
- By CNI
- Category: အားကစား
- Hits: 503
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ
စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းဟာ အပြောင်းအရွှေ့ ကိစ္စရပ်တွေကြောင့် ရမှတ်လျှော့ခံထားရတဲ့ ပြစ်ဒဏ်ကို အယူခံဝင်ပြီးနောက် ရမှတ်လျှော့ခံရတာကို ယာယီပြန်လည် ရုပ်သိမ်းခဲ့လို့ ရမှတ် ၁၅ မှတ် ပြန်လည် ရရှိသွားခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ ၂၀၁၉ ကနေ ၂၀၂၁ အထိ ၂ နှစ်တာ ကာလအတွင်း အပြောင်းအရွှေ့ ကိစ္စရပ်တွေကို စုံစမ်းခံရပြီးနောက် အီတလီဘောလုံးအဖွဲ့ချုပ်က ရမှတ်လျှော့ ပြစ်ဒဏ် ချမှတ်ခဲ့တာပါ။
ဂျူဗင်တပ်စ်အသင်းဟာ ရမှတ်လျှော့ခံထားရတဲ့ ၁၅ မှတ်ကို ပြန်လည် ရရှိခဲ့ပေမယ့် ကြားနာမှုအသစ် ပြုလုပ်တဲ့ အချိန် နောက်ပိုင်းတွေမှာ အပြစ်ပေးခံရနိုင်တဲ့ အခြေအနေမှာ ဆက်လက်ရှိနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် စီးရီးအေ ထိပ်သီးအသင်းဟာ အခုအချိန်မှာ ရမှတ် ၁၅ မှတ် ပြန်လည်ရခဲ့လို့ အဆင့် ၇ နေရာကနေ ရိုးမား၊ အေစီမီလန်နဲ့ အင်တာမီလန်တို့ရဲ့ အထက် အဆင့် ၃ နေရာကို တက်လှမ်းသွားနိုင်ခဲ့တာပါ။
ဂျူဗင်တပ်စ်အသင်းကို ပြစ်ဒဏ် ချမှတ်ချိန်မှာ ပါဝင်ခဲ့တဲ့ ဒါရိုက်တာဟောင်း ပါရာတီချီကတော့ လပေါင်း ၃၀ ကြာ ပိတ်ပင်တဲ့ ပြစ်ဒဏ်အပေါ် အယူခံဝင်မှု အရေးနိမ့်ခဲ့ပါတယ်။
စီးရီးအေ အမှတ်ပေးဇယားကိုတွေ့ရစဉ်
ပါရာတီချီလိုပဲ ဂျူဗင်တပ်စ်အသင်း ဥက္ကဋ္ဌဟောင်း အက်ဂ်နယ်လီ၊ အမှုဆောင်ချုပ်ဟောင်း အာရီဗာဘီနီနဲ့ အားကစားဒါရိုက်တာ ချီရူဘီနီတို့ရဲ့ အယူခံတွေကလည်း ပယ်ချခံခဲ့ရတာပါ။
ကစားသမားဟောင်းနဲ့ ဒါရိုက်တာ နတ်ဗတ်၊ ဂါရင်မ်ဘာတီနဲ့ ဗယ်လာနိုတို့ရဲ့ အယူခံကတော့ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ရဲ့ အမှုကိစ္စရပ်တွေဟာ ကနဦး ပြစ်ဒဏ်ချခဲ့တဲ့ အီတလီဘောလုံးအဖွဲ့ချုပ် အယူခံ တရားရုံးကို ပြန်လည် ရောက်ရှိသွားမှာ ဖြစ်ပြီး ဂျူဗင်တပ်စ်အကြီးအကဲ ကယ်လ်ဗိုက ပြန်လည် ရရှိခဲ့တဲ့ ဒီ ရမှတ်တွေဟာ သူတို့နဲ့အတူ အဆုံးထိရှိဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ ရမှတ် လျှော့ခံထားရတဲ့ ရမှတ် ၁၅ မှတ် ပြန်လည်ရရှိတာနဲ့အတူ ယူရိုပါလိဂ် ပြိုင်ပွဲ မှာလည်း ဆီမီးဖိုင်နယ် အဆင့်အထိ တက်လှမ်းနိုင်ခဲ့တာပါ။
ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ဂျူဗင်တပ်စ်အသင်းဟာ စပို့တင်းလစ္စဘွန်းအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့ပြီး ပထမအကျော့က ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့လို့ နှစ်ကျော့ပေါင်း ရလဒ် ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရကာ ဆီမီး ဖိုင်နယ် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ ဒီတစ်ပတ် စီးရီးအေ ပွဲစဉ်အဖြစ် ထိပ်ဆုံးနေရာက နာပိုလီအသင်းကို အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 589
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၁
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ဆီဗီလာအသင်းကို အရေးနိမ့်ပြီး ယူရိုပါလိဂ် ပြိုင်ပွဲကနေ ထွက်ခွာ ရပြီးနောက် အသင်းကစားသမားတွေရဲ့ စွမ်းဆောင်ရည်ဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ပြစ်တင် ဝေဖန် သွားခဲ့ပါ တယ်။
