- By CNI
- Category: အားကစား
- Hits: 512
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆
UFC တိုက်ခိုက်ရေးသမား မက်ဂရီဂေါဟာ အခုလ အစောပိုင်းက မိုင်ယာမီမှာ ကျင်းပတဲ့ NBA Finals ဘတ်စကတ်ဘောပွဲ အပြီးမှာ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြုလုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရပါတယ်။
မက်ဂရီဂေါထံ ပေးပို့တဲ့ စွပ်စွဲချက်တွေကို ဖော်ပြထားတဲ့ တရားဝင်စာမှာ အိုင်ယာလန် ဖိုက်တာဟာ ကစီယာ စင်တာရှိ ရေချိုးခန်းအတွင်းမှာ ကျူးလွန်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မက်ဂရီဂေါရဲ့ ရှေ့နေတစ်ဦးကတော့ ဒီစွပ်စွဲချက်တွေဟာ မမှန်သလို သူ့ရဲ့ ကစားသမားကို ခြိမ်းခြောက်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ မိုင်ယာမီ ရဲတပ်ဖွဲ့ကတော့ စုံစမ်းစစ်ဆေးမှု တစ်ခုကို ဖွင့်လှစ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
UFC ကလည်း ဒီစွပ်စွဲချက်တွေကို သိရှိထားပြီး နောက်ထပ် အသေးစိတ် အချက်အလက်တွေကို စုဆောင်းနေ တယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
NBA Finals ပွဲတွေကို လက်ခံ ကျင်းပတဲ့ မိုင်ယာမီဟီတ်ကလည်း စုံစမ်းစစ်ဆေးမှုတွေကို အပြည့်အဝ လုပ်ဆောင် နေတယ်လို့ ပြောထားပါတယ်။
မက်ဂရီဂေါရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ခံခဲ့ရတဲ့ အမျိုးသမီးဖြစ်သူရဲ့ ရှေ့နေ မစ်ချဲလ်က သူရဲ့ အမှုသည်ဟာ ဒီအဖြစ်အပျက် မတိုင်ခင် ဇွန်လ ၉ ရက်က NBA Finals ပွဲ ၄ ပွဲကို ကြည့်ရှုခဲ့တယ်လို့ ပြောခဲ့ပါတယ်။
မက်ဂရီဂေါကို တွေ့ရစဉ်
မက်ဂရီဂေါရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း မခံရခင် လုံခြုံရေးအစောင့်တွေက အဲဒီ အမျိုးသမီးကို အမျိုးသား ရေချိုးခန်းထဲ အတင်းသွားရောက် စေခဲ့တယ်လို့ မစ်ချဲလ်က စွပ်စွဲခဲ့ပါတယ်။
ရှေ့နေဖြစ်သူ မစ်ချဲလ်က သူမဟာ စွပ်စွဲထားတဲ့ အဖြစ်အပျက်တွေရဲ့ တစ်စိတ်တစ်ပိုင်းကို ပြသခဲ့တဲ့ ဗွီဒီယိုဖိုင်ကို ရရှိခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။
ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့ အစီအရင်ခံစာကို ဇွန်လ ၁၁ ရက်က ထုတ်ပြန်ခဲ့တယ်လို့ မိုင်ယာမီ ရဲတပ်ဖွဲ့က BBC News ကို ပြောခဲ့တာပါ။
“ဒီအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာကြောင့် လက်ရှိအချိန်မှာ သတင်းအချက်အလက်တွေကို ထပ်ပြီး မထုတ်ပြန်နိုင်သေးပါဘူး”လို့ ရဲဌာနက ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ပြောခဲ့ပါတယ်။
အသက် ၃၄ နှစ် အရွယ်ရှိ မက်ဂရီဂေါဟာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လက ဒက်စတင်ပိုရီရာကို အရေးနိမ့်ခဲ့ပြီး နောက်ပိုင်း ပွဲတွေ ပြန်လည် ထိုးသတ်ခြင်း မရှိသေးပါဘူး။
Source: BBC

- By CNI
- Category: အားကစား
- Hits: 445
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆
ရီးရယ်လ်ကြယ်ပွင့် ဗီနီစီးယက်စ်ဟာ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဖီဖာရဲ့ လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေး အထူးကော်မတီကို ဦးဆောင်မယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဥက္ကဋ္ဌ အင်ဖန်တီနိုက ပြောပါတယ်။
