
- By CNI
- Category: အားကစား
- Hits: 450
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၇
လူအုပ်ထဲက ပစ်ချတဲ့ အရာဝတ္ထုတွေဟာ ကစားသမားတွေ ဒါမှမဟုတ် ဒိုင်လူကြီးတွေကို ထိမှန်ခဲ့မယ်ဆိုရင် ဒတ်ချ်ဘောလုံးပွဲတွေကို ဖျက်သိမ်းမယ်လို့ နိုင်ငံရဲ့ ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။
အေဂျတ်စ်အသင်းက ဖီယင်နုအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဒတ်ချ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အေဂျတ်စ် ကွင်းလယ်လူ ကလာဆန်ဟာ လူအုပ်ကြီးထဲက ပစ်ချတဲ့ မီးခြစ်က ဦးခေါင်းကို ထိမှန်ခဲ့တာပါ။
ဒီပွဲမှာ ပွဲချိန်မိနစ် ၃၀ နီးပါး ရပ်တန့်ခဲ့ရပြီး ရဲတွေက အမျိုးသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
ဒတ်ချ်ဘောလုံးအဖွဲ့ချုပ်ကတော့ ဒါကို လုံးဝ လက်ခံနိုင်မှာ မဟုတ်ဘဲ ဒိုင်လူကြီးတွေ အနေနဲ့ ဒီလိုမျိုးဖြစ်ရပ်တွေ ထပ်ပြီးဖြစ်ခဲ့ရင် ပွဲကို ချက်ချင်း အဆုံးသတ်ရမယ်လို့ ပြောခဲ့တာပါ။
ဒီနှစ်သင်း ကစားခဲ့တဲ့ပွဲ မစတင်ခင်မှာလည်း ပရိသတ်တွေက မီးရှူးမီးပန်းတွေ ပစ်လွှတ်ခဲ့တဲ့အတွက် ပွဲကို စတင်ဖို့ နှောင့်နှေးခဲ့ရသလို ဂျူးဆန့်ကျင်တဲ့ အော်ဟစ်မှုတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။
အဲဒါကြောင့် ဖီယင်နုအသင်းဟာ ဧပြီလ ၁၃ ရက် ရိုးမားအသင်းနဲ့ ကစားရမယ့် ယူရိုပါလိဂ်ပွဲစဉ်မှာ မီးခြစ်ပစ်ချခဲ့တဲ့ ထိုင်ခုံ ၂၀၀၀ ဆန့်အပိုင်းကို ပိတ်ပင်ပြီး ယှဉ်ပြိုင်ရမှာပါ။
ဒတ်ချ်ဘောလုံးပွဲ တစ်ပွဲမှာ ပရိသတ်က သောင်းကျန်းလို့ ပွဲရပ်ခဲ့ရ
အဲဗာတန် ကစားသမားဟောင်း ကလာဆန်ကို မီးခြစ်နဲ့ ပစ်ချခဲ့တဲ့ အသက် ၃၂ နှစ်အရွယ်ရှိ အမျိုးသားအပြင် လူ ၂၂ ဦးကို ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က ကြာသပတေးနေ့က ပြောခဲ့ပါတယ်။
ဖီဖာအကြီးအကဲ အင်ဖန်တီနိုဟာ ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး အရေးယူပေးဖို့ နယ်သာလန်အာဏာပိုင်တွေကို တောင်းဆိုခဲ့သလို နယ်သာလန် ဝန်ကြီးချုပ်ကလည်း ဒီအဖြစ်အပျက်ကို လုံးဝသည်းမခံနိုင်ဘူးလို့ ပြောခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံအစိုးရကတော့ အမြင့်ဆုံးအဆင့်မှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ ကတိပြုထားတာပါ။
အေဂျတ်စ်ကွင်းလယ်လူ ကလာဆန်ဟာ ဒီဖြစ်ရပ်အပြီးမှာ ကုသမှုတွေ ခံယူပြီး ပြန်ကစားခဲ့ပေမယ့် မူးဝေတာကို ခံစားခဲ့ရလို့ လူစားလဲမှု ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။
ဒီပွဲမှာ အနိုင်ရခဲ့တဲ့ အေဂျတ်စ်အသင်းကတော့ ဒတ်ချ်ဖလားဗိုလ်လုပွဲအဖြစ် ပီအက်စ်ဗွီအသင်းနဲ့ ဧပြီလ ၃၀ ရက် မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 472
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၇
ဘောလုံးပွဲ ဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ပေါလ်မာဆင်က အာဆင်နယ်အသင်း အနေနဲ့ တနင်္ဂနွေနေ့ မှာ ကစားမယ့် လီဗာပူးလ်အသင်းနဲ့ပွဲမှာ အနိုင်ရရင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်မယ်လို့ ယုံကြည် ကြောင်း ပြောခဲ့ပါတယ်။
