- By CNI
- Category: အားကစား
- Hits: 2327
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၅
ဥရုဂွေးအသင်းကွင်းလယ်လူ ဘန်တန်ကာဟာ စပါးအသင်းဖော် ဆွန်ဟောင်မင်ကို လူမျိုးရေးခွဲခြားတဲ့ မှတ်ချက် ပြောခဲ့မိတဲ့အတွက် တောင်းပန်လိုက်ပါတယ်။
ဘန်တန်ကာဟာ ဥရုဂွေး TV နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆွန်ဟောင်မင် အပါအဝင် တောင်ကိုရီးယား လူတွေ ဟာ ရုပ်အတူတူပဲလို့ နောက်ပြောင်ပြီး ပြောခဲ့တဲ့ ရုပ်သံဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့သွားခဲ့တာပါ။
သူပြောခဲ့တဲ့ မှတ်ချက်အပေါ် ဝေဖန်မှုတွေ ရှိလာခဲ့တာကြောင့် ဘန်တန်ကာဟာ ဆွန်ဟောင်မင်ကို တောင်းပန် ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဘန်တန်ကာက “ဆွန်နီရေ ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို တောင်းပန်ချင်ပါတယ်။ ဒါက အလွန်ဆိုးရွားတဲ့ နောက်ပြောင်မှုပါ။ ငါဟာ မင်းကို လေးစားမှု မရှိတဲ့အရာတွေ ဘယ်တော့မှ လုပ်မှာမဟုတ်သလို ထိခိုက် နာကျင်အောင်လည်း မလုပ်ပါဘူး။ တခြားသူတွေကိုလည်း ဒီလိုမျိုးအရာတွေလုပ်မှာ မဟုတ်ပါဘူး။ ငါ မင်းကိုချစ်တယ်”လို့ ရေးသားထားတာပါ။
ဘန်တန်ကာဟာ လက်ရှိအချိန်မှာ ကိုပါအမေရိကဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဥရုဂွေးအသင်းနဲ့အတူ လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

ဆွန်ဟောင်မင်ကို တွေ့ရစဉ်
ဥရုဂွေးအသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အိမ်ရှင် အမေရိကန်၊ ပနားမား၊ ဘိုလီဗီးယားအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး နောက်တစ်ဆင့်တက်ဖို့ အခြေအနေ ကောင်းနေတာပါ။
ဆွန်ဟောင်မင်ကတော့ တောင်ကိုရီးယားအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ယှဉ်ပြိုင်ကစားပြီးလို့ အနားယူနေပါတယ်။
ဆွန်ဟောင်မင်ဟာ တောင်ကိုရီးယားအသင်းကို ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်) တတိယအဆင့် တက်ရောက်နိုင်အောင် ကူညီပေးထားတာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 2772
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၅
အသင်းခေါင်းဆောင် ရော်နယ်ဒိုက ပေါ်တူဂီရဲ့ လက်ရှိ မျိုးဆက် ကစားသမားတွေဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဆုဖလားရရှိဖို့ ထိုက်တန်တယ်လို့ ပြောလိုက်ပါတယ်။
ရော်နယ်ဒိုက “ဒီမျိုးဆက်ဟာ ဒီပြိုင်ပွဲမှာ အနိုင်ရဖို့ ထိုက်တန်တယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်။ ဆီမီးဖိုင်နယ် ထက် ပိုပြီးသွားနိုင်ဖို့ ကျနော်မျှော်လင့်ပါတယ်။ ကျနော်တို့ တဆင့်ပြီးတဆင့် သွားရမှာဖြစ်ပြီး လုပ်နိုင်မယ်ဆိုတာ ကို ယုံကြည်မှုရှိရပါတယ်။ ဒါက တိုတောင်းတဲ့ ပြိုင်ပွဲဖြစ်ပေမယ့် အသင်းတိုင်းက အဆင်သင့်ဖြစ်နေပြီ”လို့ ပြောခဲ့ တာပါ။
ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရည်မှန်းထားတဲ့ ပေါ်တူဂီအသင်းမှာ ယူနိုက်တက်အသင်း ခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်၊ ပီအက်စ်ဂျီအသင်းက ဗီတင်ဟာ၊ မန်စီးတီးအသင်း ကစားသမားတွေဖြစ်တဲ့ ဘာနာဒို ဆေးလ်ဗား၊ ရူဘင်ဒီယက်ဇ်တို့လို နာမည်ကြီး ကစားသမားတွေ ပါဝင်တာဖြစ်ပါတယ်။
ယူရိုပြိုင်ပွဲကို ၆ ကြိမ်မြောက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ရော်နယ်ဒိုဟာ ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ တုန်းက အတူပါဝင်ခဲ့တဲ့ နောက်ခံလူ ပီပီ၊ ဂိုးသမား ပါထရီစီယိုတို့နဲအတူ ပေါ်တူဂီအသင်းကို ဦးဆောင်မှာပါ။

ပေါ်တူဂီအသင်းကိုတွေ့ရစဉ်
ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းက အိုင်ယာလန်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပြိုင်ပွဲမတိုင်ခင် နောက်ဆုံး ခြေစမ်းပွဲစဉ်မှာ ၂ ဂိုး သွင်းယူပြီးနောက် သူ့ရဲ့ နိုင်ငံတကာ သွင်းဂိုးဟာ ၁၃၀ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ နည်းပြ ရောဘတ်တိုမာတီနက်ဇ် လက်အောက်မှာ ပထမဆုံးယှဉ်ပြိုင်ရမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲ အတွက် အဆင်သင့် ဖြစ်နေပြီလို့လည်း ပြောထားတာပါ။
ပေါ်တူဂီအသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ချက်၊ တူရကီ၊ ဂျော်ဂျီယာအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေ ပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇွန်လ ၁၈ ရက်မှာ ချက်အသင်းနဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 1186
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၅
ဝါရင့်ကွင်းလယ်လူ မိုဒရစ်က သူ့ရဲ့ ရီးရယ်လ်အသင်း အနာဂတ်ကို မကြာခင်မှာ ထုတ်ဖော်မှာဖြစ်ပေမယ့် လက်ရှိ အချိန်မှာတော့ ခရိုအေးရှားအသင်းနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲကို အာရုံစိုက်နေတယ်လို့ ပြောခဲ့ပါတယ်။
မိုဒရစ်က “ရီးရယ်လ်နဲ့စာချုပ်သစ်ကို မကြာခင် ခင်ဗျားတို့သိရမှာပါ။ အခုအချိန်မှာ ကျနော်ဟာ ခရိုအေးရှား အတွက်ကို အပြည့်အဝ အာရုံစိုက်နေပါတယ်။ အချိန်တန်ရင် ဒါကို လူတိုင်းသိမှာပါ။ ကျနော်အများကြီး မပြော တော့ပါဘူး”လို့ ပြောခဲ့တာပါ။
အသက် ၃၈ နှစ်အရွယ်ရှိ မိုဒရစ်နဲ့ ရီးရယ်လ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီလအကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပေမယ့် သူဟာ စပိန်ကလပ်နဲ့ ၁ နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိထားတာ ဖြစ်ပါတယ်။
၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းအတွက် စတင်ပါဝင်ခဲ့တဲ့ မိုဒရစ်ဟာ နိုင်ငံအသင်းနဲ့အတူ သူ့ရဲ့ ၉ ကြိမ်မြောက် အဓိကပြိုင်ပွဲအဖြစ် ယူရို ၂၀၂၄ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာပါ။

မိုဒရစ်ကို တွေ့ရစဉ်