အင်ဖန်တီနိုက “ဒါတွေက လုံလောက်နေပါပြီ။ ဒီထဲမှာ လူမျိုးရေးခွဲခြားမှုတွေ ဘောလုံးမှာရှိတော့မှာ မဟုတ်ပါ ဘူး။ ပွဲတွေမှာ လူမျိုးရေးခွဲခြားမှုတွေ ဖြစ်လာရင် ချက်ချင်းရပ်သင့်ပါတယ်။ ဘောလုံးမှာ လူမျိုးရေးခွဲခြားမှုတွေကို အဆုံးသတ်ဖို့ ပြတ်ပြတ်သားသားနဲ့ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေကို အကောင်အထည် ဖော်သွားမှာပါ။ ဖီဖာဥက္ကဋ္ဌ အနေနဲ့ ဒီအကြောင်းတွေကို ဗီနီစီးယက်စ်နဲ့ ပုဂ္ဂိုလ်ရေးအရ ဆွေးနွေးဖို့ လိုတယ်လို့ ကျနော်ထင် ကြောင်း”ပြောခဲ့တာပါ။
အသက် ၂၂ နှစ်အရွယ်ရှိ ဗီနီစီးယက်စ်ဟာ ပြီးခဲ့တဲ့ရာသီက လူမျိုးရေး ခွဲခြားမှုတွေကို အကြိမ်ပေါင်းများစွာ ခံခဲ့ရ တာ ဖြစ်ပါတယ်။
ဗီနီစီးယက်စ်ကိုတွေ့ရစဉ်
အဲဒါကြောင့်လည်း အင်ဖန်တီနိုက ဒီကော်မတီကို ဦးဆောင်ဖို့ ဗီနီစီးယက်စ်ကို ပြောခဲ့တာပါ။ ဗီနီစီးယက်စ်ဟာ မေလက ကစားခဲ့တဲ့ ဗလင်စီယာအသင်းနဲ့ လာလီဂါပွဲစဉ်မှာ လူမျိုးရေးခွဲခြားမှု ခံခဲ့ရပြီးနောက် ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့သူတွေရဲ့ ထောက်ခံမှုကို ရရှိခဲ့ပါတယ်။
ဘရာဇီးလ် ကစားသမားဟာ ဒီဖြစ်ရပ်ကြောင့် လာလီဂါကို လူမျိုးရေးခွဲခြားတဲ့ ပြိုင်ပွဲလို့ တံဆိပ်ကပ်ပြီး ဝေဖန်မှု တွေ ပြုလုပ်ခဲ့ပါတယ်။
လူမျိုးရေးခွဲခြားမှု ဆန့်ကျင်တဲ့ လှုပ်ရှားမှု အစိတ်အပိုင်းအဖြစ် ဘရာဇီးလ်အသင်းဟာ ဂီနီ၊ ဆီနီဂေါ အသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားသွားဖို့ ရှိနေပါတယ်။
ဗီနီစီးယက်စ်က “ နေရာတိုင်းကနေ ရရှိတဲ့ ကြီးမားတဲ့ ထောက်ခံမှုတွေအတွက် ကျနော် ဝမ်းလည်းဝမ်းသာမိပြီး ကျေးဇူးလည်း တင်မိပါတယ်။ အင်ဖန်တီနိုက သူ့ရဲ့ထောက်ခံမှုကို ပြသခဲ့ပြီး ဖီဖာက ဖန်တီးပေးမယ့် ကော်မတီမှာ ဘယ်ကစားသမားတွေ ရှိသင့်လဲဆိုတာကို အကြံဉာဏ် တောင်းခဲ့ပါတယ်။ အဲဒါက အရေးကြီးပြီး လိုအပ်တယ်လို့ ထင်သလို ဒါကိုလက်ခံပါတယ်”လို့ ပြောခဲ့တာပါ။
စပိန်နဲ့ ဘရာဇီးလ်အသင်းတို့ဟာ လာမယ့်နှစ် မတ်လမှာ ရီးရယ်လ်အိမ်ကွင်း ဘာနေဗျူးမှာ ခြေစမ်းပွဲယှဉ်ပြိုင်ဖို့ သဘောတူညီမှု ရရှိထားပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 513
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆
နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲမှာ အီတလီအသင်းကို အနိုင်ရပြီး ဗိုလ်လုပွဲ တတ်နိုင်ခဲ့ပြီးနောက် စပိန်အသင်းဟာ ယုံကြည်မှုတွေ အများကြီး တိုးလာခဲ့တယ်လို့ နည်းပြ ဒီလာဖူအန်တီက ပြောခဲ့ပါတယ်။
ဒီလာဖူအန်တီက “ကျနော်တို့ အချိန်လိုအပ်ပါတယ်။ ဒါက လုပ်ငန်းစဉ် တစ်ခုလို့ ကျနော် အမြဲတမ်း ပြောခဲ့ဖူးပါ တယ်။ စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့ အချိန်ယူရပါမယ်။ စကော့တလန်နဲ့ ပွဲတုန်းက ကျနော်တို့ ကံ မကောင်းခဲ့တဲ့အတွက် ရလဒ်ကောင်း မရခဲ့ပါဘူး။ အခုအချိန်မှာတော့ ကျနော်တို့ဟာ တစ်ဦးနဲ့တစ်ဦး နားလည်မှု တွေ ပိုရလာခဲ့ပြီး ယုံကြည်မှုတွေလည်း ပိုပြီးတိုးလာခဲ့ပါတယ်။ လေ့ကျင့်ချိန်တွေလည်း ပိုပြီး ရလာခဲ့တဲ့အတွက် အရာရာဟာ ကွဲပြားခြားနားခဲ့ပါတယ်။ ဒီရလဒ်ကို ကျနော်ဝမ်းမြောက်မိပါတယ်”လို့ သတင်းထောက်တွေကို ပြော ခဲ့ပါတယ်။
စပိန်အသင်းဟာ အီတလီအသင်းနဲ့ ကစားခဲ့တဲ့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
စပိန်အတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၃ မိနစ်မှာ ပီနိုက သွင်းယူခဲ့ပြီး အင်မိုဘီလီက ပွဲချိန် ၁၁ မိနစ်မှာ အီတလီ အ တွက် ပင်နယ်တီကနေ ချေပဂိုး သွင်းယူခဲ့ပါတယ်။
