
- By CNI
- Category: အားကစား
- Hits: 614
CNI Sport News
၂၀၂၃ ခုနှစ်၊ မတ်လ ၃၀
ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သစ် ချုပ်ဖို့အတွက် တစ်ပတ်လုပ်ခ ပေါင် ၅ သိန်း တောင်းဆိုထား တယ်ဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းတွေဟာ အဓိပ္ပါယ်မရှိဘူးလို့ ပြန်တုန့်ပြန်ခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်က “ဒါဟာ လုံးဝကို အဓိပ္ပါယ်မရှိပါဘူး။ ကလပ်နဲ့ ကျနော်ဟာ တစ်ဖက်နဲ့တစ်ဖက် လေးစားမှုရှိပြီး ဒါကလည်း ဒီအတိုင်း ဆက်ရှိနေမှာပါ။ ကျနော့်ရဲ့ အာရုံစူးစိုက်မှုက လိဂ်မှာ တက်နိုင်သမျှ အကောင်းဆုံး အဆုံးသတ်ဖို့နဲ့ ဆုဖလားတွေ ရယူနိုင်ဖို့အတွက်ပါပဲ”လို့ တွစ်တာမှာ ရေးသားခဲ့တာပါ။
အသက် ၂၅ နှစ် အရွယ်ရှိ ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ အကောင်းဆုံး ခြေစွမ်းပြသနေပြီး ပြိုင်ပွဲစုံ ၂၇ ဂိုးအထိ သွင်းယူထားတာ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်နဲ့ ယူနိုက်တက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၄ ခုနှစ်၊ ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ် အတွက် သဘောတူညီမှု မရရင် ယူနိုက်တက် အသင်းဟာ အင်္ဂလန် ကစားသမားကို အလွတ်နဲ့ ဆုံးရှုံးရမှာပါ။
အဲရစ်တန်ဟတ်နဲ့ ရက်ရှ်ဖို့ဒ်ကိုတွေ့ရစဉ်
ကြာသပတေးနေ့က ထွက်ပေါ်လာတဲ့ သတင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၅ သိန်းထက်ပိုတဲ့ စာချုပ်သစ်ကို စောင့်ဆိုင်းနေတယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမယ့် ယူနိုက်တက်ဘက်ကတော့ အသင်းရဲ့ ရောင်းချမှု အစီအစဉ် မပြီးဆုံးမချင်း ရက်ရှ်ဖို့ဒ်ကို စာချုပ်သစ် ကမ်းလှမ်းဖို့ တွန့်ဆုတ်နေတယ်လို့ သိရပါတယ်။
ရက်ရှ်ဖို့ဒ်ကတော့ ဒီလို ထွက်ပေါ်နေတဲ့ သတင်းတွေဟာ အဓိပ္ပါယ်မရှိကြောင်းနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေ ချိန်အတွင်းမှာ ယူနိုက်တက်ကို လေးစားသွားမယ်လို့ ပြောခဲ့ပါတယ်။ လက်ရှိအချိန်မှာ ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက စိတ်ဝင်စားနေပါတယ်။
ယူနိုက်တက် အသင်းဘက်ကတော့ အကယ်ဒမီထွက် ကစားသမားကို အသင်းမှာ ဆက်ထိန်းသိမ်းဖို့အတွက် စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုင်ငံတကာ ရက်သတ္တပတ်မှာ အင်္ဂလန်အတွက် မပါဝင်နိုင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ နယူးကာဆယ်နဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲမှာတော့ ယူနိုက်တက်အတွက် ပါဝင်နိုင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 676
CNI Sport News
၂၀၂၃ ခုနှစ်၊ မတ်လ ၃၀
ပြီးခဲ့တဲ့ သောကြာနေ့က ဘာလီမှာ ကျင်းပမယ့် ပြိုင်ပွဲအတွက် တရားဝင်မဲခွဲမှု အစီအစဉ်ကို ဖျက်သိမ်း လိုက်ရတာ ကြောင့် ဖီဖာဟာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ်ကနေ အင်ဒိုနိးရှားကို ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဘာလီအုပ်ချုပ်ရေးမှူး ဝါရမ်ကိုစတာက ဒီပြိုင်ပွဲမှာ အစ္စရေးအသင်းကို လက်ခံကျင်းပဖို့ ငြင်းဆန်ခဲ့ပြီးနောက် ဖီဖာ က ဒီမဲခွဲမှုကို ဖျက်သိမ်းခိုင်းခဲ့တယ်လို့ အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။
ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အခုနှစ် မေလ ၂၀ ရက်ကနေ ဇွန်လ ၁၁ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားဟာ အစ္စရေးနဲ့ တရားဝင် သံတမန် ဆက်ဆံရေးမရှိဘဲ မကြာသေးခင်က ဆန္ဒပြတဲ့ သူတွေဟာ ပါလက်စတိုင်းကို ထောက်ခံတဲ့အနေနဲ့ ဒီပြိုင်ပွဲမှာ အစ္စရေး ပါဝင်မှာကို ရပ်တန့်ဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြတာပါ။
အင်ဒိုနီးရှားနိုင်ငံဟာ အစ္စရေးအသင်း ခြေစစ်ပွဲ မအောင်မြင်ခင်ကတည်းက ၂၀၁၉ မှာ ဒီပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် ကျင်းပခွင့် ရထားတာ ဖြစ်ပါတယ်။
ဖီဖာ ဥက္ကဋ္ဌ အင်ဖန်တီနိုနဲ့ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုကိုတွေ့ရစဉ်
ဖီဖာဟာ သူတို့ရဲ့ ဥက္ကဋ္ဌ အင်ဖန်တီနိုနဲ့ အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အဲရစ်သိုဟီရာတို့ကြား တွေ့ဆုံပြီး နောက် အခုလို အိမ်ရှင်အဖြစ်ကနေ ဖယ်ရှားတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တာ ဖြစ်ပါတယ်။
ဖီဖာက “လက်ရှိ အခြေအနေတွေကြောင့် ၂၀၂၃ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပမယ့် အင်ဒိုနီးရှားကို ဖယ်ရှားဖို့ ဖီဖာက ဆုံးဖြတ်လိုက်ပါပြီ။ လက်ရှိမှာ ပြိုင်ပွဲ ကျင်းပမယ့် ရက်စွဲကို ပြောင်းလဲသွားမှာ မဟုတ်ဘဲ အိမ်ရှင်အသစ်ကို အမြန်ဆုံး ကြေညာပေးသွားမှာပါ။ အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ်အပေါ် အလား အလာရှိတဲ့ ပိတ်ပင် အရေးယူမှုတွေကို နောက်ပိုင်းမှာ ဆုံးဖြတ်ချက် ချနိုင်တယ်”လို့ ကြေညာချက် ထုတ်ပြန်ခဲ့ တာပါ။
အင်ဒိုနီးရှားအသင်းဟာ အစောပိုင်းက ခြေစစ်ပွဲ ဝင်ပြိုင်စရာ မလိုဘဲ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရခဲ့ပေမယ့် အခုအချိန်မှာတော့ အိမ်ရှင်အဖြစ်က ဖယ်ရှားခံရလို့ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခွင့်ပါ ဆုံးရှုံးခဲ့ရပြီ ဖြစ်ပါတယ်။
အဲရစ်သိုဟီရာက “အင်ဒိုနီးရှားဟာ ဖီဖာအဖွဲ့ဝင် ဖြစ်တဲ့အတွက် နိုင်ငံတကာ ဘောလုံးကိစ္စရပ်တွေမှာ စည်းမျဉ်း တွေကို လိုက်နာဖို့ လိုပါတယ်။ ဖီဖာရဲ့ ဒီခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ဘောလုံးချစ်တဲ့သူ အားလုံး လက်ခံဖို့ တောင်းဆို ချင်ပါတယ်။ ဘောလုံးအသွင်ပြောင်းဖို့၊ သန့်ရှင်းပြီး မြင့်မားတဲ့ ဘောလုံးဆီ သွားဖို့အတွက် ဖီဖာကို သက်သေပြဖို့ အချိန်တန်ပြီ”လို့ ပြောခဲ့ပါတယ်။
Source: BBC/ CNA

- By CNI
- Category: အားကစား
- Hits: 495
CNI Sport News
၂၀၂၃ ခုနှစ်၊ မတ်လ ၂၉
အန်ဆုဖာတီရဲ့ ဖခင်ဖြစ်သူ ဘိုရီဖာတီက ဘာစီလိုနာအသင်းကို ပြစ်တင်ဝေဖန်လိုက်ပြီး နွေရာသီမှာ စပိန်ကလပ် ကနေ ထွက်ခွာဖို့ သားဖြစ်သူကို တိုက်တွန်းခဲ့ပါတယ်။
ဘိုရီဖာတီက “အန်ဆုကတော့ ဘာစီလိုနာကနေ မထွက်ခွာချင်ပေမယ့် ကျနော်ကတော့ သူအောင်မြင်မှု ရရှိတာ ကို မြင်တွေ့ချင်ပါတယ်။ ကျနော် အားကစားကွင်းကို မသွားတော့ပါဘူး။ ကလပ်ကို အလွန်ဒေါသထွက်လို့ပါ။ တစ်လအတွင်းမှာ ဂျော့ချ်မန်ဒက်စ်နဲ့ တွေ့မယ်ဆိုတာ အသေအချာပါပဲ။ အန်ဆုက ပွဲအနည်းငယ်ပဲ ကစားရတာ ဟာ ကျနော့်ကို စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ကျနော် ပြောနေတာက စပိန်လက်ရွေးစင်နဲ့ လာမာစီယာ ကလာတဲ့ ကစားသမားတစ်ဦး အကြောင်းပါ။ ဒီထက် အများကြီးပိုပြီး ထိုက်တန်ပါတယ်”လို့ ပြောခဲ့တာပါ။
အသက် ၂၀ အရွယ်ရှိ အန်ဆုဖာတီဟာ မက်ဆီရဲ့ ကျောနံပါတ် ၁၀ အမွေအနှစ်ကို ဆက်ပြီး ခံယူခဲ့ပေမယ့် ပြီးခဲ့တဲ့ နှစ် အနည်းငယ်အတွင်းမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။
