
- By CNI
- Category: အားကစား
- Hits: 581
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၅
ဘရိုက်တန်အသင်းနည်းပြ ဒီဇာဘီက ယူနိုက်တက်အသင်းကို ပွဲချိန် ၉၉ မိနစ်မှာ သွင်းယူတဲ့ ပင်နယ်တီသွင်းဂိုးနဲ့ အနိုင်ရပြီးနောက် ဘောလုံးရဲ့ နတ်ဘုရားရှိတယ်လို့ ပြောခဲ့ပါတယ်။
ဒီဇာဘီက “ဘောလုံးရဲ့ နတ်ဘုရားဆိုတာ ရှိပါတယ်။ ကျနော်တို့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ အနိုင်ရဖို့ ထိုက်တန်ခဲ့ပေမယ့် ပင်နယ်တီနဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ကျနော်တို့ ပင်နယ်တီနဲ့ အနိုင်ရခဲ့ပါတယ်။ ၂ ပွဲစလုံးမှာ ကျနော်တို့က ယူနိုက်တက်ထက် ပိုပြီးကောင်းခဲ့ပါတယ်။ နောက်ဆုံးရလဒ်က မျှတမှု မရှိပါဘူး။ ပင်နယ်တီ ကန်သွင်းတဲ့အချိန်မှာ မကြည့်ခဲ့တာက ဒါက အလွန်ခက်ခဲတဲ့ အခိုက်အတန့်မို့ပါ”လို့ ပြောပါတယ်။
ပရီးမီးယားလိဂ် ပွဲကျန်အဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ ဘရိုက်တန်အသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲရဲ့ မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပိုမှာ ယူနိုက်တက် နောက်ခံလူ လုခ်ရှောရဲ့ လက်ထိဘောကနေ ဘရိုက်တန် အသင်း ပင်နယ်တီ ကန်သွင်းခွင့်ရခဲ့ပါတယ်။
ဒီပင်နယ်တီကို မက်အက်လစ္စတာက အမှားအယွင်းမရှိ ကန်သွင်းခဲ့တာပါ။ ဘရိုက်တန်အသင်းဟာ ပြီးခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ရဲ့ ပင်နယ်တီ အဆုံးအဖြတ်မှာ ယူနိုက်တက်အသင်းကို အရေးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်မှာ ဒီရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘရိုက်တန်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ယူနိုက်တက်အသင်းကို အိမ်ကွင်း၊ အဝေးကွင်း ၂ ပွဲစလုံး အနိုင်ယူနိုင်ခဲ့တာပါ။
ဘရိုက်တန်နဲ့ ယူနိုက်တက် ယှဉ်ပြိုင်နေစဉ်
ယူနိုက်တက် အသင်းနည်းပြ အဲရစ်တန်ဟတ်ကတော့ ရှုံးနိမ့်ခဲ့လို့ စိတ်ပျက်ရပေမယ့် အလုပ်ကို နောက်ဆုံး အချိန် ထိ လုပ်ဆောင်သွားရမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “ရှုံးနိမ့်မှုတိုင်းဟာ စိတ်ပျက်စရာ ကောင်းပါတယ်။ နောက်ဆုံးစက္ကန့်မှာ အရှုံးပေးရတာက ပိုပြီး တော့ စိတ်ရှုပ်စရာ ဖြစ်ခဲ့ပါတယ်။ အဆုံးသတ်မှာ ကျနော်တို့ဟာ သူတို့ကို ဂိုး ခွင့်ပြုပေးခဲ့ရပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ အလုပ်တွေကို အဆုံးထိ လုပ်ရပါမယ်။ ကျနော်တို့ဟာ ထိန်းချုပ်နိုင်မှုလည်း မရှိသလို ပွဲကိုလည်း အရှုံးပေးခဲ့ရပါတယ်”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ အရေးနိမ့်ခဲ့ပေမယ့် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည် နေပြီး အဆင့် ၅ နေရာက လီဗာပူးလ် အသင်းထက် ၁ ပွဲလျော့ ကစားထားကာ ရမှတ် ၄ မှတ် အသာ ရထားတာပါ။
ဘရိုက်တန်အသင်းကတော့ အဆင့် ၆ နေရာမှာ ရှိနေပြီး ပွဲကျန် ၂ ပွဲကစားဖို့ ကျန်ရှိနေသေးတာကြောင့် ချန်ပီယံ လိဂ် ဝင်ခွင့်ရဖို့ မျှော်လင့်ချက်တွေ ရှင်သန်နေသေးတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းနဲ့ အဝေးကွင်း၊ ဘရိုက်တန်အသင်းက အဲဗာတန်အသင်းနဲ့ အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 557
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၅
နှစ်ပေါင်း ၃၃ နှစ်ကြာဝေးကွာခဲ့တဲ့ စီးရီးအေဆုဖလားကို ပထမဆုံးအကြိမ်ရယူနိုင်ခဲ့တဲ့ နာပိုလီအသင်းရဲ့ အောင်ပွဲခံအခမ်းအနားမှာ အသက် ၂၆ နှစ်အရွယ်ရှိ ပရိသတ်တစ်ဦး အသတ်ခံရတာနဲ့အတူ ကြေကွဲစရာ ဖြစ်ရပ်ဆိုးတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