စပိန်အသင်းနဲ့ အီတလီအသင်း ယှဉ်ပြိုင်နေစဉ်
ဒါပေမယ့် ဂျိုဆီလူက ပွဲချိန် ၈၈ မိနစ်မှာ စပိန်အသင်း ဗိုလ်လုပွဲ ရောက်ရှိစေမယ့် အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။
အဲဒါကြောင့် စပိန်အသင်းဟာ နေးရှင်းလိဂ်ဗိုလ်လုပွဲကို ၂ ကြိမ် တတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
နည်းပြ ဒီလာဖူအန်တီဟာ စပိန်အသင်းကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်က လူးဝစ်အင်းနရစ် နေရာမှာ အစား ထိုး ဝင်ရောက်ပြီး စတင်ကိုင်တွယ်ခဲ့ပါတယ်။
လက်ရွေးစင်အသင်း မကိုင်တွယ်ခင် သက်တမ်းလိုက် အသင်းတွေကို ကိုင်တွယ်ခဲ့တဲ့ ဒီလာဖူအန်တီဟာ အီတလီ အသင်းကို အနိုင်ရတဲ့ပွဲ အပါအဝင် အသင်းကြီးကို ၃ ပွဲ ကိုင်တွယ်ထားတာမှာ ၂ ပွဲနိုင်၊ ၁ ပွဲ အရေး နိမ့်ထားတာ ဖြစ်ပါတယ်။
စပိန်အသင်းဟာ နေးရှင်းလိဂ် ဗိုလ်လုပွဲအဖြစ် နယ်သာလန်အသင်းကို အနိုင်ရခဲ့တဲ့ ခရိုအေးရှားအသင်းနဲ့ ဇွန်လ ၁၈ ရက်မှာ နယ်သာလန်နိုင်ငံမှာ ယှဉ်ပြိုင်ကြမှာပါ။
စပိန်ကွင်းလယ်လူ ရိုဒရီက “ကျနော်တို့ဟာ ခရိုအေးရှားနဲ့ အကြိမ် အနည်းငယ် ကစားခဲ့ဖူးပြီး သူတို့ဟာ အသင်း လိုက် ပြိုင်ဆိုင်မှု ပြင်းထန်သလို ထူးချွန်တဲ့ ကစားသမားတွေနဲ့ အဆုံးထိ တွန်းအားပေးတဲ့ သူတွေပါ။ အခု အရေး အကြီးဆုံးအရာက ကျနော်တို့အတွက် ဒီဆုဖလားကို ရအောင်ယူဖို့ပါ။ ဆုဖလား မရခဲ့တာကြာပြီဖြစ်လို့ လာမယ့် ပွဲဟာ ဆုဖလားရနိုင်မယ့် ကျနော်တို့အတွက် အခွင့်အရေးပါပဲ”လို့ ပြောခဲ့ပါတယ်။
စပိန်အသင်းဟာ ယူရို ၂၀၁၂ ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ပြီးကတည်းက အဓိက ဆုဖလားအောင်မြင်မှုနဲ့ ဝေးကွာနေတာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 470
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅
မော်ရင်ဟိုဟာ စီးရီးအေကလပ် ရိုးမားအသင်းမှာ ဆက်ပြီး ရှိချင်တာကြောင့် ဆော်ဒီကလပ် အယ်လ်ဟီလယ် အသင်းကို ကိုင်တွယ်ခွင့်ရမယ့် အခွင့်အရေးကို ပယ်ချခဲ့ပါတယ်။
ပေါ်တူဂီလူမျိုး နည်းပြဟာ ရိုးမားအသင်းမှာ သူ့ရဲ့ အနာဂတ် မသေချာတာကြောင့် ဆော်ဒီကလပ်က သူတို့ အတွက် အလားအလာရှိတဲ့ နည်းပြသစ် ခန့်အပ်မှုအဖြစ် ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။
မော်ရင်ဟိုဟာ မကြာသေးခင်က ပီအက်စ်ဂျီအသင်းရဲ့ ချိတ်ဆက်မှု ခံခဲ့ရပြီး အယ်လ်ဟီလယ် အသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားခြင်း မရှိဘူးလို့ ပြောခဲ့တာကြောင့် အီတလီမှာပဲ ဆက်ရှိဖို့ သေချာနေတာ ဖြစ်ပါတယ်။
မော်ရင်ဟိုဟာ လန်ဒန်မှာ အယ်လ်ဟီလယ် အသင်းဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့တာမှာ ဒီအသင်းရဲ့ တာဝန်ကို ယူမှာ မဟုတ် ဘူးဆိုပြီး ပြောခဲ့တယ်လို့ Sky Italia က ဖော်ပြခဲ့ပါတယ်။
မော်ရင်ဟိုနဲ့ ရိုးမားအသင်းကိုတွေ့ရစဉ်
ဆော်ဒီနိုင်ငံဟာ ရော်နယ်ဒိုနဲ့ ဘန်ဇီမာကို ခေါ်ယူထားပြီး မော်ရင်ဟိုလည်း သူတို့လိဂ်ကို လာရောက်ဖို့ ဆွဲဆောင်ခဲ့ ပေမယ့် ပေါ်တူဂီလူမျိုး နည်းပြက ဒီရွေးချယ်ခွင့်ကို မယူချင်တာ ဖြစ်ပါတယ်။
မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ရာသီက ရိုးမားအသင်းကို ယူရိုပါလိဂ် ဗိုလ်လုပွဲ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် အီတလီကလပ်ဟာ ဆီဗီလာအသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ခဲ့ပြီး မော်ရင်ဟိုဟာ ဒီပွဲ ကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီး အန်သိုနီတေလာကို အရှက်မရှိတဲ့သူဆိုပြီး ပြောခဲ့လို့ ယူအီးအက်ဖ်အေရဲ့ စွဲချက်တင်ခြင်းကို ခံထားရတာ ဖြစ်ပါတယ်။