အဲရစ်တန်ဟတ်က “ကျနော်တို့ဟာ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမှာပါ။ ဆုဖလားတွေ ဆွတ်ခူးဖို့နဲ့ အောင်မြင်မှု ရရှိချင်တယ် ဆိုရင်တော့ စရိုက်လက္ခဏာတွေရှိဖို့ လိုအပ်ပါတယ်။ ဒီပွဲမှာဆိုရင် ဆီဗီလာက နိုင်လိုစိတ် ပိုပြီးရှိခဲ့ပြီး ဒါက ဖြစ်လို့မရသလို လက်ခံနိုင်စရာ မဟုတ်ဘူးလို့လည်း ထင်ပါတယ်။ ဆီဗီလာက ဒီပွဲမှာ ပိုပြီး စိတ်အား ထက်သန်တယ်၊ စိတ်ဆန္ဒပိုပြီး ပြင်းပြတယ်၊ အနိုင်ရဖို့လည်း ပိုပြီး လိုချင်ခဲ့တယ်။ ဒါတွေကြောင့် ပွဲကိုအနိုင်ရဖို့ ခက်ခဲပါတယ်။ ကစားသမားတွေဟာ စွမ်းဆောင်ပြရမှာ ဖြစ်ပေမယ့် သူတို့ဟာ လုံလောက်မှု မရှိသလို ဒီပွဲ အတွက် လည်း အဆင်သင့် မဖြစ်ခဲ့ပါဘူး။ ဒါကို ကျနော်တို့ ပြောင်းလဲလို့ မရတော့ပါဘူး”လို့ ပွဲအပြီး BT Sport နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်အဖြစ် ဆီဗီလာအသင်း အိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲမှာ ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ပထမအကျော့ အိမ်ကွင်းမှာ ကစားခဲ့တုန်းက ၂ ဂိုးစီ သရေကျခဲ့လို့ နှစ်ကျော့ပေါင်း ရလဒ် ၅ ဂိုး- ၂ ဂိုးနဲ့ ဆီဗီလာအသင်းကို အရေးနိမ့်ပြီး ယူရိုပါလိဂ်ကနေ ထွက်ခွာခဲ့ရပါတယ်။
အဲရစ်တန်ဟတ်ကိုတွေ့ရစဉ်
ဒုတိယအကျော့ ပွဲစဉ်မှာ ယူနိုက်တက်အသင်းဟာ ဂိုးသမား ဒီဂီယာနဲ့ အသင်းခေါင်းဆောင် မက်ဂွဲယားတို့ရဲ့ အမှား တွေကနေ ဆီဗီလာဘက်ကို သွင်းဂိုး ၂ ဂိုး ပေးခဲ့ရတာပါ။
အဲဒါကြောင့် သူတို့ နှစ်ဦးဟာ ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ခံနေရပေမယ့် နည်းပြ အဲရစ်တန်ဟတ်ကတော့ ကစားသမားအားလုံးရဲ့ စွမ်းဆောင်ရည်နဲ့ စိတ်နေသဘောထားကို စိတ်ပျက်ပြီး ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ကစားမယ့် ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်မှာတော့ ဒီရှုံးနိမ့် မှုကနေ အမြန်ဆုံး ပြန်လာနိုင်ဖို့ နည်းပြက မျှော်လင့်နေပါတယ်။
အဲရစ်တန်ဟတ်က “ကျနော်တို့ဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို သွားရမှာဖြစ်ပြီး၊ ဒါက နောက်ထပ် အခွင့်အရေးပါ။ ကျနော်တို့ဟာ အရှုံးတွေကနေ ပြန်လာနိုင်တယ်ဆိုတာကို အကြိမ်ပေါင်းများစွာ ပြသပြီးသွားပါပြီ။ ဒါကို အကြိမ်ပေါင်းများစွာ လုပ်ခဲ့ပြီးပြီဆိုပေမယ့် ကျနော်တို့ဟာ ဘောလုံးကို ပိုပြီး တည်တည်ငြိမ်ငြိမ်နဲ့ ကောင်း မွန်တဲ့ပွဲကို စတင်ရမှာပါ။ ယူနိုက်တက်လို အသင်းမှာ တောင်းဆိုမှုတွေနဲ့ စံချိန်စံနှုန်းတွေက ပိုပြီးမြင့်မားရမယ်ဆို တာကို လူတိုင်းမြင်တွေ့ရမှာပါ”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့မှာ ဘရိုက်တန်အသင်းနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး လာမယ့် ကြားရက်မှာတော့ စပါးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 562
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၀
လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းရဲ့ အဓိက ပစ်မှတ်ဖြစ်လာမယ့် တိုက်စစ်မှူး ဟာရီကိန်း အနေနဲ့ စပါးအသင်းမှာ ဆုဖလားတွေ ဆွတ်ခူးနိုင်တယ်လို့ အသင်းဥက္ကဋ္ဌ လီဗိုင်းက ပြောခဲ့ပါတယ်။
လီဗိုင်းက “ဟာရီကိန်းဟာ စပါးအသင်းမှာ ဆုဖလားတွေ ဆွတ်ခူးနိုင်ပါတယ်။ ဒါပေမယ့် အသင်းဂန္တဝင် ဖြစ်ဖို့ ကလည်း အရေးကြီးပါတယ်။ သူဟာ စပါးအသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်တယ်ဆိုတဲ့ အချက်က လည်း သမိုင်းတွင်သွားပါပြီ။ ကျနော်တို့ရဲ့ အားကစားကွင်း အပြင်ဘက်မှာ ဟာရီကိန်းရဲ့ ရုပ်တုကိုလည်း တစ်နေ့ နေ့မှာ ထားနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ the Cambridge Union နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