ဒီပြိုင်ပွဲဟာ မိုဒရစ်အတွက် ခရိုအေးရှားကစားသမားဘဝ နောက်ဆုံး နိုင်ငံတကာပြိုင်ပွဲ ဖြစ်လာနိုင်ပါတယ်။
မိုဒရစ်က “ကျနော်ဟာ အရှေ့ကို အများကြီး မတွေးနိုင်တော့တဲ့ အရွယ်ကို ရောက်နေပါပြီ။ ကျနော်ဟာ ဘောလုံး အတွက် အချိန်တွေ အများကြီး မကျန်တော့ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် ဘယ်လောက်အကြာထိ ဆက်ရှိ မလဲဆိုတာ ကျနော်မသိပါဘူး။ အသက်အရွယ်အထက် အရေးကြီးဆုံးက ကွင်းထဲမှာ ခင်ဗျားပြသနိုင်တဲ့ အရာပါ” လို့ ပြောခဲ့တာပါ။
မိုဒရစ် ဦးဆောင်တဲ့ ခရိုအေးရှားအသင်းဟာ ဒီနေ့မှာ ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စု အဖွင့်ပွဲစဉ်အဖြစ် စပိန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 1850
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၅
ဂျာမနီအသင်းနည်းပြ နာဂျယ်လ်စမန်းက ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စု အဖွင့်ပွဲစဉ်မှာ စကော့တလန်အသင်းကို ဂိုးပြတ် အနိုင်ရခဲ့တာက ဒီပြိုင်ပွဲရဲ့ အိမ်ရှင်အတွက် ပထမဆုံး ခြေလှမ်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
နာဂျယ်လ်စမန်းက “ဒါက ပထမခြေလှမ်းဆိုတာ အသင်းက သိပါတယ်။ ဒါက အလွန်ကောင်းမွန်သလို အလွန် လည်း အရေးကြီးပါတယ်။ ဒါဟာ ကျနော်တို့ တည်ဆောက်နိုင်ခဲ့တဲ့ အရာတစ်ခုပါ။ ကျနော်တို့ဟာ ကစားကွက် ကနေ သူတို့ကို ဘယ်လိုအခွင့်အရေးမှ ခွင့်မပြုခဲ့ပါဘူး။ ကျနော်တို့ရဲ့ စွမ်းဆောင်ရည်အတွက် ပျော်ရွှင်ပြီး တစ်ပွဲလုံးကို အာရုံစိုက်နိုင်ခဲ့ပါတယ်။ ကစားသမားတွေဟာ ဂိုးပြန်ပေးခဲ့ရလို့ စိတ်ပျက်နေပြီး ဒါက ကောင်းမွန်တဲ့ လက္ခဏာ”လို့ ITV နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဂျာမနီအသင်းနဲ့ စကော့တလန်အသင်းတို့ပွဲမှာ အိမ်ရှင် ဂျာမနီအသင်းက ၅ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ဂျာမနီအသင်းအတွက် ဂိုးတွေကို ဖလော်ရီယန်ဝက်ဇ်၊ မူစီယာလာ၊ ဟာဗက်ဇ်၊ ဖူလ်ခရက်နဲ့ အမ်မရီချန်တို့က သွင်းယူခဲ့ပြီး စကော့တလန်အသင်းအတွက် ချေပဂိုးကို ဂျာမနီအသင်းနောက်ခံလူ ရူဒီဂါက ကိုယ့်ဂိုးကိုယ်သွင်း ယူခဲ့တာပါ။
ဒီပွဲစဉ်ရဲ့ ပွဲချိန် ၄၄ မိနစ်မှာ စကော့တလန်အသင်းက ပေါ်တီးရက်စ်တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

ဂျာမနီအသင်းနဲ့ စကော့တလန်အသင်းတို့ ယှဉ်ပြိုင်နေစဉ်
စကော့တလန်အသင်းနည်းပြ စတိဗ်ကလာ့ခ်က စိတ်ပျက်စရာ စွမ်းဆောင်ရည်နဲ့ ရလဒ်ထွက်ပေါ်ခဲ့ပေမယ့် နိုင်ငံအသင်း ပရိသတ်တွေအနေနဲ့ ယုံကြည်မှုကို ဆက်ပြီးထားရှိဖို့ တိုက်တွန်းခဲ့ပါတယ်။
စတိဗ်ကလာ့ခ်က “ကျနော်တို့ဟာ စံနှုန်းအတိုင်း မကစားနိုင်ခဲ့ပေမယ့် ဂျာမနီအသင်းက အလွန်ကောင်းတယ်လို့ ထင်ပါတယ်။ ဒီရလဒ်ကို ကျနော်တို့ အလွန်စိတ်ပျက်မိပါတယ်။ လာမယ့် ၂ ပွဲမှာ ၄ မှတ်လိုအပ်နေပြီး ဒါကို ရယူနိုင်ဖို့ အာရုံစိုက်သွားရမှာပါ။ ကျနော်တို့ ဖြတ်ကျော်နိုင်မှာဖြစ်တဲ့အတွက် ယုံကြည်မှုဆက်ပြီးထားရှိပေးပါ”လို့ ပြောခဲ့တာပါ။