မော်ရင်ဟိုနဲ့ ရိုးမားအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်မှာ ကုန်ဆုံးမှာပါ။
မော်ရင်ဟိုရဲ့ ရိုးမားအသင်းဟာ ပြီးခဲ့တဲ့ရာသီ စီးရီးအေပြိုင်ပွဲမှာ အဆင့် ၆ နေရာနဲ့ ရာသီအဆုံးသတ်နိုင်ခဲ့လို့ လာမယ့်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ရိုးမားအသင်းဟာ အခု အပြောင်းအရွှေ့မှာ လိုင်ယွန်အသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့တဲ့ ဟာဆန်အူရာ၊ ဖရန့်ဖတ် အသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့တဲ့ အန်ဒီကာတို့ကို ခေါ်ယူထားပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 526
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅
ပြင်သစ်သမ္မတ မက်ခရွန်က ဘတ်ပီကို အခုနွေရာသီ ပီအက်စ်ဂျီအသင်းမှာ ဆက်နေနိုင်ဖို့အတွက် ပုဂ္ဂိုလ်ရေးအရ ဆွဲဆောင်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောလိုက်ပါတယ်။
မက်ခရွန်က “ကျနော့်မှာ ပြောစရာသတင်းမရှိပါဘူး။ ဒါပေမယ့် ကျနော် ကြိုးစားသွားမယ်၊ တွန်အားလည်း ပေးသွားမယ်” လို့ ဘတ်ပီရဲ့ အခြေအနေနဲ့ပတ်သက်ပြီး RMC Sport မေးမြန်းခဲ့ချိန်မှာ ဖြေခဲ့တာပါ။
ပီအက်စ်ဂျီအသင်းက ဘတ်ပီကို အသင်းမှာ ဆက်ထိန်းသိမ်းဖို့ ကြိုးစားနေချိန်မှာ မက်ခရွန်ကလည်း သူဟာ ဒီထဲမှာ ပြန်လည်ပါဝင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အတည်ပြုခဲ့တာပါ။ ပြင်သစ်တိုက်စစ်မှူးဟာ အသင်းနဲ့ စာချုပ် သစ်ချုပ်ဆိုဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ပြင်သစ်ကလပ်ထံ အကြောင်းကြားခဲ့ပေမယ့် ရီးရယ်လ်အသင်းနဲ့ ချိတ်ဆက် နေတယ်ဆိုတဲ့ သတင်းတွေကိုတော့ ငြင်းဆန်ထားတာဖြစ်ပါတယ်။
ဒါပေမယ့် ရီးရယ်လ်အသင်းဟာ ဘတ်ပီကို အခု နွေရာသီအပြောင်းအရွှေ့မှာ ယူရိုသန်း ၂၀၀ ပေးပြီးခေါ်ယူဖို့ ဆန္ဒ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။ ပြင်သစ်သမ္မတ မက်ခရွန်ဟာ လွန်ခဲ့တဲ့ ၁ နှစ်ကလည်း ဒီလို တူညီတဲ့ အခြေအနေမျိုးမှာ ဘတ်ပီနဲ့ စကားပြောခဲ့ပြီး ရီးရယ်လ်အသင်း စိတ်ဝင်စားနေတဲ့ကြားက ပြင်သစ် မြို့တော်မှာ ဆက်နေနိုင်အောင် စည်းရုံးတာမှာ ပါဝင်ခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ တိုက်စစ်မှူး ဘန်ဇီမာ အသင်းက ထွက်ခွာခဲ့ပြီးနောက် စပါးတိုက်စစ်မှူး ဟာရီကိန်း ကိုလည်း ချိတ်ဆက်မှုတွေရှိခဲ့ပေမယ့် ဘတ်ပီကို ခေါ်ယူနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ဖွယ် မရှိပါဘူး။ ပြင်သစ်အသင်းခေါင်းဆောင်က သူဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းမတိုးတော့ဘူးဆိုပေမယ့် လာမယ့်ရာသီအသင်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်ကစားသွားမယ်လို့ မကြာသေးခင်က ပြောထားပါတယ်။
ပီအက်စ်ဂျီဘက်ကတော့ ကစားသမားကို စာချုပ်သက်တမ်းမတိုးနိုင်ရင် လာမယ့်ရာသီအကုန်မှာ အလွတ်နဲ့ဆုံးရှုံး ရမှာဖြစ်လို့ အခုအပြောင်းအရွှေ့မှာ ရောင်းချပြီး ငွေကြေးရအောင်ယူဖို့ ပြင်ဆင်နေတာပါ။ ဘတ်ပီဟာ လက်ရှိ အချိန်မှာ ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ ယူရို ၂၀၂၄ ခြေစစ်ပွဲကစားဖို့ ပြင်ဆင်နေပြီး ပြင်သစ်အသင်းဟာ ဇွန်လ ၁၆ ရက်မှာ ဂျီဘရောလ်တာ၊ ၁၉ ရက်မှာ ဂရိတို့နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source:Goal.com