အင်္ဂလန် အသင်းခေါင်းဆောင် ဟာရီကိန်းဟာ စပါးအသင်းအတွက် ၂၇၃ ဂိုး သွင်းယူထားပြီး အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နေသလို တစ်ဦးချင်း ဆုတံဆိပ် အများအပြားကိုလည်း ရရှိထားတာ ဖြစ်ပါတယ်။
ဟာရီကိန်းနဲ့ လီဗိုင်းကိုတွေ့ရစဉ်
ဒါပေမယ့် ဟာရီကိန်းဟာ ကစားသမားဘဝမှာ ဆုဖလားတစ်ခုမှ ကိုင်မြှောက်နိုင်ခြင်း မရှိသေးပါဘူး။ ဟာရီကိန်း ဟာ ၂၀၂၁ က မန်စီးတီး အသင်းထံ ပြောင်းဖို့ ရှိခဲ့ပေမယ့် နောက်ဆုံးမှာ အပြောင်းအရွှေ့ မဖြစ်ခဲ့လို့ စပါးအသင်း မှာသာ ဆက်ပြီးရှိခဲ့တာပါ။
အခုအချိန်မှာ ယူနိုက်တက်အသင်းက သူ့ကို ခေါ်ယူဖို့ ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ထားတာကြောင့် ဟာရီကိန်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မေးခွန်းတွေ ထပ်မံ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် စပါးအသင်း ဘက်ကတော့ ယူနိုက်တက်အသင်းရဲ့ ဘယ်လို ကမ်းလှမ်းမှုမျိုးကိုမဆို ပယ်ချဖို့ စီစဉ်ထား တယ်လို့လည်း သိရပါတယ်။ ဟာရီကိန်းကို ခေါ်ယူဖို့ ယူနိုက်တက် အသင်းအပြင် ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ် အသင်းကလည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
ဟာရီကိန်းနဲ့ စပါးအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၄ မှာ ကုန်ဆုံးမှာဖြစ်ပြီး လန်ဒန်ကလပ်က သူ့ကို အသင်းမှာ ဆက်ထိန်းသိမ်းနိုင်ဖို့အတွက် စာချုပ် သက်တမ်းတိုးဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 584
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၀
ဂျူဗင်တပ်စ်အသင်းဟာ ကလပ်အသင်းရဲ့ အပြောင်းအရွှေ့ကိစ္စရပ်တွေကြောင့် ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ ၁၅ မှတ် လျှော့ခံထားရတဲ့အပေါ် အယူခံဝင်ထားတာမှာ အီတလီထိပ်တန်းအားကစားအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်း နေရပါတယ်။
အီတလီအားကစားအာမခံဘုတ်အဖွဲ့ဟာ ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ ကြားနာမှုပြုလုပ်ခဲ့ပြီးနောက် ဒီဆုံးဖြတ်ချက်ကို ဂျူဗင်တပ်စ်အသင်းက စောင့်ဆိုင်းနေတာပါ။အီတလီရဲ့ အအောင်မြင်ဆုံး ဘောလုံးအသင်းဖြစ်တဲ့ ဂျူဗင်တပ်စ် အသင်းဟာ ကစားသမားအပြောင်းအရွှေ့တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခံရပြီးနောက် ဇန်နဝါရီလမှာ ၁၅ မှတ်လျှော့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာကို အခုအချိန်မှာ အယူခံဝင်ခဲ့တာဖြစ်ပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ ဒီလိုရမှတ်လျှော့ပြစ်ဒဏ်ကြောင့် ဥရောပဝင်ခွင့်ရနိုင်တဲ့ အဆင့်သတ်မှတ်ချက်ပြင်ပကို ရောက်သွားခဲ့သလို အသင်းရဲ့ ဒါရိုက်တာဟောင်းတွေနဲ့ လက်ရှိဒါရိုက်တာ ၁၁ ဦးသည်လည်း ဘောလုံးလောက ကနေ ပိတ်ပင်တဲ့ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရတာပါ။ အားကစားအစိုးရရှေ့နေ အူဂိုတောစာက ဘောလုံးရှေ့နေတွေနဲ့ သူ့ရဲ့တရားရုံးတွေဟာ မှန်ကန်စွာလုပ်ဆောင်ခဲ့ကြတယ်လို့ ကြားနာမှုမှာ ပြောခဲ့ပေမယ့် စီရင်ချက်အသစ်မှာ ရမှတ်လျှော့တဲ့ ပြစ်ဒဏ်ကို ထပ်ပြီးအကဲဖြတ်သင့်တယ်လို့ ပြောခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းရဲ့ ရှေ့နေ ဘယ်လာကိုဆာက ဇန်နဝါရီလက ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်ဟာ အမှားတွေနဲ့ ပြည့်နေ ပြီး ဒီဆုံးဖြတ်ချက်ကို ပြန်ဖျက်ရမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။အီတလီထိပ်သီးကလပ်ဟာ ရမှတ်လျှော့ ပြစ်ဒဏ် ကြောင့် လက်ရှိ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရ အဆင့် ၄ နေရာမှာရှိတဲ့ အေစီမီလန်အသင်းနဲ့ ၉ မှတ်ကွာဟနေတာပါ။