အုပ်စုဒုတိယပွဲစဉ်အဖြစ် ဇွန်လ ၁၉ ရက်မှာ ဂျာမနီအသင်းက ဟန်ဂေရီအသင်း၊ စကော့တလန်အသင်းက ဆွစ်ဇာလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: tntsports
- By CNI
- Category: အားကစား
- Hits: 1352
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၄
ပြီးခဲ့တဲ့လက အက်ဆစ်အပက်ခံခဲ့ရတာကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့ မလေးရှားဘောလုံးသမား ဖိုင်ဆဲလ်ဟာလင်က သူ့ကို တိုက်ခိုက်တဲ့သူတွေကို အမြန်ဆုံးတရားစီရင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ဇွန် ၁၃ ရက်က ပြောခဲ့ပါတယ်။
ဖိုင်ဆဲလ်ဟာလင်က “ကျနော်ဟာ ဘောလုံးလောကထဲကို ပြန်လာနိုင်မလားဆိုတာ မသိပေမယ့် ဘောလုံးကွင်းထဲ ပြန်ဝင်နိုင်ဖို့အတွက် လူတွေက ဆုတောင်းပေးမယ်လို့ မျှော်လင့်ပါတယ်။ တိုက်ခိုက်ခဲ့တဲ့ သူတွေကို အမြန်ဆုံး ဖမ်းမိပြီး တရားရုံးမှာ စွဲချက်တင်နိုင်ဖို့လည်း ကျနော်မျှော်လင့်ပါတယ်။ ဆရာဝန်က ကွင်းထဲ ပြန်ဝင်နိုင်ဖို့ ၆ လ အထိစောင့်ကြည့်ရမယ်လို့ ပြောထားပေမယ့် ကျနော်ကတော့ နောက် ၁ လ၊၂ လအတွင်းမှာ ကွင်းထဲပြန်ဝင်နိုင်ဖို့ မျှော်လင့်တယ်”လို့ ပြောခဲ့တာပါ။
မေ ၅ ရက်က တိုက်ခိုက်ခံရပြီးနောက် ဖိုင်ဆဲလ်ဟာလင်ဟာ ပထမဆုံးအကြိမ် လူမြင်ကွင်းရှေ့ထွက်ပေါ်လာပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ အမြန်ဆုံးကောင်းမွန်လာဖို့ကို အာရုံစိုက်ထားတယ်လို့ ပြောခဲ့ပါတယ်။
မလေးရှားလက်ရွေးစင်နဲ့ ဆီလန်ဂေါအသင်းရဲ့တောင်ပံကစားသမား ဖိုင်ဆဲလ်ဟာလင်ဟာ ဈေးဝယ်စင်တာ တစ်ခုမှာ အက်ဆစ်နဲ့ ပက်ပြီးတိုက်ခိုက်ခံခဲ့ရတာပါ။ အဲဒါကြောင့် ဖိုင်ဆဲလ်ဟာလင်ဟာ မျက်နှာ၊ လက်မောင်း၊ ခန္ဓာကိုယ်တို့မှာ လောင်ကျွမ်းဒဏ်ရာတွေရရှိခဲ့ပြီး သူ့ရဲ့စကားပြောဆိုမှုနဲ့ လှုပ်ရှားမှုကို ထိခိုက်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိ ဖိုင်ဆဲလ်ဟာလင်ဟာ ဆေးရုံမှာ ၃ ပတ်ကြာနေခဲ့ရပြီး အရေပြားလောင်ခဲ့တဲ့အတွက် ခွဲစိတ်မှုအများအပြားပြုလုပ်ခဲ့ရတာပါ။
ဖိုင်ဆဲလ်ဟာလင်အပါအဝင် အခြားဘောလုံးသမားတွေလည်း တိုက်ခိုက်မှု တွေခံနေရတာကြောင့် ကလပ်အသင်းအချို့ဟာ လုံခြုံရေးကို တင်းတင်းကြပ်ကြပ်ချထားတာ ဖြစ်ပါတယ်။
တိုက်ခိုက်မှုအပြီးမှာ လူ ၂ ဦးကို ဖမ်းဆီးခဲ့ပေမယ့် သူတို့ကို စွဲချက်တစုံတရာမှ မပြုလုပ်ဘဲ ပြန်လွှတ်ပေးခဲ့တာ ကြောင့် ဒီအဖြစ်အပျက်နောက်ကွယ်မှာ ဘာရှိလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရတာပါ။
ဖိုင်ဆဲလ်ဟာလင်ဟာ မလေးရှားအသင်းအတွက် ၃၂ ပွဲပါဝင်ကစားထားပြီး ၁၅ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။
Source:ChannelNewsAsia
- By CNI
- Category: အားကစား
- Hits: 1221
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၄
အိုင်ယာလန်ဖိုက်တာ မက်ဂရီဂေါဟာ ဒဏ်ရာကြောင့် UFC 303 ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူးလို့ UFC အမှုဆောင်အရာရှိချုပ် ဒါနာဝှိုက်က အတည်ပြုခဲ့ပါတယ်။