အန်ဆုဖာတီအတွက် ကြံ့ခိုင်မှုဟာ ဒီရာသီမှာ ပြဿနာ မဟုတ်ပေမယ့် သူဟာ နည်းပြ ဇာဗီရဲ့ အသင်းမှာ ပုံမှန် ပါဝင်ခွင့်ရဖို့ ခက်ခဲနေပြီး လာလီဂါ ၉ ပွဲနဲ့ ချန်ပီယံလိဂ် ၂ ပွဲသာ ပွဲအစကတည်းက ပါဝင်ခွင့်ရခဲ့တာပါ။
အန်ဆုဖာတီကို ခေါ်ယူဖို့ ယူနိုက်တက်၊ အာဆင်နယ်နဲ့ နယူးကာဆယ် အသင်းတို့က ပြီးခဲ့တဲ့ အပြောင်းအရွှေ့ တွေမှာ ပစ်မှတ်ထား ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အန်ဆုဖာတီနဲ့ ဖခင်ဖြစ်သူ ဘိုရီဖာတီကိုတွေ့ရစဉ်
အခု အချိန်မှာတော့ အန်ဆုဖာတီရဲ့ ဖခင် ဘိုရီဖာတီဟာ အသင်းပြောင်းဖို့အတွက် အေးဂျင့်နဲ့ ဆွေးနွေးမှုပြုလုပ်ဖို့ ရှိနေတာပါ။
ဘိုရီဖာတီက “ဇာဗီက ဘာကြောင့် အန်ဆုကို မကစားခိုင်းလဲဆိုတာ ကျနော်မသိပါဘူး။ သူ့မှာ အကြောင်းပြချက် ရှိရပါမယ်။ ဇာဗီဟာ သူ့နှစ်သက် အားကျတဲ့သူဖြစ်လို့ အန်ဆုက စိတ်မပျက်ခဲ့ပေမယ့် အဖေတစ်ဦးအနေနဲ့ အလွန် ဒေါသထွက်မိပါတယ်။ အလီမန်နီကတော့ အန်ဆုက အသင်းရဲ့ အမွေအနှစ် အစိတ်အပိုင်း ဖြစ်တယ်လို့ ကျနော့်ကို ပြောခဲ့ပါတယ်။ ကျနော့် အနေနဲ့ဆို အန်ဆု ဒီကထွက်သွားတာ ပိုပြီးကောင်းပါတယ်။ အန်ဆုကတော့ ဒါကို သဘောမတူဘဲ ဆက်နေချင်နေပါတယ်။ အခြေအနေ မပြောင်းလဲရင်တော့ သူ့ကို ထွက်သွားရမယ်ဆိုတာ ကျနော် ပြောထားပါတယ်”လို့ ပြောခဲ့ပါတယ်။
လာမာစီယာ အကယ်ဒမီထွက် အန်ဆုဖာတီဟာ ဘာစီလိုနာ အသင်းအတွက် ၉၆ ပွဲ ပါဝင်ကစားထားပြီး ၂၅ ဂိုး သွင်းယူထားကာ စပိန်လက်ရွေးစင် အတွက်တော့ ၇ ပွဲ ပါဝင်ကစားထားပြီး ၂ ဂိုး သွင်းယူထားပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 583
CNI Sport News
၂၀၂၃ ခုနှစ်၊ မတ်လ ၂၉
အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အစ္စရေးပါဝင်မှုက သူတို့ရဲ့ နိုင်ငံခြားရေးမူဝါဒကို အပြောင်းအလဲရှိမှာ မဟုတ်ဘူးလို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောလိုက်ပါတယ်။
ဂျိုကိုဝီဒိုဒိုက “အစ္စရေးရဲ့ ပါဝင်မှုက ပါလက်စတိုင်းအပေါ် ထားရှိတဲ့ ကျနော်တို့ရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ မသက်ဆိုင် ဘူးဆိုတာ အာမခံပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ပါလက်စတိုင်းအပေါ် ကျနော်တို့ရဲ့ ပံ့ပိုးကူညီမှုတွေက အမြဲတမ်း ခိုင်ခိုင်မာမာနဲ့ ရှိနေလို့ပါ။ အားကစားနဲ့ နိုင်ငံရေးကို မရောထွေးပါနဲ့”လို့ တိုက်ရိုက်ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ ပြောခဲ့ တာပါ။
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုဟာ အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးလည်းဖြစ်ပြီး နိုင်ငံရဲ့ ဘောလုံးအဖွဲ့ချုပ် အကြီးအကဲ ဖြစ်တဲ့ အဲရစ်သိုဟီရာကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)နဲ့ ဆွေးနွေးမှု ပြုလုပ်ဖို့ စေလွှတ်ခဲ့တယ်လို့လည်း အတည် ပြုခဲ့ပါတယ်။
မကြာသေးခင်က နိုင်ငံအတွင်း ကျင်းပမယ့် ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အုပ်စုမဲခွဲမှု အစီအစဉ် ရှိခဲ့ပေမယ့် အစ္စရေးပါဝင်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကြောင့် ဒီအစီအစဉ်ကို ဖျက်သိမ်းခဲ့ရတာပါ။
အင်ဒိုနီးရှားနဲ့ အစ္စရေးတို့ဟာ တရားဝင် သံတမန် ဆက်ဆံရေး မရှိတဲ့အတွက် အစ္စရေးကို ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ကနေ ရပ်တန့်ဖို့ တောင်းဆိုတဲ့သူတွေဟာ မကြာသေးခင်က ဂျကာတာကို ချီတက်ပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
အစ္စရေးကို ကန့်ကွက်နေကြတဲ့ အင်ဒိုနီးရှားပြည်သူတချို့ကိုတွေ့ရစဉ်