ဂျူဗင်တပ်စ်အသင်းအနေနဲ့ ရမှတ် ၁၅ မှတ်သာလျှော့မခံရဘူးဆိုရင် ရမှတ် ၅၉ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source:ChannelNewsAsia

- By CNI
- Category: အားကစား
- Hits: 560
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၀
လာလီဂါဥက္ကဋ္ဌ တီဘတ်စ်က ဘာစီလိုနာအနေနဲ့ တိုက်စစ်မှူးဟောင်း မက်ဆီကို အသင်းထံ ပြန်လည်ခေါ်ယူဖို့ ဆိုရင် ကြီးမားတဲ့ အားထုတ်မှုလိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
တီဘတ်စ်က “ဘာစီလိုနာအနေနဲ့ မက်ဆီကို စာရင်းသွင်းမှတ်ပုံတင်တာကို ဆောင်ရွက်နိုင်ဖို့ဆိုရင် ဘဏ္ဍာရေး ဆိုင်ရာ ဆောင်ရွက်မှုအများအပြားကို ပြုလုပ်ရမှာပါ။ဒီလိုမျိုးဖြစ်ပေါ်လာဖို့အတွက် သူတို့အနေနဲ့ ကြိုးစား အားထုတ်မှုတွေ အများကြီး လုပ်ဖို့လိုအပ်ပါတယ်။ဒီနေ့မှာတော့ မက်ဆီကို ခေါ်ယူမှုဟာ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ကျနော်မထင်ပါဘူး။ဒါပေမယ့် အချိန်တွေအများကြီးကျန်သေးလို့ ဘာကာဟာ လီယိုကို ခေါ်ယူဖို့ လှုပ်ရှားနိုင် ပါသေးတယ်။သူတို့ရဲ့ ဖြစ်နိုင်ဖွယ်ရှိတဲ့ အစီအစဉ်ကို ကျနော်တို့ စောင့်မျှော်နေဆဲပါ။ဒါကို ဖြစ်မြောက်အောင် လုပ်ဖို့အတွက် ကြီးမားတဲ့အားထုတ်မှုလိုအပ်ပါတယ်” လို့ လာလီဂါအစည်းအဝေးမှာ ပြောခဲ့တာပါ။
မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့အတွက် ဆွေးနွေးမှုတွေဟာ အဆင်မပြေသေးတာကြောင့် ဘာစီလိုနာအသင်းထံ ပြန်လာဖို့ ကြီးမားတဲ့ချိတ်ဆက်မှုတွေ ခံနေရတာဖြစ်ပါတယ်။မက်ဆီကို ဘာစီလိုနာထံ ပြန်လည်ခေါ်ယူဖို့ ကစားသမားဟောင်းတွေနဲ့ လက်ရှိကစားသမားတွေက အသင်းကို တွန်းအားပေးမှုတွေ ပြုလုပ်နေသလို စပိန်ကလပ်ကလည်း ကစားသမားရဲ့ ဖခင်နဲ့ဆွေးနွေးမှုတွေ ပြုလုပ်နေတာပါ။
လာလီဂါအကြီးအကဲ တီဘတ်စ်ကလည်း ဘာစီလိုနာအသင်းထံ မက်ဆီပြန်လာမှာကို ကြိုဆိုမှာဖြစ်ပေမယ့် စပိန်ကလပ်အနေနဲ့ အာဂျင်တီးနားအသင်းခေါင်းဆောင်ကို ခေါ်ယူဖို့အတွက် ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲ အများအပြားကို ဖြေရှင်းရလိမ့်မယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဘဏ္ဍာရေးဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး မက်ဆီကိုလည်း သက်တမ်းတိုးစာချုပ်မချုပ်နိုင်ခဲ့လို့ အလွတ်နဲ့ ထွက်ခွာခွင့်ပေးခဲ့ရတာပါ။
ဒါ့အပြင် လက်ရှိအချိန်မှာ အကယ်ဒမီထွက်တွေဖြစ်တဲ့ ဂါဗီနဲ့ အာရူဂျိုတို့ကိုလည်း စာချုပ်သက်တမ်းတိုးဖို့ အခက် တွေ့နေတာဖြစ်ပါတယ်။ဘာစီလိုနာအသင်းကတော့ မက်ဆီကို အသင်းထံ ပြန်လည်ခေါ်ယူနိုင်ဖို့ လုပ်ဆောင် နေပြီး အသင်းမှာရှိတဲ့ တာဝန်ရှိသူတွေနဲ့ ကစားသမားတွေကလည်း သူတို့ရဲ့အသင်းခေါင်းဆောင်ဟောင်း ပြန်လာနိုင်မယ်လို့ ယုံကြည်နေကြတာပါ။
ဒီရာသီ လာလီဂါပြိုင်ပွဲမှာ ဒုတိယနေရာက ရီးရယ်လ်အသင်းကို ၁၁ မှတ်ဖြတ်ထားပြီး အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ဖို့ အခြေအနေကောင်းနေတဲ့ ဘာစီလိုနာအသင်းဟာ တနင်္ဂနွေနေ့မှာတော့ တတိယနေရာက အသလက် တီကိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 494
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၀
မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ တွေ့ဆုံရမယ့် ရီးရယ်လ်အသင်းကို ပြီးခဲ့တဲ့နှစ်က ရှုံးကြွေးလက်စားချေကာ ဗိုလ်လုပွဲ တက်နိုင်အောင် လုပ်ဆောင်သွားမယ်လို့ ပြောလိုက်ပါတယ်။
