
- By CNI
- Category: အားကစား
- Hits: 629
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၄
ချယ်လ်ဆီးအသင်းကနေ အင်တာမီလန်အသင်းထံ အငှားနဲ့ လာရောက်ကစားနေတဲ့ တိုက်စစ်မှူး လူကာကူက အီတလီ ကလပ်မှာပဲ ဆက်ပြီး ရှိချင်တယ်လို့ ပြောလိုက်ပါတယ်။
လူကာကူက “ကျနော့်မှာ ပရိသတ်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး အင်တာမီလန်အတွက် အရာအားလုံး ပေးစွမ်းနိုင်ဖို့ အမြဲတမ်း ကြိုးစားခဲ့ပါတယ်။ သူတို့ဟာ ကျနော့်ကို လွန်ခဲ့တဲ့ ၂ နှစ်က အောင်ပွဲခံဖို့ အခွင့်အရေး ပေးခဲ့ပါတယ်။ ကျနော် အင်တာမီလန်မှာ ဆက်ပြီး ရှိချင်ပါတယ်။ ဒါပေမယ့် တခြားလူတွေက စကားပြောတဲ့ အတွက် အဲဒါတွေကို အာရုံစိုက်ဖို့ လိုပါတယ်။ ကျနော့်ရဲ့ ရည်မှန်းချက်က အင်တာမီလန်အတွက် အကောင်းဆုံး ပေးဆပ်ဖို့ပါ”လို့ ပြောခဲ့တာပါ။
အသက် ၂၉ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ ၂၀၂၁ ခုနှစ်က ပေါင် ၉၇.၅ သန်းနဲ့ အင်တာမီလန်ကနေ ချယ်လ်ဆီး အသင်းထံ ပြောင်းရွှေ့လာခဲ့ပေမယ့် ပထမရာသီမှာတင် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။
အဲဒါကြောင့် လူကာကူဟာ ပြီးခဲ့တဲ့ နွေရာသီက အင်တာမီလန် အသင်းထံ အငှားနဲ့ ပြန်လည် ပြောင်းရွှေ့ခဲ့တာ ဖြစ်ပေမယ့် အီတလီကလပ်မှာလည်း ဒဏ်ရာတွေနဲ့အတူ ခက်ခဲတဲ့ရာသီကို ဖြတ်သန်းခဲ့ရတာပါ။
ချယ်လ်ဆီး အသင်းမှာ ကစားခဲ့တုန်းက လူကာကူကိုတွေ့ရစဉ်
အဲဒါကြောင့် အင်တာမီလန်အသင်းဟာ လူကာကူကို အပြီးသတ် ခေါ်ယူဖွယ်မရှိဘဲ စာချုပ်ကုန်ဆုံးချိန်မှာ ကစား သမားဟာ ချယ်လ်ဆီးအသင်းထံ ပြန်သွားလိမ့်မယ်လို့ အသင်းစီအီးအို မာရော့တာက ပြောခဲ့ပါတယ်။
ဒါပေမယ့် လူကာကူကတော့ အငှားစာချုပ် ကုန်ဆုံးချိန်မှာလည်း အင်တာမီလန် အသင်းမှာပဲ ဆက်ပြီး ရှိချင်တယ် လို့ အခိုင်အမာ ပြောခဲ့တာပါ။
ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းရဲ့ တိုက်စစ်မှူးဟာ အခုနောက်ပိုင်းပွဲတွေမှာ အင်တာမီလန် အသင်းအတွက် ခြေစွမ်းပြသနေပြီး နောက်ဆုံးကစားခဲ့တဲ့ အမ်ပိုလီနဲ့ပွဲမှာ ၂ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးခဲ့တာ ဖြစ်ပါတယ်။
လူကာကူဟာ ဒီရာသီမှာ အင်တာမီလန် အသင်းအတွက် ၂၆ ပွဲ ကစားထားပြီး ၉ ဂိုး သွင်းယူထားပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 550
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၄
အသလက်တီကို မက်ဒရစ်အသင်းဥက္ကဋ္ဌ ကာရီဇိုက မက်ဆီနဲ့ ရော်နယ်ဒိုတို့နှစ်ဦး လာလီဂါကို ပြန်လာခဲ့မယ်ဆိုရင် အလွန်ကောင်းမယ်လို့ ပြောလိုက်ပါတယ်။
ကာရီဇိုက “မက်ဆီနဲ့ ရော်နယ်ဒိုတို့ လာလီဂါ ပြန်လာခဲ့မယ်ဆိုရင် အလွန်ကောင်းမယ်လို့ ကျနော်ထင်ပါတယ်။ နှစ်ဦးစလုံးက အခုအချိန်ထိ ကစားနေတုန်းဖြစ်ပြီး သူတို့သာ ပြန်လာခဲ့ရင် အလွန်ကောင်းမယ်လို့” တင်းနစ်ပွဲ တစ်ပွဲမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။
ဘောလွန်းဒီအောဆုကို ၇ ကြိမ် ရရှိထားတဲ့ မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု မရရှိသေးတာကြောင့် စာချုပ်ကုန်ဆုံးမယ့် အခုရာသီအကုန်မှာ ဘာစီလိုနာအသင်းထံ ပြန်လာနိုင်တယ်လို့ သတင်း တွေ ထွက်နေခဲ့တာ ဖြစ်ပါတယ်။
ဘောလွန်းဒီအောဆု ၅ ကြိမ် ရရှိထားတဲ့ ရော်နယ်ဒိုကတော့ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းမှာ လုပ်ခ လစာ အများအပြား ရရှိနေတာကြောင့် လာလီဂါကို ပြန်လာနိုင်ဖို့ အခွင့်အရေး နည်းပါးပုံရတာပါ။