- By CNI
- Category: အားကစား
- Hits: 479
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅
ယူနိုက်တက်အသင်းဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ စပါးအသင်း တိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူဖို့ ယာထားတဲ့ အခြေအနေကို အဆုံးသတ်လိုက်ပြီလို့ သိရပါတယ်။
ယူနိုက်တက်အသင်းဟာ ရာသီသစ် မတိုင်ခင် တိုက်စစ်မှူးသစ် တစ်ဦးကို ထိပ်တန်း ဦးစားပေးအဖြစ် သတ်မှတ် ထားတာဖြစ်ပြီး အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းက ဦးစားပေး ပစ်မှတ်အဖြစ် ရှိခဲ့ပါတယ်။
နည်းပြ အဲရစ်တန်ဟတ်ဟာ ဟာရီကိန်းကို လာမယ့်ရာသီ အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်နိုင်ဖို့အတွက် ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။
အခု အချိန်မှာတော့ ဟာရီကိန်းရဲ့ ပြောင်းရွှေ့ကြေးဟာ ဈေးကြီးလွန်းတဲ့အတွက် တခြား ကစားသမားတစ်ဦးကို ရှာဖွေဖို့ ပြင်ဆင်လာခဲ့ပါတယ်။
ဂါးဒီးယန်းသတင်းမှာတော့ အဲရစ်တန်ဟတ်ဟာ သူ့ရဲ့ ထိပ်တန်းပစ်မှတ်ကို ခေါ်ယူနိုင်ခြင်း မရှိတဲ့အတွက် အသင်းကို စိတ်ပျက်နေပေမယ့် အသင်းရဲ့ အခြေအနေကို နားလည်တယ်လို့ ဖော်ပြထားပါတယ်။
စပါးနဲ့ ဟာရီကိန်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေတဲ့အတွက် ယူနိုက်တက် အသင်းဟာ ကလပ်က သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးထက် ပိုပြီးပေးချေဖို့ ဆန္ဒမရှိပါဘူး။
ဟာရီကိန်းနဲ့ အဲရစ်တန်ဟတ်ကိုတွေ့ရစဉ်
စပါးအသင်းဥက္ကဋ္ဌ လီဗိုင်းက ဟာရီကိန်းကို အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေပြီး သူ့ရဲ့ ပရီးမီးယား လိဂ် ပြိုင်ဘက်ထံ တိုက်ရိုက်ရောင်းချဖို့ ရည်ရွယ်ထားခြင်း မရှိပါဘူး။
စပါးအသင်းဟာ သူတို့ရဲ့ စံချိန်တင် ဂိုးသွင်းရှင် ကစားသမားအတွက် ပေါင်သန်း ၁၀၀ ဈေး သတ်မှတ်ထား ပါတယ်။
ဟာရီကိန်းကို ခေါ်ယူဖို့ ရီးရယ်လ် အသင်းကလည်း စိတ်ဝင်စားနေပေမယ့် ဘတ်ပီကို ရရှိနိုင်တဲ့အပေါ် မူတည်ပြီး အခြေအနေတွေဟာ ပြောင်းလဲသွားနိုင်တာပါ။
ယူနိုက်တက်အသင်းဟာ အင်္ဂလန် အသင်းခေါင်းဆောင်ကို စိတ်ဝင်စားမှု အဆုံးသတ်ခဲ့ပြီးနောက် နာပိုလီ တိုက်စစ်မှူး အိုဆင်ဟမ်၊ အတ္တလန္တာတိုက်စစ်မှူး ဟော့ဂျ်လန်း၊ ဘင်ဖီကာတိုက်စစ်မှူး ဂွန်ကာလိုရာမို့စ် အပါအဝင် တိုက်စစ်မှူး အချို့ကို ပစ်မှတ်ထားနေပါတယ်။
အတ္တလန္တာတိုက်စစ်မှူး ဟော့ဂျ်လန်းကတော့ သူဟာ ယူနိုက်တက်အသင်းရဲ့ စိတ်ဝင်စားမှုကို ကြိုဆိုပြီး သူကလည်း ပြောင်းရွှေ့ချင်တယ်လို့ ပြောထားတာပါ။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရက်က ချယ်လ်ဆီးကွင်းလယ်လူ မေဆန်မောင့်ကို ပေါင်သန်း ၄၀ နဲ့ ကမ်းလှမ်း ခဲ့ပေမယ့် လန်ဒန်ကလပ်က ပယ်ချခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ အလိုရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြ ထားပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 772
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄
ခရိုအေးရှား အသင်းခေါင်းဆောင် မိုဒရစ်က လက်ရှိအချိန်မှာ နေးရှင်းလိဂ်ပြိုင်ပွဲကိုသာ အာရုံစိုက်ထားပြီး ဒီပြိုင်ပွဲ အပြီးမှသာ အနာဂတ်ကို ဆုံးဖြတ်မယ်လို့ ပြောခဲ့ပါတယ်။