ဘာနာဒိုဆေးလ်ဗားက “ကျနော်တို့ လက်စားချေဖို့ သွားမယ်ဆိုတာ အသေအချာပါပဲ။ ကျနော်တို့ ဒီလိုလုပ်ဆောင် ဖို့ အမြဲတမ်း ကြိုးစားနေပြီး ဒီအချိန်မှာတော့ အသင်းဟာ အလွန်ယုံကြည်မှု ရှိနေတယ်လို့ ခံစားရပါတယ်။ ကျနော် တို့ ဖြတ်ကျော်နိုင်မယ်လို့လည်း ထင်ပါတယ်။ ကျနော်တို့ဟာ ပွဲတစ်ပွဲမှာ စွမ်းဆောင်ရည် ကျဆင်းသွားခဲ့ရင်တော့ ပြိုင်ပွဲကနေ ထွက်ခွာရမယ့် ရာသီရဲ့ အနေအထားကို ရောက်ရှိနေပါပြီ။ ဒါက ခက်ခဲနိုင်ပေမယ့်လည်း ချန်ပီယံဆု တချို့ကို အိမ်ပြန် သယ်သွားနိုင်ဖို့အတွက် ကျနော်တို့ ကြိုးစားသွားမယ်”လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်အသင်း အိမ်ကွင်းမှာ ကစားခဲ့တာမှာ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။
ဒီပွဲရဲ့ ပွဲချိန်အစောပိုင်းမှာ ပင်နယ်တီလွဲခဲ့တဲ့ ဟာလန်းက မန်စီးတီးအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အတွက် ချေပဂိုးကို ကင်မစ်ချ်က ပင်နယ်တီကနေ သွင်းယူခဲ့တာပါ။
ပထမအကျော့ ပွဲစဉ်မှာ မန်စီးတီးအသင်းက ၃ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ရီးရယ်လ်နဲ့ မန်စီးတီး ယှဉ်ပြိုင်နေစဉ်
အဲဒါကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၄ ဂိုး- ၁ ဂိုးနဲ့ မန်စီးတီးအသင်း အနိုင်ရပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်ရောက်ကာ လက်ရှိချန်ပီယံ ရီးရယ်လ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ရီးရယ်လ်နဲ့ မန်စီးတီးအသင်းတို့ဟာ ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာလည်း တွေ့ခဲ့ကြလို့ ၂ နှစ် ဆက် တိုက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။
မနှစ်က ပွဲတုန်းကတော့ ရီးရယ်လ်အသင်းဟာ အရေးနိမ့်နေတာကနေ မန်စီးတီးအသင်းကို နောက်ဆုံးမိနစ်မှာ သွင်းယူခဲ့တဲ့ ဂိုးတွေနဲ့ အချိန်ပိုအထိ ခေါ်ဆောင်သွားနိုင်ခဲ့တာပါ။
အချိန်ပိုမှာ ဘန်ဇီမာက အနိုင်ဂိုးသွင်းခဲ့လို့ မန်စီးတီးအသင်း အရေးနိမ့်ခဲ့တဲ့အတွက် အခုတစ်ကြိမ် တွေ့ဆုံမှုမှာ ပြန်ပြီး လက်စားချေ အနိုင်ယူဖို့ ဘာနာဒိုဆေးလ်ဗားက မျှော်လင့်နေတာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ၃ ကြိမ် ဆက်တိုက် တက်နိုင်ခဲ့တဲ့ မန်စီးတီးအသင်းအနေနဲ့ ရီးရယ်လ်ကို ကျော်ဖြတ်နိုင်ရင် ချန်ပီယံလိဂ်ဖလား ရပြီလို့ နည်းပြ ဂွာဒီယိုလာက ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ရိုးရိုးသားသားပြောရရင် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ၃ ကြိမ် ဆက်တိုက် တက်နိုင်ခဲ့လို့ ကျနော် ပျော်ရွှင်ပါတယ်။ ချန်ပီယံလိဂ်ဖလားကို ရချင်ရင် ရီးရယ်လ်အသင်းကို အနိုင်ယူရမယ်ဆိုတာ ကလပ်အသင်းတိုင်း သိပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 580
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၁၉
ဝက်စ်ဟမ်းအသင်းနဲ့ ၂ ဂိုးစီ သရေကျတဲ့ ပွဲအပြီးမှာ အာဆင်နယ်အသင်း ကြယ်ပွင့် ဆာကာကို ရည်ရွယ်ပြီး လူမျိုး ရေး ခွဲခြားခဲ့တဲ့ တွစ်တာပို့စ်ကို The Metropolitan ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ အတည်ပြုထားပါတယ်။
အာဆင်နယ်အသင်းဟာ ဒီပွဲအပြီးမှာ အဖိုးတန် ၂ မှတ် ဆုံးရှုံးသွားခဲ့ပြီးနောက် “ဒီလူရွှင်တော်ဟာ ငါတို့ကို လိဂ် ဖလား ဆုံးရှုံးစေတယ်”ဆိုတဲ့ စကားလုံးတွေနဲ့အတူ ဆာကာကို မျောက်အဖြစ် ပုံဖော်ထားတာကို အသုံးပြုသူ တစ်ဦးက တွစ်တာမှာ ပို့စ်တင်ခဲ့တာပါ။