ဒါပေမယ့် ကာရီဇိုကတော့ အချိန်တိုင်းရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားနှစ်ဦးဟာ အမြင့်ဆုံးအဆင့်မှာ ကစားဖို့ အချိန်တွေ ကျန်ရှိနေသေးတယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုနဲ့ မက်ဆီကို တွေ့ရစဉ်
မက်ဆီနဲ့ ရော်နယ်ဒိုတို့ လာလီဂါမှာ ကစားချိန်က ဒီလိဂ်ဟာ ကမ္ဘာပေါ်မှာ လူစိတ်ဝင်စားမှု အများဆုံးဖြစ်ခဲ့ပေမယ့် သူတို့နှစ်ဦး မရှိတော့တဲ့ အချိန်မှာ စိတ်ဝင်စားမှု ကျဆင်းလာခဲ့တာပါ။ သူတို့နှစ်ဦးဟာ ဘာစီလိုနာနဲ့ ရီးရယ်လ် အသင်းတွေအတွက် လာလီဂါနဲ့ ချန်ပီယံလိဂ် ဆုဖလားတွေကို ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းကတော့ လက်ရှိအချိန်မှာ မက်ဆီကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားနေပြီး ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှုတွေ ရှိခဲ့ပေမယ့် သဘောတူညီမှု မရရှိသေးပါဘူး။
မက်ဆီကတော့ ပီအက်စ်ဂျီအသင်းနဲ့ အခုနှစ်ရာသီ လီဂူးဝမ်းဖလား ရယူနိုင်ဖို့ကိုသာ အာရုံစိုက်ထားပြီး စာချုပ် ကုန်ဆုံးမယ့် ရာသီအကုန်မှသာ အနာဂတ်ကို ထုတ်ပြောဖို့ ရှိနေပါတယ်။
အာဂျင်တီးနား အသင်းခေါင်းဆောင်ကို ခေါ်ယူဖို့ အသင်းဟောင်း ဘာစီလိုနာ အသင်းအပြင် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီနဲ့ ဆော်ဒီကလပ် အသင်းတွေကလည်း စိတ်ဝင်စားမှုရှိနေတာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 554
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၄
စပါးအသင်းခေါင်းဆောင် ဟူဂိုလိုရစ်က နယူးကာဆယ်အသင်းကို ဂိုးပြတ်အရေးနိမ့်ပြီးနောက် အသင်းအနေနဲ့ ပရိသတ်တွေကို တောင်းပန်သင့်တယ်လို့ ပြောခဲ့ပါတယ်။
ဟူဂိုလိုရစ်က “အလွန်ရှက်ဖို့ကောင်းပါတယ်။ကျနော်တို့ ပရိသတ်တွေကို တောင်းပန်သင့်ပါတယ်။ကျနော်တို့ ဒီနေ့ မှာ မျက်နှာကောင်းကောင်းမပြနိုင်ပါဘူး။နယူးကာဆယ်ရဲ့ စွမ်းဆောင်ရည်ကို မယှဉ်ပြိုင်နိုင်ခဲ့တာပါ။ ကျနော် တို့ဟာ ဘက်ပေါင်းစုံမှာနောက်ကျခဲ့ပြီး ပထမပိုင်းတစ်ပိုင်းလုံးကို အလွဲလွဲအချော်ချော်ဖြစ်ခဲ့ပါတယ်။ဒါဟာ တကယ်ကို နာကျင်ခဲ့ရပြီး ကျနော်တို့ဟာ တိုက်ပွဲဝင်လိုစိတ် မရှိခဲ့ပါဘူး။နယူးကာဆယ်နဲ့ စပါးအသင်းတို့ကြားမှာ အဆင့်ကွာခြားမှုရှိခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
နယူးကာဆယ်အသင်းကို ၆ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ပွဲမှာ စပါးအသင်းဟာ ပွဲချိန် ၂၁ မိနစ်မှာတင် ၅ ဂိုး ခွင့်ပြုခဲ့ရတာပါ။မာဖီနဲ့ အိုင်ဆက်ခ်တို့က ၂ ဂိုးစီသွင်းယူခဲ့ပြီး ဂျိုလင်တန်က ၁ ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းအစမှာ ဟာရီကိန်းက စပါးအတွက် ချေပဂိုးပြန်သွင်းခဲ့ပေမယ့် လူစားဝင်လာတဲ့ ဝီလ်ဆင်က နယူး ကာဆယ်အတွက် နောက်ထပ်သွင်းဂိုးထပ်သွင်းခဲ့လို့ စပါးအသင်းဟာ ဂိုးပြတ်ရှုံးပွဲကြုံတွေခဲ့ရတာပါ။
တင်ပါးကြွက်သားဒဏ်ရာကြောင့် ဒုတိယပိုင်းအစမှာ လူစားလဲခဲ့ရတဲ့ ဟူဂိုလိုရစ်က စပါးအသင်းအနေနဲ့ ဒီပွဲမှာ သူတို့ပြသခဲ့တဲ့အရာတွေအတွက် တောင်းပန်ဖို့ လိုအပ်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။စပါးအသင်းဟာ ဒီရာသီမှာ ရလဒ်ကောင်းတွေရရှိဖို့ ရုန်းကန်နေရပြီး နည်းပြ ကွန်တီကို ထုတ်ပယ်ကာ စတယ်လီနီကို ယာယီနည်းပြအဖြစ် ရာသီအကုန်ထိ ခန့်အပ်ထားပေမယ့် ရလဒ်တွေဟာ ဆိုးရွားနေတာပါ။
