
- By CNI
- Category: အားကစား
- Hits: 410
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃
ဘာစီလိုနာအသင်း တိုက်စစ်မှူး လီဝန်ဒေါစကီးက သူဟာ ငွေကြေး အများအပြားရမယ့် ဆော်ဒီကို ပြောင်းဖို့ စိတ်ဝင်စားခြင်းမရှိဘဲ ငွေကြေးထက် သူ့မှာ တခြားဦးစားပေးတွေ ရှိတယ်လို့ ပြောခဲ့ပါတယ်။
လီဝန်ဒေါစကီးက “ကျနော် အဲဒီအကြောင်းကို မစဉ်းစားပါဘူး။ ဘာကိစ္စမှမရှိရင် ကျနော်က ဘာကြောင့် ဒါကို စဉ်းစားနေရမှာလဲ။ ကျနော်နဲ့ ဘာစီလိုနာအသင်းက စာချုပ်သက်တမ်း ရှိနေပါတယ်။ ဆော်ဒီမှာ ဖြစ်ပျက်နေတဲ့ အရာတွေကို မြင်တွေ့ရပေမယ့် ကျနော့်ကို စိတ်မပူပါနဲ့။ ဘာကြောင့်လဲဆိုရင် ကျနော့်မှာ တခြားဦးစားပေးရမယ့် အရာတွေ ရှိပါတယ်”လို့ ပိုလန်သတင်း Sport Interia ကို ပြောပါတယ်။
အပြောင်းအရွှေ့ ဈေးကွက်ကို ဆော်ဒီနိုင်ငံက ငွေကြေး အများအပြား သုံးစွဲပြီး ဝင်ရောက်လာခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ရော်နယ်ဒိုကို ခေါ်ယူထားသလို မကြာသေးခင်က ဘန်ဇီမာကိုလည်း ခေါ်ယူထားနိုင်ခဲ့ပါ တယ်။
ဒါအပြင် ကန်တီ၊ ဖာမီနိုတို့ အပါအဝင် နာမည်ကြီး ကစားသမား အများအပြားကိုလည်း ခေါ်ယူနိုင်ဖို့ ချိတ်ဆက် မှုတွေ လုပ်နေပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်း တိုက်စစ်မှူး လီဝန်ဒေါစကီးကတော့ ဆော်ဒီ အပြောင်း အရွှေ့ကို စိတ်ဝင်စားခြင်း မရှိပါဘူး။
လီဝန်ဒေါစကီးဟာ သူတို့မျိုးဆက်ရဲ့ အကြီးကျယ်ဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး နာမည်ကြီးတွေကို ပစ်မှတ်ထားနေတဲ့ ဆော်ဒီနိုင်ငံရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
ရော်နယ်ဒိုနဲ့ ဘန်ဇီမာကိုတွေ့ရစဉ်
အသက် ၃၄ နှစ်အရွယ်ရှိ လီဝန်ဒေါစကီးဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ၃ နှစ် ကျန်ရှိနေသေးတာ ကြောင့် ငွေကြေး အများအပြား ရယူနိုင်မယ့် ကမ်းလှမ်းမှုတွေကို အလျင်စလို မဖြစ်ပါဘူး။
ဆော်ဒီဟာ မက်ဆီကို ဘီလျံနဲ့ချီတဲ့ ငွေကြေးပမာဏ အသုံးပြုပြီး ဆွဲဆောင်ခဲ့ပေမယ့် မရခဲ့တာကြောင့် နောက် ထပ် နာမည်ကြီးတွေကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။
လက်ရှိ အချိန်မှာ မန်စီးတီးအသင်းက မာရတ်ဇ်၊ ရီးရယ်လ်အသင်းက မိုဒရစ်နဲ့ ချယ်လ်ဆီးအသင်းက ကူလီဘာလီ တို့ကိုလည်း ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေသလို နည်းပြတွေကိုလည်း နိုင်ငံအတွင်း ခေါ်ဆောင်နိုင်ဖို့ ပစ်မှတ်ထား နေတာ ဖြစ်ပါတယ်။
ဆော်ဒီကလပ် အက်တီဖတ်အသင်းဟာ စတီဗင်ဂျရတ်ကို နည်းပြအဖြစ် ခန့်အပ်ဖို့ လုပ်ဆောင်နေတာကြောင့် လီဗာပူးလ် ဂန္တဝင်ကစားသမားဟာ ဆော်ဒီနိုင်ငံကို ရောက်ရှိနေပါတယ်။
စတီဗင်ဂျရတ်ဟာ အက်စတွန်ဗီလာကနေ ထုတ်ပယ်ခံရတဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ကတည်းက နည်းပြ အလုပ်အကိုင် ရှာဖွေနေတာဖြစ်ပြီး လက်စတာ၊ ပိုလန်အသင်းတွေရဲ့ နည်းပြရာထူး အတွက်လည်း ချိတ်ဆက်မှု ခံခဲ့ရပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 501
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃
ဂရီလစ်ရှ်ဟာ မန်စီးတီးအသင်းရဲ့ ဆုဖလား ၃ လုံးအောင်ပွဲခံအခမ်းအနားမှာ ကွင်းလယ်ကစားသမား ဘာနာဒို ဆေးလ်ဗားကို အသင်းမှာ ဆက်နေဖို့ အသနားခံနေတဲ့ ရုပ်သံမှတ်တမ်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ အင်တာမီလန်အသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အနိုင်ရပြီး တစ်ရာသီအတွင်း ဆုဖလား ၃ လုံး ရယူနိုင်ခဲ့ပြီးနောက် အသင်းသားတွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေဟာ မန်ချက်စတာမှာ အောင်ပွဲခံ အခမ်းအနားတွေကို ဆက်လက်ကျင်းပနေခဲ့တာပါ။
ပေါ်တူဂီကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားဟာ မန်စီးတီးအသင်း ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ ချန်ပီယံလိဂ်ဖလား တွေ ရယူနိုင်ခဲ့တာမှာ အဓိကအရေးပါတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဘာနာဒိုဆေးလ်ဗားနဲ့ မန်စီးတီး အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂ နှစ်ကျန်ရှိနေသေးပေမယ့် ပီအက်စ်ဂျီအသင်းက အခု နွေရာသီ အပြောင်း အရွှေ့မှာ ခေါ်ယူနိုင်ဖို့ ကြိုးစားနေတာပါ။ ဒါ့အပြင် ဘာစီလိုနာအသင်းကလည်း ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူနိုင် ဖို့ ကာလကြာရှည် စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းရဲ့ အောင်ပွဲခံအခမ်းအနားမှာ ဂရီလစ်ရှ်က ဘာနာဒိုဆေးလ်ဗားကို လက်အုပ်ချီပြီး “ကျေးဇူးပြုပြီး မသွားပါနဲ့” ဆိုတဲ့ သီချင်းကို သီဆိုကာ အသင်းမှာ ဆက်နေဖို့ အသနားခံနေခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိ ဘာနာဒိုဆေးလ်ဗားဟာ ၂၀၁၇ က မိုနာကိုကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်း အတွက် ပွဲပေါင်း ၃၀၆ ပွဲ ပါဝင်ကစားထားကာ ၅၅ ဂိုးသွင်းယူပြီး ၅၉ ဂိုးဖန်တီးနိုင်ခဲ့တာပါ။ ပေါ်တူဂီကစားသမား ဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ FA ဖလား ၂ ကြိမ်၊ လိဂ်ဖလား ၄ ကြိမ်နဲ့ ချန်ပီယံလိဂ် ဖလား ၁ ကြိမ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဘာနာဒိုဆေးလ်ဗားကတော့ လက်ရှိအချိန်မှာ မန်စီးတီးအသင်းရဲ့ အောင်ပွဲခံအခမ်းအနားကို ပျော်ပျော်ကြီး ဆင်နွှဲမှာဖြစ်ပြီး အနာဂတ်နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းဖြေကြားခဲ့ခြင်းမရှိပါဘူး။
ဘာနာဒိုဆေးလ်ဗားက “ရိုးရိုးသားသားပြောရရင် ကျနော်မသိပါဘူး။ လာမယ့် ရက်သတ္တပတ်အနည်းငယ်၊ လအနည်းငယ်မှာ ဘာတွေဖြစ်မလဲဆိုတာကို မြင်တွေ့ရမှာပါ။ အခုအချိန်မှာတော့ အောင်ပွဲခံအခမ်းအနားကို ဆင်နွှဲသွားမယ်” လို့ ပြောခဲ့ပါတယ်။
Source:Metro

- By CNI
- Category: အားကစား
- Hits: 6232
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃
မက်ဆီဟာ ခြေစမ်းပွဲကစားမယ့် အာဂျင်တီးနားအသင်းနဲ့ ပူးပေါင်းဖို့အတွက် ဘေဂျင်းလေဆိပ်ကို အရောက်မှာ တရုတ်နယ်စပ် တာဝန်ရှိသူတွေနဲ့ ထိပ်တိုက် တွေ့ပြီး အငြင်းပွားမှု ဖြစ်ခဲ့ပါတယ်။
အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ လက်ရွေးစင် အသင်းဖော် ဒီမာရီယာ အပါအဝင် သူငယ်ချင်းတွေ၊ ကိုယ်ရံ တော်တွေနဲ့ ဘေဂျင်းကို ရောက်ရှိလာခဲ့တာပါ။
ဒါပေမယ့် မက်ဆီဟာ တရုတ်မြို့တော်ကို ရောက်ရှိချိန်မှာ သူအသုံးပြုခဲ့တဲ့ ပတ်စပို့စ်ကြောင့် နယ်စပ် တာဝန်ရှိ သူတွေနဲ့ ထိပ်တိုက် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
တရုတ်မီဒီယာတွေက မက်ဆီဟာ အာဂျင်တီးနားနိုင်ငံ ပတ်စ်ပို့စ်အစား စပိန်နိုင်ငံပတ်စပို့စ်နဲ့ ခရီးသွားခဲ့လို့ အခုလို ဖြစ်ခဲ့တာလို့ ဖော်ပြကြပါတယ်။
အသက် ၃၅ နှစ်အရွယ်ရှိ မက်ဆီက ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့ ယူဆတာကြောင့် စပိန်ပတ်စပို့စ် အသုံးပြုခဲ့တယ်လို့ ယုံကြည်ရပြီး ထိုင်ဝမ်က တရုတ်မဟုတ်ဘူးလားလို့ နယ်စပ်တာဝန်ရှိသူတွေကို မေးခဲ့တာကို ကြားခဲ့ရကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
မက်ဆီက သူ့မှာ အာဂျင်တီးနား ပတ်စပို့စ် မပါဝင်ဘူးလို့ နယ်စပ်တာဝန်ရှိသူတွေထံ အကြောင်းကြားခဲ့ပြီးနောက် ဗီဇာရရှိဖို့ အချိန် ၂ နာရီကြာ စောင့်ဆိုင်း ခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီနောက်မှာတော့ မက်ဆီဟာ ဒီပြဿနာတွေကို ဖြေရှင်းပြီး လေဆိပ်ကနေ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။
မက်ဆီကို ပရိသတ်တွေ စောင့်နေကြစဉ်
ဒါအပြင် ပီအက်စ်ဂျီ ကစားသမားဟောင်းဟာ သူ့ကို တွေ့ဆုံဖို့အတွက် ပရိသတ် အများအပြားက အပြင်မှာ စုရုံး ပြီး စောင့်ဆိုင်းနေခဲ့တာကြောင့် အာဂျင်တီးနား အသင်းဖော်တွေနဲ့အတူ ဘေဂျင်းဟိုတယ်မှာ ယာယီပိတ်မိနေခဲ့ တယ်လို့လည်း တရုတ်အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ရာနဲ့ချီတဲ့ ပရိသတ်တွေဟာ ဟိုတယ်ရဲ့ ပင်မဝင်ပေါက်ထဲကို ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြပြီး ကစားသမားတွေ ဟိုတယ်ကနေ ထွက်ခွာဖို့ လုံခြုံရေးအရ မဖြစ်နိုင်ခဲ့လို့ လေ့ကျင့်ရေး အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရပေမယ့် နောက်ပိုင်း မှာတော့ လေ့ကျင့်မှုတွေ ပြန်လည် ပြုလုပ်နိုင်ခဲ့ပါတယ်။
အာဂျင်တီးနားအသင်းဟာ ဇွန်လ ၁၅ ရက် ဘေဂျင်းမှာ သြစတြေးလျနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်မှာဖြစ်ပြီး ၁၉ ရက် မှာတော့ အင်ဒိုနီးရှားအသင်းနဲ့ ဂျကာတာမှာ ခြေစမ်းပွဲ ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။
Source: Daily Mail

- By Webmaster 2
- Category: အားကစား
- Hits: 606
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃
ဘတ်ပီဟာ စာချုပ်သက်တမ်း တိုးတော့မှာ မဟုတ်ဘူးလို့ ပီအက်စ်ဂျီအသင်းကို ပြောခဲ့တာကြောင့် ပြင်သစ် ကလပ်ဟာ အခုနွေရာသီမှာ ကစားသမားကို ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ နိုင်ငံတကာ အားကစားသတင်း တွေမှာ ဖော်ပြထားပါတယ်။
ပီအက်စ်ဂျီနဲ့ ပြင်သစ် အသင်းခေါင်းဆောင်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၄ မှာ ကုန်ဆုံးမှာဖြစ်ပြီး ကစား သမားဟာ နောက်ထပ် တစ်နှစ် ထပ်မံ သက်တမ်းတိုးဖို့အတွက် ရွေးချယ်ခွင့် ရှိပါတယ်။