ပေါလ်မာဆင်က “ဒီပွဲက အာဆင်နယ်အတွက် စိုးရိမ်စရာပါ။ လီဗာပူးလ်အသင်းဟာ ချယ်လ်ဆီးအသင်းနဲ့ ပွဲမှာ ဆာလတ်၊ ဗန်ဒိုက်၊ ရော်ဘတ်ဆန်နဲ့ အာနိုးလ်တို့ကို ပွဲထွက်လူစာရင်းမှာ အသုံးမပြုခဲ့ပါဘူး။ ကလော့ပ်က ဒီ ကစားသမားတွေကို အာဆင်နယ်နဲ့ပွဲအတွက် ထားထားတဲ့ပုံပါပဲ။ အာဆင်နယ်နဲ့ပွဲမှာ သူတို့ ထပ်ပြီး မပါလာရင် အံ့သြစရာတွေ ဖြစ်မှာပါ။ အိမ်ကွင်းမှာ ကစားရမယ့် အာဆင်နယ်နဲ့ပွဲက ကလော့ပ်အတွက် ပိုအရေးကြီးပုံရပြီး အာဆင်နယ် ပရိသတ်အနေနဲ့ ကျနော့်ကို စိုးရိမ်စေပါတယ်။ အာဆင်နယ်က ဒီပွဲသာနိုင်ရင် ပရီးမီးယားလိဂ် ရနိုင် မယ်လို့ ထင်ကြောင်း”ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ အန်ဖီးလ်မှာ ကစားမယ့် လီဗာပူးလ်နဲ့ပွဲ မတိုင်ခင်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ကို ၈ မှတ်ဖြတ်ထားပြီး ဒုတိယနေရာက မန်စီးတီးအသင်းဟာ စနေနေ့မှာ ဆောက်သမ်တန်အသင်းနဲ့ အဝေးကွင်း ပွဲစဉ်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းကိုတွေ့ရစဉ်
အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်းထက် ၁ ပွဲ ပိုကစားထားပြီး အမှတ်ပေးဇယားကို ဦးဆောင်နေပေမယ့် လက်ကျန် ပွဲစဉ်တွေမှာ လီဗာပူးလ်အသင်းနဲ့ပွဲ အပါအဝင် မန်စီးတီး၊ ချယ်လ်ဆီး၊ နယူးကာဆယ် စတဲ့ ပွဲကြီး ပွဲကောင်းတွေ ပါဝင်နေတာပါ။
ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ၂၀၁၉ နဲ့ ၂၀၂၂ တွေမှာ ဒီလို အခြေအနေတွေကနေ လီဗာပူးလ်ကို ကျော်ဖြတ် ပြီး ဆုဖလား ရယူနိုင်ခဲ့တဲ့ အတွေ့အကြုံတွေ ရှိနေတာ ဖြစ်ပါတယ်။
အာဆင်နယ် အသင်းကတော့ ၁၉ နှစ်ကြာ ဝေးကွာနေတဲ့ ဆုဖလားကို အခုနှစ်ရာသီမှာ အရယူဖို့ ဆုံးဖြတ်ထားပြီး ပေါလ်မာဆင်ကလည်း လီဗာပူးလ်နဲ့ပွဲဟာ သူတို့ရဲ့ ကံကြမ္မာကို အဆုံးအဖြတ် ပေးနိုင်မယ်လို့ ယုံကြည်နေတာပါ။
ပေါလ်မာဆင်က “အာဆင်နယ်အသင်းဟာ နယူးကာဆယ်နဲ့ ကစားရမယ့် ပွဲကြီးပွဲကောင်းတွေ ရှိနေပေမယ့် လီဗာပူးလ်နဲ့ပွဲမှာ ပိုကောင်းအောင် လုပ်နိုင်ခဲ့မယ်ဆိုရင် အာဆင်နယ်အနေနဲ့ သူတို့ကို အနိုင်ယူဖို့ မလိုအပ်ပါဘူး။ လီဗာပူးလ်ကို နိုင်ရင်တော့ သူတို့အနေနဲ့ ကြီးကြီးမားမား ခြေချော်မှသာ ချန်ပီယံဆုကို ဆုံးရှုံးသွားမှာပါ။ လီဗာပူးလ်က မကြာသေးခင်က ယူနိုက်တက်ကို အိမ်ကွင်းမှာ အနိုင်ယူခဲ့ပါတယ်။ ဒီပွဲက အာဆင်နယ်အတွက် ခက်ခဲတဲ့ပွဲ ဖြစ်လာမယ်”လို့ ပြောခဲ့တာပါ။
ပေါလ်မာဆင်ကတော့ ဒီပွဲမှာ အာဆင်နယ်အသင်းက လီဗာပူးလ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရမယ်လို့ ခန့်မှန်း ခဲ့တာ ဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 504
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၇
ပီအက်စ်ဂျီအသင်းဟာ ၂၀၂၃-၂၄ ရာသီအတွက် လက်မှတ်တွေရောင်းချခဲ့တာမှာ ဘတ်ပီပါဝင်တဲ့ ဗွီဒီယိုကို အသုံးပြုခဲ့တာကြောင့် ကစားသမားဟာ ဒေါသထွက်နေပြီး ဒီအသင်းဟာ ကိုင်လီယန်စိန့်ဂျာမိန်း မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ဘတ်ပီက “ကျနော့်ရဲ့ အင်တာဗျူးပါဝင်ခဲ့တာကို အကြောင်းကြားခဲ့ခြင်းမရှိပါဘူး။ဒါက ကလပ်ရဲ့ ဈေးကွက် ရှာဖွေရေးအတွက် အခြေခံအင်တာဗျူးလိုပါပဲ။ဒီတင်ထားတဲ့ ဗွီဒီယိုကို ကျနော်သဘောမတူပါဘူး။ ဒါကြောင့် ကျနော်က တစ်ဦးချင်းပုံရိပ်အသုံးပြုခွင့်နဲ့ပတ်သက်ပြီး တိုက်ပွဲဝင်တာပါ။ပီအက်စ်ဂျီက အသင်းကြီးနဲ့ မိသားစု ကြီးပါ။ကိုင်လီယန်စိန့်ဂျာမိန်းမဟုတ်ဘူးဆိုတာ အသေအချာပါပဲ” လို့ အင်စတာဂရမ်မှာ ရေးသားခဲ့တာပါ။
ဘတ်ပီဟာ ပီအက်စ်ဂျီရဲ့ကြော်ငြာမှာ ရှေ့ဆုံးကနေပါဝင်ခဲ့ပြီး သူ့ရဲ့အင်တာဗျူး၊ အသင်းရဲ့ပွဲစဉ်တွေနဲ့ ပရိသတ် တွေရဲ့ အားပေးမှုတွေဟာ ဗွီဒီယိုထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။ပီအက်စ်ဂျီအသင်းရဲ့ ရာသီသစ်အတွက် ဗွီဒီယိုမှာ နာမည်ကျော်ကစားသမား ၂ ဦးဖြစ်တဲ့ မက်ဆီနဲ့ နေမာတို့ မပါဝင်ခဲ့ပါဘူး။အဲဒါကြောင့် အသက် ၂၄ နှစ်အရွယ်ရှိ ကစားသမားက သူ့ရဲ့ပုံရိပ်ကို ဒီလိုနည်းနဲ့ အသုံးပြုတဲ့အပေါ် ကန့်ကွက်ခဲ့ပြီး ကလပ်က ကိုင်လီယန်စိန့်ဂျာမိန်း မဟုတ်ဘူးလို့ အခိုင်အမာပြောခဲ့တာပါ။