စပါးအသင်းဟာ ပြီးခဲ့တဲ့အပတ်ကလည်း ဘုန်းမောက်အသင်းကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက်ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၁ ပွဲသာအနိုင်ရခဲ့တာ ဖြစ်ပါတယ်။စပါးအသင်းဟာ နယူးကာဆယ်အသင်းကို အရေးနိမ့်ပြီးနောက် အဆင့် ၄ နေရာက ယူနိုက်တက် အသင်းထက် ၂ ပွဲပိုကစားထားပြီး ရမှတ် ၆ မှတ်အကွာနဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေတာပါ။
စပါးအသင်းဟာ လာမယ့်ကြားရက်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲအပြီးမှာ လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ ပွဲကြပ်တွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 658
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၄
ယူနိုက်တက်ဂိုးသမား ဒီဂီယာက မန်စီးတီးအသင်းကို အနိုင်ယူနိုင်တယ်ဆိုတာ ပြသထားပြီးသားလို့ အက်ဖ်အေ ဖလား ဗိုလ်လုပွဲမှာ မန်စီးတီးအသင်းနဲ့ တွေ့ဆုံရမယ့်အပေါ် ပြောလိုက်ပါတယ်။
ဒီဂီယာက “ဗိုလ်လုပွဲမှာ ဥရောပရဲ့ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပွဲကြီး ပွဲကောင်းဖြစ်လာမယ်ဆိုတာ အသေအချာပါပဲ။ဒါပေမယ့် ကျနော်တို့က သူတို့ကို အနိုင်ယူနိုင်တယ်ဆိုတာကို ပြသထားပြီးသားပါ။အခုအချိန်မှာ ကျနော်တို့ဟာ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး ၄ သင်းထဲ ဝင်ရောက်အောင် အရင်ဆုံးလုပ်ဆောင်ပြီး ဗိုလ်လုပွဲမှာ အရာအားလုံးကို ပေးသွားမယ်” လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ ကစားခဲ့တာမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရပြီး ဗိုလ်လုပွဲတက်နိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲချိန်အတွင်းရော အချိန်ပိုမှာပါ ဂိုးမရှိ သရေကျနေခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရတာဖြစ်ပြီး ယူနိုက်တက်က ၇ ဂိုး- ၆ ဂိုးနဲ့ အနိုင်ရကာ ဗိုလ်လုပွဲ တက်နိုင်ခဲ့တာပါ။အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ အက်ဖ်အေဖလားဗိုလ်လုပွဲအဖြစ် မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနဲ့ မန်ချက်စတာဒါဘီ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ အခုနှစ်ရာသီမှာ ပြည်တွင်းဖလား ၁ လုံးဖြစ်တဲ့ ကာရာဘောင်းဖလားကို ရရှိထားပြီး နောက်ထပ်ပြည်တွင်းဖလား ၁ လုံးဖြစ်တဲ့ အက်ဖ်အေဖလားကို ရယူနိုင်ဖို့ မျှော်လင့်ချက် ရှိလာခဲ့တာပါ။ မန်စီးတီးကတော့ အခုနှစ်ရာသီမှာ ဆုဖလား ၃ လုံးရယူနိုင်ဖို့ အိပ်မက်မက်နေတာဖြစ်ပြီး ယူနိုက်တက် အသင်းအနေနဲ့ ဒါကို ရပ်တန့်အောင်လုပ်သွားမယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “ယူနိုက်တက်ပရိသတ်တွေရဲ့ခံစားချက်ကို ကျနော်နားလည်ပါတယ်။ ဒီလိုမျိုးဖြစ်အောင် လုပ်ပေးဖို့အတွက်လည်း ကျနော်တို့မှာရှိတဲ့ အရာအားလုံးကို ပေးသွားမှာပါ။ကျနော်တို့ဟာ မန်စီးတီးအသင်းကို အိုးထရက်ဖိုဒ့်မှာ အနိုင်ရအောင် ကစားနိုင်တဲ့ သက်သေရှိပါတယ်။ဗိုလ်လုပွဲမှာလည်း ကျနော်တို့ ဒီလိုမျိုးပဲ ထပ်ပြီး လုပ်ဆောင်သွားဦးမှာပါ။အခုတော့ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး ၄ သင်းထဲ ဝင်ရောက်နိုင်အောင် အာရုံစိုက်ရမယ်” လို့ ပြောခဲ့ပါတယ်။