သေနတ်ပစ်ခတ်ခံရမှုကြောင့် အဆိုပါပရိသတ်တစ်ဦးဟာ ဒဏ်ရာပြင်းထန်စွာရပြီး သေဆုံးသွားခဲ့တယ်လို့ သိရတာပါ။သေဆုံးသွားတဲ့သူကို ကာဒါရယ်လီဆေးရုံ ပို့ဆောင်ပြီး အရေးပေါ်ကုသမှုခံယူခဲ့ပေမယ့် အချိန် အနည်းငယ်အကြာမှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။နာပိုလီအသင်းဟာ ဒီယေဂိုမာရာဒိုနာခေတ် နောက်ပိုင်း ပထမဆုံးစီးရီးအေချန်ပီယံဆုကို ရယူနိုင်ခဲ့တာကြောင့် ထောင်နဲ့ချီတဲ့ ပရိသတ်တွေဟာ လမ်းမတွေ အထက်မှာ အောင်ပွဲခံခဲ့ကြတာပါ။
ဒီဖြစ်ရပ်မှာ အနည်းဆုံး လူ ၂၀၀ ဒဏ်ရာရရှိခဲ့ပြီး ဒီထဲက ၄ ဦးကတော့ ကျည်ဆန်ထိမှန်တဲ့ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ရဲတပ်ဖွဲ့ကတော့ ဒီဖြစ်ပျက်ခဲ့တဲ့ အခြေအနေကို အတိအကျ စုံစမ်းစစ်ဆေးနေတယ်လို့ ပြောခဲ့ပါ တယ်။အသက် ၂၆ နှစ်အရွယ် ပရိသတ်ဟာ သွေးထွက်သံယိုဖြစ်ပြီး မြေပြင်ပေါ်မှာ အခြား ၃ ဦးနဲ့အတူ လဲကျ နေခဲ့တာဖြစ်ပြီး အားလုံးကို နီးစပ်ရာဆေးရုံ ပို့ဆောင်ပေးခဲ့ကြတာဖြစ်ပါတယ်။
အခြားသူတွေကတော့ ဒဏ်ရာအနည်းငယ်ရရှိခဲ့လို့ ဆေးရုံပေါ်မှာ ဆေးကုသမှုခံယူနေပြီး လာမယ့်ရက် အနည်း ငယ်အတွင်းမှာ ဆေးရုံကနေ ဆင်းနိုင်ဖို့ မျှော်လင့်နေတာပါ။နောက်ပိုင်းမှာတော့ နေပယ်လ်မြို့ရှိ ဆေးဘက်ဆိုင်ရာ အာဏာပိုင်တွေက လူပေါင်း ၂၀၃ ဦးကို မြို့အနှံမှာ ဆေးကုသမှုပေးခဲ့ရတယ်လို့ နောက်ဆုံးသတင်းထုတ်ပြန် ခဲ့ပါတယ်။
တာဝန်ရှိသူတွေက မီးရူးမီးပန်းထိမှန်တာတွေ၊ ကားပေါ်ကနေ ပြုတ်ကျတာ၊ မီးလောင်ဒဏ်ရာ၊ ဦးခေါင်းဒဏ်ရာ တွေနဲ့ အရိုးကျိုးတဲ့ဒဏ်ရာတွေကြောင့် ၂၂ ဦးဟာ ပြင်းထန်တဲ့အခြေအနေမှာရှိနေခဲ့တယ်လို့ ပြောထားပါတယ်။ နာပိုလီပရိသတ်တွေဟာ နှစ်ပေါင်းများစွာစောင့်ဆိုင်းခဲ့ရတဲ့ အောင်ပွဲအတွက် နေပယ်လ်မြို့တစ်ခုလုံးမှာ အကြီး အကျယ်အောင်ပွဲခံမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 447
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၅
နာပိုလီအသင်းဟာ အူဒီးနီးစ်အသင်းနဲ့ ၁ ဂိုးစီ သရေကျပြီးနောက် နှစ်ပေါင်း ၃၃ နှစ်အကြာ ဝေးကွာခဲ့တဲ့ စီးရီးအေ ဖလားကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အခုနှစ်ရာသီ စီးရီးအေပြိုင်ပွဲ ပြီးဆုံးဖို့ ၅ ပွဲ ကျန်ရှိနေသေးပေမယ့် နာပိုလီအသင်းဟာ ဒုတိယနေရာက လာဇီယို အသင်းကို ၁၆ မှတ် ဖြတ်ထားနိုင်ခဲ့တာကြောင့် စီးရီးအေဖလားကို ရယူနိုင်ဖို့ သေချာသွားခဲ့တာပါ။
နာပိုလီအသင်းဟာ ပြီးခဲ့တဲ့ အပတ်ကတည်းက စီးရီးအေဖလားကို ရယူနိုင်ဖို့ ရှိခဲ့ပေမယ့် ဆလာနီတာနာအသင်းနဲ့ သရေကျခဲ့လို့ ချန်ပီယံအဖြစ်နဲ့ အောင်ပွဲခံဖို့ စောင့်ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။
နာပိုလီအသင်း ပရိသတ်တွေဟာ အူဒီးနီးစ်အသင်းနဲ့ ပွဲအပြီးမှာ ကွင်းအတွင်း ဝင်ရောက်ပြီး ကစားသမားတွေနဲ့ အောင်ပွဲခံခဲ့ကြပါတယ်။
နာပိုလီအသင်းဟာ စီးရီးအေဖလားကို တတိယအကြိမ်မြောက်အဖြစ် ရယူနိုင်ခဲ့တာဖြစ်ပြီး အရင် ၂ ကြိမ်ဖြစ်တဲ့ ၁၉၈၇ နဲ့ ၁၉၉၀ က အာဂျင်တီးနားဂန္တဝင် မာရာဒိုနာက ရယူပေးခဲ့ခြင်း ဖြစ်ပါတယ်။
နာပိုလီအသင်း ပရိသတ်တွေဟာ သူတို့ရဲ့ အိမ်ကွင်းမှာလည်း အောင်ပွဲခံခဲ့ကြသလို နေပယ်လ်မြို့ တစ်ခုလုံးဟာ အောင်ပွဲခံမှုတွေနဲ့ ပြည့်နှက်ခဲ့ပါတယ်။
နာပိုလီကစားသမားတွေဟာ နေပယ်လ်မြို့ကို ပြန်ရောက်တဲ့ အချိန်မှာလည်း အောင်ပွဲခံ အခမ်းအနားတွေကို ဆက်ပြီး ဆင်နွှဲသွားဦးမယ်လို့ သိရပါတယ်။