၇၅ စက္ကန့်ကြာတဲ့ ဒီဗွီဒီယိုဖိုင်မှာ ဘတ်ပီရဲ့ ပြောစကား၊ သူ့ရဲ့ မျက်နှာနဲ့ ကလပ်မှာ အခုအချိန်ထိ ရှိနေတာကို မီးမောင်းထိုးပြထားပြီး ပြင်သစ်တိုက်စစ်မှူးရဲ့ ပုံရိပ်ကို ကြီးကြီးမားမားအသုံးပြုထားတာဖြစ်ပါတယ်။ လာမယ့်နှစ် ရာသီမှာ မက်ဆီနဲ့ နေမာတို့ဟာ ပီအက်စ်ဂျီအသင်းမှာ ဆက်ပြီးရှိဖို့ မသေချာဘူးလို့ သတင်းတွေ ထွက်နေတာပါ။ အဲဒါကြောင့် ပြင်သစ်ကလပ်ဟာ ဘတ်ပီကစားတာကို ကွင်းထဲအထိ လာရောက်ကြည့်ဖို့ လာမယ့်နှစ်ရာသီ လက်မှတ်ရောင်းချတော့မှ ဆွဲဆောင်ထားပုံရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းအတွက် ၂၅၁ ပွဲ ကစားအပြီးမှာ ၂၀၂ ဂိုး သွင်းယူကာ ၉၆ ဂိုးဖန်တီးထားပြီး အသင်း ရဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေတာပါ။ဘတ်ပီနဲ့ ပီအက်စ်ဂျီအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ် ဟာ ၂၀၂၅ အထိ သက်တမ်းရှိနေပြီး ရီးရယ်လ်အသင်းရဲ့ ကာလကြာရှည် ချိတ်ဆက်မှုတွေတော့ ခံနေရတာ ဖြစ်ပါတယ်။ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို မိုနာကိုအသင်းမှာ စတင်ခဲ့တဲ့ ဘတ်ပီဟာ ပီအက်စ်ဂျီအသင်း နဲ့အတူ ပြင်သစ်လိဂ်နဲ့ ပြင်သစ်ဖလားအများအပြားကို ရယူထားနိုင်ခဲ့တာပါ။
ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ်ဖလား ရယူနိုင်ဖို့ မျှော်လင့်နေပေမယ့် အခုနှစ်ရာသီမှာလည်း ၁၆ သင်း အဆင့်ကနေ ထွက်ခွာခဲ့ရတာကြောင့် ဒီရာသီမှာ ရယူနိုင်စရာဆုဖလားအဖြစ် လီဂူးဝမ်းသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 493
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၇
ဂရေဟမ်ပေါ်တာနေရာမှာ ချယ်လ်ဆီးအသင်းရဲ့ ယာယီနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ လမ်းပတ်က အသင်း ပရိသတ်တွေ လိုချင်တာကို ပေးမယ်လို့ ပြောလိုက်ပါတယ်။
လမ်းပတ်က “ဒါက ကျနော့်အတွက် လွယ်ကူတဲ့ဆုံးဖြတ်ချက်ပါပဲ၊ဒါက ကျနော့်ရဲ့ကလပ်ပါ။ကျနော်က အလွန် လက်တွေ့ကျတဲ့သူတစ်ဦးပါ။ချယ်လ်ဆီးကနေ ထွက်ခွာပြီးကတည်းက မတူညီတဲ့လမ်းကြောင်းပေါ်မှာ ရောက်ခဲ့ ပေမယ့် ရာသီအကုန်ထိ ကူညီပေးနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ပြန်လာခဲ့တာပါ။ချယ်လ်ဆီး ပရိသတ်တွေ ဂုဏ်ယူရတဲ့ အသင်းတစ်သင်းဖြစ်ဖို့အတွက် ကျနော်အစွမ်းကုန်ကြိုးစားသွားမှာပါ။ ချယ်လ်ဆီးပရိသတ်တွေနဲ့ ကျနော့်ရဲ့ဆက်ဆံရေးက အများကြီးပြောနေဖို့ မလိုအပ်ပါဘူး။သူတို့က ကျနော့်အတွက် ကြီးမားတဲ့ ပံ့ပိုးမှု တွေပေးခဲ့ပြီး အဲဒီအတွက်လည်း ကျနော်က ထာဝရကျေးဇူးတင်နေမှာပါ” လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ကစားသမားဟောင်းနဲ့ နည်းပြဟောင်းဖြစ်တဲ့ လမ်းပတ်ကို အခုနှစ်ရာသီအကုန်ထိ ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းကို ၂၀၁၉ ကနေ ၂၀၂၁ အထိ ပထမ အကြိမ် ကိုင်တွယ်ခဲ့ဖူးပြီး အဲဒီတုန်းက အသင်းရလဒ်ပိုင်းတွေ မကောင်းတာကြောင့် ထုတ်ပယ်ခံခဲ့ရတာပါ။ အင်္ဂလန်ကစားသမားဟောင်းဟာ ချယ်လ်ဆီးကနေ ထုတ်ပယ်ခံရပြီးနောက် ၂၀၂၂ မှာ အဲဗာတန်အသင်းကို ကိုင်တွယ်ခဲ့ပြီး မနှစ်ကရာသီက တန်းဆင်းဇုန်ကနေ လွတ်မြောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ရလဒ်ဆိုးတွေကြောင့် ဇန်နဝါရီလက ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ချယ်လ်ဆီးအသင်းဟာ ထုတ်ပယ်ခဲ့တဲ့ ဂရေဟမ်ပေါ်တာနေရာမှာ အစားထိုးဖို့ နည်းပြသစ်ရှာဖွေနေချိန်မှာ လမ်းပတ်ကို ရာသီအကုန်ထိ ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့ကာ ရာသီကုန်ချိန်မှသာ အမြဲတမ်း နည်းပြကို ခန့်အပ်သွားဖို့ ရှိနေတာပါ။ချယ်လ်ဆီးအသင်းကို ပြန်လာတာဟာ မပြီးပြတ်သေးတဲ့လုပ်ငန်း တွေကြောင့် မဟုတ်ဘဲ ကလပ်ကို ပြန်ပြီးတည်ငြိမ်အောင်လုပ်ဖို့အတွက်သာ အာရုံစိုက်မယ်လို့ လမ်းပတ်က ပြောခဲ့ပါတယ်။
လမ်းပတ်က “ဒီထိုင်ခုံမှာ ဘယ်တော့မှရှိမှာမဟုတ်ဘူးဆိုပြီး ကျနော်မတွေးထားပါဘူး။ကျနော်က ယုံကြည်မှု ရှိတဲ့သူတစ်ဦးပါ။မပြီးပြတ်သေးတဲ့လုပ်ငန်းတွေကြောင့် ပြန်လာတာမဟုတ်ပါဘူး။အခုအချိန်ဟာ မတူညီတဲ့ ကာလတစ်ခုကို ရောက်ရှိနေပြီး ကျနော်တတ်နိုင်သမျှ အကောင်းဆုံးလုပ်ဆောင်သွားမှာပါ။ကျနော့်ရဲ့ ပစ်မှတ် ကတော့ ယုံကြည်မှုအမြင့်မားဆုံးနဲ့ ပွဲအများအပြားကို အနိုင်ရချင်ပါတယ်။ကျနော်တို့အတွက် ရှေ့လာမယ့် ပွဲတွေမှာ ပွဲကြီးပွဲကောင်းတွေရှိပေမယ့် ကစားသမားတွေအနေနဲ့ ယုံကြည်မှုရှိဖို့လိုပါတယ်” လို့ ပြောခဲ့တာပါ။
လမ်းပတ်ဟာ စနေနေ့မှာ ကစားမယ့် ဝုလ်ဗ်စ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာ ချယ်လ်ဆီးအသင်းကို ယာယီ နည်းပြ အဖြစ် စတင်ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။
Source:DailyMail

- By CNI
- Category: အားကစား
- Hits: 518
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၆
၂၀၂၃ အာရှဖလားပြိုင်ပွဲကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်ကနေ ဖေဖော်ဝါရီ ၁၀ ရက်အထိ ကာတာမှာ ကျင်းပ သွားမယ်လို့ အာရှဘောလုံးအဖွဲ့ချုပ်က ဧပြီလ ၅ ရက်နေ့က အတည်ပြုလိုက်ပါတယ်။
ဒီပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပဖို့ ၂၀၁၉ ကတည်းက တရုတ်ကို ပေးအပ်ခဲ့ပေမယ့် နိုင်ငံအတွင်း ကိုဗစ် မူဝါဒ တွေကြောင့် ပြီးခဲ့တဲ့နှစ်က အိမ်ရှင်အဖြစ် ကျင်းပခွင့်ကို စွန့်လွှတ်ခဲ့တာပါ။
တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှားတို့ဟာ အာရှဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရဖို့ ကာတာနဲ့ ပြိုင်ဆိုင် ခဲ့ပေမယ့် ကာတာဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အနေနဲ့ ကျင်းပခဲ့တာကြောင့် အိမ်ရှင်အဖြစ် အာရှ ဘောလုံးအဖွဲ့ချုပ်က ရွေးချယ်ခဲ့ပါတယ်။
ပင်လယ်ကွေ့နိုင်ငံရဲ့ အပူဒဏ်ကို ရှောင်ရှားနိုင်ဖို့အတွက် ၂၄ သင်းနဲ့ ကျင်းပမယ့် အာရှဖလားပြိုင်ပွဲကို ၂၀၂၃ ခုနှစ် အလယ်ကနေ ၂၀၂၄ အစပိုင်းကို ပြောင်းပြီး ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာပါ။
ကာတာဟာ အာရှဖလားပြိုင်ပွဲကို ၁၉၈၈ နဲ့ ၂၀၁၁ တွေမှာ ၂ ကြိမ် ကျင်းပခဲ့ပြီး ၂၀၁၉ က ယူအေအီးမှာ ကျင်းပခဲ့ တဲ့ အာရှဖလားပြိုင်ပွဲမှာတော့ ချန်ပီယံဆုကို ရယူထားနိုင်ခဲ့ပါတယ်။
အာရှဖလားပြိုင်ပွဲကျင်းပမယ့် ကာတာနိုင်ငံရှိ ဘောလုံးကွင်များကိုတွေ့ရစဉ်
၂၀၂၃ အာရှဖလားပြိုင်ပွဲကို အားကစားကွင်း ၈ ကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပြီး ဒီထဲက အားကစားကွင်း ၆ ကွင်း ကတော့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသုံးပြုခဲ့တာပါ။
ဒီပြိုင်ပွဲအတွက် အုပ်စုမဲခွဲမှုကို မေလ ၁၁ ရက် ဒိုဟာမှာ ပြုလုပ်သွားမှာဖြစ်ပြီး အိမ်ရှင်လည်းဖြစ်၊ လက်ရှိ ချန်ပီယံ လည်းဖြစ်တဲ့ ကာတာအသင်းဟာ မဲအိုး ၁ မှာ ဂျပန်၊ အီရန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ ဆော်ဒီတို့နဲ့ အတူ ကျရောက်နေတာ ဖြစ်ပါတယ်။