မန်စီးတီးနဲ့ ယူနိုက်တက်အသင်းတို့ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်ရှိခဲ့ပြီး အီးတီ ဟတ်ကွင်းမှာ မန်စီးတီးအသင်းက ၆ ဂိုး- ၃ ဂိုးနဲ့ အနိုင်ရခဲ့ကာ၊ အိုးထရက်ဖိုဒ့်မှာ ယူနိုက်တက်က ၂ ဂိုး - ၁ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
အခုလာမယ့် ပရီးမီးယားလိဂ်ပွဲမှာ မန်စီးတီးက အာဆင်နယ်၊ ယူနိုက်တက်က စပါးအသင်းတို့နဲ့ ပွဲကြီးပွဲကောင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source : DailyMail

- By CNI
- Category: အားကစား
- Hits: 694
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၂
ဘရိုက်တန်အသင်းနည်းပြ ဒီဇာဘီက ယူနိုက်တက်နဲ့ ကစားရမယ့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ အသင်းရဲ့ သမိုင်းကြောင်းကို ပြောင်းလဲအောင်လုပ်ဖို့ အခွင့်အရေးရှိတယ်လို့ ပြောပါတယ်။
ဒီဇာဘီက “ကျနော်တို့က သမိုင်းကို ပြောင်းလဲချင်ပါတယ်။ ကစားသမားတွေက ပရိသတ်တွေကို ဂုဏ်ယူအောင် လုပ်စေချင်ပါတယ်။ ဒီမှာရှိတဲ့ ကစားသမားတွေက တခြားအသင်းတွေနဲ့ မတူဘဲ ပရိသတ်တွေရဲ့ အရေးပါမှုကို ခံစားမိစေတာကြောင့်ပါ။ ကျနော်တို့ဟာ ပရိသတ်တွေအတွက် ကစားနေကြတာဖြစ်ပြီး ကျနော်တို့ရဲ့ ပရိသတ် တွေကို ပျော်ရွှင် စေချင်တယ်ဆိုတာ သေချာပါတယ်။ ကျနော့်ရဲ့ ကစားသမားတွေကို ယုံကြည်ပါတယ်။ ဒီလို ယုံကြည်တဲ့အတွက်လည်း ကျနော်တို့ နိုင်ပွဲရယူနိုင်မယ်”လို့ ထင်ကြောင်း ပြောခဲ့တာပါ။
ဘရိုက်တန် အသင်းဟာ ၁၉၉၀ နောက်ပိုင်းနှစ်တွေမှာ ရလဒ်တွေ ဆိုးရွားပြီး တန်းဆင်းတာတွေအထိ ဖြစ်ခဲ့ပေ မယ့် အခုအချိန်မှာတော့ နိုင်ငံအတွင်း အထင်ကြီးစရာကောင်းတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်လာခဲ့ပြီး ၅ နှစ် အတွင်း ဒုတိယအကြိမ်မြောက် ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။
ဘရိုက်တန်အသင်းဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲကို နောက်ဆုံး ရောက်ရှိခဲ့တာက ၁၉၈၃ ကဖြစ်ပြီး နှစ်ပေါင်း ၄၀ အကြာမှ ဒီပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို ပြန်လည် တက်လှမ်းနိုင်ဖို့ မျှော်လင့်နေတာပါ။
ဘရိုက်တန်အသင်းကို တွေ့ရစဉ်
ဘရိုက်တန်အသင်းဟာ ဂရေဟမ်ပေါ်တာနေရာ အစားထိုး ဝင်ရောက်လာတဲ့ ဒီဇာဘီ လက်ထက်မှာ ရလဒ်ပိုင်းနဲ့ ခြေစွမ်းပိုင်း တိုးတက် ကောင်းမွန်လာတာဖြစ်ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည် နေတာ ဖြစ်ပါတယ်။
ဘရိုက်တန် အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်ရ အဆင့် ၄ နေရာမှာရှိတဲ့ နယူးကာဆယ် အသင်းနဲ့ ၇ မှတ် ကွာဟ နေတာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်အပြင် ယူရိုပါလိဂ်နဲ့ ယူရိုပါကွန်းဖရန့်စ်လိဂ် ဝင်ခွင့်ပါ ရရှိဖို့ ပစ်မှတ်ထားနေတာပါ။
ယူနိုက်တက် အသင်းကတော့ ပြီးခဲ့တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဆီဗီလာအသင်းကို အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာ ခဲ့ရတာကြောင့် ဘရိုက်တန်အသင်းနဲ့ ပွဲမှာ အနိုင်ရလဒ် ရယူကာ အက်ဖ်အေဖလား ဗိုလ်လုပွဲတက်နိုင်ဖို့ ရည်ရွယ် ထားတာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 657
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၂