ဇွန် ၂၉ ရက် လက်စ်ဗီးဂတ်စ်မှာ ကျင်းပမယ့် ဒီပြိုင်ပွဲမှာ မက်ဂရီဂေါဟာ အမေရိကန်ဖိုက်တာ ချန်ဒလာနဲ့ ဝယ်လ်တာဝိတ်ထိုးသတ်ဖို့ စီစဉ်ထားတာပါ။
အခုအချိန်မှာတော့ သူတို့ ၂ ဦးပြန်လည်ယှဉ်ပြိုင်မယ့် ပွဲစဉ်ကို ဘယ်အချိန်မှ ပြန်ကျင်းပမလဲဆိုတာကို ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
ဒါ့အပြင် မက်ဂရီဂေါ ရရှိတဲ့ဒဏ်ရာ အခြေအနေကိုလည်း လူသိရှင်ကြား ထုတ်ပြန်တာလည်း မရှိသေးတာဖြစ်ပါတယ်။ အဲဒါကြောင့် UFC 303 ပြိုင်ပွဲရဲ့ အဓိကပွဲစဉ်အဖြစ် ပရိုချာဇကာနဲ့ ချန်ပီယံ အဲလက်စ်ပါရဲရားတို့ရဲ့ လိုက်ဟဲဗီးဝိတ်တန်းပွဲစဉ်ကို ပြောင်းလဲ သတ်မှတ်ထားတာပါ။
အသက် ၃၅ နှစ်အရွယ်ရှိ မက်ဂရီဂေါဟာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်က ဒက်စတင်ပိုရီရာကို အရေးနိမ့်ပြီးနောက်ပိုင်း ပထမဆုံးပွဲစဉ် ထိုးသတ်မှုပြုလုပ်ဖို့ ပြင်ဆင်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

မက်ဂရီဂေါဟာ နောက်ဆုံးထိုး သတ်ခဲ့တဲ့ ၄ ပွဲမှာ ၂၀၂၀ ခုနှစ်၊ဇန်နဝါရီက ဒိုနယ်လ်ကို အနိုင်ရခဲ့တဲ့ပွဲက လွဲပြီး ကျန်တဲ့ ၃ ပွဲစလုံး အရေးနိမ့်ထားခဲ့ တာပါ။
မက်ဂရီဂေါဟာ ပရော်ဖက်ရှင်နယ်ပွဲပေါင်း ၂၈ ပွဲထိုးသတ်ထားတာမှာ ၂၂ ပွဲအနိုင်ရပြီး ၆ ပွဲ အရေးနိမ့် ထားတာဖြစ်ပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိ ချန်ဒလာကလည်း နောက်ဆုံးထိုးသတ်ထားတဲ့ ၄ ပွဲမှာ ၃ ပွဲအထိ အရေးနိမ့်ထားပြီး နောက်ဆုံးထိုးသတ်ခဲ့တဲ့ ၂၀၂၂ ခုနှစ်၊နိုဝင်ဘာက ပွဲစဉ်မှာ ဒက်စတင်ပိုရီရာကို အရေးနိမ့်ခဲ့တာပါ။
ချန်ဒလာဟာ ပွဲပေါင်း ၃၁ ပွဲထိုးသတ်ထားပြီး ၂၃ ပွဲအနိုင်ရကာ ၈ ပွဲအရေးနိမ့်ထားတာဖြစ်ပါတယ်။
Source:ChannelNewsAsia
- By CNI
- Category: အားကစား
- Hits: 1389
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၄
ယူနိုက်တက်အသင်းဟာ အဲဗာတန်အသင်းနောက်ခံလူ ဘရန်ဝိတ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့ပေမယ့် သူ့ကိုခေါ်ယူနိုင်ဖို့အတွက် ပေါင်သန်း ၇၀ ပေးချေရဖွယ် ရှိနေပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီအတွက် ဗဟိုနောက်ခံလူ ပစ်မှတ်အဖြစ် ဘရန်ဝိတ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိခဲ့တာပါ။
The Times က ယူနိုက်တက်အသင်းဟာ ဘရန်ဝိတ်အတွက် အဲဗာတန်အသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု မရရှိ သေးပေမယ့် အဲဗာတန်အသင်းဟာ ပေါင်သန်း ၇၀ အလိုရှိနေတယ်လို့ ဖော်ပြထားပါတယ်။
ဘရန်ဝိတ်ဟာ ပြီးခဲ့တဲ့ရာသီက အဲဗာတန်အသင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆက်ပြီးရှိနေနိုင်အောင် ခြေစွမ်းပြသ နိုင်ခဲ့တာပါ။
အဲဒါကြောင့် အသက် ၂၁ နှစ်အရွယ်ရှိ ဘရန်ဝိတ်ဟာ အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်ခဲ့ပြီး ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းရဲ့ ပဏာမလူစာရင်းမှာလည်း ရွေးချယ်ခံခဲ့ရပါတယ်။