မိုဒရစ်က “အနာဂတ်အကြောင်း မပြောချင်သေးပါဘူး။ နေးရှင်းလိဂ် အကြောင်းကို အာရုံစိုက်နေပြီး လာမယ့် ပွဲတွေ အကြောင်းပဲတွေးပါတယ်၊ တခြားအကြောင်းအရာတွေကို မတွေးချင်ပါဘူး။ ဆုဖလားတွေရယူဖို့ ဒီကို ရောက်ရှိလာတာဖြစ်လို့ ဒါကို သယ်ဆောင်ပြီး အိမ်ပြန်ဖို့ကိုပဲ စဉ်းစားနေပါတယ်။ ဒီပွဲပြီးရင်တော့ ကျနော့် အနာဂတ်အကြောင်း ပြောနိုင်ပါတယ်။ ဆုံးဖြတ်ချက် ချပြီးပေမယ့် ပြိုင်ပွဲပြီးရင်တော့ ဒီအကြောင်းကို ဆွေးနွေး သွားမှာပါ”လို့ ပြောခဲ့ပါတယ်။
မိုဒရစ်နဲ့ ရီးရယ်လ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုလအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး စပိန်ကလပ်က တစ်နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ခရိုအေးရှားအသင်းအတွက် မိုဒရစ်ကစားစဉ်
မိုဒရစ်ကို ခေါ်ယူဖို့ ဆော်ဒီကလပ် အသင်းတွေက ငွေကြေး အများအပြားနဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်နေပေမယ့် ခရိုအေးရှား ကစားသမားက အနာဂတ်နဲ့ ပတ်သက်ပြီး အခုထိ ဆုံးဖြတ်ချက် မချရသေးပါဘူး။
ရီးရယ်လ်အသင်းကို ၂၀၁၂ က စပါးအသင်းကနေ ရောက်ရှိလာတဲ့ မိုဒရစ်ဟာ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၅ ကြိမ်၊ လာလီဂါဖလား ၃ ကြိမ် အပါအဝင် ဆုဖလား အောင်မြင်မှု အများအပြား ရယူထားတာပါ။
ရီးရယ်လ်အသင်းဟာ ဝါရင့်ကစားသမားတွေကို အသင်းမှာ ဆက်ထိန်းသိမ်းဖို့ လုပ်ဆောင်နေပေမယ့် လူငယ် အများအပြားကို ဖြည့်တင်းပြီး အသင်းလူစာရင်းကို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေပါတယ်။
အဲဒါကြောင့် ခရိုအေးရှား အသင်းခေါင်းဆောင်ဟာ လာမယ့်ရာသီမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ မသေချာတာကြောင့် တခြား ကမ်းလှမ်းမှုတွေကို စဉ်းစားနေတာပါ။
အသက် ၃၇ နှစ်အရွယ်ရှိ မိုဒရစ်ဟာ ခရိုအေးရှား လက်ရွေးစင် အသင်းနဲ့ အနာဂတ်ကိုလည်း နေးရှင်းလိဂ်ပြိုင်ပွဲ အပြီးမှာ ဆုံးဖြတ်သွားဖို့ ရှိနေပါတယ်။
ခရိုအေးရှားအသင်းဟာ နေးရှင်းလိဂ် နောက်ဆုံးအဆင့် ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် နယ်သာလန်အသင်းနဲ့ ဇွန်လ ၁၅ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 676
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄
ဘတ်ပီဟာ အသင်းနဲ့ စာချုပ်သက်တမ်း မတိုးတော့ဘူးလို့ ဆုံးဖြတ်ပြီးနောက် ပီအက်စ်ဂျီအသင်းဟာ တိုက်စစ်မှူး သစ် ရှာဖွေနေပါတယ်။
ဒီနောက်မှာတော့ ရီးရယ်လ်အသင်း ပစ်မှတ်ထားနေတဲ့ ဟာရီကိန်းရဲ့ အေးဂျင့်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ မေရာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းရဲ့ အဓိကတိုက်စစ်မှူး ဘတ်ပီဟာ ၂၀၂၅ အထိအသင်းမှာ ဆက်ရှိမှာ မဟုတ်ဘဲ လာမယ့်ရာသီ အကုန်မှာ ထွက်ခွာမယ့် ဆုံးဖြတ်ချက်ကို အသင်းထံ အကြောင်းကြားထားခဲ့ပါတယ်။
အဲဒါကြောင့် ပီအက်စ်ဂျီအသင်းဟာ ဘတ်ပီကို အခုနွေရာသီမှာ ရောင်းချမလား ဒါမှမဟုတ် လာမယ့်နွေရာသီမှာ အလွတ်နဲ့ ထွက်ခွာခွင့် ပေးမလားဆိုတာကို ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ တိုက်စစ်မှူးသစ် ရှာဖွေဖို့ အချိန်ဖြုန်းမနေဘဲ စပါးအသင်း တိုက်စစ်မှူး ဟာရီကိန်းရဲ့ အေးဂျင့်တွေနဲ့ တွေ့ဆုံမှု ပြုလုပ်ခဲ့ပါတယ်။