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက ဘောလုံးပြက္ခဒိန်ဟာ အဓိပ္ပါယ်မရှိဘဲ ကစားသမားတွေကို ကာကွယ်နိုင်ဖို့အတွက် များပြားလှတဲ့ ပွဲစဉ် အချိန်ဇယားတွေကို ပြောင်းလဲပစ်ရမယ်လို့ ပြောလိုက်ပါတယ်။
အန်ဆယ်လော့တီက “ဒီပြက္ခဒိန်ဟာ ကျနော်တို့ အကြိမ်ကြိမ် ပြောခဲ့ဖူးတဲ့ ပြက္ခဒိန်ဖြစ်ပြီး အဓိပ္ပါယ်မရှိတဲ့ ပြက္ခဒိန်ပါပဲ။ ဒါက ဘောလုံးအတွက် ကောင်းမွန်တဲ့ လမ်းကြောင်း မဟုတ်ပါဘူး။ တစ်ခုခုတော့ ပြောင်းလဲ ရမှာပါ၊ ပွဲတွေ အရမ်းများနေတယ်”လို့ ပြောခဲ့တာပါ။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဟာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲအသစ်ကို တိုးချဲ့ပြီး ကျင်းပနိုင်ဖို့ စီစဉ်နေတာဖြစ်ပြီး ဒါက ပြည်တွင်းပြိုင်ပွဲတွေမှာ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။
ဖီဖာဟာ အသင်းပေါင်း ၃၂ သင်းနဲ့ တိုးချဲ့ပြီး ကျင်းပမယ့် ကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အစီအစဉ်သစ်ကို ဒီဇင်ဘာလက ကြေညာခဲ့တာပါ။
ဒီပြိုင်ပွဲမှာ နောက်ဆုံး ၂ နှစ် ချန်ပီယံလိဂ် ချန်ပီယံတွေဖြစ်တဲ့ ချယ်လ်ဆီးနဲ့ ရီးရယ်လ်အသင်း အပါအဝင် ဥရောပ ကလပ် ၁၂ သင်း ပါဝင်မှာဖြစ်ပြီး ပထမဆုံးပြိုင်ပွဲကို ၂၀၂၅ ခုနှစ်၊ ဇွန်လမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။
ဥရောပလိဂ်တွေရဲ့ ဒါရိုက်တာ သွန်မဆင်က ဖီဖာအနေနဲ့ ဥရောပပြင်ပမှာ သူတို့ရဲ့ တိုးတက်မှု အစီအစဉ်တွေကို ပြန်ပြီး သုံးသပ်သင့်တယ်လို့ ပြောထားပါတယ်။
ဖီဖာ ဖလားကိုတွေ့ရစဉ်
သွန်မဆင်က “နိုင်ငံတကာပွဲ ပြက္ခဒိန်မှာ ကလပ်အသင်း ပြိုင်ပွဲတွေ ထပ်ပြီး မလိုအပ်ပါဘူး။ ဒါက ကစားသမား တွေအတွက် မကောင်းပါဘူး။ ဥရောပပြင်ပ ဖွံ့ဖြိုးတိုးတက်မှုမှာ ဘယ်လို ရင်းနှီးမြှုပ်နှံ ရမလဲဆိုတာကိုသာ ဖီဖာ အနေနဲ့ အလေးအနက်ထားပြီး စဉ်းစားသင့်ပါတယ်။ ဒါက အလွန်ကောင်းမယ်လို့ ကျနော်ထင်ပါတယ်။ အရာရာ တိုင်းကို ရေရှည် တည်တံ့အောင် လုပ်သင့်ပါတယ်။ ရေရှည်တည်တံ့ဖို့နဲ့ ဘောလုံးဝန်းကျင်မှာရှိတဲ့ ယဉ်ကျေးမှုနဲ့ လှုမှုအသိုင်းအဝန်းကို ကာကွယ်ဖို့ လိုအပ်ပါတယ်”လို့ ဥရောပလိဂ်တွေရဲ့ အထွေထွေညီလာခံမှာ ပြောခဲ့ပါတယ်။
အန်ဆယ်လော့တီရဲ့ ရီးရယ်လ်အသင်းဟာ အိုဆာဆူနာအသင်းနဲ့ ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲအပြီး ၃ ရက် အကြာ မေလ ၉ ရက်မှာ မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင်ရမှာပါ။
အန်ဆယ်လော့တီက “လာလီဂါကလည်း သူတို့အကြောင်းကိုပဲ သူတို့ စဉ်းစားနေတာပါ။ ဒီလိုပါပဲ စပိန် ဘောလုံး အဖွဲ့ချုပ်၊ ယူအီးအက်ဖ်အေနဲ့ ဖီဖာကလည်း သူတို့အကြောင်းကိုပဲ သူတို့ စဉ်းစားနေကြတာပါ။ သူတို့ဟာ ကစား သမားတွေ အကြောင်းကို မစဉ်းစားပါဘူး”လို့ ပြောခဲ့ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 661
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၂
စပါးနဲ့ ပီအက်စ်ဂျီအသင်း နည်းပြဟောင်း ပိုချက်တီနိုဟာ အခုတစ်ပတ် အတွင်းမှာ ချယ်လ်ဆီးအသင်း နည်းပြ ဖြစ်လာဖို့အတွက် ဆွေးနွေးမှု နှစ်ကြိမ် ပြုလုပ်ခဲ့ပြီးနောက် နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဂရေဟမ်ပေါ်တာကို ထုတ်ပယ်ပြီးနောက် နည်းပြသစ် ရှာဖွေနေတာဖြစ်ပြီး ဦးစားပေး အဖြစ် သတ်မှတ်ထားတဲ့ ဘိုင်ယန်မြူးနစ် နည်းပြဟောင်း နာဂျယ်လ်စမန်းနဲ့ စပိန်နည်းပြဟောင်း အင်းနရစ်တို့ ဟာ နည်းပြသစ်အဖြစ် လျာထားတဲ့ စာရင်းကနေ နုတ်ထွက်သွားခဲ့ပါတယ်။
