင်းကို ဆော်ဒီ ကျောထောက် နောက်ခံ လုပ်ငန်းစုက ပေါင် ၃၀၅ သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး ၁၃ ရက်အကြာမှာ နည်းပြ စတိဗ်ဘရုဇ်ကို ထုတ်ပယ်ကာ အက်ဒီဟိုဝီကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
အက်ဒီဟိုဝီ ကိုင်တွယ်ပြီးချိန် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ နယူးကာဆယ်အသင်းဟာ ပေါင် ၈၅ သန်း သုံးစွဲပြီး ထရစ်ပီယာ၊ ခရစ်ဝုဒ်၊ ဘရူနိုဂွီမာရေးစ်နဲ့ ဒမ်ဘန်းတို့ကို ခေါ်ယူကာ အသင်းကို ပရီးမီးယားလိဂ် မှာ အဆင့် ၁၁ နေရာနဲ့ ရာသီအဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီရာသီမှာတော့ နယူးကာဆယ်အသင်းဟာ ခြေစွမ်းကောင်း ရလဒ်ကောင်းတွေနဲ့အတူ ချန်ပီယံလိဂ် ဝင်ခွင့်ကို ပရီးမီးယားလိဂ် ပြိုင်ပွဲပြီးဆုံးဖို့ ၁ ပွဲအလိုမှာ ရရှိသွားခဲ့ပါတယ်။
နယူးကာဆယ်အသင်းက ချန်ပီယံလိဂ် ဝင်ခဲ့ပေမယ့် ဒီပွဲ သရေကျခဲ့တဲ့ လက်စတာအသင်းကတော့ လာမယ့်နှစ်ရာသီ ချန်ပီယံရှစ်ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ရဖို့ နီးစပ်သွားခဲ့ပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ပွဲစဉ်ကစားဖို့ ၁ ပွဲသာ ကျန်ရှိတော့တဲ့ အချိန်မှာ လက်စတာအသင်းဟာ တန်းဆင်းဇုန် အထက်က အဲဗာတန်အသင်းနဲ့ ၂ မှတ် ကွာဟနေတာကြောင့် နောက်ဆုံးပွဲစဉ်မှာ အဲဗာတန်အသင်း နိုင်ပွဲ ရယူနိုင်ခဲ့ရင် လက်စတာအသင်းဟာ တန်းဆင်းရတော့မှာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 514
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၂၂
ပရီးမီးယားလိဂ် ကလပ်အသင်းတွေက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ကူဒတ်စ်ဟာ နွေရာသီမှာ အေဂျတ်ဇ်ကနေ ထွက်ခွာမယ်လို့ အသင်းကို ပြောထားကြောင်း ဂိုးလ်ကွန်းက ဖော်ပြထားပါတယ်။
ဒီရာသီမှာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် ၂၂ ဂိုး သွင်းယူထားတဲ့ ဂါနာလက်ရွေးစင် ကူဒတ်စ်ဟာ နွေရာသီမှာ အေဂျတ်ဇ်ကနေ ထွက်ခွာချင်နေပါတယ်။
ကူဒတ်စ်နဲ့ အေဂျတ်ဇ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ မှာ ကုန်ဆုံးမှာဖြစ်ပြီး ကစားသမားဟာ အသင်း ကနေ ထွက်ခွာချင်နေတာကြောင့် ကလပ်အသင်းရဲ့ စာချုပ်သစ်ကို ပြီးခဲ့တဲ့လက ပယ်ချခဲ့ပါတယ်။
နယ်သာလန်ကလပ်ဟာ သူတို့ရဲ့ စာချုပ်နောက်ဆုံး ၂၄ လမပြည့်ခင် အသင်းမှာ စာချုပ်သက်တမ်းတိုးပြီး ဆက်နေ ဖို့ ငြင်းဆန်တဲ့ ကစားသမားတွေကို ရောင်းချလေ့ ရှိပါတယ်။
ကူဒတ်စ်ကို တွေ့ရစဉ်
အေဂျတ်ဇ်အသင်းဟာ ကွင်းလယ် တိုက်စစ် ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ ဝန်းကျင် တောင်းဆိုနိုင်ပေမယ့် သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေ အပေါ် မူတည်ပြီး ပြောင်းရွှေ့ကြေးက အပြောင်းအလဲရှိနိုင်ပါတယ်။