အင်ဒိုနီးရှားရဲ့ လူဦးရေမှာ မူဆလင် အများစုဖြစ်ပြီး မကြာသေးခင် နှစ်တွေအတွင်းမှာ ဘာသာရေး ရှေးရိုးစွဲဝါဒ တွေ မြင့်တက်လာပေမယ့် အများစုကတော့ အစ္စလာမ်ဘာသာကို အလယ်အလတ်ပုံစံသာ ကျင့်သုံးခဲ့ကြတာပါ။
အင်ဒိုနီးရှားနိုင်ငံရဲ့ ယာယီ အားကစားဝန်ကြီး အီဖန်ဒီကတော့ ပါလီမန်မှာ အဖြေရှာရမှာဖြစ်ပြီး ယူ-၂၀ ကမ္ဘာ့ ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပတာက အင်ဒိုနီးရှားဘောလုံးအတွက် အရေးကြီးတယ်လို့ ပြောခဲ့ပါ တယ်။
အီဖန်ဒီက “ဖြစ်နိုင်ခြေတွေတော့ ရှိပါသေးတယ်။ အင်ဒိုနီးရှားမှာ ဖြစ်ပျက်နေတာတွေကို နားလည် သဘော ပေါက်တဲ့ ဖီဖာကိုလည်း အလွန် ကျေးဇူးတင်ပါတယ်။ ကျနော်တို့က ရွေးချယ်စရာအချို့ကို ကြိုးစားနေပြီး ကျနော်တို့ မျှော်လင့်ထားတဲ့ အကောင်းဆုံး အရာတစ်ခုကတော့ အင်ဒိုနီးရှားမှာ ဒီပြိုင်ပွဲ ကျင်းပနိုင်ဖို့ပါ”လို့ ပြောခဲ့ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 474
CNI Sport News
၂၀၂၃ ခုနှစ်၊ မတ်လ ၂၉
မက်ဆီဟာ အာဂျင်တီးနားအသင်းက ကူရာကာအိုအသင်းကို ၇ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ ဟတ်ထရစ်သွင်းပြီး နိုင်ငံလက်ရွေးစင်အသင်းအတွက် သွင်းဂိုး ၁၀၀ ကျော်သွားခဲ့ပြီဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ ဒီပွဲမှာ အဖွင့်ဂိုး သွင်းယူပြီးနောက် နိုင်ငံအတွက်သွင်းဂိုး ၁၀၀ ပြည့် မြောက် သွားခဲ့တာပါ။ဒ့ါအပြင် ဟတ်ထရစ်ရစေမယ့် ဒုတိယနဲ့ တတိယသွင်းဂိုးတွေကို သွင်းယူပြီးနောက် မက်ဆီ ဟာ အာဂျင်တီးနားအတွက်သွင်းဂိုး ၁၀၂ ဂိုးအထိ ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့် မက်ဆီဟာ နိုင်ငံတကာသွင်းဂိုး ၁၀၀ ကျော် သွင်းယူနိုင်ခဲ့တဲ့ ၃ ဦးမြောက် ကစားသမားဖြစ်လာခဲ့တာပါ။
သူ့ရဲ့အထက်မှာ အီရန်ဂန္ထဝင် အလီဒါယီက ၁၀၉ ဂိုးနဲ့ ဒုတိယနေရာမှာရှိပြီး ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုက ၁၂၂ ဂိုးနဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။မက်ဆီအနေနဲ့ နိုင်ငံတကာ ဂိုးသွင်း အများဆုံးကစားသမားဖြစ်ဖို့အတွက်ဆိုရင် ရော်နယ်ဒိုရဲ့ သွင်းဂိုးအရေအတွက်ကို လိုက်မှီဖို့ ဂိုး ၂၀ အထိ လိုအပ်နေတာပါ။
မက်ဆီကတော့ ဒီလိုအခိုက်အတန့်တွေကို အတူတူ မျှဝေခံစားပြီး ရူးသွပ်မှုတွေဟာ ဘယ်တော့မှ အဆုံးသတ် သွားမှာမဟုတ်ဘူးလို့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။မက်ဆီဟာ အာဂျင်တီးနားအတွက် ၁၇၄ ပွဲကစား အပြီးမှာ ဒီလိုစံချိန်မှတ်တမ်းကို တင်နိုင်ခဲ့တာဖြစ်ပြီး ဂိုးတွေကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၃ ဂိုး၊ ကိုပါအမေရိက ပြိုင်ပွဲမှာ ၁၃ ဂိုး၊ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ၂၈ ဂိုး၊ နိုင်ငံတကာခြေစမ်းပွဲတွေမှာ ၄၈ ဂိုး သွင်းယူကာ စုစုပေါင်း သွင်းဂိုး ၁၀၂ ဂိုးအထိ ရှိလာခဲ့တာပါ။
တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်ဟာ မကြာသေးခင်က မက်ဆီကို ပုံတူရုပ်တု ထုလုပ်ပြီး ပီလီ၊ မာရာဒိုနာတို့နဲ့ အတူ ပြတိုက်မှာထားပြီး ဂုဏ်ပြုခဲ့ပါသေးတယ်။ဒါအပြင် အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ကလည်း နိုင်ငံရဲ့ ဘောလုံးလေ့ကျင့်ရေးစင်တာကို မက်ဆီရဲ့နာမည်ပြောင်းပြီး ဂုဏ်ပြုခဲ့တာပါ။မက်ဆီအတွက်တော့ အာဂျင် တီးနားနဲ့အတူ ပြီးပြည့်စုံတဲ့ ရက်သတ္တပတ်ကို ရရှိခဲ့တာဖြစ်ပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 582
CNI Sport News