အဲဒါကြောင့် ချယ်လ်ဆီး အသင်းပိုင်ရှင် တော့ဒ်ဘိုလီတို့ အဖွဲ့ဟာ မကြာသေးခင် ရက်ပိုင်းအတွင်းက ပိုချက်တီနိုနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ နွေရာသီက ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာပြီးကတည်းက အသင်းလက်မဲ့အဖြစ် ရှိနေ တာဖြစ်ပြီး အနားယူနေတဲ့ အချိန်မှာ နည်းပြရာထူးတွေနဲ့ ပတ်သက်ပြီး စဉ်းစားမှုတွေ ပြုလုပ်နေပါတယ်။
အာဂျင်တီးနား လူမျိုးနည်းပြဟာ ဆုဖလားရဖို့အတွက် လက်တွေ့ကျကျ စိန်ခေါ်နိုင်တဲ့ အသင်းတွေရဲ့ ကမ်းလှမ်း လာမယ့် အခွင့်အရေးကို စောင့်မျှော်နေတာလို့ သတင်းမှာ ဖော်ပြထားပါတယ်။
အက်စတွန်ဗီလာနဲ့ ဝက်စ်ဟမ်းအသင်းတို့ဟာ အခုရာသီမှာ ပိုချက်တီနိုကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေ ခဲ့ပါဘူး။
လမ်းပတ်နဲ့ ချယ်လ်ဆီးအသင်းကိုတွေ့ရစဉ်
ပိုချက်တီနိုဟာ ပရီးမီးယားလိဂ်ကလပ် စပါးအသင်းကို ကိုင်တွယ်ခဲ့ချိန်က ပရီးမီးယားလိဂ်ဖလားရဖို့ နီးစပ်ခဲ့သလို ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်အောင် ပို့ဆောင်ပေးခဲ့တဲ့ မှတ်တမ်းတွေ ရှိတာကြောင့် ချယ်လ်ဆီးအသင်းက သူ့ကို ခန့်အပ်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ချယ်လ်ဆီးနဲ့ စပါးအသင်းတို့ဟာ နှစ်သင်းကြား ပြိုင်ဆိုင်မှု ပြင်းထန်ပေမယ့် ပိုချက်တီနိုအတွက် ချယ်လ်ဆီး အလုပ်အကိုင်ဟာ ပြဿနာမရှိဘူးလို့ သိရပါတယ်။
စပါးအသင်းကလည်း ထုတ်ပယ်ခဲ့တဲ့ ကွန်တီနေရာ အစားထိုးဖို့ နည်းပြဟောင်း ပိုချက်တီနိုကို မျက်စိကြနေတာပါ။
လက်ရှိ ချယ်လ်ဆီးအသင်းရဲ့ လျာထားတဲ့ နည်းပြသစ် စာရင်းထဲမှာ ဘန်လေအသင်းကို ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ် တန်းတက်အောင် ကိုင်တွယ်ပေးထားတဲ့ ကွန်ပနီလည်း ပါဝင်နေတာ ဖြစ်ပါတယ်။
ကွန်ပနီဟာ ဘန်လေအသင်းကို ကိုင်တွယ်တဲ့ ပထမဆုံး ရာသီမှာတင် အခုလို အောင်မြင်မှု ရယူနိုင်ခဲ့တာကြောင့် အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့တာပါ။
လက်ရှိအချိန်မှာ ချယ်လ်ဆီးအသင်းကို ကစားသမားဟောင်းနဲ့ နည်းပြဟောင်းဖြစ်တဲ့ လမ်းပတ်က ရာသီအကုန်ထိ ယာယီ ကိုင်တွယ်သွားမှာဖြစ်ပြီး သူ့ရဲ့လက်ထက်မှာ အသင်းဟာ ကစားခဲ့တဲ့ ၄ ပွဲစလုံး အရေးနိမ့် ထားတာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 615
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၂
ပရီးမီးယားလိဂ် ချန်ပီယံဆုရယူဖို့ မျှော်လင့်ချက်ကို ဆက်ပြီး ထိန်းသိမ်းချင်တယ်ဆိုရင် ပြိုင်ဘက် မန်စီးတီး အသင်းကို အနိုင်ယူရမယ်လို့ အာဆင်နယ်အသင်း နည်းပြ အာတီတာက ပြောလိုက်ပါတယ်။
အာတီတာက “မန်စီးတီးနဲ့ ပွဲကို မစောင့်ဆိုင်းနိုင်တော့ပါဘူး၊ ဒီပွဲက ကျနော်တို့ ကစားချင်တဲ့ပွဲပါ။ အရာရာကို လောင်းကြေးထပ်ရတဲ့ အခါမှာတော့ အနိုင်ရဖို့အတွက် အီးတီဟတ်ကို သွားရမှာပါ။ ဒါက အားကစားရဲ့ အလှ တရားဖြစ်ပြီး ကျနော်တို့ ဒီအဆင့် ရပ်တည်မှုမှာပဲ ဆက်ပြီး ရှိချင်ပါတယ်။ ကျနော်တို့ဟာ မန်ချက်စတာကို မယုံ နိုင်လောက်အောင် ခရီးထွက်မှာဖြစ်ပြီး ကောင်းမွန်စွာ ပြင်ဆင်သွားမှာပါ”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၃၂ အဖြစ် ဆောက်သမ်တန်အသင်းနဲ့ ကစားခဲ့တာမှာ ၃ ဂိုးစီ သရေ ကျခဲ့တာကြောင့် ဒုတိယနေရာက မန်စီးတီးအသင်းထက် ၂ ပွဲပို ကစားအပြီးမှာ ရမှတ် ၅ မှတ်သာ အသာရရှိတော့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဆောက်သမ်တန် အသင်းနဲ့ပွဲမှာ အနောက်ကနေ လိုက်ပြီး ချေပဂိုးတွေ သွင်းယူခဲ့တာ ကြောင့် သရေရလဒ် ရရှိခဲ့တာပါ။
