CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၄

အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမတိုင်ခင် ခြေစမ်းပွဲအဖြစ် ဘော့စနီးယားအသင်းနဲ့ ကစားခဲ့တာမှာ ၃ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီပွဲမှာ အင်္ဂလန်အသင်းအတွက် ဂိုးတွေကို ကိုးလ်ပါလ်မာ၊ အာနိုးလ်နဲ့ ဟာရီကိန်းတို့က သွင်းယူခဲ့တာပါ။ 

အင်္ဂလန်အသင်းဟာ ဒီပွဲမှာ ဆာကာ၊ မက်ဂွဲယား၊ ဂျွန်စတုန်းစ်နဲ့ လုပ်ခ်ရှောတို့ကို ဒဏ်ရာတွေကြောင့် အသုံးမပြုခဲ့ သလို အသင်းခေါင်းဆောင် ဟာရီကိန်းကိုလည်း ဒုတိယပိုင်းရောက်မှ လူစားဝင် ကစားသမားအဖြစ် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ 

နည်းပြ ဆောက်ဂိတ်ဟာ လူငယ်ကစားသမားတွေဖြစ်တဲ့ အီဇီ၊ ကိုးလ်ပါလ်မာ၊ ဘရန်ဝိတ်နဲ့ ဝါတန်တို့ကို အသုံးပြု ခဲ့ပြီး သူတို့တွေဟာ အင်္ဂလန်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တာပါ။

အင်္ဂလန်အတွက် ပထမဆုံး ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကိုးလ်ပါလ်မာက “အလွန်ကောင်းမွန်တဲ့ ခံစားချက်ပါ။ ဟာရီကိန်း သာ ရှိနေရင် ပင်နယ်တီကို သူကန်သွင်းမှာ ဖြစ်ပေမယ့် သူမရှိတဲ့အတွက် ကျနော် ကန်သွင်းခဲ့ပါတယ်။ နိုင်ငံ အတွက် ပထမဆုံးဂိုး ရယူနိုင်ခဲ့တာကြောင့် ပျော်ရွှင်တယ်”လို့ Channel 4 ကို ပြောခဲ့တာ ဖြစ်ပါတယ်။

ဘော့စနီးယားနဲ့ အင်္ဂလန် ယှဉ်ပြိုင်နေစဉ်

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ နောက်ကျောဒဏ်ရာကြောင့် ပြီးခဲ့တဲ့ မေလ ၈ ရက်ကတည်းက ဘိုင်ယန်မြူးနစ်အသင်းအတွက် ပါဝင် မကစားနိုင်ခဲ့တဲ့အတွက် ယူရိုပြိုင်ပွဲမတိုင်ခင် သူ့ရဲ့ကြံ့ခိုင်မှုကို စိုးရိမ်မှုတွေ ရှိခဲ့တာပါ။ 

ဒါပေမယ့် ဟာရီကိန်းဟာ ဘော့စနီးယားအသင်းနဲ့ပွဲမှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး အင်္ဂလန်အသင်း အတွက် ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဟာရီကိန်းက “ကောင်းမွန်တယ်လို့ ခံစားရပါတယ်။ ရာသီကုန်ချိန်မှာ ကောင်းမွန်စွာ အနားယူခဲ့ရတာက အခွင့်အရေး ကောင်းပါပဲ။ အခု ကျနော်အဆင်ပြေနေသလို ကစားချိန်မိနစ်တွေလည်း ရရှိခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။

အင်္ဂလန်အသင်းဟာ ဇွန်လ ၇ ရက်မှာ အိုက်စလန်အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားပြီးရင် ယူရို ၂၀၂၄ ပြိုင်ပွဲ အတွက် အပြီးသတ် လူစာရင်းထုတ်ပြန်ကာ ဂျာမနီနိုင်ငံကို ထွက်ခွာမှာဖြစ်ပါတယ်။

Source: ESPN