လက်ရှိအချိန်မှာ ကူဒတ်စ်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ ယူနိုက်တက်၊ အာဆင်နယ်နဲ့ နယူးကာဆယ်အသင်းတွေက စိတ်ဝင်စားနေတာပါ။
အသက် ၂၂ နှစ်အရွယ်ရှိ ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက အဲဗာတန်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် အေဂျတ်ဇ် အသင်းက ဒီအပြောင်းအရွှေ့ကို ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။
ကူဒတ်စ်ဟာ အေဂျတ်ဇ်အသင်းကို ၂၀၂၀ က နော့တ်စ်ဂျေးလန်း အသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်း အတွက် ၈၂ ပွဲ ပါဝင်ကစားထားကာ ၂၃ ဂိုး သွင်းယူထားတာပါ။
ကူဒတ်စ်ဟာ အေဂျတ်ဇ်အသင်းနဲ့အတူ ဒတ်ချ်အမှတ်ပေးဖလား ၂ ကြိမ်နဲ့ ဒတ်ချ်ဖလား ၁ ကြိမ် ရယူနိုင်ခဲ့ပါတယ်။
အေဂျတ်ဇ် ကစားသမားဟာ ဂါနာလက်ရွေးစင် အသင်းအတွက်တော့ ၂၃ ပွဲ ပါဝင်ကစားထားပြီး ၇ ဂိုး သွင်းယူ ထားတာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 469
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၂၃
ရိုးမားအသင်းနည်းပြ မော်ရင်ဟိုက ရာသီကုန်ဆုံးဖို့ နီးကပ်လာချိန်မှ ဂျူဗင်တပ်စ်အသင်းကို ၁၀ မှတ် လျှော့လိုက် တာက ဟာသပဲလို့ ပြောလိုက်ပါတယ်။
မော်ရင်ဟိုက “၂ ပွဲသာ ကျန်တော့တဲ့အချိန်မှ ဒါကို သိရတာက ဟာသဖြစ်သလို ရာသီကုန်ဖို့ နီးချိန်မှာ ဒီလိုလုပ် တာက ထူးဆန်းပါတယ်။ ဒါက ကျနော်တို့ အတွက်ရော၊ လူတိုင်းအတွက်ရောနဲ့ ဂျူဗင်တပ်စ်အတွက်ပါ။ မွန်ဇာနဲ့ ဘိုလော့ဂ်နာ ပွဲမတိုင်ခင် ဒါကို သိခဲ့ရမယ်ဆိုရင် ကျနော်တို့ရဲ့ ချဉ်းကပ်ပုံတွေက ကွဲပြား ခြားနားသွားနိုင်ပါတယ်။ အယ်လီဂရီနဲ့ သူ့ကစားသမားတွေ အတွက်တော့ ကျနော် စိတ်မကောင်းပါဘူး။ လိဂ်အဆင့်မှာတော့ အနည်းငယ် ပြောင်းလဲ သွားတယ်လို့ ပြောရမှာပါ။ ဒါက ဒါရိုက်တာတွေနဲ့ ကလပ်က လုပ်ခဲ့တဲ့ အရာတွေကြောင့် ဖြစ်တယ် လို့”ပြောပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ အပြောင်းအရွှေ့ ကိစ္စရပ်တွေကြောင့် ကြားနာမှု အသစ်အပြီးမှာ ၁၀ မှတ်လျှော့တဲ့ ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဇန်နဝါရီလတုန်းကလည်း ဂျူဗင်တပ်စ်အသင်းကို ၁၅ မှတ်လျှော့ ပြစ်ဒဏ်ချမှတ်ခဲ့လို့ အမှတ်ပေးဇယား အဆင့် ၁၀ နေရာအထိ ရောက်ရှိသွားခဲ့ပါသေးတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့လက ဒီဆုံးဖြတ်ချက်ကို ပယ်ဖျက်ခဲ့လို့ ဂျူဗင်တပ်စ်အသင်းဟာ ရမှတ် ၁၅ မှတ် ပြန်ရခဲ့ပြီး အဆင့် ၂ နေရာအထိ ပြန်တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုဆိုရင် ဂျူဗင်တပ်စ်အသင်းဟာ အမှုကို ပြန်လည် စစ်ဆေးခံခဲ့ရလို့ ရမှတ် ၁၀ မှတ်လျှော့တဲ့ ပြစ်ဒဏ် ချမှတ်ခံခဲ့ ရတာပါ။
ဂျူဗင်တပ်စ်အသင်းကို တွေ့ရစဉ်