ဒီပို့စ်အောက်မှာ အခြားတွစ်တာ အသုံးပြုသူတစ်ဦးက The Metropolitan ရဲတပ်ဖွဲ့ကို tag တွဲပြီး ဒီစာသားဟာ အမုန်းတရားဆိုင်ရာ ရာဇဝတ်မှုဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့က ဒါကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ အင်္ဂါနေ့မှာ ပြန်လည် ဖြေကြားခဲ့တာပါ။ ဆာကာဟာ ဒီရာသီ အာဆင်နယ်အသင်း ပရီးမီးယားလိဂ် ချန်ပီယံဆု ရယူနိုင်ဖို့အတွက် ပြေးလမ်းကြောင်းပေါ်မှာ ရှိအောင် အဓိက စွမ်းဆောင်ပေးခဲ့တဲ့ သူတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။
ဒါပေမယ့် အင်္ဂလန် ကစားသမားဟာ ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာ အာဆင်နယ်အသင်း ၃ ဂိုး- ၁ ဂိုးနဲ့ ဦးဆောင် နိုင်မယ့် ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပေမယ့် လွဲချော်ခဲ့တာပါ။
ဆာကာ ပင်နယ်တီကန်သွင်းနေစဉ်
မိနစ်အနည်းငယ် အကြာမှာတော့ ဝက်စ်ဟမ်းအသင်းက ချေပဂိုး ပြန်သွင်းနိုင်ခဲ့လို့ ဝက်စ်ဟမ်းနဲ့ အာဆင်နယ် အသင်းတို့ဟာ ၂ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။ ဆာကာအတွက်တော့ အွန်လိုင်းပေါ်ကနေ လူမျိုးခွဲခြားမှု ခံရတာဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။
ဆာကာဟာ ယူရို ၂၀၂၀ ဗိုလ်လုပွဲအဖြစ် အင်္ဂလန်နဲ့ အီတလီအသင်းတို့ ကစားခဲ့တဲ့ ပွဲအပြီးမှာလည်း ဒီလိုမျိုးပဲ လူမျိုးရေး ခွဲခြားခံခဲ့ရတာပါ။
အဲဒီပွဲမှာ အင်္ဂလန်အတွက် ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းတာမှာ ဆာကာဟာ အသင်းဖော်တွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်၊ ဆန်ချိုတို့နဲ့အတူ လွဲချော်ပြီးနောက် သူတို့ ၃ ဦးစလုံး လူမျိုးရေး ခွဲခြားခံခဲ့ရတာ ဖြစ်ပါတယ်။
ဆာကာကတော့ ဒီပင်နယ်တီ လွဲချော်မှုအတွက် သူတာဝန်ယူတယ်လို့ ပြောခဲ့ပြီး အာဆင်နယ်အသင်း ပရိသတ် တွေကို တောင်းပန်ခဲ့တာပါ။
အာဆင်နယ်အသင်း နည်းပြ အာတီတာက “ပင်နယ်တီ ကန်သွင်းတဲ့ ကစားသမားက လွဲချော်မှာပါပဲ။ နောက် တစ်ကြိမ် ကန်သွင်းခွင့် ရမယ်ဆိုရင် သူ့ကိုပဲ ကျနော်ရွေးချယ်မှာပါ။ ဒီအခိုက်အတန့်ကို ကျနော်တို့ လွဲချော်ခဲ့ပြီး ဒါက ဘောလုံးပါ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 421
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၁၉
ယူကရိန်းကို ကျူးကျော်ပြီးနောက် ပိတ်ပင်မှု ချမှတ်ထားတာကို ရုပ်သိမ်းပေးဖို့ ရုရှားက ယူအီးအက်ဖ်အေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် ဆွေးနွေးညှိနှိုင်းမှုတွေဟာ ခက်ခဲတယ်လို့ ရုရှားဘောလုံးအဖွဲ့ချုပ်ရဲ့ ထိပ်တန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ရုရှားဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မီထရိုဗာနော့ဗ်က “ပိတ်ပင်မှုတွေကို ရုပ်သိမ်းပြီး ပြန်လည် ယှဉ်ပြိုင်ခွင့် ရဖို့အတွက် ယူအီးအက်ဖ်အေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်။ ညှိနှိုင်းရတာ ခက်ခဲနေပြီး၊ ဒါတွေက တစ်ချိန်လုံး ပြောဆိုနေရတဲ့ ရှည်လျားတဲ့ စကားပြောဆိုမှုတွေပါ”လို့ RIA နဲ့ TASS သတင်းဌာနတွေက ဖော်ပြထားတာပါ။
ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်မှုကြောင့် ယူအီးအက်ဖ်အေနဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်တို့ဟာ ရုရှားလက်ရွေး စင်အသင်းနဲ့ ကလပ်အသင်းတွေကို သူတို့ရဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက စပြီး ပိတ်ပင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်ကို အခုအချိန်ထိ မပြောင်းလဲသေးတာကြောင့် ရုရှားနိုင်ငံနဲ့ ကလပ်အသင်းတွေဟာ ပြိုင်ပွဲ ယှဉ်ပြိုင် ခွင့် မရသေးတာပါ။
ရုရှားအသင်း ပရိသတ်ကိုတွေ့ရစဉ်
အဲဒါကြောင့်လည်း ရုရှားဘောလုံးအဖွဲ့ချုပ်ဟာ ဥရောပကနေ အာရှဘောလုံးအဖွဲ့ချုပ်ထံ ကူးပြောင်းဖို့ စဉ်းစား မယ်လို့ အရင်က ပြောထားတာ ဖြစ်ပါတယ်။