ဘတ်ပီအနေနဲ့ ၂၀၂၅ အထိ သက်တမ်းတိုးမယ်ဆိုရင် ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထားပြီး ပီအက်စ်ဂျီအသင်းကို ပြောရမှာ ဖြစ်ပါတယ်။
ပြင်သစ်ကစားသမားဟာ လအတော်ကြာ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် သက်တမ်းတိုးမှာ မဟုတ်တဲ့ အကြောင်းကို ပီအက်စ်ဂျီအသင်းထံ စာပေးပို့ခဲ့ပါတယ်။
ပီအက်စ်ဂျီ အသင်းကတော့ ဘတ်ပီကို စာချုပ်သက်တမ်းတိုးဖို့ စိတ်အားထက်သန်နေပေမယ့် ကစားသမားပေး ပို့တဲ့စာကြောင့် စိတ်ပျက်နေခဲ့တယ်လို့ သိရပါတယ်။
ဘတ်ပီအနေနဲ့ စာချုပ်သက်တမ်း မတိုးတော့ဘူးဆိုရင် လာမယ့် ဇန်နဝါရီမှာ အခြားအသင်းတွေနဲ့ အကြို စာချုပ်ချုပ်ဆိုလို့ ရမှာဖြစ်သလို ရာသီအကုန်မှာ အလွတ်နဲ့ ထွက်ခွာခွင့်ပါ ရရှိမှာပါ။
မက်ဆီနဲ့ ဘတ်ပီကို တွေ့ရစဉ်
ပီအက်စ်ဂျီအသင်းဟာ ဒီအခြေအနေတွေကြောင့် ဘတ်ပီကို စာချုပ်သက်တမ်း မတိုးနိုင်ရင် အခုနွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချဖို့ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။
ဘတ်ပီကို ခေါ်ယူဖို့ ကာလကြာရှည် စိတ်ဝင်စားနေတဲ့ ရီးရယ်လ်အသင်းဟာ ဒီအခြေအနေကို စောင့်ကြည့်နေ တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဘတ်ပီဟာ ပြီးခဲ့တဲ့နှစ်က စပိန်ကလပ်ထံ ပြောင်းဖို့ နီးစပ်ခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း တိုးခဲ့ လို့ အပြောင်းအရွှေ့ မဖြစ်ခဲ့ပါဘူး။
ရီးရယ်လ်အသင်းဟာ လက်ရှိအချိန်မှာ အသင်းခေါင်းဆောင် ဖြစ်ခဲ့သူ ဘန်ဇီမာ တစ်ယောက် ဆော်ဒီကလပ် အယ်လ်အီးတီဟတ်ကို ပြောင်းခဲ့လို့ တိုက်စစ်မှူး ရှာဖွေနေပါတယ်။
ဒါကြောင့် စပါးတိုက်စစ်မှူး ဟာရီကိန်း တစ်ယောက်လည်း ရီးရယ်လ်ရဲ့ ကစားသမား အဝယ်စာရင်းထဲမှာ ပါဝင်နေ ပြန်ပါတယ်။
၂၀၁၇ က မိုနာကိုကနေ ယူရိုသန်း ၁၈၀ နဲ့ ရောက်ရှိလာခဲ့တဲ့ ဘတ်ပီဟာ ပီအက်စ်ဂျီ အသင်းအတွက် ပွဲပေါင်း ၂၆၀ ပါဝင်ကစားပြီး ၂၁၂ ဂိုး သွင်းယူကာ အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရှိနေပါတယ်။
ပီအက်စ်ဂျီအသင်းဟာ မကြာသေးခင်က စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီဖြစ်တဲ့ မက်ဆီကို လက်လွှတ်ခဲ့ရပြီး နောက် နောက်ထပ် နာမည်ကြီး ကစားသမားဖြစ်တဲ့ ဘတ်ပီကိုပါ ဆုံးရှုံးရဖွယ် ရှိနေပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 580
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃
ဒီဘရိုင်းဟာ အင်တာမီလန်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရရှိခဲ့တဲ့ တံကောက်ကြော စုတ်ပြဲတဲ့ ဒဏ်ရာကြောင့် မန်စီးတီးအသင်းရဲ့ လာမယ့်ရာသီအစ ပွဲစဉ်တွေကို လွဲချော်ဖွယ်ရှိတယ်လို့ သိရပါတယ်။
ဘယ်လ်ဂျီယံ ကွင်းလယ်လူဟာ မန်စီးတီးအသင်းက အင်တာမီလန်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်ရဲ့ ပွဲချိန်မိနစ် ၃၀ မှာ တံကောက်ကြောစုတ်ပြဲတဲ့ ဒဏ်ရာရရှိသွားခဲ့တာပါ။ ဒီဘရိုင်းဟာ ပြီးခဲ့တဲ့ ၂ လလောက်ကတည်းက ဒီဒဏ်ရာကို ခံစားနေရတာဖြစ်ပေမယ့် မန်စီးတီးအသင်းအတွက် ပါဝင်ကစား ပေးနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာတော့ ဒီဘရိုင်းရဲ့ဒဏ်ရာဟာ ပိုပြီးဆိုးခဲ့တာကြောင့် လူစားလဲခဲ့ရတာပါ။