ဘရန်ဝိတ်ကို တွေ့ရစဉ်
ဘရန်ဝိတ်ဟာ အင်္ဂလန်အသင်းရဲ့ အပြီးသတ် လူစာရင်းမှာ မပါဝင်ခဲ့ပေမယ့် သူ့ရဲ့ခြေစွမ်းကို အားလုံးက အသိအမှတ် ပြုခဲ့ကြတာပါ။
အရပ် ၆ ပေ ၅ လက်မရှိတဲ့ ဘရန်ဝိတ်အနေနဲ့ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့မယ်ဆိုရင် တစ်ပတ်လုပ်ခပေါင် ၁၅၀,၀၀၀ နဲ့ ၁၆၀,၀၀၀ ကြားရရှိမယ်လို့ သိရပါတယ်။
ယူနိုက်တက်အသင်းရဲ့ အဓိကနောက်ခံလူ ဗာရန်းဟာ အသင်းက ထွက်ခွာသွားပြီဖြစ်သလို ဗဟိုနောက်ခံလူတွေ ဖြစ်တဲ့ မက်ဂွဲယား၊ လင်ဒီလော့ဖ်၊ မာတီနက်ဇ်နဲ့ အီဗန်စ်တို့ဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတာပါ။
အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ ဗဟိုနောက်ခံလူ တစ်ဦးကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားခဲ့ပြီး ဘရန်ဝိတ်ဟာ သူတို့ရဲ့ အဓိကပစ်မှတ် ဖြစ်လာခဲ့ပါတယ်။
မန်ချက်စတာကလပ်ဟာ ဝါရင့်နောက်ခံလူ အီဗန်စ်ကိုလည်း ၁ နှစ် စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်နေတာပါ။
ယူနိုက်တက်အသင်းဟာ ရာသီသစ်အတွက် လေ့ကျင့်မှုတွေ ပြန်လည်စတင်မယ့်အချိန်မှာ ဘရန်ဝိတ်ကိုပါ ပူးပေါင်း ပါဝင်နိုင်စေဖို့အတွက် အပြောင်းအရွှေ့ကို အမြန်ဆုံး တွန်းအားပေး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 2410
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၄
စကော့တလန်အသင်းနည်းပြ စတိဗ်ကလာ့ခ်က အိမ်ရှင်ဂျာမနီအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ယူရို ၂၀၂၄ အဖွင့်ပွဲစဉ် မတိုင်ခင်မှာ သူတို့ဟာ ဘယ်အသင်းကိုမှ မကြောက်ရွံ့ဘူးလို့ ပြောလိုက်ပါတယ်။
စတိဗ်ကလာ့ခ်က “အိမ်ရှင်နိုင်ငံကို ကျနော်တို့ လေးစားမှုရှိပြီး သူတို့က ကောင်းမွန်တဲ့ အသင်းဆိုတာ ကျနော်တို့ သိပါတယ်။ ဒီပွဲက ခက်ခဲမယ့်ပွဲပါ။ ကျနော်တို့ဟာ အားလုံးကို လေးစားမှု အပြည့်ရှိပေမယ့် ဘယ်သူ့ကိုမှ ကြောက်ရွံ့နေမှာ မဟုတ်ဘူး”လို့ ပြောကြားလိုက်ပါတယ်။
စတိဗ်ကလာ့ခ်ဟာ စကော့တလန်အသင်းကို အဓိကပြိုင်ပွဲတွေမှာ ရှုံးထွက်အဆင့်ရောက်အောင် ပို့ဆောင်ပေး နိုင်တဲ့ ပထမဆုံးနည်းပြဖြစ်လာဖို့ မျှော်လင့်နေပေမယ့် ယူရိုချန်ပီယံဆုကို ၃ ကြိမ်အထိ ရရှိထားတဲ့ ဂျာမနီအသင်း နဲ့ ခက်ခဲတဲ့အဖွင့်ပွဲစဉ်ကို ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။
ယူရိုပြိုင်ပွဲကို ၄ ကြိမ်မြောက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် စကော့တလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အပါအဝင် ယှဉ်ပြိုင်ခဲ့တဲ့ အဓိကပြိုင်ပွဲ ၁၁ ကြိမ်စလုံး အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခြင်း မရှိသေးပါဘူး။

စကော့တလန်အသင်း နည်းပြ စတိဗ်ကလာ့ခ်ကို တွေ့ရစဉ်