၂၀၂၃ ခုနှစ်၊ မတ်လ ၂၉
စပိန်အသင်းကွင်းလယ်လူ ရိုဒရီဟာ စကော့တလန်အသင်းကို အရေးနိမ့်ခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲအပြီးမှာ ပြိုင်ဘက်အသင်းရဲ့ကစားပုံကို အမှိုက်သရိုက်ဆိုပြီး တံဆိပ်ကပ်ကာ ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ရိုဒရီက “သူတို့ကစားပုံကို လေးစားရမှာဖြစ်ပေမယ့် ကျနော့်အတွက်ကတော့ အမှိုက်သရိုက်ပါပဲ။ သူတို့ဟာ အမြဲတမ်းအချိန်ဖြုန်းတယ်၊ရန်စကစားတယ်၊ပြီးရင် လဲကြနေကြတယ်။ကျနော့်အတွက်တော့ ဒါက ဘောလုံး မဟုတ်ပါဘူး။ကျနော်တို့ဟာ အနိုင်ရချင်တဲ့အတွက် ဒါဟာ အနည်းငယ်တော့ စိတ်ပျက်ဖို့ကောင်းပါတယ်။ အချိန် တွေဖြုန်းတီးတာဟာ တကယ်ကိုခက်ခဲပါတယ်။ဒါပေမယ့် သူတို့မှာ လက်နက်ရှိပါတယ်။ကျနော်တို့လည်း လက်နက်တွေအသုံးပြုရမှာဖြစ်ပြီး နောက်တစ်ကြိမ် ဒီလိုမျိုးအရာတွေအတွက် သင်ယူရမှာပါ” လို့ ပြောခဲ့တာပါ။
ဒီပွဲမှာ စကော့တလန်အသင်းဟာ စပိန်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဂိုးတွေကို တိုမီနေး တစ်ဦး တည်းက ၂ ဂိုးစလုံးသွင်းယူခဲ့တာပါ။စကော့တလန်အသင်းအတွက်တော့ ၁၉၈၄ နောက်ပိုင်း နှစ်ပေါင်း ၃၉ နှစ် အကြာမှ စပိန်အသင်းကို ပထမဆုံးအကြိမ်နိုင်ပွဲ ပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ၂ ဂိုးသွင်းယူခဲ့တဲ့ တိုမီနေးဟာ ပြီးခဲ့တဲ့ ဆိုက်ပရပ်စ်ကို အနိုင်ရခဲ့တဲ့ပွဲမှာလည်း စကော့တလန်အသင်းအတွက် ၂ ဂိုးသွင်းယူခဲ့တာပါ။
အဲဒါကြောင့် တိုမီနေးဟာ စကော့တလန်အတွက် နောက်ဆုံး ၂ ပွဲမှာ သွင်းဂိုး ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါ တယ်။တိုမီနေးကတော့ ဒီလိုမျိုးအရာကို တစ်ခါမှမမြင်တွေ့ဖူးဘူးလို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
တိုမီနေးက “ဒီနေရာကို ကြည့်လိုက်ပါ။ဒီလိုမျိုးကို တစ်ခါမှမမြင်တွေ့ဖူးပါဘူး။မယုံနိုင်စရာပါပဲ။ နည်းပြက ဒါဟာ စကော့တလန်ကစားသမားတွေအဖြစ်နဲ့ အမွေအနှစ်တွေဖန်တီးဖို့ ကျနော်တို့ရဲ့အခွင့်အရေးတွေဖြစ်ပြီး ဒါတွေက နှစ်ပေါင်း ၂၀ နဲ့ ၃၀ အတွင်း လူတွေမှတ်မိတဲ့ညဆိုပြီး ပြောခဲ့ပါတယ်။ပရိသတ်တွေကို ကျေးဇူးတင်ရုံနဲ့ မလုံ လောက်ပါဘူး။ကျနော်တို့ တကယ်ကို ကောင်းမွန်စွာ လုပ်နိုင်ခဲ့ပါတယ်။ကျနော် ဒီထက်ဂိုးတွေသွင်းပြီး ဖန်တီးမှု တွေပြုလုပ်ချင်ပါသေးတယ်” လို့ ပြောခဲ့ပါတယ်။
စကော့တလန်အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲအုပ်စုပွဲစဉ် ၂ ပွဲကစားအပြီးမှာ ၂ ပွဲနိုင်၊ ရမှတ် ၆ မှတ်နဲ့ အုပ်စု ထိပ်ဆုံးနေရာမှာ ဦးဆောင်နေပြီး စပိန်က ၃ မှတ်နဲ့ ဒုတိယ၊ ဂျော်ဂျီယာ၊ နော်ဝေနဲ့ ဆိုက်ပရပ်စ်တို့က တတိယ၊ စတုတ္တနဲ့ ပဉ္စမနေရာတွေမှာ ရပ်တည်နေကြတာဖြစ်ပါတယ်။
Source:DailyMail
#စကော့တလန်#စပိန်အသင်း#ရိုဒရီ#ဘောလုံး#cnisportnews#CNIMyanmar

- By CNI
- Category: အားကစား
- Hits: 603
CNI Sport News
၂၀၂၃ ခုနှစ်၊ မတ်လ ၂၈
အိုလံပစ်လူငယ် လက်ဝှေ့သမား ဂါလီနီချေ့ဗ်ဟာ ယူကရိန်းစစ်ပွဲမှာ ကျဆုံးသွားခဲ့တယ်လို့ The Sun က ဖော်ပြ ထားပါတယ်။
အသက် ၂၂ နှစ်အရွယ်ရှိ ဂါလီနီချေ့ဗ်ဟာ ယူကရိန်းအတွက် ၂၀၁၇ နဲ့ ၂၀၁၈ ဥရောပ လူငယ်ချန်ပီယံရှစ် ပြိုင်ပွဲတွေ မှာ ရွှေတံဆိပ်ဆု ရယူပေးနိုင်ခဲ့ပါတယ်။
အဲဒီနှစ်တွေမှာ နွေရာသီ လူငယ်အိုလံပစ်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။ ယူကရိန်းအစိုးရအကြံပေး ဂျီရာရှန်ကို က ဂါလီနီချေ့ဗ် ကျဆုံးသွားခဲ့ပြီလို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