ဒီဘရိုင်းက “ဒဏ်ရာကြောင့် ၂ လလောက် ရုန်းကန်ခဲ့ရပေမယ့် ကျနော် အရာအားလုံးကို ပေးခဲ့တယ်ဆိုတာ အသင်းမှာရှိတဲ့ လူတိုင်းသိပါတယ်။ ဒါပေမယ့် ကျနော်တို့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့တဲ့အတွက် ဒါက မဆိုးရွားခဲ့ပါဘူး” လို့ ပြောခဲ့ပါတယ်။
ဒီဘရိုင်းဟာ ပြီးခဲ့တဲ့ရာသီ မန်စီးတီးအသင်း ဆုဖလား ၃ လုံး ရယူနိုင်ခဲ့တာမှာ အရေးပါတဲ့ ကစားသမားဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးဖန်တီးမှုအများဆုံးဖြစ်ခဲ့တာပါ။ ဘယ်လ်ဂျီယံ ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၄၉ ပွဲပါဝင်ကစားခဲ့ပြီး ၁၀ ဂိုးသွင်းယူကာ ၃၁ ဂိုးအထိ ဖန်တီး နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် တယ်လီဂရပ်က ဒီဘရိုင်းဟာ ဒဏ်ရာကြောင့် ၃ လလောက် အနားယူရနိုင်တယ်လို့ ဖော်ပြခဲ့ပြီး အဲဒါကြောင့် မန်စီးတီးအသင်းဟာ သူတို့ရဲ့ အဓိက ကစားသမားကို ရာသီကြိုခြေစမ်းပွဲတွေနဲ့ ရာသီအစ ပွဲစဉ် တွေမှာ လက်လွှတ်ရဖွယ် ရှိနေတာပါ။ ၂၀၁၅ က မန်စီးတီးအသင်းကို ဝုလ်ဖ်ဘတ်ကနေ ရောက်ရှိလာခဲ့တဲ့ ဒီဘရိုင်းနဲ့ အသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ အထိ သက်တမ်းရှိနေတာဖြစ်ပါတယ်။
Source:metro

- By CNI
- Category: အားကစား
- Hits: 2008
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃
ဝိတ်တန်း ၅ ခု ချန်ပီယံဟောင်း မေဝယ်သာဟာ ဂျွန်ဂေါ်တီ ၃ နဲ့ ထိုးသတ်ခဲ့တဲ့ သရုပ်ပြပွဲမှာ ပြိုင်ဘက်ဖြစ်သူက လက်သီးနဲ့ အဆတ်မပြတ် ထိုးသတ်ဖို့ လုပ်ဆောင်ခဲ့တာကြောင့် လက်ဝှေ့ကြိုးဝိုင်းထဲမှာ ကြီးမားတဲ့ ရန်ပွဲနဲ့ အဆုံး သတ်ခဲ့ပါတယ်။
မေဝယ်သာဟာ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်ရှိ FLA Live Arena မှာ ကျင်းပခဲ့တဲ့ သရုပ်ပြပွဲမှာ ဂျွန်ဂေါ်တီနဲ့ ၅ ချီအထိ သက်တောင့်သက်သာ ထိုးသတ်ပြီး ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
သူတို့နှစ်ဦးဟာ သရုပ်ပြပွဲ ထိုးသတ်နေတဲ့ အချိန်အတွင်း အပြန်အလှန် စကားပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
ဒါပေမယ့် ၆ ချီမြောက် အစပိုင်းမှာ သူတို့နှစ်ဦးဟာ နှုတ်နဲ့ တိုက်ခိုက်နေမှုကို ရပ်တန့်ဖို့ ငြင်းဆိုခဲ့ပြီးနောက် ဒိုင်လူကြီး ဘေလတ်စ်က ဝင်ရောက်ပြီးတော့ ပွဲကို ရပ်တန့်ဖို့ လုပ်ခဲ့ရပါတယ်။
နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဂျွန်ဂေါ်တီရဲ့ မြေးဖြစ်သူ ဂျွန်ဂေါ်တီ ၃ ဟာ ဒီဆုံးဖြတ်ချက်ကို ဒေါသထွက်ခဲ့ပြီး မေဝယ်သာကို အဆတ်မပြတ် လက်သီးနဲ့ ထိုးဖို့ လုပ်ဆောင်ခဲ့တာပါ။
ဒိုင်လူကြီးက တားရတဲ့ ဂျွန်ဂေါ်တီ ၃ နဲ့ မေဝယ်သာတို့ရဲ့ ပွဲကိုတွေ့ရစဉ်
ဂျွန်ဂေါ်တီ ၃ ရဲ့ လုပ်ဆောင်မှုကြောင့် ကစားသမားတွေရဲ့ အဖွဲ့တွေဟာ လက်ဝှေ့ကြိုးဝိုင်းပေါ်ကို ရောက်ရှိ လာခဲ့ကြပါတယ်။
ကြိုးဝိုင်းထဲမှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာကြောင့် မေဝယ်သာကို သူရဲ့ အဖွဲ့က အဝတ်လဲခန်းထဲကို ခေါ်ဆောင် သွားခဲ့ပါတယ်။