စကော့တလန်အသင်း ခေါင်းဆောင် ရောဘတ်ဆန်က ဂျာမနီအသင်းနဲ့ အဖွင့်ပွဲစဉ်မတိုင်ခင် သူတို့မှာ ဘာဖိအားမှ မရှိဘူးလို့ ပြောခဲ့ပါတယ်။
ရောဘတ်ဆန်က “ကျနော်တို့ဟာ ဒီပွဲစဉ်မှာ အကောင်းဆုံးလုပ်နိုင်ဖို့ ယုံကြည်ပြီး ဒါကိုပြသဖို့ကလည်း ကျနော်တို့ အပေါ်မှာပဲ မူတည်ပါတယ်။ ဒီပွဲအတွက် ကျနော်တို့အပေါ်မှာ ဘာဖိအားမှ မရှိပါဘူး။ ကျနော်တို့ဟာ သမိုင်းကို ဖန်တီးနိုင်တဲ့ အသင်းတစ်သင်း ဖြစ်တယ်ဆိုတာယုံကြည်တယ်”လို့ ပြောပါတယ်။
ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် သောင်းနဲ့ချီတဲ့ စကော့တလန်အသင်း ပရိသတ်တွေဟာ သူတို့ရဲ့နိုင်ငံအသင်းကို အားပေးမှုတွေပြုလုပ်ဖို့ ဂျာမနီနိုင်ငံကို ရောက်ရှိနေကြပါတယ်။
ဂျာမနီအသင်းနဲ့ စကော့တလန်အသင်းတို့ရဲ့ ယူရို ၂၀၂၄ အဖွင့်ပွဲစဉ်ကို ဇွန်လ ၁၅ ရက်မနက်ပိုင်းမှာ ယှဉ်ပြိုင်သွား မှာဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 1749
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃
အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီက သူဟာ ပြိုင်ပွဲတိုင်းကို ပါဝင်ကစားနိုင်တဲ့ အသက်အရွယ် မဟုတ်တာကြောင့် အိုလံပစ်ပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် မပါဝင်ဘူးလို့ ပြောခဲ့ပါတယ်။
မက်ဆီက “ကျနော်ဟာ မာရှေယာနိုနဲ့ စကားပြောခဲ့ပြီး အမှန်တရားက ကျနော်တို့ ၂ ဦးစလုံးဟာ အခြေအနေကို နားလည်ပါတယ်။ အိုလံပစ်ပြိုင်ပွဲအကြောင်း စဉ်းစားဖို့က ခက်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်ဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ရှိနေလို့ပါ။ ပြိုင်ပွဲ ၂ ခုကို ဆက်တိုက် ကစားဖို့ဆိုတာ အလွန်များလွန်းပါတယ်။ ကျနော်ဟာ အိုလံပစ်ပြိုင်ပွဲမှာ ကစားရတာက အလွန်ကံကောင်းခဲ့ပြီး မာရှေယာနိုနဲ့အတူ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ အိုလံပစ်၊ ယူ-၂၀ အမှတ်တရတွေကို ကျနော်ဘယ်တော့မှ မမေ့နိုင်ပါဘူး”လို့ ESPN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီက အာဂျင်တီးနား ယူ-၂၃ အသင်းနည်းပြ မာရှေယာနိုဟာ မက်ဆီကို အိုလံပစ်ပြိုင်ပွဲ လူစာရင်း မှာ ဖိတ်ခေါ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
မက်ဆီနဲ့ မာရှေယာနိုတို့ဟာ လက်ရွေးစင်အသင်းကြီး၊ ဘာစီလိုနာအသင်းတွေမှာ အတူတွဲကစားခဲ့သလို ၂၀၀၈ ဘေဂျင်း အိုလံပစ်ပြိုင်ပွဲမှာလည်း ရွှေတံဆိပ် ရယူနိုင်ခဲ့ကြတာပါ။

မက်ဆီနဲ့ မာရှေယာနိုကိုတွေ့ရစဉ်
မက်ဆီဟာ လက်ရှိအချိန်မှာ ဇွန်လ ၂၀ ရက်ကနေ ဇူလိုင် ၁၄ ရက်အထိ အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲ ချန်ပီယံဆု ကာကွယ်နိုင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
အိုလံပစ်ပြိုင်ပွဲဟာ ယူ-၂၃ ကစားသမားတွေသာ ဝင်ရောက်ယှဉ်ပြိုင်ရတာ ဖြစ်ပေမယ့် ပြိုင်ပွဲဝင်နိုင်ငံတိုင်းကို အသက်ကျော် ကစားသမား ၃ ဦးအထိ ခေါ်ဆောင်ခွင့်ပြုတာပါ။