အင်္ဂလန် အသင်းခေါင်းဆောင်ဟာ ဘန်ဇီမာ နေရာမှာ အစားထိုးဖို့အတွက် ရီးရယ်လ်အသင်း ခေါ်ယူမယ့် ကစားသမား စာရင်းထဲမှာ ပါဝင်နေပါတယ်။
ဟာရီကိန်းကို တွေ့ရစဉ်
ဒါအပြင် ယူနိုက်တက် အသင်းကလည်း ဟာရီကိန်းကို ခေါ်ယူဖို့ သူတို့ရဲ့ ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ် ထားပါတယ်။
စပါးအသင်း တိုက်စစ်မှူးဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်နေပြီး လန်ဒန် ကလပ်ကတော့ ပေါင်သန်း ၁၀၀ ဈေး သတ်မှတ်ထားတာ ဖြစ်ပါတယ်။
စပါးအသင်းဟာ သူတို့ရဲ့ ဂိုးသွင်း အများဆုံး ကစားသမားကို ပရီးမီးယားလိဂ် ပြိုင်ဘက် အသင်းတွေထံ မရောင်းချ ချင်ဘဲ တခြားလိဂ်မှာရှိတဲ့ အသင်းတွေထံ ရောင်းချနိုင်တာကြောင့် ရီးရယ်လ်နဲ့ ပီအက်စ်ဂျီ အသင်းတို့ဟာ ခေါ်ယူ နိုင်ဖို့အတွက် လှုပ်ရှားမှုတွေ ပြုလုပ်လာတာပါ။
ရီးရယ်လ်အသင်းဟာ အင်္ဂလန် အသင်းခေါင်းဆောင်ကို ခေါ်ယူချင်ပေမယ့် ကာလကြာရှည် စိတ်ဝင်စားနေတဲ့ ဘတ်ပီကို ရယူနိုင်မယ်ဆိုရင် ပြင်သစ်ကစားသမားကို ခေါ်ယူဖို့ ဦးစားပေး လုပ်ဆောင်လာ နိုင်ပါတယ်။
အဲဒါကြောင့် ပီအက်စ်ဂျီအသင်းဟာ ဟာရီကိန်းကို ခေါ်ယူနိုင်ဖို့ အခွင့်အရေးတွေ ရှိလာနိုင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 775
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄
ရော်နယ်ဒိုဟာ အယ်လ်နာဆာ အသင်းထံ ပြောင်းရွှေ့ပြီးနောက် အပူချိန်နဲ့ လေ့ကျင့်ရေး အချိန်ဇယားတွေကို လိုက်လျောညီထွေဖြစ်အောင် နေခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။
ရော်နယ်ဒိုက “ဆော်ဒီမှာ ကြုံတွေ့ရတဲ့ ကြီးမားတဲ့ ကွာခြားချက်ကတော့ အပူချိန်တွေကြောင့် အေးတဲ့အချိန်တွေ မှာ လေ့ကျင့်မှုတွေ ပြုလုပ်ဖို့ အချိန်ဇယားတွေကို လိုက်လျောညီထွေဖြစ်အောင် လုပ်ရတာပါပဲ။ ဒါပေမယ့် အခု ဒါကို ကျနော် အကျင့်သားရနေပါပြီ။ ပရိသတ်တွေက ကျနော့်ကို မယုံနိုင်လောက်အောင် ကြိုဆိုခဲ့ကြပြီး ဒီအံ့သြ ဖွယ်ကောင်းတဲ့ ခရီးကို ဆက်လျှောက်ဖို့ လုပ်ဆောင်ပေးခဲ့ကြပါတယ်။ လိဂ်နဲ့ နိုင်ငံတိုင်းက မတူညီကြပါဘူး။ ဥရောပမှာ မတူညီတဲ့ လိဂ် ၃ ခုရဲ့ အတွေ့အကြုံတွေရခဲ့လို့ ကျနော်အလွန် ဂုဏ်ယူပါတယ်”လို့ ပြောခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ နောက်ထပ် အခန်းကဏ္ဍ သစ် တစ်ခုအတွက် ဆော်ဒီကလပ် အယ်လ်နာဆာ အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။
ဒါပေမယ့် အသက် ၃၈ နှစ်အရွယ် ကစားသမားဟာ ဆော်ဒီကို ရောက်ရောက်ချင်းမှာ အပူချိန်နဲ့ လိုက်လျောညီ ထွေ ဖြစ်အောင်နေဖို့ ခက်ခဲခဲ့တာ ဖြစ်ပါတယ်။
ဆော်ဒီဟာ အပူချိန်ကြောင့် လေ့ကျင့်မှုတွေကို ညနေပိုင်းမှာ ပြုလုပ်ကြတာပါ။
ရော်နယ်ဒို လေ့ကျင့်ခန်းဆင်းနေစဉ်
အဲဒါကြောင့် ဥရောပ ကလပ်တွေနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်တဲ့ အချိန်ဇယား မတူညီပါဘူး။ ရော်နယ်ဒိုဟာ ဒီကွာခြားမှုကို လိုက်လျောညီထွေဖြစ်အောင် အချိန်အနည်းငယ် ယူခဲ့ရပေမယ့် အခုအချိန်မှာတော့ သူ့ရဲ့ ပတ်ဝန်းကျင်အသစ်မှာ အသားကျနေခဲ့ပြီ ဖြစ်ပါတယ်။
ရော်နယ်ဒို ရောက်လာပြီးနောက် ဆော်ဒီလိဂ်ကို နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ဘန်ဇီမာ၊ ကန်တီတို့အပြင် နောက်ထပ် နာမည်ကြီးတွေ ထပ်မံရောက်လာဖို့ ရှိနေတာပါ။
ရော်နယ်ဒိုဟာ ဆော်ဒီလိဂ်ကို အရည်အသွေးမြင့် ကစားသမားတွေ ရောက်လာတဲ့အတွက် စိတ်လှုပ်ရှားနေပြီး လာမယ့်နှစ် အနည်းငယ်အတွင်းမှာ လိဂ်ဟာ အလွန်တိုးတက် ကောင်းမွန်လာမယ်လို့ ယုံကြည်နေတာ ဖြစ်ပါ တယ်။