မေဝယ်သာဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့လောကကနေ အနားယူပြီးနောက် သရုပ်ပြပွဲတွေကို ထိုးသတ် နေတာဖြစ်ပြီး ပွဲစဉ် ၇ ပွဲ အရောက်မှာ ဒီအဖြစ်အပျက် ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
မေဝယ်သာဟာ ဒီပွဲမတိုင်ခင် နောက်ဆုံး ထိုးသတ်ခဲ့တဲ့ ၆ ပွဲမှာ ၃ ပွဲအနိုင်ရခဲ့ပြီး ကျန်တဲ့ပွဲတွေမှာ ရလဒ်တွေ မထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝမှာတော့ မေဝယ်သာဟာ ပွဲပေါင်း ၅၀ ထိုးသတ်ခဲ့တာမှာ ပွဲ ၅၀ စလုံး အနိုင်ရပြီး စံချိန်မှတ်တမ်းကောင်း တစ်ခုကို ရရှိထားပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 712
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂
ဂရမ်းဆလမ်း ချန်ပီယံဆုကို စံချိန်တင် ၂၃ ကြိမ်မြောက် ရယူနိုင်ခဲ့ပြီးနောက် သူက အချိန်တိုင်းရဲ့ အကြီးကျယ်ဆုံး ကစားသမား ဖြစ်တယ်ဆိုတာကို သူဆုံးဖြတ်ရမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ဂျိုကိုဗစ်က “ဒီဆွေးနွေးပွဲတွေမှာ ကျနော် မပါဝင်ချင်ပါဘူး။ ကျနော့်ရဲ့ ကိုယ်ပိုင် သမိုင်းကြောင်းကိုပဲ ကျနော် ရေးနေတာပါ။ ကျနော်က အကြီးကျယ်ဆုံးသူလို့ မပြောချင်ပါဘူး။ တခြားသူတွေကသာ ဒါကို ဆုံးဖြတ်ရမှာပါ”လို့ ပြောခဲ့တာပါ။
အသက် ၃၆ နှစ်အရွယ်ရှိ ဂျိုကိုဗစ်ဟာ ပြင်သစ်အိုးပန်းပြိုင်ပွဲ ဗိုလ်လုပွဲမှာ ကတ်စပါရုဒ်ကို ၇-၆၊ ၆-၃၊ ၇-၅ နဲ့ အနိုင် ရပြီးနောက် ဂရမ်းဆလမ်း ချန်ပီယံဆုကို ၂၃ ကြိမ်မြောက်ရယူကာ အမျိုးသားတင်းနစ် ကစားသမားတွေထဲမှာ စံချိန်တင် ဂရမ်းဆလမ်း ရယူနိုင်တဲ့သူ ဖြစ်လာခဲ့ပါတယ်။
ဂျိုကိုဗစ်ကို တွေ့ရစဉ်
ဂျိုကိုဗစ်ဟာ အရင်က ရာဖေးလ်နာဒယ်လ်နဲ့ ၂၂ ကြိမ်ချင်း တူညီတာကနေ ၁ ကြိမ် အသာရသွားခဲ့တာပါ။
ဒီပြိုင်ပွဲမှာ ရာဖေးလ်နာဒယ်လ် ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တာက ဆားဘီးယား တင်းနစ်သမားအတွက် စံချိန် တင်နိုင်ဖို့ အခွင့်အရေး ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
စပိန် တင်းနစ်သမားဟာ ဒဏ်ရာတွေကြောင့် ၂၀၂၄ မှာ အနားယူဖို့ စီစဉ်နေပြီး အသက် ၄၁ နှစ်အရွယ်ရှိ ရော်ဂျာ ဖက်ဒဲရားကလည်း အနားယူသွားပြီဖြစ်လို့ ဂျိုကိုဗစ် အနေနဲ့ ဂရမ်းဆလမ်း ဆုဖလား အရေအတွက်ကို ထပ်ပြီး တိုးနိုင်ဖို့ အခွင့်အရေးတွေ ရှိနေခဲ့တာပါ။
ဂျိုကိုဗစ်က “သူတို့ နှစ်ဦးရဲ့ အထက်မှာ ရောက်နေရတာက အံ့သြစရာပါပဲ။ ဒါပေမယ့် တစ်ချိန်တည်းမှာ လူတိုင်း က ကိုယ့်သမိုင်း ကိုယ်ရေးနေကြတာပါ။ သူတို့မျိုးဆက်တွေရဲ့ ကြီးကျယ်ခမ်းနားတဲ့ ချန်ပီယံတစ်ဦးစီတိုင်းဟာ ကြီးမားတဲ့ အမှတ်အသားတွေနဲ့ အမွေအနှစ်တွေကို ချန်ထားခဲ့တယ်လို့ ခံစားရပါတယ်။ ကျနော်ကလည်း ကြီးမား တဲ့ ယုံကြည်မှုတွေ၊ ယုံကြည်ချက်တွေ အပြည့်ရှိပါတယ်။ ဒီဆုဖလားက ကျနော် အခုထိ ထုတ်လုပ်နိုင်ခဲ့တဲ့ တင်း နစ် အရည်အသွေးရဲ့ နောက်ထပ် အတည်ပြုမှုပါပဲ”လို့ ပြောခဲ့ပါတယ်။