ဒီပွဲမှာ ဆောက်သမ်တန်အတွက် ဂိုးတွေကို အယ်လ်ကာရတ်ဇ်၊ ဝဲလ်ကော့နဲ့ ကာလီတာကားတို့က သွင်းယူခဲ့ပြီး အာဆင်နယ်အတွက် ချေပဂိုးတွေကို မာတင်နယ်လီ၊ အိုဒီဂတ်နဲ့ ဆာကာတို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်နဲ့ ဆောက်သမ်တန်ပွဲကိုတွေ့ရစဉ်
လာမယ့် ကြားရက်မှာတော့ မန်စီးတီးနဲ့ အာဆင်နယ်တို့ တွေ့ဆုံရမယ့် ပွဲကတော့ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဆုကို အဆုံးအဖြတ် ပေးသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်း တိုက်စစ်မှူး ဂျီးဆပ်စ်က သူတို့ဟာ ချန်ပီယံဆုရဖို့အတွက် အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ ပြောခဲ့ပါတယ်။
ဂျီးဆပ်စ်က “အခုအချိန်က ခက်ခဲတဲ့ အခိုက်အတန့်ပါပဲ။ အဆုံးထိ အတူတကွ လုပ်ဆောင်ဖို့ အချိန်တန်ပါပြီ။ ပွဲက မပြီးသေးပါဘူး။ ကျနော်တို့ ၅ မှတ် အသာရနေတယ်ဆိုတာ ရှင်းပါတယ်။ မန်စီးတီးရဲ့ လက်ထဲမှာ ပွဲ ၂ ပွဲ ကစားဖို့ ရှိသေးတယ်ဆိုပေမယ့် ချန်ပီယံဖြစ်ချင်တယ်ဆိုရင် ဒီပွဲကို အနိုင်ရဖို့ သွားရမှာပါ။ ကျနော်တို့ ဒီနေရမှာ ရှိနေတုန်း ပါပဲ။ အဆုံးထိ တိုက်ပွဲဝင်သွားမှာပါ”လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းကတော့ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲကစားဖို့ မရှိဘဲ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဖြစ် ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 512
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၁
မန်စီးတီးအသင်းရဲ့ နာမည်ကြီး ကစားသမားတွေဟာ ဒီရာသီမှာ သမိုင်းဝင် ဆုဖလား ၃ လုံးကို ရယူနိုင်ခဲ့မယ် ဆိုရင် တစ်ဦးချင်းစီကို အပိုဆုကြေး ပေါင် ၂ သန်းကျော် ရရှိမယ်လို့ သိရပါတယ်။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ယူပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ၃ နှစ် ဆက်တိုက် တက်ရောက်နိုင်ခဲ့တာပါ။
မန်စီးတီးအသင်းဟာ စနေနေ့မှာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ရှက်ဖီးယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်သလို လာမယ့် ကြားရက်မှာလည်း ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အဆုံးအဖြတ် ဖြစ်စေမယ့် အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ မန်စီးတီးအသင်းဟာ အာဆင်နယ်အသင်းထက် ၁ ပွဲလျော့ ကစားထားပြီး ရမှတ် ၄ မှတ် ကွာဟ နေကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။
မန်စီးတီးအသင်းဟာ မြို့ခံပြိုင်ဘက် ယူနိုက်တက်အသင်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၃ နှစ် ဆက်တိုက် ရယူခဲ့တဲ့ ၂၀၀၉ နောက်ပိုင်း ဒီလိုမျိုးလုပ်နိုင်တဲ့ ပထမဆုံးအသင်း ဖြစ်လာဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
ဒီဘရိုင်းနဲ့ ဟာလန်းကိုတွေ့ရစဉ်
မန်စီးတီးအသင်းရဲ့ အပိုဆုကြေးစနစ်ဟာ အသင်းကြားမှာ မျှဝေထားတဲ့ ပမာဏတစ်ခု မဟုတ်ဘဲ တစ်ဦးချင်း အပေါ် အခြေခံပြီး လုပ်ဆောင်ထားတာပါ။