ဂျူဗင်တပ်စ်အသင်းဟာ ရမှတ်လျှော့ခံရတဲ့အပြင် အသင်းကလည်း အမ်ပိုလီအသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့လို့ အမှတ်ပေးဇယား အဆင့် ၇ နေရာအထိ ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဂျူဗင်တပ်စ်အသင်းဟာ လာမယ့်နှစ်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ခက်ခဲသွားခဲ့ပြီး ယူရိုပါလိဂ်နဲ့ ယူရိုပါကွန်းဖရန့်စ်လိဂ် ဝင်ဖို့အတွက်သာ အာရုံစိုက်ရဖို့ ရှိနေတာပါ။
ဂျူဗင်တပ်စ်အသင်းဟာ လက်ရှိအချိန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရ အဆင့် ၄ နေရာမှာရှိတဲ့ အေစီမီလန်နဲ့ ၅ မှတ် ကွာဟသွားခဲ့ပြီး အဆင့် ၅ နေရာက အတ္တလန္တာအသင်းနဲ့ ၂ မှတ်၊ အဆင့် ၆ နေရာက ရိုးမားအသင်းနဲ့ ၁ မှတ် ကွာဟနေတာ ဖြစ်ပါတယ်။
မော်ရင်ဟိုရဲ့ ရိုးမားအသင်းကတော့ စီးရီးအေပြိုင်ပွဲကနေ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ မျှော်လင့်ချက်တွေ ရှိလာခဲ့သလို ယူရိုပါလိဂ်ကနေလည်း ချန်ပီယံလိဂ် ဝင်ခွင့်ရနိုင်မယ့် အခြေအနေမှာ ရှိနေတာပါ။
ရိုးမားအသင်းဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲအဖြစ် ဆီဗီလာအသင်းနဲ့ မေလ ၃၁ ရက်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ချန်ပီယံ ဆု ရယူနိုင်ခဲ့ရင် လာမယ့်နှစ်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့် ရရှိသွားမှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 666
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၂၃
မက်ဆီ ဦးဆောင်တဲ့ ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားအသင်းဟာ သြစတြေးလျအသင်းနဲ့ ဇွန်လထဲ တရုတ်နိုင်ငံ ဘေဂျင်းမှာ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
မက်ဆီဟာ ၆ နှစ်အတွင်း ပထမဆုံးအကြိမ် တရုတ်နိုင်ငံကို လာရောက်မှာဖြစ်ပြီး လတ်မှတ်တွေလည်း အများ အပြား ရောင်းချရဖွယ်ရှိနေတာပါ။တရုတ်နိုင်ငံရှိ အာဂျင်တီးနားသံရုံးက ကမ္ဘာ့ဖလားချန်ပီယံတွေဟာ ဇွန်လ ၁၅ ရက်မှာ သြစတြေးလျအသင်းနဲ့ ယှဉ်ပြိုင်မယ်လို့ တနင်္လာနေ့က ပြောခဲ့တာဖြစ်ပြီး မက်ဆီဟာ ၂၀၁၇ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံကို လာရောက်မှာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းနဲ့ အနာဂတ်အတွက် ထင်ကြေးပေးခံနေရတဲ့အချိန်မှာ မက်ဆီဟာ တရုတ်နိုင်ငံကို ၇ ကြိမ် မြောက်အဖြစ် လာရောက်မယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။အသက် ၃၅ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ လာမယ့်ရာသီမှာ ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ဖို့အတွက် တရားဝင်ကမ်းလှမ်းမှုတစ်ခုကို ရရှိထားတယ်လို့ ကစားသမားနဲ့ နီးစပ်သူတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောထားပါတယ်။