“အသက် ၂၂ နှစ်အရွယ်ရှိ ဥရောပလူငယ် လက်ဝှေ့ချန်ပီယံ ဂါလီနီချေ့ဗ်ဟာ လူဟန်ဒေသမှာ ယူကရိန်းကို ကာကွယ်ရင်း ကျဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဂါလီနီချေ့ဗ်ဟာ စေတနာ့ဝန်ထမ်းအဖြစ် စာရင်းသွင်းခဲ့ပါတယ်။ သူဟာ ဒဏ်ရာတွေကနေ ပြန်ကောင်းလာပြီးနောက် ရှေ့တန်းကို နှစ်ကြိမ် ပြန်လာခဲ့ပါတယ်”လို့ ဂျီရာရှန်ကိုက ရေးသားခဲ့တာပါ။
ဂါလီနီချေ့ဗ် လက်ဝှေ့ထိုးနေစဉ်
ပြီးခဲ့တဲ့ နှစ်ကစပြီး ယူကရိန်းတပ်မတော်အတွက် စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂါလီနီချေ့ဗ်ရဲ့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဝမ်းနည်းကြောင်း ရေးသားခဲ့ကြပါတယ်။
Team GB Boxing က “ဒီအဖွဲ့မှာရှိတဲ့ လူတိုင်းဟာ ယူကရိန်းနိုင်ငံက ဥရောပလူငယ် ချန်ပီယံ ဂါလီနီချေ့ဗ် ကွယ်လွန်သွားခဲ့တဲ့ ကြေကွဲဖွယ် အဖြစ်အပျက်ကို သိခဲ့ရတဲ့အတွက် ဝမ်းနည်းမိပါတယ်”လို့ ရေးသားခဲ့ပါတယ်။
ဒီနောက် အိုလံပစ် လက်ဝှေ့သမား တစ်ဦးဖြစ်တဲ့ ဗလာဒီယာဆလက်ဗ်က “ယူကရိန်းအတွက် သူ့ရဲ့အသက်ကို စွန့်လွှတ်ခဲ့တဲ့ ဂါလီနီချေ့ဗ်ဟာ သူရဲကောင်းပါပဲ။ ငြိမ်းချမ်းစွာ အနားယူပါ”လို့ ရေးသားခဲ့တာပါ။
ဂါလီနီချေ့ဗ်ဟာ ကွယ်လွန်ချိန်မှာ ၃ နှစ်အရွယ်ရှိ သမီးလေးတစ်ဦး ကျန်ရစ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
Source: The Sun
- By CNI
- Category: အားကစား
- Hits: 517
CNI Sport News
၂၀၂၃ ခုနှစ်၊ မတ်လ ၂၈
အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အစ္စရေး ပါဝင်နေတဲ့အပေါ် ကန့်ကွက် ဆန္ဒပြမှုတွေ ပြုလုပ်နေတာကြောင့် အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်ဟာ ဖီဖာနဲ့ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ဖို့ စီစဉ်နေပါတယ်။
ဒီလို ကန့်ကွက် ဆန္ဒပြမှုတွေကြောင့် ပြိုင်ပွဲအတွက် မဲခွဲမှုပြုလုပ်မယ့် အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရတာပါ။
အင်တာမီလန်အသင်းရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ လက်ရှိ အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်တဲ့ အဲရစ်သိုဟီရာ ဟာ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ဇူးရစ်ကို သွားရောက်မှာ ဖြစ်တယ်လို့ အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ် အမှုဆောင် ကော်မတီ အဖွဲ့ဝင် အာရီယာက ပြောပါတယ်။
လေယာဉ်ပျံသန်းမှု အစီအစဉ်တွေကို ပြုလုပ်နေဆဲဖြစ်ကြောင်းနဲ့ ဖီဖာတာဝန်ရှိသူ ဘယ်သူနဲ့ တွေ့ဆုံ မလဲဆိုတာ ကိုတော့ အာရီယာက ပြောကြားခဲ့ခြင်း မရှိပါဘူး။
အင်ဒိုနီးရှားနိုင်ငံဟာ အခုနှစ် မေလ ၂၀ ရက်ကနေ ဇွန်လ ၁၁ ရက်အထိ ၂၄ သင်း ပါဝင်တဲ့ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ပြိုင်ပွဲမှာ အစ္စရေး ပါဝင်လာတဲ့အပေါ် ကန့်ကွက်ဆန္ဒပြ ခဲ့ကြတာကြောင့် အင်ဒိုနီးရှား ဘောလုံးအဖွဲ့ ချုပ်ဟာ မဲခွဲမှု အစီအစဉ်ကို ဖျက်သိမ်းခဲ့တယ်လို့ တနင်္ဂနွေနေ့က ပြောခဲ့ပါတယ်။
အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အဲရစ်သိုဟီရာကိုတွေ့ရစဉ်
ဘာလီ အုပ်ချုပ်ရေးမှူး ဝါရမ်ကိုစတာက ပါလက်စတိုင်းနဲ့ ပဋိပက္ခကြောင့် အစ္စရေးကို ဘာလီမှာ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုအောင် တားမြစ်တဲ့ မူဝါဒချမှတ်ဖို့ လူငယ်နဲ့ အားကစားဝန်ကြီးဌာနကို တိုက်တွန်းခဲ့တာပါ။
ဒါနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုတာကို ကိုစတာရဲ့ရုံးက ချက်ချင်း တုန့်ပြန်ခြင်းမရှိခဲ့ဘဲ အစိုးရရဲ့ ရပ်တည်ချက်ကို လိုက်နာနေတယ်လို့ တနင်္လာနေ့က မီဒီယာတွေထံ ပြောခဲ့ပါတယ်။
အင်ဒိုနီးရှားဟာ အစ္စရေးနဲ့ တရားဝင် သံတမန် ဆက်ဆံရေး မရှိတဲ့အတွက် မကြာသေးခင်က ဆန္ဒပြသူတွေဟာ ဂျကာတာထံ ချီတက်ဆန္ဒပြခဲ့ကြပြီး အစ္စရေးကို ဒီပြိုင်ပွဲမှာ ပါဝင်ခွင့်မပြုဖို့ တောင်းဆိုခဲ့တာပါ။
ရိုက်တာ သတင်းဌာနကတော့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ အစ္စရေးအက်ဖ်အေထံ ဆက်သွယ် ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီလိုမဲခွဲမှုကို ဖျက်သိမ်းခဲ့တဲ့အတွက် အင်ဒိုနီးရှားဟာ ပြိုင်ပွဲ ကျင်းပခွင့် ဆုံးရှုံးသွားနိုင်သလို အားကစားပြိုင်ပွဲတွေ ယှဉ်ပြိုင်ခွင့်ကနေ ထပ်ပြီး ပိတ်ပင်ခံရနိုင်တာပါ။
အင်ဒိုနီးရှားဟာ အစိုးရ ဝင်ရောက် စွက်ဖက်မှုကြောင့် ဖီဖာက ၂၀၁၆ ခုနှစ်၊ မေလအထိ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင် ခွင့် တစ်နှစ်ကြာ ဆိုင်းငံ့ခဲ့တာ ဖြစ်ပါတယ်။
အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ်ကတော့ အစိုးရနဲ့ ဆွေးနွေးမှုပြုလုပ်ပြီး အဖြေတစ်ခု ရနိုင်ဖို့လည်း မျှော်လင့်နေ တယ်လို့ သိရပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 504
CNI Sport News
၂၀၂၃ ခုနှစ်၊ မတ်လ ၂၈
အီတလီလူမျိုးနည်းပြ ကွန်တီဟာ အသင်းနဲ့ အတူတူသွားနေတဲ့ ခရီးစဉ်က ပြီးဆုံးသွားပြီလို့ အင်စတာဂရမ်မှာ ရေးသားကာ စပါးနဲ့ပရိသတ်တွေကို နှုတ်ဆက်လိုက်ပါတယ်။
ကွန်တီက “ဘောလုံးက စိတ်အားထက်သန်မှုပါ။ကျနော့်ရဲ့ စိတ်အားထက်သန်မှု၊ နည်းပြတစ်ဦးအနေနဲ့ ကျနော့်ရဲ့ ပြင်းပြတဲ့ ဘောလုံးနေထိုင်မှုပုံစံကို တန်ဖိုးထားပြီး မျှဝေပေးတဲ့ စပါးအသင်းမှာရှိတဲ့ အားလုံးကို ကျေးဇူးတင် တယ်လို့ ပြောချင်ပါတယ်။ကျနော့်ကို အမြဲတမ်းထောက်ခံအားပေးပြီး ကျနော့်ရဲ့နာမည်ကို ပရိသတ်တွေ သီဆို နေတာ ကြားရတာဟာ မမေ့နိုင်စရာအရာပါပဲ။အခုတော့ အတူတူသွားနေတဲ့ ခရီးစဉ်က ပြီးဆုံးသွားပါပြီ။ အနာဂတ်မှာ အားလုံးအဆင်ပြေဖို့ ကျနော်ဆန္ဒပြုကြောင်း” ရေးသားထားတာပါ။
ကွန်တီဟာ စပါးအသင်းကို ၁၆ လကြာ ကိုင်တွယ်အပြီးမှာ အသင်းနဲ့နှစ်ဦးသဘောတူညီမှုနဲ့ ထွက်ခွာခဲ့တာ ဖြစ်ပါ တယ်။ဆောက်သမ်တန်အသင်းနဲ့ စပါးအသင်းတို့ ၃ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲအပြီးမှာ ကွန်တီဟာ ဒေါသထွက်ပြီး ကစားသမားတွေနဲ့အသင်းကို သတင်းစာရှင်းလင်းပွဲမှာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာပါ။ စပါး အသင်းဟာ ဒီပွဲမှာ ၃ ဂိုး- ၁ ဂိုးနဲ့ ဦးဆောင်နေခဲ့ပေမယ့် ပွဲအပြီးမှာ သရေရလဒ်ထွက်ပေါ်ခဲ့တဲ့အပေါ် ကွန်တီက စိတ်ပျက်ခဲ့တာ ဖြစ်ပါတယ်။
ကွန်တီက ကစားသမားတွေဟာ တစ်ကိုယ်ကောင်းဆန်တယ်လို့ တံဆိပ်ကပ်ခဲ့သလို အသင်းရဲ့ယဉ်ကျေးမှုကို လည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာပါ။စပါးအသင်းနဲ့ ကွန်တီတို့ ချုပ်ဆိုထားတဲ့စာချုပ်ဟာ ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပေမယ့် ဒီလိုပြောဆိုမှုတွေကြောင့် လန်ဒန်ကလပ်ဟာ ရာသီအကုန်ထိ မစောင့်ဆိုင်းတော့ဘဲ နှစ်ဦးသဘောတူညီမှုနဲ့ ထွက်ခွာခွင့်ပေးခဲ့တာဖြစ်ပါတယ်။စပါးအသင်းဟာ ကွန်တီရဲ့နေရာမှာ သူ့ရဲ့လက်ထောက် နည်းပြဖြစ်တဲ့ စတယ်လီနီကို ရာသီအကုန်ထိ ခန့်အပ်ခဲ့တာပါ။