ယူအီးအက်ဖ်အေ အကြီးအကဲ ဆက်ဖာရင်က စစ်ပွဲ မပြီးဆုံးမချင်း ရုရှားကို ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားတာနဲ့ ပတ်သက်ပြီး ရုပ်သိမ်းဖို့ အလွန်ခက်ခဲမယ်လို့ အခုလအတွင်းမှာ ပြောထားတာပါ။
“ဆက်ဖာရင်က ဘာမှ စကားအသစ်တွေ မပြောခဲ့ပါဘူး။ ဒါတွေက သိသာ ထင်ရှားပါတယ်”လို့ မီထရိုဗာနော့ဗ်ရဲ့ ပြောဆိုမှုကို TASS သတင်းဌာနက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ရုရှား အမျိုးသား ဘောလုံးအသင်းဟာ ပြိုင်ပွဲတွေ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရပေမယ့် မကြာသေးခင်ကတော့ ခြေစမ်းပွဲတွေ ယှဉ်ပြိုင်ကစားခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ ခြေစမ်းပွဲမှာ အီရတ်အသင်းကို အိမ်ကွင်းမှာ ၂ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 490
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၁၉
အေစီမီလန်အသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်အဖြစ် နာပိုလီအသင်းနဲ့ ၁ ဂိုးစီ သရေ ကျပြီးနောက် ၂၀၀၇ နောက်ပိုင်း ၁၆ နှစ်အကြာမှ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို ပထမဆုံးအကြိမ် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ အေစီမီလန်အသင်းအတွက် ဂိုးကို ဂီရော့ဒ်က သွင်းယူခဲ့တာဖြစ်ပြီး နာပိုလီအတွက် ချေပဂိုးကို အိုဆင်ဟမ် က သွင်းယူခဲ့တာပါ။
ပထမအကျော့အဖြစ် ကစားတုန်းက အေစီမီလန်အသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၂ ဂိုး- ၁ ဂိုးနဲ့ နောက်တစ်ဆင့် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယအကျော့ ပွဲစဉ်မှာ နာပိုလီအသင်းနဲ့ အေစီမီလန် အသင်းတို့ဟာ ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပေမယ့် ဂီရော့ဒ်နဲ့ ကဗီချာတို့က လွဲချော်ခဲ့ကြတာပါ။
အေစီမီလန်အသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို နောက်ဆုံးတက်နိုင်ခဲ့တဲ့ ၂၀၀၇ မှာ လီဗာပူးလ်အသင်းကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဥရောပချန်ပီယံဆုကို ၇ ကြိမ် ရရှိထားတဲ့ အေစီမီလန်အသင်းဟာ ဆီမီးဖိုင်နယ်မှာ အင်တာမီလန် ဒါမှမဟုတ် ဘင်ဖီကာနဲ့ တွေ့ဆုံရမှာဖြစ်ပြီး အင်တာမီလန် အသင်းဟာ ပထမအကျော့ပွဲစဉ်မှာ ဘင်ဖီကာအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရထားတာပါ။
အေစီမီလန်အသင်း တိုက်စစ်မှူး ဂီရော့ဒ်ကိုတွေ့ရစဉ်
အေစီမီလန်အသင်း နည်းပြ ပိုင်အိုလီကတော့ ဆီမီးဖိုင်နယ်မှာ မြို့ခံပြိုင်ဘက် အင်တာမီလန်အသင်းကို ကြိုဆို သွားမယ်လို့ ပြောခဲ့ပါတယ်။
ပိုင်အိုလီက “အင်တာမီလန်က ပထမအကျော့မှာ ကောင်းမွန်စွာ အနိုင်ရခဲ့တဲ့အတွက် ဒီလိုဖြစ်လာပါလိမ့်မယ်။ ချန်ပီယံလိဂ်မှာ စိတ်လှုပ်ရှားစရာကောင်းပြီး အံ့သြစရာကောင်းတဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လာမှာဖြစ်ပြီး ဒီနှစ်ပွဲ က ခက်ခဲပါလိမ့်မယ်။ ကျနော်တို့ အများကြီး လုပ်ခဲ့ပြီးပြီဖြစ်လို့ မရပ်တန့်ချင်တော့ပါဘူး”လို့ ပြောခဲ့ပါတယ်။
အေစီမီလန် အသင်းဟာ စီးရီးအေပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံအသင်း ဖြစ်ပေမယ့် ဒီရာသီ စီးရီးအေမှာတော့ ထိပ်ဆုံး နေရာက နာပိုလီအသင်းနဲ့ ၂၂ မှတ်အကွာ အဆင့် ၄ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 651
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၁၉
ချယ်လ်ဆီးအသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူး ဒရော့ဘာက အသင်းချန်ပီယံလိဂ်ကနေ ထွက်ခွာရပြီးနောက် အသင်း ပိုင်ရှင်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သလို ဒီအသင်းကို အသိအမှတ် မပြုတော့ဘူးလို့လည်း ပြောခဲ့ပါတယ်။