မက်ဆီဟာ အရင်က တရုတ်နိုင်ငံကို လာရောက်လည်ပတ်မှုတိုင်းမှာ လှိုက်လှိုက်လှဲလှဲကြိုဆိုခံခဲ့ရပြီး သူ့ကို အားပေးတဲ့ အမာခံပရိသတ်တွေလည်း ရှိတာဖြစ်ပြီး ၂၀၀၅ မှာ ပထမဆုံးအကြိမ် လာရောက်ခဲ့တာပါ။
သြစတြေးလျနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်မယ့် သတင်းဟာ တရုတ်ဆိုရှယ်မီဒီယာမှာ ရောက်ရှိသွားပြီးနောက် ဒီပွဲကို ကြည့်ဖို့ ပရိသတ်အများအပြားက စိတ်အားထက်သန်ခဲ့ကြတာ ဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းဟာ သြစတြေးလျအသင်းနဲ့ ပွဲပြီးရင် အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားအသင်းနဲ့ ဇွန်လ ၁၉ ရက် ဂျကာတာမှာ ခြေစမ်းပွဲဆက်ပြီး ယှဉ်ပြိုင်သွားမယ်လို့ အတည်ပြုထားပါတယ်။
Source:ChannelNewsAsia

- By CNI
- Category: အားကစား
- Hits: 684
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၂၂
မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့မယ်ဆိုရင် ပြီးပြည့်စုံသွားပြီလို့ ပရီးမီးယားလိဂ်ဖလား ရယူပြီးနောက် ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက”ကျနော်ရဲ့ ခံစားချက်က ပရီးမီးယားလိဂ်ဖလားကို ၅ ကြိမ်ရခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲ လည်း ရှိနေတုန်းပါပဲ။ကျနော်တို့ အများကြီးအနိုင်ရခဲ့ပေမယ့် လုပ်ခဲ့တဲ့အရာတွေကို တန်ဖိုးသတ်မှတ်ပေးဖို့ အတွက် ချန်ပီယံလိဂ်ဖလားရဖို့က မျှတမှုမရှိဘူးဆိုတာတော့ ငြင်းလို့မရပါဘူး။ ချန်ပီယံလိဂ်ဖလားမရရင် ကျနော် တို့က ပြီးပြည့်စုံမှာမဟုတ်ဘူးဆိုတာ ကျနော်သိပါတယ်။ကျနော်တို့ဟာ အဲဒီနေရာမှာရှိနေတဲ့အတွက် ကြိုးစားရမှာပါ”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ချယ်လ်ဆီးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် အမှတ်ပေးချန်ပီယံဆုကို ၃ နှစ်ဆက်တိုက်ရယူတဲ့ ဆုဖလားအောင်ပွဲခံအခမ်းအနားကို ပြုလုပ် ခဲ့တာဖြစ်ပါတယ်။မန်စီးတီးအသင်းဟာ ဂွာဒီယိုလာလက်ထက်မှာ ပရီးမီးယားလိဂ်ဖလားကို နောက်ဆုံး ၆ နှစ် အတွင်း ၅ ကြိမ်မြောက် ရယူနိုင်ခဲ့တာဖြစ်သလို ဆုဖလားအများအပြားကို ရယူနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ဖလား ကိုတော့ ရယူနိုင်ခြင်းမရှိသေးပါဘူး။
မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ၂၀၂၀-၂၁ ရာသီက ပထမဆုံးအကြိမ်တက်နိုင်ခဲ့ပြီး ချယ်လ်ဆီး အသင်းကို အရေးနိမ့်ခဲ့တာဖြစ်ပေမယ့် အခုနှစ်ရာသီမှာတော့ ဒုတိယအကြိမ်မြောက် တက်နိုင်ခဲ့ကာ အင်တာ မီလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့ပြီးနောက် အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်ဖို့ ရှိသေးလို့ အခုနှစ်ရာသီ ဆုဖလား ၃လုံးရယူနိုင်မယ့် အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ရှိနေတာပါ။