အဲဒါကြောင့် အာဂျင်တီးနား အိုလံပစ်အသင်းဟာ မက်ဆီကို ခေါ်ယူချင်ပေမယ့် အင်တာမိုင်ယာမီအသင်းက စေလွှတ်ဖို့မရှိသလို ကစားသမားကလည်း ပါဝင်မှာမဟုတ်ဘူးလို့ ပြောလာခဲ့တာ ဖြစ်ပါတယ်။
အိုလံပစ်အမျိုးသား ဘောလုံးပြိုင်ပွဲကို ဇူလိုင် ၂၄ ရက်ကနေ သြဂုတ် ၉ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး အာဂျင်တီးနားအသင်းဟာ မော်ရိုကို၊ အီရတ်၊ ယူကရိန်းအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 2679
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA)ရဲ့ အမှုဆောင်အရာရှိချုပ် မာ့ခ်ဘူလင်ဂမ်က အခုနွေရာသီမှာ နည်းပြ ဆောက်ဂိတ် အင်္ဂလန်အသင်းက ထွက်ခွာသွားခဲ့ရင် သူ့နေရာမှာ အစားထိုးဖို့ အစီအစဉ် လုပ်ဆောင်ထားတယ်လို့ ပြောခဲ့ပါတယ်။
မာခ့်ဘူလင်ဂမ်က “ဆောက်ဂိတ်အတွက် ချဉ်းကပ်မှု မရှိသေးပါဘူး။ သူဟာ ယူရိုပြိုင်ပွဲအပြီးမှာ ဆွေးနွေးမှုတွေ ပြုလုပ်ချင်တယ်ဆိုတာ ရှင်းပါတယ်။ အခုအချိန်မှာ ကျနော်တို့ဟာ သူနဲ့အသင်းအတွက် အနှောင့်အယှက်ဖြစ်မယ့် အရာတွေ မပြုလုပ်ချင်ပါဘူး။ သူဟာ ကောင်းမွန်တဲ့ အလုပ်တစ်ခု လုပ်နိုင်ခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ ဘယ် အဖွဲ့အစည်းမဆို သူတို့ရဲ့ထိပ်တန်း ဝန်ထမ်းတွေအတွက် ဆက်ခံမယ့် အစီအစဉ်ရှိတယ်ဆိုတာ ကျနော်အရင်က ပြောခဲ့ဖူးပါတယ်”လို့ ပြောခဲ့တာပါ။
အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ မကြာသေးခင်က ဂျာမန်သတင်းစာ Bild နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အင်္ဂလန်အသင်းအနေနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံမဖြစ်ခဲ့ရင် သူထွက်ခွာနိုင်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
ဆောက်ဂိတ်နဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီဇင်ဘာရောက်ရင် ကုန်ဆုံးမှာဖြစ်ပြီး သူကတော့ ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးမှ အနာဂတ်ကို ဆုံးဖြတ်မယ်လို့ ပြောထားတာပါ။

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ကိုတွေ့ရစဉ်
၂၀၁၆ ခုနှစ်ကတည်းက အင်္ဂလန်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ဆောက်ဂိတ်ကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဆက်ပြီးကိုင်တွယ်စေမယ့် စာချုပ်သစ်ချုပ်ဆိုဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
ဆောက်ဂိတ်ဟာ ယူနိုက်တက်အသင်း နည်းပြရာထူးအတွက် ချိတ်ဆက်မှုတွေ ခံခဲ့ရပေမယ့် ယူနိုက်တက်အသင်း ဟာ နည်းပြ အဲရစ်တန်ဟတ်ကိုပဲ လာမယ့်ရာသီဆက်ပြီး ကိုင်တွယ်စေဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဆောက်ဂိတ်ဟာ သူကိုင်တွယ်နေတဲ့ ကာလအတွင်းမှာ အင်္ဂလန်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်၊ ယူရို ၂၀၂၀ ပြိုင်ပွဲဗိုလ်လုပွဲနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ် ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: ESPN