ဂျိုကိုဗစ်ဟာ ပြင်သစ်အိုးပန်းပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာကြောင့် ကမ္ဘာ့အဆင့် ၁ နေရာကို ပြန်လည် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 602
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂
အာဂျင်တီးနားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဗိုလ်လုပွဲအဖြစ် ဥရုဂွေးအသင်းနဲ့ အီတလီအသင်းတို့ ကစားခဲ့တာမှာ ဥရုဂွေးအသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဥရုဂွေးအသင်းအတွက် တစ်လုံးထဲသောအနိုင်ဂိုးကို ပွဲချိန် ၈၆ မိနစ်မှာ လူစီယာနို ရိုဒရီဂွတ်ဇ်က ခေါင်းတိုက် သွင်းယူခဲ့တာဖြစ်ပြီး သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ယူ-၂၀ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။ ဥရုဂွေးအသင်းဟာ ၁၉၉၇ နဲ့ ၂၀၁၃ ပြိုင်ပွဲတွေမှာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲတက်နိုင်ခဲ့ပေမယ့် အရေးနိမ့်ခဲ့တာကြောင့် ဆုဖလားကို လက်လွှတ်ခဲ့ရတာကို ဒီတစ်ကြိမ်မှာ အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဥရုဂွေးအသင်းဟာ အုပ်စုတွင်းမှာ အင်္ဂလန်အသင်းဘက်ကို ၃ ဂိုးပေးခဲ့ရတာကလွဲပြီး ကျန်ပွဲတွေမှာ ပေးဂိုး မပေးခဲ့ရဘဲ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
အနိုင်ဂိုးရှင် လူစီယာ ရိုဒရီဂွတ်ဇ်က “ဒါက ရူးသွပ်စရာပါပဲ။ ဒီဆုဖလားက ကျနော်တို့နဲ့ ထိုက်တန်ပါတယ်။ ကျနော်တို့ရဲ့ အိပ်မက်တွေဟာ ရှင်သန်နေပါတယ်” လို့ ပွဲအပြီးမှာ ငိုကြွေးပြီးပြောခဲ့ပါတယ်။
အီတလီနည်းပြ နွန်ဇီယာတာက ဥရုဂွေးကစားပုံပိုကောင်းတာကို အသိအမှတ်ပြုပေမယ့် ဆိုးရွားတဲ့ကွင်းကြောင့် သူ့ကစားသမားတွေကို ထိခိုက်စေတယ်လို့ ပြောခဲ့တာပါ။
နွန်ဇီယာတာက “ဒီကွင်းက ကျွမ်းကျင်မှုရှိတဲ့ ကစားသမားတိုင်းကို အပြစ်ပေးထားပါတယ်။ ကျနော်တို့ဟာ မယုံနိုင်လောက်အောင် သွားခဲ့ပါတယ်။ ဒီပွဲမှာ ကျနော်တို့အသင်း အကောင်းဆုံးလုပ်နိုင်ခဲ့ပေမယ့် ဥရုဂွေးက ကျနော်တို့ထက် ပိုပြီးကောင်းပါတယ်”လို့ ပြောခဲ့ပါတယ်။
ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ တတိယနေရာလုပွဲမှာတော့ အစ္စရေးအသင်းက တောင်ကိုရီးယားအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး တတိယနေရာရရှိခဲ့တာပါ။ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရုဂွေးအသင်းဗိုလ်စွဲခဲ့ပေမယ့် အကောင်း ဆုံးဆုတွေကို အီတလီအသင်းက ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ ရွှေဘောလုံးဆုနဲ့ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို အီတလီ ကွင်းလယ်လူ ကာဆာဒီက ရရှိခဲ့ပြီး ရွှေလက်အိတ်ဆုကို အီတလီဂိုးသမား ဒတ်စ်ပလန်ချက်စ်က ရရှိခဲ့တာပါ။ FIFA Fair Play Trophy ကို အမေရိကန်အသင်းက ရရှိခဲ့တာဖြစ်ပါတယ်။
Source:AP

- By Webmaster 2
- Category: အားကစား
- Hits: 402
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၁
မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ကစားခဲ့တဲ့ အင်တာမီလန်အသင်းနဲ့ ပွဲမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။