စီးရီးအေဖလားရလို့ နာပိုလီအသင်း ပရိသတ်တွေ အောင်ပွဲခံနေစဉ်
နာပိုလီအသင်းနည်းပြ စပယ်လက်တီက “နာပိုလီပရိသတ်တွေ ပျော်ရွှင်နေတာကို မြင်တွေ့ရတာက သူတို့ဟာ ပျော်ရွှင်မှုကို ခံစားရဖို့ လုံလောက်ပါတယ်။ ဒီလူတွေဟာ ဘဝကို ခက်ခက်ခဲခဲ ကြုံတွေ့လာရတော့ ဒီလိုမျိုး အောင်ပွဲခံမှုတွေကို လုပ်ပိုင်ခွင့် ရှိပါတယ်။ သူတို့ကို ပျော်ရွှင်မှု အခိုက်အတန့်တွေ ပေးလိုက်ပြီဆိုတော့ အနည်း ငယ် စိတ်သက်သာရာ ရသွားပါပြီ”လို့ DAZN ကို ပြောပါတယ်။
အသက် ၆၄ နှစ်အရွယ်ရှိ စပယ်လက်တီဟာ စီးရီးအေဖလားကို ရယူနိုင်တဲ့ အသက်အကြီးဆုံး နည်းပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
နာပိုလီအသင်း တိုက်စစ်မှူး အိုဆင်ဟမ်ဟာ အခုနှစ်ရာသီ စီးရီးအေပြိုင်ပွဲမှာ ၂၁ ဂိုး သွင်းယူထားပြီး၊ တောင်ပံ ကစားသမား ကာဗီချာက ၁၂ ဂိုးသွင်း၊ ၁၀ ဂိုးဖန်တီးကာ အသင်း စီးရီးအေဖလား ရယူနိုင်ဖို့အတွက် အရေးပါတဲ့ ကစားသမားတွေအဖြစ် ရှိခဲ့တာပါ။
အိုဆင်ဟမ်က “ဒါက အံ့သြစရာကောင်းတဲ့ ခံစားချက်ပါပဲ။ ဒီလို အခိုက်အတန့်မျိုးရဖို့ ကျနော်တို့ နှစ်ပေါင်းများစွာ ကြာ စောင့်ဆိုင်းခဲ့ရပါတယ်။ စကူဒတ်တိုဖလားကို နာပိုလီပရိသတ်တွေဆီ အရောက်ပို့ ပေးနိုင်တာက ဘယ်တော့ မှ မမေ့နိုင်တဲ့ အရာဖြစ်ပြီး ဒါက ကျနော်တို့ရဲ့ နှလုံးသားထဲမှာ ထာဝရရှင်သန်နေမှာပါ”လို့ ပြောခဲ့ပါတယ်။
နာပိုလီအသင်းဟာ လာမယ့် စီးရီးအေ ပွဲစဉ်အဖြစ် မေလ ၇ ရက်မှာ ဖီအိုရင်တီးနားအသင်းနဲ့ အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 523
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၄
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် တော့ဒ်ဘိုလီက ဆိုးရွားတဲ့ရာသီအတွက် အများကြီး သင်ယူခဲ့ရပြီး ဒီအတွက် အဖြေ ရှာကြည့်ရမယ်လို့ ဝန်ခံလိုက်ပါတယ်။
တော့ဒ်ဘိုလီက “ဘောလုံးဆိုတာ ကမ္ဘာလုံးဆိုင်ရာ အားကစားပါ။ ကမ္ဘာပေါ်က နိုင်ငံတိုင်းမှာ ထိပ်တန်း ကစားသမားတွေအတွက် ဈေးကွက်ရှိပါတယ်။ အဲဒီဈေးကွက်တွေကလည်း တစ်ခုနဲ့တစ်ခု မတူပါဘူး။ ကျနော်တို့ဟာ အသင်းတစ်သင်းကို တည်ဆောက်ရမှာဖြစ်ပြီး နည်းပြက အသင်းကို ဦးဆောင်သူ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော် တို့ဟာ အကြောင်းအရာ အများကြီးကို သင်ယူခဲ့ရပါတယ်။ ပရိသတ်တွေက တောင်းဆိုကြပါတယ်။ သူတို့လည်း အနိုင်ရချင်သလို ကျနော်တို့လည်း အနိုင်ရချင်တယ်ဆိုတာ ခင်ဗျားတို့ သိပါတယ်။ ဒါကြောင့် ကျနော်တို့ အမြင်က ဒါက ရေရှည်စီမံကိန်းဖြစ်ပြီး ရေရှည်အတွက် ကတိကဝတ် ပြုထားတယ်ဆိုတာ ခင်ဗျား သိပါတယ်။ ဒါကို အဖြေ ရှာ နိုင်မယ်ဆိုတာ ကျနော် အလွန်ယုံကြည်ပါတယ်”လို့ ပြောပါတယ်။
တော့ဒ်ဘိုလီ အစုအဖွဲ့ဟာ ချယ်လ်ဆီးအသင်းကို ပေါင် ၄.၂၅ ဘီလီယံနဲ့ ဝယ်ယူပြီးနောက် အသင်းပရိသတ်တွေ ဟာ စိတ်အား ထက်သန်မှုတွေ အများကြီး ရှိခဲ့ကြပါတယ်။
ပိုင်ရှင်အသစ်တွေဟာ ချယ်လ်ဆီးအသင်းကို ပထမဆုံး ရာသီအပြည့်မှာ ကြီးမားတဲ့ အသင်းတစ်သင်းကို တည်ဆောက်နိုင်ဖို့ မျှော်လင့်ချက်နဲ့ အပြောင်းအရွှေ့ ၂ ခုအတွက် ပေါင်သန်း ၆၀၀ ကျော် သုံးစွဲခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းကိုတွေ့ရစဉ်
ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ ဆုဖလား အောင်မြင်မှု မရခဲ့သလို ချန်ပီယံလိဂ် ဝင်ခွင့်လည်း မရခဲ့ပါဘူး။
ဒါပေမယ့် တော့ဒ်ဘိုလီက လာမယ့် ရာသီကစပြီး ကိုင်တွယ် ဖြေရှင်းသွားမယ့် စီမံခန့်ခွဲမှုအပေါ်မှာ ယုံကြည်မှုရှိဖို့ ပရိသတ်တွေကို တိုက်တွန်းထားပါတယ်။