မန်စီးတီးအသင်းနဲ့ ပွဲဦးထွက်ရာသီမှာ ပရီးမီးယားလိဂ်ဖလားရယူနိုင်ခဲ့တဲ့ ဟာလန်းက ဒါဟာ ဆိုးရွားတဲ့ စတင်မှု မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ဟာလန်းက “ပွဲဦးထွက်ရာသီ၊၃၆ ဂိုးနဲ့ ပရီးမီးယားလိဂ်ဆုဖလား၊ဗိုလ်လုပွဲ ၂ ပွဲကစားဖို့ ကျန်ရှိနေပါသေးတယ်။ဒါက ဆိုးရွားတဲ့ စတင်မှုတော့ မဟုတ်ပါဘူး။ဒါတွေက တစ်ဘဝလုံးမှတ်ထားရမယ့် အမှတ်တရတွေပါပဲ”လို့ ပြောခဲ့ တာပါ။
မန်စီးတီးအသင်းဟာ အခုနှစ်ရာသီ ပရီးမီးယားလိဂ်နောက်ဆုံး ၂ ပွဲအဖြစ် ဘရိုက်တန်၊ ဘရန်ဖိုဒ့်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 617
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၂၂
ဗလင်စီယာအသင်းကို အရေးနိမ့်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ လူမျိုးရေးခွဲခြားမှုကို ထပ်မံခံခဲ့ရပြီးနောက် ရီးရယ်လ် အသင်း တောင်ပံကစားသမား ဗီနီစီးယက်စ်က လာလီဂါက လူမျိုးရေးခွဲခြားတဲ့ ပြိုင်ပွဲလို့ ပြောလိုက်ပါတယ်။
ဗီနီစီးယက်စ်က “ဒါက ပထမအကြိမ် မဟုတ်သလို၊ ဒုတိယအကြိမ်လည်း မဟုတ်၊ တတိယအကြိမ်လည်း မဟုတ်ပါဘူး။ လူမျိုးရေးခွဲခြားမှုဟာ လာလီဂါမှာ ပုံမှန်ပါပဲ။ ဒီပြိုင်ပွဲမှာ ဒါကပုံမှန်လို့ ထင်ပါတယ်။ တစ်ချိန်က ရော်နယ်လ်ဒင်ဟို၊ ရော်နယ်ဒို၊ ခရစ္စတီယာနိုနဲ့ မက်ဆီတို့ကို ပိုင်ဆိုင်ခဲ့တဲ့ ဒီပြိုင်ပွဲဟာ အခုအချိန်မှာတော့ လူမျိုးရေး ခွဲခြားတဲ့ ပြိုင်ပွဲဖြစ်နေပါပြီ။ ဘရာဇီးလ်မှာဆိုရင် စပိန်နိုင်ငံကို လူမျိုးရေးခွဲခြားတဲ့ နိုင်ငံအဖြစ် လူသိများနေပါ ပြီ။ ဒါပေမယ့် ကျနော်က သန်မာတဲ့အတွက် လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ဖို့ အဆုံးထိသွားမယ်”လို့ အင်စတာ ဂရမ်မှာ ရေးသားခဲ့ပါတယ်။
ရီးရယ်လ်အသင်းက ဗလင်စီယာအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဗီနီစီးယက်စ်ကို လူမျိုးရေး ခွဲခြားခဲ့တဲ့ ဗလင်စီယာ ပရိသတ်တွေရဲ့ အပြုအမူကြောင့် ပွဲကို မိနစ်အတော်ကြာ ရပ်နားခဲ့ရတာ ဖြစ်ပါတယ်။
ဗီနီစီးယက်စ်ဟာ ဒေါသထွက်ပြီး ဗလင်စီယာအသင်း ပရိသတ်တွေနဲ့ ထိပ်တိုက် တွေ့ဆုံမှုတွေတောင် ဖြစ်ခဲ့ပါတယ်။
ဒါအပြင် ဘရာဇီးလ် ကစားသမားဟာ ဗလင်စီယာအသင်း ကစားသမား ဟူဂိုဒူရိုနဲ့ ရန်ပွဲဖြစ်ပွားခဲ့တာမှာ ကြမ်းတမ်းစွာ ပြုမူခဲ့တယ်ဆိုပြီး ပွဲချိန် ၉၇ မိနစ်မှာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။
ဗီနီစီးယက်စ်နဲ့ အန်ဆယ်လော့တီကိုတွေ့ရစဉ်
ဗီနီစီးယက်စ်ဟာ ဒီရာသီ လာလီဂါပြိုင်ပွဲမှာ အကြိမ်ပေါင်းများစွာ လူမျိုးရေး ခွဲခြားခံခဲ့ရတာဖြစ်ပြီး ဗလင်စီယာနဲ့ ပွဲမှာတော့ သူရဲ့ခံစားချက်တွေကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။
ရီးရယ်လ် အသင်းနည်းပြ အန်ဆယ်လော့တီက ဗီနီစီးယက်စ်ကို တိုက်ရိုက် လူမျိုးရေး ခွဲခြားခဲ့တာကြောင့် ဗလင်စီယာနဲ့ပွဲကို ရပ်တန့်သင့်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