စပါးအသင်းဟာ ရာသီအကုန်မှာတော့ နည်းပြသစ်ခန့်အပ်နိုင်ဖို့ အခုကတည်းက ရှာဖွေမှုတွေပြုလုပ်နေတာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်နည်းပြဟောင်း နာဂျယ်လ်စမန်း၊ အသင်းနည်းပြဟောင်း ပိုချက်တီနိုနဲ့ စပိန်နည်းပြဟောင်း အင်းနရစ်တို့ ၃ ဦးထဲက ၁ ဦးက နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေတာဖြစ်ပါတယ်။လန်ဒန်ကလပ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေတာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ကို အဓိက ပစ်မှတ်ထားနေတာပါ။
စပါးအသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် တန်းဆင်းဇုန်က လွတ်မြောက်ဖို့ ကြိုးစားနေတဲ့ အဲဗာတန် အသင်းနဲ့ ဧပြီလ ၃ ရက်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source:Besoccer
- By CNI
- Category: အားကစား
- Hits: 516
CNI Sport News
၂၀၂၃ ခုနှစ်၊ မတ်လ ၂၈
တောင်အမေရိကဘောလုံးအဖွဲ့ချုပ်(CONMEBOL)ဟာ အာဂျင်တီးနားအသင်းကို ၂၀၂၂ ကမ္ဘာ့ဖလားရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ မက်ဆီကို သူ့ရဲ့ပုံတူရုပ်တုပြုလုပ်ပြီး ဂုဏ်ပြုခဲ့ပါတယ်။
တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ဟာ တနင်္လာနေ့က မက်ဆီကို ရုပ်တုထုလုပ်ပေးခဲ့တာဖြစ်ပြီး အဆိုပါရုပ်တုကို ဂန္တဝင်ကစားသမားတွေဖြစ်တဲ့ ပီလီ၊ မာရာဒိုနာတို့နဲ့အတူ အဖွဲ့ချုပ်ရဲ့ ပြတိုက်မှာ ထားရှိသွားမှာပါ။ ကိုပါလီ ဘာတေးဒိုးစ်ပြိုင်ပွဲအတွက် မဲခွဲမှုပြုလုပ်တဲ့ အခမ်းအနားမှာ မက်ဆီဟာ ကမ္ဘာ့ဖလားနဲ့ Finalissima ဆုဖလား ပုံတူတွေကိုလည်း ရရှိခဲ့ပါတယ်။မက်ဆီရဲ့ လက်ရွေးစင်အသင်းဖော်တွေနဲ့ နည်းပြ စကာလိုနီတို့ဟာ ဘရာဇီးလ် အသင်းကို အနိုင်ရပြီး ရရှိခဲ့တဲ့ ၂၀၂၁ ကိုပါအမေရိကဖလား အပါအဝင် ဆုဖလားအသေးစားတွေကို ရရှိခဲ့တာပါ။
မက်ဆီက “ကျနော်တို့ဟာ အလွန်ထူးခြားစွာနေထိုင်ကြပြီး လှပတဲ့အခိုက်အတန့်တွေနဲ့ ချစ်ခြင်းမေတ္တာ အများ အပြားကို ရယူနေကြပါတယ်။ကမ္ဘာ့ဖလားကို တောင်အမေရိက အသင်းတစ်သင်းထပ်မံရယူဖို့ အချိန်တန်ပါပြီ”လို့ ပြောခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌက မက်ဆီထံ ဘောလုံးရဲ့ ကျိုင်းတုတ်ကို ပေးအပ်ခဲ့ပြီး ဘောလုံးလောကရဲ့ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုကြောင်း ကြေညာခဲ့တာပါ။ အသက် ၃၅ နှစ်အရွယ်ရှိ မက်ဆီဟာ မကြာသေးခင်ကလည်း အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က နိုင်ငံရဲ့ ဘောလုံးလေ့ကျင့်ရေးစခန်းကို သူ့ရဲ့နာမည်ပြောင်းပြီး ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။အဲဒါကြောင့် အခုရက်သတ္တပတ်ဟာ မက်ဆီအတွက် ပြီးပြည့်စုံတဲ့ ရက်သတ္တပတ်ဖြစ်ခဲ့ရတာပါ။
အာဂျင်တီးနားအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရယူပြီးနောက် ပထမဆုံးပွဲစဉ်အဖြစ် ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပနားမားအသင်းနဲ့ ခြေစမ်းပွဲကစားခဲ့တာမှာ ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ဒီပွဲမှာ မက်ဆီ ဟာ ပြစ်ဒဏ်ဘောကန်သွင်းချက်ကနေ တိုက်ရိုက်ဂိုးသွင်းပြီး ကစားသမားဘ၀ သွင်းဂိုး ၈၀၀ ပြည့်မြောက် ခဲ့တာပါ။အာဂျင်တီးနားအသင်းဟာ မတ်လ ၂၉ ရက်မှာ ခြေစမ်းပွဲအဖြစ် ကူရာကာအိုအသင်းနဲ့ ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။
မက်ဆီဟာ ဒီ ခြေစမ်းပွဲအပြီးမှာတော့ ကလပ်အသင်းပွဲစဉ်တွေ ပြန်ကစားဖို့ ပီအက်စ်ဂျီအသင်းနဲ့ ပူးပေါင်းရမှာပါ။ ပီအက်စ်ဂျီအသင်းဟာ ဒီတစ်ပတ်မှာတော့ လီဂူးဝမ်းပွဲစဉ်အဖြစ် လိုင်ယွန်အသင်းနဲ့ အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:AP