ဒရော့ဘာက “အေဘရာမိုဗစ်ချ် ခေတ်တုန်းကဆိုရင် ဒီအသင်းဟာ အဆင့်အတန်းတစ်ခုကို ပြသနိုင်ခဲ့ပေမယ့် ဒီနေ့မှာတော့ ဒါကို မတွေ့ရတော့ပါဘူး။ လူအချို့ကို ဘယ်လို ဖယ်ရှားခဲ့လဲဆိုတာကို မြင်တွေ့နေရတာက ကျနော့် အတွက် ခက်ခဲပါတယ်။ ကျနော့်ကလပ်ကို ကျနော် အသိအမှတ် မပြုပါဘူး။ တူညီတဲ့ အသင်းမဟုတ်တော့ဘဲ ပိုင်ရှင်အသစ်တွေနဲ့ အမြင်အသစ်တွေ ရှိပါတယ်။ ကစားသမားတွေ အများကြီး ခေါ်ဆောင်ခဲ့တဲ့ အေဘရာမိုဗစ်ချ် ခေတ်က အဖြစ်အပျက်တွေနဲ့ နှိုင်းယှဉ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆုံးဖြတ်ချက်တွေ ချတဲ့နေရာမှာ အလွန် ဉာဏ်ကောင်း ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းကို ပူးတွဲပိုင်ရှင် တစ်ဦးဖြစ်တဲ့ တော့ဒ်ဘိုလီက ထိန်းချုပ်ထားတာဖြစ်ပြီး ဘရိုက်တန် အသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ အသင်းရဲ့ အဝတ်လဲခန်းထဲ ဝင်ရောက်ကာ အသင်းရဲ့ စွမ်းဆောင်ရည်တွေဟာ ရှက်ဖို့ ကောင်းတယ်လို့ ပြောခဲ့တယ်လို့ အားကစားသတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒါပေမယ့်လည်း ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ရီးရယ်လ် အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ ထပ်ပြီး အရေးနိမ့်ခဲ့တာပါ။
အဲဒါကြောင့် ချယ်လ်ဆီးအသင်းဟာ ရီးရယ်လ်အသင်းကို နှစ်ကျော့ပေါင်း ရလဒ် ၄ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီး ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပါတယ်။
လမ်းပတ်နဲ့ ချယ်လ်ဆီး ကစားသမားတွေကိုတွေ့ရစဉ်
ဒရော့ဘာဟာ အေဘရာမိုဗစ်ရဲ့ ခေတ်ကာလမှာ ချယ်လ်ဆီးအသင်းရဲ့ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြသ နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလား အောင်မြင်မှု အများအပြားကို ရယူနိုင်ခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ် ယှဉ်ပြိုင်ခွင့်မရဖို့ သေချာသလောက် ရှိသွားပြီးနောက် ဒရော့ဘာက လက်ရှိ အသင်းပိုင်ရှင်တွေကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒရော့ဘာက “အေဘရာမိုဗစ်ချ် တုန်းကဆိုရင် ပီတာချက်၊ ရှက်ဗ်ချန်ကို၊ ခရက်စပို၊ အက်ဆီယန်၊ ဒရော့ဘာနဲ့ မာလူဒါ အစရှိတဲ့ ကစားသမားတွေ ခေါ်ယူပြီး ကျနော်တို့ ဆက်သွားနေခဲ့ပါတယ်။ ချန်ပီယံဆု ရယူနိုင်ဖို့လည်း လုပ်ခဲ့ပါတယ်။ သူတို့တွေဟာ အတွေ့အကြုံရှိတဲ့ ကစားသမားတွေပါ။ အခုသွားတဲ့ ဗျူဟာကျတော့ ကွဲပြားခြား နား သွားတယ်။ လူငယ် ကစားသမားတွေကို လောင်းကြေးထပ်ပြီး ခေါ်ယူခဲ့တယ်။ ကစားသမား ၃၀ ကျော်ရှိတဲ့ အဝတ်လဲခန်းက နည်းပြတစ်ဦးအတွက် ကိုင်တွယ်ရ ခက်ခဲပါတယ်။ သူတို့မှာ အရည်အချင်းရှိတဲ့ ခေါင်းဆောင် တွေ မရှိဘူး”လို့ ပြောခဲ့တာပါ။
တော့ဒ်ဘိုလီဟာ အေဘရာမိုဗစ်ချ်ဆီကနေ ချယ်လ်ဆီးအသင်းကို လွှဲပြောင်း ရယူပြီးကတည်းက အပြောင်းအရွှေ့ ၂ ခုမှာ ပေါင်သန်း ၆၀၀ လောက် သုံးစွဲပြီး ကစားသမားသစ်တွေကို အားဖြည့်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အသင်းဟာ နည်းပြတွေဖြစ်တဲ့ တူချယ်လ်နဲ့ ဂရေဟမ်ပေါ်တာကို ထုတ်ပယ်ခဲ့ပြီး ယာယီနည်းပြအဖြစ် လမ်းပတ်ကို ခန့်အပ်ခဲ့ပေမယ့် ရလဒ်တွေက ပိုပြီးဆိုးလာခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ လမ်းပတ် လက်ထက် ကစားခဲ့တဲ့ ၄ ပွဲစလုံး အရေးနိမ့်ထားပြီး သွင်းဂိုးကလည်း ၁ ဂိုးသာ သွင်းယူထားနိုင်တာ ဖြစ်ပါတယ်။
Source: Daily Mail