အမှတ်ပေးလိဂ်ကို ရခဲ့မယ်ဆိုရင် အပိုဆုကြေးဟာ ပေါင် ၂ သိန်းကနေ ပေါင် ၉ သိန်းအထိရှိပြီး အက်ဖ်အေဖလား ကိုင်မြှောက်နိုင်ခဲ့ရင်တော့ ဒီပမာဏထက် အနည်းငယ် နည်းပါးနိုင်ပါတယ်။
ဒီဘရိုင်း အပါအဝင် ထိပ်တန်း ကစားသမားတွေဟာ ကလပ်သမိုင်း တစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်အောင် လုပ်ပေးနိုင်ခဲ့ရင် အပိုဆုကြေးဟာ ပေါင် ၁ သန်းနီးပါးအထိ ရရှိမယ်လို့ သိရပါတယ်။
ဥရောပမှာ မန်စီးတီးအသင်း နောက်ဆုံး အနိုင်ရခဲ့တာကတော့ ၁၉၇၀ က Cup Winners’ Cup ဆုဖလား ဖြစ်ပါ တယ်။
မန်စီးတီးအသင်း ကွင်းလယ်လူ ရိုဒရီကတော့ ဆုဖလားအားလုံးကို ရယူနိုင်တယ်လို့ ပြောခဲ့ပါတယ်။
ရိုဒရီက “ကျနော်တို့ အရာအားလုံးကို အနိုင်ယူနိုင်ပါတယ်။ ဒီအခိုက်အတန့်မှာ အရာအားလုံးအတွက် တိုက်ပွဲဝင်ဖို့ ကျနော်တို့ဟာ ၇ လ ဒါမှမဟုတ် ၈ လလောက် အချိန်ယူခဲ့ရပါတယ်။ ကျနော်တို့ အကောင်းဆုံးတွေကို ပေးသွား မယ်”လို့ ပြောပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 582
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၁
အယ်လ်နာဆာအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ အယ်လ်ဟီလယ်အသင်းနဲ့ ကစားခဲ့တဲ့ ဆော်ဒီလိဂ်ပွဲစဉ်မှာ သူ့ရဲ့ လိင်အင်္ဂါကို ဆုပ်ကိုင်တဲ့ အမူအရာတွေ ထွက်ပေါ်လာခဲ့ပေမယ့် ဒီ ညစ်ညမ်းတဲ့လုပ်ရပ်ကြောင့် အပြစ်ပေး ခံရမှာမဟုတ်ဘူးလို့ သိရပါတယ်။
အယ်လ်နာဆာအသင်းက အရေးနိမ့်ခဲ့တဲ့ ဒီပွဲမှာ ရော်နယ်ဒိုဟာ WWE ပုံစံနဲ့ ပြိုင်ဘက်ကစားသမားကို ပြုလုပ်ခဲ့လို့ အဝါကတ်ပြသခံခဲ့ရသလို ပွဲပြီးဆုံးချိန် ပွဲကြည့်စင်ပေါ်မှာရှိတဲ့ ပရိသတ်တွေရဲ့ “မက်ဆီ၊မက်ဆီ”ဆိုပြီး ခေါ်ဆိုကာ လှောင်ပြောင်မှုတွေလည်း ကြုံတွေ့ခဲ့ရတာပါ။ရော်နယ်ဒိုဟာ ဒီအချိန်မှာ သူ့ရဲ့လိင်အင်္ဂါကိုဆုပ်ကိုင်ပြီး တုန့်ပြန် ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဆော်ဒီ ပရိုလိဂ်ကနေ ထုတ်ပယ်ဖို့အထိပါ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ဆော်ဒီဘောလုံးအဖွဲ့ချုပ်ရဲ့ စည်းကမ်းထိန်းသိမ်းရေးနဲ့ ကျင့်ဝတ်ကော်မတီက ဒီဖြစ်ရပ်ကို ကြည့်ရှုစစ်ဆေး ခဲ့ပြီးနောက် အရေးယူဖို့ မလိုအပ်ဘူးလို့ ဆုံးဖြတ်ခဲ့တာပါ။ဒီကော်မတီက ပေးခဲ့တဲ့ အပြစ်တစ်ခုတည်းကတော့ ဒုတိယပိုင်းမှာ ကစားသမားတွေ ကွင်းအတွင်းဝင်ရောက်လာမှု နောက်ကျခဲ့လို့ အယ်လ်နာဆာအသင်းကို အယူခံ ဝင်ခွင့်မရှိတဲ့ ဒဏ်ကြေးငွေ ရီယယ် ၁၅,၀၀၀ ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာတွေပေါ်မှာ ထွက်ပေါ်လာတဲ့ ဗွီဒီယိုတွေထက် တရားဝင်ကစားခဲ့တဲ့ ဘောလုံးပွဲကိုသာ ပြန်လည် သုံးသပ်တဲ့အတွက်လည်း ရော်နယ်ဒိုဟာ အပြစ်ပေးခံရတာကနေ လွတ်မြောက်ခဲ့တာပါ။ အယ်လ်နာဆာ အသင်း ကတော့ သူတို့ရဲ့ အသင်းခေါင်းဆောင်ဟာ ပေါင်ခြံမှာ ရခဲ့တဲ့ဒဏ်ရာကြောင့် ဒီလိုလုပ်ခဲ့တာလို့ ပြောခဲ့ပါတယ်။
အယ်လ်နာဆာအသင်းက “ရော်နယ်ဒိုက ဒဏ်ရာရနေတာပါ။အယ်လ်ဟီလယ်ကစားသမား ဂူစတာဗိုနဲ့ ထိခိုက်မိ ပြီး အလွန်ထိခိုက်လွယ်တဲ့နေရာမှာ ဒဏ်ရာရသွားခဲ့ပါတယ်။ဒါက အတည်ပြုထားတဲ့ အချက်အလက်တွေပါ။ ပရိသတ်တွေအနေနဲ့တော့ သူတို့ထင်မြင်တာကို လွတ်လပ်စွာ ထင်မြင်ပိုင်ခွင့်ရှိပါတယ်” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းအတွက် ၁၃ ပွဲပါဝင်ကစားထားပြီး ၁၁ ဂိုးသွင်းယူ ထားတာဖြစ်ပါတယ်။
Source:Goal