အန်ဆယ်လော့တီက “ဒီနေ့ မြင်တွေ့ခဲ့ရတဲ့ အရာတွေက လက်ခံနိုင်စရာ မရှိပါဘူး။ အားကစားကွင်း တစ်ခုလုံးမှာ လူမျိုးရေးခွဲခြားတဲ့ အသံတွေကို ကြားခဲ့ရပါတယ်။ ဒီနေ့မှာ ဘောလုံးအကြောင်းကို မပြောချင်ပါဘူး။ ဒီပွဲကို ရပ်တန့်သင့်တယ်ဆိုပြီး ဒိုင်ကို ကျနော်ပြောခဲ့ပါတယ်။ လာလီဂါမှာ ပြဿနာရှိနေပြီး၊ လူမျိုးရေးခွဲခြားမှုကြောင့် ပွဲတွေကို ရပ်တန့်ဖို့ လိုအပ်ပါတယ်”လို့ ပြောခဲ့ပါတယ်။
လာလီဂါကတော့ လူမျိုးရေး ခွဲခြားမှု အပြုအမူတွေကို နှစ်ပေါင်းများစွာကြာ ဆန့်ကျင်ပြီး တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 694
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၂၁
ချယ်လ်ဆီးအသင်းက ခေါ်ယူဖို့ ချိတ်ဆက်မှုတွေခံနေရတဲ့ ဂိုးသမား အိုနာနာဟာ အင်တာမီလန်အသင်းမှာ အလွန်ပျော်ရွှင်နေတယ်လို့ ကစားသမားရဲ့ အေးဂျင့်က ပြောလိုက်ပါတယ်။
အေးဂျင့် ဘိုတီနတ်စ်က”အပြောင်းအရွှေ့ဈေးကွက်ထင်ကြေးတွေက ဒီလိုအဆင့်မှာ ပုံမှန်ပါပဲ။အခုအချိန်မှာ ကစားသမားက ကွင်းထဲမှာ အာရုံစိုက်နေပြီး ဒါက အလွန်စောနေတဲ့အတွက် ဒါနဲ့ပတ်သက်ပြီး မပြောချင်ပါဘူး။ ကျနော်တို့ဟာ အင်တာမီလန်နဲ့ ၅ နှစ်စာချုပ်ရှိပါတယ်။သူနဲ့ စာချုပ်က နောက်ထပ် ၄ နှစ်ကျန်ရှိနေသေးပြီး အခုအချိန်မှာ စီးရီးအေနောက်ဆုံးပွဲတွေနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အာရုံစိုက်ထားပါတယ်။သူက ဒီမှာ အလွန် ပျော်ရွှင်နေသလို အီတလီရဲ့ အတောင့်တင်းဆုံးအသင်းမှာ ကစားနေတာပါ” လို့ ပြောခဲ့ပါတယ်။
အိုနာနာဟာ ပြီးခဲ့တဲ့နှစ် နွေရာသီက အေဂျတ်ဇ်ကနေ အင်တာမီလန်အသင်းထံ အလွတ်နဲ့ ရောက်လာတာဖြစ်ပြီး သူ့ရဲ့ ပထမဆုံးရာသီမှာ အထင်ကြီးဖွယ် လက်စွမ်းတွေကို ပြသထားတာပါ။အခုနှစ်ရာသီမှာ ရလဒ်တွေဆိုးခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ လာမယ့်နှစ်ရာသီအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပြီး နည်းပြသစ်ဖြစ်လာမယ့် ပိုချက်တီနိုက ဂိုးသမားအသစ်တစ်ဦးကို ခေါ်ယူဖို့ အသင်းကို ပြောထားပါတယ်။
အီတလီသတင်းတွေမှာ ချယ်လ်ဆီးအသင်းဟာ နွေရာသီအပြောင်းအရွှေ့မတိုင်ခင် အိုနာနာကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။ဒါပေမယ့် ကင်မရွန်းဂိုးသမားဟောင်းရဲ့ အေးဂျင့် ကတော့ သူ့ရဲ့ ဂိုးသမားဟာ အင်တာမီလန်အသင်းကနေ ထွက်ခွာဖို့အတွက် တွန်းအားပေးခြင်းမရှိဘူးလို့ ရှင်းရှင်း လင်းလင်းပြောခဲ့တာပါ။
အိုနာနာဟာ ဒီရာသီမှာ အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ ၃၈ ပွဲ ပါဝင်ကစားထားပြီး ချန်ပီယံလိဂ် ၈ ပွဲ အပါအဝင် ၁၉ ပွဲပေးဂိုးမပေးရအောင် စွမ်းဆောင်ပေးထားတယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
Source:Metro