အာဆီယံ အသင်းတွေဖြစ်တဲ့ ဗီယက်နမ်၊ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့လည်း ခြေစစ်ပွဲ အောင်မြင်ခဲ့လို့ ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။
အာရှဖလား ဗိုလ်လုပွဲဟာ အိုင်ဗရီကို့စ်မှာ ဇန်နဝါရီ ၁၃ ရက်ကနေ ဖေဖော်ဝါရီ ၁၁ ရက်အထိ ကျင်းပမယ့် အာဖရိကနိုင်ငံများဖလား ဗိုလ်လုပွဲနဲ့ တိုက်ဆိုင် နေတယ်လို့လည်း သိရပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 538
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၆
ယူကရိန်းအစိုးရဟာ သူတို့ရဲ့ အားကစားသမားတွေကို ရုရှား ဒါမှမဟုတ် ဘယ်လာရုစ်နဲ့ ယှဉ်ပြိုင်ခဲ့မယ်ဆိုရင် အမျိုးသားအဆင့် အဖွဲ့ချုပ်တွေကနေ ဖယ်ရှားသွားမယ်လို့ ပြောခဲ့တဲ့အပေါ် ဆန့်ကျင်ကန့်ကွက် သွားမယ်လို့ နိုင်ငံတကာ အိုလံပစ်ကော်မတီ(IOC) က ပြောပါတယ်။
နိုင်ငံတကာအိုလံပစ်ကော်မတီက “ဒီလို ဆုံးဖြတ်ချက်မျိုးက ယူကရိန်း အားကစား အသိုက်အဝန်းနဲ့ အမျိုးသား အားကစား အဖွဲ့ချုပ်တွေကိုပဲ ထိခိုက်နစ်နာစေမှာပါ။ ကမ္ဘာက ရပ်တန့်ချင်တဲ့ စစ်ပွဲကို ဘယ်လိုမှ သက်ရောက်မှု ရှိမှာ မဟုတ်သလို IOC ကလည်း ဒါကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်”လို့ အွန်လိုင်းပေါ်မှာ တင်ထားတဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။
နိုင်ငံတကာအိုလံပစ်ကော်မတီဟာ ရုရှားက ယူကရိန်းကျူးကျော်မှု ပြုလုပ်ပြီးနောက် ရုရှားနဲ့ ဘယ်လာရုစ်ကို ပိတ်ပင် အရေးယူမှုတွေ ပြုလုပ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ အပတ်မှာတော့ ဒီနှစ်နိုင်ငံက အားကစားသမားတွေကို နိုင်ငံတကာပြိုင်ပွဲတွေမှာ ကြားနေအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြုဖို့ အကြံပြုထားပါတယ်။
ယူကရိန်းအစိုးရဟာ သူတို့ရဲ့ အားကစားသမားတွေကို ရုရှား ဒါမှမဟုတ် ဘယ်လာရုစ် အားကစားသမားတွေနဲ့ နိုင်ငံတကာစင်မြင့်ပေါ်မှာ ယှဉ်ပြိုင်မယ်ဆိုရင် သူတို့အဖွဲ့ချုပ်တွေရဲ့ ရပ်တည်မှုတွေဟာ ဆုံးရှုံးရလိမ့်မယ်လို့ ပြောခဲ့တာပါ။
အိုလံပစ်ပွဲတော်ကိုတွေ့ရစဉ်
အဲဒါကြောင့် နိုင်ငံတကာ အိုလံပစ်ကော်မတီက ယူကရိန်းအစိုးရရဲ့ ပြောဆိုမှုကို တုန့်ပြန်လာခဲ့သလို ယူကရိန်း အားကစားအဖွဲ့ချုပ်တွေနဲ့ ပတ်သက်ပြီး လေးနက်တဲ့ မေးခွန်းတွေဟာ မြင့်တက်လာခဲ့တယ်လို့လည်း ပြောခဲ့ပါ တယ်။
ယူကရိန်း ဘက်ကတော့ ရုရှား အားကစားသမားတွေသာ ပါဝင်ခဲ့မယ်ဆိုရင် ၂၀၂၄ ပဲရစ် အိုလံပစ်ပြိုင်ပွဲမှာ သူတို့ အားကစားသမားတွေကို ယှဉ်ပြိုင်ခွင့်မပြုဖို့ အရင်က ဆုံးဖြတ်ချက် ချထားတာပါ။
ရုရှား အားကစားသမားတွေကို အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ခွင့်ပြုရင် ဒီပြိုင်ပွဲကို သပိတ်မှောက်မယ်လို့ ယူကရိန်းက ခြိမ်းခြောက်ထားပေမယ့် နိုင်ငံတကာအိုလံပစ်ကော်မတီကတော့ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေ ပါဝင်မှာနဲ့ ပတ်သက်ပြီး သီးခြား ဆုံးဖြတ်ချက် တစ်ခုကို နောက်ပိုင်းမှာ ချမှတ်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 625
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၆