ချယ်လ်ဆီးအသင်းဟာ ယာယီနည်းပြ လမ်းပတ် လက်ထက်မှာ ရလဒ်တွေ ဆိုးနေပြီး ၆ ပွဲ ဆက်တိုက် ရှုံးနိမ့် ထားကာ အမှတ်ပေးဇယားအဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။
ဒါကြောင့် တန်းဆင်းဇုန် အထက်က အသင်းနဲ့ ၉ မှတ်သာ ကွာဟနေတာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ လာမယ့်နှစ် ရာသီမှာ အသင်း ကိုင်တွယ်ဖို့အတွက် စပါးနဲ့ ပီအက်စ်ဂျီအသင်း နည်းပြ ဟောင်း ပိုချက်တီနိုကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ လုပ်ဆောင်နေပြီး ရာသီမကုန်ခင်မှာ ခန့်အပ်နိုင်ဖွယ် ရှိနေပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘုန်းမောက်အသင်း အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 615
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၄
ဆော်ဒီကလပ် အယ်လ်နာဆာအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ရော်နယ်ဒိုဟာ ၂၀၂၃ ရဲ့ ကမ္ဘာ့လုပ်ခလစာ အများဆုံး အားကစားသမား ဖြစ်လာခဲ့တယ်လို့ Forbes က ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေအရ သိရပါတယ်။
ရော်နယ်ဒိုဟာ ၂၀၁၇ နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့လုပ်ခလစာ အများဆုံး အားကစားသမား ဖြစ်လာခဲ့ တာဖြစ်ပြီး Forbes ရဲ့ ဖော်ပြချက်အရ ပေါ်တူဂီအသင်း ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာ ပေါင် ၁၀၈.၇ သန်း ရရှိခဲ့တာပါ။
ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ တစ်နှစ်ကို ပေါင် ၁၇၆.၅ သန်း ရရှိခဲ့ပါတယ်။
ရော်နယ်ဒိုရဲ့ ပြိုင်ဘက်ကြီး မက်ဆီကတော့ ပေါင် ၁၀၃.၉ သန်းနဲ့ ဒီစာရင်းရဲ့ ဒုတိယနေရာမှာ ရှိနေတာပါ။
Forbes ရဲ့ ကမ္ဘာ့လုပ်ခလစာ အများဆုံး အားကစားသမား ၁၀ ဦးထဲမှာ နာမည်ကျော် ဘတ်စကတ်ဘော အားကစားသမား လီဘရွန်ဂျိမ်းစ်နဲ့ လက်ဝှေ့ အားကစားသမား ကာနီလို အယ်လ်ဗားရတ်ဇ်တို့ ပါဝင်ခဲ့ပါတယ်။
ဒီစာရင်းထဲမှာ ဂရမ်းဆလမ်း ချန်ပီယံဆုကို အကြိမ် ၂၀ ရရှိထားတဲ့ တင်းနစ် ကစားသမားဟောင်း ရော်ဂျာဖက် ဒဲရားလည်း ပါဝင်ခဲ့ပါတယ်။
ကမ္ဘာ့လုပ်ခလစာ အများဆုံး ကစားသမားများ စာရင်းကိုတွေ့ရစဉ်
ရော်ဂျာဖက်ဒဲရားဟာ Forbes ရဲ့ ဒီစာရင်းထဲမှာ ပါဝင်တဲ့ တစ်ဦးတည်းသော အနားယူသွားတဲ့ အားကစားသမား ဖြစ်လာခဲ့ပါတယ်။
၂၀၂၀ က တိုက်ဂါးဝုဒ် နောက်ပိုင်း ဒက်စတင်ဂျွန်ဆင်နဲ့ ဖီးလ်မိုက်ကယ်လ်ဆန်တို့ဟာ ထိပ်တန်း ၁၀ ဦးထဲမှာ ပါဝင်တဲ့ ပထမဆုံး ဂေါဖ့်အားကစားသမားတွေ ဖြစ်လာခဲ့ပါတယ်။
ဒက်စတင်ဂျွန်ဆင်ဟာ ၂၀၂၂ က ထိပ်တန်း ၅၀ ဦးစာရင်းမှာ မပါဝင်ပေမယ့် ဆော်ဒီရဲ့ ကျောထောက်နောက်ခံနဲ့ ပြုလုပ်တဲ့ LIV ဂေါ့ဖ်စီးရီးပြိုင်ပွဲမှာ ပါဝင်ပြီးနောက် ဝင်ငွေ အများအပြားရကာ Forbes ရဲ့ အဆင့် သတ်မှတ်ချက် မှာ ပေါင် ၈၅.၅ သန်းနဲ့ အဆင့် ၆ နေရာအထိ ရောက်ရှိလာခဲ့တာပါ။
Forbes က တွက်ချက်တဲ့ ကိန်းဂဏန်းတွေမှာ လစာတွေ၊ ဆုငွေတွေနဲ့ အပိုဆုကြေးတွေ အပါအဝင် ကွင်းပြင်ပဝင်ငွေ၊ စပွန်ဆာ သဘောတူညီမှုစတဲ့ ကွင်းတွင်း၊ကွင်းပြင် ဝင်ငွေနှစ်မျိုးစလုံးပါ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 552
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၄
နေမာရဲ့ နေအိမ်အပြင်ဘက်မှာ စုဝေးပြီး ကစားသမားကို ကလပ်အသင်းကနေ ထွက်ခွာဖို့ အော်ဟစ်ခဲ့ကြတဲ့ ပရိသတ်တွေရဲ့ လုပ်ရပ်ကို ပီအက်စ်ဂျီအသင်းက ရှုတ်ချလိုက်ပါတယ်။