မန်စီးတီးအတွက် အနိုင်ဂိုးကို ရိုဒရီဂိုက ပွဲချိန် ၆၈ မိနစ်မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ဆုဖလားကို အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ရယူနိုင်ခဲ့တာပါ။
ဒါအပြင် ပရီးမီးယားလိဂ်နဲ့ FA ဖလားကိုပါ ရယူထားနိုင်ခဲ့တဲ့ မန်စီးတီးအသင်းဟာ အခု ချန်ပီယံလိဂ်ဖလားကြောင့် တစ်ရာသီအတွင်း ဆုဖလား ၃ လုံးရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ တစ်ရာသီအတွင်း ဆုဖလား ၃ လုံးရယူနိုင်တဲ့ ဒုတိယမြောက် အင်္ဂလန်ကလပ်ဖြစ်လာခဲ့ပါတယ်။
မန်စီးတီးအသင်း မတိုင်ခင် မြို့ခံပြိုင်ဘက် ယူနိုက်တက်အသင်းက ဒီစံချိန်မှတ်တမ်းကို ရယူထားခဲ့တာကြောင့် မန်စီးတီးအသင်းဟာ ယူနိုက်တက်အသင်းရဲ့ ဒီစံချိန်ကို လိုက်မှီခဲ့တာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 578
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၁
ချယ်လ်ဆီးဂန္တဝင် ပီတာချက်ဟာ တတိယတန်း ရေခဲပြင် ဟော်ကီကလပ် အောက်စဖို့ဒ်စီးတီးစတား ရေခဲပြင် ဟော်ကီအသင်းနဲ့ စာချုပ်ချုပ်ဆိုလိုက်ပြီး ရေခဲပြင် ဟော်ကီ ကစားသမားအဖြစ် ပြန်လည် ယှဉ်ပြိုင်တော့မှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပေးဂိုး မပေးရတဲ့ ပွဲအများဆုံး ဂိုးသမားအဖြစ် ၂၀၂ ပွဲနဲ့ စံချိန်တင်ထားတဲ့ ပီတာချက်ဟာ ၂၀၁၉ မှာ ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။
အသက် ၄၁ နှစ်အရွယ်ရှိ ပီတာချက်ဟာ ဘောလုံးကစားသမားဘဝက အနားယူပြီးနောက် ရေခဲပြင် ကော်ကီ အသင်းတွေဖြစ်တဲ့ ဂေးလ်ဖော့ဒ်ဖီးနစ်အသင်းမှာ ၂၀၁၉ ကနေ ၂၀၂၂ အထိ၊ ချဲလ်စဖော့ဒ်အသင်းမှာ ၂၀၂၂ ကနေ ၂၀၂၃ အထိ ကစားခဲ့တာ ဖြစ်ပါတယ်။
ပီတာချက်ဟာ NHL ကလပ် ချီကာဂို ဘလက်ခ်ဟော့ခ် အသင်းနဲ့လည်း လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ပီတာချက်ကိုတွေ့ရစဉ်
တတိယတန်းကလပ် အောက်စဖို့ဒ်စီးတီးစတားအသင်းက ပီတာချက်ကို ခေါ်ယူနိုင်ခဲ့ပြီလို့ အတည်ပြုခဲ့ပြီးနောက် ချယ်လ်ဆီးဂန္တဝင်ဟာ ဟော်ကီနယ်ပယ်မှာ နောက်ထပ် စိန်ခေါ်မှုတွေကို ထပ်ပြီးရင်ဆိုင်ဖို့ အချိန်ရောက်ရှိလာခဲ့ တာ ဖြစ်ပါတယ်။
ပီတာချက်ဟာ ဘောလုံးကစားသမားဘဝ မစတင်ခင်က ချက်နိုင်ငံက အငယ်တန်းဟော်ကီပြိုင်ပွဲမှာ ပါဝင် ကစားခဲ့ဖူးပါတယ်။
ပီတာချက်က “အောက်စဖို့ဒ်စီးတီးစတားအသင်းနဲ့ ကဏ္ဍအသစ်အတွက် ကျနော်စိတ်လှုပ်ရှားမိပါတယ်။ ကလပ် အကြောင်းကို ကောင်းမွန်စွာ ကြားခဲ့ရပြီး အသင်းဖော်ဟောင်းတချို့နဲ့လည်း ပြန်ကစားခွင့်ရဖို့ မျှော်လင့်ပါတယ်။ အောက်စဖို့ဒ်မှာ ကြီးမားတဲ့ ရည်ရွယ်ချက်တွေ ရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိရတဲ့အတွက် ဒါတွေကို ကူညီ ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း” ကလပ်ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကို ပြောခဲ့ပါတယ်။
ပီတာချက်ဟာ ဘောလုံး ကစားသမားဘဝမှာ အောင်မြင်ခဲ့သလို ရေခဲပြင်ဟော်ကီ ကစားသမားဘဝမှာလည်း အောင်မြင်မှုတချို့ ရယူနိုင်ခဲ့တဲ့ မှတ်တမ်းကောင်းတွေ ရှိခဲ့ပါတယ်။
Source: Goal