- By CNI
- Category: အားကစား
- Hits: 718
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၂၀
အိုင်ယာလန်ဖိုက်တာ မက်ဂရီဂေါက UFC ပြိုင်ပွဲကို ပြန်လာမယ့် ကြေညာချက်ကို ထုတ်ဖော်ပြောခဲ့သလို ချန်ဒလာနဲ့ ထိုးသတ်ဖို့ အဆင်သင့် ဖြစ်နေပြီလို့လည်း ပြောခဲ့ပါတယ်။
မက်ဂရီဂေါက “ဒီနှစ်ကုန်မှာ လှောင်အိမ်ထဲကို ပြန်ဝင်ဖို့ အပြီးသတ်နိုင်ခဲ့ပါပြီ။ ဒီပွဲကို ယှဉ်ပြိုင်ဖို့ အတွက်လည်း အဆင်သင့် ဖြစ်နေပါပြီ”လို့ ပြောခဲ့တာပါ။
UFC က မက်ဂရီဂေါနဲ့ ချန်ဒလာတို့ ထိုးသတ်မယ့်ပွဲကို ဧပြီလက ကြေညာခဲ့ပေမယ့် သူတို့နှစ်ဦး ထိုးသတ်မယ့် ပွဲအတွက် နေ့ရက်၊ နေရာနဲ့ အလေးအချိန်တို့ကို အတည်ပြုနိုင်ခြင်း မရှိသေးတာကြောင့် ဒီပွဲဖြစ်ပေါ် မလာမှာကို စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
မက်ဂရီဂေါဟာ အနားယူပြီးနောက် ပြန်လည် ထိုးသတ်နိုင်ဖို့ ရှင်းရှင်းလင်းလင်း မဖြစ်ခင် အမေရိကန်နိုင်ငံမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ စမ်းသပ်စစ်ဆေးမှုတွေကို ၆ လကြာ ပြုလုပ်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
USADA ရဲ့ ဝက်ဘ်ဆိုက် မှတ်တမ်းတွေအရ မက်ဂရီဂေါဟာ အခုအချိန်ထိ စမ်းသပ်စစ်ဆေးမှုတွေ မပြုလုပ်ရသေးတာကြောင့် သူရဲ့ ပြိုင်ပွဲ ပြန်လည်ယှဉ်ပြိုင်မှုနဲ့ ပတ်သက်ပြီး သံသယတွေပိုပြီး ရှိလာခဲ့တာပါ။
မက်ဂရီဂေါကို တွေ့ရစဉ်
ဒါပေမယ့် အိုင်ယာလန်ဖိုက်တာဟာ ဒီစမ်းသပ်မှုတွေကို ဖြေရှင်းပြီးပြီလို့ အတည်ပြုထားသလို ချန်ဒလာနဲ့ ထိုးသတ်မယ့် အတည်ပြုချက်ကိုလည်း ထုတ်ဖော်ဖို့ စီစဉ်ထားတယ်လို့ အခိုင်အမာ ပြောခဲ့တာ ဖြစ်ပါတယ်။
မက်ဂရီဂေါဟာ ဒက်စတင်ပိုရီရာကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ခြေထောက်ကျိုးပြီးနောက် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လထဲက ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့တာပါ။
ဝိတ်တန်း ၂ ခု ချန်ပီယံဟောင်းဟာ အောင်မြင်စွာ ခွဲစိတ်ကုသမှု ခံယူပြီးနောက် ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်ကောင်းမွန်လာမယ့် လုပ်ငန်စဉ်တွေနဲ့ အချိန်ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။
ချန်ဒလာကတော့ နောက်ဆုံး ထိုးသတ်ခဲ့တဲ့ UFC ပြိုင်ပွဲ ၅ ပွဲမှာ ၃ ပွဲအထိ အရေးနိမ့်ခဲ့တာဖြစ်ပြီး နောက်ဆုံး ထိုးသတ်ခဲ့တာကတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဒက်စတင်ပိုရီရာနဲ့ ပွဲဖြစ်ကာ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
Source: The Sun
- By CNI
- Category: အားကစား
- Hits: 480
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၂၀