ပီအက်စ်ဂျီအသင်းက “ဗုဒ္ဓဟူးနေ့က ဖြစ်ခဲ့တဲ့ လူတစ်စုရဲ့ သည်းမခံနိုင်စရာနဲ့ စော်ကားတဲ့ လုပ်ရပ်တွေကို အသင်း အနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ဘယ်လိုပဲ သဘောထား ကွဲလွဲပါစေ၊ ဒီလို လုပ်ရပ်တွေဟာ ဘယ်လိုမှ တရားမျှတမှု မရှိပါဘူး။ ဒီလို ရှက်ဖွယ်ကောင်းတဲ့ အပြုအမူတွေကြောင့် ကလပ်ဟာ ကစားသမားတွေ၊ ဝန်ထမ်း တွေနဲ့ ပစ်မှတ်ထားခြင်း ခံရတဲ့ သူတွေအားလုံးကို အပြည့်အဝ ထောက်ခံပါတယ်”လို့ ကြေညာချက် ထုတ်ပြန် ထားပါတယ်။
ပီအက်စ်ဂျီအသင်းဟာ လောရီးယန့်အသင်းကို အရေးနိမ့်ပြီးနောက် အသင်းရဲ့ ခွင့်ပြုချက်မရဘဲ ဆော်ဒီကို ခရီးထွက်သွားခဲ့တဲ့ မက်ဆီကို ၂ ပတ်ကြာ ဆိုင်းငံ့တဲ့ ပြစ်ဒဏ် ချမှတ်ခဲ့ပြီးနောက် ပြဿနာ နောက်တစ်ခု ထပ်မံ ကြုံတွေ့ခဲ့ရတာပါ။
ပီအက်စ်ဂျီအသင်းရဲ့ ပရိသတ်တွေဟာ အသင်း ရုံးချုပ် အပြင်ဘက်မှာ ဘုတ်အဖွဲ့ကို ရာထူးကနေ နှုတ်ထွက်ပေးဖို့ အော်ဟစ်နေခဲ့ကြသလို၊ နောက်ထပ် ပရိသတ် အစုအဖွဲ့ကလည်း နေမာရဲ့ အိမ်ကို လာရောက်ပြီး အသင်းက ထွက်ခွာသွားဖို့ ပြောခဲ့ကြတာ ဖြစ်ပါတယ်။
မက်ဆီနဲ့ နေမာကို တွေ့ရစဉ်
ပီအက်စ်ဂျီအသင်းရဲ့ အဓိကတိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ မက်ဆီဟာ မကြာသေးခင်က အိမ်ကွင်း ပွဲစဉ်တွေမှာ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရပြီး သူကလည်း အသင်းက ထွက်ခွာဖို့ ပရိသတ်တွေရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရတာပါ။
အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အခုရာသီ အကုန်မှာ ပြင်သစ်ကလပ်ကနေ ထွက်ခွာဖွယ် ရှိတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
ပီအက်စ်ဂျီအသင်းဟာ အခုရာသီ အကုန်မှာ မက်ဆီအပြင် နေမာကိုလည်း ထွက်ခွာခွင့်ပေးဖို့ စီစဉ်နေပြီး သူတို့ နေရာတွေမှာ လူငယ် ကစားသမားတွေနဲ့ အစားထိုးဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။
ပီအက်စ်ဂျီအသင်းဟာ နောက်ဆုံးပွဲစဉ်မှာ လော်ရီးယန့်အသင်းကို အရေးနိမ့်ခဲ့ပေမယ့် ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲရဲ့ ထိပ်ဆုံး နေရာမှာ ဆက်လက် ရပ်တည်နေပြီး ဒုတိယနေရာက မာဆေးလ်အသင်းကို ၅ မှတ် အသာ ရထားပါတယ်။
ပြင်သစ် လီဂူးဝမ်းပြိုင်ပွဲဟာ ပြီးဆုံးဖို့ ၅ ပွဲသာ ကျန်ရှိတော့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းဟာ မေလ ၇ ရက်မှာ ထရိုယတ်စ်အသင်းနဲ့ အဝေးကွင်း ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 524
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၄
မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းဟာ ဝက်စ်ဟမ်းအသင်းကို အနိုင်ရခဲ့တဲ့ ပွဲမှာ ဂိုးသွင်းပြီးနောက် တစ်ရာသီအတွင်း ပရီးမီးယားလိဂ်ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
မန်စီးတီးအသင်းက ဝက်စ်ဟမ်းအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ၁ ဂိုး သွင်းယူခဲ့တဲ့ ဟာလန်းဟာ အခု နှစ်ရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၃၅ ဂိုးအထိ ရှိလာခဲ့တာပါ။
အဲဒါကြောင့် မန်စီးတီး တိုက်စစ်မှူးဟာ အရင်က တစ်ရာသီအတွင်း ပရီးမီးယားလိဂ် ဂိုးသွင်း အများဆုံး ကစား သမားအဖြစ် စံချိန်တင်ထားတဲ့ အန်ဒီကိုးလ်နဲ့ အလန်ရှီးယားတို့ရဲ့ ၃၄ ဂိုးကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဟာလန်းဟာ မကြာသေးခင်ကလည်း လီဗာပူးလ်အသင်း တိုက်စစ်မှူး ဆာလတ်ရဲ့ ၃၂ ဂိုးကို ကျော်ဖြတ်ကာ ၃၈ ပွဲ ကစားရတဲ့ ပရီးမီးယားလိဂ် ရာသီရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ်လည်း စံချိန်သစ် တင်ထားတာပါ။