ရော်နယ်ဒိုက “ဆော်ဒီလိဂ်ကို ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လူတွေကြည့်ရှုနေတာကို မြင်တွေ့ရတာဟာ ကျနော့်ကို အလွန်ပျော်ရွှင်စေပါတယ်။ ဒီလိဂ်ဟာ ဆက်ပြီး တိုးတက်နေမယ်လို့ ကျနော်ယုံကြည်နေပြီး ဥရောပလိဂ်မှာရှိတဲ့ ကစားသမား အများအပြားကလည်း ဒီကို လာကစားမယ်လို့ မျှော်လင့်ကြောင်း”ပြောခဲ့ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 826
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄
အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက သူဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားဖို့ အစီအစဉ်မရှိဘူးလို့ ပြောလိုက်ပါတယ်။
မက်ဆီက “ကျနော် လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲကို မစဉ်းစားတော့ပါဘူး။ ကာတာက ကျနော့်ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပါ။ ဘယ်လိုတွေဖြစ်မလဲဆိုတာကို ကြည့်မှာဖြစ်ပေမယ့် မူအရတော့မဟုတ်ပါဘူး။ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျနော်မသွားပါဘူး” လို့ ပြောခဲ့တာပါ။
မကြာသေးခင်က မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီကို ပြောင်းရွှေ့မယ့် ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့တဲ့ မက်ဆီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်း ချန်ပီယံဆုရယူနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း မက်ဆီဟာ လက်ရွေးစင်အသင်းကို ချန်ပီယံဆု နောက်ထပ်တစ်ကြိမ် ထပ်မံရရှိအောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်ချက်တွေရှိနေကြတာပါ။
ဒါပေမယ့် မက်ဆီကတော့ လာမယ့် မြောက်အမေရိကပြိုင်ပွဲမှာ ပါဝင်မယ့် မျှော်လင့်ချက်တွေကို အဆုံးသတ် ခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် ၇ ဂိုးသွင်းယူပြီး ၃ ဂိုး ဖန်တီးကာ အသင်းသမိုင်းတစ်လျှောက် တတိယအကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဆုနဲ့ သူ့ရဲ့ ကစားသမား ဘဝ ပထမဆုံး ကမ္ဘာ့ဖလားချန်ပီယံဆု ရရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့တာပါ။
မက်ဆီဟာ ဒီလိုလုပ်ဆောင်ခဲ့တဲ့အရာကြောင့် အခုနှစ်ထဲကျင်းပမယ့် ဘောလွန်းဒီအောဆုကို ရယူနိုင်ဖို့ ထပ်ပြီး ရေပန်းစားနေခဲ့ပါတယ်။ မက်ဆီဟာ ဘောလွန်းဒီအောဆုကို ၇ ကြိမ်အထိ ရရှိထားပြီး နောက်ထပ်ရရှိလာမယ့် တစ်ဦးချင်းဆုတွေက သူ့အတွက် အရေးမပါတော့ဘူးလို့လည်း ပြောခဲ့ပါတယ်။
မက်ဆီက “ဘောလွန်းဒီအောဆုက ကျနော့်အတွက် အရေးပါလားဆိုရင် အရေးမပါတော့ဘူး။ တစ်ဦးချင်း ဆု တံဆိပ်တွေထက် အသင်းလိုက်လုပ်ဆောင်ပြီးရတဲ့ ဆုတံဆိပ်ကသာ ကျနော့်အတွက် အရေးပါတယ်ဆိုတာ ကျနော်အမြဲတမ်းပြောခဲ့ပါတယ်။ အခုအချိန်မှာ ကျနော့်အတွက် အရေးပါတဲ့အရာက ကမ္ဘာ့ဖလားဖြစ်ပြီး ဒါက အကြီးမားဆုံးဆုပါပဲ” လို့ ပြောခဲ့တာဖြစ်ပါတယ်။
မက်ဆီဟာ လက်ရှိအချိန်မှာ သြစတြေးလျနဲ့ ခြေစမ်းပွဲကစားမယ့် အာဂျင်တီးနားအသင်းနဲ့အတူ တရုတ်နိုင်ငံမှာ လေ့ကျင့်မှုတွေ ပြုလုပ်နေတာပါ။ မက်ဆီဟာ သြစတြေးလျနဲ့ ခြေစမ်းပွဲသာ အာဂျင်တီးနားအတွက် ပါဝင် ကစား မှာဖြစ်ပြီး အင်ဒိုနီးရှားနဲ့ ပွဲမှာတော့ ပါဝင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
Source:DailyMail