ယူနိုက်တက်အသင်းဟာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးအပေါ် မှီခိုလွန်းတယ်လို့ ဘရန်ဖို့ဒ်အသင်းနဲ့ ပွဲအပြီးမှာ နည်းပြ အဲရစ်တန်ဟတ်က ပြောခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “ယူနိုက်တက်က ရက်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးတွေအပေါ် မှီခိုလွန်းတယ်ဆိုတာက အမှန်တရားပါပဲ။ ဒါပေမယ့် တခြား ကစားသမားတွေလည်း ဂိုးသွင်း နိုင်တယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဘရူနိုဖာနန်ဒက်စ် လည်း ဂိုးသွင်းနိုင်ပါတယ်။ ကျနော်တို့မှာ ဂိုးသွင်းနိုင်တဲ့ ကစားသမားတွေ အများကြီး ရှိပါသေးတယ်”လို့ ပြောခဲ့ ပါတယ်။
ယူနိုက်တက်အသင်းက ဘရန်ဖို့ဒ်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကျန်ပွဲစဉ်မှာ တစ်လုံး တည်းသော ဂိုးကို တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးကြောင့် ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၁၅ ဂိုးအထိ ရှိလာခဲ့ပြီး ပြိုင်ပွဲစုံ သွင်းဂိုးကတော့ ၂၈ ဂိုးအထိ ရှိလာခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေတာကို အဆုံးသတ် နိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲရစ်တန်ဟတ်နဲ့ ယူနိုက်တက် နောက်ခံကစားသမားကိုတွေ့ရစဉ်
မန်ချက်စတာကလပ်ဟာ ဘရန်ဖို့ဒ်အသင်းကို အနိုင်ရခဲ့တဲ့အတွက် အဆင့် ၃ နေရာက နယူးကာဆယ်အသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် အဆင့် ၄ နေရာမှာ ရပ်တည်နေတာပါ။
ရက်ရှ်ဖို့ဒ်ကတော့ ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီ ဖြစ်တဲ့အတွက် ထိပ်ဆုံး ၄ သင်းထဲ ဝင်ရောက်ဖို့ အတွက်ဆိုရင် ညီညွတ်ဖို့က အဓိကကျတယ်လို့ ပြောခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်က “အခုအချိန်မှာ ပွဲတိုင်းက အရေးကြီးပြီး၊ ပွဲတိုင်းကို ရေတွက်နေရတဲ့အတွက် အနိုင်ရယူနိုင်တာကို ကျေနပ်ပါတယ်။ အရေးကြီးတာက လာမယ့် ပွဲတွေမှာလည်း အမြဲတမ်း အနိုင်ရနေဖို့ပါပဲ။ ကျနော်တို့ဟာ အပတ် တိုင်း အကောင်းဆုံး ကစားနိုင်မှာ မဟုတ်ဘူးဆိုတာ လူတိုင်းအတွက် ရှင်းနေပေမယ့် ကျနော်တို့ရဲ့ စံချိန်စံနှုန်းတွေ ကိုတော့ ကျဆင်းသွားအောင် လုပ်ဖို့ အချိန်ဆိုတာ မရှိပါဘူး။ ကျနော်တို့ဟာ အပတ်တိုင်း တစ်ဦးနဲ့တစ်ဦးကို တွန်းအားပေးဖို့ ကြိုးစားနေရာမှာပါပဲ”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်း ပွဲကျန် ၁ ပွဲ ကစားဖို့ ကျန်ရှိနေသေးပြီး အဆင့် ၅ နေရာက စပါးအသင်းကို ၃ မှတ် ဖြတ်ထား ကာ ဒီတစ်ပတ် စနေနေ့မှာတော့ အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 490
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၆
ဘာစီလိုနာအသင်းနည်းပြ ဇာဗီက ရီးရယ်လ်ကို အရေးနိမ့်ပြီး ကိုပါဒယ်ရေးဖလား ဆီမီးဖိုင်နယ်ကနေ ထွက်ခဲ့ ရပြီးနောက် ရီးရယ်လ်ကို မသတ်ရင်၊ ရီးရယ်လ်သတ်တာ ခံရမှာပဲလို့ ပြောလိုက်ပါတယ်။
ဇာဗီက “ကျနော်တို့ဟာ ၁ ဂိုး- ဂိုးမရှိဖြစ်နေတဲ့အချိန်ထိ ကောင်းမွန်စွာ ယှဉ်ပြိုင်နိုင်ခဲ့ပေမယ့် ဒါတွေက ကျနော်တို့ ရပ်တန့်ရမယ့်အချိန်တွေပါ။ကျနော်တို့ဟာ သူတို့ကို ထိန်းချုပ်ရမှာဖြစ်ပေမယ့် အခွင့်အရေးကောင်းတွေလည်း မယူနိုင်ခဲ့ပါဘူး။ သူတို့ဟာ ကျနော်တို့ထက် သာလွန်တယ်ဆိုတာကို ဆင်ခြေမပေးချင်ပါဘူး။ သူတို့ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်ပြီး သူတို့က ရေပန်းအစားဆုံးဆိုတာ ကျနော်အမြဲတမ်းပြောခဲ့ပါတယ်။ရီးရယ်လ်ကို ခင်ဗျားတို့ မသတ်ရင်၊ ရီးရယ်လ်က ခင်ဗျားတို့ကို သတ်မှာပါ။ကျနော်တို့ဟာ အနည်းဆုံး ၁ ဂိုးတောင် မသွင်း နိုင်ခဲ့ပါဘူး။ သူတို့က ကျနော်တို့ထက် ပိုကောင်းပါတယ်။ဒါဟာ ဘောလုံးပါ” လို့ ပြောခဲ့တာပါ။