မန်စီးတီးအသင်းက ဝက်စ်ဟမ်းအသင်းကို အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ နည်းပြ ဂွာဒီယိုလာ၊ အသင်းဖော်တွေ၊ နည်းပြ အဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေက ဟာလန်းကို Guard of Honour နဲ့ ဂုဏ်ပြုခဲ့ကြပါတယ်။
ဟာလန်းကတော့ သူဟာ စံချိန်မှတ်တမ်းတွေကို တွေးနေမှာမဟုတ်ဘဲ အိမ်ရောက်ရင် ဂိမ်းဆော့ပြီး အိပ်ရာ ဝင် မယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
ဟာလန်းကို ဂုဏ်ပြုနေကြစဉ်
ဟာလန်းက “ဒီစံချိန်မှတ်တမ်းတွေကို ဆက်ပြီးတွေးနေမှာ မဟုတ်ပါဘူး။ အိမ်ပြန်မယ်၊ ဂိမ်းတချို့ ဆော့မယ်၊ ပြီးရင် အစားစားပြီး အိပ်ရာဝင်မယ်။ မနက်ဖြန် ကျရင်တော့ ဒီတစ်ပတ် ကစားရမယ့် လိဒ်စ်အသင်းနဲ့ ပွဲအကြောင်း ကို တွေးရပါမယ်။ ဒါက အထူးည တစ်ညဖြစ်ပြီး အထူးကောင်းမွန်တဲ့ အခိုက်အတန့်ပါပဲ။ တကယ်ကို ပျော်ရွှင်မိပါ တယ်။ အခုအချိန်မှာတော့ ကျနော်တို့ တစ်ပွဲပြီးတစ်ပွဲကို အာရုံစိုက်ဖို့ အချိန်ရောက်နေပါပြီ။ နောက်ဆုံး ၉ ပွဲမှာ တစ်ပွဲချင်းစီက ဖလားဗိုလ်လုပွဲပါပဲ”လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဟာလန်းဟာ Guard of Honour နဲ့ ဂုဏ်ပြုခံရဖို့ ထိုက်တန်တယ်လို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ဒါက မယုံနိုင်စရာပါပဲ။ ပွဲတွေကို အနိုင်ရဖို့အတွက် သူဘယ်လောက်အထိ အရေးကြီးတဲ့ ဂိုးတွေ သွင်းထားလဲဆိုတာ ကျနော်တို့ မြင်တွေ့ခဲ့ရတာပဲ။ ကျနော်တို့အတွက် ကျေနပ်စရာပါပဲ။ သူက ထူးခြားတဲ့သူ ဖြစ်ပြီး ဒါက မယုံနိုင်စရာကောင်းတဲ့ မှတ်တိုင်ဖြစ်တာကြောင့် ဒီလိုမျိုး ဂုဏ်ပြုခံရဖို့ ထိုက်တန်ပါတယ်။ သူဟာ နောက်တစ်နေ့မှာ သူ့ရဲ့ စံချိန်ကိုတောင် သူချိုးဖျက်သွားနိုင်မှာပါ။ သူဟာ ဂိုးတွေ အများကြီး သွင်းယူထားပါ တယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ ဒီရာသီမှာ မန်စီးတီး အသင်းအတွက် ၄၅ ပွဲ ပါဝင်ကစားထားပြီး ၅၁ ဂိုးအထိ သွင်းယူထားတာဖြစ်ကာ ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ မန်စီးတီးအသင်းကလည်း အာဆင်နယ်အသင်းဆီ ကနေ အဆင့် ၁ နေရာကို ပြန်လည် ရယူသွားနိုင်ခဲ့ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 499
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၂
နိုင်ငံတကာခရီးသွားတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ မလိုအပ်တော့ဘူးလို့ အမေရိကန်ပြည်ထောင်စုက အတည်ပြုခဲ့ပြီးနောက် ကမ္ဘာ့နံပတ် ၁ တင်းနစ်ကစားသမား ဂျိုကိုဗစ်ဟာ အမေရိကန်အိုးပန်းပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခွင့်ရရှိသွားခဲ့ပါတယ်။
ဂရမ်းဆလမ်းဆုကို ၂၂ ကြိမ်ရရှိထားတဲ့ ဂျိုကိုဗစ်ဟာ ကာကွယ်ဆေးမထိုးတဲ့အတွက် ပြီးခဲ့တဲ့နှစ်က အမေရိကန် အိုးပန်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်မရခဲ့ပါဘူး။သူဟာ ပြီးခဲ့တဲ့ မာစတာပွဲ ၂ ပွဲဖြစ်တဲ့ အင်ဒီးယန်းဝဲလ်စ်နဲ့ မိုင်ယာမီ ပြိုင်ပွဲတို့ကိုလည်း ယှဉ်ပြိုင်ခွင့်မရခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် အမေရိကန်က မေလ ၁၂ ရက်မှာ သူတို့ရဲ့ မူဝါဒကို ပြောင်းလဲမှာဖြစ်လို့ ဂျိုကိုဗစ်ဟာ အမေရိကန်မှာ ကျင်းပမယ့် ပြိုင်ပွဲတွေမှာ ပြန်လည်ယှဉ်ပြိုင်ခွင့်ရသွားခဲ့တာပါ။