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က အခုရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ့် နောက်ခံလူ ဖီးလ်ဂျုံးစ်လေ့ကျင့်ခန်းဆင်းတာကို မိနစ် ၂၀ ပဲမြင်တွေ့ဖူးတယ်လို့ ပြောခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “ဖီးလ်ဂျုံးစ်ကို လေ့ကျင့်ရေးအစီအစဉ်မှာမိနစ် ၂၀ ပဲမြင်တွေ့ခဲ့ရပါတယ်။ဒါက အခုနှစ်ရာသီရဲ့ ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်ပါ။သူ့မှာ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဘဝနဲ့ အောင်မြင်မှုတွေ ရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့သလို အင်္ဂလန်နဲ့ ကမ္ဘာ့ဖလား ၂ ကြိမ်ပါဝင် ကစားခွင့်ရခဲ့ပါတယ်။ယူနိုက်တက်နဲ့ ကြီးမားတဲ့ ကစားသမားဘဝကို ဖြတ်သန်းခဲ့ပါတယ်” လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းမှာ နှစ်ပေါင်းများစွာကြာ ရှိခဲ့တဲ့ ဖီးလ်ဂျုံးစ်ဟာ အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် အခုရာသီ အကုန်မှာ ထွက်ခွာတော့မယ်လို့ မန်ချက်စတာကလပ်က အတည်ပြုခဲ့ပါတယ်။အဲဒါကြောင့် ဖီးလ်ဂျုံးစ်ဟာ ယူနိုက်တက်အသင်းမှာ ၁၂ နှစ်ကြာရှိခဲ့တာကို အခုနွေရာသီမှာ အဆုံးသတ်တော့မှာပါ။ အင်္ဂလန်လက်ရွေးစင် ကစားသမားဟောင်းဟာ ဒဏ်ရာတွေ ထပ်တလဲလဲကြုံတွေ့ခဲ့ရတာကြောင့် ပြီးခဲ့တဲ့ ၃ နှစ်ခွဲအတွင်းမှာ ယူနိုက်တက်အသင်းအတွက် ၅ ပွဲသာ ပါဝင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။
ဒဏ်ရာတွေကြောင့် အခုနှစ်ရာသီမှာလည်း ယူနိုက်တက် လူစာရင်းထဲ ပါဝင်ခြင်းမရှိတဲ့ ဖီးလ်ဂျုံးစ် လေ့ကျင့်ခန်း ဆင်းတာကို မြင်တွေ့ဖူးလားလို့ မေးမြန်းခံရချိန်မှာ နည်းပြ အဲရစ်တန်ဟတ်က မိနစ် ၂၀ မြင်တွေ့ဖူးတယ်လို့ ဖြေခဲ့တာပါ။ဖီးလ်ဂျုံးစ်ဟာ ယူနိုက်တက်အသင်းက နယူးကာဆယ်အသင်းကို အနိုင်ရခဲ့တဲ့ ကာရာဘောင်း ဖလား ဗိုလ်လုပွဲမှာ ရုပ်သံအစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။
၂၀၁၁ က ဘလက်ဘန်းကနေ ရောက်ရှိလာခဲ့တဲ့ ဖီးလ်ဂျုံးစ်ဟာ နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်လက်ထက်မှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား နောက်ဆုံးရယူနိုင်ခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ အစိတ်အပိုင်းအဖြစ် ရှိခဲ့တာပါ။အသက် ၃၁ နှစ်အရွယ်ရှိ ဖီးလ်ဂျုံးစ်ဟာ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၂၂၉ ပွဲ ပါဝင်ကစားခဲ့ပြီး ၆ ဂိုးသွင်းယူနိုင်ခဲ့ကာ မနှစ်ကရာသီ ယာယီနည်းပြ ရက်ဂ်နစ် လက်ထက်မှာ အသင်းအတွက် နောက်ဆုံးပွဲစဉ် အဖြစ် ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။
ဖီးလ်ဂျုံးစ်ဟာ အင်္ဂလန်လက်ရွေးစင်အတွက် ၂၇ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲက နောက်ဆုံး ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
Source:DailyMail