ကိုပါဒယ်ရေးဖလားဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် ဘာစီလိုနာအသင်းအိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲမှာ ရီးရယ်လ် အသင်းက ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာပါ။ဒီပွဲမှာ ရီးရယ်လ်အတွက် ဂိုးတွေကို ဘန်ဇီမာက ဟတ်ထရစ်နဲ့ ဗီနီစီးယက်စ်က ၁ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ပထမအကျော့ပွဲစဉ်တုန်းက ဘာစီလိုနာအသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး- ၁ ဂိုးနဲ့ ရီးရယ်လ်အသင်းအနိုင်ရပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ ဒီပွဲမတိုင်ခင် ဘာစီလိုနာအသင်းနဲ့ ဒီရာသီတွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၃ ပွဲဆက်တိုက် အရေးနိမ့် ထားခဲ့ပြီး ကိုပါဒယ်ရေးဖလားဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ရီးရယ်လ်အသင်းဟာ ကိုပါဒယ်ရေးဖလားဗိုလ်လုပွဲအဖြစ် အိုဆာဆူနာအသင်းနဲ့ မေလ ၆ ရက်မှာ ယှဉ်ပြိုင်သွား မှာပါ။
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက “ပြီးပြည့်စုံတဲ့ပွဲဖြစ်ခဲ့ပါတယ်။ဒီလိုမှမလုပ်နိုင်ရင် ဒီနေရာမှာ ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရမှာမဟုတ်ပါဘူး။ပထမပိုင်းမှာ ကျနော်တို့အခက်အခဲတွေရှိခဲ့ပေမယ့် ပထမဂိုးက တစ်ပွဲလုံးရဲ့ ဒိုင်းနမစ်တွေကို ပြောင်းလဲသွားစေခဲ့ပါတယ်။ကစားသမားတွေဟာ အံ့မခန်းဖွယ်ကောင်းတဲ့ ပွဲတစ်ပွဲကို ကစား နိုင်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ကိုပါဒယ်ရေးဖလားကနေ ထွက်ခွာခဲ့ရတဲ့အတွက် လာလီဂါဖလားရယူနိုင်ဖို့ကိုသာ အာရုံစိုက်ရတော့မှာဖြစ်ပြီး ရီးရယ်လ်အသင်းကတော့ ချန်ပီယံလိဂ်နဲ့ ကိုပါဒယ်ရေးဖလား ၂ ခုရယူနိုင်ဖို့ လမ်းကြောင်းပေါ်မှာ ရှိနေတာဖြစ်ပါတယ်။
Source:DailyMail

- By CNI
- Category: အားကစား
- Hits: 477
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၆
အင်တာမီလန်တိုက်စစ်မှူး လူကာကူဟာ ဂျူဗင်တပ်စ် အသင်းဘက်ကို ပင်နယ်တီကနေ နောက်ကျဂိုး သွင်းယူပြီး နောက် အိမ်ရှင်ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားမှု ခံခဲ့ရပါတယ်။
ဂျူဗင်တပ်စ်အသင်းနဲ့ အင်တာမီလန်အသင်းတို့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ကိုပါအီတာလီယာဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ လူကာကူဟာ အင်တာမီလန်အတွက် အဖိုးတန်ချေပဂိုးကို မိနစ် ၉၀ ပြည့်ပြီး နာကျင် အချိန်ပို ၅ မိနစ်မှာ သွင်းယူခဲ့တာပါ။
ဘယ်လ်ဂျီယံ တိုက်စစ်မှူးဟာ အိမ်ကွင်း ပရိသတ်တွေ ရှေ့မှောက်မှာ အောင်ပွဲခံခဲ့တဲ့အတွက် နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရသလို ဒီအဖြစ်အပျက်ကြောင့် နှစ်သင်းကစားသမားတွေ အချင်းများခဲ့ကြပြီး ဂျူဗင်တပ်စ်က ကွာဒရာဒိုနဲ့ အင်တာမီလန်အသင်းက ဟန်ဒါနိုဗစ်တို့ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။
လူကာကူဟာ အင်တာမီလန် အသင်းအတွက် ဂိုးသွင်းပြီးချိန်မှာ မျောက်အော်သံတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက် ခံခဲ့ရတာပါ။
လူကာကူကို အနီကတ်ပြသနေစဉ်
လူကာကူရဲ့ ကိုယ်စားလှယ်အဖွဲ့ Roc Nation Sports International ဥက္ကဋ္ဌ မိုက်ကယ်ယောမာ့စ်က ဒီလို လုပ်ဆောင်တာဟာ စက်ဆုပ်ဖွယ်ကောင်းတယ်လို့ ပြောခဲ့ပါတယ်။