“ကိုဗစ်ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေပြီးဆုံးတဲ့နေ့ မေလ ၁၁ ရက် ကုန်ဆုံးချိန်မှာ ဗဟိုအစိုးရ ဝန်ထမ်းတွေ၊ ဗဟိုအစိုးရကန်ထရိုက်တာတွေနဲ့ နိုင်ငံတကာလေကြောင်းခရီးသည်တွေအတွက် ကိုဗစ်ကာကွယ် ဆေးနဲ့ ပတ်သက်တဲ့လိုအပ်ချက်တွေကို ရပ်ဆိုင်းတော့မယ်လို့ ကြေညာကြောင်း” အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။
ဆားဘီးယားတင်းနစ်သမားဟာ ပြီးခဲ့တဲ့လတွေက ပြိုင်ပွဲယှဉ်ပြိုင်ချင်တာကြောင့် အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်နိုင်ဖို့အတွက် အထူးခွင့်ပြုချက်လျှောက်ထားခဲ့ပေမယ့် ခွင့်မပြုတဲ့အတွက် မတ်လက အင်ဒီးယန်းဝဲလ်စ် ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ရတာပါ။ဂျိုကိုဗစ်ဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလကလည်း ကိုဗစ်ကာကွယ်ဆေးမထိုးလို့ သြစတြေးလျကနေ ပြည်နှင်ဒဏ်ပေးခံခဲ့ရပေမယ့် တစ်နှစ်အကြာ အခုနှစ် ဇန်နဝါရီမှာတော့ ပြန်လည်ယှဉ်ပြိုင်ခွင့် ရခဲ့ကာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဂျိုကိုဗစ်ဟာ လက်ရှိကျင်းပနေတဲ့ မက်ဒရစ်အိုးပန်းပြိုင်ပွဲမှာ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပေမယ့် အခုလကုန်ပိုင်း မှာ ကျင်းပမယ့် ပြင်သစ်အိုးပန်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ရှိနေပြီး ဂရမ်းဆလမ်းချန်ပီယံဆုကို စံချိန်တင် ၂၃ ကြိမ်မြောက်ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
Source:BBC

- By CNI
- Category: အားကစား
- Hits: 597
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၂
ဘုန်းမောက်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ မတိုင်ခင်မှာ ပရိသတ်တွေကို လျစ်လျူရှုခဲ့တဲ့အတွက် လိဒ်စ်ယူနိုက်တက် အသင်းကစားသမားတွေက တောင်းပန်လိုက်ပါတယ်။
လိဒ်စ်ကစားသမားတွေက “ပထမဆုံး ပြောချင်တာက ကျနော်တို့ရဲ့ စွမ်းဆောင်ရည်က မလုံလောက်ပါဘူး။ ဒါကို ကြည့်ဖို့ တခြားနည်းလမ်းမရှိဘဲ အကောင်းဆုံး လုပ်ပြနိုင်ဖို့ နည်းလမ်းက ကွင်းထဲမှာပါ။ လိဒ်စ် ပရိသတ်တွေဟာ နိုင်ငံအတွင်း နေရာ အများအပြားကို သွားလာခဲ့ရတဲ့အတွက် ဒါကပိုပြီးတော့ ထိုက်တန်ပါတယ်။ လိဒ်စ်ဝတ်စုံ ဝတ်ဆင်ထားတဲ့ လူငယ်လေးအပေါ် ချစ်ခြင်းမေတ္တာတွေ မပြသနိုင်ခဲ့လို့ ဝမ်းနည်းကြောင်းကို စကားလုံးနဲ့တောင် ဖော်ပြလို့မရပါဘူး”လို့ ပြောခဲ့တာပါ။
လိဒ်စ် ကစားသမားတွေဟာ ဘုန်းမောက်အသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ် အရေးနိမ့်တဲ့ပွဲ မတိုင်ခင် ဟိုတယ်ကနေ ထွက်ခွာချိန် ကလေးငယ်တစ်ဦး အပါအဝင် ပရိသတ်တွေကို လျစ်လျူရှုတဲ့ ဗွီဒီယိုဖိုင် တစ်ခုဟာ ဆိုရှယ်မီဒီယာ ပေါ်မှာ ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်ကြောင့် လိဒ်စ်ကစားသမားတွေဟာ ဝေဖန်မှုတွေ အများအပြားနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒီဗွီဒီယိုထဲမှာ ပါဝင်ခဲ့တဲ့ ကလေးငယ်တစ်ဦးရဲ့ ဖခင်ကတော့ ကစားသမားတွေ ဘက်ကနေ ကာကွယ်ခဲ့ပါတယ်။
လိဒ်စ်ယူနိုက်တက် ကစားသမားများ လျစ်လျူရှုနေသလို ကလေးငယ် တစ်ဦးက အားပေးနေစဉ်
“အယ်လ်လင်းက သူ့ကို လက်သီးနဲ့ လာထိုးတယ်၊ ဂါစီယာက လာပြီးမေးစေ့ကို ကိုင်ကာ စကားတွေ ပြောခဲ့ပါ တယ်။ ဟာရစ်ဆင်ကလည်း သူနဲ့အတူ ရယ်မောနေသလို၊ အာရွန်ဆင်က လက်မှတ်ရေးထိုး ပေးခဲ့ပါတယ်”လို့ ၎င်းက Yorkshire Post ကို ပြောခဲ့ပါတယ်။
လိဒ်စ်အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ရမှတ် ၁ မှတ်သာ ရယူထားနိုင်ပြီး ရမှတ်တူ၊ ဂိုး ကွာခြားချက်နဲ့ တန်းဆင်းဇုန်အထက်မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