မိုက်ကယ်ယောမာ့စ်က “တူရင်မှာရှိတဲ့ ဂျူဗင်တပ်စ် ပရိသတ်တွေက လူကာကူကို ရည်ရွယ်ပြီး လူမျိုးရေးခွဲခြားတဲ့ မှတ်ချက်စကားတွေဟာ စက်ဆုပ်ဖွယ်ကောင်းပြီး လက်ခံလို့မရပါဘူး။ လူကာကူဟာ ပွဲပြီးဆုံးချိန်မှာ ပင်နယ်တီ ကနေ ဂိုးသွင်းခဲ့ပါတယ်။ ပင်နယ်တီ မကန်ခင်နဲ့ ကန်သွင်းအပြီးမှာ သူဟာ ရန်လိုပြီး ရွံရှာဖွယ် လူမျိုးရေးခွဲခြားမှုကို ခံခဲ့ရပါတယ်။ လူကာကူဟာ အရင်ကလည်း ဂိုးတွေသွင်းပြီး အောင်ပွဲခံခဲ့တာပါပဲ။ ဒါကို ဒိုင်လူကြီးက သူ့ကို အဝါကတ် ပြသပြီး တုန့်ပြန်ခဲ့ပါတယ်။ သူဟာ ဂျူဗင်တပ်စ်ရဲ့ တောင်းပန်မှုနဲ့ ထိုက်တန်သလို အိမ်ရှင်ပရိသတ် အစုအဖွဲ့ရဲ့ အပြုအမူကို လိဂ်က ချက်ခြင်းရှုတ်ချဖို့ မျှော်လင့်ထားပါတယ်”လို့ ထုတ်ပြန်ခဲ့တာပါ။
ပြီးခဲ့တဲ့ နွေရာသီကမှ ချယ်လ်ဆီးအသင်းကနေ အငှားနဲ့ ပြန်ရောက်ရှိလာတဲ့ လူကာကူဟာ အင်တာမီလန် အသင်း မှာ ပထမအကြိမ် ကစားခဲ့တုန်းကလည်း လူမျိုးရေး ခွဲခြားခံခဲ့ရပါတယ်။
အင်တာမီလန်နဲ့ ဂျူဗင်တပ်စ်အသင်းတို့ရဲ့ ကိုပါအီတာလီယာဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်ကို ဧပြီလ ၂၆ ရက် မီလန်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 529
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၅
မက္ကဆီကို ဒိုင်လူကြီး ဖာနန်ဒိုဟာနန်ဒက်ဇ်ဟာ အမေရိကနဲ့ လီယွန်အသင်းတို့ ကစားခဲ့တဲ့ပွဲစဉ်မှာ ကစားသမားရဲ့ ပေါင်ခြံကို ဒူးနဲ့တိုက်ခဲ့တာကြောင့် ၁၂ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံရတယ်လို့ နိုင်ငံရဲ့ဘောလုံးအဖွဲ့ချုပ်က အင်္ဂါနေ့မှာ ပြောခဲ့ပါတယ်။
ထိပ်တိုက်ရင်ဆိုင်တဲ့ အချိန်အတွင်းမှာ လီယွန်အသင်းက ကွင်းလယ်လူ လူးကပ်စ်ရိုမီယိုက အမေရိကက ချေပဂိုး သွင်းယူခဲ့တာကို VAR နဲ့ ပြန်လည်သုံးသပ်ပေးဖို့ တောင်းဆိုခဲ့ပြီးနောက် ဒီ အဖြစ်အပျက်ဖြစ်ခဲ့တာပါ။ လီယွန် အသင်းကွင်းလယ်ကစားသမားကလည်း ၂ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ လူးကပ်စ်ရိုမီယိုကတော့ သူဟာ ကွင်းလယ်ဒိုင်လူကြီးကို အပြစ်ပေးဖို့ တောင်းဆိုခဲ့ခြင်းမရှိဘဲ နားလည်မှုလွဲမှားခဲ့တာဖြစ်ပြီး ကွင်းထဲမှာ လေးစားမှု ရှိဖို့ပဲ တောင်းဆိုခဲ့တာလို့ ပြောခဲ့တာပါ။
ကွင်းလယ်ဒိုင်လူကြီး ဖာနန်ဒိုဟာနန်ဒက်ဇ်ကတော့ “ပရိသတ်တွေ၊ အများပြည်သူတွေနဲ့ လူးကပ်စ်ရိုမီယိုကို ကျနော့်ရဲ့ တုန့်ပြန်မှုတွေအတွက် တောင်းပန်ပါတယ်။သူ ဒါမှမဟုတ် တခြားကစားသမားတွေကို ကျနော် ဘယ်တော့မှတိုက်ခိုက်မှာမဟုတ်ပါဘူး။ဒါကို ကျနော်သိပြီး စည်းကမ်းထိန်းသိမ်းရေးကော်မရှင်ရဲ့ဆုံးဖြတ်ချက်ကို လိုက်နာသွားမှာပါ” လို့ ပြောခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ ခိုက်ရန်ဖြစ်ပွားမှုအများအပြား ဖြစ်ခဲ့တာဖြစ်ပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဒီပွဲဟာ တစ်ဖက် ၂ ဂိုးစီသရေ ရလဒ်နဲ့ ပြီးဆုံးခဲ့တာပါ။နည်းပြ အော်တစ်ဇ်နဲ့ လာကာမွန်တို့ဟာ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ ပါဝင်ခဲ့ကြပြီး သူတို့ရဲ့ တိုက်ခိုက်မှုတွေဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့သွားခဲတာဖြစ်ပါတယ်။သူတို့နှစ်ဦးဟာ ပွဲချိန်အတွင်းမှာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီး ၂ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရတယ်လို့ သိရတာပါ။
အခုနှစ်ရာသီ မက္ကဆီကိုလိဂ်ပြိုင်ပွဲမှာ လီယွန်အသင်းက ရမှတ် ၂၅ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး၊ အမေရိက အသင်းကတော့ ရမှတ် ၂၄ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source:ChannelNewsAsia