နည်းပြ ဂါစီယာရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကလပ်အသင်းဘက်က ဆွေးနွေးမှုတွေ ပြုလုပ်နေကာ ပရီးမီးယား လိဂ် ဝါရင့်နည်းပြ ဆမ်အလာဒွိုက်စ်နဲ့ အစားထိုးဖွယ် ရှိတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားတာပါ။
လိဒ်စ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 583
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၂
အာဆင်နယ်အသင်းနည်းပြ အာတီတာက သူတို့ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်သေးတယ်လို့ ချယ်လ်ဆီးအသင်းနဲ့ ကစားမယ့်ပွဲမတိုင်ခင် ပြုလုပ်တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
အာတီတာက “ကျနော်တို့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ပါသေးတယ်။ပွဲကစားဖို့အတွက် ၅ ပွဲ ကျန်ရှိ နေသေးပြီး အဖြစ်အပျက်တွေအများကြီး ဖြစ်ပျက်နိုင်ပါသေးတယ်။ကျနော်တို့ လုပ်ရမှာက ပြီးခဲ့တဲ့အပတ်က ဖြစ်ပျက်ခဲ့တဲ့အရာကို မေ့လိုက်ဖို့ပါ။လန်ဒန်ဒါဘီပွဲစဉ်မှာ မှန်ကန်တဲ့အရာတွေကို လုပ်ရမှာပါ။ချယ်လ်ဆီးနဲ့ပွဲကို အနိုင်ရခဲ့ရင် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်ရောက်ရှိသွားမှာပါ” လို့ ပြောခဲ့တာပါ။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ကာလကြာရှည်ရပ်တည်နိုင်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ၄ ပွဲဆက်တိုက်နိုင်ပွဲ ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့် စနေနေ့က ကစားခဲ့တဲ့ပွဲမှာ ဖူလ်ဟမ်အသင်းကို အနိုင်ရခဲ့တဲ့ မန်စီးတီးအသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ၁ မှတ်အသာနဲ့ အာဆင်နယ်အသင်းဆီကနေ ပြန်လည်ရယူသွားနိုင်ခဲ့တာပါ။မန်စီးတီးအသင်းဟာ ပွဲကျန်ကစားဖို့ ကျန်ရှိနေ သေးပေမယ့် အာတီတာကတော့ အမှတ်ပေးဖလားကို အရှုံးပေးသွားမှာမဟုတ်ဘူးလို့ အခိုင်အမာ ပြောခဲ့တာ ဖြစ်ပါတယ်။
အာတီတာက “ကျနော်တို့ဟာ ပရီးမီးယားလိဂ်မရခဲ့ရင်တောင် အောင်မြင်တယ်ဆိုတဲ့ စကားလုံးကို နည်းပြတစ်ဦးအနေနဲ့ အသုံးမပြုချင်ပါဘူး။ကျနော်တို့ကြိုးစားခဲ့တာတွေ၊ ရည်မှန်းချက်တွေနဲ့ ကျနော်တို့ ဘာတွေလုပ်နေလဲ ဆိုတာကို သိပါတယ်။ကျနော်တို့ ကစားဖို့အတွက် ရာသီရဲ့ အကောင်းဆုံးအပိုင်းတွေ ရှိနေပါသေးတယ်။ ကျနော် တို့ဟာ ၅ ပွဲကစားဖို့ ကျန်သေးတဲ့အတွက် ဆုဖလားအတွက် ယှဉ်ပြိုင်မှုက မပြီးဆုံးသေးပါဘူး။ မနက်ဖြန် ကစားရ မယ့်ပွဲမှာ အနိုင်ယူရမှာပါ၊ဒါကိုပဲ ကျနော်တို့ လုပ်ဆောင်ရမှာပါ” လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဒီနှစ်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို မရယူနိုင်ခဲ့ရင်တောင်မှ ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့တာက သူတို့ရဲ့အောင်မြင်မှုလို့ ဘောလုံးဝေဖန်သုံးသပ်သူတွေနဲ့ ကစားသမားဟောင်းတွေက မှတ်ချက်ပြု ထားပါတယ်။အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ၂၀၁၆-၁၇ ရာသီက နောက်ဆုံးယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ ယူရိုပါလိဂ်ပြိုင်ပွဲမှာသာ ယှဉ်ပြိုင်ခဲ့ရတာပါ။ဒါပေမယ့် အာတီတာကတော့ ပရီးမီးယားလိဂ် ရယူ နိုင်ဖို့အတွက် ရာသီကုန်ဆုံးတဲ့အချိန်ထိ တိုက်ပွဲဝင်ချင်နေတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ အခုနှစ်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ရက်ပေါင်း ၂၄၇ ရက်ကြာရပ်တည်နိုင်ခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
Source:Metro